← Chapters

အသူရာပင်လယ်သို့ ဝင်ရောက်ခြင်း

Vol. 8 Ch. 90-ခ

အသူရာပင်လယ်သို့ ဝင်ရောက်ခြင်း

Vol. 8 Ch. 90-ခ

"စိတ်ဝင်စားနေတာလား။ သူမက အမြဲတမ်း မျက်နှာဖုံးတပ်ထားတာဆိုတော့ ထင်သလောက် လှချင်မှလှမှာပါ"

နင်ရန်သည် ယွမ်ရှောင်၏ပခုံးကို ပုတ်၍ စနောက်လိုက်သော်လည်း သူက မျက်မှောင်ကြုတ်၍ တစ်ခုခုကို အလေးအနက် စဥ်းစားနေသည်။

"ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော်နဲ့ မြင့်မြတ်သခင်မလေးက ဘာကြောင့် ဒီလောက် အဆင့်ကွာနေရတာလဲ"

သူ၏အမေးကို နင်ရန်က ခပ်တိုးတိုးလေသံနှင့် အဖြေပေးလာခဲ့သည်။ ချူရန်သည် ရှေးဟောင်းမျှော်စင်ခေါင်းဆောင်၏ တရားမဝင်သားတစ်ယောက်ဖြစ်ကာ လက်ရှိချူမျိုးနွယ်ခေါင်းဆောင်မှာ အမည်ခံဖခင်သာဖြစ်၍ နောက်ခံအားကိုးဖြင့် ဓားပင်လယ်၌ အင်အား ကြီးမားလာခဲ့သည်။ ထို့ကြောင့် သူက လှောင်ရယ်လိုက်ပြီး ချူရန်၏ဘွဲ့မှာ နှစ်သိမ့်သည့် သဘောမျိုးဖြစ်ကြောင်း နားလည်လိုက်သည်။

"မင်းက ချူရန်ကို ခြေထောက်အောက်မှာ တက်နင်းခဲ့ဖူးတယ်။ ဘာမှစိတ်မပူနဲ့။ ဒီကောင်က သတင်းမှားတွေ များများဖြန့်လေ အကျပိုနာလေပဲ။ ဒါပေမယ့် သခင်မလေးချန်ရီကိုတော့ သတိထားရမယ်"

နင်ရန်၏စကားသံက လေးနက်နေပြီး ရတနာလမ်းသို့ ဝင်ရောက်သွားသော သခင်မလေး၏အမည်ကို သိခွင့်ရခဲ့သည်။ သူမက အသက်၁၅နှစ်အရွယ်သာ ဖြစ်သော်လည်း မြူခိုးများဖုံးလွှမ်းနေကဲ့သို့ ထူးဆန်းလှပြီး မည်သည့်နေရာမှ ရောက်လာကြောင်းကို ရှေးဟောင်းမျှော်စင်ခေါင်းဆောင်မှလွဲပြီး မသိကြပေ။ သူမက ရှေးဟောင်းမျှော်စင် နှလုံးအမွေအနှစ်ကို ရယူနိုင်ခဲ့ပြီး ရက်စက်ပြတ်သားသော စရိုက်ကို ပိုင်ဆိုင်ထားသည်။ ရှေးဟောင်းမျှော်စင်ခေါင်းဆောင်၏ သားတစ်ယောက်က ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူမကိုစော်ကားသော စကားမျိုး ပြောမိသဖြင့် ဖခင်ရှေ့မှောက်မှာပင် ချန်ရီက အပိုင်းပိုင်း ခုတ်သတ်ခဲ့သည်။

"ဒါပေမယ့် သူမက ရှေးဟောင်းမျှော်စင်ရဲ့ကိစ္စတွေကို စိတ်မဝင်စားဘူးဆိုတော့ မင်းအတွက် ပြဿနာ မရှိလောက်ပါဘူး"

"နားလည်ပြီ"

ထိုအချိန်၌ အသူရာပင်လယ် ပွင့်လာခဲ့သောကြောင့် နင်ရန်က ညွှန်ပြလိုက်ပြီး လုံလုံခြုံခြုံနေရန် သတိပေးလာခဲ့သည်။

"ခင်ဗျားက ကျုပ်ကို ဂရုစိုက်လွန်းနေသလိုပဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ တုံ့ပြန်လိုက်သည်။

"အထင်မှားမနေနဲ့။ ငါက မင်းကို အသုံးချပြီး အစ်ကိုဖန်နဲ့ နီးစပ်ချင်ရုံသက်သက်ပဲ"

"သူက ခင်ဗျားကို နှစ်ပေါင်းနှစ်ဆယ်ကျော် လျစ်လျူရှုထားတာမလား။ အသက်လေးဆယ်နား ရောက်နေပြီဆိုတော့ အစ်မကျောက်ကို တောင်းပန်ပြီး မိသားစုဘဝလေး တည်ထောင်သင့်တယ်"

ယွမ်ရှောင်က နောက်ပြောင်ရင်း ကျောက်ရန်ရန်ကိုယ်စား ပြောပေးခဲ့သည်။

"တော်စမ်း"

နင်ရန်က အံကြိတ်၍ ဝေခွဲရခက်နေစဥ် သူသည် အသူရာပင်လယ်ထံ ထွက်ခွာလာခဲ့ပြီး ရဲရင့်သော အပြုအမူကြောင့် အခြားလူများအားလုံးကို တိတ်ဆိတ်သွားစေသည်။ သူမက မသိစိတ်ကြောင့် မျက်နှာကို လက်ဖြင့် ကိုင်လိုက်မိပြီး နှစ်ပေါင်းများစွာသည် လက်ချောင်းအကြားမှ သဲများ လျှောကျသကဲ့သို့ ကုန်ဆုံးလာသဖြင့် ကျောက်ရန်ရန်အကြောင်း စိတ်ဝင်စားလာခဲ့သည်။

"ငါ့သမီးက အသက်၂၂နှစ်တောင် ရှိနေပြီ။ အသက်ပိုကြီးလာတဲ့ မိန်းမတွေမှာ ဖက်တွယ်စရာ သုံးခုရှိတယ်လို့ ကြားဖူးတယ်"

သူမက မျက်မှောင်ကြုတ်ရင်း အလေးအနက် စဥ်းစားခန်းဝင်နေခဲ့၏။

ကောင်းကင်သို့ မြင့်တက်နေသည့် ရတနာလမ်းခေါ် အဆောက်အအုံကြီး၏ ထိပ်ဖျားပိုင်းတွင် နေမင်းအရုဏ်တက်ဧကရီကို အရိုအသေပေးရန် ဖန်တီးထားသည့် နတ်အိမ်တော် တည်ရှိသည်။ ၎င်းအထက်မှ ငုံ့ကြည့်လိုက်လျှင် လှိုင်းထန်နေသော အသူရာပင်လယ်နှင့် ငှက်များ၏ သာယာလှသော မြင်ကွင်းကို ခံစားနိုင်သည်။ နတ်အိမ်တော်၏ ခမ်းနားလှသော လသာဆောင်တွင် ချန်ရီသည် နာမည်တစ်ခုကို ခပ်တိုးတိုးရေရွတ်၍ မျက်နှာဖုံးအား လက်ချောင်းဖြင့် ပွတ်သပ်လိုက်သည်။

"ယို့"

ပျားရည်ပမာ ချိုသာလှသော စကားသံအောက်တွင် ၎င်းသည် သေးငယ်၍ ချစ်စရာကောင်းသည့် ကျားဖြူလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူမ၏မျက်နှာကို အဖြူရောင် မြူခိုးများ ဖုံးအုပ်နေဆဲဖြစ်ကာ ကျားဖြူလေးသည် ပျင်းရိစွာ အကျောဆန့်ရင်း ရင်ခွင်အတွင်း တိုးဝင်လိုက်၏။

"ရီအာ မင်းတော့ ပွပေါက်တိုးပြီ"

"ယန်ဟင်းလင်းပြင် ဒါက သူလား"

သူမက ၎င်း၏ နူးညံ့သော သားမွေးများကို ပွတ်သပ်နေစဥ် မျက်လုံးများက အဝေးရှိ အသူရာပင်လယ်ထံ ရောက်ရှိသွားခဲ့သည်။

ယွမ်ရှောင်သည် ဓားပျံကို စီးနင်းရင်း ရတနာလမ်း၏ အရိပ်အောက်ရှိ တိမ်များကို ထိုးဖောက်သွားသည်။ အသူရာလမ်းတွင် ထောင်ချီသော ကျင့်ကြံသူများသည် စားသောက်ဆိုင်များတွင် လက်ဖက်ရည်ကို အရသာခံသောက်ရင်း စောင့်ကြည့်နေကြ၏။ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်၏ ရွေးချယ်ခံများ ရောက်လာသော်လည်း ရတနာလမ်းအောက် အဆင့်နိမ့်ရာတွင်သာ နေရာယူထားကြ၏။ နင်ခေး၊ လင်းချန်နှင့် ခေါင်းဆောင်ဖန်ကဲ့သို့ လူများပင် ချန်ရီကို မနှောင့်ယှက်ဝံ့သောကြောင့် ခပ်ဝေးဝေးခွာနေရသည်။ လင်းလင်ကဲ့သို့ ဓားကောင်းကင်၏ ပစားပေးခံရသူ မိန်းကလေးတစ်ယောက်သည်ပင် သူမနှင့် အကြည့်ချင်း မဆုံဝံ့ချေ။

"ဆယ်ရက်အတွင်း မင်းတို့သုံးယောက်က ကောင်းကင်နယ်မြေကို ထွက်ခွာတော့မှာမလား"

"ဟုတ်ပါတယ်။ ဒါပေမယ့် ကျုပ်မသွားခင်မှာ ယွမ်ရှောင့်ကို ဓားပင်လယ် အန္တရာယ်ကင်းစေဖို့ သတ်ချင်တယ်"

ခေါင်းဆောင်ဖန်က အပြုံးတစ်ချက်နှင့် မေးလိုက်သောအခါ လင်းချန်သည် ရန်လိုစိတ်ဖြင့် ဖြေကြားခဲ့သည်။

"မစိုးရိမ်ပါနဲ့။ သူက အသူရာပင်လယ်မှာ မသေရင်တောင် သုံးရက်ကြာရင် ရဲကုရင် ထွက်လာလိမ့်မယ်။ သူ့အတွက် ကံကြမ္မာက သတ်မှတ်ထားပြီးပါပြီ"

"ဒါပေါ့။ မှန်တယ်"

နင်ခေးက ဝင်ရောက်ထောက်ခံ၍ ခေါင်းညိတ်လိုက်သည်။

"ကျုပ်တို့သုံးယောက်ထဲမှာ ကျုပ်က အားအနည်းဆုံး ဖြစ်နေတယ်"

"မင်းက ဓားကောင်းကင်ရဲ့ အကြီးအကဲတွေထက် သာလွန်နေပါပြီ။ ရဲကုရင်နဲ့ ချန်ရီလို ပါရမီရှင်မျိုးတွေကတော့ လိုက်ပြိုင်မနေတာ ကောင်းလိမ့်မယ်"

"ချန်အာ မင်းက အမြဲတမ်း ပါရမီရှင်တစ်ယောက်ပါ။ အနည်းဆုံးတော့ မင်းက မင်းအဖေထက် ပိုပြီးဉာဏ်ရှိတယ်"

သူက စိတ်ဓာတ်ကျနေပုံရသည့် လင်းချန်ကို အားပေးလိုက်သကဲ့သို့ ခေါင်းဆောင်ဖန်လည်း ပါဝင်သည်။ ခေါင်းဆောင်ဖန်၏စကားက လင်းချင်းဖန်ကို ကဲ့ရဲ့လိုက်ခြင်း ဖြစ်သော်လည်း ဖခင်ကို အရူးတစ်ယောက်ပမာ သတ်မှတ်ထားသည့် လင်းချန်က စိတ်မကွက်ခဲ့ချေ။

"ဒီကောင်က ဘာမှမလုပ်နိုင်ပါဘူး။ စိတ်ပျက်စရာကောင်းလိုက်တာ"

ထိုအချိန်တွင် အသူရာပင်လယ်အစပ်ရှိ အဆင့်သုံးဝိညာဥ်များအနီးတွင် ရပ်နေသည့် ယွမ်ရှောင်ကို လင်းလင်၏ ကဲ့ရဲ့စကားသံ ထွက်ပေါ်လာသည်။

"စောက်ရူးမ ငါက သူ့ကို ဒီနေရာကစဖို့ သင်ကြားလိုက်တာ"

နင်ရန်က စိတ်ပျက်စွာ ခေါင်းယမ်းလိုက်ပြီး ယွမ်ရှောင်ကို ရဲကုရင်နှင့် ချန်ရီလောက် မြင့်မားစွာ မတွေးထားသော်လည်း လင်းလင်ပြောသလောက် အားမနည်းဟု ယုံကြည်သည်။ ဓားကောင်းကင်၌ မည်သူမျှ ဆယ်ဆင့်ဓားသိုင်းကို ၁၂ကြိမ်ပေါက်ကွဲစေကာ မျက်တောင်တစ်ခတ်အတွင်း ဓားမင်းသားတစ်ယောက်၏ မျက်နှာတွင် စာရေးနိုင်စွမ်း မရှိပေ။ အကယ်၍ သူသာ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို ရယူနိုင်လျှင် ဓားကောင်းကင်၏ ကျင့်ကြံသူများ လက်ခံလာလိမ့်မည်ဟု သူမက မျှော်လင့်ထားသည်။

"အသူရာဝိညာဥ်ဆိုတာက ဒါမျိုးပေါ့။ ဓားချီ၊ နတ်ဆိုးအရိုးနဲ့ ရုန်းတွေ ပေါင်းစပ်ထားတာဆိုတော့ ဆေးပညာရပ်တစ်ခုခုလား"

ယွမ်ရှောင်သည် အသူရာပင်လယ်အတွင်း၌ ကောင်းကင်တွင် ပျံသန်းနေသည့် အလျားသုံးပေခန့်ရှည်သော စွန်တစ်ကောင်အား အကဲခတ်လိုက်သည်။ ၎င်း၏အရှိန်အဝါက သူ့အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီး အထူးသဖြင့် လက်အတွင်း ဆုပ်ကိုင်ထားသော ကောင်းကင်သင်္ချိုင်းဓား ဖြစ်သည်။ ၎င်းကို စုပ်ယူရန်အတွက် ဓားဝိညာဥ်အတွင်း ရာနှုန်းပြည့်ဝါးမျိုရန် လိုအပ်ကာ အနည်းငယ်မျှ လွတ်မြောက်လျှင်ပင် ထွက်ပြေးနိုင်စွမ်းရှိ၏။ ဤသို့ဖြစ်သွားလျှင် ဓားဝိညာဥ်နှင့် ကျင့်ကြံသူ၏ ဝိညာဥ်ကို ထိခိုက်သွားစေနိုင်သည် ဖြစ်သည်။

အသူရာပင်လယ်တွင် အဆင့်တစ် စွန်ငှက်များအရေအတွက် တစ်သောင်းသာ ကျန်ရစ်ပြီး အဆင့်တစ်ပင်လျှင် စုပ်ယူရန် မလွယ်ကြောင်း နင်ရန်က သတိပေးထားသည်။ မူလတွင် ၎င်းတို့၏အရေအတွက်က သုံးသောင်းကျော်သော်လည်း နှစ်ပေါင်းများစွာအတွင်း ဓားပင်လယ်၏ ကျင့်ကြံသူများ ဝါးမျိုခဲ့သဖြင့် လျော့နည်းသွား၏။ အဆင့်သုံးက ပို၍နည်းပါးပြီး နင်ကျင်း၊ ဖန်ကျန်း၊ ရှောင်ရှင်းနှင့် အခြားပါရမီရှင်များ စုပ်ယူသွားခဲ့သဖြင့် အရေအတွက်တစ်ရာကျော်သာ ကျန်ရစ်သည်။ အဆင့်ခြောက်က အရေအတွက်သုံးဆယ်သာရှိ၍ ဓားကောင်းကင်တွင် လင်းချန်တစ်ယောက်တည်းသာ စုပ်ယူနိုင်စွမ်းရှိသည်။

နင်ရန်၏စကားအရ နင်ကျင်းသည် အဆင့်သုံးကို ဝါးမျိုရန်အတွက် တစ်ရက်လုံးလုံး အားထုတ်ခဲ့ရသည်။ ဤမျှရှည်ကြာလွန်းသော ဖြစ်စဥ်ကြောင့် အခြားကျင့်ကြံသူများ စောင့်ဆိုင်းနိုင်ရန်အတွက် အသူရာလမ်း တည်ရှိနေခြင်း ဖြစ်သည်။

"မင်းကိုသန့်စင်ဖို့ အချိန် ဘယ်လောက်ကြာမလဲ"

ယွမ်ရှောင်က အဆင့်သုံး စွန်တစ်ကောင်ကို ပစ်မှတ်ထားလိုက်ပြီး ကောင်းကင်သင်္ချိုင်းဓားဖြင့် လည်ချောင်းသို့ လျှပ်တပြက် ထိုးသွင်းလိုက်သည်။ ၎င်းက လည်ချောင်းမှတဆင့် ဝမ်းဗိုက်အထိ ထိုးဖောက်ခံလိုက်ရ၍ ဒဏ်ရာ၌ ထူထပ်သော မြူခိုးများထွက်ပေါ်လာ၍ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ ၎င်းက ကြောက်လန့်တကြားဖြင့် တောင်ပံကို အစွမ်းကုန်ခတ်ကာ ထွက်ပြေးလိုသော်လည်း ဓားဝိညာဥ်၏ ဝါးမျိုမှုအောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။

ယွမ်ရှောင်အတွက် အဆင့်သုံး အသူရာဝိညာဥ်ကို စုပ်ယူရန် အသက်တစ်ရှိုက်သာ ကြာခဲ့သောကြောင့် အခြေအနေကို စစ်ဆေးလိုက်သည်။ ၎င်းကို စုပ်ယူသွားသည်မှာ ဓားသွားထက်တွင် ရေးထွင်းထားသည့် ကြာပွင့်ဖြစ်နေခဲ့ပြီး ထပ်မံတောင့်တနေဟန်ဖြင့် ပွင့်အာလာခဲ့သည်။

"ဘာမှအားနာနေစရာ မလိုဘူး ထင်တယ်"

"ဒါပေါ့ကွ။ သူတို့က မင်းကို သတ်ချင်တယ်မလား။ သူတို့ရဲ့မျိုးဆက်တွေအတွက် အရင်းအမြစ်မကျန်အောင် လက်ဝါးကြီးအုပ်လိုက်"

ယွမ်ရှောင်က လက်ကျန်စွန်များထံ အကြည့်ရောက်နေပြီး ကြယ်ပြာသည်လည်း ရယ်မောရင်း တိုက်တွန်းနေခဲ့သည်။ သူက ခေါင်းတစ်ချက်ညိတ်လိုက်စဥ် အသူရာလမ်းကြောင်းတွင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားကာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူများစွာ တုန်လှုပ်နေကြသည်။

All Chapters