ယွမ်ရှောင်၏ ခွန်အားအစစ်အမှန်
Vol. 8 Ch. 96
ဓားဝိညာဥ်က အေးစက်စက် အရှိန်အဝါနှင့် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေကာ အသူရာလမ်းတစ်ခုလုံးအား ငရဲပမာ အပူချိန် ကျဆင်းသွားစေသည်။
"သက်တော်စောင့် ဟုတ်လား"
"သခင်လေးချူကို သတ်ချင်နေတာလား"
ယွမ်ရှောင်က နှာခေါင်းတစ်ချက်ရှုံ့၍ အလင်းတန်းပမာ ပြေးထွက်လာသောအခါ ရှောင်ဟီသည် ချူရန်ကို ကာကွယ်ရင်း အပြာရင့်ရောင် ဓားတစ်လက်ကို ထုတ်ဖော်ခဲ့သည်။ သူ၏ဓားအော်ရာ အရေအတွက်က ယွမ်ရှောင်အောက် သေချာပေါက် နိမ့်ကျနေမည်ဖြစ်ရာ စစ်ဆေးနေရန် မလိုအပ်ချေ။ တစ်ဖက်လူ၏ဓားက ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်ပမာ ဆင်းသက်လာကာ သူ့ကို ချိန်ရွယ်နေသဖြင့် တစ်ချက်ပြုံးလိုက်သည်။ ဓားကောင်းကင်၏ မဟာဓားသခင်များထက် ပို၍အစွမ်းထက်သောကြောင့် သူက တည်ငြိမ်စွာ ရပ်နေပြီး ကြယ်တာရာအဆင့် ဓားသိုင်းကို ခင်းကျင်းလိုက်၏။
"အရိပ်ကြိုးကြာ ဓားသိုင်း"
ဓားစွမ်းအားသည် ပင်လယ်ပမာ ကျယ်ပြန့်သော အရိပ်ကြီးတစ်ခုအလား ပြောင်းလဲသွားကာ ဤဓားချက်တွင် အဆုံးအစမဲ့သော သမုဒ္ဒရာက နဂါးများကို ဝါးမျိုလိုက်သကဲ့သို့ ထင်မှတ်ရသည်။
"ဆရာရှောင်က အစွမ်းထက်တယ်"
ချူရန်သည် စိတ်ထဲမှ ကြိတ်ဝမ်းသာနေပြီး သူ၏အမြင်တွင် ဓားအော်ရာအရေအတွက်ထက်စာလျှင် ကျင့်ကြံဆင့်က ပို၍အရေးပါသောကြောင့် ယွမ်ရှောင်မှာ ခဏအတွင်း အသတ်ခံရပေလိမ့်မည်။
"ကျယ်ပြန့်ပေမယ့် လုံလောက်အောင် အစွမ်းမထက်ဘူး။ ဒါက ကြယ်တာရာအဆင့် ဓားသိုင်းတဲ့လား"
ယွမ်ရှောင်က လှောင်ရယ်လိုက်ပြီး သူ၏လက်ထဲရှိ ဓားမှာ လှုပ်ရှားသွား၍ ဓားအလင်းသုံးခု ပြန့်ထွက်လာသည်။ ဘေးနှစ်ဖက်က ရှောင်ဟီ၏ ဓားချက်အောက်တွင် ပျောက်ကွယ်သွားသော်လည်း အလယ်မှဓားသည် နဂါးကြီးတစ်ကောင်အလား ရုန့်ရင်းကြမ်းကြုတ်စွာ တိုးထွက်လာနိုင်ခဲ့သည်။
"ဟာ"
ရှောင်ဟီမှာ ရုတ်တရက် ထိတ်လန့်သွားကာ တစ်ဖက်လူ၏ခွန်အားသည် သူ့အောက် မနိမ့်သောကြောင့် နဖူး၌ ချွေးစို့လာခဲ့သည်။ အကယ်၍ ယွမ်ရှောင်သာ ချူရန်၏ဓားတစ်ချက်ကို မခုခံနိုင်လျှင် ကျင့်ကြံဆင့်မှာ မူလအမြုတေ အစောပိုင်းအဆင့်ထက် မပိုနိုင်ချေ။ သို့သော် ခွန်အားက ပြည့်စုံခြင်းအဆင့်နှင့် နီးကပ်နေသည့်အပြင် ဓားသိုင်းပညာ၌ ရှောင်ဟီထက် သာလွန်နေခဲ့သည်။ သေစေနိုင်သော ဓားချက်က ရင်ဘတ်သို့ ဝင်ရောက်လာသဖြင့် သူ့အနေဖြင့် ဓားချင်းပက်ထုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ထန်ခနဲမြည်သံနှင့် မီးပွားများ ဖွာထွက်လာပြီး ကျယ်လောင်လွန်းသောကြောင့် လူတိုင်း နားကို လက်ဖြင့် အုပ်ထားလိုက်ရ၏။
"မဟုတ်ဘူး။ ချူရန် မင်း မင်း လူလိမ်ကောင်"
ရှောင်ဟီ၏မျက်လုံးများက အရောင်မှိန်သွားကာ နောက်ဆုံးထွက်သက်၌ ချူရန်ဘက် ဒေါသတကြီး လှည့်ကြည့်လာခဲ့သည်။ အကယ်၍ ချူရန်၏စကားကြောင့် ယွမ်ရှောင်၏ခွန်အားကို အထင်မှားမနေခဲ့လျှင် သူက သတိကြီးကြီး ထားခဲ့ပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဓားသမားများ၏တိုက်ပွဲတွင် အမှားတစ်ချက်က အသက်ကို နုတ်ယူသွားရန် သေချာသောကြောင့် စွန့်စားမှုကြီးမားခဲ့သည်။ သူ၏ဓားဝိညာဥ်က မိုးချူန်းသံပမာ ပေါက်ကွဲသွားပြီး အပိုင်းအစများအဖြစ် ခန္ဓာသို့ လာရောက်စိုက်ဝင်ခဲ့၏။ ရှောင်ဟီ၏ အစွမ်းဖြင့်ဆိုလျှင် ယွမ်ရှောင်၏ အစွမ်းကုန်တိုက်ခိုက်မှုအား ကာကွယ်ရန် မဖြစ်နိုင်သောကြောင့် ရင်ဘတ်မှာ ဟက်တက်ခွဲခံလိုက်ရသည်။ သို့သော် ပြာလဲ့လဲ့ ဓားသွားထက်တွင် သွေးတစ်စက်မှ တင်ကျန်မနေခဲ့ဘဲ အားလုံး စုပ်ယူခံလိုက်ရခြင်းပင်။
ယွမ်ရှောင်က ဓားကို ခမ်းကြမ်းကြမ်း လှုပ်ခါလိုက်သောအခါ ရှောင်ဟီ၏အလောင်းမှာ အဝတ်စတစ်ခုနှယ် ခြေရင်းသို့ လဲကျသွားခဲ့၏။ သူ၏ဝိညာဥ်က ရင်ဘတ်ဒဏ်ရာမှ လွင့်ပါးပျောက်ကွယ်သွားကာ လက်များဆန့်ထုတ်လိုက်ပြီး ကြောက်စိတ်ဖြင့် သွေးရူးသွေးတန်း အော်ဟစ်နေခဲ့သည်။
"မင်းရဲ့ ဓားတစ်ချက်တည်းက...."
"ကာကွယ်သူ ဟုတ်လား။ ငါ့ဓားတစ်ချက်တည်းကိုတောင် မခုခံနိုင်ပါလား"
မင်သက်နေသော မျက်လုံးပေါင်းများစွာ ရှေ့မှောက်တွင် ယွမ်ရှောင်က လှောင်ရယ်၍ အသက်မဲ့အလောင်းထက်တွင် အမည်နာမကို ဓားဖြင့် ရေးထွင်းလိုက်သည်။ ရှေးဟောင်းမျှော်စင်၏ ထိပ်တန်းဓားသမား၊ မဟာဓားသခင်များနှင့် အရည်အချင်းယှဥ်နိုင်သူက ဟာသတစ်ခုအလား အဆုံးသတ်သွားခဲ့၏။ သူက ဓားဖြင့် ခေါင်းကို ဖြတ်ယူ၍ အနားတွင် ကြောင်အနေသည့် လင်းလင်၏ရင်ခွင်အတွင်း ပစ်ထည့်လိုက်သောအခါ သွေးများ စွန်းထင်းသွား၏။ သူမက ကြောက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်နေကာ လျှာတွဲလွဲထွက်ကျ၍ ရုပ်ပျက်ဆင်းပျက် ခေါင်းပြတ်ကြီးအား ငုံ့ကြည့်လိုက်မိသည်။
"လင်းလင် မင်းရဲ့ အဖိုးတန် သခင်လေးချူက တစ်ခုခုပဲ။ ရှောင်ဟီက ငါ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူး။ ဒါဆို ဒီကောင့်ဓားတစ်ချက်ကို ငါက မခုခံနိုင်ဘူးဆိုရင် ရှေးဟောင်းမျှော်စင်ခေါင်းဆောင်ထက်တောင် သာနေလိမ့်မယ်"
"အား"
ယွမ်ရှောင်၏စကားသံ ကြားသောအခါတွင်မှ သူမသည် သတိပြန်လည်လာခဲ့ပြီး စူးစူးဝါးဝါးအော်ဟစ်ကာ ခေါင်းပြတ်ကြီးအား လွှင့်ပစ်လိုက်သည်။ အကြည့်တိုင်းက ချူရန်ထံ ကျရောက်လာပြီး ရှောင်ဟီ၏ နောက်ဆုံးစကားကြောင့် အမှန်တရားကို သဘောပေါက်သွားကြသည်။
"ငါ.... ငါ"
သူက အလန့်တကြားဖြင့် နောက်ဆုတ်သွားရင် ရှင်းမပြနိုင်လောက်အောင် ဆွံ့အနေခဲ့သည်။
"ဘာမှစကားရှည်နေစရာ မလိုဘူး။ သေစမ်း"
ထိုအချိန်၌ ရှောင်ဟီနှင့် အဆင့်ချင်းတူညီသော ခေါင်းဆောင်ဖန်က အစွမ်းကုန်လှုပ်ရှားလိုက်ပြီး လုံးဝသက်ညှာမထားခဲ့ပေ။ သူက အမြုတေအခြေတည်အဆင့်ဖြစ်ပြီး လက်ထဲရှိ ဓားမှာ ဗြက်လေးပေကျယ်သော ရွှေရောင်ဓားကြီးတစ်လက် ဖြစ်သည်။ ၎င်းက သားကောင်ကို ခုန်အုပ်လိုက်သော ခြင်္သေ့ကြီးပမာ ကျရောက်လာသဖြင့် ကြမ်းတမ်းရက်စက်လွန်းသည်။
"ထန်"
ချူရန်ထံ တစ်လှမ်းချင်းသွားနေသော ယွမ်ရှောင်သည် တစ်ချက်ပင် လှည့်မကြည့်ဘဲ ဓားဝိညာဥ်ကို ဓားမြှောင်အသွင့်ဖြင် ပစ်ခတ်လိုက်သည်။
"လအဆင့်နိမ့် ဓားသိုင်းနဲ့ ငါ့ကို ဆန့်ကျင်ချင်တာလား"
ခေါင်းဆောင်ဖန်က ဆယ်ဆင့်ဓားသိုင်းကို ချက်ချင်းသဘောပေါက်ခဲ့သော်လည်း ၎င်းက ၁၃ကြိမ်အထိ ပေါက်ကွဲခဲ့သဖြင့် ဓားသိုင်း၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တာရာအဆင့်အထိ မြင့်တက်သွားခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
နောက်ဆုံး သုံးကြိမ် ပေါက်ကွဲခဲ့သောအခါ ဓားမြှောင်သည် သူ၏ဓားကိုင်လက်ကို ပြတ်တောက်သွားစေပြီး ခန္ဓာကိုယ်မှ ကင်းကွာစေခဲ့သည်။
"အား"
ခေါင်းဆောင်ဖန်က နာကျင်စွာ အော်ဟစ်နေစဥ် ယွမ်ရှောင်သည် ရုတ်တရက် ရောက်ရှိလာကာ ဓားကိုဖမ်းကိုင်၍ ဓားရှည် အသွင်ပြောင်းလိုက်သည်။ တစ်ဖက်လူက သူ့ထက် အဆင့်ငယ်သုံးဆင့် မြင့်မားသော်လည်း ဓားအော်ရာအရေအတွက်က သာလွန်နေသည်။ ကောင်းကင်သင်္ချိုင်းဓားတစ်ခုတည်းကပင် ဓားပင်လယ်၌ ပြိုင်ဘက်ကင်းနေပြီ ဖြစ်သောကြောင့် နောက်ထပ်ဓားတစ်ချက်၌ ခေါင်းဆောင်ဖန်၏ ကျန်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့၏။ ထို့နောက် သူက သွေးအေးစွာဖြင့် ခြေထောက်များကို ဆက်တိုက်ခုတ်ဖြတ်လိုက်သောအခါ ရန်သူမှာ မြေပြင်၌ တီကောင်ပမာ လဲကျသွားခဲ့သည်။
"ငါ တောင်းပန်...."
စကားမဆုံးခင်မှာပင် ဓားက လည်ချောင်းသို့ စိုက်ဝင်သွားခဲ့ပြီး မြေပြင်နှင့် တံစို့ထားလိုက်သည်။
"ဒီကောင်ကလည်း သခင်လေးချူရဲ့ ဓားတစ်ချက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး"
ယွမ်ရှောင်က လှောင်ရယ်လိုက်ပြီး ဖခင်ကိုယ်စီ ဆုံးရှုံးလိုက်ရသည့် ဖန်ကျန်းနှင့် ရှောင်ရှင်းသည် ဖင်ထိုင်ရက်လဲကျသွားကာ ဝိညာဥ်ပင် တုန်ရီနေ၏။ နင်ကျင်းနှင့် နင်ခေးမှာလည်း အလန့်တကြားနောက်ဆုတ်သွားပြီး အံ့သြလွန်းသဖြင့် ဆွံ့အသွားခဲ့သည်။ ထောင်ချီသော ကျင့်ကြံသူများသည်လည်း နေရာ၌ ကြက်သေသေကာ သွေးဆာနေသည့် မျက်လုံးများမှာ အဖြူရောင်သေမင်းကြောင့် မှိန်ဖျော့ကုန်သည်။ ချူရန်မှာ ခြေထောက်များပျော့ခွေနေပြီး အသံပင် မထွက်နိုင်ဘဲ လူပုံအလယ် အရှက်ခွဲခံနေရသော်လည်း ဒေါသပင် မထွက်ဝံ့တော့ပေ။
"အား"
လင်းလင်က ကြောက်လွန်းသဖြင့် နှလုံးပျက်သွားပုံရပြီး မျက်ရည်များ စီးကျလာကာ မြေပြင်သို့ လက်ထောက်လျက်သား လဲကျသွား၏။
"သခင်လေးချူ မြောက်ပိုင်းဖုန်းဆိုးမြေမှာ ငါက မင်းရဲ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးဆိုတာက အမှန်တရားလား"
ယွမ်ရှောင်က ရှေ့သို့ တစ်လှမ်းချင်းတိုးလာကာ အပြုံးတစ်ချက်ဖြင့် တုန်ရီနေသော လူငယ်ကို မေးခွန်းထုတ်လိုက်သည်။
"ငါ"
ချူရန်သည် ဆွံ့နေပြီး ချွေးစေးများ စီးကျနေကာ အနားရှိ လင်းလင်မှာ ဤမြင်ကွင်းကြောင့် နှုတ်မစွာရဲတော့ပေ။
"လင်းလင် သခင်လေးချူက ငါ့ထက် သာတယ်လား"
ယွမ်ရှောင်သည် သူ့ကို အမြဲတစေ လှောင်ပြောင်နေခဲ့သည့် မိန်းမထံ တစ်ချက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ချူရန်၏ခေါင်းမှ ပတ်တီးကို ဆွဲခွာလိုက်သောအခါ ဟောင်းလောင်းဖြစ်နေသည့် နားဒဏ်ရာများ လူမြင်ကွင်း၌ ထွက်ပေါ်လာသည်။
"မင်းရဲ့နားနှစ်ဖက် ဘယ်ရောက်သွားတာလဲ သခင်လေးချူ။ ငါကတော့ မင်းရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးဆိုတော့ မြောက်ပိုင်းဖုန်းဆိုးမြေမှာ ဖြတ်ခဲ့တာ မဟုတ်နိုင်ပါဘူး"
ယွမ်ရှောင်၏ ခပ်ထေ့ထေ့ စကားသံက တစ်လုံးချင်း ထွက်ပေါ်လာခဲ့လေသည်။