အခန်း (၂၀၀)
Vol. 14 Ch. 200
"ဒုတိယသခင်လေးထန်ရဲ့အခြေအနေကို အခုအချိန်ထိ မသိရဘူးလား…"
ချီကျန်းရန်က မေးလိုက်သည်။ သူ၏ပထမဆုံးတုန့်ပြန်မှုက ထိုသတင်းကို သေချာစေရန်ဖြစ်၏။
အစောင့်ကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ဒုတိယသခင်လေးထန်ကို လုပ်ကြံသူတွေက ဒဏ်ရာရအောင် တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ သူတို့လည်း ရေထဲကို ခုန်ချသွားတယ်လို့ ပြောကြတယ်။ အဲဒီကတည်းက သူတို့ကို မတွေ့ရတော့ဘူး…."
ချီကျန်းရန်က အတော်လေးကို မျက်နှာပျက်နေခဲ့၏။
သူက သူ့လူများကို ညွှန်ကြားလိုက်သည်။
"ဒီသတင်းကို မြို့အပြင်ဘက်မှာရှိတဲ့ တာဝန်ခံလင်းဆီ သတင်းပို့လိုက်…"
ထိုလူများက သူ့စကားကို နားထောင်ပြီး ခြံဝန်းထဲမှ ထွက်သွားကြသည်။
မုန့်ချီက မေးလိုက်၏။
"ဒုတိယသခင်လေးထန်က တော်တော်အရေးကြီးတာလား…"
ချီကျန်းရန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
“သူက အကြီးဆုံး မျိုးဆက်ရဲ့ တတိယမျိုးဆက်ပဲ။ တကယ်လို့ သခင်ကြီးထန်သာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် သူက အဲဒီအိမ်တော်ရဲ့ အရှင်သခင်တစ်ယောက် ဖြစ်လာလိမ့်မယ်…"
"သူ့အဖေကရော … "
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်၏။
ချီကျန်းရန်က ထပ်ပြီးရှင်းပြလိုက်သည်။
"သခင်ကြီးထန်ရဲ့မျိုးဆက်က အကြီးဆုံးမျိုးဆက်လေ။ သူကပဲ ထန်မိသားစုကို အမြဲတမ်း ဦးဆောင်နေခဲ့တာ။ ဆရာကြီးထန်မှာ သား (၃) ယောက် ၊ သမီး (၄)ယောက်ရှိတယ်။ သမီးတွေကတော့ တခြားမိသားစုတွေ ၊ ဂိုဏ်းတွေနဲ့လက်ထပ်ပြီး လိုက်သွားကြတယ်။ သားတွေထဲမှာတော့ တစ်ယောက်က နာမကျန်းဖြစ်ပြီး သေသွားတယ်။ တခြားတစ်ယောက်ကတော့ လမ်းခရီးမှာ မတော်တဆဖြစ်ပြီး သေသွားတယ်။ အဆိုးဆုံးကတော့ ဒုတိယသခင်လေးထန်ရဲ့အဖေက သူ ငယ်ငယ်လေးမှာ သိုင်းပညာလေ့ကျင့်နေရင်း ချီစွမ်းအင် သွေဖယ်ပြီး သေသွားခဲ့တယ်။ သခင်ကြီးထန်မှာ သူ့ရဲ့အမွေဆက်ခံသူဆိုလို့ ဒုတိယ သခင်လေးထန်နဲ့ မိန်းကလေး ထန်မင်ယွဲ့တို့ပဲ ရှိတော့တယ်…"
"ကျွန်တော် နားလည်သွားပြီ…"
မုန့်ချီက ပြန်ဖြေလိုက်၏။ နောက်ဆုံးတွင်တော့ ထန်မိသားစုထဲတွင် ဒုတိယသခင်လေးထန်၏ အဆင့်အတန်းက မည်မျှ အရေးပါကြောင်း သူက နားလည်သွားခဲ့သည်။
ထို့နောက် သူက ရည်ရွယ်ချက်ရှိရှိ မေးလိုက်၏။
"တကယ်လို့ သူကသာ ထန်မိသားစုရဲ့ အမွေဆက်ခံသူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုရင် ဘာလို့ သူ့ကို ကာကွယ်ဖို့အတွက် တံခါး (၉)ပေါက် အဆင့် ပညာရှင်တစ်ယောက် ထည့်မပေးလိုက်ရတာလဲ…"
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"အကြီးဆုံးမျိုးဆက်မှာ တစ်ဦးတည်းကျန်နေတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် သခင်လေးထန်က သူ့အဘိုးရဲ့ အလိုလိုက်မှုကြောင့် ပျက်စီးနေတယ်။ သူက မောက်မာရိုင်းစိုင်းပြီး အရက် ၊ မိန်းမနဲ့ အပျော်အပါးလည်း အရမ်းမက်တယ်။ သူက သူ့အဖေရဲ့ မြစ်ခွဲခြင်းဓားပညာ အခြေခံအဆင့်ကိုတောင် မရောက်သေးဘူး။ သူက ဆေးလုံးတွေရဲ့ အကူအညီနဲ့ မျက်လုံးတံခါးပဲ ပွင့်နေသေးတယ်…”
“နောက်ပိုင်းမှာတော့ ယဲ့မိသားစုက သခင်လေးယဲ့နဲ့ ပြဿနာတက်ပြီး သခင်လေးယဲ့ကို စိန်ခေါ်ဖို့ ကြေညာခဲ့တယ်။ အဲဒီအချိန်မှာ သခင်လေးယဲ့ကတော့ သူ့အဖေရဲ့ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးကို ခိုးယူခဲ့တယ်လေ။ ဒါကြောင့် သူက စိန်ခေါ်ပွဲမတိုင်ခင် နားတံခါး ပွင့်သွားခဲ့တယ်…”
“ဒုတိယသခင်လေးထန်က တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တယ်လေ။ သူက အဲဒီအရှက်တရားကို မခံနိုင်ကြဘူးလို့ ပြောကြတယ်။ အဲဒီနောက်မှာတော့ အရမ်းမာနကြီးတဲ့ ဒုတိယသခင်လေးထန်က ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်တော့ဘဲ ယီမြို့ထဲကနေ တိတ်တဆိတ် ထွက်သွားခဲ့တယ်။ သူဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သခင်ကြီးထန်ကတောင် အရမ်းဒေါသထွက်သွားတဲ့အတွက် ဒုတိယသခင်လေးထန်အကြောင်း ပြောတဲ့သူတိုင်း ၊ သူ့နာမည်ကို ခေါ်တဲ့သူတိုင်းကို အပြစ်ပေးတတ်တယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"အခု သခင်ကြီးထန်က တော်တော်လေးကို နာမကျန်း ဖြစ်နေတယ်။ သူက ဒီအခြေအနေမှာ ပြိုလဲသွားနိုင်တယ်လို့တောင် ကြားထားတယ်။ အဲဒီအချိန်မှာ မိသားစုခေါင်းဆောင်အတွက် နေရာတိုက်ပွဲတစ်ခု ဖြစ်လာတာပဲ။ ဟွမ်ဟွာဓားဂိုဏ်းက ဘယ်သူ့ကို ထောက်ပံ့ပေးရမလဲ မသိသေးဘူး…"
ချီကျန်းရန်က လက်နောက်ပစ်ပြီး ပြောနေခဲ့သည်။
"တခြားမျိုးဆက်တွေထဲမှာတော့ နံပါတ် (၂) ထန်သခင်ကြီး၊ နံပါတ်(၅) ထန်သခင်ကြီးနဲ့ နံပါတ် (၇) ထန်သခင်ကြီးတို့က ခေါင်းဆောင်ဖြစ်နိုင်ချေများတယ်။ နံပါတ် (၅) ထန်သခင်ကြီးကတော့ ငါတို့ဂိုဏ်းနဲ့ အမြဲတမ်းရင်းနှီးနေခဲ့တာ။ ဒါကြောင့် တာဝန်ခံလင်းက သူ့ကို ထောက်ခံပေးမယ်လို့ ထင်တာပဲ…"
"အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်က သခင်လေးဝမ် ၊ ဒုတိယသခင်လေးထန်တို့နဲ့ တစ်လှေတည်း စီးလာခဲ့တာ။ ကျွန်တော်က သူတို့ရဲ့ လုပ်ကြံမှုကို ကိုယ်တိုင်တွေ့ခဲ့ရတယ်…"
မုန့်ချီက ရှင်းပြလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးကို နားလည်သွားပြီးနောက် မုန့်ချီက သူကြုံတွေ့ခဲ့ရသည့် အရာများကို ချီကျန်းရန် သိအောင် ပြောပြလိုက်သည်။ ထိုအထဲတွင် ဒုတိယသခင်လေးထန်၏ ခန္ဓာကိုယ်နှင့် အရေပြားမျက်နှာဖုံးတစ်ခုအကြောင်းပင် ပါဝင်နေခဲ့၏။ ဒုတိယသခင်လေးထန်က ဒုက္ခကပ်ဆိုးများကို ရှောင်တိမ်းရန် သူ့မြို့ဆီသို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ချီကျန်းရန်ကိုလည်း ပြောပြလိုက်သည်။
ချီကျန်းရန်က လေးလေးနက်နက် စဉ်းစားနေခဲ့၏။ ခဏကြာပြီးနောက် သူက ထပ်ပြောလိုက်သည်။
"ညီဝမ်းကွဲ…
မင်းရဲ့ ထင်မြင်ချက်တွေက ဖြစ်နိုင်ချေရှိတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ယီမြို့ထဲမှာ ဒုတိယသခင်လေးထန်ကို လာပြီး စုံစမ်းနေတဲ့ လူစိမ်းတချို့ တွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့တွေကို မမြင်ရတာကြာပြီ…"
"ဒုတိယသခင်လေးထန် လုပ်ကြံခံရတဲ့ သတင်းကို လူမသိစေနဲ့ဦး…။ ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ထန်မိသားစုကို မျှော်လင့်ချက်ပေးထားလိုက်ပါ… "
မုန့်ချီက ခဏကြာစဉ်းစားပြီး တီးတိုးရေရွတ်လိုက်သည်။
"သခင်လေးယဲ့က လုပ်ကြံသူတစ်ယောက်ငှားပြီး ဒုတိယသခင်လေးထန်ကိုသတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းမျိုး ဖြန့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ သူက ဒုတိယသခင်လေးထန်ကို အိမ်ပြန်မလာစေချင်ဘူးလေ။ လုပ်ကြံသူက သခင်လေးဝမ်ကို မျက်မြင်သက်သေအဖြစ် သတ်ပစ်လိုက်တာ…"
မည်သူကမျှ ထိုကဲ့သို့ သတင်းမျိုးကို ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် လူတိုင်း၏ စိတ်ထဲတွင် သံသယဝင်သွားစေနိုင်သည်။ ထိုသို့ဆိုလျှင် ယဲ့မိသားစုနှင့် မဟာမိတ်ဖွဲ့ချင်သော လူတိုင်းက သေချာပြန်၍ စဉ်းစားကြရမည်ဖြစ်၏။
မည်သို့ဖြစ်စေကာမူ သခင်လေးယဲ့က အလွန်ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်ပြီး ဒုတိယသခင်လေးထန်၏ ရန်သူတစ်ယောက်လည်း ဖြစ်နေသည်။ အကယ်၍ သူသာ အိမ်ပြန်လာပြီးနောက် ထန်မိသားစု၏ ခေါင်းဆောင်နေရာကို ဆက်ခံလိုက်မည်ဆိုလျှင် အရင်းအမြစ်များစွာ ရရှိနိုင်ပြီး အဖိုးတန်လက်နက်ပင် ရသွားနိုင်သည်။
ထိုအချိန်ကျလျှင် သခင်လေးယဲ့က အတော်လေး အခြေအနေ ဆိုးသွားနိုင်၏။ ထိုသို့ဆိုလျှင် သူက အရှက်ခွဲခံရမည်ဖြစ်သည်။
ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်၏။
"တကယ်ကောင်းတဲ့ အစီအစဉ်ပဲ…"
သူက ခဏကြာ စဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်၏။
"မင်းက နောက်ထပ်ရက်နည်းနည်းလောက် သိုသိုသိပ်သိပ် နေလိုက်ဦး။ လက်ရှိအခြေအနေမှာ နည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ ကွင်းဆက်လှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်။ ငါက ဟွမ်ဟွာဓားဂိုဏ်းက ဖြစ်နေတော့ ငါ့ကို ဘယ်သူမှ မတိုက်ခိုက်ရဲပေမဲ့ မင်းရဲ့နောက်ကြောင်းကတော့ ပေါ်သွားပြီ။ ယဲ့မိသားစုက ဒါကို သေချာပေါက် စောင့်ကြည့်နေမှာမဟုတ်ဘူး…"
ပြင်ပပညာရှင်တစ်ယောက်က ယဲ့စံအိမ်ထဲတွင် သတ်ပစ်ခံလိုက်ရသည့်အတွက် ယဲ့မိသားစုက သူတို့ကို ကာကွယ်ပေးရန် တခြားသော ပြင်ပပညာရှင်များကို မည်သို့တောင်းဆိုနိုင်တော့မည်နည်း။
ဟွမ်ဟွာဓားဂိုဏ်း၏ တပည့်တစ်ယောက်နှင့် ပတ်သက်သော ဆွေမျိုးတစ်ယောက်ကို သတ်ပစ်လိုက်ခြင်းက ဂိုဏ်းကို ဒေါသထွက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတစ်ဂိုဏ်းက သူ့တပည့်များ၏ မိသားစုကိုပင် ကာကွယ်ပေးနိုင်ခြင်းမရှိလျှင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို သံသယဝင်လာကြပါလိမ့်မည်။
ထို့ကြောင့်လည်း လီဆွေက ချီကျန်းရန်၏ ညီဝမ်းကွဲကို မသတ်ခဲ့ဘဲ သူ၏ သွေးကြောများကိုသာ ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက သာမန်လူတစ်ယောက်အဖြစ် ဆက်လက် အသက်ရှင်နိုင်ပြီး သိုင်းပညာ လေ့ကျင့်၍တော့ မရတော့ပေ။
နေရာတိုင်းတွင် ချွင်းချက်ရှိ၏။ အကယ်၍ ထိုတပည့်၏ ဆွေမျိုးများကသာ ပြဿနာရှာသည့်အတွက် လက်တုန့်ပြန်ခံရမည်ဆိုလျှင်တော့ ဟွမ်ဟွာဓားဂိုဏ်းကလည်း သေချာပေါက်ဝင်ပြီး ပတ်သက်လိမ့်မည် မဟုတ်ချေ။ မဟုတ်လျှင် သူတို့၏ဂုဏ်သတင်းကို မေးခွန်းထုတ်လာကြပါလိမ့်မည်။
"ကောင်းပြီလေ။ ငါလည်း သိုင်းပညာပဲ အေးအေးဆေးဆေး လေ့ကျင့်ဖို့ စဉ်းစားထားတာ…"
မုန့်ချီက စိတ်လိုလက်ရ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ချီကျန်းရန်ကို ကြည့်လိုက်၏။
"ဒါနဲ့ အစ်ကိုချီ ကျွန်တော်တို့က လက်ရည်စမ်းဖို့ အခွင့်အရေးမရခဲ့သေးဘူး။ အခုအချိန်လောက် ကောင်းတဲ့အချိန်လည်း မရှိဘူး။ ဘယ်လိုသဘောရလဲ…"
သူကလည်း ဖရိုဖရဲကျင့်စဉ်၏ အစွမ်းကို အမှန်တကယ် သိချင်နေသည်။
ချီကျန်းရန်က သူ့သိုင်းပညာ၏ မူလအရင်းအမြစ်ကို ပြောပြခဲ့ခြင်း မရှိဘဲ ကိုယ်တိုင်သာ လေ့ကျင့်နေခဲ့သော်လည်း သံသရာတာဝန် အတောအတွင်း သူ့အစွမ်းကို ပြသနိုင်သည်။ သူက လက်ရှိသေမင်းတမန် တာဝန်အကြောင်း မသေချာပေ။ သူ့ဆီတွင် တိုက်ပွဲအတွေ့အကြုံ နည်းပါးနေမှာကို ကြောက်လန့်နေခဲ့၏။
ထို့ကြောင့် မုန့်ချီက လက်ရည်စမ်းရန် တောင်းဆိုလိုက်သည့်အချိန်တွင် သူလည်း ချက်ချင်း သဘောတူလိုက်သည်။
"လေ့ကျင့်ရေးခန်းမကို သွားကြစို့… "
သူက အခန်းထဲတွင် ရှိနေသော နံရံများအားလုံးကို လက်နှင့် စမ်းကြည့်လိုက်သည်။ ထိုအရာက သူတို့ကို စောင့်ကြည့်၍ မရနိုင်သည့်အပြင် သိုင်းပညာ လေ့ကျင့်နိုင်သော အခန်းကျယ်တစ်ခု ဖြစ်သည်။ ကြမ်းခင်းတွင် အပြာရောင်ကျောက်တုံးများ ခင်းထားပြီး အပေါ်ဘက်တွင်တော့ သံကျောက်တုံးအလွှာတစ်ခု ရှိသည်။
မုန့်ချီကတော့ ထိုအပြင်အဆင်က ခွန်းလွန်ဖျက်ဆီးခြင်းသိုင်းကွက်ကို လေ့ကျင့်ရန် အကောင်းဆုံးအခြေအနေဟု ချက်ချင်း သိသွားခဲ့၏။
သူက စကားများများ မပြောခဲ့ဘဲ သူ၏နောက်ကျောမှနေ၍ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ထုတ်လိုက်သည်။ ထို့နောက် ဓားရှည်ကိုလည်းထုတ်လိုက်ပြီး ဘယ်လက်ထဲတွင် ကိုင်ထားလိုက်၏။
လက်တစ်ဖက်တွင် ဓားရှည်ကို ကိုင်ပြီး တစ်ဖက်တွင် ဓားမောက်ကို ကိုင်ထား၏။ သူက ချီကျန်းရန်ကို လုံးဝလျှော့မတွက်ရဲပေ။
ယခင်သူ၏ တိုက်ပွဲများထဲတွင် အန်ကုံရှဲ့နှင့် ယုဟွမ်တောင်တို့ကလွဲလျှင် ပြိုင်ဘက်များအားလုံးက သူ့ထက် ပို၍အဆင့်မြင့်သော်လည်း သူတို့၏ သိုင်းပညာက လက်ရွေးစင်ဟု သတ်မှတ်နိုင်ခြင်း မရှိပေ။
သူတို့က လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀)ယောက်ကိုပင် မယှဉ်နိုင်ကြပေ။ သူတို့၏ စွမ်းရည်က နတ်ဘုရားစွမ်းရည်များအပေါ်တွင် အခြေခံနေသည့်အတွက် သူတို့၏ စွမ်းအားက လိုအပ်နေသည်ဟု ဆိုနိုင်၏။
ဖရိုဖရဲကျင့်စဉ်ကတော့ သံသရာအရှင်သခင်၏ ပြိုင်ဘက်ကင်း သိုင်းကျမ်းများကိုပင် ယှဉ်နိုင်နေသည်။ ထိုအရာက အထွဋ်အထိပ်ဓားကျင့်စဉ်နှင့် အဂတိ လက်ညှိုးတို့ကိုပင် ယှဉ်နိုင်သည်ဟု ဆိုနိုင်၏။ မုန့်ချီက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို အခြေခံသာ နားလည်ထားသည့်အတွက် တံခါးများစွာ မပွင့်သေးသော ချီကျန်းရန်ကို လျှော့မတွက်ရဲပေ။
ချီကျန်းရန်ကလည်း သူ၏ ရွှေနဂါးဓားကို ဆွဲထုတ်လိုက်၏။ ဓား၏ ပတ်ပတ်လည်တွင် တိမ်တိုက်များကဲ့သို့ စွမ်းအင်များ လွှမ်းခြုံနေသည်။ ဓားဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းလုံးများကလည်း မုန့်ချီဆီသို့ ဦးတည်နေခဲ့၏။
မုန့်ချီက ဖရိုဖရဲကျင့်စဉ်နှင့် ရွှေနဂါးဓားတို့၏ ထူးခြားသော စွမ်းအားများကို သိနေသည်။ ထို့ကြောင့် အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်ကို သုံးထားလိုက်၏။ ထိုအရာက သူ၏စိတ်ဝိညာဉ်ကို ကာကွယ်နိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို ပြင်ပသို့ ပို့ဆောင်နိုင်သည်။ တစ်ချိန်တည်းတွင် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုလည်း ပေါင်းစပ်ထားခဲ့၏။
သူ၏ပတ်ပတ်လည်တွင် ရှိနေသော ပုံရိပ်များက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ ယခင်တုန်းက ဝေဝါးနေသော ပုံရိပ်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုမြင်တွေ့ရသော ပုံရိပ်များက ပို၍ပင် ရှင်းလင်းနေ၏။
သူက ချီကျန်းရန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စီးဆင်းနေသော ချီစွမ်းအင်များနှင့် ရွှေနဂါးဓား၏ ပတ်ပတ်လည်တွင် ရှိနေသော စွမ်းအင်များကိုပင် ခံစားမိနေခဲ့သည်။ ထိုအရာက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများ ပေါင်းထည့်ထားသည့် အကျိုးရလဒ်လည်းဖြစ်၏။
မုန့်ချီဆီတွင် အခြေခံပြောင်းလဲမှုကျင့်စဉ်သာ မရှိခဲ့လျှင် သူက အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်၏ အခြေခံအဆင့်ကို ထိုမျှလျင်မြန်စွာ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။
ချီကျန်းရန်၏ ခန္ဓာကိုယ်ထဲမှနေ၍ နေရောင်ခြည်ကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာနေသည်။ ထိုစွမ်းအင်များက မီးတောက်များ လောင်ကျွမ်းသလို အနီရောင်များ ၊ ကြာပန်းပွင့်ကဲ့သို့ အရောင်များနှင့် နတ်ဘုရားများ၏ ပုံသဏ္ဍာန် ဖြစ်နေခဲ့သည်။
"ငါ့ဓားကို သတိထား…"
ချီကျန်းရန်က အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသော စွမ်းအင်များကလည်း စတင်လှုပ်ရှားလာပြီး သူ့အသံက ကောင်းကင်ကြီးပေါ်မှ ကျဆင်းလာသော အသံတစ်ခုကဲ့သို့ နှလုံးသားထဲကို ထိုးဖောက်သွားခဲ့သည်။
ပြိုင်ဘက်ကင်းသိုင်းပညာတစ်ခုဖြစ်သော ဖရိုဖရဲကျင့်စဉ်တွင် ထိုကဲ့သို့ နတ်ဘုရားဖျက်ဆီးရေး အသံသိုင်းပညာလည်း ပါဝင်နေသည်။
မုန့်ချီက ခဏကြာ ဝေဝါးသွားခဲ့ပြီး ချက်ချင်းပင် သတိပြန်ဝင်လာခဲ့၏။ ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် ထိုအော်သံတစ်ခုတည်းက သူ့ကို ရှုံးနိမ့်သွားစေနိုင်သည်။
ရုတ်တရက်ဆိုသလို အဖြူရောင်မြူခိုးများက ပတ်ဝန်းကျင်တွင် လွှမ်းခြုံလာခဲ့သည်။ မုန့်ချီက မြူခိုးများကို ဖြတ်၍ မည်သည့်အရာကိုမျှ မမြင်ရပေ။ ချီကျန်းရန်နှင့် ရွှေနဂါးဓားကိုလည်း မမြင်နိုင်ခဲ့ပေ။
သို့သော် သူ၏ ချီစွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအား၏ အကူအညီကြောင့် သူ့စိတ်ထဲတွင် အနီရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ ချီစွမ်းအင်များက မည်သည့်အစိတ်အပိုင်းများကို ဖြန့်ဝေနေပြီး မည်သည့်အစိတ်အပိုင်းများက အားနည်းနေကြောင်း သူက အကြမ်းဖျင်း ခန့်မှန်းမိနေသည်။
ထို့နောက် မုန့်ချီက ဘယ်လက်တွင် ရှိနေသော ဓားနှင့်တိုက်ခိုက်လိုက်၏။ ဦးတည်ရာမဲ့ တိုက်ခိုက်လိုက်ပြီးနောက် တချွင်ချွင် မြည်သံများကို ကြားလိုက်ရသည်။ ထိုဓားက သူ့ဆီသို့ ရောက်လာသော ရွှေနဂါးဓား၏ ဓားသွားနှင့် ရင်ဆိုင်လိုက်ရ၏။
တစ်ချိန်တည်းတွင် မုန့်ချီက ညာလက်တွင် ရှိနေသော ဓားနှင့် ခုတ်လိုက်သည်။ သူ၏ ဓားမောက်ဆီမှ ထွက်ပေါ်လာသော စွမ်းအားများက ရေထဲတွင် ရောင်ပြန်ဟပ်နေသော နေရောင်ခြည်ကဲ့သို့ တလက်လက် တောက်ပပြီး ပြောင်းလဲနေခဲ့သည်။
ထိုဓားသွားတိုက်ခိုက်မှုက လျင်မြန်မှု မရှိသော်လည်း ပြောင်းလဲနေပြီး ခန့်မှန်း၍ မရနိုင်ပေ။ ထို့ကြောင့် ခုခံ၍ မရသလို ထင်မှတ်ရသည်။ ထိုကဲ့သို့ အလွန်ထူးခြားသော ဓားမောက်တာအို တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ချီကျန်းရန်က မည်သို့ရင်ဆိုင်ရမှန်း မသိခဲ့ပေ။ ထို့ပြင် သူ၏ ရွှေနဂါးဓားကလည်း ဆက်တိုက်ပြောင်းလဲနေသော မုန့်ချီ၏ ဓားကိုလိုက်၍ တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။
ဖရိုဖရဲကျင့်စဉ်က အလွန်စွမ်းအားကြီးသော ကျင့်စဉ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သူက စိုးရိမ်နေခြင်း မရှိပေ။ သူက ဓားရှည်ပေါ်ကို ဖိနှိပ်ထားလိုက်ရာ ကြမ်းပြင်ပေါ်တွင် ရှိနေသော သံကျောက်တုံးများအားလုံးက မုန့်ချီဆီကို ပျံသန်းလာကြသည်။
မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ သူက ထိုတိုက်ခိုက်မှုကို စိုးရိမ်မနေခဲ့ပေ။ သူက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားနှင့်သာ ဆက်လက်တိုက်ခိုက်နေခဲ့၏။
သံကျောက်တုံးများက သူ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် စွမ်းအားအများစုကိုတော့ ရွှေရောင်အလင်းတန်းများက ဖယ်ရှားသွားခဲ့၏။ ကျောက်တုံးအနည်းငယ်ကသာ မုန့်ချီ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို တိုက်ခိုက်နိုင်ခဲ့ပြီး သူတို့၏အရှိန်က လျော့ကျ၍ မြေပေါ်သို့ ပြန်ကျသွားခဲ့သည်။
မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကတော့ ပြင်ပစွမ်းအားများ ရရှိလာသည့်အလား ပို၍ပင် လျင်မြန်လာခဲ့သည်။ ထိုဓားသွားက ချီကျန်းရန်၏ ဓားကို အလွန်အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်၏။
အနီရောင်အလင်းတန်းများက ကခုန်နေသလို ထင်မှတ်ရသော်လည်း ဓားသွား၏ စွမ်းအားများကို တားဆီးနိုင်ခဲ့သည်။ မုန့်ချီ၏ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားတွင်တော့ ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား ဓားအလင်းရောင်စီးကြောင်းထဲတွင် လှုပ်ရှားကခုန်နေပြီး တဖြည်းဖြည်းနှင့် အတည့်အတိုင်း တိုက်ခိုက်နေခဲ့သည်။
ချီကျန်းရန်က အော်ဟစ်လိုက်ပြီး ဘယ်လက်ဝါးနှင့် တိုက်ခိုက်လိုက်၏။ အေးခဲနေသော လေလှိုင်းက ဓားသွားကို တိုက်ခိုက်လိုက်ရသည့်အတွက် အရှိန်က လျော့ကျသွားသည်။ ထို့နောက် သူ၏ရွှေနဂါးဓားနှင့် ခုတ်ပိုင်းလိုက်၏။
အလွန်အေးစက်သော သလင်းကျောက်ပုံစံ အလင်းတန်းများက မုန့်ချီဆီကို ဦးတည်လာခဲ့သည်။ မုန့်ချီက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လှည့်လိုက်ရာ ရေခဲအလင်းတန်းအများစုက သူ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းတွင် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားနှင့် အောက်သို့ ခုတ်ချလိုက်၏။ ထိုစွမ်းအားက အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ သူက ခရမ်းမိုးကြိုးဓား(၇)ချက်ကို လေ့ကျင့်ခဲ့သည့်အချိန်တွင် ထိုသိုင်းကွက်၏ အနှစ်သာရများကို နားလည်လာခဲ့သည်။
ထို့ကြောင့် ကောင်းကင်ဓားကျင့်စဉ်နှင့် ပူးပေါင်းနိုင်ခဲ့၏။ မုန့်ချီက မတူညီသော ဓားမောက်တာအို အနှစ်သာရ တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ချီကျန်းရန်က သူ့ဓားကို မြှောက်ပြီး တားဆီးလိုက်သည်။ သို့သော် မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ ခုတ်ချက်ကိုသာ ရင်ဆိုင်လိုက်ရ၏။ ထိုဓား၏အစွမ်းက မိုးကြိုးသွား တစ်ခုကဲ့သို့ ဖြစ်နေသည်။ ရွှေနဂါးဓားက အဝေးသို့ လွင့်ထွက်သွားပြီး ချီကျန်းရန်လည်း လက်ထဲတွင် အေးစက်သွားခဲ့၏။
မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကတော့ ချီစွမ်းအင်များနှင့်အတူ ဆက်လက် လှုပ်ရှားနေပြီး အနီရောင်အလင်းတန်းများ တောက်ပနေသေးသည်။ ဓားသွားက စွမ်းအားအများစုကို ဆုံးရှုံးသွားခဲ့သော်လည်း မုန့်ချီက သူ့ဓားကို တွန်းလွှတ်လိုက်၏။ ထို့နောက် သူ၏ ဓားမောက်နှင့် ဓားရှည်တို့ကို ရုတ်သိမ်းလိုက်သည်။
သူက ခန္ဓာကိုယ်ထဲမှနေ၍ ရေခဲချီစွမ်းအင်များကိုလည်း ရှင်းထုတ်လိုက်၏။ ချီကျန်းရန်၏ ရေခဲချီစွမ်းအင်များက သာမန်ချီစွမ်းအင်များကဲ့သို့ မဟုတ်ပေ။ ထိုအရာက အလွန်စုစည်းနေပြီး သွေးကြောများကိုပင် အေးခဲသွားစေနိုင်သည်။ မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးထားသည်ကိုပင် သူ၏ သွေးကြောများက သက်ရောက်ခံရသေးသည်။
အကယ်၍ သူက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို လေ့ကျင့်ထားခြင်းမရှိလျှင် နောက်ဆုံးတိုက်ခိုက်မှုပင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
"တော်တော်အေးတာပဲ…. "
မုန့်ချီက ပြောလိုက်ပြီး ဓားရှည်နှင့် ဓားမောက်တို့ကို ရုတ်သိမ်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ပွတ်လိုက်၏။
"အစ်ကိုဝမ်းကွဲ…
အစ်ကိုဝမ်းကွဲကသာ နှာခေါင်းတံခါးပွင့်သွားပြီဆိုရင် ကျွန်တော်က ဝေ့ကျင်းအဆင့် သိုင်းပညာမသုံးမချင်း အနိုင်ရမှာ မဟုတ်တော့ဘူး…"
ချီကျန်းရန်က ဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့်အချိန်ကတည်းကစပြီး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို စိန်ခေါ်နိုင်သည်။ ချီကျန်းရန်က ရှုံးနိမ့်သွားသော်လည်း စိတ်ပျက်သွားခြင်း မရှိပေ။ အတော်လေး ဝမ်းသာနေခဲ့၏။
သူ့စိတ်ထဲတွင်တော့ ညီလေးမုန့်က လူငယ်မှတ်တမ်းတွင် သေချာပေါက် အဆင့် (၂၀) အတွင်း ရှိနိုင်သည်။ ထို့ကြောင့် သူက မုန့်ချီနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် သူကိုယ်တိုင်လည်း လူငယ်မှတ်တမ်းတွင် စာရင်းဝင်နိုင်ကြောင်း နားလည်သွားသည်။ သိပ်မကြာခင် အတောအတွင်း လမ်းညွှန်မှုမရခဲ့သော သာမန်တပည့် တစ်ယောက်အတွက်တော့ ထိုအရာက အလွန် ဝမ်းသာစရာကောင်းလှသည်။
သူတို့က နောက်ထပ်အကြိမ်အနည်းငယ် လက်ရည်စမ်းလိုက်ပြီးနောက် အချင်းချင်း အကျိုးအမြတ်များ ရခဲ့ကြသည်။ နေ့လည်စာစားချိန်တွင် တာဝန်ခံလင်းက သူ့ဆီ လူလွှတ်ပြီး စာတစ်စောင် ပို့လိုက်သည်။ ချီကျန်းရန်က ထိုစာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
"သူက ဘာပြောထားလို့လဲ…"
မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ချီကျန်းရန်က အက်ရှရှလေသံနှင့် ပြောလိုက်သည်။
"ငါက ပြဿနာရှာတယ်ဆိုပြီး သူက ငါ့ကို အပြစ်တင်နေတာ။ ဒီကိစ္စကို ကြီးမလာစေနဲ့လို့ ပြောထားတယ်…"
"အစ်ကိုချီက သူ့ကို ဘယ်လိုပြန်ပြောဖို့ စဉ်းစားထားလဲ…"
မုန့်ချီက ထိုအရာကို အလွန်အမင်း ဂရစိုက်မနေဘဲ အပြုံးနှင့်မေးလိုက်သည်။
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်၏။
"ယဲ့မိသားစုက လူမှားပြီး စွပ်စွဲနေတာလို့ပဲ ပြောလိုက်မယ်။ တကယ်လို့ သူတို့က ငါ့ကို မယုံဘူးဆိုရင် ဆရာဦးလေးကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းလို့ ပြောလိုက်မယ်…"
"ဒါက ကျွန်တော်လိုချင်တဲ့ သဘောထားပဲ…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
ချီကျန်းရန်က သူ့ကို ကြည့်ပြီးထပ်ပြောလိုက်၏။
"ငါ့ညီဝမ်းကွဲကို လီဆွေက ဒုက္ခပေးလိုက်တယ်ဆိုတာ တာဝန်ခံလင်းကလည်း မယုံခဲ့ဘူးလေ။ ငါက အမြဲတမ်းပြဿနာရှာနေတယ်လို့ပဲ သူက ထင်နေတာ။ မင်းကရော ငါ့ကို ယုံကြည်ရဲ့လား… "
"ယုံတာပေါ့။ ကျွန်တော်ကလည်း အစ်ကို့ရဲ့ ညီဝမ်းကွဲပဲလေ…"
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
ထို့နောက် သူက အလေးအနက် ပြောလိုက်၏။
"ကျွန်တော်တို့က သေရေးရှင်ရေးတိုက်ပွဲတွေကို အတူတူ ဖြတ်ကျော်လာခဲ့တာ။ အစ်ကိုချီက ကိုယ်တိုင်မတတ်သာတဲ့ အခြေအနေမျိုးမှ မဟုတ်ရင် ကျွန်တော့်ကို အသုံးချမှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်က အစ်ကို့ကိုမှ မယုံဘူးဆိုရင် ဘယ်သူ့ကို ယုံရမှာလဲ။ ယဲ့မိသားစုကိုလား….။ ကျွန်တော်က ယပ်တောင် (၆)လက် ကျောင်းက လူဆိုးထိန်းတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် အသေးစိတ်ကို ဂရုမစိုက်နိုင်ဘူး။ အစ်ကိုနဲ့ အစ်ကို့ရဲ့ညီဝမ်းကွဲတို့ ဖြစ်ခဲ့တဲ့အရာကတောင် လုံလောက်တာထက်ပိုနေပြီ… "
သူက လမ်းမေးခဲ့သည့်အချိန်တွင် ထိုအကြောင်းအရာများကို သေချာမေးခဲ့သေးသည်။ နောက်ပိုင်းနေ့ရက်များတွင် အရာအားလုံးက တည်ငြိမ်နေခဲ့၏။ မုန့်ချီက လေ့ကျင့်မှုကိုသာ အာရုံစိုက်နေခဲပြီး အပြင်ဘက်ကို မထွက်ခဲ့ပေ။
ထိုအချိန်တွင် နံပါတ် (၅) ထန်သခင်ကြီးက တာဝန်ခံလင်းနှင့်ချီကျန်းရန်တို့ကို ဖိတ်ခေါ်ရန် စာတစ်စောင် ပို့လိုက်လေသည်။
Translated by Hein Htet.