← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

ယဲ့မိသားစုက ထိပ်တန်းအထက်တန်းလွှာ မိသားစုတစ်ခု ဖြစ်သည့်အတွက် လူတိုင်းက သူတို့စံအိမ်ရှိသည့်နေရာကို သိနေကြသည်။ ထို့ကြောင့် မုန့်ချီက ထိုစံအိမ်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားနိုင်ခဲ့၏။

ထိုစံအိမ်က မြို့ကို ဖြတ်စီးသွားသော မြစ်ကို နောက်ကျောပေးထားပြီး လမ်းမကြီးနှင့် အနည်းငယ် ဝေးကွာနေသည်။ ပတ်ပတ်လည်တွင် ရှိနေသော အစိမ်းရောင်သစ်ပင်ကြီးများက နေရောင်ခြည်ဒဏ်မှ ကာကွယ်ထားပြီး ငှက်ကလေးများ၏ ကျီကျီကျာကျာ အော်သံများကိုလည်း ကြားနေရသည်။ မနက်ခင်း ဈေးထဲတွင် ဆူညံလှုပ်ရှားနေသော အသံများနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ဤနယ်မြေက အလွန်တည်ငြိမ်အေးချမ်းနေခဲ့၏။

ယဲ့စံအိမ်၏ တံခါးကိုတော့ အစောင့် (၁၀)ယောက်ခန့် စောင့်နေကြသည်။ တချို့ကတော့ လှည့်ပတ်၍ ကြည့်နေပြီး တချို့ကတော့ အားအင်အပြည့် ရှိနေကြသည်။

အစောင့်ခေါင်းဆောင် (၂)ယောက်က တံခါး (၄)ပေါက် အဆင့်ရှိနေသည့်အတွက် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခု၏ အစွမ်းကို ရှင်းရှင်းလင်းလင်း ပြသနေကြ၏။

မုန့်ချီက ယဲ့စံအိမ်၏ နံရံပတ်ပတ်လည်ကို ကြည့်လိုက်ရာ ယဲ့စံအိမ် အပြင်ဘက်တွင် နေရာချထားသော အစောင့်များက နန်းတွင်းနှင့် အိမ်ရှေ့မင်းသား၏ စံအိမ်ထက်ပင် ပို၍ နည်းပါးကြောင်း တွေ့လိုက်ရသည်။

မည်သို့ဖြစ်စေကာမူ စံအိမ်ထဲတွင် ရှိနေသော စံအိမ်သခင်နှင့် တခြားအရေးပါသော ပညာရှင်များက တံခါး (၈)ပေါက် တံခါး (၉)ပေါက် အဆင့် ပွင့်နေသော ပညာရှင်များ ဖြစ်ကြသည်။ သူတို့က တိုက်ခိုက်မှု အများစုကို ကိုယ်တိုင်ရင်ဆိုင်နိုင်ကြ၏။ ထို့ကြောင့် အရေးပါသော ခြံဝန်းများတွင်သာ အစောင့်တချို့ ချထားရန် လိုအပ်သည်။

သခင်လေးများ၏ ကိုယ်ရံတော်များဖြစ်သော ပညာရှင်များနှင့် စံအိမ်ထဲတွင် နေ့စဉ်ကင်းလှည့်နေသော ပညာရှင်များက လွဲလျှင် အပြင်ဘက်၌ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ မလိုအပ်ချေ။ သူတို့ဆီတွင် ထိုကဲ့သို့ အရာမျိုး လုပ်ဆောင်ရန် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်အလုံအလောက်လည်း မရှိခဲ့ချေ။ နန်းတွင်းနှင့် အိမ်ရှေ့မင်းသား၏ စံအိမ်တွင်တော့ မြောက်များလွန်းလှသော ပညာရှင်များ စုစည်းနေသည်။

မုန့်ချီက သစ်ပင်များ ဖုံးအုပ်နေသော နယ်မြေသို့ လျှောက်သွားခဲ့ပြီး ခဏကြာ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ထို့နောက် ဘယ်လက်ကို အားပြု၍ နံရံကို ခုန်ကျော်လိုက်ပြီး တောင်ကုန်းတုတစ်ခု၏ နောက်တွင် ဆင်းသက်လိုက်သည်။

သိပ်မကြာခင် တာဝန်အရ ကင်းလှည့်လာသော အစောင့်အဖွဲ့တစ်ခု ဖြတ်ကျော်သွား၏။ အရုဏ်တက်ချိန် ရောက်နေပြီဖြစ်သည့်အတွက် သူတို့က အလွန်စိတ်အေးနေကြသည်။ ထို့ကြောင့် မုန့်ချီက အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ကိုပင် သုံးရန် မလိုခဲ့ဘဲ သူတို့တွေ အဝေးသို့ ပျောက်ကွယ်သွားသည့်အချိန်ထိ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် မုန့်ချီက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကို အသက်သွင်းလိုက်ရာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက အနားတွင် ရှိနေသော ခြံဝန်းထဲသို့ ပြေးဝင်သွားခဲ့၏။

ခြံဝန်းထဲတွင်တော့ အစောင့်တစ်ယောက်က မနက်ခင်းလေ့ကျင့်မှု လုပ်ဆောင်နေပြီး သူ၏ကြေးနီရောင် အသားအရေပေါ်တွင် ချွေးများ စိုရွှဲနေသည်။ ရုတ်တရက်ဆိုသလို သူ၏မျက်လုံးများက ဝေ‌ဝါးသွားခဲ့၏။

အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က သူ့အနားသို့ ရောက်လာခဲ့သည်။ သူကတော့ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလို ခံစားနေရ၏။

သူက ထိုလူ၏မျက်နှာကို ကြည့်ပြီး အော်ဟစ်အကူအညီ မတောင်းရသေးခင် နှင်းပျော်သွေးကြောလက် သိုင်းပညာနှင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် လဲကျသွားခဲ့သည်။

မုန့်ချီက သူ၏ စိတ်ဝိညာဉ်ကို ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားခဲ့၏။ သူက စိတ်နှင့်ခန္ဓာကိုယ်ကလည်း တစ်သားတည်း ပေါင်းစပ်နေပြီး အစောင့်နှင့် မျက်လုံးချင်းစုံ၍ ကြည့်လိုက်သည်။ အစောင့်ကတော့ မည်သည့်အရာကိုမျှ မမြင်ရဘဲ အလွန်နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ တွေ့နေရသည်။

ပထမတွင်တော့ သူက အလွန်တည်ငြိမ်အေးချမ်းသော ရေကန်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သေချာစစ်ဆေးကြည့်လိုက်ရာ ထိုမျက်လုံးထဲတွင် ဝဲဂယက်များ ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို စုပ်ယူနေသလို ခံစားနေရသည်။

သူ့ရှေ့တွင် ရှိနေသော လူက တဖြည်းဖြည်းပို၍ အရပ်ရှည်လာပြီး ပို၍ ကြီးမားလာသည်။ သူက တစ်ကမ္ဘာလုံးတွင် တစ်ယောက်တည်းသာ ရှိသည့်အလား အလွန်ကြောက်စရာကောင်းသည့် အခြေအနေမျို ရောက်လာခဲ့၏။

မုန့်ချီက အစောင့်၏ အသံသွေးကြောကို ဖွင့်ပေးလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"တစ္ဆေအရိပ်ဓား လီဆွေက ဘယ်ခြံဝန်းထဲမှာလဲ။ ငါက အဲဒီကို ဘယ်လို သွားရမှာလဲ"

အစောင့်က မုန့်ချီ၏ စွမ်းအားကို ရင်ဆိုင်တိုက်ခိုက်ရန် သူ၏ ချီစွမ်းအင်များကို အသက်မသွင်းနိုင်ခဲ့ပေ။ သူက မှင်တက်နေသည့် အမူအရာနှင့် ပြန်ဖြေလိုက်၏။

"သူက သစ်ခွရနံ့ ခြံဝန်းထဲမှာပါ။ အဲဒီအထဲမှာ ပြင်ပပညာရှင်တွေ အများကြီး ရှိတယ်။ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ တံတားလေးကို ဖြတ်သွားပြီးရင် ညာဘက်ကို လှည့်လိုက်ပါ။ တတိယတစ်ခုက သူ့ရဲ့ ခြံဝန်းပါပဲ… "

သူက လီဆွေကဲ့သို့သော တံခါး (၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်နှင့် ပတ်သက်၍ အသေးစိတ် ပြောပြနေခဲ့သည်။ ပြင်ပပညာရှင်အများစုက အနိမ့်ဆုံး တံခါး(၆)ပေါက်အဆင့် ရှိနေကြပြီး သူ့ကို တွေ့သွားမည်ဆိုလျှင် ပတ်ပတ်လည်မှ ဝိုင်း၍တိုက်ခိုက်ကြပါလိမ့်မည်။

မုန့်ချီကတော့ အပြစ်မရှိသူကို သတ်ဖြတ်လိုခြင်း မရှိပေ။ ထို့ကြောင့် လမ်းကြောင်းနှင့် ပတ်သက်ပြီး လိုအပ်သော သတင်းအချက်အလက်များကို ရသွားပြီးနောက် အစောင့်၏ သွေးကြောများကို ပိတ်ပြီး သူ့ကို အခန်းထဲသို့ ပစ်ထည့်ထားခဲ့သည်။

ထို့နောက် လက်နောက်ပစ်ပြီး သစ်ခွရနံ့ ခြံဝန်းထဲသို့ ဆက်ထွက်လာခဲ့၏။ အစိမ်းရောင်အဝတ်ကတော့ လေထဲတွင် အတော်လေး လှုပ်ရှားနေခဲ့သည်။ လမ်းတလျှောက်တွင် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်တို့ကို လေ့ကျင့်ခဲ့ပြီးနောက် မုန့်ချီ၏ အာရုံခံစွမ်းရည်များက ပို၍ ထက်မြက်လာပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကလည်း ပို၍ အစွမ်းထက်လာသည်။

ကင်းလှည့်သည့်အဖွဲ့များက အနားသို့ ရောက်လာကြောင်း အာရုံခံမိသည့်အချိန်တိုင်း သူက ထိုလူများကို ရှောင်တိမ်းနိုင်ခဲ့၏။ သူက အလွန်လျင်မြန်စွာ ပြေးနေသော်လည်း သူ့ပုံစံကို ကြည့်ရသည်မှာ အေးအေးဆေးဆေး လမ်းလျှောက်သွားနေသလို ခံစားနေရသည်။

အလွန်ထူးခြားသော ပုံရိပ်ယောင် ခန္ဓာကျင့်စဉ်ကြောင့် တစ်စုံတစ်ယောက်က သူ့ကို တွေ့သွားမည်ဆိုလျှင်ပင် သူတို့၏မျက်လုံး ဝေဝါးနေခြင်းကြောင့် ပုံရိပ်ယောင်တစ်ခုဟုသာ ယုံကြည်နေကြပါလိမ့်မည်။

ခဏကြာပြီးနောက် မုန့်ချီက သစ်ခွရနံ့ခြံဝန်းဟူသော ခြံဝန်းနှင့် ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသည်။ သူက ခြံဝန်းထဲသို့ ဝင်တော့မည့်အချိန်တွင် ဘေးနားရှိ ခြံဝန်းတံခါးက ပွင့်သွားပြီး ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက် ထွက်လာကြောင်း တွေ့လိုက်ရသည်။

သူက အနည်းဆုံး တံခါး (၇)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏ လှုပ်ရှားမှုများက အသံမထွက်ချေ။ မုန့်ချီက လှုပ်ရှားလိုက်ရာ သူ၏ အရိပ်က ပုံရိပ်ယောင်တစ်ခုသဖွယ် ဖြစ်သွားပြီး ကိုယ်ပျောက်စွမ်းရည်ကိုလည်း သုံးလိုက်သည်။ ထို့နောက် ဓားအိမ်နှင့် ဓားကို ဝှေ့ယမ်းပြီး အဘိုးအိုကို တိုက်ခိုက်လိုက်၏။

ဆံဖြူအဘိုးအိုကတော့ အလစ်ချောင်း တိုက်ခိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက အစိမ်းရောင်အလင်းတန်းလေးတစ်ခုကိုသာ မြင်လိုက်ရပြီး ချက်ချင်းဆိုသလိုပင် သူ့ရှေ့၌ ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော ဓားအိမ်ကလည်း မနက်ခင်း နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေသည်။

အရိပ်ကလည်း ပြောင်းလဲနေသည့်အတွက် သူ၏မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်နေ၏။ ဓားရှည်က ဆက်တိုက်ပြောင်းလဲနေပြီး ပုံရိပ်ယောင်များက ထင်ရှားနေသည့်အတွက် လမ်းကြောင်းကိုပင် သေချာမပြောနိုင်တော့ဘဲ အခြေအနေကို နားလည်သွားခဲ့သည်။ သူက တိုက်ခိုက်မှုကို လုံးဝမတုန့်ပြန်နိုင်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်တိုင်းကို ရင်ဆိုင်ရန် မလွယ်ကူခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူသာ သေဆုံးသွားနိုင်၏။

အဘိုးအိုကတော့ အကူအညီတောင်းရန် မစဉ်းစားမိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်ခုလုံးက ထိုဓားချက်ကို ခုခံရန်သာ အာရုံစိုက်နေခဲ့သည်။ သူ၏ နဖူးပေါ်မှနေ၍ ချွေးစေးများ ကျဆင်းလာနေပြီး နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်သွားရာ နောက်ကျောနှင့် တံခါးကို မှီထားလိုက်ရသည်။

ထို့နောက် လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းလိုက်၏။ သူက ဓားရှည်၏ ပြောင်းလဲမှုများကို ခက်ခက်ခဲခဲ ရင်ဆိုင်လိုက်ရသည်။

ရုတ်တရက်ဆိုသလို ဓားအရိပ်များက ပျောက်ကွယ်သွားပြီး ဓားရှည်ကတော့ အလွန်ရိုးရှင်းသော အခြေအနေကို ရောက်သွားခဲ့၏။ ထိုဓားရှည်က အဘိုးအို၏ လက်ဖဝါး အလယ်တည့်တည့်ကို ရောက်လာခဲ့သည်။

အဘိုးအိုက အချိန်မီ လှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက် လက်ဖဝါးထဲတွင် စွမ်းအားများကို စုစည်းပြီး ဓားထိပ်ဖျားကို ခုခံရန်ကြိုးစားလိုက်သည်။

ထိုအချိန်တွင် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ဓားထိပ်ဖျားတွင် မည်သည့်အရာမျှ မရှိသလို စွမ်းအားလည်း မရှိတော့ချေ။ ထိုနေရာက လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ သူ၏လက်ဖဝါးထဲမှနေ၍ ထွက်ပေါ်လာသော စွမ်းအားများကလည်း ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

အလွန်အမင်းကို အားနည်းနေသော အခြေအနေကြောင့် သူလည်း ရှေ့သို့ ယိုင်ကျသွားခဲ့သည်။ ထိုအချိန်တွင် ဓားထိပ်ဖျားမှနေ၍ အလွန်များပြားသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

အလွန်ထူးဆန်းနေသည်မှာ ဓားထိပ်ဖျားမှ ထွက်လာသော စွမ်းအင်လှိုင်းလုံးများကို သူက အလွန်ရင်းနှီးနေခဲ့၏။ ထိုအရာက သူ၏လက်ဖဝါးထဲတွင် စုစည်းထားခဲ့သော စွမ်းအားများဖြစ်သည်။

အဘိုးအိုက သူ၏ စွမ်းအားများကို ပြန်မရနိုင်သေးခင် ဓားထိပ်ဖျားမှ ထွက်လာသော ချီစွမ်းအားများက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ ထိုစွမ်းအားများက သူ၏ ပင်မသွေးကြောများအားလုံးကို ပိတ်လိုက်သည့်အတွက် သူလည်း မြေပေါ်သို့ လဲကျသွားခဲ့၏။

မုန့်ချီကတော့ မည်သည့်အရာကိုမျှ ဂရုမစိုက်န်ုင်ခဲ့ပေ။ သူက အခွင့်အရေးကို အရယူပြီး သစ်ခွရနံ့ ခြံဝန်းထဲသို့ ခုန်ဝင်လိုက်၏။ ထို့နောက် ဘယ်ဘက်တွင် ရှိနေသော အခန်းထဲသို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ ထိုခြံဝန်းထဲတွင်တော့ ပညာရှင်တစ်ယောက်၏ အသက်ရှူသံကို ကြားနေရ၏။

အစေခံမိန်းကလေးတစ်ယောက်က ကြေးနီရောင် ဇလုံကြီးတစ်လုံးကို ကိုင်ပြီး ခြံဝန်းထဲ၌ လျှောက်လာနေသည့်အချိန်တွင် အစိမ်းရောင်အရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ သို့သော် သူမက မျက်တောင်ခတ်လိုက်သည့် အချိန်တွင် အရိပ်က ပျောက်ကွယ်သွားခဲ့၏။

နေ့အချိန်ဖြစ်နေသော်လည်း သူမက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသလို ခံစားလိုက်ရသည်။ သူမက တစ္ဆေသရဲတစ်ကောင်ကို တွေ့လိုက်ရခြင်းပေလော။

အကယ်၍ သူကသာ ခြံဝန်းထဲ၌ လှုပ်ရှားလိုက်မည်ဆိုလျှင် လီဆွေက သတိထားမိသွားပြီး ထွက်ပြေးသွားနိုင်သည်။

"ဒုန်း…"

သူမက တံခါးကို စိုက်ကြည့်လိုက်သည့်အချိန်တွင် တံခါးက ကန်ဖွင့်ခံလိုက်ရကြောင်း တွေ့လိုက်ရ၏။ ထိုအချိန်တွင် အစိမ်းရောင်အရိပ်က ဆရာကြီးလီ‌ဆွေ၏ အခန်းထဲသို့ ပြေးဝင်သွားကြောင်းမြင်လိုက်ရသည်။

လီဆွေက အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ပြီး သူ၏ ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ သူ၏ ဒူးနှစ်ဖက်ပေါ်တွင်လည်း အလွန်ပါးလွှာပြီး ရှည်လျားသော ဓားတစ်ချောင်းကို ကန့်လန့်ဖြတ်တင်ထားခဲ့၏။

တံခါးကို အားနှင့် တွန်းဖွင့်လိုက်သည့် အသံကို ကြားသည့်အခါ သူက ဓားလက်ကိုင်ကို ကိုင်ပြီး နေရာမှထရန် ပြင်စဉ်လိုက်သည်။ ထိုအချိန်တွင် ဓားရှည်တစ်လက်၏ ထိပ်ဖျားက သူ့ခေါင်းနှင့် (၅)လက်မခန့်အကွာကို ရောက်လာကြောင်း တွေ့လိုက်ရ၏။ ထိုဓားက အလွန်ထူးဆန်းလွန်းလှပြီး သူ၏ ပစ်မှတ်များက လေထဲတွင် အနည်းငယ် ဝေးနေသေးသလို ထင်မှတ်ရ၏။

သို့သော် လီဆွေကတော့ အလွန်ကြောက်စရာကောင်းသော အခြေအနေတစ်ရပ်ကို နားလည်သွားသည်။ သူသာ နေရာမှ ထလိုက်မည်ဆိုလျှင် သူ၏ခေါင်းတည့်တည့်ကို ဓားဦးက ထိုးဖောက်သွားပါလိမ့်မည်။ ထိုအရာက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ခြင်းနှင့် တူညီနေ၏။

ထို့ကြောင့် သူလည်း ပေါင်တစ်ထောင် ကျဆင်းခြင်းစွမ်းရည်ကို သုံးပြီး လေထဲသို့ ခုန်ထလိုက်သည့်အရှိန်ကို ချက်ချင်း ရပ်တန့်လိုက်သည်။ ဓားရှည်ကိုလည်း ဒေါင်လိုက် ဝှေ့ယမ်းပြီး ရန်သူကို နောက်ဆုတ်သွားအောင် ကြိုးစားလိုက်သည်။

ထိုဓား၏ ပေါ့ပါးမှုက အလွန်သိသာထင်ရှား၏ ။ သို့သော် အစစ်အမှန် ဓားသွားကိုတော့ အမှောင်ထုက ဖုံးလွှမ်းထားသည့်အတွက် အမှန်တကယ်ကို တစ္ဆေအရိပ်ဓားဟု ခေါ်ဆိုနိုင်သည် ။

မုန့်ချီ၏ ဓားထိပ်ဖျားက အောက်ဘက်သို့ စိုက်လာနေသည့်အတွက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဘက်သို့ တွန်းပို့နေသလို ဖြစ်နေခဲ့သည်။ သူ့ခေါင်းက မြေပြင်သို့ ဦးတည်နေပြီး ခြေထောက်က လေထဲတွင် ရှိနေသည့်အတွက် သူ့ပုံစံက ဇောက်ထိုးဖြစ်နေသည်။

ထို့ကြောင့် သူက လီဆွေ၏ ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့ပြီး သူ၏ ခေါင်းကို တည့်တည့် တိုက်ခိုက်နိုင်ခဲ့သည်။ သူ တိုက်ခိုက်သည့်ပုံစံက အလွန်ထူးခြားပြီး မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

"သွားပြီ။ ငါက သူ့ထောင်ချောက်ထဲကို ကျသွားပြီ…"

လီဆွေက ပေါင်တစ်ထောင်ကျဆင်းခြင်းစွမ်းရည်ကို သုံးလိုက်ပြီး ခန္ဓာကိုယ် အောက်သို့ ပြန်ကျလာအောင် ကြိုးစားလိုက်သည့်အချိန်တွင် သူ့ခေါင်းဆီကို ဦးတည်လာနေသော ဓားနှင့် ရင်ဆိုင်ရသည့်အတွက် စိန်ခေါ်မှုကြီးတစ်ခု ကြုံလိုက်ရသည်။ ထို့ကြောင့် သူလည်း ရွေးချယ်စရာ မရှိတော့ပဲ အံကြိတ်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ယိမ်းလိုက်ရ၏။

ထိုအချိန်တွင် မုန့်ချီက ဓားလက်ကိုင်ကို လွှတ်လိုက်သည်။ ဓား၏အရှိန်က အလွန်လျင်မြန်လွန်းလှ၏။ ဓားက လီဆွေ၏ နောက်စေ့ကို ထိုးဖောက်သွားခဲ့ပြီး ကြမ်းပြင်တွင် စိုက်သွားခဲ့သည်။ လီဆွေ၏ ခန္ဓာကိုယ်ကတော့ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့၏။

မုန့်ချီက သူ့ဓားကို သိမ်းလိုက်ပြီး လီဆွေ၏ ဓားကို ယူ၍ အခန်းထဲမှ ထွက်သွားခဲ့သည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲက စက္ကန့်ပိုင်းလေးသာ ကြာမြင့်ပြီး အစေခံမိန်းကလေးကတော့ တုန့်ပြန်ရန် အချိန်မရခဲ့ပေ။

သူမက အသတ်ခံလိုက်ရသော ဆရာကြီး လီဆွေကို ကြည့်နေမိသည်။ မှင်တက်နေရာမှ သူမ သတိပြန်ဝင်လာသည့်အချိန်တွင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"လုပ်ကြံသူ… "

သူမ၏ အော်သံက အနီးအနားခြံဝန်းထဲတွင် ရှိနေသော ပြင်ပသိုင်းပညာရှင်များကို သတိပေးလိုက်သလို ဖြစ်သွားခဲ့၏။ သူတို့က လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ကြပြီး အိမ်ထဲမှ ထွက်လာကြသည်။ သူတို့က အသံကြားသည့်နေရာကို ချက်ချင်းပင် ပြေးလာခဲ့ကြ၏။

မုန့်ချီကတော့ အစေခံမိန်းက‌လေးကို ကျော်သွားခဲ့ပြီး ခြံဝန်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။ သူက နောက်ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိဘဲ ပုံရိပ်ယောင် ခန္ဓာကျင့်စဉ်ကို အမြင့်ဆုံး အသုံးပြုထားသည့်အတွက် အစိမ်းရောင်အဝတ်အစားများက လေထဲတွင် လှုပ်ရှားနေသည်။

တခဏအတွင်း သူက တခြားကမ္ဘာမှ လူသားတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ကင်းလှည့်နေသော အစောင့်များကို ဖြတ်ကျော်၍ သူဝင်လာခဲ့သော တောင်ကုန်းတုလေး၏ အနားသို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် ပြင်ပပညာရှင်များက သစ်ခွရနံ့ခြံဝန်းထဲသို့ ရောက်လာရုံသာ ရှိကြသေး၏။ သူတို့မြင်လိုက်ရသော မြင်ကွင်းကတော့ အလွန်ကြောက်လန့်နေသော အစေခံ မိန်းကလေးတစ်ယောက်နှင့် အခန်းထဲတွင် လဲကျနေသော လီဆွေ၏ ခန္ဓာကိုယ်သာ ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင်တော့ အဖြူရောင်ဦးနှောက်စများနှင့် သွေးများစီးကျနေခဲ့၏။ ထိုအရာကလွဲလျှင် အခန်းထဲ၌ တခြားပျက်စီးမှုများမရှိခဲ့ပေ။

"လုပ်ကြံသူက ဘယ်မှာလဲ…"

ပြင်ပပညာရှင်များက အလောင်းကို စစ်ဆေးနေရင်း မေးလိုက်ကြသည်။

အစေခံမိန်းကလေးကတော့ အလွန် ကြောက်လန့်နေသော အမူအရာနှင့် ပြန်ဖြေလိုက်၏။

"သခင်ကြီးလီကို သတ်ပြီး ထွက်ပြေးသွားပြီ…"

"ဘယ်အချိန်တုန်းက သတ်သွားတာလဲ…"

ပြင်ပပညာရှင်တစ်ယောက်က မေးလိုက်၏။

"ကျွန်မအော်လိုက်တဲ့အချိန်မှာ သူက တံခါးကို ကန်ဖွင့်ပြီး သခင်ကြီးလီကို သတ်သွားတာ…"

အစေခံမိန်းကလေးက ထိုမေးခွန်းကို တည့်တည့် ပြန်မဖြေရဲ‌ခဲ့ပေ။

ပြင်ပ ပညာရှင်များက အလွန်ထိတ်လန့်သွားကြသည်။ သူတို့က အစေခံမိန်းကလေး၏ အော်သံကြားသည့်အချိန်တွင် ပြေးလာခဲ့ကြခြင်းဖြစ်ကြ၏။ သို့သော် တစ္ဆေအရိပ်ဓား လီဆွေကတော့ အသတ်ခံလိုက်ရသေး၏။ လီဆွေကို ထိုကဲ့သို့ အချိန်တိုလေးအတွင်း သတ်နိုင်ခဲ့ခြင်းပေလော။

ထိုသို့ဆိုလျှင်တော့ လူသတ်သမားက အတွင်းကမ္ဘာကြီး စတင် ပုံပေါ်နေသော ပညာရှင် တစ်ယောက်ဖြစ်နိုင်သည်။ သူက အလွန်ထူးခြားသော ဓားသိုင်းပညာ ကျွမ်းကျင်နေသည့် တံခါး (၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်နိုင်၏။

"သူ့နောက်ကို လိုက်ကြစို့ …။ ဒီကိစ္စကို သခင်ကြီးဆီ သတင်းပို့လိုက်ကြ…"

ပြင်ပပညာရှင်များက အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။ ခြံဝန်း၏ အပြင်သို့ ရောက်သွားလျှင် မုန့်ချီ၏ နောက်သို့ လိုက်လာနိုင်တော့မည် မဟုတ်ကြောင်း သူတို့က နားလည်နေကြသည်။ ထို့ကြောင့် သူတို့က အလျင်အမြန် လုပ်ဆောင်နေကြပြီး အနီးအနားတွင် ရှိနေသော အစောင့်များကို မေးနေကြသည်။ သို့သော် မည်သူကမျှ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်အရိပ်ကို မမြင်ကြရပေ။

နံရံကို ခုန်ကျော်လိုက်ပြီးနောက် မုန့်ချီက အနားတွင် ရှိနေသော လမ်းထဲကို ဝင်လိုက်သည်။ ထို့နောက် မုန့်ချီက လီဆွေ၏ ဓားကို မကောင်းဆိုးဝါးစမ်းသပ်ရေးဓားနှင့် ပေါင်း၍ အထုပ်ထဲတွင် သိမ်းလိုက်သည်။ ရေခဲပေါ်တယ်ဓားကိုလည်း သိမ်းဆည်းလိုက်၏။

ထို့နောက် ဝူဖန်း စားသောက်ဆိုင်ဆီသို့ အေးအေးဆေးဆေး ထွက်သွားခဲ့သည်။ လမ်းပေါ်တွင်တော့ လူများ တဖြည်းဖြည်းပို၍ များပြားလာခဲ့၏။ မနက်ခင်းဈေးက အလွန်စည်ကားနေခဲ့သည်။

သူက ခြေလှမ်းအနည်းငယ် လျှောက်ပြီးသွားသည့်အချိန်မှသာ ယဲ့စံအိမ်ထဲမှနေ၍ အော်ဟစ်မေးမြန်းသံများကို ကြားလိုက်ရသည်။ အလျင်စလိုဖြစ်နေသော သူတို့၏ ခြေသံများကိုလည်း အပြင်ဘက်မှ ကြားနေရပြီး သူတို့ကို ကြည့်ရသည်မှာ စိုးရိမ်ထိတ်လန့်နေကြပုံပေါ်သည်။

မုန့်ချီကတော့ တစ်ယောက်တည်း ပြုံးလိုက်မိ၏။ ထို့နောက် သူက ဝူဖန်းစားသောက်ဆိုင် ရှိနေသော လမ်းထဲသို့ အေးအေးဆေးဆေး ချိုးဝင်သွားခဲ့သည်။

ယဲ့မိသားစုက အစီအစဉ်များ လုပ်ဆောင်ပြီး သူတို့လူများကို စေလွှတ်လိုက်သည့် အချိန်တွင် မုန့်ချီ ထွက်သွားခဲ့သည်မှာတော့ ကြာခဲ့ပါပြီ။ လမ်းမပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော စာသင်သားများစွာ ပြည့်နှက်နေကြ၏။

အမဲစပ်နှင့် ဝက်ခေါင်းသားတို့ကို ဝယ်လာပြီးနောက် မုန့်ချီက ဟွမ်ဟွာဆန်ဆိုင်ဆီသို့ ပြန်လာခဲ့သည်။ တစ်ချိန်တည်းတွင် ယဲ့မိသားစု စေလွှတ်လိုက်သော လူများကတော့ ထိုနေရာကိုပင် မရောက်လာသေးပေ။ သူတို့က ယဲ့စံအိမ်၏ အနီးအနားတွင် ဓားရှည်ကိုင်ထားသူများကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေသေး၏။

"ဒီမှာ မင်းတို့အတွက် တစ်ခုယူလိုက်…"

မုန့်ချီက ပြုံးလိုက်ပြီး ကုန်သည်များနှင့် အလုပ်သမားများကို အသားတစ်ထုပ် ပစ်ပေးလိုက်သည်။ သူတို့က သူ့ကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြ၏။ ယခုတစ်ကြိမ် ညီဝမ်းကွဲက ယခင်တစ်ခေါက် တာဝန်ခံချီ၏ ညီဝမ်းကွဲထက် ပို၍ ရက်ရောသည်ဟုလည်း တွေးနေမိကြသည်။

မုန့်ချီက ခြံဝန်းထဲသို့ ဝင်လာပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ချီကျန်းရန်က ဖုန်များကို ရှင်းလင်းနေကြောင်း တွေ့လိုက်ရသည်။ ထိုအခန်းထဲတွင်တော့ အရက်အိုးများကို စုစည်းထား၏။ ထိုအထဲတွင် ရှိနေသော အရက်အိုးများက နှစ်သက်တမ်းကြာမြင့်နေပုံရသည်။

သူက အိုးတွင် ဖုံးထားသော အနီရောင်စာရွက်ကို ဖယ်ရှားလိုက်ရာ အလွန်မွှေးပျံသော ရနံ့များ ထွက်လာခဲ့၏။ မုန့်ချီက ထိုရနံ့ကို သေချာရှူရှိုက်မိလိုက်သည်။

"မင်းက ဒီလောက်မြန်မြန်ပြန်လာတာလား…"

ချီကျန်းရန်က အေးအေးဆေးဆေး မေးလိုက်သည်။ မုန့်ချီက မရင်းနှီးသော နေရာကို ရောက်လာခြင်း ဖြစ်သည့်အတွက် နေရာကို မေးသွားရန် အချိန်ပေးရမည်ဟု တွေးမိခဲ့သည်။

မုန့်ချီက ဝက်ခေါင်းသားနှင့် အမဲစပ်ကို စားပွဲပေါ်သို့တင်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။ ထို့နောက် သူက အရက်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။ သူက ဝက်ခေါင်းသားနှင့် အမဲသားကိုလည်း နည်းနည်းဆီ ဖဲ့ယူပြီး စားလိုက်သည်။

အသားတစ်မျိုးက အဆီများဝေ့နေသော်လည်း အီနေခြင်း မရှိပေ။ တခြား တစ်မျိုးကတော့ အနည်းငယ် ဝါးရသော်လည်း နှစ်ခုစလုံးက အလွန်အရသာရှိ၏။

"တကယ့်ကို အရက်ကောင်းနဲ့ အသားကောင်းပဲ… "

မုန့်ချီက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်ပြီး သူ၏အထုပ်ထဲမှနေ၍ လီ‌ဆွေ၏ ဓားကို ဆွဲထုတ်လိုက်သည်။

သူက ထိုဓားကို စားပွဲပေါ်သို့ တင်လိုက်ပြီး ချီကျန်းရန်ကို အပြုံးနှင့်ကြည့်လိုက်၏။

"ကျွန်တော် လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တယ်…"

ချီကျန်းရန်က ဓားကို သေချာစစ်ဆေးကြည့်နေသည်။ ထိုအချိန်တွင် သူ့အကြည့်က ငြိမ်သက်သွားခဲ့ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

Translated by Hein Htet

All Chapters