သရုပ်ဆောင်
Vol. 8 Ch. 98
ယွမ်ရှောင် ထွက်ခွာသွားသော်လည်း အသူရာလမ်းတွင် အချိန်တစ်ခုကြာအောင် လှုပ်ခတ်နေခဲ့ပြီး အလောတကြီး ရောက်လာသည့် နင်ရန်မှာ အလောင်းများကြောင့် တုန်လှုပ်သွားရသည်။
"အစ်ကို ယွမ်ရှောင် ဘယ်မှာလဲ"
"ဓားကောင်းကင်ကိုရောက်မှ ဒီအကြောင်း ပြောရအောင်"
ရှေးဟောင်းမျှော်စင် ရောက်လာလျှင် နင်မျိုးနွယ်ပါ စက်ကွင်းမလွတ်မည်ကို စိုးရိမ်သဖြင့် နင်ခေးက တိုက်တွန်းလိုက်သည်။ အပြန်လမ်းတွင် နင်ကျင်းသည် ဖြစ်ကြောင်းကုန်စင်ကို နင်ရန်အား တုန်ရီစွာ ရှင်းပြခဲ့သည်။
"ဒီကလေးက ရုပ်လေးချောသလောက် တကယ်ရက်စက်တာပဲ"
နားထောင်နေသည့် နင်ရန်မှာ မျက်နှာပျက်သွားစဥ် နင်ခေးက အံကြိတ်၍ မေးခွန်းထုတ်လိုက်၏။
"ယွမ်ရှောင် ဒီလောက်အစွမ်းထက်တာကို နင် သိထားလား။ ဘာကြောင့် စောစောမပြောတာလဲ"
"နေကျောက်စိမ်းနန်းဆောင်မှာ ငါ မပြောခဲ့ဘူးလား။ နင်တို့အားလုံးက ငတုံးမလင်းလင်ရဲ့ စကားကိုသာ ယုံကြည်ခဲ့ကြတယ်လေ"
သူမက လှောင်ပြုံးတစ်ခုနှင့် တုံ့ပြန်လာသောအခါ နင်ခေးမှာ နောင်တစိတ်ကြောင့် သက်ပြင်းချလိုက်မိသည်။ ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သားတော်က အလိမ်အညာတစ်ခုဖန်တီး၍ လှည့်စားမည်ဟု သူတို့ မထင်ထားခဲ့ပေ။ လက်ရှိတွင် မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရသောကြောင့် အသက်ရှင်ခဲ့သော်လည်း ချူရန်မှာ လူပုံအလယ်၌ မျက်နှာပင်ပြရဲမည် မဟုတ်ချေ။ အကယ်၍ နင်သားအဖသာ နင်ရန်နှင့် မျိုးနွယ်တူများဖြစ်မနေခဲ့လျှင် ယွမ်ရှောင်က သတ်ဖြတ်သွားနိုင်ချေရှိ၏။ စော်ကားခံလိုက်ရသကဲ့သို့ ခံစားနေရသော်လည်း နင်ခေးမှာ နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။ သူက ကိုယ့်ကိုကိုယ် ဉာဏ်ကောင်းသည်ဟု ထင်ထားသော်လည်း ချူရန်၏ အလိမ်အညာအောက်တွင် မျောပါသွားခဲ့ပြီး ကံကောင်းသည်မှာ ရှောင်ဟီကဲ့သို့ အသက်မဆုံးရှုံးခဲ့ရချေ။
"အစ်ကို နင် ဘာတွေစဥ်းစားနေတာလဲ"
နင်ရန်က အေးစက်စက် မေးလိုက်ခြင်းဖြစ်သည်။
"ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်၊ သိုင်းပညာအရည်အချင်းနဲ့ ပါရမီအရ လင်းချန်၊ ရဲကုရင်၊ ချန်ရီတို့နဲ့ နှိုင်းယှဥ်နိုင်တယ်။ ဒါပေမယ့် သူက ရှေးဟောင်းမျှော်စင်နဲ့ ပြဿနာအကြီးအကျယ် ဖြစ်နေပြီ။ တစ်ဖက်က သူ့ကို သတ်ဖို့ ကြိုးစားလာမယ်ဆိုတာ သေချာပေါက်ပဲ။ နင်မျိုးနွယ်က သူ့ကို ထောက်ခံပေးလို့ မရသလို ဆန့်ကျင်ဖို့လည်း မဖြစ်နိုင်ဘူး။ သူက နင့်ရဲ့ကာကွယ်မှုကို မလိုအပ်ဘူး။ ငါ့စကားကို နားထောင်ပါ၊ ဓားကောင်းကင်ကို လုံးဝမပြန်နဲ့။ မဟုတ်ရင် အင်အားကြီး ကျွဲနှစ်ကောင်ကြား ခတ်ခံရတဲ့ မြေစာပင်လိုမျိုး နင် အရင်ဆုံး သေသွားလိမ့်မယ်။ အသူရာပင်လယ်ကိစ္စနဲ့ ရတနာလမ်းလူသတ်မှုကြောင့် ဓားပင်လယ်က မတည်ငြိမ်တော့ဘူး"
နင်ခေးက အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြလိုက်သည်။
"ဓားကောင်းကင်ကနေ ထွက်ရမှာလား။ အစ်ကို နင် ဘာတွေသိထားလို့လဲ"
နင်ရန်သည် အစ်ကိုဖြစ်သူ၏ အစိုးရိမ်ကြီးနေသော ဤပုံစံမျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။
"တစ်ခုခု သေချာပေါက် မှားနေတယ်။ လင်းချင်းဖန်ကြောင့် အရူးလုပ်မခံရစေနဲ့။ ဒီကောင်က မင်းကို နှစ်ပေါင်းနှစ်ဆယ်ကျော် လျစ်လျူရှုထားပြီး အခုမှ ဂရုစိုက်ပြနေတာက မရိုးသားဘူး။ အသက်တွေလည်း ငယ်တော့တာမဟုတ်လို့ မျှော်လင့်မနေနဲ့"
နင်ခေးက သူမ၏ပခုံးကို ပုတ်၍ လေးလေးနက်နက် အကြံပေးလိုက်၏။
ဓားကောင်းကင်၏ ဘိုးဘေးခန်းမအတွင်း ညအမှောင်အောက်တွင် လူငယ်သုံးယောက်မှာ ဒူးထောက်နေရဆဲဖြစ်ကာ နေ့ဝက်အချိန် ကျော်လာသောကြောင့် သူတို့၏အမုန်းတရားများ ပိုမိုကြီးမားလာခဲ့သည်။ နင်မျိုးနွယ်သည် ဓားကောင်းကင်ကို များစွာအကျိုးပြုခဲ့သော်လည်း လင်းချင်းဖန်၏ အပြစ်ပေးမှုကြောင့် နင်ပေ၏ မျက်လုံးများ သွေးရောင်တောက်နေကာ လွန်စွာ မုန်းတီးနေခဲ့သည်။
"အစ်ကိုနင် မစိုးရိမ်ပါနဲ့။ အစ်ကိုချန်က ငါတို့အတွက် သေချာပေါက် ပြောပေးပါလိမ့်မယ်"
မုရုံချန်က နှစ်သိမ့်ပေးလိုက်ပြီး ရှောင်လုံသည်လည်း ယွမ်ရှောင် အသတ်ခံရစေရန် မျှော်လင့်နေခဲ့သည်။ ရုတ်တရက်ဆန်လွန်းသော အဖြစ်များကြောင့် ဓားပင်လယ်က လှုပ်ခတ်နေသော်လည်း ဤသုံးယောက်မှာ ညအမှောင်အောက်တွင် မေ့လျော့ခံထားရသည်။
"မြန်မြန် ကျင့်ကြံကြတာပေါ့။ ငါသာ အဆင့်တက်နိုင်ရင် ယွမ်ရှောင်ကို သတ်နိုင်ပြီ"
နင်ပေ၏ မျက်လုံးအတွင်း သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေစဥ် ဓားတစ်လက်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဓားချက်တွင် သူ၏ခေါင်းက ပြတ်ထွက်သွားကာ မြေပြင်သို့ လိမ့်ကျသွားသဖြင့် ကျန်နှစ်ယောက်ကို တောင့်တင်းသွားစေ၏။ သူတို့က ပတ်ဝန်းကျင်ကို အလန့်တကြား ရှာဖွေလိုက်သောအခါ ဝင်ပေါက်၌ အဖြူရောင်ဝတ်လူငယ်ကို မြင်လိုက်ရသည်။
"ဒီနေ့ တော်တော်ပင်ပန်းသွားပြီ။ နောက်ဆုံးတော့ မင်းတို့သုံးယောက်လည်း သေခွင့်ရပြီ။ တစ်ညလုံး စောင့်မနေချင်ဘူးမလား"
ယွမ်ရှောင်၏ အေးစက်စက်အပြုံးကြောင့် ကျန်နှစ်ယောက်မှာ လိပ်ပြာလွင့်မတတ် ဖြစ်ကုန်သည်။ ထွက်မပြေးနိုင်ခင်မှာပင် ဓားနှစ်ချက် တရစပ်ထွက်ပေါ်လာပြီး အော်သံမထွက်နိုင်ခင် ခေါင်းနှင့်ကိုယ် အဆက်အသွယ်ပြတ်သွားခဲ့၏။ မျက်လုံးများ ပြူးကြောင်လျက် သေဆုံးနေကြသော လူငယ်သုံးယောက်၏ အသက်မဲ့ ခန္ဓာကိုယ်များက ဒူးထောက်လျက်သားရှိနေပြီး အသေဆိုးနှင့် သေဆုံးသွားကြသည်။ သူက သစ်ကိုင်းတစ်ခုကို ကောက်ယူ၍ သွေးများဖြင့် ယွမ်ရှောင်ဆိုသော အမည်ကို ကြမ်းပြင်၌ ရေးသားလိုက်သည်။ မေးခွန်းထုတ်လာသော သားရဲလေးကို ငါးမျှားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်ပြီး သူက ညအမှောင်အတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ဓားကောင်းကင်၏ ခေါင်းဆောင် လင်းချင်းဖန်သည် အခန်းထောင့်တစ်နေရာတွင် နာကျင်နေဟန်ဖြင့် ချွေးသီးချွေးပေါက်များ ကျဆင်း၍ မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။ သူ၏အိမ်တော်သည် ဓားကောင်းကင်၏ အခြားအဆောက်အအုံများနှင့် သီးခြားတည်ရှိသဖြင့် ညည်းသံများကို မကြားရပေ။ ဤနှစ်များအတွင်း သူက တစ်ကိုယ်တည်း နေထိုင်ရန် ရွေးချယ်ခဲ့သော အကြောင်းအရင်းကို မည်သူမှမသိသကဲ့သို့ ဖော်ထုတ်ချင်သူများမှာလည်း ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားကြသည်။
"အစ်ကိုဖန် အရိုးအဆိပ် ထကြွနေပြန်ပြီလား"
မိန်းမတစ်ယောက်က ခိုးကြောင်ခိုးဝှက်အသံပြု၍ ချဥ်းကပ်လာပြီး လင်းချင်းဖန်၏လက်ကို ဆွဲကိုင်ကာ မျက်ရည်များ ကျဆင်းနေခဲ့သည်။ ရှောင်ယု၏အသံက ဝမ်းနည်းစိတ်များ ရောယှက်၍ တိုးလျနေခဲ့၏။
"ဘာမှမဖြစ်ပါဘူး။ ငါ့ကို သေရည်ယူပေးပါ"
လင်းချင်းဖန်သည် သူမ ကမ်းပေးလာသည့် သေရည်ပူပူတစ်အိုးကို မော့သောက်လိုက်ပြီး တစ်ကိုယ်လုံး အနီရောင်ပြောင်း၍ အပူငွေ့များ ထွက်လာသည်အထိ မရပ်နားခဲ့ပေ။
"ငါ အဆင်ပြေသွားပြီ မိန်းမ"
သူက သက်ပြင်းတစ်ချက်ချ၍ တင်ပျဥ်ခွေထိုင်လိုက်ပြီး သူမကို ရင်ခွင်အတွင်း ဆွဲယူလိုက်၏။
"ဆယ်နှစ်လောက်ရှိ နေပြီမလား။ ရှင်နာကျင်နေတာကို မြင်ရတိုင်း ငါ့နှလုံးသား ကွဲကြေမတတ် ဖြစ်ရတယ်။ ကောင်းကင်က ဘာကြောင့် ဒီလိုအပြစ်ပေးရတာလဲ"
"ရှောင်ယု ဒီလိုမပြောပါနဲ့။ ဒီညကျော်သွားရင် နောက်ထပ်အချိန်နှစ်ရက်သာ ကျန်တော့တယ်။ ငါက အရိုးအဆိပ်ကို သည်းခံစရာ အကြောင်း မရှိတော့ပါဘူး"
"ဒီနေ့ ရတနာလမ်းမှာ ဘာတွေ ဖြစ်ပျက်သွားတယ်ဆိုတာကို သိလိုက်လား"
"ငါ သိပါတယ်"
မျက်ရည်ဝဲနေသည့် ရှောင်ယုသည် လင်းချင်းဖန်ကို ဖက်ထားရင်း ရှိုက်ငိုလိုက်သည်။ သူမက ဓားကောင်းကင်၏ ကျင့်ကြံသူများရှေ့မှောက်တွင် အေးစက်မာကြောသူ ဖြစ်သော်လည်း ဤနေရာ၌ ပြောင်းလဲနေသည်။
"ငါ့အကြံကတော့ လုံခြုံပါတယ်။ ဒီကောင်က သူ့အစွမ်းအစနဲ့ အဘိုးကြီးတွေကို ပါးစပ်ပိတ်အောင် လုပ်နိုင်မယ်လို့တော့ မမျှော်လင့်ထားဘူး။ ဒီကြွက်က နောက်ထပ်သုံးရက်သာ အသက်ရှင်နိုင်တော့မှာပါ။ သူက နောက်ဆုံးပုလင်းကို သောက်လိုက်ရင် ငါ လှုပ်ရှားလို့ရပြီ။ သူ့လက်ရှိခွန်အားနဲ့ ငါ့ထိန်းချုပ်မှုကို မလွန်ဆန်နိုင်ဘူးဆိုတော့ နောက်ထပ်နှစ်ရက်နေရင် ငါ့နာကျင်မှုတွေ အဆုံးသတ်တော့မှာပါ"
လင်းချင်းဖန်က စိတ်အေးနေဟန်ဖြင့် သူမကို ပိုမိုတင်းကြပ်စွာ ဖက်ထားခဲ့သည်။ သူ၏ ဓားနှလုံးသားဆေးရည်က ယွမ်ရှောင်၏ ဓားအရိုးနှင့် ဆက်သွယ်နိုင်စေရန် ကူညီပေးနိုင်စွမ်းရှိသည်။ ထို့အပြင် ဆေးရည်အတွင်း ရောနှောနေသည့် နှလုံးစားဂူပိုးကောင်က ၎င်းကို ယွမ်ရှောင်၏ ခန္ဓာကိုယ်အတွင်းမှ ခွဲထုတ်ပစ်လိုက်ပေလိမ့်မည်။ ပထမနှစ်ရက်တွင် သူက မည်သည်ကိုမှ ခံစားရမည် မဟုတ်သော်လည်း နောက်ဆုံးရက်၌ အစွမ်းပြပေလိမ့်မည်။ သို့သော် လင်းချင်းဖန်သည် အားသုံးဖိနှိပ်ရန် ကြံစည်ထားသဖြင့် ကိုယ့်ကိုကိုယ်သတ်သေရန် အခွင့်အရေးလည်း မရှိသလောက်ပင်။
"အမှားတစ်ခုမှ လုပ်လို့ မရဘူး။ သူက ငါ့အကွက်တွေအောက်မှာ လုံးဝ လှည့်ဖျားခံထားရပြီ။ ငါ့ကို ယုံပါ နောက်ထပ်နှစ်ရက်ကြာရင် အစစ်အမှန် ဓားအင်မော်တယ်တစ်ယောက် ပြန်လည်ထွက်ပေါ်လာတော့မယ်"
လင်းချင်းဖန်၏ မျက်နှာထက်တွင် ကောက်ကျစ်ယုတ်မာသော အပြုံးတစ်ခု တည်ရှိနေသည်။
"ရှင်က တော်တော် သရုပ်ဆောင်ကောင်းတာပဲ။ ငါ့ကို တကယ်ရိုက်တယ်"
ရှောင်ယုက တခစ်ခစ်ရယ်မောရင်း သူ၏ရင်ဘတ်ကို ပွတ်သပ်ကျီစယ်နေ၏။
"ဒီရက်တွေမှာ မင်းကို ခံစားစေခဲ့တာအတွက် တောင်းပန်ပါတယ် မိန်းမရယ်။ ဒါက ဒီလောက်မလွယ်တာ ငါ သိပါတယ်"
"ရှင်သိတာ ကောင်းမယ်။ ငါက ဒီကောင်မနင်ရန်ကိုလည်း သည်းခံနေရတယ်။ ဒီကိစ္စပြီးသွားရင် သူမကိုသတ်ဖို့ ကူညီပေး"
သူမ၏အသံက ချိုသာနေသော်လည်း အဆိပ်ပြင်း မြွေတစ်ကောင်၏ အသံမျိုး ဖြစ်နေသည်။
"လင်ကောင်မပေါ်ဘဲ ကလေးမွေးထားတဲ့ မိန်းမက သူ့ကိုယ်သူ မြင့်မြင့်တွေးနေရဲတယ်။ ရှင်က သူမကို ကြိုက်မယ်လို့များ တကယ်ထင်နေတာလား"
"ကောင်းပြီ။ ဒီကောင်မကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီး မင်းက သတ်လိုက်ပေါ့"
လင်းချင်းဖန်က ခေါင်းညိတ်ပြလိုက်သောကြောင့် နှစ်ပေါင်းများစွာ ပါရမီဖြည့်၍ ပေါင်းဖက်ခဲ့သော ရှောင်ယုကို ကျေနပ်သွားစေသည်။
"လင်းချင်းဖန် ငါ့ကို ရိုက်ပါဦး"
သူမက ထူးဆန်းစွာ ရုတ်တရက် တောင်းဆိုလာခဲ့သည်။
"ဘာကြောင့်လဲ"
"ဒီခံစားမှုက ငါ့ကို နည်းနည်း စိတ်ကြွစေတယ်"
ထို့နောက် သေးငယ်သော သီးသန့်အိမ်ခန်းလေးအတွင်း အော်သံများနှင့် ညည်းသံများ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
"ငါက ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်ကို အပိုင်သိမ်းလိုက်ရင် ဓားအော်ရာတစ်ရာက ငါ့အပိုင် ဖြစ်လာလိမ့်မယ်"
အချိန်တစ်ခုအကြာတွင် လင်းချင်းဖန်သည် အသက်ကို ပြင်းပြင်းရှူရင်း ရှောင်ယုအား တစ်ချက်ကြည့်ကာ လောဘတကြီး ကြုံးဝါးလိုက်လေသည်။