အသူရာပင်လယ်ကို မွှေနှောက်ခြင်း
Vol. 8 Ch. 91
"ငါ အမြင်မှားနေတာလား"
တိတ်ဆိတ်သော သီးသန့်နေရာတစ်ခုတွင် ရပ်နေသည့် နင်ရန်သည် ပြတင်းပေါက်မှတဆင့် မြင်လိုက်ရသည့် အဖြစ်ကြောင့် တုန်လှုပ်နေသည်။ အဆင့်သုံးစွန်တစ်ကောင်က ယွမ်ရှောင်၏လက်အတွင်းရှိ ဓားဝိညာဥ်ကြောင့် ခဏအတွင်း စုပ်ယူခံလိုက်ရသည်။ သူမက မျက်ခုံးပင့်လိုက်မိသကဲ့သို့ ပတ်ဝန်းကျင်သည်လည်း ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့သည်။ နင်ခေး၊ ခေါင်းဆောင်ဖန်၊ လင်းချန် စသူတို့၏ မျက်နှာများမှာ အေးခဲသွားကြပြီး လေထဲတွင် သေရည်ခွက်များ ရပ်တန့်သွားကာ မျက်တောင်မခတ်နိုင်မိခဲ့ပေ။
"အစ်ကို ဒီကောင်က လိမ်ညာလိုက်တာလား"
"အသူရာပင်လယ်မှာ လိမ်ညာဖို့ မဖြစ်နိုင်ဘူး"
လင်းလင်က စိတ်ရှုပ်စွာ ရေရွတ်လိုက်သောအခါ လင်းချန်သည် ခေါင်းကို လေးလံစွာ ယမ်းပြလိုက်သည်။
"ကြယ်ပွင့်အဆင့် ဓားဝိညာဥ်က တစ်ခုခုတော့ တစ်ခုခုပဲ"
နင်ခေး၏ စကားသံက တုန်ရီနေခဲ့သည်။
"တကယ်လို့ သူသာ အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို ယူနိုင်ရင် ရဲကုရင်နဲ့ ယှဥ်နိုင်လာတော့မယ်"
လင်းချန်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်ပြီး အသူရာလမ်းရှိ စားသောက်ဆိုင်များအတွင်းမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
"သူက တိုက်ခိုက်ရေးအစွမ်းမှာ ဓားပင်လယ်ရဲ့ ပါရမီရှင်တွေကို မယှဥ်နိုင်ပေမယ့် ဓားဝိညာဥ်အစွမ်းကိုတော့ လျစ်လျူရှုလို့ မရဘူး"
"ဒါပေမယ့် အရေးကြီးတာက ကျင့်ကြံခြင်းပဲ။ ဓားဝိညာဥ်က အထောက်အပံ့သက်သက်ပဲ။ သူက ဒီလောက်အားနည်းနေမှတော့ အောက်ခြေကျင့်ကြံသူတွေကိုသာ အနိုင်ယူနိုင်လိမ့်မယ်"
"သူက အလယ်ကို သွားနေပြီ။ အဆင့်တစ်ဆယ်ကို တိုက်ရိုက်စိန်ခေါ်တော့မှာလား"
ယွမ်ရှောင်၏ လုပ်ရပ်က အသူရာပင်လယ်အတွင်း ရောက်နေသာ အခြားပါရမီရှင်များထက် ကျော်လွန်နေသဖြင့် မယုံမကြည် ရေရွတ်သံများ ဆူညံနေသည်။ သူက အဆင့်သုံးကို အားထုတ်စရာမလိုဘဲ စုပ်ယူနိုင်ခဲ့သောအခါ ဓားပင်လယ်၏ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် အဆင့်တစ်ဆယ်က ပစ်မှတ်ဖြစ်လာပြီး ဓားပျံစီးနင်းကာ အသူရာပင်လယ်ဗဟိုသို့ ဦးတည်လိုက်၏။ အဆင့်သုံး အသူရာဝိညာဥ်တစ်ခုကပင် သူ၏ဓားအော်ရာကို ၃၃ခုအထိ တိုးတက်သွားစေခဲ့ပြီး ဒုတိယစွမ်းရည်သည် ဓားဝိညာဥ်ကို အဆင့်တက်စေခြင်း ဖြစ်သော်လည်း သူ့အတွက် ၎င်းစွမ်းရည်မှာ မလိုအပ်ပေ။ ကောင်းကင်သင်္ချိုင်းဓားက လောကသန္ဓေတစ်ခု ဖြစ်သောကြောင့် ၎င်း၏အားဖြည့်နိုင်စွမ်းမှာ အရေးမပါလောက်အောင် နိမ့်ကျပေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်း၏တိုက်ခိုက်နိုင်စွမ်းက ပို၍သန်မာလာကာ ကြမ်းတမ်းလာခဲ့သည်။
ဓားပင်လယ်၌ အဆင့်လေး ဓားအမွေခံကျောက်သာ ရှိသောကြောင့် ၎င်း၏အဆင့်ကို တိကျစွာ ဆုံးဖြတ်မပေးနိုင်ဘဲ ပေါက်ကွဲခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။ အပြင်လူများသည် ဓားအော်ရာအရေအတွက် တိုးလာသည်ကို မြင်နိုင်ခဲ့ပြီး ခဏအတွင်း သူက အသူရာပင်လယ်ဗဟိုသို့ ဦးတည်နေသည်။
"ဒီကောင် လွတ်သွားပြီ"
ဖန်ကျန်းက သူ၏တည်နေရာကို ထုတ်ဖော်နိုင်ခဲ့သော်လည်း မြူခိုးများ ဖုံးလွှမ်းနေသည့် အသူရာပင်လယ်၏ သဘာဝကြောင့် နောက်ကျခဲ့သည်။
"အသူရာဓားဂိုဏ်းရဲ့ ခွေးကောင်က ပြေးတာ တော်သားပဲ"
ရှောင်ရှင်းက အေးစက်စက် ရေရွတ်လိုက်ပြီး မြူခိုးများကြောင့် မြင်ကွင်းမှာ အပြင်မှ ကြည့်ရသလောက် မရှင်းလင်းပေ။
"အဆင့်ခြောက် အသူရာဝိညာဥ်ကို အရင်ဆုံး ပစ်မှတ်ထားသင့်တယ်"
"နင်က သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာလား"
နင်ကျင်းက သိမ်မွေ့စွာ အကြံပေးလိုက်သောအခါ သူမသည် ရန်လိုစွာ တုံ့ပြန်လာသဖြင့် တိတ်ဆိတ်ရန် ရွေးချယ်လိုက်ပြီး ပစ်မှတ်ထံ ထွက်ခွာသွားခဲ့သည်။
"လုံလောက်ပြီ။ ဒီနေ့ မသေရင်တောင် ရဲကုရင် ရောက်လာရင် သေချာပေါက် အသတ်ခံရမှာပဲ"
ဖန်ကျန်းက ဖြတ်ပြောလိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် ပခုံးတွန့်ပြလိုက်သည်။ ရှောင်ရှင်း၏အမြင်တွင် ယွမ်ရှောင်သည် လုပ်ကြံသူများ၏ လက်ထဲတွင် သေရမည်ဖြစ်သောကြောင့် အဆင့်ခြောက် အသူရာဝိညာဥ်များကို စိန်ခေါ်ရန် စတင်ခဲ့သည်။
မြူခိုးများ သိပ်သည်းနေသော နေရာတစ်ခုတွင် ယွမ်ရှောင်သည် ဓားချီစွမ်းအင်မှ ဖြစ်ပေါ်လာသော ဧရာမငှက်ကြီးတစ်ကောင်ကို ပစ်မှတ်ထားနေသည်။ ၎င်း၏တောင်ပံအလျားက ဆယ်ပေကျော် ရှည်လျားပြီး ငှက်မွေးများအထက်တွင် ဓားချီများ ရစ်သိုင်းနေကာ နတ်ဆိုးအရိုးနှင့် အမည်မသိ အရင်းအမြစ်များ ပေါင်းစပ်ပါဝင်သည့် အမြုတေတစ်ခု ပိုင်ဆိုင်ထားသည်။ တစ်ကိုယ်လုံး၌ ရေးထွင်းခံထားရသော ရုန်းများကြောင့် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်နေပြီး စိန်ခေါ်ရန် အလွန်တရာခက်ခဲကြောင်း သိသာနေသည်။
သို့သော် အဆင့်သုံးကို အလွယ်တကူ ဝါးမျိုနိုင်ခဲ့သော ယွမ်ရှောင်က ယုံကြည်မှုအပြည့်နှင့် ချဥ်းကပ်သွားကာ အော်ဟစ်နေသည့် စွန်ကြီး၏ပါးစပ်အတွင်း ဓားနှင့် လျှပ်တပြက် ထိုးသွင်းလိုက်သည်။ ၎င်း၏မျက်လုံးများက မီးဝင်းဝင်းတောက်သွားကာ စူးရှစွာ အော်မြည်၍ တောင်ပံများ ခတ်လိုက်သောအခါ ဓားစွမ်းအင်များ ပြန့်ထွက်လာခဲ့သည်။ ၎င်းက ခုခံနေသော်လည်း ဓားဖျားသည် ဆက်လက်တိုးဝင်လာနေပြီး အမြုတေထံ ဦးတည်နေသည်။ ထို့ကြောင့် ၎င်းမှာ ဆတ်ခနဲ တုန်ခါသွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
"ထွက်ပြေးချင်တာလား"
ယွမ်ရှောင်၏ ဓားချက်အောက်တွင် အသူရာဝိညာဥ်များမှာ သားကောင်ပမာ အားနည်းလှပြီး အဆင့်တစ်ဆယ် အသူရာဝိညာဥ်မှာ အရင်းအမြစ်တစ်ခုသာသာပင် ဖြစ်၏။ ၎င်းက အဆက်မပြတ် ရုန်းကန်နေသော်လည်း ဓား၏ စုပ်အားအောက်တွင် တန့်သွားကာ တစ်ကိုယ်လုံးရှိ စွမ်းအားများ ဝါးမျိုခံနေရသည်။ ဤသို့ဖြင့် အဆင့်တစ်ဆယ် အသူရာဝိညာဥ်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး သူက ဓားဝိညာဥ်ကို အသာအယာ သိမ်းဆည်းလိုက်သောအခါ အသူရာလမ်းတစ်ခုလုံး ဗြောင်းဆန်သွားစေသည်။
လူပေါင်းထောင်ချီက မယုံနိုင်ဟန်ဖြင့် မတ်တပ်ရပ်လိုက်ကြပြီး မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်နေကာ သေရည်ခွက်များနှင့် လက်ဖက်ရည်ခွက်များ လေထဲတွင် တန့်သွားခဲ့သည်။ အာစေးထည့်ခံရသကဲ့သို့ သူတို့က ဆွံ့အနေကြပြီး အဆင့်တစ်ဆယ် အသူရာဝိညာဥ်ဟူသော စကားလုံးကိုသာ တွေးနိုင်ခဲ့သည်။ ခဏအကြာတွင် ခွက်များပြုတ်ကျသံက ပြိုင်တူထွက်ပေါ်လာပြီး အခန်းတိုင်း၌ ဆူညံပွက်လောရိုက်နေခဲ့၏။
"သူက ဒါကို ခဏအတွင်း ဝါးမျိုလိုက်တယ်"
ဓားတစ်ချက်တည်းဖြင့် ယွမ်ရှောင်သည် အစွမ်းထက်လှသော စွန်ကြီးကို ဝါးမျိုလိုက်သဖြင့် သူတို့နားလည်နိုင်သော အတိုင်းအတာထက် ကျော်လွန်နေ၏။ ဓားပင်လယ်၏ မျိုးရိုးအဆက်ဆက် ထွက်ပေါ်လာခဲ့သော ပါရမီရှင်များသည် အဆင့်တစ်ဆယ်ကို ထပ်ကာထပ်ကာ စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။
"ယွမ်ရှောင် ဒီလောက်အစွမ်းထက်တဲ့ ပါရမီရှင်မျိုးကို ငါ မမြင်ဖူးဘူး"
နင်ရန်သည် စိတ်လှုပ်ရှားမှုကြောင့် ပြတင်းပေါက်ဘောင်ကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ကျန်တစ်ဖက်တွင် အခြားလူများမှာ ယွမ်ရှောင်ကို ပြိုင်တူစိုက်ကြည့်နေကြပြီး မယုံနိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"သူက ဘယ်လိုလုပ်လိုက်တာလဲ။ ဒါ.... ဒါက အဆင့်တစ်ဆယ်လေ"
လင်းလင်က မလိုမုန်းထားစွာ အော်ဟစ်လိုက်သော်လည်း ယွမ်ရှောင်၏ စွမ်းရည်အောက်တွင် အရေးမပါတော့ပေ။
"ကြယ်ပွင့်အဆင့် ဓားဝိညာဥ်က ဒီလောက်ကြောက်စရာကောင်းတာလား"
နင်ခေး၏အသံက အံ့သြမှုကြောင့် တုန်ရီနေသည်။
"ဒီကောင်က ရှေးဟောင်းမျှော်စင်ရဲ့ ရန်သူ ဖြစ်နေတယ်။ လုံးဝ အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး"
ခေါင်းဆောင်ဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အစ်ကို့မျက်လုံးတွေက ဒါကို မြင်လိုက်ရဲ့လား"
"ခွမ်း"
နင်ရန်၏ လှောင်ပြောင်မှုကြောင့် နင်ခေးမှာ ဒေါသထွက်သွားကာ လက်ထဲရှိ သေရည်ခွက်ကို ချေမွပစ်ခဲ့သည်။ ယွမ်ရှောင်ကို သတ်ဖြတ်ရန်အတွက် ခက်ခဲမှုက နောက်တစ်ဆင့် မြင့်တက်သွားပြီဖြစ်၏။
"သူ့ကို သတ်ချင်နေတဲ့ လူတွေက ပိုပြီးဒေါသထွက်လာကြတယ်။ နောက်ထပ်သုံးရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လင်းချန်က အေးစက်စက် မှတ်ချက်ပေးလိုက်ပြီး အသူရာပင်လယ်မှ ယွမ်ရှောင် ထွက်လာလျှင် လုပ်ကြံသူအရေအတွက် ပိုများလာစေရန် လင်းလင်သည် ဆုတောင်းနေခဲ့သည်။
"အစ်ကို ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်မှာ ဓားအော်ရာ ဘယ်နှခုရှိနေပြီလဲ။ အဆင့်တစ်ဆယ် အသူရာဝိညာဥ်တစ်ခုက သေရမယ့်လူ လက်ထဲကို ရောက်သွားတယ်၊ နှမြောစရာပဲ"
လင်းလင်က မနာလိုဝန်တိုစိတ်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ဓားအော်ရာ ၅၅ခု"
ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေနိုင်သော အမှန်တရားသည် အသူရာလမ်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။