← Chapters

ကျားစီးမိသူတစ်ဦး

Vol. 8 Ch. 94-ခ

ကျားစီးမိသူတစ်ဦး

Vol. 8 Ch. 94-ခ

တဝေါ့ဝေါ့နှင့် လေတက်သံများ သားရဲလေးထံမှ ထွက်ပေါ်လာကာ ကြယ်ပြာသည် ကောင်းကင်တာအိုဆေးလုံးများကို တရစပ် အန်ချလိုက်သဖြင့် အချိန်တိုအတွင်း ယွမ်ရှောင်အား ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။ သက်ရှိဆေးအိုးတစ်လုံး ရှိနေပြီး ဆေးသန့်စင်ခြင်းကို ရပ်တန့်မည် မဟုတ်သောကြောင့် ဆေးများ ပြတ်တောက်သွားစရာ မရှိချေ။

"ငါအဆင့်တက်တာက ဒီလောက်မြန်နေတာကိုတောင် သူတို့ရဲ့အမြင်မှာ နှေးတယ်တဲ့လား။ ဟာသပဲ ဟား ဟား"

သူက အေးစက်စက် ရယ်မောလိုက်ပြီး နာရီဝက်ခန့် ကျင့်ကြံလိုက်ရုံဖြင့် မူလအမြုတေအလယ်အဆင့်သို့ ရောက်သွားခဲ့သည်။ သူ၏ဒန်တန်အတွင်း ရှေးဟောင်းဟင်းလင်းပြင်အမြုတေက အရွယ်အစားနှစ်ဆ ကြီးမားလာသောကြောင့် ရွှေရောင်ဒန်တန်မှာ ပြင်းထန်လွန်းသော စွမ်းအင်များကို မထိန်းချုပ်နိုင်ဟန်ဖြင့် တုန်ခါနေသည်။ အသူရာပင်လယ်အတွင်း ဓားအော်ရာ အရေအတွက်တစ်ရာအထိ တိုးတက်လာသောအခါ တိုက်ခိုက်ရေးစွမ်းအားသည် မြင့်မားလာခဲ့၏။

"ကျင့်ကြံဆင့်က သိပ်မမြင့်ပေမယ့် ငါ့ဓားဝိညာဥ်နဲ့ တိုက်ခိုက်မိသူတိုင်း ဓားဝိညာဥ်တွေ ပျက်စီးရလိမ့်မယ်"

ယွမ်ရှောင်က ကြုံးဝါးလိုက်ပြီး ပြိုင်ဘက်ကင်းသော ဓားဝိညာဥ်မှာ နတ်လက်နက်ပမာ အခြားဓားများကို ပျက်သုဥ်းစေနိုင်၏။ သူက မကြာခင်အချိန်အတွင်း နဂါးကိုးကောင်ဒန်တန်ပိုင်ရှင် ရဲကုရင်နှင့် တိုက်ခိုက်ရမည် ဖြစ်သောကြောင့် မျက်လုံးများ တောက်လောင်နေသည်။ သိုလှောင်အိတ်အတွင်း သူက စစ်ဆေးလိုက်သောအခါ စိတ်ကျောက်တုံးနှစ်သိန်းကျော် ကျန်ရစ်သဖြင့် လနီသည် လောတဘကြီးဖြင့် ပါးစပ်ကို ဟလိုက်၏။

"မကျွေးဘူး။ ဒါတွေက အစ်မကျောက်အတွက်ကွ။ ဓားပင်လယ်မှာ မိန်းကလေးတွေများပေမယ့် ဘယ်သူမှ သူမလောက် မလှဘူး။ ရဲကုရင်လိုကောင်မျိုး မျက်စိကျမယ်ဆိုလည်း မထူးဆန်းဘူး"

သူက တစ်ချက်ပြုံး၍ သားရဲလေးကို အင်္ကျီအတွင်း ထည့်လိုက်သောအခါ လနီသည် မကျေမနပ် မေးခွန်းထုတ်လိုက်၏။

"မင်းက ဒါတွေကို ဘာလုပ်မလို့လဲ"

"သူမက ငါ့အတွက် အင်္ကျီချုပ်ပေးခဲ့တယ်။ ဓားပင်လယ်ရဲ့ ရတနာလမ်းမှာ ရတနာအသုံးအဆောင်တွေ ရောင်းတယ်လို့ ကြားတယ်။ သူမအတွက် ချပ်ဝတ်တစ်စုံလောက် ဝယ်ပေးရမယ်။ ဒါမှ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင် အန္တရာယ်ကင်းလိမ့်မယ်"

သူက ကျောက်ရန်ရန်၏ လက်ရာဖြစ်သော ဝတ်ရုံဖြူကို တစ်ချက်ငုံ့ကြည့်ကာ နူးညံ့စွာ ရေရွတ်လိုက်၏။

"မင်းက ဓားပင်လယ်ကို ဒုက္ခပေးထားပြီး လမ်းသလားရဲတယ်ပေါ့"

ကြယ်ပြာက စနောက်လိုက်သည်။

"ဒါပေါ့။ ငါ ဘာမှမကြောက်ဘူး။ လမ်းမှာ ဓားတစ်သောင်းလောက် ပိတ်နေရင်တောင် သူမအတွက် လက်ဆောင်ဝယ်ပေးရမယ်။ သူမရဲ့အပြုံးကို ငါ မြင်ချင်သေးတယ်"

"သူမက သာမန်ကျင့်ကြံသူတစ်ယောက်ဆိုတာ မင်း သိသင့်တယ်"

"ဂရုမစိုက်ဘူး"

ယွမ်ရှောင်က ပထမဆုံးအကြိမ်ဖြင့် မကျေနပ်ပုံပြလာသောကြောင့် ကြယ်ပြာမှာ အံ့သြသွားသော်လည်း စိတ်ပျက်မည့်အစား ပို၍စိတ်ဝင်စားလာခဲ့၏။

"လင်းလင် တံခါးဖွင့်စမ်း"

ထို့နောက် သူသည် လေနားဆင်အိမ်တော်၏ အနောက်ဘက်သို့ သွားကာ တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်၏။

"ဘယ်သူလဲ"

"ဒီနေရာမှာ ငါ့အပြင် ဘယ်သူရှိသေးလို့လဲ"

"နင့်ကြောင့် အဖေက ဓားပင်လယ်တစ်ခုလုံးနဲ့ ရန်သူဖြစ်တော့မယ်။ ဒါတောင် မျက်နှာ လာပြရဲသေးတယ်ပေါ့။ အရှက်မရှိဘူးလား"

သူမက တံခါးကို ဘန်းခနဲကန်ဖွင့်၍ ဒေါသတကြီး အော်ဟစ်ခဲ့သည်။

"ငါ့ကို ရတနာလမ်းဆီ ခေါ်သွား"

သူက လျစ်လျူရှု၍ တောင်းဆိုလိုက်၏။

"ရတနာလမ်းအဆောက်အအုံက အသူရာလမ်းပေါ်မှာ ရှိနေတာပဲ။ နင့်ဘာသာသွား"

"ငါက မိန်းကလေးအဝတ်အစားအချို့ ဝယ်ချင်နေလို့။ နင်က မိန်းမတစ်ယောက်ဆိုတော့ ကူညီပေးနိုင်လောက်တယ်"

"နင်က ငါ့ကို လက်ဆောင်ဝယ်ပေးရုံနဲ့ ခွင့်လွှတ်ပေးမယ် ထင်နေတာလား"

"စိတ်ကူးယဥ်နေတာ ရပ်လိုက်စမ်း။ သူမနဲ့ယှဥ်ရင် နင်က ဘာမှမဟုတ်ဘူး"

ယွမ်ရှောင်သည် အထက်စီးမှ လှောင်ပြောင်နေသော လင်းလင်၏မျက်နှာကို လက်ဝါးဖြင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် တရစပ်ရိုက်ချက်များ ကျရောက်လာသောကြောင့် သူမက ဒေါသထွက်ချင်သော်လည်း ကြောက်စိတ်ကြောင့် လိုက်ပို့ရန် သဘောတူလိုက်ရ၏။

"နောက်ဆုံးတော့ မူလအမြုတေနောက်ပိုင်းအဆင့်ကို ငါ ရောက်ပြီ"

ထိုအချိန်တွင် ရှေးဟောင်းမျှော်စင်၌ ချူရန်သည် ကျင့်ကြံရေးခန်းအတွင်းမှ ပျော်ရွှင်စွာထွက်လာပြီး အပြင်ဘက်၌ လူနှစ်ယောက် စောင့်နေခဲ့သည်။ တစ်ယောက်က ရှောင်ဟီဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံနှင့် အသက်လေးဆယ်အရွယ် လူမှာ ချူမျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။

"သားလိမ္မာလေး အဆင့်တက်သွားပြီလား"

"အဖေ"

"ဆရာရှောင် ယွမ်ရှောင် သေပြီလား။ ကျုပ် ဒီကောင့်ကို သတ်ချင်တယ်"

ချူရန်က ခေါင်းဆောင်ချူကို ခံစားချက်မဲ့စွာ ခေါင်းညိတ်ပြ၍ ရှောင်ဟီအနား ချဥ်းကပ်ကာ တောင်းဆိုလိုက်သည်။

"မင်းလုပ်စရာ မလိုလောက်တော့ဘူး"

"ဘာကို ဆိုလိုတာလဲ"

နားမလည်နိုင်ဖြစ်နေသည့် ချူရန်ကို ခေါင်းဆောင်က အသူရာပင်လယ်၌ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ရှင်းပြလိုက်သည်။

"အသူရာပင်လယ် မရှိတော့ဘူးလား"

အဆင့်ခြောက် အသူရာဝိညာဥ်ကိုပင် မသန့်စင်ရသေးသော ချူရန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

"ကံကောင်းတာက ယွမ်ရှောင်က တိုက်ခိုက်ရေးစွမ်းအင်မှာ အားနည်းပြီး ကျင့်ကြံဆင့်ကလည်း ရွေးချယ်ခံတွေအောက် နိမ့်ကျတယ်။ မင်းရဲ့ ဓားသိုင်းစွမ်းရည်က သူ့ထက် အများကြီးသာတယ်။ ဓားတစ်ချက်တောင် ခုတ်စရာ မလိုဘူး"

ခေါင်းဆောင်ချူက သားဖြစ်သူကို နှစ်သိမ့်လိုက်၏။ သို့သော် ဓားအော်ရာ အရေအတွက်တစ်ရာဟူသော အချက်က ချူရန်၏ရင်ထဲတွင် မုန်တိုင်းတိုက်စေခဲ့သည်။

"လူက အားနည်းနေရင် ဓားဝိညာဥ် ဘယ်လောက်အစွမ်းထက်ထက် အရေးမပါဘူး။ ဓားဝိညာဥ်ချင်း ထိပ်တိုက်မရင်ဆိုင်ရင် သူ့ခေါင်းကို ဖြတ်ဖို့ လွယ်ပါတယ်။ ဟုတ်တယ်မလား ဆရာရှောင်"

ခေါင်းဆောင်ချူက မေးလိုက်ခြင်း ဖြစ်သည်။

"ဒါပေါ့။ ချူရန်နဲ့ ယွမ်ရှောင်တိုက်ပွဲကို လောင်းကြေးဖွင့်ရင် ခုနစ်ဆ သုံးဆ ကွာခြားလိမ့်မယ်။ ဓားဝိညာဥ်ချင်း မရင်ဆိုင်ရင် သတ်ဖို့ အလွယ်လေးပါ"

ရှောင်ဟီက ခေါင်းညိတ်၍ သုံးသပ်ပြလိုက်သော်လည်း ချူရန်၏စိတ်ထဲတွင် ကြောက်လန့်နေပြီဖြစ်သည်။ ရှောင်ဟီ၏မှတ်ချက်မှာ ကောလဟာလကြောင့်သာ ဖြစ်ပြီး အမှန်တကယ်အားနည်းသူမှာ ချူရန် ဖြစ်နေသည် မဟုတ်ပါလော။ အကယ်၍ တစ်ဖက်လူသာ မြန်မြန်သေမသွားလျှင် ကျားစီးမိသော သူ့အတွက် ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။

"သားလေး မင်းက အဆင့်တက်သွားပြီဆိုတော့ ရတနာလမ်းမှာ အောင်ပွဲခံကြမယ်။ ခေါင်းဆောင်ဖန်၊ နင်ခေး၊ ဆရာရှောင်နဲ့ ရှင်းအာကိုလည်း ဖိတ်ခေါ်ထားတယ်"

"ဖန်ကျန်းနဲ့ ရှောင်ဟီက ဓားဝိညာဥ် ထိခိုက်ခဲ့တယ်မလား"

"ခေါင်းဆောင်က ဓားအခြေတည်ဆေးနှစ်လုံး ချီးမြှင့်ခဲ့တယ်။ ဒဏ်ရာက မပြင်းထန်တော့ နှစ်ယောက်လုံး ပြန်ကောင်လာပါပြီ။ ဒီယွမ်ရှောင်က တကယ်ကောက်ကျစ်တယ်။ သူတို့က အသူရာဝိညာဥ်ကို သန့်စင်နေတုန်း အလစ်ချောင်းတိုက်ခိုက်ခဲ့တယ်။ ငါ့သားလေးနဲ့ ယှဥ်ရင် ဒီကောင်က အောက်တန်းကျလွန်းတယ်"

"ပါးစပ်ပိတ်ထားစမ်းပါ"

ခေါင်းဆောင်ချူ၏ စကား မဆုံးခင်မှာပင် ချူရန်က ရိုင်းစိုင်းစွာ ဟန့်လိုက်သည်။

"ကောင်းကောင်းအနားယူလိုက်ဦး။ နင်ခေးနဲ့ ငါ စကားပြောရမယ်။ ခေါင်းဆောင်လင်းက အကြီးအကဲငါးယောက်ကို ရိုက်နှက်ခဲ့တယ်လို့ ကြားတယ်။ ဒါကြောင့် ဓားကောင်းကင်မှာ အတွင်းပြဿနာဖြစ်နေတုန်း သူ့ကို စည်းရုံးရမယ်"

ရှောင်ဟီက အေးစက်စက် ညွှန်ကြားလိုက်သည်။

"လင်းလင်ရော လာမှာလား"

"သူမက လင်းချင်းဖန်ရဲ့ အမိန့်ကြောင့် မလာရဲလောက်ဘူး"

"သွားကြစို့။ အောင်ပွဲခံကြမယ်"

ချူရန်သည် အတွင်းစိတ်၌ ကြောက်လန့်နေသော်လည်း ဓားပင်လယ်၌ ယွမ်ရှောင်ကို သတ်ချင်သူ များစွာရှိနေသောကြောင့် ကိုယ့်ကိုကိုယ် အားပေး၍ အော်ဟစ်လိုက်လေသည်။

All Chapters