အငှားဓားဖြင့် လူသတ်ခြင်း
Vol. 8 Ch. 100
"ဘာ"
အခန်းအတွင်း ရှိနေသူအားလုံး လဲကျမတတ်ဖြစ်သွားကာ သူတို့၏မျိုးဆက်သစ် ပါရမီရှင်သုံးယောက် အသတ်ခံလိုက်ရခြင်းကို မယုံနိုင်သောကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။ နင်ကျင်း၏စကားက သူတို့၏ကိုယ်တွင်း၌ အပူမီး တောက်လောင်သွားစေကာ မီးခိုးများ ထွက်သလာသယောင် ထင်မှတ်ရပြီး သွေးများ ပြောင်းပြန်စီးကုန်သည်။
"ဘယ်သူ လုပ်တာလဲ"
အချိန်တစ်ခုကြာ မင်သက်ပြီးနောက် ထိပ်တန်းအကြီးအကဲများသည် နင်ကျင်းထံမှ အဖြေကို မေးလိုက်ကြပြီး တစ်ယောက်ချင်းစီတိုင်း၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်သို့ ထိုးတက်နေသည်။ ဓားကောင်းကင်၌ ဓားမင်းသားအဆင့် ပါရမီရှင်ငါးယောက်သာ ရှိသောကြောင့် သုံးယောက် သေဆုံးသွားသောအခါ ဆုံးရှုံးမှု ကြီးမားလှသည်။
"ကျွန်မ မသိဘူး။ ဒါပေမယ့် ကြမ်းပြင်မှာ ယွမ်ရှောင်ဆိုတဲ့ အမည်ကို သွေးနဲ့ ရေးသွားတယ်"
"လူသတ်ပြီး နာမည်ချန်သွားတယ်။ မောက်မာလှချည်လား"
"ရတနာလမ်းမှာ လူသတ်ပြီး ညတွင်းချင်း ဘိုးဘေးခန်းမကို ပြန်လာခဲ့တယ်။ ပေအာက သူ့ကို ချုံခိုတိုက်ခိုက်ခဲ့လို့ သတ်တာလား"
နင်ကျင်းက နင်ခေးဘက်လှည့်ကာ ဖြေလိုက်သောအခါ ဦးလေးနှစ်ကို အလွန်ဒေါသထွက်သွားစေသည့်အပြင် အဘိုးနင်လည်း ဒေါကန်နေခဲ့သည်။ သူက နင်ခေး၏ဖြောင်းဖျမှုကြောင့် ယွမ်ရှောင်ကို ကာကွယ်ပေးခဲ့သော်လည်း မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ကွဲသွား၏။
"လူတိုင်း စိတ်အေးအေးထားကြပါ။ ဒါက ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်တယ်။ အရင်ဆုံး ယွမ်ရှောင်ကို ရှာပြီး စုံစမ်းကြတာပေါ့"
"ဒါဆိုရင် မြန်မြန်လုပ်ပါ။ အစ်ကိုချန်က လေနားဆင်အိမ်တော်ကို ရောက်နေလောက်ပြီ"
နင်ကျင်းက အလောတကြီး တိုက်တွန်းလိုက်ပြီး လူတိုင်းမှာ လင်းချန်၏ ဒေါသကြီးပုံကို သိထားကြ၏။ အသတ်ခံလိုက်ရသူများမှာ သူ၏ကျင့်ကြံဖော်များ ဖြစ်နေသောကြောင့် တည်ငြိမ်နေမည် မဟုတ်ပေ။ ထို့ကြောင့် နင်ခေးသည် သမီးဖြစ်သူကို အလောင်းများအား သိမ်းဆည်းရန် အမိန့်ပေးလိုက်ပြီး နင်ပေအတွက် တရားခံအား လက်စားချေမည်ဟု ကြုံးဝါးခဲ့သည်။ ထိပ်တန်းအကြီးအကဲများသည် ဓားပျံကိုယ်စီ ထုတ်ဖော်၍ လေခွင်းကာ လေနားဆင်အိမ်တော်ထံ ပြိုင်တူချီတက်လာကြ၏။
"သူတို့ အသတ်ခံလိုက်ရတာလား"
လင်းချင်းဖန်သည် ဤသတင်းကြောင့် ရှောင်ယု၏ ရင်ခွင်အတွင်းမှ ရုန်းထွက်လိုက်သည်။ သူက တစ်ညလုံး သေရည်မူးနေသည့်အပြင် မည်သူမှ မလာရဲသောကြောင့် သတင်းနောက်ကျနေခဲ့သည်။
"ချန်အာရဲ့ ဒေါသနဲ့ဆိုရင် သူသေကိုယ်သေ တိုက်ခိုက်လိမ့်မယ်။ သူ့လုံခြုံရေးအတွက် စိတ်ပူတယ် မြန်မြန်လုပ်ပါ"
"ချန်အာက ပြဿနာမရှိဘူး။ သူက ဓားအော်ရာငါးဆယ်နဲ့ နှစ်ငါးထောင် နတ်ဆိုးအမြုတေနှစ်ခု ပိုင်ဆိုင်ထားတယ်။ နှစ်ထောင်ချီ ရေမြွေနဲ့ ငရဲမီးမြွေက သူ့ဓားဝိညာဥ်ကို ကာကွယ်ပေးနိုင်တယ်။ နဂါးဘုရင်ကျင့်ကြံဆင့်နဲ့ဆိုရင် ယွမ်ရှောင် အသတ်ခံလိုက်ရမှာကိုပဲ ငါ စိတ်ပူမိတယ်"
ရှောင်ယု အရေးတကြီး တောင်းဆိုလိုက်သော်လည်း ခေါင်းဆောင်လင်းက ခေါင်းယမ်းပြခဲ့သည်။
"နှစ်ယောက်လုံး သေလို့ မရဘူး။ မဟုတ်ရင် ရှင်အားထုတ်ခဲ့တာတွေ အလကားဖြစ်လိမ့်မယ်"
ရှောင်ယုက အံကြိတ်ပြောလိုက်ပြီးနောက် ဤစုံတွဲသည် ဓားပျံစီးနင်းကာ လေနားဆင်အိမ်တော်ထံ ချက်ချင်း ထွက်ခွာလာကြသည်။ နေလနတ်ဓားသိုင်းက မပြည့်စုံသောကြောင့် ယွမ်ရှောင်သာ အသုံးပြုလိုက်လျှင် ပြဿနာတက်နိုင်သည်။ ထို့ကြောင့် လင်းချင်းဖန်မှာ မျက်မှောင်ကြုတ်ထားပြီး ဤပြဿနာ၏ တရားခံကို စဥ်းစားနေခဲ့၏။
လေနားဆင်အိမ်တော်တွင် နေရောင်အောက်၌ ငှက်အော်သံများ ဆူညံနေသည်။
"ဒီအချိန်ဆိုရင် အလောင်းတွေတောင် အေးစက်နေလောက်ပြီ"
သူက တစ်ချက်ပြုံး၍ အခန်းအပြင်ထွက်လိုက်သောအခါ ရေကန်ထက်တွင် လင်းချန် ရောက်ရှိလာပြီဖြစ်သည်။ ဆင်းသက်မှုကြောင့် ၎င်းက လှိုင်းထန်သွားကာ ကြာပန်းရာချီ ပျက်စီးသွားပြီး ရေမျက်နှာပြင်ထက်တွင် မတ်တပ်ရပ်၍ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့၏။
"အစ်ကို ဘာတွေဖြစ်နေတာလဲ"
လင်းလင်က ပြေးထွက်လာပြီး လင်းချန်၏ ဒေါသကို ရိပ်မိသောကြောင့် ရင်ထိတ်သွားခဲ့သည်။
"သေစမ်း"
လင်းချန်က စကားတစ်ခွန်းမှမပြောဘဲ ချီစွမ်းအင်များ ထုတ်ဖော်၍ ယွမ်ရှောင်ထံ ပြေးဝင်လာခဲ့သည်။ နဂါးဘုရင်အဆင့်တွင် ချီများက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ပြီး အဖြူရောင်အလင်းများ တောက်ပနေသဖြင့် အစစ်အမှန် နတ်နဂါးတစ်ကောင်ပမာ ထင်မှတ်ရသည်။
"လင်းချန် နင် ဘာလုပ်နေတာလဲ။ ယွမ်ရှောင်က ဓားကောင်းကင်ရဲ့ သခင်ငယ်ပဲ။ သူ့ကို သတ်ချင်နေတာလား"
ထိုအချိန်တွင် နင်ရန်က ဝင်ရောက်တားမြစ်လိုက်သော်လည်း သူ၏ဒေါသများကို ပို၍တိုးလာစေခဲ့သည်။ သူမက နင်ခေး၏ အကြံပေးချက်ကို တစ်ညလုံး စဥ်းစားခဲ့သော်လည်း ထွက်မသွားရန် ရွေးချယ်ခဲ့သည်။ သူမက ယွမ်ရှောင်ကို ဤရက်များအတွင်း နှိမ့်ချစွာ နေထိုင်ရန် သတိလာပေးခဲ့ပြီး လင်းချန်နှင့် ကြုံလိုက်ရ၏။
"ဘာကိစ္စလဲ ဟုတ်လား နင်ရန် ခင်ဗျားကြောင့် လူတွေ သေကုန်ပြီ။ နင်ပေ ချန်အာ လုံအာ အကုန်လုံးကို ဒီနတ်ဆိုးက သတ်လိုက်ပြီ"
လင်းချန်၏စကားက တင်းမာပြင်းထန်နေကာ လင်းလင်မှာ တုန်လှုပ်သွားခဲ့သကဲ့သို့ နင်ရန်လည်း ခေါင်းကိုက်သွားသည်။
"လင်းချန် နင် တကယ်ပြောနေတာလား"
"ဘိုးဘေးခန်းမထဲကို အခု သွားကြည့်လိုက်။ သူတို့ရဲ့ သွေးတွေတောင် ခြောက်သွေ့နေလောက်ပြီ။ ခင်ဗျားက ဓားကောင်းကင်ဆီ ကပ်ဘေးတစ်ခု ယူဆောင်လာတယ်။ လမ်းဖယ်မပေးရင် အပြစ်သားကို ကာကွယ်မှုနဲ့ သတ်ရလိမ့်မယ်"
လင်းချန်က သတ်ဖြတ်လိုစိတ်နှင့် စိုက်ကြည့်နေခဲ့သည်။
"သက်သေ ရှိလား"
"ကြမ်းပြင်မှာ ယွမ်ရှောင်လို့ ရေးထားတယ်"
"ဘာတွေဖြစ်ခဲ့တာလဲ"
နင်ရန်က မေးခွန်းထုတ်လိုဟန်ဖြင့် ယွမ်ရှောင်ဘက် လှည့်ကြည့်လိုက်သည်။
"ဒါက အငှားဓားနဲ့ လူသတ်ချင်တာ သိသာမနေဘူးလား။ ဓားကောင်းကင်မှာ ကျုပ်ကို သတ်ချင်နေတဲ့ လူတွေ အများကြီးပဲ။ ပေါ်တင်သတ်ဖို့ အကြောင်းအရင်းရှာချင်တဲ့သူတွေက လှည့်ကွက်ဆင်လိုက်တာပေါ့။ ဒီလိုဆိုရင် ကျုပ်ကို တစ်ယောက်ယောက်က သူတို့အစား သတ်ပေးမှာလေ"
ယွမ်ရှောင်က ပခုံးတွန့်၍ ခပ်တည်တည် ရှင်းပြလိုက်သည်။
"ယွမ်ရှောင် မင်း လူသတ်ပြီး ဝန်မခံရဲဘူးလား"
သူ့စကားကြောင့် လင်းချန်၏ ဒေါသက ပေါက်ကွဲသွားသည်။
"မင်းက ငါ့ကို သတ်ချင်နေတယ်ဆိုရင် အဆုံးထိ တိုက်ခိုက်မယ်။ ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးတာက ပျင်းစရာကောင်းလွန်းတယ်"
ယွမ်ရှောင်၏ စကားကြောင့် နင်ရန်၏စိတ်ထဲတွင် တစ်ခုခု တွေးမိလိုက်ပြီး လင်းချန်ကို ဖြောင်းဖျခဲ့သည်။
"လင်းချန် ဒီကိစ္စက ထူးဆန်းနေတယ်။ မင်းအဖေ ရောက်လာတဲ့အထိ စောင့်ပြီး ဆုံးဖြတ်ပါ။ သူက ပေအာအတွက် တရားမျှတအောင် လုပ်ပေးမှာပါ။ ဒီပြဿနာရဲ့ ဖြစ်ပျက်ပုံအရ ငါ ယွမ်ရှောင်ကို ယုံကြည်တယ်။ သူ့ကို ဓားကောင်းကင်က အခုမှ လက်ခံလာတဲ့အချိန်မှာ ဒီလိုလုပ်စရာ အကြောင်းမရှိဘူး"
"အစ်ကို အရင်ဆုံး စုံစမ်းသင့်တယ်"
လင်းလင်ကလည်း ဝင်ရောက်ဖြန်ဖြေလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
လင်းချန် ဒေါသပေါက်ကွဲနေစဥ် အကြီးအကဲများ ရောက်ရှိလာကာ မည်သူမှ မသေသေးသဖြင့် စိတ်အေးသွားကြသည်။ ဤလူအုပ်တွင် မျိုးနွယ်ဘိုးဘေးများအပြင် မဟာဓားသခင်များလည်း ပါဝင်သည်။
"ချန်အာ ငါတို့ ဆွေးနွေးပြီးပြီ။ ဒီကိစ္စက သံသယဝင်စရာ ကောင်းနေတယ်။ ခေါင်းဆောင် မရောက်ခင်အထိ စိတ်အေးအေးထားပါဦး"
နင်ခေးက တည်ငြိမ်စွာဖြင့် တားမြစ်လိုက်သည်။
"ကျုပ်အဖေက ဒီကောင့်ကို ရတနာတစ်ခုလို တန်ဖိုးထားတယ်။ ဓားကောင်းကင်တစ်ခုလုံး အသတ်ခံရရင်တောင် သူ ဂရုစိုက်မှာ မဟုတ်ဘူး"
လင်းချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အကြီးအကဲများက သူ၏ဒေါသကို ဖြေသိမ့်ပေးရန်အတွက် စကားရှာမရကြပေ။
"သခင်လေးလင်း ပြောတာ မှန်တယ်။ ယွမ်ရှောင်က လူသတ်ခဲ့တယ်ဆိုရင်တောင် သက်သေမရှိလို့ ခေါင်းဆောင်က သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူး"
မုရုံလီက လေးကန်စွာ သက်ပြင်းချလိုက်၏။
"အဘိုးကြီး ခင်ဗျားက လူသတ်သမားလား။ ကျုပ်ကို ပစ်မှတ်ထားဖို့အတွက် ကိုယ့်မြေးတောင် ပြန်သတ်ရသလား"
ယွမ်ရှောင်က မီးလောင်ရာ လေပင့်ပေးလိုက်ခြင်းပင်။
"မင်း ဝန်မခံရဲဘူးလား"
"မင်းက ဒီလောက်ဝန်ခံစေချင်ရင်လည်း ငါ လုပ်တယ်။ ဘာဖြစ်ဖြစ် မင်းက ငါ့ကို သတ်မှာမလား။ ငါက လူသတ်သမား ဟုတ်ဟုတ်မဟုတ်ဟုတ် အရေးမပါဘူး။ ဓားကောင်းကင်ကို ငါရောက်တည်းက မင်း သတ်ချင်နေတာမလား။ လှည့်ကွက်တွေ လုပ်နေတာ စိတ်ဝင်စားစရာမကောင်းဘူး"
ယွမ်ရှောင်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်။ ငါ မင်းကို သတ်ပစ်မယ်။ မင်းက လူသတ်သမားလို့ ငါပြောရင် လူသတ်သမား ဖြစ်ရမယ်။ အခု ငါ့ညီအစ်ကိုတွေအတွက် လက်စားချေမယ်"
လင်းချန်က ဒေါသကြောင့် တစ်ကိုယ်လုံး နီရဲနေပုံပေါ်သော်လည်း စိတ်ထဲ၌ ကြည်လင်နေ၏။ တစ်ဖက်လူကိုသာ လွှတ်ပေးထားလျှင် သူ့ထက် သာလွန်သွားမည် ဖြစ်သောကြောင့် ဤကိစ္စက အရေးမပါချေ။ သူ့အတွက် အရေးကြီးသည်မှာ ယွမ်ရှောင်ကို သတ်ရန် အကြောင်းပြချက်တစ်ခုပင်။
"လင်းချန် မင်းအဖေ ရောက်လာတာကို စောင့်ပါဦး"
နင်ရန်က သူ၏လမ်းကို ပိတ်ထားလိုက်ရင်း စိုးရိမ်တကြီး တားမြစ်ခဲ့သည်။
"အရှက်မရှိတဲ့ မိန်းမ ဖယ်စမ်း"
သူက ရေပြင်ကို ခြေဖြင့် ဆောင့်နင်းကာ ပြေးထွက်လာသောကြောင့် နင်ရန် မတားမြစ်နိုင်ခင် ဝင်တိုက်ခံလိုက်ရသည်။
"ဝုန်း"
သူမက ဘေးသို့ လွင့်ထွက်သွားပြီး လက်ကျိုးသွားကာ နံရံတစ်ခုနှင့် ဆောင့်မိသောကြောင့် ခေါင်းမှ သွေးများပင် စီးကျလာသည်။ အတွင်းအင်္ဂါများ ထိခိုက်သွားပုံရသောကြောင့် သူမက သွေးအန်နေသော်လည်း ယွမ်ရှောင်ကို ထွက်ပြေးရန် အချက်ပြလိုက်၏။ စိတ်ထဲတွင် နင်ခေး၏ အကြံပေးချက်ကို မလိုက်နာခဲ့မိခြင်းအပေါ် နောင်တရနေပြီဖြစ်သည်။
"သတိထား"
သို့သော် ယွမ်ရှောင်က တုတ်တုတ်မျှမလှုပ်သောကြောင့် သူမအနေဖြင့် လင်းချင်းဖန် မြန်မြန်ရောက်လာပါစေဟု ဆုတောင်းရန်သာ ရှိပေ၏။
"သူ သတ်ချင်တယ်ဆိုရင်လည်း သတ်ပါစေ"
"ခေါင်းဆောင်က ယွမ်ရှောင်ကြောင့် သူ့သားကိုတော့ အပြစ်မပေးလောက်ပါဘူး"
"ယွမ်ရှောင် သေရင် ဓားပင်လယ် ငြိမ်းချမ်းပြီ"
ဤအတွေးများ ဖြစ်ပေါ်လာသော အကြီးအကဲများမှာ လင်းချန်ကို တားမြစ်ရန် တွန့်ဆုတ်နေကြ၏။ သူက သတ်ဖြတ်လိုစိတ်ဖြင့် ဓားအိမ်အတွင်းမှ ထွန်းလင်းတောက်ပနေသည့် ဓားဝိညာဥ်ကို ဆွဲထုတ်ရင်း ယွမ်ရှောင်ထံ ဝင်ရောက်သွားလေသည်။