← Chapters

နေဖောက်သက်တန့်

Vol. 8 Ch. 101

နေဖောက်သက်တန့်

Vol. 8 Ch. 101

လင်းချန်သည် ဓားအိမ်အတွင်းမှ အဖြူရောင် ဓားဝိညာဥ်ကို ဆွဲထုတ်၍ ၎င်းအား မြေပြင်သို့ စိုက်ထားလိုက်သည်။ ၎င်းက ကောင်းကင်နယ်မြေမှ အဖိုးတန် ရတနာတစ်ခုဖြစ်ပြီး အသူရာဆေးအိုးဆယ်လုံးခန့် အဖိုးတန်ပြီး ဓားပင်လယ်တွင် တစ်ခုတည်း ရှိပေ၏။ ၎င်းအတွင်း ဓားဝိညာဥ်ကို အချိန်ကြာကြာ သိမ်းထားလျှင် ပို၍အရည်အသွေး ကောင်းမွန်လာစေနိုင်သည်။ သူက ဓားကောင်းကင်၏ အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ကာ ဓားပင်လယ်၏ ပါရမီရှင်ဓားသမားဖြစ်ပြီး ဓားမင်းသားများကို ဖိနှိပ်ထားနိုင်၏။ သူ၏ အလင်းဓာတ်အခြေပြု ဓားဝိညာဥ်က ကြယ်တာရာအဆင့်မြင့်ဖြစ်ကာ ရဲကုရင်၏ ဓားဝိညာဥ်ထက် ပို၍မြင့်မားသည်။

ယွမ်ရှောင်၏ ဓားစက်ကွင်းများသည် နှစ်တစ်ထောင်သက်တမ်းသာ ရှိသောကြောင့် လင်းချန်၏ ဓားစက်ကွင်းများအောက် နိမ့်ကျသည်။ သူ၏စိတ်အလိုအတိုင်း ဓားစက်ကွင်းတစ်ခုက နဂါးတစ်ကောင်ကဲ့သို့ ဓားတွင် ရစ်ခွေနေကာ ကျန်တစ်ခုသည် ခေါင်းနှစ်လုံးမြွေအသွင်ဖြင့် မီးများ မှုတ်ထုတ်နေခဲ့၏။ ဓားစက်ကွင်းက အစွမ်းထက်သောကြောင့် ဓားအော်ရာအရေအတွက် ငါးဆယ်သာရှိသော်လည်း ဂရုစိုက်ရပေလိမ့်မည်။ သူက နဂါးဘုရင်အဆင့် ခွန်အားဖြင့် ဓားကို ယွမ်ရှောင်ထံ ချိန်ရွယ်လိုက်သောအခါ ဓားစက်ကွင်းများ အလိုအလျောက် အသက်ဝင်လာကာ မီးနှင့်ရေ ဒွန်တွဲဖြစ်တည်လာသည်။

"လင်းချန် ငါ့ကိုသတ်ဖို့ ဒီလောက်ကြိုးစားနေတယ်ဆိုတော့ နင်ပေတို့ကို သတ်လိုက်တာက မင်းမလား"

ယွမ်ရှောင်၏မေးခွန်းကို လူသတ်ရန် စိတ်စောနေသော လင်းချန်က အမှုမထားပေ။ သူ၏ဒေါသက အထွတ်အထိပ်သို့ ရောက်နေကာ အလင်းဓားဖြင့် အစွမ်းကုန် ပိုင်းချလိုက်သည်။ နင်ရန်သည် လင်းချန်းဖန်ရောက်လာသည်အထိ ယွမ်ရှောင်ထိန်းထားနိုင်စေရန် ဆုတောင်းနေခဲ့ပြီး ကာကွယ်သူ ဖြစ်သော်လည်း ဤတိုက်ပွဲမျိုး၌ စွက်ဖက်နိုင်စွမ်း မရှိချေ။ ဓားချက် ကျဆင်းလာသောအခါ တောက်လောင်နေသည့် ချီစွမ်းအင်များ ပင်လယ်ကြီးပမာ ယွမ်ရှောင်အား လွှမ်းခြုံသွားခဲ့သည်။

"မဆိုးဘူး"

ယွမ်ရှောင်က စိတ်ထဲမှ မှတ်ချက်ပေးလိုက်ပြီး ကောင်းကင်သင်္ချိုင်းဓားဖြင့် ပက်ထုတ်လိုက်သော်လည်း အလင်းဓားမှာ ပျက်စီးမသွားခဲ့ပေ။ ဓားစက်ကွင်းက အကာအကွယ်တစ်ခုအနေဖြင့် ၎င်းကို ဖုံးအုပ်ထားပြီး သူ့အတွက် ထိုက်တန်သော ပြိုင်ဘက်ဟု သတ်မှတ်နိုင်၏။ သူ၏ လမ်းတလျှောက်တွင် လူများစွာ သတ်ခဲ့သော်လည်း ရဲတန်းစီကဲ့သို့ လူတစ်ယောက်ပင် အခက်အခဲမဖြစ်ခဲ့ပေ။

"လင်းချန်က သေချာပြင်ဆင်ထားတာပဲ"

"နှစ်ထောင်ချီရေမြွေက ဓားအော်ရာတစ်ရာရဲ့ ထက်ရှမှုကို ကာကွယ်ပေးထားတယ်"

"သူက ယွမ်ရှောင် နဂါးဘုရင်အဆင့်တက်သွားမှာကို ကြောက်နေတာလား။ ဒါဆိုရင် ဖြစ်နိုင်တာက နင်ပေတို့ကို သတ်ပြီး ယွမ်ရှောင်ကိုသတ်ဖို့ အကြောင်းပြချက်အဖြစ် သူ ကြံစည်ထားတာလား"

အကြီးအကဲများ၏စိတ်ထဲတွင် အထက်ပါအတိုင်း အတွေးတစ်ခု ဖြစ်ပေါ်လာရာ ယွမ်ရှောင် အကွက်ချထားသည့်အတိုင်းပင်။ ထိုအချိန်၌ လင်းချန်သည် လျင်မြန်စွာ ခုတ်ပိုင်းနေပြီး ယွမ်ရှောင်အား ကျင့်ကြံဆင့်အသာစီးဖြင့် ဖိနှိပ်ထားခဲ့သည်။ သူက ကြယ်တာရာအထက်အဆင့် အလင်းဓားသိုင်း၁၈ချက်ကို အသုံးချနေသဖြင့် အလင်းဓားနှင့် တွဲဖက်လိုက်လျှင် လိုက်ဖက်ညီသော လူသတ်လက်နက်တစ်ခု ဖြစ်လာခဲ့၏။ သူ၏ ဓားမြှောင်ပစ်ချက်က လေထဲတွင် ၁၈ကြိမ်တိတိ ပေါက်ကွဲသွားကာ အရှိန်အမြင့်ဆုံး လျင်မြန်လာခဲ့သည်။

ယွမ်ရှောင်က တစ်ချက်ရယ်လိုက်ပြီး ဆယ်ဆင့်ဓားသိုင်း ခင်းကျင်းလိုက်သောအခါ ပေါက်ကွဲသံ၁၄ကြိမ် ထွက်ပေါ်လာခဲ့သည်။ သူက ၎င်းကို ကျွမ်းကျင်နေရုံသာမက အကန့်အသတ်ကျော်လွန်အောင် မွမ်းမံထားနိုင်ခဲ့သည်။

"ဘုန်း"

ဓားအော်ရာ အရေအတွက်တစ်ရာနှင့် ဓားမြှောင်သည် အလင်းဓားမြှောင်နှင့် ထိပ်တိုက်ထိမှန်သွားသောအခါ မိုးချုန်းသံပမာ ကျယ်လောင်၍ တန်ပြန်အားများကြောင့် ကန်အတွင်းရှိ ရေများ ဘက်ပေါင်းစုံ ပြန့်ထွက်သွား၏။ ယွမ်ရှောင်၏ ဓားအော်ရာနှင့် အရည်အချင်းက ထူးချွန်သော်လည်း လင်းချန်သည် ကျင့်ကြံဆင့်မြင့်ရုံသာမက ဆယ်ဆင့်ဓားသိုင်းထက် ပို၍အစွမ်းထက်သော ဓားသိုင်းကို နားလည်တတ်ကျွမ်းနေသည်။ ထို့ကြောင့် လူတိုင်း၏အမြင်တွင် ယွမ်ရှောင်မှာ သေကံပါလာခဲ့သော်လည်း သူ၏ဓားမြှောင်သည် အလင်းဓားအား ပြန်ကန်ထွက်သွားစေရာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

အလင်းဓား လွင့်ထွက်သွားသည်မှာ လေနားဆင်အိမ်တော်အတွင်း ဖြစ်သောကြောင့် ထိမှန်သမျှ အရာရာတိုင်း ပြိုကျသွားကာ ယွမ်ရှောင်အားလည်း နောက်ဆုတ်သွားစေသည်။ သူက လင်းချန်၏တိုက်ကွက်များကို ခုခံနိုင်ရုံသာမက လေးနှစ်ငယ်သောကြောင့် ပါရမီထူးချွန်ကြောင်း သိသာနေ၏။ ရတနာလမ်း၌ သူ၏အစွမ်းအစကို နင်ခေးနှင့် နင်ကျင်းသာ မြင်ဖူးခဲ့ပြီး ကျန်အကြီးအကဲများအတွက် ပထမဆုံးအကြိမ်ပင်။

သို့သော် ဤအချက်များက လင်းချန်ကို ပိုမိုကြမ်းကြုတ်လာစေခဲ့ပြီး အလင်းဓားအား ပြန်လည်ဆင့်ခေါ်ကာ အညှာအတာမဲ့ ဝင်ရောက်လာပြန်သည်။ သူ၏အမြင်တွင် ဓားအော်ရာ အရေအတွက်ကြောင့်သာ မဟုတ်လျှင် တစ်ဖက်လူက သေဆုံးပြီး ဖြစ်ရပေလိမ့်မည်။

ကောင်းကင်ကြယ်ကြွေဓားသိုင်း ကောင်းကင်သက်ဆင်းဓားချက်

သူက နောက်ထပ်ကြယ်တာရာအဆင့် ဓားသိုင်းကို ထုတ်ဖော်လိုက်သောအခါ အလင်းဓားသည် မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာခဲ့သည်။ သူ၏ ဓားထိပ်ဖျားတွင် ကြယ်တစ်လုံးပါဝင်သကဲ့သို့ ကျဆင်းလာသောကြောင့် ယွမ်ရှောင်သည် မိုးနဂါးဓားငါးချက် ဆက်တိုက်ဖြင့် တုံ့ပြန်လိုက်၏။

"မင်းရဲ့ အစွမ်းအစလောက်နဲ့ ငါ့ကို ယှဥ်နိုင်မယ် ထင်နေတာလား"

လင်းချန်က အော်ဟစ်လိုက်ပြီး ချီစွမ်းအင် ပိုမိုထုတ်လိုက်သကဲ့သို့ ဓားချက်ကို ပိုမိုကြမ်းတမ်းလာစေသည်။ သူက ကျင့်ကြံဆင့်ကို အားသာချက်အဖြစ် အသုံးပြုကာ ယွမ်ရှောင်အား ဖိနှိပ်ထားခဲ့သဖြင့် ခြေထောက်အောက်ရှိ ကြမ်းပြင်ပင် အက်ကွဲသွားခဲ့သည်။

"နိမ့်ကျတဲ့ ခွေးကောင် ဒူးထောက်စမ်း"

လင်းချန်က အရူးတစ်ယောက်ပမာ တရစပ်ခုတ်ပိုင်းနေပြီး ယွမ်ရှောင်က အလျင်အမြန် ခုခံနေရသည်။ ဓားချက်တိုင်းက တောင်ကြီးများ ကျဆင်းလာသကဲ့သို့ အားပါပြင်းထန်ပြီး ရှောင်တိမ်းလိုက်သော သူ့ကို အရှိန်ဟပ်သွားသောကြောင့် မြေပြင်၌ လိမ့်ထွက်သွားခဲ့၏။

"မင်းက ဒီလောက်ပဲ အစွမ်းထက်တာလား"

လင်းချန်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး နေဓားချက်ကို ထုတ်ဖော်လိုက်သောအခါ အလင်းဓားသည် နေမင်းကြီးပမာ ပတ်ဝန်းကျင်ပေတစ်ထောင်အထိ တောက်ပနေခဲ့သည်။ ဤနေမင်းနှင့်ယှဥ်လျှင် ယွမ်ရှောင်က မြက်ပင်ပမာ မှေးမှိန်နေသောကြောင့် လူတိုင်း၏အမြင်တွင် လင်းချန်မှာ အနိုင်ရသူဖြစ်နေခဲ့သည်။ သူတို့က လင်းချန်၏ အသေသတ်တိုက်ကွက်ကို စောင့်ကြည့်နေစဥ် အောက်စည်းသို့ ရောက်နေသည့် ယွမ်ရှောင်၏အသံ ထွက်လာခဲ့၏။

"လင်းချန် မင်း ငါ့ကို ဖိအားပေးနေတာလား"

"လာစမ်းပါ မင်းရဲ့အစွမ်းကို ပြစမ်း"

လင်းချန်သည် အော်ဟစ်လှောင်ရယ်လိုက်ပြီး သူ၏ဓားဖြင့် လည်မျိုထံ ချိန်ရွယ်ခဲ့သည်။

"မင်းက ခေါင်းဆောင်လင်းရဲ့ သား ဖြစ်နေတာကြောင့် ငါ သက်ညှာပေးထားတယ်။ သူက ငါ့အပေါ် ကျေးဇူးရှိလို့ပဲ။ နောက်ဆုတ်စမ်း"

ယွမ်ရှောင်၏စကားကို ကြားသောအခါ အကြီးအကဲများပါ ရယ်မောလာကြပြီး ပြက်လုံးတစ်ခုပမာ သဘောထားနေကြ၏။

"မင်းအစွမ်းရှိရင် လာသတ်စမ်းပါ။ ငါသေရင် ငါညံ့လို့၊ အဖေ့ကို ထည့်တွက်မနေစမ်းနဲ့"

လင်းချန်က ရယ်မောနေရင်း ယုံကြည်မှုရှိစွာ စိန်ခေါ်နေသည်။ သူ၏ဓားချက်က အလျှံတညီးညီး တောက်လောင်နေသည့် ​နေမင်းကြီးအလား ပြောင်းလဲသွားခဲ့သည်။ ၎င်းက ယွမ်ရှောင်၏ဦးခေါင်းထက်သို့ ကျဆင်းလာသကဲ့သို့ ဓားစက်ကွင်းနှစ်ခုသည်လည်း ပစ်မှတ်ထားနေ၏။

"ယွမ်ရှောင် မင်းလိုမိဘမဲ့တစ်ယောက်က ဓားကောင်းကင်မှာ မောက်မာရဲတာလား။ ငါက မင်းကို အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ။ ဘယ်သူက မင်းကို ကာကွယ်ပေးနိုင်လို့လဲ"

လင်းချန်၏ စော်ကားမှုများသည် ပိုမိုရိုင်းစိုင်းလာသကဲ့သို့ ဓားကလည်း ဦးခေါင်းကို ချိန်ရွယ်ထားသည်။

"ကောင်းပြီ။ လူတိုင်း ကြားတယ်နော် ဒီကောင်က ဒီလောက်ဖိအားပေးနေမှတော့ ငါလည်း ရွေးချယ်စရာ မရှိတော့ဘူး"

သို့သော် သေဘေးနှင့် နီးကပ်နေသည့် ယွမ်ရှောင်၏မျက်နှာထက်တွင် ခပ်ညစ်ညစ် အပြုံးတစ်ခု ဖြစ်လာသည်။ လင်းချန်၏ဓား ရောက်ရှိလာရန် အသက်တစ်ရှိုက်အလို၌ သူက ကောင်းကင်သင်္ချိုင်းဓားကို ဓားမြှောင်အသွင်နှင့် လွှဲပစ်လိုက်၏။ အချိန်တစ်စက္ကန့်အတွင်း ၎င်းသည် အပြာရောင်အလင်းပမာ ပြေးထွက်သွားပြီး ဓားချင်းထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နားစည်များ နာကျင်သွားသောကြောင့် လူတိုင်းက နားကို လက်ဖြင့် အုပ်ထားလိုက်ရပြီး မျက်လုံးများအတွင်း ကြောက်မက်ဖွယ်အရှိန်ဖြင့် ပြေးထွက်သွားသည့် အလင်းတန်းကိုသာ မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း လင်းချန်၏ဓားထက် ပိုမိုလျင်မြန်သော ဓားမြှောင်က နဖူးကို ထိုးဖောက်သွားကာ ကောင်းကင်၌ပင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

"နေလနတ်ဓားသိုင်း နေဖောက်သက်တန့်"

ဦးလေးလင်း၏ လည်ချောင်းမှာ တစ်ဆို့သွားကာ ဤစကားလုံးအနည်းငယ်ကိုသာ တအံ့တသြ ရေရွတ်လိုက်မိသည်။ ၎င်းက ဓားကောင်းကင်၏ ကြယ်ပွင့်အဆင့် ဓားသိုင်းဖြစ်ကာ ဓားပျံသိုင်းကွက် မပါဝင်သော်လည်း သတ်ဖြတ်နိုင်စွမ်း ကြီးမား၏။ နေဖောက်သက်တန့်သိုင်းကွက်သည် နေမင်းကိုပင် ထိုးဖောက်နိုင်လောက်အောင် အစွမ်းထက်ပြီး ဆယ်ဆင့်ဓားသိုင်းနှင့် မတူညီသည်မှာ ဓားပင်လယ်၏ ထိပ်ဆုံးအဆင့် ဓားသိုင်း ဖြစ်ပေသည်။ ဤအကြောင်းကို သေချာစွာ သိထားသဖြင့် သူ၏စိတ်များ ဗလာဖြစ်သွားကာ ထင်ထင်ရှားရှား မြင်လိုက်ရသည်။

"ဒါကို ခေါင်းဆောင်တွေသာ ကျင့်ကြံဖို့ အရည်အချင်းမီတယ်"

သူက တုန်တုန်ယင်ယင်နှင့် ယွမ်ရှောင်အား ကြောင်ကြည့်နေမိသည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားကာ လင်းချန်ကို ချက်ချင်းစစ်ဆေးလိုက်သော်လည်း နှလုံး တုန်ယင်သွားခဲ့၏။ လင်းချန်မှာ ယွမ်ရှောင်၏ရှေ့မှောက် လေထဲတွင် ရပ်တန့်သွားကာ ဓားဖြင့် ချိန်ရွယ်လက်စဖြစ်သော်လည်း မလှုပ်ရှားနိုင်တော့ပေ။ သူ၏မျက်လုံးအထက်တွင် ထုတ်ချင်းဖောက် အပေါက်တစ်ခုဖြစ်နေပြီး သွေးစွန်းနေသည့် ဦးနှောက်အပိုင်းအစများ ထွက်ကျလာခဲ့သည်။ သူ၏မျက်လုံးများက ယွမ်ရှောင်ကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း ရေကန်အတွင်း ပြုတ်ကျသွားကာ သွေးချင်းချင်းနီသွားသည်။ လေနားဆင်အိမ်တော်တစ်ခုလုံး ထူးခြားစွာ တိတ်ဆိတ်သွားကာ လူတိုင်းမင်သက်၍ ဆွံ့အနေသဖြင့် မည်သည့်စကားသံမှ ထွက်မလာခဲ့ပေ။ အချိန်တစ်ခုအကြာတွင် အားလုံးသည် အဖြူရောင်သေမင်းထံ ပြိုင်တူကြည့်လိုက်မိပြီး ကြောက်လန့်ခြင်းနှင့် အံ့သြခြင်းများ ရောစွက်နေခဲ့သည်။

"ကျုပ်လည်း ဖိအားပေးခံရလို့ ရွေးချယ်စရာ မရှိဘူးလေ"

ယွမ်ရှောင်က ပခုံးတွန့်၍ တည်ငြိမ်စွာ ဖြေရှင်းချက် ပေးလိုက်လေသည်။

All Chapters