အခန်း (၂၀၂)
Vol. 14 Ch. 202
ရောက်လာသော ဓားက အလွန်ကြမ်းတမ်းခက်ထန်ပြီး ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေသည့်အတွက် တံခါး (၉)ပေါက်အဆင့် ဓားသမားတစ်ယောက်၏ အစွမ်းကို ပြသနိုင်ခဲ့သည်။
မုန့်ချီ၏ ခန္ဓာလှုပ်ရှားမှုကတော့ အလွန်ထူးဆန်း၏။ သူက ထန်ရှု၏ လက်ဝါးချက်ရှိရာကို နောက်ပြန်ဆုတ်သွားလိုက်ပြီး သူ၏နောက်ကျောမှတစ်ဆင့် ထန်ရှု၏လက်ဝါးစွမ်းအင်များကို အံ့ဩစရာကောင်းလောက်အောင် စုပ်ယူလိုက်သည်။
ထန်ရှုက အလွန်အံ့ဩသွားခဲ့၏။ ယင်နှင့်ယန်ပေါင်းစပ်ထားသော သူ၏လက်ဝါး စွမ်းအင်များက ရွှံ့အိုင်ကြီးတစ်ခုထဲသို့ ကျရောက်သွားသည့်အလား ပျောက်ကွယ်သွားခဲ့သည်။ သူက ပြိုင်ဘက်၏ နောက်ကျောကို ရှင်းရှင်းလင်းလင်း တိုက်ခိုက်လိုက်မိသော်လည်း အဆုံးမဲ့တွင်းနက်ကြီးတစ်ခုကို တိုက်ခိုက်လိုက်ရသလို ခံစားနေခဲ့၏။
ထန်ရှု၏ ရိုက်ချက်ကြောင့် မုန့်ချီက လက်ဝါးစွမ်းအားကို အရှိုန်ယူပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ သူ့အရှိန်က ထင်ထားသည် ထက်ပင် ပို၍ လျင်မြန်နေသေး၏။
သူ၏ နှလုံးသားကတော့ မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုများ၊ ချီစွမ်းအင်များ၏ သိပ်သည်းမှုများ အားလုံးပေါ်နေခဲ့သည်။ သူက ဓားရှည်ကို သုံးပြီး ရောက်လာသည့် ဓားရှည်ကို ကန့်လန့်ဖြတ်ခုတ်ချလိုက်သည်။
တစ်ချိန်တည်းတွင် သူသေကိုယ်သေ တိုက်ကွက်ကို အသုံးပြုပြီး ယင်ယန် လက်ဝါး စွမ်းအင်များကို သူ၏ဓားဆီသို့ ပို့ဆောင်လိုက်၏။ ထို့ပြင် သူပေါင်းထည့်လိုက်သော ချီစွမ်းအင်များကလည်း လှိုင်းလုံးများကဲ့သို့ တစ်ဖက်ဓားရှည်ဆီကို ရောက်ရှိသွားခဲ့သည်။
"ချွမ်...."
အလွန်ကျယ်လောင်သော လက်နက်ချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲတွင် အူထွက်သွားခဲ့၏။ အလွန်ပါးလွှာသော ဓားရှည်ကလည်း လေထဲသို့ မြှောက်တက်သွားခဲ့ပြီး အဖြူရောင်လူရိပ်တစ်ခုက နောက်ပြန်ဆုတ်သွားလိုက်ရသည်။ သူက စားပွဲဝိုင်းနှင့် နံရံများကို တိုက်မိပြီး ပါးစပ်မှသွေးများ စီးကျလာခဲ့၏။
အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်တို့ကို လေ့ကျင့်ထားသော မုန့်ချီဆီတွင် အစွမ်းထက်သော ချီစွမ်းအင်များ ရှိနေသည့်အပြင် သူက နတ်ဆိုးသခင်၏ စွမ်းအင်သလင်းကျောက်ကိုလည်း စုပ်ယူထားသေးသည်။ ထို့ပြင် သူက တံခါး (၉) ပေါက်အဆင့် ပညာရှင်၏ လက်ဝါးအစွမ်းကိုလည်း ထည့်သုံးထားသည့်အတွက် ယဲ့မိသားစု စေလွှတ်ခဲ့သော တံခါး (၉)ပေါက်အဆင့် ဓားသမားက ခုခံရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော် ထန်ရှု၏ ယင်ယန်လက်ဝါးချက်က အတော်လေးကို သိပ်သည်းလှသည်။ အကယ်၍ သူသာ အရင်ဆုံး တိုက်ခိုက်ခဲ့ခြင်း မရှိလျှင် မုန့်ချီက သူ၏ လက်ဝါးစွမ်းအားများကို ချော့ချော့မွေ့မွေ့ ရနိုင်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူက ပို၍ပင် ခေါင်းကိုက်သွားရနိုင်သည်။
ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင်တော့ သက်ရောက်မှု မရှိခဲ့ပေ။ တစ်ဖက်လူ၏ စွမ်းအားက သူ့ကို ထိခိုက်စေနိုင်ခြင်း မရှိခဲ့ချေ။
သိုင်းကွက်တစ်ခုနှင့် တံခါး(၉)ပေါက်အဆင့် ဓားသမားကို အနိုင်ရခဲ့ပြီးနောက် မုန့်ချီက တစ်ဖက်သို့ ရှောင်လိုက်ပြီး ညာလက်တွင် ရှိနေသော ဓားနှင့် ထန်ရှုကို လှမ်းထိုးလိုက်သည်။ ဘယ်လက်ဖဝါးကတော့ ပြတင်းပေါက်ဆီကို ရိုက်ချလိုက်၏။
"ဗုန်း ...."
ပြတင်းပေါက်တွင် ရှိနေသော သစ်သားနှင့် အုတ်များက နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး လူတစ်ယောက် ခုန်ဝင်လာခဲ့သည်။
ထိုလူ၏ ဓားမောက်ကတော့ အဖြူရောင်အဝတ်စတစ်ခုကဲ့သို့ ဖြစ်နေပြီး ဘဲငန်းတစ်ကောင်ကဲ့သို့ လျင်မြန်နေသည်။ စွမ်းအားများလည်း ပြည့်နှက်နေခဲ့၏။ သူ့ဓားက ရောက်မလာသေးသော်လည်း အခန်းထဲတွင် ရှိနေသော စားပွဲဝိုင်းများအားလုံးက တိတိရိရိ ပြတ်တောက်သွားခဲ့၏။
ထန်ရှုကလည်း ညာလက်ဝါးနှင့် ရိုက်ချလိုက်ပြီး ဘယ်လက်ကတော့ ညာလက်ပေါ်ကို ဖိထားလိုက်သည်။ ထိုသို့ဆိုလျှင် ရေခဲစွမ်းအားတစ်ခုတည်းသာ ထွက်ပေါ်လာနိုင်၏။
မုန့်ချီကတော့ သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လှုပ်ရှားလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် သုံးထားခဲ့၏။ သူက စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်များကို ပေါင်းစပ်၍ အသုံးချနေခဲ့သည်။
သူက ပြိုင်ဘက်၏ အစွမ်းကို စစ်ဆေးကြည့်နိုင်ပြီး ထန်ရှု၏ ရေခဲလက်ဝါးဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိခဲ့သည်။ သူသာ ထိုစွမ်းအားကို ခံစားလိုက်ရမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသွားနိုင်၏။ သူက သိုင်းလောကတွင် နာမည်ကျော် ပညာရှင်တစ်ယောက်ဟု ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်သည်။
သို့သော် ဓားမောက်သမားက သူ၏ဓားထဲတွင် ချီစွမ်းအင်များကို စုစည်းထားခဲ့သည်။ ထို့ကြောင့် ကြမ်းတမ်းခက်ထန်သော သူ၏ဓားမောက်က ပြိုင်ဘက်ကင်းနေသလို ဖြစ်နေခဲ့၏။
ထိုအရာများအားလုံးက မုန့်ချီ၏ နှလုံးသားရေကန်ထဲတွင် ပေါ်လာခဲ့သည်။ သူ၏ဘယ်လက်တွင် ရှိနေသော လက်(၅)ချောင်းက လိုသလိုပြောင်းလဲ၍ ရနိုင်သလို နောက်ဆုတ်၍လည်း ရနိုင်သည်။ ထိုအရာများက အလွန်အားနည်းသလို ထင်မှတ်ရ၏။
တစ်ဖက်တွင်လည်း ညာလက်၌ ကိုင်ထားသော ဓားရှည်က လမ်းကြောင်း ပြောင်းသွားပြီး ပျံလွှားတစ်ကောင်ကဲ့သို့ ထန်ရှု၏ လက်ဖဝါးကို တိုက်ခိုက်လိုက်သည်။
သို့သော် ထန်ရှု၏ လက်ဖဝါးစွမ်းအင်များက တစ်ကြိမ်သာ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ထဲမှနေ၍ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် မုန့်ချီ၏ ဘယ်လက်ဖဝါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ရောက်လာသော ဓားကို တိုက်ခိုက်လိုက်၏။ တိုက်ခိုက်နေစဉ် အတောအတွင်း မုန့်ချီက ရုတ်တရက် ရှေ့သို့ ပြေးတက်သွားပြီး ဓားသမား ထိုးဖောက်ခဲ့သည့် နံရံအနားသို့ ဆင်းသက်လာခဲ့သည်။
ထိုအချိန်တွင် ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး နံရံက ပျက်စီးသွားခဲ့သည်။ အလွန်ထက်မြက်သော ရေခဲလှံတစ်ချောင်းကလည်း အတွင်းထဲကို ဝင်လာခဲ့၏။ ထိုရေခဲလှံက နံရံကို ဖောက်လာခဲ့သည်မှာ အဆိပ်နဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ အရိပ်တစ်ခုသဖွယ် ပြောင်းလဲနေသောလှံက မုန့်ချီ နောက်ဆုတ်မည့်လမ်းကြောင်းအားလုံးကို တားဆီး ထားသည်။
ရောက်လာသူကတော့ ဆံပင်များကို စည်းမထားသော လူသန်ကြီး တစ်ယောက် ဖြစ်သည်။ သူ့လက်ထဲတွင် သံလှံတစ်ချောင်းကို အလွန်ကြီးကျယ်ခမ်းနားစွာ ကိုင်ထားခဲ့၏။
မုန့်ချီ၏ ရေခဲပေါ်တယ်ဓားကတော့ ဦးတည်ရာမဲ့ တိုက်ခိုက်နေရသည့်အလား လှုပ်ရှားနေခဲ့သည်။
ရုတ်တရက်ဆိုသလို လှံအရိပ်များအားလုံးက စုစည်းသွားပြီး မုန့်ချီ၏ ရင်ဘတ်ကို လှမ်းထိုးလိုက်သည်။
"ချွမ်...."
လှုပ်ရှားနေသော ဓားအရိပ်များက ထိုလှံထိပ်ဖျားကို အောက်မှ ပင့်၍ တိုက်ခိုက်လိုက်ရာ လှံက အပေါ်ဘက်သို့ မြှောက်တက်သွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက ခန္ဓာကိုယ်ကို အရပ်ပုသွားအောင် ပြောင်းလဲလိုက်ပြီး ဘယ်ခြေထောက်တွင် အားစိုက်လိုက်သည်။ ထို့နောက် လှံသမား၏ဘေးဘက်ကို ဓားနှင့် လှမ်းထိုးလိုက်၏။
ဆံပင်ဖရိုဖရဲဖြစ်နေသော လူသန်ကြီးက သူ့လှံကို ရုတ်သိမ်းလိုက်ရပြီး မုန့်ချီ၏ ဓားကို ခုခံလိုက်ရသည်။
သို့သော် မုန့်ချီ၏ ဓားရှည်ကတော့ ချက်ချင်း ဦးတည်ချက် ပြောင်းသွားပြီး လှံရှည်၏ ကိုယ်ထည်ကို ရိုက်ချလိုက်၏။ ထို့ကြောင့် မီးပွားများပင် ထွက်လာခဲ့သည်။
လူသန်ကြီးက ညာလက်နှင့် ဆံပင်များကို စုစည်းပြီး နောက်သို့ ခုန်ဆုတ်သွားခဲ့၏။
ထိုအချိန်တွင် မုန့်ချီက သူ၏ဓားရှည်ကို လက်နှင့် ဖိနှိပ်လိုက်ပြီး လူသန်ကြီးကို လှမ်းထိုးလိုက်သည်။ ထိုဓားက ထိုလူသန်ကြီး၏ ချီစွမ်းအင် အကာအကွယ်ကို ထိုးဖောက်ပြီး ညာဘက်ရင်ညွှန့်ကို ထိုးစိုက်မိသွား၏။
သွေးများ စီးကျလာသော်လည်း လူသန်ကြီးက အလျင်အမြန် နောက်ဆုတ်သွားနိုင်ခဲ့သည့်အတွက် ရေခဲပေါ်တယ်ဓား၏ လက်ထဲမှ လွတ်မြောက်သွားခဲ့သည်။ သူက ထိုဓားချက်ကို ကာကွယ်ရန်အတွက် လှံရှည်ကို ဝှေ့ယမ်းနေရ၏။
မုန့်ချီကတော့ ရှေ့တက်သွားမည့်အစား နောက်ပြန်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ နောက်ကျော၌ မျက်စိပါနေသည့်အလား ဓားရှည်နှင့် ထန်ရှု၏ လက်ဖဝါး အလယ်တည့်တည့်ကို လှမ်းထိုးလိုက်သည်။
သူ၏ စိတ်ဝိညာဉ်ကတော့ အလွန်တည်ငြိမ်နေပြီး စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်များကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကလည်း ရေကန်တစ်ခုကဲ့သို့ မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ လက်ရှိအခြေအနေက ထိုကဲ့သို့သာ ဖြစ်သည်။
ထန်ရှုက သူ့နောက်ကို လိုက်လာနေ၏။ ဓားမောက်သမားက အပူစွမ်းအင်နှင့် အအေးစွမ်းအင်များကို ဖယ်ရှားနေရသည်။ မုန့်ချီက တိုက်ပွဲထဲသို့ ပြန်ဝင်လာတော့မည့် အချိန်တွင် ဓားသမားက သူ၏ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်များ လွှမ်းခြုံပြီး သူ့ဆီကို ပြေးဝင်လာခဲ့၏။ သူက (၂) စက္ကန့်(၃)စက္ကန့်အတွင်းတိုက်ပွဲထဲသို့ ရောက်လာနိုင်တော့မည် ဖြစ်သည်။
ညာဘက်ရင်ညွှန့်တွင် ဒဏ်ရာရသွားသော လှံသမားကလည်း သူ့နောက်ဘက်မှနေ၍ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ထို့ကြောင့် ထို (၂)စက္ကန့် (၃)စက္ကန့် အချိန်တွင် မုန့်ချီဆီတွင် ရန်သူ ထန်ရှုတစ်ယောက်တည်းသာ ရှိသည်။ သူက သံလှံဆီမှ စွမ်းအားများကို စုပ်ယူထားခဲ့၏။
ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်နှင့် တခြားလူများကတော့ အနီရောင်အခန်းထဲမှ မြင်ကွင်းကို ကြည့်ပြီး အံ့ဩမှင်တက်နေမိကြသည်။
(၂)စက္ကန့် (၃)စက္ကန့် အတောအတွင်း သူတို့ပင် အခန်းထဲသို့ ပြန်မရောက်သေးခင် လူကြီးလူကောင်းဓား သခင်လေးမုန့်က တံခါး(၉)ပေါက်အဆင့် ပညာရှင်များ၏ ကြားထဲတွင် အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှား တိုက်ခိုက်နေခဲ့သည်။
သူ၏ရှေ့တိုးမှု နောက်ဆုတ်မှုများက တစ်သားတည်း ဖြစ်နေပြီး တံခါး (၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်ကို တားဆီးနိုင်သည့်အပြင် တစ်ယောက်ကို နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ပြီး တစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်။
ထန်မင်ယွဲ့က လှေကားကို စိုက်ကြည့်နေပြီး ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ရ၏။ တာဝန်ခံချီ၏ ညီဝမ်းကွဲက အလွန်အစွမ်းထက်ကြောင်း အကြီးအကဲများ ပြောသည်ကို ကြားခဲ့ဖူးသည်။ သို့သော် သူက လူတိုင်း ကြောက်ရလောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူမလည်း လုံးဝမထင်ထားခဲ့ပေ။
အနီးအနားတွင် ရှိနေသော ပုံရိပ်များအားလုံးက သူ့စိတ်ထဲတွင် ပေါ်နေသည်။ ချီစွမ်းအင်စီးကြောင်းများကိုပင် ခံစားမိနေသည့်အတွက် မုန့်ချီက အရှင်သခင် တစ်ယောက်ကဲ့သို့ဖြစ်နေပြီး ဤတိုက်ပွဲကို စိုးမိုးထားသူ ဖြစ်နေသည်။
အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ် ရှိနေသည့်အတွက် သူက အဖွဲ့လိုက် တိုက်ပွဲများကို လုံးဝ မကြောက်တော့ပေ။ သူက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်တို့ကို သုံးထားသည့်အချိန်တွင် အင်မော်တယ် ဖိနှိပ်ခြင်းစွမ်းအားက ပို၍ ကြောက်စရာကောင်းနေသည်။
အကယ်၍ သူ့ထက် ပို၍အစွမ်းထက်သော ရန်သူသာ မရှိလျှင် အုပ်စုလိုက်တိုက်ပွဲက သူ့အတွက် ပို၍အကျိုးကျေးဇူးများသည်။ ထန်ရှု ၊ ဓားရှည်သမား ၊ ဓားမောက်သမားနှင့် လှံသမားတို့က ဝေ့ကျင်းအဆင့် သိုင်းပညာမရှိကြဘဲ တစ်ယောက်ချင်း တိုက်ခိုက်ရန် ခက်ခဲသည်။ ထို့ကြောင့် တစ်ယောက်ချင်း အနိုင်ရရန် မဖြစ်နိုင်ပေ။
တစ်ဖက်တွင်တော့ စက္ကန့်အနည်းငယ်အတွင်း သူတို့က သူ့ကို ဝိုင်းဝန်းတိုက်ခိုက်သည့် အချိန်တွင်လည်း (၂) ယောက်က ဒဏ်ရာရသွားခဲ့သည်။ ထိုအရာကလည်း ထန်မင်ယွဲ့၏ အချိန်မီသတိပေးမှုကို ကျေးဇူးတင်ရမည်ဖြစ်၏။ သတိပေးမှုသာ မရှိလျှင် သူက ဦးဆောင်၍ လှုပ်ရှားနိုင်မည် မဟုတ်ဘဲ သူတို့၏ ဦးဆောင်မှုကိုသာ ခံရပါလိမ့်မည်။
မည်သို့ဖြစ်စေကာမူ သူ၏အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ယခုမှ နားလည်ထားခြင်း ဖြစ်သည့်အတွက် မူလကျင့်စဉ်နှင့် ယှဉ်လျှင် အလွန်နိမ့်ကျနေသေးသည်။ အကယ်၍ ပညာရှင် (၄)ယောက်ကသာ သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူလည်း သူတို့၏စွမ်းအားကို စုပ်ယူပြီး တုံ့ပြန်တိုက်ခိုက်ရန် ခက်ခဲသည်။
သူက သူတို့ဆီမှ စွမ်းအားတစ်ချို့ကို ရခဲ့မည်ဆိုလျှင်ပင် အသုံးပြု၍ မရနိုင်ပေ။ ရရှိလာသော စွမ်းအားအသစ်များက သူ့ကို ဖျက်ဆီးပစ်နိုင်ပြီး သူ့ကို အန္တရာယ်ထဲသို့ တွန်းပို့လိုက်နိုင်သည်။
သို့သော် စွမ်းအားများ စုပ်ယူနိုင်ခြင်းကြောင့် သူက ရန်သူများကို ထိန်းချုပ်နိုင်ပြီး အဖွဲ့လိုက် တိုက်ပွဲတွင် (၂)ယောက်ကိုသာ ဆက်၍ တိုက်ခိုက်ရန် လိုအပ်သည်။
…………….
ပန်းပွင့်တစ်ရာအခန်းထဲတွင် ..
လှုပ်ရှားမှုကို သတိထားမိသည်နှင့် ချီကျန်းရန်က ဓားရှည်ကို ဆွဲထုတ်ပြီး မုန့်ချီကို အကူအညီပေးရန် နေရာမှထလိုက်သည်။
ထိုအချိန်တွင် နံပါတ်(၅) ထန်သခင်ကြီး ထန်စစ်ရွှမ်က သူ့ကို လက်ဖဝါး (၂)ဖက်နှင့် တိုက်ခိုက်လိုက်၏။ သူ့ကိုကြည့်ရသည်မှာ ကြိုတင်ပြင်ဆင်ထားပုံရသည်။ သူ၏ လက်ဖဝါးလှိုင်းများက အလွန်ကြောက်စရာကောင်းသော လေလှိုင်းများကဲ့သို့ ချီကျန်းရန်ဆီကို ရောက်လာခဲ့၏။
တာဝန်ခံလင်း၏ မျက်နှာအမူအရာကလည်း လျင်မြန်စွာ ပြောင်းလဲသွားပြီး ညာလက်က လက်သည်းအဖြစ် ပြောင်းလဲ၍ ချီကျန်းရန်၏ အရေးပါသော သွေးကြောများကို လှမ်း၍ ကုတ်လိုက်သည်။
ချီကျန်းရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ညာလက်နှင့် စားပွဲဝိုင်းကို ရိုက်ချလိုက်၏။ ထိုအချိန်တွင် ရေခဲလှိုင်းလုံးများက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုအရာက ကြာပွင့်စွပ်ပြုတ်၊ ငါးအသားပေါင်း ၊ အရက်နီတို့ကို ချက်ချင်း အေးခဲသွားစေခဲ့ပြီး စားပွဲနားတွင် ရှိနေသော နံပါတ်(၅) ထန်သခင်ကြီး၏ ခန္ဓာကိုယ်နှင့် တာဝန်ခံလင်းတို့၏ ဘယ်လက်က စားပွဲပေါ်တွင် ကပ်နေကြသည်။
ချီကျန်းရန်ဆီတွင် ဝေ့ကျင်းတစ်ဝက်အဆင့် သိုင်းကွက်မျိုး ရှိနေကြောင်း သူတို့ နှစ်ယောက်လုံးက လုံးဝမသိထားခဲ့ပေ။ သူတို့ကတော့ အေးစက်မှုကြောင့် တစ်ကိုယ်လုံး ထုံကျင်သွားကြပြီး သူတို့၏လက်ဖဝါးနှင့် လက်သည်းများကလည်း အလွန်နှေးကွေးသွားကြသည်။
ထို့ကြောင့် ချီကျန်းရန်က သူတို့ (၂)ယောက်လုံးကို နောက်ထပ် လက်ဝါးနှင့် တိုက်ခိုက်ရန် အချိန်ရသွားခဲ့သည်။ သူတို့၏ သွေးကြောများကပင် အေးခဲသွားခဲ့ပြီး သူတို့၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ ယခုတော့ သူတို့က မည်သည့်အရာမျှ မလုပ်နိုင်တော့ပဲ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
ထိုအချိန်တွင် ချီကျန်းရန်ကတော့ သူ၏လျှို့ဝှက်ချက်များ ပေါ်သွားမှာကို စိုးရိမ်မနေနိုင်တော့ပေ။ မည်သို့ဖြစ်စေကာမူ သံသရာတာဝန်ပေါင်းများစွာကို ကြုံခဲ့ရပြီးနောက် သူ့ဆီတွင် အလွန်ကောင်းမွန်သော ဆုံးဖြတ်နိုင်စွမ်း ရှိနေသည်။
…………
မုန့်ချီက သူ၏ဓားရှည်ကို ထုတ်လိုက်ပြီး သံလှံဆီမှ ရရှိထားသော စွမ်းအင်များနှင့်ပေါင်း၍ ထန်ရှု၏ လက်ဖဝါး အားနည်းချက်ကို တိုက်ခိုက်လိုက်သည်။
"ဖောက်..."
အသံတိုးတိုး ထွက်ပေါ်လာပြီး ထန်ရှု၏ လက်ဖဝါးက ထိုးဖောက်ခံလိုက်ရ၏။
သူ၏ စွမ်းအားကလည်း မုန့်ချီဆီကို ချက်ချင်း ပြန်ရောက်လာခဲ့သည်။ သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ ခုန်ဆုတ်သွားခဲ့၏။ သူ၏လက်ဖဝါးအလယ်တွင်လည်း သွေးများ စီးကျလာနေခဲ့သည်။
မုန့်ချီက ဓားမောက်သမားဆီမှ စွမ်းအားကို ရယူတော့မည်ချိန်တွင် အလွန်တည်ငြိမ်သောသူ၏ စိတ်ဝိညာဉ်က ကြောက်စရာကောင်းသော လှိုင်းလုံးများကြောင့် နှောင့်ယှက်ခံလိုက်ရသည်။ အလွန်ကြမ်းတမ်းခက်ထန်သော တစ်စုံတစ်ခုက သူ၏စိတ်ဝိညာဉ်ကို ဖြတ်တောက်လိုက်ပြီး သူ၏ ချီစွမ်းအင်များကို ရှုပ်ထွေးအောင် လုပ်ဆောင်လိုက်သည်။
သူ၏စိတ်ထဲတွင် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရသည့်အတွက် ထန်ရှု၏ လက်ဖဝါးစွမ်းအားကို အားကိုးပြီး ပျက်စီးနေသော ပြတင်းပေါက်ကို ပြေးတိုက်လိုက်သည်။
သူက ခုန်လိုက်သည့်အချိန်တွင် သူ၏ဦးတည်ချက်ကို လျင်မြန်စွာ ပြောင်းလဲလိုက်၏။ ထို့နောက် မျက်နှာချင်းဆိုင်တွင် ရှိသော အခန်းထဲသို့ ပြေးဝင်ပြီး ပြတင်းပေါက်တံခါးကို ဖျက်စီးကာ ရှန့်ရွှေမြစ်ထဲသို့ ခုန်ချသွားခဲ့၏။
သူပထမဆုံး တိုက်ခိုက်ခဲ့သော ဓားရှည်သမားက ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော ဒုတိယ ဓားတစ်ချောင်းကို ဆွဲထုတ်လာခဲ့သည်။ ထိုဓား၏ ကိုယ်ထည်ပေါ်တွင် အမှတ်အသားများ ရှိနေပြီး အလွန်ထက်မြက်ပုံရ၏။
ထို့ကြောင့် ပန်းစန္ဒာစံအိမ်ထဲတွင် ရှိနေသော အစောင့်များအားလုံးကပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူတို့၏ ခေါင်းပေါ်တွင် အလွန်ထက်မြက်သော ဓားတစ်ချောင်း ရောက်နေသလို ခံစားနေရ၏။
ဓားသမား၏ နဖူးပေါ်တွင်လည်း ချွေးများ စီးကျလာနေပြီး သူက မုန့်ချီ၏ နောက်ကျောကို ဓားနှင့် ခက်ခက်ခဲခဲ ချိန်လိုက်သည်။
နံရံနှင့် ပြတင်းပေါက် ပျက်စီးသွားသည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် ချီကျန်းရန်က ထိတ်လန့်သွားခဲ့သည်။ သူလည်း ပြတင်းပေါက်မှနေ၍ မုန့်ချီ၏ အခြေအနေကို ပြေးကြည့်လိုက်၏။ ထိုအချိန်တွင် ခရမ်းနီရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကြောင်း မြင်လိုက်ရ၏။
လေထဲတွင်လည်း ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး အနားတွင် ရှိနေသော သစ်ပင်များဆီမှ သစ်ရွက်များ ကြွေကျလာသည်။ ဆောင်းရာသီကို ရောက်လာသည့်အလား သစ်ပင်များ ၊ သစ်ရွက်များ အားလုံးက တိတိရိရိ ဖြတ်တောက်ခံလိုက်ရ၏။
သူက စဉ်းစားမနေတော့ဘဲ ပြတင်းပေါက်မှ ဖြတ်သွားသော ဓားအလင်းတန်းကို ကြည့်ပြီး ရွှေနဂါးဓားကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်သည်။ ထို့နောက် ရေခဲစွမ်းအင်များကို စုစည်းလိုက်၏။
သူ့ဓားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ရေခဲချီစွမ်းအင်များက ခရမ်းနီရောင် ဓားအလင်းတန်း၏ အလယ်ကို တိုက်ခိုက်မိခဲ့သည်။
ဓားအလင်းတန်းက မုန့်ချီ၏ နောက်ကျောမှ လိုက်သွားပြီးနောက် ရှန့်ရွှေမြစ်ထဲသို့ ပျံသန်းသွားခဲ့သည်။ ထိုအချိန်တွင် ရေများကလည်း လှုပ်ရှားလာခဲ့၏။ ထိုဓားက ရေထဲကို ခွဲဝင်သွားသည့်အတွက် ရေထဲတွင် အမှတ်အသားကြီးတစ်ခု ပေါ်လာပြီး လေထဲတွင်တော့ ဓားအလင်းတန်း၏ အရိပ်တစ်ခု ကျန်နေခဲ့သည်။
ထိုရေလှိုင်းကြီးကတော့ အဆိပ်မြွေတစ်ကောင်ကဲ့သို့ မုန့်ချီ၏နောက်ကို လိုက်နေခဲ့သည်။
"ဗုန်း..."
ရေခဲအလင်းတန်းက ဓားချီစွမ်းအင်ကို တိုက်ခိုက်လိုက်ပြီးနောက် နှင်းပွင့်လေးများအဖြစ် အလိုလို ပျက်စီးသွားခဲ့ပြီး မြစ်ထဲသို့ ကျဆင်းသွားခဲ့သည်။ ယခုက နွေရာသီအချိန်ဖြစ်၏။ ထို့ကြောင့် နှင်းပွင့်လေးများက မြစ်ထဲကို မကျခင် အငွေ့ပျံလာပြီး မြူခိုးများအဖြစ် ပြောင်းလဲလာခဲ့သည်။
ခရမ်းနီရောင် ဓားအလင်းတန်းက ထိုအဖြူရောင်မြူခိုးများကို ဖြတ်ကျော်သွားပြီးနောက် အနည်းငယ်ပို၍ အရောင်ရင့်လာသော်လည်း သူ့အရှိန်ကတော့ နှေးကွေးသွားခြင်း မရှိချေ။ သူက မြစ်ထဲသို့ ခုန်ဆင်းသွားသော မုန့်ချီ၏နောက်ကို မီလာခဲ့၏။
မုန့်ချီကတော့ ထိတ်လန့်နေခြင်း မရှိသလို ကြောက်လန့်သွားခြင်းလည်း မရှိချေ။ သူ၏ နှလုံးသားက မှန်တစ်ချပ်ပမာ ကြည်လင်နေသည်။ သူက အင်မော်တယ် ဖိနှိခြင်းကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်တို့ကို ပြည့်ပြည့်ဝဝ အသုံးချနေသည့်အတွက် သူ၏အာရုံခံစွမ်းရည်များက မြင့်တက်နေပြီး ရန်သူများကို စစ်ဆေးရန် ပို၍အဆင်ပြေနေသည်။ ချီစွမ်းအင်များ၏ အကျိုးသက်ရောက်မှုကလည်း ပို၍ မြင့်မားနေခဲ့၏။
ဓားအလင်းတန်းက ပတ်ဝန်းကျင်ကို နှောင့်ယှက်လိုက်သည့်အချိန်တွင်တော့ မုန့်ချီ၏ တည်ငြိမ်မှုက ဝေဝါးသွားခဲ့ပြီး အရာအားလုံးကို စစ်ဆေးရန် ခက်ခဲနေခဲ့သည်။ သို့သော် ချီကျန်းရန်၏ ရေခဲဓားက ခရမ်းနီရောင် ဓားအလင်းတန်းကို တိုက်ခိုက်လိုက်သည့်အချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏ နှလုံးသားထဲတွင် နောက်တစ်ကြိမ်ကြည်လင်လာခဲ့သည်။ အနည်းဆုံးတော့ သူက ထိုဓား၏ လမ်းကြောင်းကို စစ်ဆေးနိုင်သေး၏။
သူက ဓားရှည်ကို နောက်ကျောတွင် ကိုင်ထားခဲ့သည်။ သူက တခြားမည်သည့်လှုပ်ရှားမှုကိုမျှ မလုပ်ခဲ့ပေ။ သို့သော် သူ၏ အာရုံခံနိုင်စွမ်းများက အလွန်တိကျပြီး မှန်ကန်နေ၏။
"ချွမ်..."
ဓားအလင်းတန်းက မုန့်ချီ၏ လက်ထဲတွင် ကိုင်ထားသော ရေခဲပေါ်တယ် ဓားကို တိတိကျကျ တိုက်ခိုက်မိခဲ့သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ရေခဲပေါ်တယ်ဓားက အပိုင်းပိုင်းအစစ ပျက်စီးသွားကာ ကောင်းကင်ပေါ်သို့ လွှင့်သွားခဲ့သည်။
ထိုမြင်ကွင်းက အလွန်အမင်းကို လှပလွန်းလှ၏။ ခရမ်းနီရောင် ဓားအလင်းတန်းက ရေခဲပေါ်တယ်ဓားကို ဖျက်စီးလိုက်ပြီးနောက် အတော်လေး အားလျော့သွားသည်။ သို့သော် ဓားအလင်းတန်းကတော့ ဆက်၍ ရှိနေသေး၏။
"ဝုန်း..."
မုန့်ချီက ရေထဲသို့ ငုတ်သွားခဲ့သည်။ ဓားအလင်းတန်း၏ သက်ရောက်မှုကြောင့် မြစ်ပြင်ကြီးကပင် လှုပ်ရှားနေခဲ့၏။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ခရမ်းနီရောင်ဓားအလင်းတန်းကို ခုခံနေခဲ့သည်။ သူက အသက်ရှင်ခွင့်ရရန်အတွက် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ကိုလည်း အသုံးပြုထားခဲ့၏။
"ရွှပ်."
ခဏကြာပြီးနောက် ဓားအလင်းတန်းက ရွှေရောင်အလင်းတန်းအကာအကွယ်ကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ဝူချင်းရှင် ၊ ထန်မင်ယွဲ့နှင့် တခြားလူများက ပြတင်းပေါက်ကို ရောက်လာပြီး မြစ်ထဲကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။ မြစ်ရေပြင်က လှုပ်ရှားနေသည့်အတွက် အောက်ထဲတွင် မည်သည့်အရာများ ဖြစ်နေကြောင်း လှမ်းကြည့်ရန် ခက်ခဲသည်။
သို့သော် လှိုင်းလုံးများ ရုတ်တရက် လှုပ်ရှားလာပြီးနောက် ခရမ်းနီရောင် အလင်းတန်းတစ်ခုက ပန်းစန္ဒာကျောင်းဆောင်ကြီးဆီကို ပြန်ရောက်သွားခဲ့သည်။ ထိုလှိုင်းလုံးများက ပြင်းထန်ခြင်း မရှိတော့ချေ။ မြစ်ရေပေါ်တွင်တော့ အလောင်းပင် မတွေ့ရပေ။
မြစ်နှင့် အနီးဆုံး ပန်းစန္ဒာစံအိမ်၏ အခန်းတစ်ခုထဲတွင် ..
ယဲ့မိသားစုမှ တတိယသခင်လေးယဲ့ရှောင်ကျဲက သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော လူကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"အခုဟွမ်ဟွာဓားဂိုဏ်းနဲ့ ကျိုးနိုင်ငံ ဝမ်မိသားစုက အချင်းချင်း ပြဿနာတက်ဖို့ အချိန်ရောက်ပြီ ...."
သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော လူကတော့ မြစ်ပြင်ကြီးကို ကြည့်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ သူက ပြောလိုက်သည်။
"သူက ခရမ်းသေမင်းဓားရဲ့လက်ထဲကနေ ဘယ်လိုဖြစ်ပြီး အသက်ရှင်နေရသေးတာလဲ.."
Translated by Hein Htet.