← Chapters

အခန်း (၂၀၁)

Vol. 14 Ch. 201

အခန်း (၂၀၁)

Vol. 14 Ch. 201

"ကြည့်ရတာ နံပါတ် (၅) ထန်သခင်ကြီးက တကယ့်ကို ရူးနေပြီပဲ…"

မုန့်ချီက ချီကျန်းရန် ကမ်းပေးသော စာကို ဖတ်ပြီး ခန့်မှန်းကြည့်လိုက်သည်။

နံပါတ်(၂) သခင်လေးထန်က အသက်ရှင်နေခြင်းရှိမရှိ မည်သူမျှ သေချာမသိကြပေ။ သို့သော် ထန်မိသားစု၏ အရှင်သခင်နေရာကတော့ သူ့ကို ဆက်ပြီး မစောင့်နိုင်ကြတော့ပေ။

ထိုအချက်အလက်က မရေရာသေးကြောင်း သခင်ကြီးထန်က သိနေသော်လည်း သူ၏ ကျန်းမာရေးအခြေအနေကတော့ တဖြည်းဖြည်းပို၍ ဆိုးရွားလာသည်။ ထို့ကြောင့်လည်း နံပါတ် (၅) ထန်သခင်ကြီးက စိုးရိမ်ထိတ်လန့်နေခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မိသားစု၏အရှင်သခင်နေရာကို ဖြည့်ဆည်းရန် သင့်တော်သော လူတစ်ယောက်မျှ မရှိသေးပေ။ ထို့ကြောင့် သူက ဟွမ်ဟွာဓားဂိုဏ်းမှ တာဝန်ခံများကို ဖိတ်ခေါ်ပြီး သူ့ကို ထောက်ခံပေးရန် ကြိုးစားလိုက်ခြင်းဖြစ်၏။

အနည်းဆုံးတော့ လက်ရှိအခြေအနေနှင့် ထိုစာ၏ အချက်အလက်များအရ သူလိုချင်သော ဖြစ်နိုင်သည့် အရာများကို စဉ်းစားရန် မခက်ပေ။

ချီကျန်းရန်ကလည်း ခေါင်းညိတ်ပြလိုက်၏။ သူက ပြောလိုက်သည်။

"လက်ရှိမိသားစုထဲမှာ နံပါတ် (၂) ထန်သခင်ကြီးက အစွမ်းထက်ဆုံးလို့ ပြောကြတယ်။ နံပါတ် (၇) ထန်သခင်ကြီးကလည်း ညအချိန် ယဲ့တူမြို့တော်ကို သွားတယ်လို့ သိရတယ်။ ဒါကြောင့် နံပါတ်(၅) ထန်သခင်ကြီးကလည်း အခြေအနေကို ရပ်ပြီးစောင့်မနေတော့တာဖြစ်မယ်…"

ဝမ်မိသားစုက ကျိုးနိုင်ငံ ယဲ့တူ၌ အခြေစိုက်ထားခဲ့သည်။ မုန့်ချီက စာကို ခေါက်လိုက်ပြီး လက်ချောင်းလေးများနှင့် ညင်သာစွာ ခေါက်နေခဲ့သည်။

"တစ်ခုခုတော့ မှားနေပြီ။ တကယ်လို့ ထန်သခင်ကြီး နာမကျန်းဖြစ်နေတဲ့အချိန် နံပါတ်(၂) ထန်သခင်ကြီးကသာ မိသားစုအာဏာကို ယူလိုက်မယ်ဆိုရင် ဘာလို့ ဟွမ်ဟွာဓားဂိုဏ်း ဒါမှမဟုတ် ကျိုးနိုင်ငံ ဝမ်မိသားစုရဲ့ အကူအညီကို မယူရတာလဲ။ အဲဒီအစား သူက တစ်ယောက်ကိုမှ မဆက်သွယ်ခဲ့ဘူး…"

ကျားစေ့လေး တစ်ခုဟူသည်မှာ အထက်တန်းလွှာမိသားစုကြီးတစ်ခု သို့မဟုတ် ဂိုဏ်းကြီး၏ ကြားထဲတွင်ရှိနေသော အတွင်းရေး ပဋိပက္ခများထဲတွင် အရေးပါသည်။ နံပါတ် (၂) ထန်သခင်ကြီးကလည်း ထိုအဖွဲ့အစည်းများ၏ အထောက်အပံ့ကို လိုအပ်ကြောင်း သိနေ၏။ မဟုတ်လျှင် သူက မိသားစု၏ အရှင်သခင်နေရာကို ဆက်ခံရမည်ဆိုလျှင်ပင် အထောက်အပံ့မရှိလျှင် ကြာကြာ ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။

"ဒီအခြေအနေက သာမန်မဟုတ်ဘူးဆိုမှတော့ နောက်ကွယ်မှာ လက်မည်းကြီး ရှိနေတယ်…"

ချီကျန်းရန်ကလည်း မုန့်ချီ၏စကားကို ထောက်ခံလိုက်သည်။ သို့သော် သူကတော့ ဒုတိယတာဝန်ခံသာ ဖြစ်သည့်အတွက် အချက်အလက်များ ရှာဖွေရန် မဖြစ်နိုင်သေးပေ။

မုန့်ချီက မတ်တပ်ရပ်ပြီး ပြောလိုက်၏။

"အစ်ကိုဝမ်းကွဲ…

ကျွန်တော်က အစ်ကိုဝမ်းကွဲနဲ့ လိုက်ခဲ့မယ်။ တကယ်လို့ အင်အားသုံးပြီး ဖြေရှင်းဖို့ လိုမယ်ဆိုရင်တော့ အစ်ကို့ရဲ့လက်တွေ ညစ်ပတ်စရာမလိုပါဘူး… "

ထိုအခြေအနေတွင် ချီကျန်းရန်နှင့် တာဝန်ခံလင်းတို့ကို တမင်တကာ ရည်ရွယ်ပြီး လုပ်ကြံသတ်ဖြတ်မည့် ဖြစ်နိုင်ချေတစ်ခုလည်း ရှိနိုင်သည်။ ထိုသို့ဆိုလျှင် ဟွမ်ဟွာဓားဂိုဏ်းက ယဲ့မိသားစု ၊ လင်းမိသားစု သို့မဟုတ် နံပါတ် (၇) ထန်သခင်ကြီးတို့ကို သေချာပေါက် အပြစ်တင်မည်ဖြစ်၏။

ထိုအချိန်တွင် သူတို့၏ အထောက်အပံ့ဖြစ်သော ကျိုးနိုင်ငံ ဝမ်မိသားစုကလည်း သူတို့ထောက်ပံ့ပေးထားသော မိသားစုများကို မှားယွင်းစွပ်စွဲခြင်းမျိုး လက်ခံမည် မဟုတ်ချေ။

ဖျက်ဆီးရေးဂိုဏ်း ကြီးစိုးနေစဉ် အတောအတွင်း သူတို့ကလည်း လူသတ်ရန်အတွက် တူညီသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ သူတို့က အရှုပ်အထွေးများ ဖန်တီးပြီး တိုက်ပွဲကြီးများကို မီးမွှေးခဲ့၏။ လော်အဖွဲ့အစည်းနှင့် လေဟာနယ်မိန်းမပျိုဂိုဏ်းတို့ကလည်း ကွဲပြားမှုမရှိချေ။

မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်ထဲတွင် (၃)ခုကတော့ ကျင်းအင်ပါယာထဲတွင် လှုပ်ရှားမှု အများဆုံးဖြစ်သည်။ သို့သော် ကျင်းအင်ပါယာထဲတွင်သာ ထိုသို့ရှိနေခြင်းတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရက်စက်ခြင်းကျောင်းဆောင်က ဒုတိယထန်သခင်လေး ထန်ကျင်းကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု မုန့်ချီက သံသယဝင်နေမိသည်။

"ဒီအစီအစဉ်က အကောင်းဆုံးပဲ…"

ချီကျန်းရန်က လက်ခံလိုက်သည်။

ညနေစောင်းသည့်အချိန်တွင် တာဝန်ခံ လင်းမူက ဟွမ်ဟွာဆန်ဆိုင်ကို ရောက်လာခဲ့သည်။

"တူလေးချီ… ဒါက မင်းရဲ့ညီဝမ်းကွဲလား…. "

လင်းမူက ချီကျန်းရန်၏ ဆရာဦးလေးဖြစ်ပြီး ဆံပင်များက မီးခိုးရောင်ပေါက်ကာ မျက်လုံးထောင့်တွင် အရေးအကြောင်းများ‌ ပေါ်နေသည်။ သူက အရပ်ရှည်ရှည်နှင့် နောက်ကျောတွင် ဘုကြီးတစ်ခုရှိ၏။ သူ၏မျက်လုံးအောက်တွင် ရှိနေသော မျက်ရည်အိတ်များက ထင်ရှားနေပြီး သူဝင်လာသည့် အချိန်ကတည်းကစပြီး သိသာနေသည်။ သူက ကာမဂုဏ်ပျော်ပါးမှုကို အလွန်မက်မောသော လူတစ်ယောက်ဖြစ်ကြောင်း သိသာနေ၏။

ချီကျန်းရန်က ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်… ဆရာဦးလေး။ ဒါက ကျွန်တော့်ရဲ့ ညီဝမ်းကွဲ မုန့်ချီပါ။ သူက အနောက်ပိုင်းနယ်မြေထဲမှာ ကြီးလာခဲ့တာ…"

"တူလေးမုန့်… ငါက မင်းရဲ့သိုင်းပညာနဲ့ ပတ်သက်ပြီး ကြားခဲ့ဖူးတယ်…"

လင်းမူက ပြန်ဖြေလိုက်သည်။ အလွန်ကြောက်စရာကောင်းသော မုန့်ချီ၏ စွမ်းရည်အကြောင်း ကြားခဲ့သည့်အချိန်တွင် သူလည်း မုန့်ချီကို အထင်မသေးရဲပေ။

ယဲ့စံအိမ်ထဲသို့ ချိုးဖောက်ဝင်ရောက်သွားပြီး တစ်ယောက်တည်း လူသတ်၍ ထွက်လာနိုင်သော ဓားသမားတစ်ယောက်၏ ပုံပြင်က ယီမြို့၏ နေရာအနှံ့တွင် ကြားနေရသည်။

လီဆွေကို ထိုမျှအချိန်တိုလေးအတွင်း သတ်နိုင်သော လူတ်ယောက်က သေချာပေါက် တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်နှင့် တူညီနေနိုင်သည်။ ထို့ကြောင့်လည်း ယဲ့မိသားစုက ယခုအချိန်အထိ လက်တုန့်ပြန်ချင်နေခြင်းဖြစ်၏။

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"တာဝန်ခံလင်းရဲ့ချီးကျူးမှုကို ကျွန်တော်က မခံယူရဲပါဘူး။ အမှန်အတိုင်းပြောရရင် ယဲ့မိသားစုက ကျွန်တော့်ကို လူမှားပြီး စွပ်စွဲနေတာပါ…"

အရူးတစ်ယောက်ကသာ ထိုကဲ့သို့ အရာမျိုးကို ဝန်ခံပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူတို့က ကျင်းအင်ပါယာထဲတွင် ဖြစ်နေပြီး အနောက်ပိုင်းနယ်မြေထဲတွင် မဟုတ်ပေ။ ထို့ပြင် ဤနေရာတွင် ယပ်တောင် (၆)လက်ကျောင်းကလည်း အတော်လေး အင်အားကြီး၏။ အကယ်၍ မုန့်ချီကသာ လူသတ်သမားဖြစ်ကြောင်း သက်သေရသွားမည်ဆိုရင် ဟွမ်ဟွာဓားဂိုဏ်းကလည်း သူ့ကို ကာကွယ်ပေးနိုင်တော့မည်မဟုတ်ချေ။

လင်းမူက မုန့်ချီကို နောက်တစ်ကြိမ် လေးလေးနက်နက် စိုက်ကြည့်ပြီး ပြောလိုက်၏။

"တကယ့်ကို လူငယ်သူရဲကောင်းတစ်ယောက်ပါပဲ။ တူလေးချီ… ငါတို့က ပန်းစန္ဒာစံအိမ်ကို သွားကြစို့…"

နံပါတ် (၅) ထန်သခင်ကြီးက ဟွမ်ဟွာဓားဂိုဏ်းမှ တာဝန်ခံနှစ်ယောက်ကို ဖိတ်ခေါ်လိုက်သော နေရာက နာမည်ကျော် ပန်းစန္ဒာစံအိမ်ဖြစ်သည်။ ထိုစားသောက်ဆိုင်က ရှန့်ရွှေမြစ်ကမ်းတွင် တည်ရှိပြီး ပတ်ဝန်းကျင်မြင်ကွင်းများက အလွန်လှပသည်။

မြင်းလှည်းက စားသောက်ဆိုင်ရှေ့၌ ရပ်သွားသည့်အချိန်တွင် တံခါး၌ စောင့်နေသော ဆိုင်ရှင်က သူတို့ကို နှုတ်ဆက်လိုက်၏။

"တာဝန်ခံလင်း…

မတွေ့တာ တော်တော်လေးတောင် ကြာနေပြီ။ တာဝန်ခံက မြို့အပြင်ဘက်မှာရှိတဲ့ စားသောက်ဆိုင်တွေကိုပဲ သွားနေတယ်ဆိုတာ ကျွန်တော် သိတယ်။ တကယ်လို့ နံပါတ် (၅) ထန်သခင်ကြီးကသာ ဒီနေ့ဖိတ်ခေါ်မထားဘူးဆိုရင် တာဝန်ခံလင်းကို တွေ့ရမှာတောင် မဟုတ်ဘူး…"

သူက ချီကျန်းရန်နှင့် မုန့်ချီတို့ကို ကြိုဆိုသည့်အချိန်တွင်လည်း အလွန်အမင်းကို နွေးထွေးနေခဲ့သည်။

သူက မုန့်ချီကို အချိန်တော်တော်ကြာ စိုက်ကြည့်နေခဲ့၏။ ယခုမှ မွေးပုံရသော လူငယ်လေးက မြို့တော်ထဲတွင် နာမည်ကျော် ပညာရှင်တစ်ယောက်ဖြစ်သော တစ္ဆေအရိပ်ဓားကို သတ်ပစ်နိုင်ခဲ့သည်။

တာဝန်ခံလင်းက ပန်းစန္ဒာစံအိမ်၏ ပိုင်ရှင်နှင့် စကားပြောနေရင်း အတွင်းထဲသို့ လျှောက်သွားခဲ့သည်။ စံအိမ်ထဲတွင် အစောင့်များ ပြည့်နေပြီး သူတို့က အပေါ်ထပ်သို့ တက်လာခဲ့၏။ တတိယထပ်သို့ ရောက်လာသည့်အချိန်တွင် သက်လတ်ပိုင်း လူဝကြီးတစ်ယောက်က သူတို့ကို စောင့်နေပြီး သူ့အနားတွင်တော့ အစောင့်အနည်းငယ် ရှိနေသည်။

"တာဝန်ခံလင်း… နောက်ဆုံးတော့ ရောက်လာပြီပဲ.."

လူဝကြီးက သူတို့ကို နှုတ်ဆက်လိုက်သည်။

ယခုတစ်ကြိမ်တော့ တာဝန်ခံလင်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"နံပါတ် (၅) ထန်သခင်ကြီး…

ငါက မင်းရဲ့ဖိတ်ခေါ်မှုကို မငြင်းရဲပါဘူး…"

သူက နံပါတ် (၅) ထန်သခင်ကြီး ထန်စစ်ရွှမ် ဖြစ်သည်။

"သူ့အစောင့်တွေက တော်တော်လေး အစွမ်းထက်တာပဲ…"

မုန့်ချီက အခန်းထဲတွင် လှည်ပတ်ကြည့်လိုက်ပြီး တစ်ယောက်တည်း တွေးနေမိသည်။ သူတို့က အဆင့်မြင့်ပညာရှင်များဖြစ်ကြောင်း သူလည်း ပြောနိုင်၏။

မျက်လုံးတစ်ဖက် မှိတ်နေသော အစောင့်အဘိုးအိုတစ်ယောက်ကတော့ တံခါး (၉)ပေါက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နိုင်သည်။ မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကို ‌လေ့ကျင့်လိုက်ပြီးနောက် သူ၏ အာရုံ (၆)ပါးက ပို၍ပင် ထက်မြက်လာခဲ့၏။

မုန့်ချီက ထိုအရာကို အံ့ဩနေခဲ့ခြင်းမရှိချေ။ ယခုလိုအချိန်မျိုးတွင် တံခါး (၈)ပေါက် ပွင့်နေသော နံပါတ် (၅) ထန်သခင်ကြီးက သူနှင့်အတူ အစွမ်းထက်သော အစောင့်များကိုသာ ခေါ်လာမည် ဖြစ်၏။

"ဒါက ထန်မိသားစုက အကြီးအကဲ ထန်ရှုလေ…"

ချီကျန်းရန်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီကို ပြောလိုက်သည်။ သူက ထိုအဘိုးအိုကို မှတ်မိနေ၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ထင်မြင်ချက်ကလည်း အမှန်တကယ်ကို မှန်နေခဲ့၏။ ထန်ရှုက ထန်မိသားစု၏ အကြီးအကဲ (၅)ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူ ငယ်ရွယ်စဉ်အချိန်ကတော့ လူငယ်မှတ်တမ်းတွင် စာရင်းမဝင်ခဲ့သော်လည်း သူ့စွမ်းရည်က ချီကျန်းရန်ထက် ပို၍ သာသည်။

ဆေးရည်များ ၊ အချိန်နှင့် အတွေ့အကြုံများ၏ အကူအညီကြောင့် သူက အသက် (၄၅)နှစ်အရွယ်တွင် တံခါး (၉)ပေါက်အဆင့်ကို ရောက်ခဲ့သည်။ သို့သော် သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖြတ်ကျော်နိုင်ခြင်း မရှိဘဲ ကောင်းကင်နှင့်မြေကြီး ဆက်သွယ်ထားသော တံခါးကို တည်ဆောက်နိုင်ခြင်း မရှိခဲ့ချေ။

ထန် ၊ ယဲ့ ၊ လင်းနှင့် ဝမ်မိသားစုတွင် တံခါး (၉)ပေါက်အဆင့် ပြင်ပပညာရှင်များ မရှိကြပေ။ သူတို့၏ ချီစွမ်းအင်များကို အပြင်ဘက်သို့ ထုတ်လွှတ်နိုင်သော ပညာရှင်များက ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်နိုင်ကြသည်။ ချွင်းချက်ကတော့ ကျိုးနိုင်ငံ ဝမ်မိသားစုကဲ့သို့ အဆင့်မြင့် အထက်တန်းလွှာမိသားစုကြီးများ ဖြစ်သည်။ ထိုပညာရှင်များက သူတို့၏ လက်အောက်တွင် ထမ်းဆောင်ချင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်သည့်အချိန်တွင် အဆက်အသွယ်ကောင်းများ ရလိုခြင်းကြောင့်ဖြစ်၏။

ထို့ပြင် တံခါး (၉)ပေါက်အဆင့် ပညာရှင် တစ်ယောက်က အထက်တန်းလွှာ မိသားစုငယ်လေးတစ်ခုတွင် ပြင်ပပညာရှင် တစ်ယောက် ဖြစ်လာနိုင်သော နောက်ထပ်အကြောင်းပြချက် တစ်ခုလည်း ရှိနေသည်။ ထိုအရာကတော့ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းဖြစ်၏။ ဥပမာအနေနှင့်ပြောရလျှင် ယဲ့မိသားစုအတွက် တာဝန်ထမ်းဆောင်နေသော သွေးခဲဓား ရှန့်ကျင်းရွှမ် ဖြစ်သည်။

နံပါတ် (၅) ထန်သခင်ကြီးနှင့် တာဝန်ခံလင်းတို့က စြင်္ကံတွင် ခဏကြာ စကားပြောနေပြီးနောက် သူတို့က ပန်းပွင့်တစ်ရာအခန်းထဲသို့ ဝင်သွားကြသည်။ အထဲသို့ ဝင်သွားကြသည့် အချိန်တွင် စားပွဲပေါ်၌ ရှိနေသော သစ်သီးများကတော့ အေးစက်နေကြောင်း တွေ့လိုက်ရ၏။

ထို့နောက် သူက မုန့်ချီနှင့် တာဝန်ခံလင်း၏ အစောင့်များကို တလေးတစား ပြောလိုက်သည်။

"မိတ်ဆွေတို့…

ငါတို့က တာဝန်ခံနှစ်ယောက်နဲ့ အရေးကြီးတဲ့ကိစ္စ ဆွေးနွေးစရာရှိတယ်။ မင်းတို့က ဘေးအခန်းမှာ စောင့်နေပေးလို့ရမလား…"

"ဦးလေးရှု… ကျေးဇူးပြုပြီး သူတို့ကို ဘေးအခန်းဆီ ခေါ်သွားလိုက်ပါ…"

သူ၏ သဘောထားကို ပြသရန်အတွက် သူ့အစောင့်များကိုလည်း ခေါ်မသွားခဲ့ပေ။

"ကောင်းပါတယ်။ ဘေးအခန်းပဲဆိုတော့ ကိစ္စမရှိဘူး…"

မုန့်ချီက တစ်ယောက်တည်း စဉ်းစားလိုက်မိပြီး ချီကျန်းရန်ကို လှည့်ကြည့်လိုက်သည်။

ထို့နောက် သူတို့က ထန်ရှုနှင့် တခြားအစောင့်များ၏ နောက်သို့ လိုက်သွားခဲ့၏။ ရုတ်တရက်ဆိုသလို သူတို့၏ ကန့်လန့်ဖြတ်တွင် ရှိနေသော ရွှမ်ယွဲ့အခန်းက ပွင့်လာပြီး လူငယ်တစ်ယောက် ထွက်လာ၍ သူတို့ကို ပိတ်ထားသလိုဖြစ်သွားခဲ့သည်။ ထို့နောက် သူက လှေကားပေါ်မှ အလျင်အမြန် ဆင်းသွားခဲ့၏။

"သ‌ခင်လေးမုန့်… "

မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

မုန့်ချီက မိန်းမပျိုလေးတစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် အလွန်အံ့ဩသွားခဲ့၏။ သူမက အသံချိုချိုလေးနှင့် ချစ်စရာကောင်းသည်။

သူမ၏ အနားတွင်တော့ ခေါင်းကို ဖဲပြားစည်းထားသော လူငယ်တစ်ယောက် ရှိနေသည်။ သူ့ပုံစံကတော့ အလွန်တည်ငြိမ်ခန့်ညားပြီး မျက်ခုံးများက ဓားသွားများကဲ့သို့ ဖြစ်နေ၏။ စားပွဲတွင် ထိုင်နေကြသော သူတို့၏အဖော်များကလည်း သခင်လေးများ ၊ မိန်းမပျိုများ ဖြစ်ကြသည်။

"မိန်းကလေးဝူ… အစ်ကိုရှန့်ကွမ်း…."

မုန့်ချီက သူတို့၏နာမည်ကိုပင် မေ့လျော့လုနီးပါး ဖြစ်နေသည်။

သူတို့ကတော့ တောင် (၃)လုံး မြစ်‌(၄)သွယ်မှ ဝူချင်းရှင်နှင့် ရှန့်ကွမ်းဟန်တို့ ဖြစ်ကြသည်။ သူတို့နှစ်ယောက်နှင့် မုန့်ချီက စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းအုပ် ဟွာတျန်းကီ၏ မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြသည်။ မွေးနေ့ပွဲတွင် သူတို့က ကောင်းကင်ဆန်းကြယ်ကျောက်တုံး၏ အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရ၏။

မုန့်ချီက သူတို့၏ နာမည်ကို ကျယ်လောင်စွာ မပြောသင့်ကြောင်း မေ့လျော့သွားခဲ့သည်။ သူက သူတို့ကို မသိချင်ယောင်ဆောင်လိုက်ရမည်ဖြစ်၏။

ဝူချင်းရှင်က စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

"သခင်လေးမုန့်… အဆင်ပြေရဲ့လား။ ကျွန်မက သခင်လေးမုန့်ရဲ့ အကြံဉာဏ်အတိုင်း ဂိုဏ်းတူအစ်ကိုကြီးနဲ့အတူ ဟွမ်စီရင်စုကို လှည့်ပြီးသွားလာနေတာ…"

သူတို့ဂိုဏ်းက နေဝင်ဆည်းဆာဓားဂိုဏ်းကို အမှီပြုနေရသော စမ်းချောင်းခွဲခွာဓားဂိုဏ်း ဖြစ်သည်။ ထိုအရာက ဟွမ်ဟွာဓားဂိုဏ်း၏ လက်ခွဲတစ်ခုလည်း ဖြစ်၏။ သူတို့က ဟွမ်စီရင်စုထဲတွင် လွှမ်းမိုးမှုတချို့ရှိသည့်အတွက် ဟွမ်စီရင်စုက သူတို့လည်ပတ်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။

"မဆိုးပါဘူး…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

ဝူချင်းရှင်ကတော့ သူ့ကို အလွယ်တကူ သွားခွင့်မပေးခဲ့ပေ။ သူမက စားပွဲတွင် ရှိနေသော သခင်လေးများနှင့် မိန်းမပျိုများကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်၏။

"ဒါက ငါ ပြော ပြောနေတဲ့ လူကြီးလူကောင်းဓား မုန့်ချီလေ…။ သူက ခရီးသွားနေရင်း လူတစ်ယောက်ကို ကူညီဖို့အတွက် ရန်သူတွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ သူက သိုင်းကွက် တစ်ကွက်တည်းနဲ့ လော်အဖွဲ့အစည်းရဲ့ လျှို့ဝှက်တမန်တော်ကိုတောင် သတ်ပစ်နိုင်ခဲ့တယ်။ အဲဒီကိစ္စတွေ ပြီးတဲ့အချိန်မှာလည်း ဘာမှမယူဘဲ ထွက်သွားခဲ့တယ်။ သူ့ကို ဆုအဖြစ်ပေးတဲ့ ကောင်းကင်ဆန်းကြယ် ကျောက်တုံးကိုတောင် ငြင်းဆန်ခဲ့တဲ့အတွက် အရမ်းလေးစားစရာကောင်းတယ်…"

သူမက ထိုသို့ပြောလိုက်သည့်အချိန်တွင် မျက်လုံးများက ဝင်းလက်တောက်ပနေသည်။ သူမက အလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်၏။

ရှန့်ကွမ်းဟန်ကလည်း စိတ်လှုပ်ရှားနေသည်။ သို့သော် သူကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသေး၏။ မည်သို့ဖြစ်စေကာမူ မုန့်ချီ၏ လုပ်ရပ်များက သိုင်းလောကသို့ ယခုမှခြေချလာသော လူငယ်သူရဲကောင်းများ အိပ်မက်မက်နေသည့် အရာများဖြစ်သည်။

သူက အကျိုးစီးပွားကို မမျှော်ကိုးဘဲ တရားမျှတမှုအတွက်သာ လုပ်ဆောင်ခဲ့သည်။ သူ၏ စကားလုံးများနှင့် ကတိကိုလည်း တန်ဖိုးထား၏။ ထိုအရာများအားလုံးက လေးစားစရာကောင်းသည်။

လူကြီးလူကောင်းဓားဟူသော နာမည်ကို ကြားသည့်အခါ မုန့်ချီက မျက်နှာကို အုပ်ပြီး တစ်ယောက်တည်း တွေးလိုက်မိသည်။

"သေစမ်း… ဒီသတင်းက ဒီလောက်မြန်မြန် ရောက်လာတာလား…."

"ဒါဆိုရင် သူက လူကြီးလူကောင်းဓား သခင်လေးမုန့်ပေါ့…။ ဒါကြောင့်ကိုး…"

စကားပြောလိုက်သည့် သူကတော့ မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။ သူမ၏ ဆံပင်ကို ရွှေရောင်ဆံထိုးတစ်ခုနှင့် ချည်နှောင်ထားပြီး ဆံထိုးတွင်တော့ လှပသော ပုလဲတစ်လုံးကို ချိတ်ဆွဲထားသည်။

သူမက မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။ သူမကို ကြည့်ရသည်မှာ တစ်စုံတစ်ခု တွေဝေနေပုံရသည်။

"ကျွန်မက ထန်မိသားစုက ထန်မင်ယွဲ့ပါ။ သခင်လေးမုန့်ကို တွေ့ရတာ ဝမ်းသာပါတယ်…"

"ဪ… မိန်းကလေးထန်ကိုး…"

မုန့်ချီက ဦးညွတ်၍ နှုတ်ဆက်လိုက်သည်။ အခြေအနေက တော်တော်လေးကို တိုက်ဆိုင်နေခြင်းဖြစ်၏။

ဝူချင်းရှင်က ထန်မင်ယွဲ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"အစ်မကြီးထန်…ဒါကြောင့်ကိုးဆိုတာ ဘာကိုဆိုလိုတာလဲ…"

"ညီမလေးချင်းရှင်…

စောနတုန်းက ငါပြောနေတဲ့ သခင်လေးကလည်း သ‌ခင်လေးမုန့်ပဲလေ… "

ထန်မင်ယွဲ့က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ဝူချင်းရှင်က အော်ပြောလိုက်၏။

"ဒါကြောင့်လည်း… ယဲ့စံအိမ်ထဲကို ချိုးဖောက်ပြီး ခဏလေးအတွင်း လက်တုန့်ပြန်နိုင်ခဲ့တာပဲ…"

ထိုကဲ့သို့ လုပ်ရပ်မျိုးက သခင်လေးများနှင့် မိန်းမပျိုများအတွက်တော့ အတော်လေး လေးစားစရာကောင်းသည်။ ထို့နောက် သူမက မုန့်ချီကို ကြည့်ပြီး ထိတ်လန့်အံ့ဩစွာ ပြောလိုက်၏။

"ဒါဆိုရင် အဲဒါက သခင်လေးမုန့်ပေါ့…။ သခင်လေးမုန့်က လူကြီးလူကောင်း ဓားဆိုတဲ့ နာမည်နဲ့ တကယ့်ကို လိုက်ပါပေတယ်…"

"ဒီ‌နာမည်ကို ဆက်မခေါ်လို့ မရတော့ဘူးလား…"

မုန့်ချီက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

ထို့နောက် သူက အပြုံးနှင့် ပြောလိုက်၏။

" ငါ့မှာ သွားစရာ ကိစ္စတွေရှိသေးတယ်။ နောက်မှပဲ စကားပြောကြတာပေါ့…"

သူ့စိတ်ထဲတွင်တော့ ဆိုးရွားသောအရာများ ဖြစ်လာတော့မည်ဟု တွေးနေမိခဲ့သည်။

မုန့်ချီက ပန်းပွင့်တစ်ရာ အခန်း၏ ဘေးအခန်းထဲသို့ ဝင်တော့မည့်အချိန်တွင် ထန်မင်ယွဲ့က အံကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

သူမက မုန့်ချီ၏ အနားသို့ လျင်မြန်စွာ ကပ်လာပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"သခင်လေးမုန့် …

ကျွန်မရဲ့ဦးလေး (၅)က ကျိုးနိုင်ငံ ဝမ်မိသားစုနဲ့ ပူးပေါင်းသွားပြီ။ ဒါကြောင့် သူ့ကို ယဲ့မိသားစုက ထိန်းချုပ်နေတာ။ သူတို့က သခင်လေးကို သတ်ပြီး ယဲ့မိသားစုကို ပေးဖို့ စီစဉ်နေကြတယ်။ မိသားစု (၄)ခုက တံခါး (၉)ပေါက် အဆင့် ပညာရှင်တစ်ယောက်ဆီ လွှတ်ထားတယ်… "

"ယဲ့မိသားစုက အဆိုးဆုံးတိုက်ပွဲကို ပြင်ဆင်ထားတာပဲ…"

ထိုစကားများကို ကြားသည့်အခါ မုန့်ချီက အံ့ဩသွားခဲ့သည်။ သူကလည်း ပြောင်းလဲမှု အနည်းငယ်ကို သတိထားလိုက်မိ၏။ သူမကတော့ သူ့ကို လှေကားမှ ပြန်ဆင်းသွားရန် ပြောနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ထူးဆန်းသည်ဟု ခံစားနေရခြင်းဖြစ်၏။ သူတို့က အရေးကြီးသည့် ကိစ္စများကို ဆွေးနွေးရန် အိမ်သို့ရောက်မလာဘဲ ဘာကြောင့် လူအများရှိနေသည့် ပန်းစန္ဒာစံအိမ်သို့ ဖိတ်ခေါ်နေရသနည်း။

သူကတော့ အနားတွင် ရှိနေသော အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူ့အနောက်တွင် ရှိနေသော အခန်းတံခါးကို ခန္ဓာကိုယ်နှင့်တိုက်၍ တမင်တကာ ဖျက်ဆီးလိုက်၏။

ထန်ရှုက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သိုင်းလောကတွင် အတွေ့အကြုံ ရင့်ကျက်နေသူ တစ်ယောက် ဖြစ်သည့်အတွက် မည်သည့်အရာများ ဖြစ်နေကြောင်း ချက်ချင်း နားလည်သွားခဲ့၏။

သူက မုန့်ချီကို လက်ဝါးနှစ်ဖက်နှင့် ရိုက်ချလိုက်သည်။ သူ၏ဘယ်လက်ဝါးမှ ထွက်ပေါ်လာသော လေလှိုင်းက အေးခဲနေပြီး ညာလက်ဝါးမှ ထွက်ပေါ်လာသော လေလှိုင်းက ပူလောင်နေသည်။

ရေခဲနှင့်မီးတောက်စွမ်းအင်များက အချင်းချင်း ပေါင်းစည်းသွားပြီး မုန့်ချီဆီသို့ ရောက်လာခဲ့၏။ သူ၏လက်ဖဝါးလှိုင်းက ပတ်ပတ်လည်သို့ပင် ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်တွင် သူ့အနား၌ ရှိနေသော အခန်းထဲမှနေ၍ အလွန်ပါးလွှာသော ဓားရှည်တစ်ချောင်း ထိုးဖောက်လာခဲ့သည်။ ဓားပေါ်တွင် ရှိနေသော သွေးစီးကြောင်းများက အလွန်လှပနေပြီး လရောင်အောက်တွင် အေးစက်နေသလို ခံစားနေရ၏။

Translated by Hein Htet

All Chapters