← Chapters

ချူရန်၏ကံဆိုးမှု

Vol. 8 Ch. 95

ချူရန်၏ကံဆိုးမှု

Vol. 8 Ch. 95

အသူရာလမ်းတွင် လူများ ဆူညံရှုပ်ထွေးနေပြီး ယွမ်ရှောင်သည် ရတနာလမ်းအဆောက်အအုံ၏ ဆိုင်ခန်းတစ်ခုသို့ မျက်စိကျ၍ ဝင်ရောက်သွားခဲ့သည်။ ၎င်း၏ဆိုင်းဘုတ်တွင် ဆိုင်ရှင်ချန်၏ အရောင်းဆိုင် ဤနေရာတွင် ပစ္စည်းအစုတ်များ မရောင်းပါဟု ရေးထိုးထားသည်။ ဆိုင်ရှင်ချန်သည် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်ကာ ကောင်တာတစ်ခုအနောက်တွင် ခြေချိတ်ထိုင်နေပြီး ဆေးတံတစ်ချောင်းကို ရှိုက်ဖွာနေ၏။ သူမက ယွမ်ရှောင်၏ တောင်းဆိုချက်အတိုင်း မိန်းကလေးချပ်ဝတ်များကို ပြသပေးလျက်ရှိသည်။

"ဒါက ပျော့ပါးပြီး နူးညံ့တယ်။ မိန်းကလေးတစ်ယောက် အတွင်းဝတ်အနေနဲ့ ဝတ်ဆင်ထားဖို့ လွယ်ကူတယ်။ အစိတ်အပိုင်းတစ်ခုချင်းစီက မူလအမြုတေ အခြေတည်အဆင့်ရဲ့ တိုက်ကွက်ကို ခုခံနိုင်တယ်"

"တကယ်လို့ ချပ်ဝတ်က မခုခံနိုင်ရင်ရော"

ယွမ်ရှောင်သည် လှပသော ချပ်ဝတ်ကို လက်ချောင်းများဖြင့် ပွတ်သပ်၍ စစ်ဆေးလိုက်သည်။

"မခုခံနိုင်ရင် မခုခံနိုင်ဘူးပေါ့"

"ခင်ဗျားက ဉာဏ်များတာပဲ။ ဒီချပ်ဝတ်အတွက် စိတ်ကျောက်တုံးနှစ်သိန်း လိုချင်နေတာလား"

ယွမ်ရှောင်သည် တစ်ဖက်လူ၏မျက်နှာမှ အပြုံးကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ကောင်လေး စကားကို ကြည့်ပြောပါ။ ရတနာလမ်းရဲ့ ဆိုင်တွေက ဂုဏ်သိက္ခာမမဲ့ဘူး"

တစ်ဖက်လူ၏ အာမခံစကားကြောင့် အစ်မကျောက်အတွက် လက်ဆောင်ဝယ်ပေးလိုလျှင် စိတ်ကျောက်တုံးများစွာ ကုန်ရမည်ဖြစ်ကြောင်း သူက နားလည်လိုက်သည်။

"လင်းလင် ငါ့ကို အကြံပေးစမ်း။ မိန်းကလေးတွေက ဘယ်လိုအရာမျိုး ကြိုက်တတ်သလဲ"

ယွမ်ရှောင်က အနားရှိ လင်းလင်ကို အကူအညီတောင်းနေစဥ် ဆိုင်ခန်းအပြင်ဘက်ရှိ ထောင်ချီသော ကျင့်ကြံသူများ စုဝေးလာကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။

"ဒီလောက်လူတွေအများကြီးက သတ်ချင်နေတာတောင် ဆိုင်ရှင်နဲ့ စျေးဆစ်နေရဲသေးတာလား။ သူက ဘာကြောင့် အကြောက်အလန့်ကင်းနေရတာလဲ။ ရတနာလမ်းထဲမှာ လူသတ်မှုဖြစ်ရင် အဖေတောင် ချက်ချင်း ရောက်လာနိုင်မှာ မဟုတ်ဘူး"

သူမက တစ်ဖက်လူ၏ လုပ်ရပ်များကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

"တစ်ခုရွေးပေး"

သူမသည် အေးစက်စက် အမိန့်ပေးလိုက်သော ယွမ်ရှောင်ကို စိုက်ကြည့်လိုက်သည်။ လက်ဆောင်တစ်ခုအတွက် စိတ်ကျောက်တုံးသိန်းချီ အသုံးပြုခြင်းက လက်ဖွာသည့်အပြင် ဓားကောင်းကင်၏ ပိုင်ဆိုင်မှုများ ဖြစ်နေသောကြောင့် သူမမှာ မကျေနပ်ခဲ့ပေ။

"ဒီဟာ"

လင်းလင်က အဝါရောင် ချပ်ဝတ်တစ်စုံကို ညွှန်ပြနေစဥ် အပြင်ဘက်မှ ကျင့်ကြံသူများသည် သက်ဆိုင်ရာ မျိုးနွယ်အကြီးအကဲများထံ သတင်းပို့နေပြီဖြစ်သည်။

"အဆင်မပြေဘူး"

"ဘာကြောင့်လဲ"

"ဒါက နည်းနည်းသေးနေတယ်"

"မင်းရဲ့ မိန်းကလေးက ဘယ်လောက်ကြီးလို့လဲ"

ဆိုင်ရှင်ချန်က လင်းလင်ကို တစ်ချက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

"ခါးက သူမလောက်ပါပဲ။ ဒါပေမယ့် အပေါ်ပိုင်းက ပိုပြီးကြီးမားတယ်"

"အရွယ်အစား အတိကျ သိလား"

ယွမ်ရှောင်က ခေါင်းကုတ်၍ မျက်နှာကျက်ရှိ ကျောက်စိမ်းမီးအိမ်တစ်လုံးကို ညွှန်ပြလိုက်သည်။ ဆိုင်ရှင်ချန်က ခေါင်းတစ်ချက်ညိတ်ပြီး အတွင်းပိုင်းသို့ ဝင်ရောက်သွားကာ ပိုးချည်ပမာပျော့ပြောင်း၍ အနက်ရောင် ခြေအိတ်ရှည်နှစ်ခု ပါဝင်သည့် ချပ်ဝတ်တစ်စုံကို ထုတ်ယူလာ၏။ ၎င်းကို ကျောက်ရန်ရန် ဝတ်ဆင်လိုက်လျှင် ဖြစ်ပေါ်လာမည့် မြင်ကွင်းကို သူက စိတ်ကူးယဥ်မိလိုက်သည်။

"အဆင်ပြေတယ်။ စျေးတစ်ချက် ပြောပါ"

"လူငယ်လေး မင်းတော့ ပစ္စည်းကောင်းရှာတွေ့တာပဲ။ စိတ်ကျောက်တုံးငါးသန်း။ ဒါကို ရတနာလမ်းရဲ့ ပန်းပဲဖိုက အမျိုးသမီးကျင့်ကြံသူတွေအတွက် သီးသန့်သွန်းလုပ်ထားတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း အလွန်ကောင်းမွန်တယ်"

ဆိုင်ရှင်ချန်က ခပ်ပြုံးပြုံးလုပ်၍ တစ်လုံးချင်း ပြောလိုက်သည်။

"စျေးကြီးလွန်းတယ်။ ကျုပ် သွားပြီ"

ယွမ်ရှောင်က တစ်ချက်ပင် တွေဝေမနေဘဲ ထွက်ပေါက်ထံ ခြေဦးလှည့်လိုက်သည်။ ချပ်ဝတ်တစ်စုံ၏တန်ဖိုးသည် အသူရာဆေးအိုး၏တန်ဖိုးနှင့် တူညီနေသည်ဖြစ်ရာ သူက ဆင်းရဲလွန်းနေသည် မဟုတ်ပါလော။

"နေပါဦး။ စျေးက ညှိုနှိုင်းလို့ ရပါတယ်"

ဆိုင်ရှင်ချန်က ကမန်းကတန်း တားမြစ်လိုက်သည်။

"စိတ်ကျောက်တုံးနှစ်သိန်းပဲ ပါတယ်"

"ဒီလောက်ပဲ ချမ်းသာတယ်ဆိုရင် မင်းရဲ့ တာအိုလက်တွဲဖော်ကတော့ သနားစရာပဲ"

ဆိုင်ရှင်ချန်သည် ဆေးတံကို ရှူရှိုက်၍ မီးခိုးများ မှုတ်ထုတ်လိုက်သည်။

"ဖားပြုတ်က ငန်းသားစားနိုင်မယ်လို့ ရှင် ထင်နေတာလား"

သူမ၏အကြည့်ကြောင့် လင်းလင်သည် ဒေါသဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့နှစ်ယောက်နှိုင်းယှဥ်ရင် ငန်းက ဒီလူငယ်လေး ဖြစ်လိမ့်မယ်"

"ဆိုင်ရှင်ချန် ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ"

ဒဲ့တိုးဆန်လှသည့် မှတ်ချက်ကြောင့် သူမက မကျေမနပ်ဖြစ်သွားကာ အော်ဟစ်လိုက်သည်။ သို့သော် တစ်ဖက်လူက ထီမထင်ဟန်ဖြင့် လှောင်ရယ်နေသဖြင့် ဓားကောင်းကင်ခေါင်းဆောင်၏ သမီးကို ပြက်ရယ်ပြုရဲသူ၌ အထူးနောက်ခံတစ်ခု ရှိပေလိမ့်မည်။ ထို့အပြင် ဆိုင်ခန်းအပြင်ဘက်၌ လူသတ်ရန် ကြံစည်နေသူများစွာ ရောက်လာသော်လည်း ကြောက်လန့်မနေဘဲ စိတ်အေးလက်အေး ရှိနေခဲ့သည်။

"အစ်ကိုချူ"

ထိုအချိန်၌ ရတနာလမ်းအတွင်း အုပ်စုတစ်ခု ဝင်ရောက်လာသောကြောင့် လင်းလင်သည် ပျော်ရွှင်သွားကာ ချက်ချင်း ပြေးထွက်သွားခဲ့၏။

"လင်းလင်။ မကြောက်ပါနဲ့။ အစ်ကိုချူရှိနေမှတော့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး"

ချူရန်က သူမ၏လက်ကို ဆွဲကိုင်ကာ နှစ်သိမ့်လိုက်သည်။ သူမက ပတ်တီးအကြောင်း စုံစမ်းလိုက်သော်လည်း ဒဏ်ရာ မပျောက်ကင်းသေးဟု အကြောင်းပြလိုက်သည်။

"သခင်လေးချူလား"

ဆိုင်ခန်းအတွင်းရှိနေသာ ယွမ်ရှောင်သည် ထိုအုပ်စုထံ အကြည့်ရောက်သွားပြီး ရှောင်ဟီ၊ ခေါင်းဆောင်ဖန်နှင့် နင်ခေးတို့ကို တွေ့လိုက်ရ၏။ ဖန်ကျန်း၊ ရှောင်ရှင်း၊ နင်ကျင်းနှင့် အခြားလူငယ်များလည်း ပါဝင်ပြီး အဝတ်အစားအရ ချူမျိုးနွယ်ဝင်များ ဖြစ်နိုင်သည်။

"ကောင်းကင်ကို သွားရမယ့်အစား ငရဲကို ဆင်းချင်တယ်ပေါ့"

ချူရန်က သတ်ဖြတ်လိုစိတ်ဖြင့် ရေရွတ်လိုက်ပြီး အမြုတေနောက်ပိုင်းအဆင့် ရောက်နေသဖြင့် ယွမ်ရှောင်အား အကြိမ်တစ်ထောင်ခန့် ခုတ်ပိုင်းချင်နေ၏။

"ယွမ်ရှောင် ချူ၊ ရှောင်၊ ဖန်နဲ့ နင် မျိုးနွယ်ဝင်တွေနဲ့ ဓားကျင့်ကြံသူတွေ အများကြီးရှိနေပြီ။ ဒီနေ့ နင် သေရလိမ့်မယ်"

လင်းလင်သည် ချူရန်၏လက်မောင်းကို တွဲခိုထားရင်း ဒေါသဖြင့် တိုင်တန်းနေခဲ့သည်။

"အစ်ကိုချူက သူ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးလို့ နင်ရန်က လျှောက်ပြောနေတယ်။ သူက ရှင့်နာမည်ဖျက်ဖို့ ကြိုးစားနေတယ်။ ရှေးဟောင်းမျှော်စင် မြင့်မြတ်သခင်လေးရဲ့ အစွမ်းကို ပြလိုက်စမ်းပါ"

"ချူရန် သားလေး ဒီကောင်က အသူရာပင်လယ်ကို ဖျက်ဆီးခဲ့တဲ့အတွက် သတ်ပစ်လိုက်ပါ"

ခေါင်းဆောင်ချူက အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

"သတ်လိုက်"

ချူရန်၏မိခင်ဖြစ်သော လီရှန်းကလည်း တိုက်တွန်းလိုက်ပြီး ဓားပင်လယ်၌ အလှတရားကြောင့် ကျော်ကြားသူ ဖြစ်သည်။

"ဒီခွေးကောင်က ခေါင်းဆောင်လင်း ကာကွယ်ပေးနေလို့ ဘယ်သူ့ကိုမှ မလေးစားဘူး။ သူ့ကို မသတ်ရင် ဓားပင်လယ်ရဲ့ သိက္ခာ မရှိတော့ဘူးနော်"

ချူရန်၏ အစ်ကိုဖြစ်သော ချူယွမ်ကလည်း ဝင်ပြောလိုက်ပြန်သည်။ ထို့နောက် ချူမျိုးနွယ်ဝင်များက ဝိုင်းဝန်းတိုက်တွန်းနေခဲ့ကြပြီး ရွေးချယ်ခံများ မဟုတ်သော်လည်း မူလအမြုတေအဆင့်များဖြစ်၍ ရဲတန်းစီထက် ပို၍သန်မာကြသည်။

"သခင်လေးချူ ဓားတစ်ချက်တည်းနဲ့ သတ်လိုက်ပါ"

ထောင်ချီသော ကျင့်ကြံသူများကလည်း သွေးဆာရက်စက်စွာ အော်ဟစ်တောင်းဆိုနေကြသည်။ ထိုအချိန်တွင် ချူရန်သည် မသိစိတ်မှ ကြောက်လန့်နေပြီး အကယ်၍ တစ်ဖက်လူသာ မြောက်ပိုင်းဖုန်းဆိုးမြေကအတိုင်း စွမ်းအားတူညီနေလျှင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ရန်သူ၏ ဓားအော်ရာအရေအတွက်က များပြားလွန်းသောကြောင့် စွန့်စားရမည့် ပမာဏမှာ ကြီးမားလွန်းနေခဲ့သည်။

"ဒီနေ့ညမှာ ငါက မိသားစုနဲ့အတူ အောင်ပွဲကျင်းပနေတယ်။ မင်းကို သတ်ရမှာ လက်ညစ်ပတ်တယ်။ ကိုယ့်ကိုကိုယ် သတ်သေလိုက်စမ်း"

ဤအတွေးကြောင့် သူက ယွမ်ရှောင်ကို အေးစက်စက်စိုက်ကြည့်ကာ အထက်စီးမှ အမိန့်ပေးလိုက်သည်။

"သူက ဒီလောက်အရှက်မဲ့တာ၊ ကိုယ့်ကိုကိုယ် သတ်သေမှာ မဟုတ်ဘူး။ အစ်ကိုချူ ဓားတစ်ချက်တည်းက လက် မညစ်ပတ်နိုင်ပါဘူး"

"ဒါက ငါ့ဓားဝိညာဥ်ကို ညစ်ပတ်စေလိမ့်မယ်"

လင်းလင်က အလိုက်မသိစွာ ပူဆာလိုက်သော်လည်း ကြောက်လန့်နေသည့် ချူရန်က မျိုးစုံအကြောင်းပြနေ၏။

"မင်းအစား ငါ လုပ်ပေးမယ်။ ဒီခွေးကောင်က အသူရာပင်လယ်ကို ဖျက်ဆီးခဲ့တယ်။ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်သွားနိုင်လို့ လူငယ်တွေ ဘေးဖယ်ကြ"

"ဆရာရှောင် ကျေးဇူးပြုပြီး ဓားတစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်ပါ"

ထိုအချိန်၌ ရှောင်ဟီက ရှေ့တက်လာသောကြောင့် သူ့ကို အတိုင်းမသိ ဝမ်းသာသွားစေခဲ့သည်။

"ရှောင်ဟီ ချူရန်ရဲ့ သက်တော်စောင့် ဟုတ်တယ်မလား"

ယွမ်ရှောင်သည် ချူရန်၏ကြောက်စိတ်ကို ဖောက်ထွင်းမြင်နေရသည့်အလား တစ်ချက်ပြုံးကာ ရှောင်ဟီထံ အကြည့်ပြောင်းခဲ့သည်။

"မှန်တယ်"

"မင်းရဲ့ ကျင့်ကြံဆင့်က ဘာလဲ"

"မူလအမြုတေအခြေတည်အဆင့်။ နင် ဘယ်လောက်မောက်မာပါစေ၊ အခု ကြောက်နေပြီမလား"

ယွမ်ရှောင်၏အမေးကို လင်းလင်က ဖြတ်ပြောလိုက်ပြီး ဉာဏ်နည်းစွာ လှောင်ပြောင်နေပြန်၏။

"ကြောက်နေပြီလား ဟား ဟား"

ချူရန်က ရယ်မောနေသော်လည်း ရှောင်ဟီ၏ နောက်ကျောသို့ မသိမသာ နေရာပြောင်းလိုက်သည်။

"ကြောက်တယ် ဟုတ်လား"

ယွမ်ရှောင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ဓားပင်လယ်သို့ ရောက်နေသည့် နှစ်ရက်အတွင်း များစွာ အလှောင်ခံခဲ့ရသည်။ ချူရန်၏စကားကို ဓားပင်လယ်တစ်ခုလုံးက ယုံကြည်နေကြသဖြင့် အရင်းအမြစ်အားလုံးကို သိမ်းပိုက်ပြီးသောအခါ သည်းခံစရာ မလိုတော့ပေ။ ထိုအချိန်တွင် ကျင့်ကြံသူများသည် ယွမ်ရှောင်ကို ရှောင်ဟီက လွယ်ကူစွာ သတ်နိုင်မည်ဟု ယုံကြည်နေကြ၏။ ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားကို လျှပ်တပြက် ဆွဲထုတ်ကာ ဓားအော်ရာ အရေအတွက်တစ်ရာကြောင့် တလက်လက် တောက်ပနေခဲ့လေသည်။

All Chapters