ဓားနှလုံးသားဆေးရည်
Vol. 8 Ch. 94-က
ဓားပက်လယ်၌ သတင်းဆိုးတစ်ခု လှိုင်းပမာ ပြန့်ထွက်လာပြီး ယွမ်ရှောင်၏ လက်ချက်ကြောင့် ပြောင်းလဲသွားသော အသူရာပင်လယ်အပြင်တွင် အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။
"ယွမ်ရှောင် အကြိမ်တစ်ထောင် သေရင်တောင် ဒီဆုံးရှုံးမှုက နှစ်ပေါင်းများစွာ ကြာနေလိမ့်မယ်"
သတင်းဆိုးကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သောကြောင့် ဓားပင်လယ်တစ်ခွင် ပျံ့နှံ့သွားကာ ရှေးဟောင်းမျှော်စင်က ဒေါသအထွက်ဆုံးဖြစ်သည်။ အသူရာပင်လယ်အတွင်း ပြုတ်ကျသွားသော ရွေးချယ်ခံနှစ်ယောက်ကို ရှာတွေ့သောအခါ ဓားဝိညာဥ်တစ်ဝက် ပျက်စီးသွားသဖြင့် ဝိညာဥ်ထိခိုက်ခဲ့ရာ အသိစိတ်ကင်းလွတ်နေကြသည်။
"မဟာမျိုးနွယ်ဆယ်ခုရဲ့ ခေါင်းဆောင်တွေကို ဆင့်ခေါ်စမ်း။ အသူရာပင်လယ်ကိစ္စအတွက် ခေါင်းဆောင်ကို သွားတွေ့မယ်"
ခေါင်းဆောင်ဖန်က ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။ ဤမျိုးနွယ်ဆယ်ခုတွင် ဖန်မျိုးနွယ်မှလွဲလျှင် အခြားမျိုးနွယ်များသည် အင်အားစုတစ်ခုခုနှင့် ပူးပေါင်းထားခြင်းမရှိသော်လည်း အသူရာပင်လယ်ပျက်စီးမှုကြောင့် အနာဂတ်မျိုးဆက်များ ထိခိုက်မည်ဖြစ်သောအခါ စည်းလုံးလာကြ၏။ အမှန်တရားတွင် ဓားကောင်းကင်၏ ကျင့်ကြံသူများပင် ရှေးဟောင်းမျှော်စင်ဘက်မှ ထောက်ခံခဲ့ကြသည်။
"ကျင်းအာ အဆင်ပြေရဲ့လား"
နင်ခေးသည် သမီးဖြစ်သူကို စိုးရိမ်တကြီး မေးလိုက်သည်။
"အဖေ သမီးက အဆင့်ခြောက် အသူရာဝိညာဥ်ကို အောင်မြင်ခဲ့ပြီး ဓားအော်ရာလေးခု တိုးလာတယ်"
နင်ကျင်းက ခပ်တိုးတိုး ဖြေလိုက်သောအခါ သူ့ကို မင်သက်သွားစေသည်။
"ယွမ်ရှောင်က မင်းကို အန္တရာယ်မပေးခဲ့ဘူးလား"
"မသိဘူး။ ဖြစ်နိုင်တာက ခေါင်းဆောင်ကြောင့် သူက နင်မျိုးနွယ်ကို အလွတ်ပေးလိုက်တာဖြစ်မယ်။ ခေါင်းဆောင်က ဓားကောင်းကင်ကို လွတ်လပ်စေချင်တာပါ။ တကယ်လို့ ဒီအတိုင်းဆက်ဖြစ်နေရင် ရှောင်ယုကြောင့် ဓားကောင်းကင်က ရှေးဟောင်းမျှော်စင်ရဲ့ လက်အောက်ခံ ဖြစ်သွားလိမ့်မယ်"
သူမက အမှန်တရားကို ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသည်။
"လူတိုင်း ဒီအကြောင်းအရင်းကို နားလည်ပါတယ်။ ဒါပေမယ့် ရှေးဟောင်းမျှော်စင်နဲ့ တိုက်ခိုက်လို့ အကျိုးမရှိဘူး၊ ငါတို့က မဟာဖုန်းဆိုးမြေကို ဖိနှိပ်ဖို့ စည်းလုံးရမယ်။ မင်း နားလည်လား၊ ဒါက လူသားမျိုးနွယ်အတွက်ဖြစ်ပြီး ဂိုဏ်းတစ်ခုတည်းအတွက် မဟုတ်ဘူး။ ဓားပင်လယ်မှာ အတွင်းရေးပြဿနာဖြစ်ရင် ငါတို့ အားနည်းသွားလိမ့်မယ်။ မင်းက အမြင်ကျဥ်းလွန်းတယ်။ ဒီနေ့ အသူရာပင်လယ်ပျက်စီးသွားတော့ မျိုးဆက်သစ်တွေက နတ်ဆိုးတွေကို ယှဥ်နိုင်မှာ မဟုတ်တော့ဘူး။ သေမျိုးတွေအများကြီးက ယွမ်ရှောင်နဲ့ ခေါင်းဆောင်လင်းကြောင့် သေရတော့မယ်"
သို့သော် လင်ခေးက ခေါင်းမာစွာ ကန့်ကွက်လိုက်၏။ နှစ်ဖက်လုံးက အကျိုးအကြောင်းဆီလျော်နေသဖြင့် နင်ကျင်းမှာ အကျပ်ရိုက်သွားခဲ့သည်။
"ရိုးရိုးသားသားပြောရရင် လင်းချင်းဖန်ကို ငါ နားမလည်ဘူး။ ကျောက်ကျန်ရှင်းနဲ့ နင်ရန်ကိစ္စကြောင့် သူက ရှောင်ယုကို ရွေးချယ်ပြီး ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ရှေးဟောင်းမျှော်စင်နဲ့ မဟာမိတ်ဖြစ်ဖို့ ပထမဆုံးလက်ထပ်ခဲ့တာက သူပဲ။ သူက ရှောင်ယုရဲ့ အစီအမံတွေကို တစ်ခါမှမငြင်းဖူးတဲ့အပြင် မင်းကိုလည်း ဖန်ကျန်းနဲ့ လက်ထပ်စေချင်ခဲ့တယ်မလား။ ဒါပေမယ့် ယွမ်ရှောင်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ တကယ်လို့ သူသာ ရှေးဟောင်းမျှော်စင်ကို ဆန့်ကျင်ချင်တယ်ဆိုရင် ဘာကြောင့် နှစ်ပေါင်းများစွာ စောင့်နေခဲ့တာလဲ"
နင်ခေး၏စကားကြောင့် လင်းချန်၊ လင်းလင်နှင့် နင်ကျင်းသည် အတွေးနက်သွားကာ မျက်မှောင်ကြုတ်၍ စဥ်းစားနေကြ၏။ ဓားကောင်းကင်သို့ ပြန်ရောက်သောအခါ ခေါင်းဆောင်လင်း၊ ယွမ်ရှောင်နှင့် နင်ရန်သည် အကြီးအကဲငါးယောက်၏ အေးစက်သော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။
"လေးစားရတဲ့ အကြီးအကဲတွေက လာကြိုနေပါလား။ ဒီလောက်အေးစက်စက်ဖြစ်နေတာဆိုရင် သေရည်ကောင်းကောင်းလေးနဲ့ အရည်ဖျော်ဖို့ လိုမယ်"
ခေါင်းဆောင်လင်းက ထီမထင်ဟန်ဖြင့် ရယ်မောလိုက်သည်။
"လင်းချင်းဖန် အဆင်အခြင်မဲ့တဲ့ အရူးကောင်။ ကိုယ်ကျိုးအတွက် အသူရာပင်လယ်ကို ဖျက်ဆီးလိုက်တာလား။ မင်းတို့က လူသားမျိုးနွယ်အတွက် အပြစ်သားပဲ"
အကြီးအကဲတစ်ယောက်က ရှေ့ထွက်လာပြီး ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည်။
"ဒါဆိုရင် ကျုပ်တို့က ရှေးဟောင်းမျှော်စင်ကို အညံ့ခံလိုက်ရမှာလား မုရုံအဘိုးကြီး။ ရဲကုရင် အစွမ်းထက်လာရင် သူတို့က ဒီအတိုင်းကြည့်နေမယ် ထင်လို့လား"
သူက တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သောအခါ အနီရောင်ဝတ်ရုံနှင့် နောက်ထပ်အဘိုးအိုတစ်ယောက်သည် စိတ်ပျက်စွာ ခေါင်းယမ်းနေခဲ့သည်။
"ပြောစရာရှိတာပြောပါ ဦးလေးနှစ်"
"အခုအချိန်ကစပြီး မင်းရဲ့ခေါင်းဆောင်ရာထူးကို ငါတို့ငါးယောက်က ရုတ်သိမ်းတယ်။ မင်းက ဓားကောင်းကင်ကို ကိုယ်စားမပြုဘူး"
"ဘန်း"
ဦးလေးနှစ်က ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ခါနေစဥ် လင်းချင်းဖန်၏ပုံရိပ်က အနားသို့ ဖြတ်ခနဲရောက်လာကာ ပါးကို ဖြတ်ရိုက်လိုက်သောကြောင့် ချာချာလည်သွားခဲ့၏။
"ကြည့်ရတာ ဦးလေးနှစ်က ခြေထောက်တွေပျော့နေပြီ ထင်တယ်။ ဒါဆိုရင် အနားယူလိုက်ပြီး အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့တော့။ မင်းကိုယ်မင်း ဘာထင်နေလို့ ငါ့ကို ထုတ်ပယ်ရဲတာလဲ"
"လင်းချင်းဖန် မင်းက ပုန်ကန်ချင်နေတာလား။ အကြီးအကဲတစ်ယောက်ကို ရိုက်ရဲတယ်"
အနက်ရောင်ဝတ်ရုံနှင့် နောက်ထပ်အကြီးအကဲတစ်ယောက်က မယုံကြည်ဟန်ဖြင့် ဝင်ရောက်ငေါက်ငမ်းလိုက်ပြန်သည်။
"ဦးလေးနင် ပါးစပ်ပိတ်ထား"
သို့သော်လည်း တစ်ဖက်လူက ရပ်တန့်မသွားသည့်အပြင် သူ၏မျက်နှာကိုပါ ဖြတ်ရိုက်ပစ်ခဲ့သည်။
"အဖေ"
နင်ရန်မှာ မျက်လုံးများပြူးကျယ်နေပြီး လဲကျသွားသော ဦးလေးနင်ကို တွဲထူလိုက်သည်။ မြေပြင်ရှိ အညစ်အကြေးများကြားတွင် ရွှေရောင်သွားသုံးချောင်း ပြုတ်ကျသွားသည်ကို သူမက မြင်လိုက်ရသဖြင့် ဆွံ့အသွားသည်။
"ငါ့ကို လွှတ်စမ်း။ အသူရာပင်လယ်ပျက်စီးအောင် လုပ်တဲ့ တရားခံထဲမှာ နင်လည်း ပါတယ်"
ဦးလေးနင်၏မျက်နှာက ဒေါသကြောင့် နဖူးကြောများ ဖောင်းကားနေကာ ယွမ်ရှောင်ကို ဓားကောင်းကင်ထံ ခေါ်ဆောင်လာသည့် နင်ရန်အား ငေါက်ငမ်းလိုက်ပြန်သည်။
"ဘယ်သူက ပြောစရာရှိသေးလဲ။ လာစမ်းပါ"
လင်းချင်းဖန်က အေးစက်စက်စိုက်ကြည့်၍ စိန်ခေါ်လိုက်သောအခါ အကြီးအကဲငါးယောက်၏ ပါးစပ်များ ပိတ်သွားခဲ့သည်။ ထို့နောက် သူက ယွမ်ရှောင်နှင့် နင်ရန်ကို ဦးဆောင်ကာ ဓားကောင်းကင်အတွင်း လက်အောက်ငယ်သားများ၏ အကြည့်အောက်တွင် ဝင်ရောက်သွားခဲ့သည်။
"လင်းချင်းဖန် မင်းရဲ့ရာထူးက အမည်ခံထက် မပိုပါဘူး။ ဓားကောင်းကင်က ဘယ်သူမှ မင်းကို မထောက်ခံဘူး။ ရှေးဟောင်းမျှော်စင်နဲ့ မဟာမျိုးနွယ်ခေါင်းဆောင် ဆယ်ယောက် ရောက်လာရင် မင်းတစ်ယောက်တည်း ရင်ဆိုင်ကြည့်စမ်း"
ဦးလေးနှစ်က သွေးများကို ထွီခနဲ ထွေးထုတ်ကာ အံကြိတ်လိုက်သည်။ သူ၏စကားသံက တိုးညှင်းသော်လည်း ခေါင်းဆောင်လင်းက ရုတ်တရက် ပြန်ရောက်လာသဖြင့် မျက်လုံးများ ပြူးကျယ်သွားရ၏။ တစ်ဖက်လူသည် စကားတစ်စုံတစ်ရာမပြောဘဲ လက်ပြန်ရိုက်ချလိုက်သောကြောင့် သူက မြေပြင်တွင် လဲကျသွားကာ မျက်နှာထက်၌ သွေးချင်းချင်းနီလာခဲ့သည်။ ဓားကောင်းကင်၏ ကျင့်ကြံသူပေါင်းရာချီမှာ မကျေနပ်သောကြောင့် မျက်လုံးများ နီရဲနေသော်လည်း အသံမထွက်ရဲကြပေ။
လေနားဆင်အိမ်တော်သို့ ရောက်သောအခါ ခေါင်းဆောင်လင်းသည် ကျောက်စိမ်းပုလင်းသုံးလုံးကို ကမ်းပေးလာသည်။
"ယွမ်ရှောင် ဓားနှလုံးသားဆေးရည်ကို ယူလိုက်ပါ"
၎င်းသည် သက်တမ်းကုန်သွားသော ဓားနှလုံးသားကို ဆေးပင်များဖြင့် စီမံထားခြင်းဖြစ်ကာ ဓားဝိညာဥ်ကို ပျိုးထောင်ပေးနိုင်သည်။ အသူရာဝိညာဥ်များစွာကို စုပ်ယူထားသောကြောင့် ဘေးထွက်ဆိုးကျိုးရှိလာလျှင် ဤဆေးရည်သည် ဓားဝိညာဥ်နှင့် ဆက်နွယ်နေသည့် အရိုးကို ကုသပေးနိုင်၏။
"ကျေးဇူးတင်ပါတယ်"
ခေါင်းဆောင်လင်း၏ ရှင်းပြချက်ကြောင့် အကျိုးကျေးဇူးကို နားလည်လိုက်သောအခါ ယွမ်ရှောင်က လက်ခံခဲ့သည်။
"ဓားသမားတွေက အချင်းချင်း ကျေးဇူးတင်စရာမလိုဘူး။ ဒီကမ္ဘာကြီးမှာ ကျင့်ကြံသူ အများကြီးရှိပေမယ့် မိတ်ဆွေကောင်းဆိုတာ ရှားပါးတယ်"
ခေါင်းဆောင်လင်းက သက်ပြင်းတစ်ချက်ချ၍ ယွမ်ရှောင်၏ ပခုံးကို ပုတ်လိုက်၏။
"မိတ်ဆွေကောင်းတစ်ယောက်က လုံလောက်ပါတယ်။ စိတ်မပူပါနဲ့ ခေါင်းဆောင်လင်း။ ဓားကောင်းကင်မှာ အနာဂတ်တစ်ခု သေချာပေါက် ရှိလာပါလိမ့်မယ်။ ဒီဆေးရည်အတွက် ဘယ်သူရဲ့ ဓားနှလုံးသားကို အသုံးပြုထားတာလဲ"
"ငါ့အဖေ"
သူ၏မေးခွန်းကို သေရည်အား မော့သောက်နေသည့် ခေါင်းဆောင်လင်းက ပေါ့ပါးစွာ ဖြေလိုက်သည်။ ဤကား ဓားကောင်းကင်၏ ရိုးရာတစ်ခုဖြစ်ကာ လင်းချင်းဖန်အလှည့်တွင်လည်း နာကျင်မှုကို လျစ်လျူရှုကာ မျိုးဆက်သစ်များအတွက် အသုံးမဝင်လျှင်ပင် ဓားနှလုံးသားတစ်ခု အမှတ်တရအဖြစ် ချန်ထားရစ်ခဲ့ရပေလိမ့်မည်။ ယွမ်ရှောင်၏လက်ထဲတွင် ရှိသော ဆေးရည်များတွင် ၎င်း၏တိုက်ခိုက်နိုင်စွမ်း ပျောက်ကင်းနေကာ ဆေးစွမ်းအင်များသာ ကျန်ရစ်၏။
"မင်းက ရဲကုရင်နဲ့ စိတ်တိုင်းကျ တိုက်ခိုက်နိုင်တယ်။ ဘာဖြစ်လာဖြစ်လာ ငါ ကာကွယ်ပေးမယ်။ မင်းရဲ့ ဓားဝိညာဥ်နဲ့ ပါရမီက ကောင်းကင်ကို ဆန့်ကျင်နိုင်တယ်။ မင်းရဲ့ကျင့်ကြံဆင့်က နည်းနည်းနောက်ရောက်နေတဲ့အတွက် အေးအေးဆေးဆေး လေ့ကျင့်ပါ။ ပါရမီဘယ်လောက်ကောင်းကောင်း စိတ်မရှည်ရင် အလကားပဲ။ ဒါက ကြယ်ပွင့်အဆင့် ဓားသိုင်းပဲ။ ဒီနေ့ည ဖတ်ထားလိုက်၊ မနက်ဖြန်ကျရင် ငါနဲ့အတူ လေ့ကျင့်ကြမယ်"
ခေါင်းဆောင်လင်းသည် ဆေးရည်ကို တစ်ရက်လျှင် တစ်ပုလင်းအသုံးပြုရန် ညွှန်ကြား၍ ကတိပေးခဲ့ပြီး ဓားကောင်းကင်၌ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့် စာလိပ်တစ်ခုကို ကမ်းပေးလိုက်၏။ ထို့ကြောင့် ယွမ်ရှောင်သည် ကျင့်ကြံသူပေါင်းများစွာကို တစ်ကွက်တည်းဖြင့် ဖိနှိပ်ခဲ့သော ပုံရိပ်အား ပြန်လည်မြင်ယောင်ခဲ့သည်။ ဤသိုင်းက မိုးနဂါးဓားသိုင်းထက် မြင့်မားပုံရပြီး စာလိပ်၏ အထူသက်သက်ကပင် အသူရာဓားဂိုဏ်း၏ ပထမဓားကျင့်စဥ်ထက် ငါးဆမကပေ။
"လေနားဆင်အိမ်တော်မှာနေပြီး ကျင့်ကြံခြင်းကို အာရုံစိုက်။ နည်းနည်းလောက် သောက်ဦးမလား"
ခေါင်းဆောင်လင်းက လက်ထဲရှိ သေရည်အိုးကို မြှောက်ပြ၍ မေးလိုက်ခြင်းဖြစ်သည်။
"လောလောဆယ်တော့ မလိုသေးပါဘူး"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
"ဒါဆိုရင် ဓားနှလုံးသားဆေးရည်ကို သန့်စင်လိုက်တော့"
"ခေါင်းဆောင် ကျုပ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလား"
"ပြဿနာ မရှိပါဘူး"
"ခင်ဗျား သည်းခံနိုင်ရဲ့လား"
"ဒါက ငါလုပ်ကိုလုပ်ရမယ့် အရာပဲ။ ဓားကောင်းကင်ရဲ့ အနာဂတ်အတွက်လေ။ ကဲ ငါ သွားတော့မယ်"
လင်းချင်းဖန်က ပေါ့ပါးစွာရယ်မော၍ နင်ရန်အား ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ယွမ်ရှောင်က အခန်းသို့ပြန်သွားကာ နေရာယူပြီးနောက် ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ဖွင့်လိုက်သည်။ ရင်ဘတ်အတွင်းရှိ သားရဲလေးလည်း ထွက်ပေါ်လာပြီး နှာခေါင်းတရှုံ့ရှုံ့နှင့် အာရုံခံလိုက်သည်။
"နံတယ်"
"ဒါကို စုပ်ယူရမှာက ဓားဝိညာဥ်ဆိုတော့ ငါတို့အတွက် ပြဿနာမရှိဘူး။ ဒါက အသုံးဝင်တယ်မလား"
သူက ဓားဝိညာဥ်ကို ဆင့်ခေါ်၍ အကြံတောင်းလိုက်သည်။
"အသုံးဝင်တယ်။ မင်းရဲ့ဓားအော်ရာက အရမ်းများနေပြီဆိုတော့ အရိုးတွေမှာ ဒဏ်ပိနေလောက်ပြီ။ ဒီထဲမှာ ပိုးကောင်းနည်းနည်း ရှိတယ်ဆိုပေမယ့် ပြဿနာမရှိဘူး"
ကြယ်ပြာက ကျေနပ်စွာရယ်မော၍ ခေါင်းညိတ်ပြလိုက်သဖြင့် ယွမ်ရှောင်သည် ကျောက်စိမ်းပုလင်းသုံးခုလုံးကို ဓားဝိညာဥ်အား စုပ်ယူစေသည်။
"ဒါက သုံးရက်အတွင်း အသုံးပြုရမှာ မဟုတ်ဘူးလား"
"မလိုအပ်ပါဘူးကွာ။ ငါက အကောင်းဆုံးကိုပဲ လိုချင်တယ်။ အဆင့်တွေဘာတွေ ဂရုမစိုက်နိုင်ဘူး"
ယွမ်ရှောင်က အေးစက်စက်ပြုံး၍ ပြောလိုက်လေသည်။