← Chapters

အခန်း (၁၉၇)

Vol. 14 Ch. 197

အခန်း (၁၉၇)

Vol. 14 Ch. 197

လှေ၏ အစွန်တွင် ကပ်လိုက်လာပြီး ကျောက်ဆောင်တန်းများ၏ တိုက်ခတ်မှုကြောင့်နှင့် ရေအောက်ထဲတွင် ရှိနေသော ငါးများ၏ ကိုက်ဖြတ်မှုကြောင့် သခင်လေးထန်၏ အဝတ်အစားများက စုတ်ပြဲနေကြသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ သူသုံးခဲ့သော ဓားရှည်ကပင် ရေထဲသို့ နစ်မြုပ်သွားပြီဖြစ်သည်။ ထို့ကြောင့် မုန့်ချီက တန်ဖိုးရှိသည့်အရာ တစ်ခုမျှ မတွေ့ခဲ့ရပေ။

လမင်းကြီးက သခင်လေးထန်၏ မျက်နှာပေါ်တွင် တည့်တည့်ကျဆင်းနေခဲ့၏။ ထို့ကြောင့် သူ၏မျက်လုံးထဲရှိ လက်မခံနိုင်မှုနှင့် နှစ်လိုဖွယ် ခံစားချက်များကို တပြိုင်တည်း ပြသနေခဲ့သည်။ သူ၏မျက်ရည်များက အငွေ့ပျံသွားပြီး အငွေ့အသက် အနည်းငယ်သာ ကျန်နေတော့၏။

"ဟမ် …"

မုန့်ချီက မျက်လုံးတံခါး ပွင့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် လရောက်အောက်တွင် သူ၏ မျက်ရည်များက တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့လိုက်ရ၏။ ထိုအရာက မျက်ရည်ပြဿနာ မဟုတ်ဘဲ အရေပြား ပြဿနာဖြစ်သည်။

သူက သခင်လေးထန်၏ မျက်နှာကို ဘယ်လက်နှင့် နည်းနည်းချင်းဆီ စမ်းကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူ၏ နားနောက်ဘက်မှနေ၍ အရေပြားအလွှာတစ်ခုကို တွေ့လိုက်ရပြီး ထိုအရာကို ဆွဲခွာလိုက်သည်။ ထိုအရာက လူသားအရေခွံမျက်နှာဖုံးတစ်ခု ဖြစ်သည်။ မုန့်ချီက မျက်နှာဖုံးကို ခွာယူပြီးနောက် သခင်လေးထန်၏ မျက်နှာကိုကြည့်၍ အနည်းငယ် သံသယဝင်နေမိ၏။

သခင်လေးထန်က တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲထားခြင်း မဟုတ်ပေ။ သူ၏ အစစ်အမှန် မျက်နှာ‌ပေါ်တွင် ကြက်ခြေခတ် အမာရွတ်ပေါင်းများစွာ ပြည့်နှက်နေသည်။ ထို့ကြောင့် သူက တူညီသော မျက်နှာပုံစံရှိနေသော မျက်နှာဖုံးကိုသာ ကပ်ထားခြင်း ဖြစ်သည်။

သူ့ဆီတွင် ဒဏ်ရာအသစ်များ မရှိတော့သော်လည်း မျက်နှာက အမာရွတ်များ ၊ ဓားဒဏ်ရာများကြောင့် အလွန်ကြောက်စရာကောင်းနေခဲ့သည်။ နက်ရှိုင်းသော ဒဏ်ရာများက ပျောက်ကွယ်သွားရန် ခက်ခဲနေခဲ့၏။

"သူက ဒီမျက်နှာဖုံးကို ဝတ်ပြီး ပျက်စီးနေတဲ့ မျက်နှာကို ဖုံးကွယ်ထားတာပဲ…"

မုန့်ချီက သူ့လက်ထဲတွင် ကိုင်ထားသော မျက်နှာဖုံးပါးပါးလေးကို ကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။ မျက်နှာဖုံးကို သေချာဖန်တီးထားခြင်းဖြစ်၏။ အကယ်၍ သခင်လေးထန်ကသာ မသေခင် မျက်ရည်များ ကျမလာလျှင် သူလည်း ထိုအရာကို သတိထားမိရန် ခက်ခဲနိုင်သည်။

“မျက်နှာပေါ်မှာ ဒဏ်ရာတွေ အများကြီးပါလား။ ဒါက တိုက်ခိုက်ရင်း ရခဲ့တာတော့ မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က နှိပ်စက်ထားတာပဲ ဖြစ်နိုင်တယ်…”

မုန့်ချီက တစ်ယောက်တည်း ကောက်ချက်ချနေမိသည်။

အကယ်၍ သူတို့ကသာ တိုက်ခိုက်ရမည်ဆိုရင် ဓားဒဏ်ရာတစ်ခု နှစ်ခုသာ ရှိနိုင်၏။ မျက်နှာပေါ်တွင် ရှိနေသော ကြက်ခြေခတ် ဒဏ်ရာပေါင်းများစွာကြောင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားရနိုင်သည်။ ထိုဒဏ်ရာများကို တမင်တကာ လုပ်ဆောင်ခဲ့သည်မှာ သေချာ၏။

သခင်လေးထန်က သူ၏ စွန့်စားခန်းများ အကြောင်းပြောခဲ့သည့်အချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အကြောက်တရားများ ၊ စိုးရိမ်ထိတ်လန့်မှုများကို ကြားခဲ့ရသည်။ သူက ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးနှင့် သံလက်မကောင်းဆိုးဝါးတို့၏ တိုက်ပွဲကို ကြည့်နေသည့်အချိန်တွင် တခြားလုပ်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်၏။

ထိုအရာက အလွန် ရှုပ်ထွေးသော အရာတစ်ခုဖြစ်နိုင်သည်။ သခင်လေးထန်က ရန်မစသင့်သူ တစ်ယောက်ကို ရန်စမိခဲ့ပြီး မသိသင့်သည့် အရာတစ်ခုကို သိခဲ့ပုံရသည်။ ထို့ကြောင့် ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရပြီး လုပ်ကြံသူ၏ သတ်ဖြတ်ခြင်းနှင့် အဆုံးသတ်ခဲ့ရခြင်းဖြစ်၏။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် မုန့်ချီက မျက်နှာဖုံးကို အိတ်ထဲသို့ ထည့်လိုက်သည်။ သခင်လေးထန်၏အလောင်းကိုတော့ မြစ်ထဲသို့ ပစ်ချပြီး မြှုပ်နှံလိုက်၏။

"ဒီကိစ္စက ရှင်းရှင်းလင်းလင်းမရှိဘူး။ ငါ ဝင်ပါလို့ မရဘူး…"

မုန့်ချီက သက်ပြင်းချလိုက်မိပြီး ခြေရာလက်ရာများကို ရှင်းလင်း၍ အခန်းထဲသို့ ပြန်ရောက်သွားခဲ့၏။ သူက ထိုမျက်နှာဖုံးကို သံသရာကမ္ဘာကြီးထဲတွင် ဝတ်ဆင်ရန် စဉ်းစားထားခဲ့သည်။ ထိုသို့ဆိုလျှင် ရန်သူက ပင်မကမ္ဘာကြီးထဲတွင် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေသော သခင်လေးထန်ကိုသာ လက်တုန့်ပြန်ရန် လိုက်ရှာမည်ဖြစ်၏။

ရက်အနည်းငယ် ကြာပြီးနောက် လှေကြီးက ဆောင်းရာသီနယ်မြေကို ဖြတ်ကျော်လာပြီး နွေရာသီနယ်မြေကို ရောက်လာခဲ့သည်။ ဘေးနှစ်ဖက်တွင်လည်း တောင်တန်းကြီးများ ရှိနေပြီး အလွန်စိမ်းလန်းစိုပြေနေသော သစ်တောကြီးများနှင့် အော်ဟစ်ဆူညံနေကြသော မျောက်များ ၊ လူဝံများကို တွေ့လိုက်ရသည်။

သင်္ဘောကြီးက အလွန်မတ်စောက်သော တောင်ထိပ်များကို ဖြတ်ကျော်သွားပြီး လွင်ပြင်ကြီးတစ်ခုကို ရောက်လာခဲ့၏။ ထိုနေရာတွင်တော့ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှိနေသော မြေပြန့်လွင်ပြင်နှင့် အိမ်များ၊ လမ်းများ ရှိနေသည်။

အခန်းထဲတွင် ရှိနေသော မုန့်ချီက မိုးကြိုးအမှတ်အသား၏ အကူအညီနှင့် ခရမ်းမိုးကြိုးစွမ်းအား အခြေခံအဆင့်ကို ရောက်ရှိသွားခဲ့၏။ သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကိုပင် စတင်လေ့ကျင့်နေခဲ့သည်။

လှေကြီးက မြစ်ကို အထက်သို့ ဆန်တက်လာရသည့်အတွက် ရက်အနည်းငယ်ကြာပြီးနောက် ယီမြို့ကို ရောက်လာခဲ့သည်။ ယဲ့တူမြို့ကတော့ ရှေ့ဆက်သွားရမည်ဖြစ်၏။ မုန့်ချီက သံလက်မကောင်းဆိုးဝါးကို သတ်လိုက်သည့်အတွက် လူသိများနေပြီး မည်သူကမျှ သူ့ကို ပြဿနာမရှာရဲပေ။

ယီမြို့ကို ရောက်သည့်အချိန်တွင် အခန်းထဲ၌ အသုံးမဝင်သော အရာများကို ထားခဲ့လိုက်သည်။ သူက ညအချိန်တွင် ထွက်လာခဲ့၏။ ထိုသို့ဆိုလျှင် မည်သူကမျှ သတိမထားမိနိုင်တော့ပေ။

အထုတ်အပိုးများကို နောက်ကျောတွင် လွယ်လိုက်ပြီး မုန့်ချီက ဆွေမျိုးများဆီသို့ အလည်ရောက်လာသော စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်။ သူက အရုဏ်တက်ချိန်တွင် မြို့ဝင်ကြေးပေးပြီး ဝင်လာခဲ့သည်။

ထိုမြို့ကြီးက ကြီးမားမှုမရှိသော်လည်း အတော်လေးကို စည်ကား၏။ ချီကျန်းရန်ကိုလည်း အလွယ်တကူရှာ၍ ရသည်။ မုန့်ချီက သိုင်းလောကသား တစ်ယောက်ကို ဟွမ်ဟွာဓားဂိုဏ်းမှ မန်နေဂျာချီ၏ အကြောင်းကို မေးလိုက်ရာ သူသိချင်သော အချက်အလက်များကို သိခဲ့ရသည်။

သူက အေးအေးဆေးဆေး လျှောက်လာပြီး မြင်ကွင်းများကို လျှောက်ကြည့်နေခဲ့သည်။ သူက လမ်းတွင် သကြားရည်နှင့် ဖန်တီးထားသော စားစရာတစ်ခုကိုပင် ဝယ်ထားသေး၏။

ဟွမ်ဟွာစံအိမ်ဟူသော ဆိုင်းဘုတ်ကို မြင်သည့်အခါ မုန့်ချီက ဦးထုပ်နှင့် အဝတ်အစားများကို သေချာပြင်ဆင်လိုက်ပြီး အပြုံးနှင့် ဝင်သွားခဲ့သည်။

မနက်စောစောသာ ရှိနေသေး၏။ အပြာရောင်ဝတ်စုံ ဝတ်ထားသော ချီကျန်းရန်က ကုန်သည်များနှင့် လက်ထောက်များကို ခံစားချက်ကင်းမဲ့စွာ ညွှန်ကြားနေသည်။ ရုတ်တရက်ဆိုသလို အလွန်ဆွဲဆောင်မှုရှိသော လူငယ်တစ်ယောက် ဝင်လာ‌သည်ကို မြင်သည့်အခါ သူက အတော်လေးအံ့ဩသွားခဲ့၏။

အရယ်အပြုံး ကင်းမဲ့သော သူ၏ မျက်နှာပေါ်တွင် ထိုအမူအရာများကို တွေ့ရသည်မှာ အလွန်ရှားပါးသည်။ ကုန်သည်များနှင့် လက်ထောက်များကလည်း လှည့်ကြည့်လိုက်ကြ၏။

"အစ်ကိုဝမ်းကွဲ… ကျွန်တော်က အစ်ကို့ဆီ လာလည်တာ…"

ချီကျန်းရန်က အနည်းငယ် ရှုံ့မဲ့သွားပြီး ချက်ချင်းပင် မျက်နှာအမူအရာကို ပြင်ဆင်လိုက်သည်။ သူက အကြီးတစ်ယောက်၏ လေသံနှင့် ပြောလိုက်၏။

"ငါနဲ့လိုက်ခဲ့… "

သူက ပြန်လှည့်သွားပြီး အနောက်ဘက် ခြံဝန်းထဲသို့ ဝင်သွားခဲ့သည်။ မုန့်ချီက သူ့ဆီကို လာမည်ဟု ပြောထားခဲ့သော်လည်း ထိုမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

ကုန်သည်များနှင့် လက်ထောက်များကတော့ မန်နေဂျာ၏ ညီဝမ်းကွဲကို မြင်လိုက်ရသည့်အတွက် အလွန်အံ့ဩနေကြပုံရပေါ်ပြီး သူ့ကို နှုတ်ဆက်ရန်ပင် မေ့လျော့နေကြသည်။ ထို့ကြောင့် မုန့်ချီလည်း ရှုပ်ထွေးနေခဲ့၏။

အနောက်ဘက် ခြံဝန်းထဲတွင် ရှိနေသော အခန်းထဲသို့ ဝင်သွားပြီးနောက် ချီကျန်းရန်က မုန့်ချီကို ရေနွေးနှင့် ဧည့်ခံလိုက်သည်။

"ညီလေးမုန့် မင်းက ရွှမ်ဝူမြို့ထဲမှာ မဟုတ်ဘူးလား…"

မုန့်ချီက ရွှမ်ဝူမြို့ထဲတွင် ကျန်းယွင်ရှန်နှင့်အတူ အစားအသောက်များ ပတ်စားနေကြောင်း ပြောပြခဲ့သည်။

"အစ်ကိုကြီးကျန်းက တော်တော်လေး အလေးထားတာ ခံနေရတယ်။ ဒါကြောင့် ကျွန်တော်က သူ့ဆီကနေ ထွက်လာပြီး အစ်ကိုချီဆီကို လာခဲ့တာ။ အစ်ကိုချီက ကျွန်တော့်ကို မကြိုဆိုဘူးလား…"

မုန့်ချီက သူ့ကို စနောက်သလိုပြောလိုက်၏။

"ပြီးတော့ ကျွန်တော်တို့က အချင်းချင်း ညီအစ်ကိုဝမ်းကွဲလို့ ခေါ်သင့်တယ်လေ။ ဒါဆိုရင် ပိုကောင်းတယ် မဟုတ်လား…"

ချီကျန်းရန်၏ မျက်နှာလေးက လှုပ်ရှားသွား၏။

"ငါက အဲဒီလို ဆိုလိုတာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ငါ့ကို အရင်ဆုံး တိုင်ပင်သင့်တယ်…"

"ဘာပြဿနာရှိလို့လဲ… "

မုန့်ချီက ချီကျန်းရန်၏ အခြေအနေကို မေးလိုက်သည်။

သူက မွေးရပ်မြေတွင် သူ့မိဘများအတွက် မြေဝယ်ပေးခဲ့ပြီး သူတို့ကို ဤနေရာသို့ ခေါ်မထားခဲ့ပေ။ မည်သို့ဖြစ်စေကာမူ မန်နေဂျာရာထူးက တည်ငြိမ်မှုမရှိချေ။ သူက တခြားနေရာများကို စီမံခန့်ခွဲရန် စေလွှတ်ခံရနိုင်သည်။ သူ့မိဘများက အနားတွင် မရှိသည့်အတွက် သူ၏ညီဝမ်းကွဲအဖြစ် ဟန်ဆောင်သည်မှာ ပြဿနာမရှိနိုင်တော့ပေ။

ချီကျန်းရန်က ခေါင်းခါပြလိုက်၏။

"မကြာသေးခင်ကမှ ငါ့ရဲ့ ညီဝမ်းကွဲတစ်ယောက် ရောက်လာပြီး ပြဿနာတက်သွားခဲ့တယ်။ ဒါကြောင့် မင်းက ရုတ်တရက် ရောက်လာတဲ့ အချိန်မှာ သူတို့တွေက သတိထားနေကြတာ…"

"ဒါကြောင့်လည်း ကုန်သည်တွေနဲ့ လက်ထောက်တွေက ထူးဆန်းသလို ဖြစ်နေကြတာကိုး…"

မုန့်ချီက နားလည်သွားပြီး ချက်ချင်းပြောလိုက်သည်။

"အရင်တစ်ခေါက် ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ အစ်ကိုချီက တစ်ခုခု ဖြစ်နေတယ်ဆိုတာ သတိထားမိတယ်။ အဲဒါက ဘာလဲ… "

သူက ကျန်းကျိဝေ ပေးအပ်လိုက်သော တာဝန်ကို ပြည့်စုံအောင်လုပ်ရန် အခွင့်အရေး ရှာဖွေနေခဲ့သည်။

ချီကျန်းရန်က ပို၍ပင် မျက်နှာပျက်သွားခဲ့သည်။

"ပြောရမှာတော့ အရှည်ကြီးပဲ…"

"ဒါဆိုလည်း ဖြည်းဖြည်းချင်းပြောပေါ့…"

မုန့်ချီက ချီကျန်းရန်ကို စိုက်ကြည့်လိုက်သည်။

ချီကျန်းရန်က စားပွဲခုံကို တတောက်တောက် ခေါက်နေပြီး သူ၏အကြောင်းအရာများကို စ၍ ပြောပြလိုက်သည်။

"ယီမြို့ထဲမှာ ငါတို့ဂိုဏ်းရဲ့ မန်နေဂျာ နှစ်ယောက်ရှိတယ်။ တစ်ယောက်က ဦးဆောင်ပြီး တစ်ယောက်က ကူညီပေးရတာ…"

"ကျွန်တော်သိပါတယ်။ အစ်ကိုက လက်ထောက်မဟုတ်လား။ ခေါင်းဆောင်တဲ့ လူကတော့ အစ်ကို့ရဲ့ဆရာဦးလေးတစ်ယောက်လေ…"

မုန့်ချီက ပြန်ဖြေလိုက်သည်။

ချီကျန်းရန်က လက်နှစ်ဖက်ကို ဆုပ်လိုက်၏။

"ငါ ဒီနေရာကို ပထမဆုံး ရောက်လာခဲ့တဲ့ အချိန်မှာ ဆရာဦးလေးက ငါ့ကို ဘာမှ သင်မပေးခဲ့ဘူး။ အဲဒီနောက် ငါက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရိုးရိုးသားသားနေတာကို သူ တွေ့သွားတယ်။ ငါက ခြံဝန်းထဲကနေ အပြင်တောင် ထွက်မသွားတော့ ငါ့ကို ဆန်ဆိုင်နဲ့ ဂိုထောင်နည်းနည်း စီမံခန့်ခွဲဖို့ ခွင့်ပြုခဲ့တယ်…"

ဟွမ်ဟွာဓားဂိုဏ်းက ယီမြို့ထဲတွင် အလွန်ကျယ်ပြန့်သော လယ်ကွင်းများ ၊ သိုလှောင်ရုံများစွာနှင့် ဈေးဆိုင်များစွာကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအရာများက သိုင်းသခင်များအတွက်တော့ မည်သည့်အရာမျှ မဟုတ်ပေ။ သို့သော် ဉာဏ်အလင်းပွင့်မှုအဆင့် သာမန်တပည့်များအတွက်တော့ အရင်းအမြစ်ပြတ်လပ်မှု မရှိစေနိုင်သည့် ဘဝတစ်ခုဖြစ်သည်။

ထို့ကြောင့် ပထမဆုံး ဟွမ်ဟွာဓားဂိုဏ်းမှ ဆရာဦးလေးက သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး ချီကျန်းရန်၏ အားနည်းချက်များကို ရှာဖွေနေခြင်းဖြစ်သည်။ သူက သူ့နေရာကို မျက်စောင်းထိုးနေခြင်းဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ ချီကျန်းရန်က သိုင်းပညာကိုသာ လေ့ကျင့်ပြီး အတော်လေး ရိုးသားကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် အရေးမပါသော အရာတချို့ကို ခွဲပေးလိုက်၏။ အကယ်၍ သူက ထိုနေရာ၌ ဆက်မနေတော့ဘဲ မြန်မြန်ပြန်သွားမည်ဆိုလျှင် နောက်ထပ်လက်ထောက်တစ်ယောက် ရောက်လာနိုင်သည်။

"အစ်ကိုဝမ်းကွဲ …

အစ်ကိုက ဒီကိစ္စကို ဂရုစိုက်စရာမလိုပါဘူး။ ပြီးတော့ အကျိုးအမြတ်တွေက အစ်ကို့အတွက် ထင်မှတ်မထားတဲ့ ကံကောင်းမှုတွေပဲလေ။ အစ်ကိုက အဲဒီငွေကြေးတွေနဲ့ စိတ်ကြိုက်နေနိုင် စားနိုင်တာပေါ့…"

မုန့်ချီကတော့ သူ့ကို အကြိမ်ပေါင်းများစွာ အစ်ကိုဝမ်းကွဲဟု ခေါ်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက အပြင်ဘက်တွင် ထိုသို့ခေါ်ထားခဲ့၏။

ချီကျန်းရန်က ခေါင်းခါပြလိုက်သည်။

"ငါက လက်ရှိအခြေအနေကို တော်တော်လေး ကျေနပ်ပါတယ်။ ငါက ငါ့မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေအတွက် အိမ်ဝယ်ပေးဖို့ အပိုဝင်ငွေလည်း ရလာတယ်။ ဒါပေမယ့် ယီမြို့ထဲမှာရှိတဲ့ အခြေအနေတွေက ပြောင်းလဲသွားတယ်… "

"ဘယ်လိုမျိုးလဲ…"

အစ်ကိုချီက မည်သည့်အရာကို စိုးရိမ်နေခြင်းဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ သူက ပင်မကမ္ဘာကြီးထဲတွင် တည်ငြိမ်သော ဘဝတစ်ခု ဆုံးရှုံးသွားမှာကို ကြောက်လန့်နေခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် သူက လေ့ကျင့်နိုင်ခြင်း မရှိတော့ဘဲ သိုင်းပညာလည်း တိုးတက်နိုင်တော့မည်မဟုတ်ချေ။ ထို့နောက် သူက သံသရာကမ္ဘာကြီးထဲတွင် ပေးအပ်သော တာဝန်များကို ပြည်စုံနိုင်တော့မည် မဟုတ်တော့ချေ။

"ယီမြို့က သေးပေမယ့် ယဲ့တူမြို့ရဲ့ အထောက်အပံ့တွေရှိတယ်။ ကုန်သည်တွေ အများကြီးက ဒီမြို့လေးထဲမှာ အရောင်းအဝယ်တွေ လုပ်ကြတာ။ ဒီမြို့ထဲမှာတော့ ထန်မိသားစု ၊ ယဲ့မိသားစု ၊ လင်းမိသားစုနဲ့ ဝမ်မိသားစုဆိုပြီး အထက်တန်းလွှာမိသားစု (၄)ခုရှိတယ်။ ယဲ့မိသားစုနဲ့ လင်းမိသားစုကတော့ ကျိုးနိုင်ငံ ဝမ်မိသားစုကို အမှီပြုနေကြတယ်။ သူတို့တွေက ဒီနေရာမှာ ငါတို့ရဲ့လုပ်ငန်းတွေကို ဝါးမြိုချင်နေတာ။ ထန်မိသားစုနဲ့ ဝမ်မိသားစုကတော့ ငါတို့ဂိုဏ်းနဲ့ ပတ်သက်နေတယ်။ ငါတို့က ပူးပေါင်းပြီး ယီမြို့ထဲမှာရှိတဲ့ မျှခြေကို ထိန်းသိမ်းထားရတာပဲ… "

ချီကျန်းရန်၏ လျှို့ဝှက်အကြောက်တရားများကို မုန့်ချီက တဖြည်းဖြည်း သိလာရသည်။

"လွန်ခဲ့တဲ့ တစ်လလောက်မှာ ထန်မိသားစုရဲ့ သခင်ကြီးက ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်ခဲ့တယ်။ ကိစ္စရပ်တွေ အများကြီးကိုလည်း ထိန်းချုပ်လို့ မရတော့ဘူး။ သူ့ရဲ့သားတွေကလည်း အချင်းချင်း တိုက်ခိုက်နေကြတယ်။ တချို့က ဝမ်မိသားစုကို မှီခိုချင်ကြတယ်။ တချို့ကတော့ ငါတို့ဂိုဏ်းကို သူတို့အတွက် ရပ်တည်ပေးစေချင်ကြတယ်။ လူတိုင်းက စိုးရိမ်ထိတ်လန့်နေပြီး ကိုယ်စီ ကိုယ်စီ အကြံတွေနဲ့လေ…။ အဲဒီအချိန်ကတည်းကစပြီး ဝမ်မိသားစုက ငါတို့နဲ့ ခွာသွားပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိရတော့ဘူး…"

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"တကယ်လို့ ဟွမ်ဟွာဓားဂိုဏ်းကသာ တစ်ယောက်ယောက်ကို ထောက်ပံ့ပေးနိုင်မယ်ဆိုရင် စိုးရိမ်စရာမလိုတော့ဘူး မဟုတ်လား…"

"အဲဒါက ငါတို့လုပ်ချင်တဲ့ အရာတစ်ခုပဲ။ ဒါပေမယ့် ငါတို့က တစ်ယောက်ယောက်ကို ထောက်ပံ့ချင်တယ်ဆိုရင်တောင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလိမ့်မယ်။ ငါက ယီမြို့ထဲမှာရှိတဲ့ ပညာရှင်အများစုကို မကြောက်ဘူး။ ဒါပေမယ့် ငါ့ရဲ့ထူးခြားတဲ့ သိုင်းပညာကြောင့် နေ့ခင်းကြောင်းတောင် အစွမ်းကုန် တိုက်ခိုက်လို့မရနိုင်ဘူး။ မဟုတ်ရင် လူ‌တွေက သံသယ ဝင်လာလိမ့်မယ်… "

ချီကျန်းရန်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

ဖရိုဖရဲကျင့်စဉ်က သံသရာအရှင်သခင်၏ စာရင်းထဲတွင် ပြိင်ဘက်ကင်း သိုင်းကျင့်စဉ်တစ်ခု ဖြစ်သည်။ တခြားသော သိုင်းပညာများနှင့် မတူသည်မှာ ထိုအရာက အလွန်အံ့ဩစရာကောင်းပြီး အစွမ်းထက်၏။

ချီကျန်းရန်က တံခါး(၄)ပေါက်သာ ပွင့်နေပြီး နှာခေါင်းတံခါးပွင့်လုနီးပါး ‌ဖြစ်နေသော်လည်း စိမ်းပြာနှင်းမုန်တိုင်းသိုင်းကွက်ကို အခြေခံနားလည်ထားသည်။ သူက တံခါး (၆)ပေါက် ၊ (၇)ပေါက်နှင့် တံခါး (၈)ပေါက် ပွင့်နေသော ပညာရှင်အများစုကိုပင် အနိုင်ရနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

မုန့်ချီက ရယ်လိုက်၏။

"ဒါက အသေးအဖွဲပါ။ ကျွန်တော်က အစ်ကိုချီအတွက် တိုက်ခိုက်ပေးလို့ရတယ်။ တကယ်လို့ အစ်ကိုနဲ့ အစ်ကို့ရဲ့ ဆရာဦးလေးတို့ ပွင့်ပွင့်လင်းလင်း ကိုင်တွယ်လို့မရတဲ့ ရန်သူတွေနဲ့တွေ့ရင် ကျွန်တော် ကူညီပေးမယ်…"

"ကောင်းပြီ…"

ချီကျန်းရန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာ၌ မုန့်ချီ ရှိနေသည့်အတွက် သူ၏စိုးရိမ်မှု အများစု ပျောက်ကွယ်သွားနိုင်၏။

"အစ်ကို့ရဲ့ ညီဝမ်းကွဲက ဘာဖြစ်သွားတာလဲ…"

မုန့်ချီက ပြန်မေးလိုက်သည်။

ချီကျန်းရန်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး စိတ်ပျက်မှုတစ်ခုပေါ်လာခဲ့၏။ သူက ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ငါ့ရဲ့ညီဝမ်းကွဲ ယီမြို့ကို ရောက်လာတယ်။ ဒါပေမယ့် သူ့ရဲ့ခြေတွေလက်တွေမှာ ရှိတဲ့ သွေးကြောကို ယဲ့မိသားစုမှာရှိတဲ့ တစ္ဆေအရိပ်ဓား လီဆွေက ဖြတ်ပစ်လိုက်တယ်။ ငါတို့တွေဆီမှာ မျက်မြင်သက်သေတွေ ၊ ပစ္စည်းသက်သေတွေ ရှိတယ်။ ဒါပေမယ့် ငါတို့က သူတို့ကို တမင်တကာ ထောင်ချောက်ဆင်နေတာလို့ ယဲ့မိသားစုက ပြောနေတယ်။ သူတို့ဘက်မှာ လီဆွေကို ကာကွယ်ဖို့အတွက် လူတစ်ယောက်လည်း ရှိနေသေးတယ်။ ယဲ့မိသားစုနဲ့ ငါတို့ဂိုဏ်းရဲ့ ပြဿနာတွေကို ရှောင်တိမ်းဖို့ ၊ ဝမ်မိသားစု ဝင်ပါတာကို တားဆီးဖို့အတွက် ဆရာဦးလေးက ငါ့ညီဝမ်းကွဲရဲ့ဒဏ်ရာကိုပဲ အရင်ဆုံးကုသဖို့ ဖျောင်းဖျခဲ့တယ်။ ဒီကိစ္စကိုတော့ ဘာမှမလုပ်ပေးဘူး။ ထန်မိသားစုရဲ့ ပြဿနာတွေ ပြေလည်သွားမှပဲ ဒီကိစ္စကို ဖြေရှင်းပေးမယ်လို့ ပြောသွားတယ်… "

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟွမ်ဟွာဓားဂိုဏ်းရဲ့ သဘောထားကရော ဘယ်လိုရှိလဲ… "

"ဆရာဦးလေးက ဒီကိစ္စကို သတင်းမပို့ခဲ့ဘူး…"

ချီကျန်းရန်က မျက်နှာပျက်နေသည်။

"ငါက ငါ့ညီဝမ်းကွဲကို မွေးရပ်မြေဆီ ပြန်ပို့ပြီး ကုသခိုင်းခဲ့တယ်။ သူ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားမယ်ဆိုရင်တောင် သိုင်းပညာတော့ မသုံးနိုင်တော့ဘူး…"

မုန့်ချီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

"မိသားစု (၄)ခုရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ… "

"သူတို့ မိသားစု (၄)ခုမှာ အဖိုးတန်လက်နက်တွေ ရှိကြတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာအတွင်း ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်မှ မတွေ့ဖူးဘူး။ ဒါကြောင့် သူတို့ရဲ့လွှမ်းမိုးမှုက ယီမြို့ထဲမှာပဲ ရှိနေတာလေ… "

ချီကျန်းရန်က အကြမ်းဖျင်း ပြောပြလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းလွှာ မိသားစုတွေမှာ အရင်းအမြစ်တွေ အတွေ့အကြုံတွေ မနည်းဘူး။ ပြီးတော့ တံခါး (၈)ပေါက် ၊ တံခါး (၉)ပေါက်ပွင့်နေတဲ့ ပညာရှင်တွေလည်း များတယ်…"

မုန့်ချီက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ဒီကိစ္စကို ထပ်မပြောနဲ့တော့ အစ်ကိုဝမ်းကွဲ။ ကျွန်တော် ရောက်လာတဲ့အတွက် အသောက်အစားနဲ့ ကြိုဆိုရမှာ မဟုတ်လား…”

“ငါအခုပဲ မင်းအတွက်သွားပြီး အရက်ကောင်းကောင်း ဝယ်လိုက်မယ်…"

ချီကျန်းရန်က အပြုံးနှင့်ပြောလိုက်၏။

မုန့်ချီက ရယ်လိုက်သည်။

"ဒါနဲ့ ယီမြို့ထဲမှာ အရသာရှိတဲ့ စားစရာ ဘာရှိလဲ။ ကျွန်တော်တို့ သောက်ဖို့အတွက် ကျွန်တော်ပဲ သွားဝယ်လိုက်မယ်…"

"အနားမှာ ဝူဖန်းစားသောက်ဆိုင်ရှိတယ်။ အဲဒီမှာ ဝက်သားနဲ့ အမဲစပ်က တော်တော်လေးကို ကောင်းတယ်…"

ချီကျန်းရန်က ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

မုန့်ချီက အနောက်ဘက် ခြံဝန်းထဲမှ ထွက်သွားပြီး ကုန်သည်များနှင့် လက်ထောက်များ စိုက်ကြည့်နေကြသည့်အချိန်တွင် လမ်းပေါ်သို့ တက်သွားခဲ့သည်။ သူက အနီးအနားတွင် ဖြတ်သွားသော လမ်းသွားလမ်းလာ တစ်ယောက်ကို တားပြီး မေးလိုက်၏။

"မိတ်ဆွေ … ယဲ့မိသားစုက ဘယ်နေရာမှာလဲ ဆိုတာသိလား…. "

Translated by Hein Htet.

All Chapters