← Chapters

အခန်း (၁၉၉)

Vol. 14 Ch. 199

အခန်း (၁၉၉)

Vol. 14 Ch. 199

ချီကျန်းရန်က အတော်လေး မှင်တက်သွားခဲ့ပြီး အလွန်ထူးဆန်းသွားသလို ခံစားခဲ့ရသည်။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက အသံတိုးတိုးနှင့် မေးလိုက်၏။

"ဒါက တစ္ဆေအရိပ်ဓား မဟုတ်လား…"

"ဟုတ်တယ်…"

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူကတော့ ဆက်၍ စားသောက်နေခဲ့၏။

ချီကျန်းရန်က လီဆွေ မည်သည့်အရာများ ဖြစ်သွားကြောင်း မမေးခဲ့ဘဲ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ သူက နာမည်ကျော် တစ္ဆေအရိပ်ဓားဖြစ်၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူ့ဓားမရှိလျှင် သူက ဘာမှမထူးခြားနိုင်ပေ။ မုန့်ချီဆီ၌ ထိုဓားရှိနေသည့်အတွက် သူက သေချင်သေ သို့မဟုတ် ဆိုးဆိုးရွားရွား ဒဏ်ရာရခြင်းသာ ဖြစ်နိုင်၏။ ထိုအရာများကလည်း ကွဲပြားမှုမရှိနိုင်ပေ။

အကယ်၍ မုန့်ချီက ဝူဖန်းစားသောက်ဆိုင်မှနေ၍ အမဲစပ်နှင့် ဝက်ခေါင်းသား သွားဝယ်ရမည့်အချိန်ကို ထည့်မတွက်လျှင်ပင် ယဲ့စံအိမ်သို့ သွားရန် ရေနွေးတစ်အိုးတည်ချိန် တစ်ဝက်ခန့် လိုအပ်သည်။ သူက ထိုအချိန်အတောအတွင်း လီဆွေကို သတ်ပစ်ခဲ့ပြီး ပြန်ထွက်လာနိုင်ခဲ့၏။

သူ့ပုံစံကို ကြည့်ရသည်မှာလည်း‌ ‌‌ အေးအေးဆေးဆေး လုပ်ဆောင်လာပုံရပြီး အစွမ်းကုန် အားထည့်ခဲ့ရပုံ မရချေ။ သူက လီဆွေကို သတ်ခဲ့ပြီး တခြားလူများ မသိသေးခင် ထွက်လာနိုင်ခဲ့သည်။ လီဆွေက အတွင်းကမ္ဘာကြီး အခြေခံအဆင့်ကို ရရှိထားသော တံခါး (၇)ပေါက်အဆင့် နာမည်ကျော် ဓားသမားတစ်ယောက်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို သိုင်းကွက်အနည်းငယ်အတွင်း သတ်ချင်သည်ဆိုလျှင် တံခါး (၉)ပေါက်အဆင့် စွမ်းအားများ လိုအပ်သည်။

"ငါက အဆောက်အဦးထဲကနေ ဒီအရက်အိုးကို တွေ့ခဲ့တယ်…"

သူက လီဆွေ၏ တစ္ဆေအရိပ်ဓားကို ယူပြီး တီးတိုးရေရွတ်လိုက်သည်။ သူက လက်နှင့် ထိုဓားထိပ်ဖျားကို ကိုင်ပြီး ပြောလိုက်၏။

"ဒီဓားက ငါ့ညီဝမ်းကွဲရဲ့ သွေးကြောတွေကို ဖျက်ပစ်ခဲ့တဲ့ဓားပဲ။ သူ့ကို သိုင်းပညာ ဆက်သုံးလို့ မရအောင် လုပ်ခဲ့တာ…."

အကယ်၍ နောက်တစ်ကြိမ် သံသရာတာဝန်ကသာ သေမင်းတမန် တာဝန်မဟုတ်ခဲ့လျှင် သူက သူ့ညီဝမ်းကွဲ၏ ဒဏ်ရာကို ကုသရန်အတွက် နည်းလမ်းရှာဖွေဦးမည်ဖြစ်သည်။

မုန့်ချီက ရယ်လိုက်၏။ သူကတော့ ချီကျန်းရန်၏ အမူအရာကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူက အရက်အိုးပင် မဖွင့်ရသေးခင် ရန်သူကို သတ်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့် ရန်သူ၏ သွေးက ပူနွေးနေသေးသည်။ ထိုအရာကမှ အစစ်အမှန် ဓားသမားတစ်ယောက်၏ ပုံစံဖြစ်၏။

သူက ထိုကဲ့သို့သော ခံစားမှုမျိုးကို အလွန်သဘောကျနေပြီး မည်သည့်အရာကိုမျှ အလေးမထားခဲ့မေုန့်ချီက အတော်လေးကို လက်တွေ့ကျသည်ဟု ဆိုနိုင်၏။ ထို့ပြင် သူက တာဝန်လုပ်ဆောင်‌နေစဉ် အတောအတွင်း လက်တွေ့မကျသော အရာများကို လုံးဝ မလုပ်ဆောင်တတ်ပေ။

ချီကျန်းရန်က တစ္ဆေအရိပ်ဓားကို မုန့်ချီဆီသို့ ပြန်ပေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ ထိုအရာက သူ၏ တိုက်ပွဲမှတ်တမ်းဖြစ်၏။

"မင်း ရောက်လာပြီး သိပ်မကြာခင် လီဆွေက အသတ်ခံလိုက်ရတယ်။ ဒီတော့ ငါတို့ကို ယဲ့မိသားစုက သံသယဝင်လာနိုင်တယ်…"

"အဲဒီတော့ရော ဘာဖြစ်လဲ။ ဘာကိုကြောက်နေရမှာလဲ … "

မုန့်ချီက ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။ သူက အရက်ကို နောက်ထပ် တစ်ငုံခန့် ထပ်သောက်လိုက်၏။ ထိုအရက်က အလွန်ကောင်းမွန်သော အရက်ဖြစ်ကြောင်း သူလည်း ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သောက်လိုက်ရုံနှင့် ပါးစပ်ထဲတွင် ချိုမြသွားပြီး ပြင်းရှရှအရသာနှင့် လည်ချောင်းထဲတွင် ပူဆင်းသွားသလို ခံစားလိုက်ရသည်။

ချီကျန်းရန်က သူ့ကို အလွန်ရှုပ်ထွေးစွာ စိုက်ကြည့်နေမိ၏။ မုန့်ချီက ဘာကြောင့် မကြောက်ကြောင်း သူလည်း နားမလည်နိုင်တော့ပေ။

မုန့်ချီက ပြန်မဖြေနိုင်သေးခင် နောက်ထပ် အရက်ခွက်တစ်ခွက်ကို ကိုင်ပြီး ချီကျန်းရန် ပြင်ဆင်ပေးထားသော မြေပဲစေ့တချို့ကို စားလိုက်၏။ သူက မြေပဲစေ့ကို စားနေရင်း ထပ်ပြောလိုက်သည်။

"အစ်ကိုဝမ်းကွဲ….

အစ်ကိုဝမ်းကွဲဆီမှာ နာမည်ကျော် ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ရှိသင့်တဲ့ အရည်အချင်းမျိုး မရှိသေးဘူး…"

"အဲဒါက ဘာလဲ… "

ချီကျန်းရန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

မုန့်ချီက ရယ်ပြီး ပြန်ဖြေလိုက်၏။

"စည်းကမ်းသေဝပ်မှုကို အလေးထားတဲ့ ရှောင်လင်ဗုဒ္ဓကျောင်းတော်လို မဟုတ်ဘဲ ဟွမ်ဟွာဓားဂိုဏ်းကတော့ သူတို့ရဲ့အကျိုးစီးပွားကိုပဲ အရင်ဆုံး ကာကွယ်တတ်ကြတယ်။ အစ်ကိုချီက ယီမြို့ထဲမှာ ဟွမ်ဟွာဓားဂိုဏ်းရဲ့ ပုံရိပ်ပဲ။ ဒါပေမယ့် အစ်ကိုချီဆီမှာတော့ အဲဒီစွမ်းရည်တွေ မရှိဘူး။ ဒါကြောင့် ယဲ့မိသားစု လက်ထဲကနေ လူသတ်သမား လီဆွေကို မတောင်းရဲခဲ့တာ။ ဘာလို့လဲဆိုတော့ အစ်ကို့ရဲ့ ညီဝမ်းကွဲက ဟွမ်ဟွာဓားဂိုဏ်းက တပည့်တစ်ယောက် မဟုတ်လို့ပဲလေ။ အမှန်တကယ်သာဆိုရင် သူတို့ကလည်း အစ်ကိုချီဆီကနေ လူသတ်သမားကို ထုတ်ပေးခိုင်းဖို့ ကြောက်ကြလိမ့်မယ်။ အဲဒါက ဟွမ်ဟွာဓားဂိုဏ်းကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲ…. ။ ကျိုးနိုင်ငံ ဝမ်မိသားစုကတောင် ဟွမ်ဟွာဓားဂိုဏ်းကို ပြဿနာမရှာရဲဘူး။ ပြီးတော့ သူတို့က ယပ်တောင် (၆) လက် ကျောင်းကိုလည်း ဝင်ပါစေချင်မှာ မဟုတ်ဘူး…”

“လုပ်ကြံမှုနဲ့ ပတ်သက်ပြီး သူတို့က အဲဒီလောက် ရူးမှာမဟုတ်ပါဘူး။ အခုအချိန်က ငြိမ်းချမ်းနေတဲ့ အချိန် မဟုတ်ဘူးလေ။ သူတို့က အစ်ကို့ကို သတ်ဖို့အတွက် ပညာရှင်တစ်ယောက် မငှားနိုင်သလို ဟွမ်ဟွာဓားဂိုဏ်းကိုလည်း ရန်စမိလို့မရဘူး။ တကယ်လို့ အစ်ကိုချီသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဟွမ်ဟွာဓားဂိုဏ်းက သေချာပေါက် စုံစမ်းမှာပဲ။ အဲဒီအချိန်ကျရင် သက်သေတွေအားလုံးက ယဲ့မိသားစုကို ညွှန်ပြနေလိမ့်မယ်…”

“အစ်ကို့ရဲ့ ဆရာဦးလေးက ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ကျွန်တော်မသိဘူး။ သူက ဘယ်လိုအရာမျိုး လုပ်ထားလဲဆိုတာကိုလည်း ကျွန်တော် ဂရုမစိုက်ဘူး။ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ နယ်မြေတာဝန်ခံကို သတ်ဖြတ်မှုကတော့ လုံးဝဖုံးကွယ်ထားလို့ရမှာ မဟုတ်တာ သေချာတယ်…."

ချီကျန်းရန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူ့ဆီတွင် နောက်ထပ်စိုးရိမ်မှု တစ်ခု ရှိနေသေး၏။

"ဒါပေမယ့် သက်သေတွေ အားလုံးက မင်းကို ညွှန်ပြနေတယ်။ အဲဒါကရော…"

မုန့်ချီက ရယ်ကာ မောကာနှင့် ခေါင်းခါပြလိုက်၏။

"အစ်ကို့ညီဝမ်းကွဲရဲ့သွေးကြောတွေကို လူအုပ်ကြီးရဲ့ရှေ့မှာ ဖြတ်ပစ်ခဲ့တာကို မှတ်မိသေးလား။ အဲဒီအချိန်မှာ ယဲ့မိသားစုက ဘာပြောခဲ့လဲ…။ ကျွန်တော် မှတ်မိသလောက် ပြောရမယ်ဆိုရင် အစ်ကိုချီက သူတို့ရဲ့အကျိုးစီးပွားကို နှောင့်ယှက်ဖို့အတွက် စွပ်စွဲနေတာလို့ ပြောခဲ့တာလေ။ အစ်ကိုကလည်း သူတို့ရဲ့ စကားအတိုင်း သူတို့ကို ပြန်ပြောလို့ရတာပဲ။ သူတို့က ဟွမ်ဟွာဓားဂိုဏ်းကို ကြောက်တဲ့အတွက် သေချာပေါက် ဘာမှလုပ်ရဲမှာ မဟုတ်ဘူး…”

“တကယ်လို့ နာမည်ကျော်ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တစ်ယောက်ကသာ ကြောက်လန့်နေမယ်ဆိုရင် အစ်ကိုက အားနည်းတယ်လို့ သူတို့က ထင်မြင်ယူဆသွားလိမ့်မယ်။ အစ်ကိုက အစွမ်းထက်ပြီး သန်မာနေမှသာ ဟွမ်ဟွာဓားဂိုဏ်းတစ်ခုလုံးက အစ်ကို့ရဲ့နောက်မှ ရှိနေတာကို သူတို့ နားလည်သွားကြလိမ့်မယ်။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ လျှို့ဝှက်လက်နက်နဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အကြောင်းကို သူတို့သိအောင် သတိပေးလိုက်ပါ…. "

ထို့နောက် ချီကျန်းရန်က ရှင်းပြလိုက်သည်။

"ငါကတော့ ဂိုဏ်းထဲမှာ အမြဲတမ်း သာမန်တပည့်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားခဲ့တာ။ အဲဒီအရည်အသွေးတွေက အပြင်ဘက် ကမ္ဘာကြီးအထိ ပါလာခဲ့တာပဲ…. ။ ဒါကြောင့်လည်း ငါက ငါ့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို အမြဲတမ်းမေ့နေခဲ့တာ…"

မုန့်ချီက နောက်ထပ် အရက်တစ်ခွက်ငှဲ့ပြီး ထပ်ပြောလိုက်သည်။

"ဘာမှ မစိုးရိမ်ပါနဲ့။ တကယ်လို့ ဒီလိုကိစ္စကြီးမျိုးမှာ ဟွမ်ဟွာဓားဂိုဏ်းက အစ်ကို့ကို အထောက်အပံ့‌မပေးဘူးဆိုရင် သူတို့ကို သစ္စာရှိနေစရာ မလိုဘူး။ အစ်ကိုက ကျွန်တော်နဲ့အတူ ခြေသလုံးအိမ်တိုင် သိုင်းသမားတစ်ယောက်အဖြစ် သိုင်းလောကမှာ ကျင်လည်တာ ပိုကောင်းတယ်…"

"ငါ့ဂိုဏ်းက သူတို့ရဲ့ တပည့်တွေကို သေချာပေါက်ကာကွယ်မယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး…"

ချီကျန်းရန်က စိတ်အေးလက်အေး ပြောလိုက်သည်။

ရိုးရိုးသားသား ပြောရမည်ဆိုရင် အတိတ်တုန်းကတော့ ဂိုဏ်းက အကူအညီပို့ပေးမှာကို သူက ကြောက်လန့်နေခဲ့သည်။ ထိုအရာက သူ၏လျှို့ဝှက်ချက်များကို ပေါ်သွားနိုင်၏။ ထို့ကြောင့်လည်း သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။

ယခုတော့ သူ့ဆီတွင် သူ၏ ညီဝမ်းကွဲ ရှောင်မုန့် ရှိနေသည်။ အကယ်၍ သူတို့ကသာ ပြဿနာများ ကြုံတွေ့လာရမည်ဆိုလျှင် သူက ရှောင်မုန့်ကို ဖြေရှင်းခိုင်း၍ ရ၏။ ထိုအရာက သူ၏လျှို့ဝှက်ချက် ပေါ်သွားမည့်အန္တရာယ်ကို သိသိသာသာ လျော့ကျသွားနိုင်သည်။

မုန့်ချီ၏ အတွင်းအားများက မြင့်မားနေသည့်အတွက် အားနည်းသော အရက်အာနိသင်က သူ့အပေါ် သက်ရောက်စေနိုင်ခြင်း မရှိပေ။ အရက်သောက်နေသည့် အချိန်တွင် သူ၏ မျက်လုံးများက ပို၍ပင် ကြည်လင်လာခဲ့၏။

"အစ်ကိုဝမ်းကွဲ…

အစ်ကို့ရဲ့ဆရာဦးလေးက ဒီကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ တော်တော်လေး ထူးဆန်းနေတယ်။ ဒါက အကြောင်းပြချက်ရှိတာလား။ ဒါမှဟုတ် သူက ကြောက်နေတာလား…"

"သူက အသက်ကြီးနေလို့ အနားယူဖို့ပဲ စဉ်းစားနေတာဖြစ်နိုင်တယ်…"

ချီကျန်းရန်က ကောက်ချက်ချလိုက်သည်။

တာဝန်ခံတစ်ယောက်က ငွေကြေးများရလာလျှင် သူ၏ အထက်လူကြီးနှင့် သတင်းသမားများကို အကျိုးအမြတ်များ ခွဲဝေပေးရသည်။ မဟုတ်လျှင် သူ၏လုပ်ရပ်များက ပေါ်သွားမည်ဖြစ်၏။ သူက ကံကောင်းလျှင် တစ်နှစ်အတွင်း လယ်ဧကအနည်းငယ် ဝယ်နိုင်ပြီး အိမ်သစ်တစ်လုံး ဆောက်နိုင်သည်။

အကယ်၍ ချီကျန်းရန်၏ ဆရာဦးလေးက လယ်မြေများ ပိုင်ဆိုင်ထားပြီး အိမ်ခြံမြေတချို့ကို ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် သူ့ဆီတွင် မိုင်းတွင်းများ ၊ ဆေးဥယျာဉ်များနှင့် ပစ္စည်းစက်ရုံများ မရှိသည့်အတွက် ချမ်းသာဦးမည်မဟုတ်ချေ။ အကယ်၍ သူသာ သူ၏ သားသမီးများအတွက် ငွေကြေးတချို့ ချန်ထားချင်သည်ဆိုလျှင် တခြားနည်းလမ်းများကို စဉ်းစားရပါလိမ့်မည်။

"ဟုတ်တယ်… သူက အသက်ကြီးလာပြီဆိုတော့ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာပြီ။ ဒီတော့ ဒီကိစ္စတစ်ခုလုံးကို အခွင့်ကောင်းယူချင်နေတာဖြစ်မယ်။ ဒါကြောင့်လည်း သူက ထန်မိသားစု ပြဿနာကို သူ့သဘောနဲ့သူ ဖြေရှင်းဖို့ စဉ်းစားနေတာဖြစ်မယ်။ တကယ်လို့ ဒီကိစ္စကိုသာ အထက်လူ‌ကြီးတွေဆီ သတင်းပို့လိုက်မယ်ဆိုရင် သူ့အလုပ် ဆုံးရှုံးသွားမှာ ကြောက်နေတာ ဖြစ်နိုင်တယ်.."

မုန့်ချီက ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

ဟွမ်ဟွာဓားဂိုဏ်း၏ အစွမ်းကို ဖယ်ရှားချင်သောလူများက စည်းမျဉ်းများကို တိုက်ရိုက်ချိုးဖောက်လိမ့်မည်မဟုတ်ချေ။ ယီမြို့က ဝမ်မိသားစု အုပ်စိုးထားသော ယဲ့တူမြို့တော်၏ အနားတွင် ရှိနေပြီး ဟွမ်ဟွာဓားဂိုဏ်း၏ ဌာနချုပ်နှင့် အတော်လေး အလှမ်းကွာနေသေးသည်။

တစ်ခုခုဆိုလျှင် ထိုဂိုဏ်းက သူတို့၏ လူများကို သေချာပေါက် စေလွှတ်နိုင်၏။ တခြားအကြောင်းပြချက်သာ မရှိလျှင် သူတို့၏ ဂုဏ်သတင်းကို ကာကွယ်ကြမည်ဖြစ်၏။ ထို့ကြောင့် သူတို့က တခြားအင်အားစုများနှင့် အရင်ဆုံး သင့်တင့်အောင်နေထိုင်ပြီး ဟွမ်ဟွာဓားဂိုဏ်း၏ လက်အောက်ခံ အင်အားစုများကို တခြားအဖွဲ့များနှင့် မပူးပေါင်းစေလိုကြခြင်းဖြစ်၏။

ထို့ကြောင့် ဟွမ်ဟွာဓားဂိုဏ်းကလည်း လေးစားမှုကို ပြသသည့်အချိန်တွင် ဤနယ်မြေထဲတွင် ရှိနေသော လယ်ယာမြေများနှင့် စီးပွားရေးလုပ်ငန်းငယ် တချို့ကို ပေးထားခဲ့သည်။ သူတို့က ထိုအရာများကို လုပ်ဆောင်၍ ရ၏။ တာဝန်ခံ အသုံးမကျသည့်အတွက် နယ်မြေခံအင်အားစုများနှင့် ဆက်ဆံရေး မကောင်းလျှင်လည်း သူတို့က အပြစ်တင်ကြဦးမည်ဖြစ်သည်။

အကယ်၍ ချီကျန်းရန်၏ ဆရာဦးလေးကသာ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် အပြစ်ပေးမှုကို ခံယူချင်သည်ဆိုလျှင် ဤကိစ္စကို သတင်းပို့လိမ့်မည် မဟုတ်ချေ။ သူက တချို့အရာများကို ဖုံးကွယ်ထားခြင်းအစား မေ့လျော့သွားသည်ဟု အကြောင်းပြ၍ ရနိုင်၏။

ချီကျန်းရန်က ခေါင်းညိတ် သဘောတူလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူသာ ဝင်ပြီး နှောင့်ယှက်မယ်ဆိုရင် အစ်ကိုဝမ်းကွဲက ဆရာဦးလေးကို သတင်းမပို့ဘဲ ဂိုဏ်းကိုပဲ တိုက်ရိုက်သတင်းပို့သင့်တယ်…"

မုန့်ချီက အသားစားရင်း ထပ်ဖြည့်ပြောလိုက်သည်။ သူက အရက်တစ်ခွက်ကိုလည်း သောက်လိုက်ပြန်၏။

ချီကျန်းရန်က အားတင်း၍ ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ငါ့မှာ အကြံမကုန်မချင်း ဂိုဏ်းဆီကနေ အကူအညီ မတောင်းချင်ဘူး…"

သူတို့စေလွှတ်လိုက်သည့်သူက သေချာပေါက် အင်အားကြီးသည့် ပညာရှင်များ ဖြစ်နိုင်သည်။ တချို့က ဝေ့ကျင်းအဆင့် ပညာရှင်များပင် ဖြစ်နိုင်၏။ အကယ်၍ ထိုပညာရှင်များ ရောက်လာမည်ဆိုလျှင် သူတို့၏အရည်အချင်းများကို စစ်ဆေးနိုင်သည်။

သူတို့၏သိုင်းပညာကို ထောက်ပြပေးပြီး လက်ရည်စမ်းကြည့်ရန်ပင် တိုက်တွန်းနိုင်သည့်အတွက် သူတို့၏လျှို့ဝှက်ချက်များ ပေါ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့က ပြဿနာတက်နိုင်၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်…။ တကယ်လို့ ကျွန်တော်တို့က ဒီကိစ္စကို ကိုယ့်အစွမ်းနဲ့ ကိုယ် ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ ဂိုဏ်းကို အလုပ်ရှုပ်စရာ မလိုတော့ဘူး။ ဂိုဏ်းက ကျွန်တော်တို့ရဲ့ နောက်ဆုံးလက်နက်ဆိုတာ ပြောပြရုံပါပဲ။ အဲဒါက တခြားလူတွေကို ခြိမ်းခြောက်နိုင်တဲ့အရာတစ်ခုပဲလေ…"

ထိုအချိန်တွင် အပြင်ဘက်မှနေ၍ ဆူညံသံများ ထွက်ပေါ်လာသည်။ အစေခံတစ်ယောက်ကလည်း အထဲသို့ ဝင်လာပြီး စိုးရိမ်တကြီး ပြောလိုက်၏။

"တာဝန်ခံချီ…

ယဲ့မိသားစုက လူသတ်သမားကို ထုတ်ပေးဖို့ လာပြောနေတယ်…"

သူက မုန့်ချီကို ကြည့်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။

“တာဝန်ခံရဲ့ ညီဝမ်းကွဲက ယဲ့မိသားစုရဲ့နယ်မြေထဲမှာ တစ္ဆေအရိပ်ဓား လီဆွေကို သတ်ပစ်ခဲ့တယ်။ ဒီလိုသတ္တိနဲ့ အစွမ်းကတော့ တော်တော်လေး ကြောက်စရာကောင်းတာပဲ…။ သူက လက်တုန့်ပြန်ဖို့အတွက် ဒီနေရာကို ရောက်လာတာများလား။ သူက တာဝန်ခံချီရဲ့ညီဝမ်းကွဲဆိုတော့ ငါက သူ့ကို ဘယ်လိုခေါ်ရမလဲ…”

မုန့်ချီနဲ့ ချီကျန်းရန်တို့က အလွန်အမင်းကို တည်ငြိမ်နေခဲ့သည်။ အနည်းငယ် ဆွေးနွေးလိုက်ပြီးနောက် ချီကျန်းရန်က အမူအရာကင်းမဲ့စွာ ပြောလိုက်၏။

"ငါ့ရဲ့ ညီဝမ်းကွဲက ရောက်လာပြီးကတည်းက အပြင်ဘက်ကို မသွားရသေးဘူးလို့ ယဲ့မိသားစုကို သွားပြောလိုက်… "

"အခုချက်ချင်း သွားပြောလိုက်ပါ့မယ် တာဝန်ခံချီ…။ "

အစေခံက စိုးရိမ်ထိတ်လန့်စွာ ပြန်ဖြေလိုက်သည်။

မုန့်ချီကတော့ အဝတ်အစားများပင် မလဲခဲ့ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး ချီကျန်းရန်၏ နောက်မှနေ၍ အပြင်ဘက်ကို လိုက်လာခဲ့၏။

ခြံဝန်းထဲတွင်တော့ လူတစ်ဒါဇင်ခန့် ရပ်နေကြသည်။ သူတို့ထဲတွင် အနည်းငယ်က အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြောင်း ခွဲခြားရန် မခက်ခဲလှပေ။ ခေါင်းဆောင်ကတော့ သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသက် (၂၅) ဝန်းကျင်ရှိသည်။ သူက ငယ်ရွယ်သော်လည်း အလွန်ကြောက်စရာကောင်းနိုင်၏။

မုန့်ချီက အစိမ်းရောင်ဝတ်စုံဝတ်ထားသည်ကို မြင်သည့်အခါ သူက မုန့်ချီကို လက်ညှိုးထိုးပြပြီး အစေခံမိန်းကလေးနှင့် အစောင့်ကို မေးလိုက်သည်။

"အဲဒါ သူလား… "

အစေခံမိန်းကလေးနှင့် စံအိမ်အစောင့်က အလွန်ထိတ်လန့်သွားကြသည်။ သူတို့က မုန့်ချီကို တည့်တည့်ပင် စိုက်မကြည့်ရဲကြပေ။ သူတို့က မုန့်ချီကို ကြည့်ပြီး လျင်မြန်စွာ ပြောလိုက်ကြ၏။

"အဲဒါ သူပဲ…။ သူက ဆရာကြီးလီကို သတ်လိုက်တာ…"

ထိုသခင်လေးက ချီကျန်းရန်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"တာဝန်ခံချီ…

ဘာလို့ ယဲ့စံအိမ်ထဲကို လူလွှတ်ပြီး ငါတို့ရဲ့ ပြင်ပပညာရှင်ကို လုပ်ကြံခိုင်းရတာလဲ။ ဟွမ်ဟွာဓားဂိုဏ်းက ဒီလိုအရာမျိုးကို ဘာလို့လုပ်ရတာလဲ… "

ချီကျန်းရန်က လှေကားမှနေ၍ တည်ငြိမ်စွာ ဆင်းလာခဲ့သည်။ တာဝန်ခံချီက လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် သူတို့တွေ့ခဲ့ရသည့်ပုံနှင့် လုံးဝကို ကွဲပြားနေပုံရ၏။

"ဘာလို့မဟုတ်တဲ့ စကားတွေ လာပြောနေရတာလဲ။ မင်းတို့က ငါ့ရဲ့ညီဝမ်းကွဲကို လူမှားပြီး စွပ်စွဲနေတာ…"

ချီကျန်းရန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူကတော့ တခြားသော မေးခွန်းများကိုတော့ ပြန်မဖြေခဲ့ပေ။

ထိုလူက ဒေါသထွက်သွားခဲ့၏။

"သက်သေတွေ အားလုံး သူ့ကို ပြနေတယ်လေ။ ငါက ဘာလို့ လူမှားပြီး စွပ်စွဲရမှာလဲ"

"မင်းက လူမှားပြီး စွပ်စွဲနေတာပဲလေ။ ငါ့ရဲ့ညီဝမ်းကွဲက ငါနဲ့ တစ်ချိန်လုံးရှိနေတာ…။ ဟုတ်တယ်မဟုတ်လား…"

ချီကျန်းရန်က ကုန်သည်များနှင့် တခြားအစောင့်များကို ပြန်လှည့်ပြီး မေးလိုက်သည်။

သူ့မျက်လုံးက အလွန်အေးစက်နေသည့်အတွက် ကုန်သည်များက ထိုမေးခွန်းကို လျစ်လျူမရှူရဲကြပေ။

"ဟုတ်တယ်။ တာဝန်ခံချီရဲ့ ညီဝမ်းကွဲက ဆိုင်အပြင်ဘက်ကိုတောင် ထွက်မသွားရသေးဘူး.. "

"ကြားတယ်မဟုတ်လား… သခင်လေးယဲ့။ တကယ်လို့ ငါ့ရဲ့ညီဝမ်းကွဲကို ဆက်ပြီး စွပ်စွဲမယ်ဆိုရင်တော့ ငါ့ကို ရိုင်းတယ် အပြစ်မတင်နဲ့…"

ချီကျန်းရန်က သ‌ခင်လေးယဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သခင်လေးယဲ့က အံကြိတ်လိုက်၏။

"ငါက မင်းတို့ကို မယုံဘူး။ ငါနဲ့ မြို့စားမင်းဆီကို လိုက်ခဲ့…"

"အပြစ်မရှိတဲ့သူက ဘာလို့မြို့စားမင်းဆီကို သွားရမှာလဲ။ မင်းက အမတ်တစ်ယောက်ရဲ့ ဆွေ‌မျိုးဖြစ်နေတာနဲ့ပဲ ငါ့ရဲ့ညီဝမ်းကွဲကို စွပ်စွဲဖို့ အခွင့်အရေးရှိနေတယ်လို့ ထင်နေတာလား…"

ချီကျန်းရန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ။ သူတို့ကို ယပ်တောင် (၆)လက်ကျောင်းဆီ ခေါ်လာခဲ့…"

သခင်လေးယဲ့က မုန့်ချီကို လက်ညှိုးထိုးပြီး ဒေါသထွက်နေခဲ့၏။

သူ့လူများက လှုပ်ရှားရန် ပြင်လိုက်စဉ် ချီကျန်းရန်က ရှေ့ကို တစ်လှမ်း တက်လာပြီး အော်ဟစ်လိုက်သည်။

"ဒီနယ်မြေက ဟွမ်ဟွာဓားဂိုဏ်းရဲ့ပိုင်နက်နော်။ မင်းတို့က အလျင်စလို မလုပ်ခင် သေချာစဉ်းစားပါဦး…. "

သူက ရှေ့ကို နောက်တစ်လှမ်း တိုးလာပြီး ခံစားချက်များက လှုပ်ရှားသွားခဲ့ခြင်း မရှိပေ။

"မင်းတို့က ငါ့ဂိုဏ်းနဲ့ ရန်သူဖြစ်ချင်တာ သေချာရဲ့လား။ မင်းတို့က ဟွမ်ဟွာဓားဂိုဏ်းနဲ့ တိုက်ခိုက်ချင်နေတာလား…"

သူ၏ ပုံစံက အလွန်ကြောက်စရာကောင်းသည့်အတွက် သခင်လေးယဲ့နှင့် ပညာရှင်များက နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားခဲ့ကြသည်။ ထိုအချိန်ကျမှသာ ချီကျန်းရန်က ဟွမ်ဟွာဓားဂိုဏ်း၏ နယ်မြေတာဝန်ခံ တစ်ယောက်ဖြစ်ကြောင်း သူတို့က နားလည်သွားကြသည်။

သခင်လေးယဲ့က ဆက်ပြောတော့မည့်အချိန်တွင် မုန့်ချီက အပြုံးနှင့် ထပ်ပြောလိုက်သည်။

"သခင်လေးယဲ့ …

လီဆွေက ငါ့အစ်ကိုဝမ်းကွဲ တစ်ယောက်ရဲ့လက်တွေ၊ ခြေထောက်တွေမှာရှိတဲ့ သွေးကြောတွေကို ဖြတ်ပစ်ခဲ့တာကို မင်းတို့မှတ်မိသေးလား။ အဲဒါဆိုရင် ဘယ်သူက လီဆွေကို မှားပြီး စွပ်စွဲခဲ့တာလဲ…"

သခင်လေးယဲ့က ပြန်ပြောချင်နေသော်လည်း မုန့်ချီ၏ အေးတိအေးစက် အပြုံးကို မြင်သည့်အခါ ကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။ လီဆွေက ယဲ့စံအိမ်ထဲ၌ ရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် သူလည်း တံတွေးမြိုချလိုက်မိသည်။

နောက်ဆုံးတော့ သူလည်း မျက်နှာပျက်သွားပြီး ချက်ချင်းပင် အလျင်စလို ထွက်သွားခဲ့၏။ သူက ထိုမကောင်းဆိုးဝါးများ၏ အဝေးသို့ မြန်မြန်ရောက်ချင်နေပုံရသည်။

"ညီလေးမုန့်…

ငါကတော့ သူတို့ကို မကြောက်ဘူး ။ ဒါပေမယ့် မင်းက ယဲ့မိသားစုရဲ့လက်တုန့်ပြန်မှုကို ဂရုစိုက်ဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့မိသားစုမှာ သူတို့ကို ကာကွယ်ပေးနေတဲ့ အဖိုးတန် လက်နက်ရှိနေတယ်…"

ချီကျန်းရန်က မုန့်ချီကို သတိပေးလိုက်သည်။

မုန့်ချီက စကားပြောတော့မည့်အချိန်တွင် အပြင်ဘက်မှ အော်သံတစ်ခုကို ကြားလိုက်ရ၏။ သူတို့ကတော့ မြင်းလှည်းများနှင့် ခရီးသွားနေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

"အဲဒါက ထန်မိသားစုလား "

ချီကျန်းရန်က အံ့ဩသွားခဲ့သည်။ သူက သတင်းစုံစမ်းရန် သူ့လူတစ်ယောက်ကို စေလွှတ်လိုက်၏။

ခဏကြာပြီးနောက် ထိုလူက ပြန်လာပြီး သတင်းပို့လိုက်သည်။

"တာဝန်ခံ…

သခင်လေးဝမ်က မြစ်ထဲမှာ အသတ်ခံလိုက်ရတယ်။ အပြင်ဘက်မှာ ရှိတဲ့လူတွေကတော့ သူနဲ့အတူ ပြန်လာတဲ့ အစောင့်တွေပဲ။ အဲဒီအချိန်မှာ ဒုတိယသခင်လေးထန်လည်း ရှိနေတယ်။ ဒါပေမယ့် သူ့ကိုလည်း လုပ်ကြံသူက တိုက်ခိုက်လိုက်တဲ့အတွက် သူက မြစ်ထဲကို ခုန်ချသွားတာ။ သူက သေသလား ရှင်သလား ဘယ်သူမှ မသိသေးဘူး…"

ပုံမှန်အားဖြင့် သခင်လေးဝမ်က အလုပ်ကိစ္စ ခရီးသွားလာလျှင် သူ၏ အစောင့်များကို ခေါ်ဆောင်သွားတတ်သည်။ သို့သော် သူကလည်း ဒုတိယသခင်လေးထန်ကဲ့သို့ အစွမ်းထက်ပညာရှင်တစ်ယောက်က အကာအကွယ်မလိုအပ်ဟု တွေးမိခဲ့၏။ ထို့ကြောင့်လည်း အစောင့်များကို ခေါ်မသွားခဲ့ခြင်းဖြစ်သည်။

အစောင့်များ ရောက်လာသည့်အချိန်တွင်တော့ သူက အသတ်ခံလိုက်ရပြီဖြစ်၏။ သူတို့က ယီမြို့ထဲသို့ ခန္ဓာကိုယ် ပြန်ယူလာနိုင်ရန် စောင့်နေရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဝမ်မိသားစုကို အရင်ဆုံး သတင်းပို့ရန် လိုအပ်၏။ ထို့ကြောင့်လည်း သူတို့က မုန့်ချီထက် ပို၍နှေးကွေးစွာ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

Translated by Hein Htet

All Chapters