← Chapters

အခန်း (၁၉၆)

Vol. 14 Ch. 196

အခန်း (၁၉၆)

Vol. 14 Ch. 196

သံလက်မကောင်းဆိုးဝါးက ခြေထောက်ကို အနည်းငယ် မြှောက်လိုက်ရာ အလွန်အစွမ်းထက်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ထိုအရာကို အသုံးချပြီး မုန့်ချီ၏ရင်ဘတ်ကို ခြေထောက်နှင့်ကန်ရန် ပြေးသွားခဲ့၏။ သူ၏ တိုက်ခိုက်မှုက အလွန်ကြောက်စရာ ကောင်းသည်။ သူက တာဝန်မအောင်မြင်သည့် ဒေါသကို မုန့်ချီအပေါ် ထွက်ပေါက်ရှာရန် ကြိုးစားနေခြင်း ဖြစ်၏။

သူ့ရှေ့တွင် ရှိနေသော လူငယ်က ထိတ်လန့်ပြီး အကြောဆွဲသွားမည့် ပုံသဏ္ဍာန်ကို သူက ကြည့်ချင်နေခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ညာခြေထောက်ကို အားထည့်ပြီး ကန်လိုက်ခြင်းလည်း ဖြစ်၏။ ထိုလူငယ်က သိုင်းလောကနှင့် ပတ်သက်သော သတင်းများကို အနည်းငယ်သာ သိနေခြင်းဖြစ်ပြီး ဘာများအထင်ကြီးစရာရှိမည်နည်း။

သူ ပြောပြခဲ့သော အချက်အလက်များက သိုင်းလောကတွင် ကျင်လည်နေကြသူ အများစုသိထားကြသော အရာများသာ ဖြစ်သည်။ ထို့ပြင် ထိုလူငယ်က ပထမတွင် သူတို့ကို မမှတ်မိဘဲ သူတို့ပြောသည့်စကားများကို နားထောင်ပြီးမှ တဖြည်းဖြည်း ခွဲခြားနိုင်ခဲ့ခြင်းဖြစ်၏။

သူက သူတို့၏အစွမ်းကို မိတ်ဆက်ပေးခဲ့သည့်အချိန်တွင် ထူးထူးခြားခြား မည်သည့် အရာကိုမျှ မပြောခဲ့ပေ။ အဆုံးတွင်တော့ ကျိုးနိုင်ငံ ဝမ်မိသားစုမှ သခင်လေး၏ အစွမ်းကိုပင် မှားယွင်းစွာ ကောက်ချက်ချခဲ့သည်။ ထို့ကြောင့် သူက ရန်သူများကို အကဲခတ်ရာတွင် ကောင်းမွန်ခြင်း မရှိကြောင်း သိသာနေ၏။

သူ့ပုံစံက အသက် (၁၈)နှစ်ပင် ရှိဦးမည့်ပုံ မဟုတ်ချေ။ သူ့လို လှေထိုးသားများနှင့် ပေါင်းနေသောသူက ဘာများထူးခြားနိုင်မည်နည်း။ ရှန်ရှို့မေ ၊ ကျိုးနိုင်ငံ ဝမ်မိသားစုမှ သခင်လေးနှင့် သူ၏အစေခံအိုကြီးကတော့ အဝေးတွင် ရပ်နေကြပြီး မုန့်ချီကို အချိန်မီ ကယ်တင်ရန် မကြိုးစားခဲ့ကြပေ။

သူတို့က ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။

"နောက်ထပ် အပြစ်မဲ့တဲ့လူတစ်ယောက်တော့ ထပ်ပြီး ပြဿနာတက်ဦးမယ်…. . "

သူတို့က သံလက်မကောင်းဆိုးဝါးကို ဖမ်းဆီးပြီး အပြစ်ပေးချင်နေကြသည်။ ထိုသို့ဆိုလျှင် ကျိုးနိုင်ငံ ဝမ်မိသားစု၏ အဆင့်မြင့်ဝိညာဉ်ကို ပြသနိုင်မည်ဖြစ်၏။

"ဖောက်… "

သံလက်မကောင်းဆိုးဝါးက မုန့်ချီကို ကန်လိုက်သည့်အချိန်တွင် ခြေကန်ချက် တစ်ခုတည်းနှင့် မုန့်ချီ၏အရေးပါသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျက်ဆီးရန် ပို၍ အားထည့်ထားခဲ့သည်။

သို့သော် သူက စွမ်းအားများကို မြှင့်တင်လိုက်သော်လည်း မုန့်ချီဆီမှ တုန့်ပြန်မှုမရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်က အမှန်တကယ် မရှိသလို ထင်မှတ်ရပြီး မည်သည့်အရာကိုမျှ မခံစားမိချေ။ သူ့ဆီတွင် အတွင်းအားနှင့် စွမ်းအားများ မရှိသည့်အတွက် ထိုကန်ချက်က အားနည်းသော အသံတစ်ခုအဖြစ်သာ ထွက်ပေါ်လာခဲ့သည်။

သံလက်မကောင်းဆိုးဝါးက အလွန်ထိတ်လန့်သွားသည့်အချိန်တွင် အလွန်ရင်းနှီးနေသော စွမ်းအားတစ်ခုက နောက်ကျောဘက်မှ ရောက်လာခဲ့၏။ အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော ခြေကန်ချက်ကလည်း လွဲချော်သွားခဲ့ပြီး ခန္ဓာကိုယ်ကြီးက ယိမ်းထိုးသွားခဲ့သည်။ သူ၏ရင်ဘတ်တွင် ရှိနေသော ချီစွမ်းအင်နှင့် သွေးများကလည်း လှုပ်ရှားလာပြီး အတော်လေး မသက်မသာ ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်တွင် ရှိနေသော ခံစားမှုများအားလုံး ပျက်စီးသွားခဲ့သော်လည်း သူ ပြေးလာသည့် အရှိန်ကတော့ ရပ်မသွားခဲ့ပေ။ ထို့ကြောင့် သူက ရှေ့ကို ယိမ်းယိုင်သွားခဲ့၏။ မုန့်ချီက အနည်းငယ် နောက်ဆုတ်လိုက်ပြီး ထိုလူကို သူ့အနားတွင် လဲကျသွားစေရန် ပြင်ဆင်လိုက်သည်။

ထိုအခါ သံလက်မကောင်းဆိုးဝါး၏ မျက်နှာက စားစရာအိုးထဲသို့ တည့်တည့်ကျသွားခဲ့၏။ အလွန်ပြင်းထန်သော ရနံ့ရှိနေသည့် စားစရာများက နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်သွားပြီး မျက်လုံးပင် မမြင်ရတော့ပေ။ ပူလောင်နေသော ဟင်းရည်များကြောင့် သူ၏အရေပြားများကလည်း လောင်ကျွမ်းသွားပြီး အတော်လေးကို မသက်မသာ ခံစားလိုက်ရသည်။

ထိုအချိန်ကျမှသာ သံလက်မကောင်းဆိုးဝါးက ထုံကျင်နေရာမှ သတိပြန်ဝင်လာပြီး ထိုစားစရာအိုးပေါ်မှ ထွက်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခေါင်း၏ အနောက်ဖက်က ထုံကျင်သွားပြီး နောက်တစ်ကြိမ် မည်းမှောင်သွားသလို ခံစားလိုက်ရသည်။

မုန့်ချီက ဘယ်ဘက်လက်ထဲတွင် သစ်သားတူတစ်စုံကို ကိုင်ထားသည်။ ထိုတူ၏ အဆုံးတစ်ဖက်ကတော့ သံလက်မကောင်းဆိုးဝါး၏ နောက်စေ့ကို စိုက်နေခဲ့၏။ အနီရောင်သွေးများကလည်း ဟင်းအိုးထဲသို့ စီးကျနေသည့်အတွက် ချက်ချင်းပင် အနီရင့်ရောင် ပြောင်းလဲသွားခဲ့သည်။

"စားစရာတွေ ဆုံးရှုံးသွားတာတော့ တကယ်နှမြောစရာပဲ…. "

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက ဝါးတူကို လွှတ်လိုက်ပြီး လက်နှစ်ဖက်ကို ခါလိုက်၏။

ဖြစ်စဉ်တစ်ခုလုံးက အလွန်အမင်းကို လျင်မြန်လွန်းလှသည်။ တခဏအတွင်း သံလက်မကောင်းဆိုးဝါးက နေရာတွင် သေဆုံးသွားခဲ့ပြီး ဝမ်သခင်လေးနှင့် သူတို့၏ တိုက်ခိုက်မှုကို တားဆီးရန် ရောက်လာကြသော ရှန်ရှို့မေတို့ကပင် မှင်တက်နေမိကြသည်။

သူတို့က ချက်ချင်း ရပ်လိုက်ကြပြီး ရှေ့တွင် မြင်နေရသော မြင်ကွင်းကို မျက်လုံးပြူး၍ စိုက်ကြည့်နေမိကြသည်။ မည်သည့်အရာများ ဖြစ်နေမှန်း သူတို့ပင် သေချာနားမလည်နိုင်ကြပေ။

သံလက်မကောင်းဆိုးဝါးက သူ့ဒေါသကို ဖြေဖျောက်ရန် ကြိုးစားခဲ့သည်။ သူက ဖျက်ဆီးရေးဂိုဏ်း၏ မကောင်းဆိုးဝါး လူသား (၁၉)ယောက်ထဲတွင် နောက်ဆုံး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ နာမည်ကျော်ခဲ့သော လူတစ်ယောက် ဖြစ်နေသေးသည်။ သူ့လို လူတစ်ယောက်က စက္ကန့်ပိုင်းလေးအတွင်း မည်သို့ အသတ်ခံခဲ့ရသနည်း။

တစ်ဖက်တွင်တော့ လူသတ်သမားကို ကြည့်ရသည်မှာ အလွန်တည်ငြိမ်နေပုံရသည်။ သူ့ပုံစံက ယင်ကောင်တစ်ကောင်ကို သတ်လိုက်ရသလိုသာ ဖြစ်နေပြီး ဟင်းအိုး ပျက်စီးသွားသည့်အတွက်ကိုသာ မကျေမနပ်ဖြစ်နေပုံပေါ်သည်။

အကယ်၍ သူတို့ကသာ ယခုဖြစ်ခဲ့သည့်အရာများကို သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုအရာက အမှန်တကယ်လည်း ရိုးရှင်းလှသည်။ သံလက်မကောင်းဆိုးဝါးက ခြေထောက်နှင့် ကန်လိုက်သော်လည်း သူ့ကိုယ်သူ အရှိန် မထိန်းနိုင်ခဲ့ပေ။ ထို့ကြောင့် ဟင်းအိုးပေါ်သို့ မျက်နှာနှင့် ကျသွားခဲ့ခြင်းဖြစ်၏။

ထိုအချိန်တွင် လူသတ်သမားက ဝါးတူတစ်ချောင်းကို ယူပြီး သံလက်မကောင်းဆိုးဝါး၏ နောက်စေ့ကို အေးအေးဆေးဆေး ထိုးစိုက်လိုက်ခြင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ ထိုအရာကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ထားသလို ဖြစ်နေ၏။

ထိုကဲ့သို့ အခွင့်အရေးများကို အသုံးချပြီး သံလက်မကောင်းဆိုးဝါးကို တန်ပြန်တိုက်ခိုက်နိုင်သည့်အတွက် လူသတ်သမား၏ စွမ်းရည်ကို ပြသနေသည်။ ကြောက်စရာကောင်းသောအရာကတော့ သူက စွမ်းအားအနည်းငယ်လေးသာ ထုတ်သုံးလိုက်ရပုံပေါ်သည်။

ဝမ်မိသားစုမှ အစေခံအိုကြီးကလည်း တိတ်တဆိတ် ရှေ့ထွက်လာပြီး သူ့သခင်လေး၏ အနားသို့ ရောက်လာခဲ့သည်။ စားစရာများ ပျက်စီးသွားသည့်အတွက် စိတ်ညစ်နေသော လူငယ်က အလွန်အမင်း အန္တရာယ်များသည်ဟု သူလည်း ခံစားနေရ၏။

"အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က တကယ်အံ့ဩဖို့ကောင်းတာပဲ…"

မုန့်ချီက ကျေနပ်စွာ သက်ပြင်းချလိုက်မိသည်။

တစ်ချိန်တည်းတွင် ကိစ္စတစ်ရပ်လုံးက သံသယဝင်စရာကောင်းသည်ဟု သူက ခံစားမိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သံလက်မကောင်းဆိုးဝါးက ထူးထူးခြားခြားကို အားနည်းလွန်းနေသည်။

အကယ်၍ ဖျက်ဆီးရေးဂိုဏ်းက သူတို့၏ မကောင်းဆိုးဝါးသခင် ပျောက်ကွယ်သွားပြီးနောက် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံခဲ့ရမည်ဆိုလျှင်ပင် သူတို့က ကြမ်းတမ်းရိုင်းစိုင်းရမည့်အစား သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ကြသည်။

မကောင်းဆိုးဝါး လူသား (၁၉)ယောက်တို့နှင့် ကောင်းကင်ဖျက်လူသား (၈)ယောက်တို့က သူတို့ဂိုဏ်း၏ စုပေါင်းစွမ်းအားကို ကိုယ်စားပြုနိုင်ခြင်း မရှိသော်လည်း မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်၏ နာမည်ဆိုးကို ထိန်းသိမ်းနိုင်ကြသည်။

သူတို့အားလုံးက အစွမ်းထက်ပြီး အတွေ့အကြုံရှိကြ၏။ သူတို့ဆီတွင် ထူးခြားသော တိုက်ခိုက်ရေးနည်းလမ်းပေါင်းစုံ ရှိနေကြသည်။ သံလက်မကောင်းဆိုးဝါးက မကောင်းဆိုးဝါး လူသား (၁၉)ယောက်ထဲတွင် နောက်ဆုံးအဆင့်ဖြစ်သော်လည်း သူ့ကို အလွယ်တကူသတ်၍ ရနိုင်မည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။

မူလတုန်းကတော့ သူက တိုက်ပွဲကို အဆုံးသတ်ရန် ဓားကို ထုတ်သုံးရမည်ဟု မုန့်ချီက တွေးခဲ့မိသည်။ သို့သော် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို ရိုးရှင်းစွာ သုံးလိုက်သည့်အတွက် သံလက်မကောင်းဆိုးဝါးက မြစ်ကမ်းပေါ်သို့ ခုန်တက်လာသော ငါးတစ်ကောင်ကဲ့သို့ ဘာမျှမတတ်နိုင်ခဲ့ပေ။ သူက အလွယ်တကူ အသတ်ခံလိုက်ရသည်။

ထိုအရာက ထူးဆန်းသည်ဟု တွေးမိသော်လည်း သူကတော့ ဝါးတူလေးနှစ်ချောင်းနှင့် သံလက်မကောင်းဆိုးဝါးကို သနားညှာတာမှုကင်းမဲ့စွာ ထိုးစိုက်ပြီး သတ်ပစ်နိုင်ခဲ့သည်။ ထို့ပြင် ဤကိစ္စတွင် သူမသိသေးသောအရာတချို့လည်း ရှိမည်ဟု နားလည်လာခဲ့၏။

အကယ်၍ ဖျက်ဆီးရေးဂိုဏ်းကသာ သူ့ဆီကို တိတ်တဆိတ် ရောက်လာ၍ နှုတ်ပိတ်လိုက်မည်ဆိုလျှင် အတော်လေးကို ပြဿနာ ကြီးနိုင်သည်။ သံလက်မကောင်းဆိုးဝါး၏ သေဆုံးမှုအတွက် သူ့ကို နှုတ်ပိတ်ရန် ရောက်လာနိုင်သော သူများက ပို၍အစွမ်းထက်နိုင်သည်။

သင်္ဘောကုန်းပတ်ပေါ်တွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။ လူတိုင်းက မုန့်ချီကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးထဲတွင် သံသယများ ၊ ထိတ်လန့်မှုများ ပြည့်နှက် နေကြ၏။

မုန့်ချီက ပျက်စီးသွားသော ဟင်းအိုးကို လှည့်ကြည့်ပြီး လှေထိုးသားတစ်ယောက်ကို တောင်းပန်သလို အမူအရာနှင့် ပြောလိုက်သည်။

"မင်းတို့က ဆက်ပြီးစားချင်သေးလား…"

"မစားတော့ပါဘူး…"

ဟင်းအိုးပေါ်ရှိ ပေါက်နေသော ခေါင်းကြီးကိုကြည့်ပြီး လှေထိုးသားများက အကြိမ်ကြိမ် ခေါင်းခါပြလိုက်သည်။ သူက လတ်လတ်ဆတ်ဆတ် လူဦးနှောက်ကို စားသောက်နိုင်သည့် မကောင်းဆိုးဝါး တစ်ယောက် မဟုတ်ပေ။

မုန့်ချီက ငွေစတချို့ကို ထုတ်ပြီး လှေထိုးသား ခေါင်းဆောင်ကို ပေးလိုက်သည်။ ထို့နောက် အဝတ်အစားများကို ဖုန်ခါလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။

"ငါက ကျိုးနိုင်ငံက ဝမ်စဲပါ။ ဒီကိစ္စကို ဝင်ပါလိုက်ရတဲ့အတွက် တကယ့်ကို တောင်းပန်ပါတယ်…"

ဝမ်သခင်လေးက အံ့ဩမှုကို ဖုံးကွယ်ထားလိုက်၏။

သူ့ပုံစံက ဤဖြစ်ရပ်ကြောင့် သက်ရောက်ခံရပုံ မရချေ။ အထက်တန်းလွှာ မိသားစုတစ်ခုမှ ဖြစ်သည့်အတွက် သူက ပညာရှင်ပေါင်းများစွာကို ကြုံတွေ့ဖူးသည်။ ထိုလူငယ်က လူငယ်မှတ်တမ်းထဲမှ ပညာရှင် တစ်ယောက် ဖြစ်နေလျှင်ပင် သူက အလွန်အမင်း အံ့ဩနေလိမ့်မည် မဟုတ်ချေ။

သူက ဝမ်မိသားစုထဲရှိ မျိုးဆက်ထဲတွင် အလွန်ထူးခြားသော စွမ်းရည်များ ရှိနေသည်။ သို့သော် သူ ကြုံတွေ့ရဖူးသော အစွမ်းထက်ပြိုင်ဘက်များအားလုံးက သူ့အစေခံအိုကြီး၏ ရှင်းပစ်မှုကို ခံခဲ့ရ၏။

သူ့ဆီတွင်တော့ ထူးချွန်ထက်မြက်သော တိုက်ပွဲမှတ်တမ်းများ မရှိချေ။ သူကတော့ အမြဲလိုလိုသာ ကြည့်နေခဲ့ရပြီး အလွန်အကျွံ စိုးရိမ်ပူပန်နေတတ်သော သူ့မိဘများကိုသာ အပြစ်တင်နေမိ၏။ သူက အိမ်သို့ပြန်လာသည့်အချိန်တွင် အစေခံလူငယ်တစ်ယောက်အစား ထိုအစေခံအိုကြီးကိုသာ ပြောင်းလဲပေး‌ခဲ့သည်။

မည်သို့ဖြစ်စေကာမူ ဂိုဏ်းကြီးများမှ တပည့်များအားလုံးက တောင်ပေါ်မှ ဆင်းလာသည့် အချိန်တွင် ပညာရှင်အစောင့်များကို ခေါ်ဆောင်သွားကြခြင်း မရှိပေ။ သူတို့အားလုံးက ကိုယ်တိုင်အသက်ရှင်ရန် ရုန်းကန်ကြရပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်ရန် အခွင့်အရေးကို ရှာဖွေကြရသည်။

မုန့်ချီက တလေးတစားပြန်ဖြေလိုက်၏။ သေချာပြန်ပြောလိုက်သည်။

"ဒါက သခင်လေးရဲ့ အမှားမဟုတ်ပါဘူး။ ဒီမကောင်းဆိုးဝါးကသာ လူတိုင်းကို ပြဿနာရှာနေတာ…"

သူက စာသင်သားတစ်ယောက်ကဲ့သို့ တလေးတစား ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

ဝမ်စဲက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ သူ့ပုံစံက တစ်ဖက်တွင် မာနကြီးပုံ မပေါ်သော်လည်း သူ့စိတ်ထဲတွင်တော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုများ ရှိနေသေးသည်။

သူက မုန့်ချီ၏ နာမည်ကိုပင် မမေးတော့ဘဲ ရှန်ရှို့မေကို လှည့်ကြည့်လိုက်၏။

"မိန်းကလေးရှန် …

ဖျက်ဆီးရေးဂိုဏ်းက မကောင်းဆိုးဝါးတွေက ဘာလို့ မိန်းကလေးရဲ့နောက်ကို လိုက်လာကြတာလဲ…"

ယောကျ်ားလေးအများစုကတော့ အလွန်လှပသော ရှန်ရှို့မေ၏ စိတ်ဝင်စားမှုကို လိုချင်ကြသည်။ အလွန်ကြောက်စရာကောင်းသော တိုက်ပွဲပြီးဆုံးသွားပြီးနောက် ရှန်ရှို့မေ၏ မျက်နှာလေးက နီရဲနေပြီး ဝမ်စဲကို စိုက်ကြည့်နေသည့်အချိန်တွင် သူမ၏ မျက်လုံးထဲ၌ လေးစားမှုများ ၊ ကျေးဇူးတင်သည့် အမူအရာများ ပြည့်နှက်နေခဲ့သည်။

သူမက ပြန်ဖြေလိုက်၏။

"ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက တစ်ချိန်ချိန် ရှင့်ရဲ့ကျေးဇူးတရားကို သေချာပေါက်ပြန်ပြီး ပေးဆပ်မှာပါ…"

ထင်ထားခဲ့သည့်အတိုင်း ထိုအရာက မကြာခဏ ဖြစ်ပျက်ခဲ့ဖူးသော မိန်းမလှလေးကို ကယ်တင်သည့် သူရဲကောင်းတစ်ယောက် ဇာတ်လမ်းမျိုးသာ ဖြစ်သည်။

မုန့်ချီကတော့ စိတ်မဝင်စားတော့ဘဲ သံလက်မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို စတင်ရှာဖွေကြည့်လိုက်သည်။ သို့သော် မည်သည့်အရာမျှ မတွေ့ခဲ့ရပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏အဆင့်အတန်းကို သတ်မှတ်နိုင်သော တံဆိပ်ပြား ၊ ငွေစ ၊ သိုင်းကျမ်းနှင့် လျှို့ဝှက်လက်နက်များပင် မရှိချေ။

“စလာကတည်းက သူက အကုန်အလကား သုံးလာခဲ့တာလား။ ဒါမှမဟုတ် ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးရဲ့ ငွေကြေးတွေပဲလား…”

မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ရှန်ရှို့မေက ဆက်ပြောလိုက်၏။

"သိပ်မကြာခင်အချိန်အတွင်း လော်အဖွဲ့အစည်းက တောင်(၃)လုံး မြစ်(၄)သွယ်မှာ လှုပ်ရှားနေကြတယ်။ ဒါကြောင့် ဖျက်ဆီးရေးဂိုဏ်းက အနီးအနားမှာ ရှိနေတဲ့ ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးနဲ့ သံလက်မကောင်းဆိုးဝါးတို့ကိုပါ သွားဖို့ ခွင့်ပြုခဲ့တယ်။ သူတို့က ချင်တောင်ဓားဂိုဏ်းရဲ့ ကောင်းကင်ဆန်းကြယ် ကျောက်တုံးကို စိတ်ဝင်စားပြီး လိုချင်နေကြတာ။ ဒါပေမယ့် ငါက သူတို့ရဲ့ အကြံအစည်ကို ဖျက်ဆီးပစ်သလို ဖြစ်သွားတယ်လေ။ ဒါကြောင့် သူတို့က ငါ့နောက်ကနေ တိတ်တဆိတ် လှေပေါ်ကို လိုက်လာပြီး ဒီနေ့တိုက်ခိုက်ကြတာပဲ…".

ရှန်ရှို့မေ၏ အကြည့်ကို မြင်သည့်အခါ ဝမ်စဲက အလွန် သဘောကျနေခဲ့သည်။ သူက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။

"ကောင်းကင်ဆန်းကြယ်ကျောက်တုံးက တစ်ကြိမ်ပျောက်သွားသေးတယ်လို့ ငါကြားခဲ့တယ်။ အဲဒီအချိန်မှာ ကျန်းကျိဖန်းတောင် ရှိနေတာ မဟုတ်လား…"

သူက ကျန်းကျိဖန်းနှင့် တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ ထိုအရာက မြစ်အရှေ့ပိုင်းတွင်ဖြစ်ပြီး စားသောက်ပွဲတစ်ခုတွင်သူနှင့် အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်တို့က အတူတူတက်ရောက်ခဲ့ရစဉ်က တွေ့ခဲ့ဖူးခြင်းဖြစ်သည်။

"ဟုတ်တယ်။ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ဓားသမားတစ်ယောက်ရဲ့ အကူအညီနဲ့ လော်အဖွဲ့အစည်းရဲ့ လက်ထဲကနေ ပြန်ယူနိုင်ခဲ့တာ…"

ရှန်ရှို့မေက ဝမ်စဲကို ကြည့်ပြီး ထိုစကားများကို ပြောသည့်အချိန်တွင် သူမ၏ မျက်လုံးထဲ၌ လေးစားမှုများ ပြည့်နှက်နေခဲ့သည်။

ထိုစကားကို ကြားသည့်အခါ မုန့်ချီက ရပ်လိုက်ပြီး သူတို့၏ စကားကို နားထောင်နေခဲ့၏။

"ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လော်အဖွဲ့အစည်းရဲ့လက်ထဲကနေ ပြန်ယူနိုင်တယ်ဆိုတော့ အဲဒီဓားသမားက တကယ့်ကို ထူးခြားလောက်တယ်။ သူက ဘယ်လိုအဆင့်မျိုးလဲ။ သူက နာမည်ကျော် ဓားသမားတစ်ယောက်လား…"

ဝမ်စဲကလည်း စိတ်ဝင်စားချင်ယောင်ဆောင်လိုက်ပြီး ရှန်ရှို့မေနှင့် စကားပြောရန် အခွင့်အရေးကို ဆက်လက်ရှာဖွေခဲ့သည်။

ရှန်ရှို့မေက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။

"သူက တံခါး (၄)ပေါက် ပွင့်နေပြီး ငါတို့နဲ့ အဆင့်တူလို့ ပြောတာပဲ။ ဒါပေမယ့် မယုံပါဘူး။ သူက သူ့ရဲ့အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားတယ်လို့ပဲ ပြောကြတယ်။ သူက အနည်းဆုံးတော့ တံခါး (၆)ပေါက် အဆင့်ရှိနိုင်တယ်။ လော်အဖွဲ့အစည်းရဲ့ လျှို့ဝှက်တမန်တော်ကတောင် သူ့ကို ရင်မဆိုင်နိုင်ခဲ့ဘူး…”

“သူကတော့ သူ့ကိုယ်သူ သစ္စာဓားလို့ ခေါ်ခဲ့တာပဲ။ သူ့ကို သိုင်းလောကမှာ နာမည်မသိကြဘူး။ ဒါပေမယ့် အဲဒီကိစ္စဖြစ်ပြီးသွားတဲ့အချိန်မှာ စွမ်းရည်ထိန်းသိမ်းရေးကျောင်းက ဟွာလွန်က သူ့ရဲ့ပုံစံကို လူကြီးလူကောင်း တစ်ယောက်နဲ့ တူတယ်လို့ မှတ်ချက်ပေးခဲ့တယ်။ ပြီးတော့ သူက တရားမျှတပြီး သစ္စာရှိတယ်။ သူက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လေ့လာဖို့အတွက် အဲဒီဓားသမားကို (၃)ရက် အခွင့်အရေး ပေးခဲ့တယ်။ ဒါပေမယ့် သူကတော့ ချက်ချင်း ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် တောင် (၃)လုံး မြစ် (၄)သွယ်မှာ သူ့ကို လူကြီးလူကောင်းဓားလို့ ခေါ်ကြတယ်…"

မုန့်ချီ၏ မျက်နှာက မည်းမှောင်သွားပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ ထိုလူများက သိုင်းလောကနာမည်ကို ဘာကြောင့် ပေးချင်သလို ပေးနေကြရသနည်း။

ဝမ်စဲနှင့် ရှန်ရှို့မေတို့က နောက်တစ်ကြိမ် ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်ပြီး သူတို့ စိတ်ဝင်စားနေသည့်အရာများကို ဆက်လက်ဆွေးနွေးနေကြသည်။ သူတို့က တဖြည်းဖြည်း ရင်းနှီးလာကြ၏။

မျက်နှာပျက်နေသော မုန့်ချီကလည်း အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူက ခံစားချက်များအားလုံးကို ဖယ်ရှားလိုက်ပြီး ခရမ်းမိုးကြိုးစွမ်းအားကို လေ့ကျင့်ရန် အာရုံစိုက်ပြီး ခရမ်းမိုးကြိုးဓား (၇)ချက်ကို အဆင့်မြှင့်ရန် ကြိုးစားနေခဲ့သည်။

သူ၏ ချီစွမ်းအင်များက ခရမ်းမိုးကြိုးစွမ်းအားများ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း တဖြည်းဖြည်း စီးဝင်လာခဲ့သည်။ မုန့်ချီက သက်သောင့်သက်သာ ဖြစ်နေပြီး မည်သည့်ခံစားချက်မျှ မရှိချေ။

ခရမ်းမိုးကြိုးစွမ်းအားများက တစ်ပတ်ပြည့်တော့မည့်အချိန်တွင် ဘယ်လက်ခုံပေါ်၌ ရှိနေသော ခရမ်းရောင်မိုးကြိုးအမှတ်အသားက သိသာထင်ရှားလာခဲ့၏။ လျှပ်စီးစွမ်းအားများကလည်း သူ၏ စွမ်းအင်များနှင့် ပေါင်းစပ်သွားခဲ့သည်။

"တကယ့်ကို အသုံးဝင်တာပဲ…"

တစ်လပြည့်သွားပြီးနောက် မုန့်ချီက ပထမဆုံးကြိမ် ခရမ်းမိုးကြိုးစွမ်းအားကို လှည့်ပတ်ရန် ကြိုးစားကြည့်လိုက်ခြင်းလည်း ဖြစ်၏။ ခရမ်းမိုးကြိုးအမှတ်အသား၏ အကူအညီကြောင့် ထိုအရာကလည်း သိသာလျင်မြန်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူက မိုးကြိုးနတ်ဘုရား တစ်ဝက်နီးပါး ကောင်းမွန်နေနိုင်သည်။ ခရမ်းမိုးကြိုးစွမ်းအားများကို လေ့ကျင့်ခြင်းကလည်း ပို၍အကျိုးသက်ရောက်မှု ရှိနိုင်၏။

ချီစွမ်းအင်များက ခရမ်းရောင်လျှပ်စီးများအဖြစ် ပြောင်းလဲသွားသည့်အချိန်တွင် အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းလာခဲ့သည်။ သူတို့က မုန့်ချီ၏ ခန္ဓာကိုယ်ထဲမှ ဖြစ်နေသည်ကိုပင် အတော်လေး ကြောက်လန့်နေသလို ခံစားနေရ၏။ သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

ထို့နောက် (၇)ပတ် (၈)ပတ်ခန့် လှည့်ပတ်လိုက်ပြီးနောက် ခရမ်းမိုးကြိုးစွမ်းအားများကို စွမ်းအားအမျှင်လေး တစ်ခုထဲတွင် ဖြည်းညင်းစွာ စုစည်းပြီး သူ၏ဒန်တျန်ထဲ၌ ဖုံးကွယ်ထားခဲ့၏။

ထိုအရာက သူအဓိက လေ့ကျင့်ထားသော စွမ်းရည်တစ်ခု၏ အနှစ်သာရ နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် သို့မဟုတ် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ ချီစွမ်းအင်များနှင့် ဆန့်ကျင်နေနိုင်သည်။

"ဘုန်း… "

သင်္ဘောကုန်းပတ်ပေါ်မှ အသံတစ်ခုကို မုန့်ချီက ကြားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ…"

သူ လေ့ကျင့်ပြီးသွားသည့်အချိန်တွင် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။

အပြင်ဘက်တွင်တော့ လရောင်အောက်တွင် အဖြူရောင်နှင်းများ ကျဆင်းလာနေသည့်အတွက် အရာအားလုံးက အေးစက်ပြီး ငြိမ်သက်နေသည်။ မုန့်ချီက ခဏကြာ ရှာဖွေနေပြီး နောက်ဆုံးတွင်တော့ ကုန်းပတ်အနားတွင် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ အဝတ်အစားများက စုတ်ပြဲနေပြီး တစ်ကိုယ်လုံးသွေးများပြည့်နေ၏။

"သခင်လေးထန်လား…"

မုန့်ချီက သူ့ကို ချက်ချင်း မှတ်မိသွားခဲ့သည်။ ထိုလူငယ်က လုပ်ကြံခံလိုက်ရသော လူငယ်ဖြစ်သည်။ သူက လည်ပင်းကို တူနှင့် ထိုးဖောက်ခံခဲ့ရသော်လည်း မထင်မှတ်ထားစွာ အသက်ရှင်နေသေး၏။

သူက လှေ၏ အောက်ဘက်တွင် ပုန်းအောင်းနေခြင်း သို့မဟုတ် ဘေးမှနေ၍ လှေကိုကိုင်ပြီး တစ်ချိန်လုံး ကပ်လိုက်လာခြင်းဖြစ်နိုင်သည်။

မုန့်ချီက အလျင်အမြန် ပြေးသွားခဲ့ပြီး သူ၏ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ရာ သခင်လေးထန်၏ မျက်လုံးနှစ်လုံးထဲမှ မျက်ရည်များ စီးကျလာနေကြောင်း တွေ့လိုက်ရသည်။ သူက အကူအညီတောင်းချင်နေသော်လည်း အသက်မရှူတော့ပေ။

သူက မသေခင် နောက်ဆုံးအနေနှင့် သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာခြင်း ဖြစ်ပုံရသည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က သူ့ထက်အရင် တွေ့သွားပြီး သတ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။

မုန့်ချီက ငုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေကြည့်လိုက်၏။

Translated by Hein Htet

All Chapters