အခန်း (၂၀၃)
Vol. 14 Ch. 203
သခင်လေး ယဲ့ရှောင်ကျဲက ပန်းပွင့်တစ်ရာအခန်းထဲကို လှမ်းကြည့်ပြီး အနည်းငယ် ထိတ်လန့်စွာ ပြောလိုက်သည်။
“ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်ကို ဝေ့ကျင်းတစ်ဝက်အဆင့်အဆောင်တစ်ခုနဲ့အတူ လျှို့ဝှက်ကျားစေ့တစ်ခုလို ချထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက ရိုးသားပြီး အားနည်းတဲ့ သာမန်တာဝန်ခံ တစ်ယောက်လို့ပဲ ငါက ထင်ထားမိခဲ့တာ…”
ပန်းပွင့်တစ်ရာအခန်းနှင့် အနည်းငယ် ဝေးကွာနေသည့်အတွက် အခန်းထဲတွင် မည်သည့်အရာများ ဖြစ်နေကြောင်း သူတို့က အဖြေမရှာနိုင်ကြပေ။ သို့သော် ထွက်ပေါ်လာသော ရေခဲစွမ်းအင်များကတော့ အစွမ်းထက်ခြင်း မရှိသည့်အတွက် သူတို့ကို ဆွဲဆောင်ရန် မလုံလောက်ချေ။
ထိုစွမ်းအားက ချီကျန်းရန် ကိုယ်တိုင်ဆီမှ ထွက်ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေကိုလည်း သူတို့က လုံးဝမတွေးမိကြပေ။ အကယ်၍ သူ့ဆီတွင်သာ ဝေ့ကျင်းတစ်ဝက် စွမ်းအားမျိုး ရှိနေမည်ဆိုလျှင် ယီမြို့ထဲရှိ အငြင်းပွားဖွယ် ပြဿနာကို အကြမ်းနည်းသုံး၍ ဖိနှိပ်နိုင်မည်ဖြစ်သည်။ ဘာကြောင့် သူက ထိုကဲ့သို့ အရှုပ်အထွေးမျိုး အဖြစ်ခံမည်နည်း။
ထို့ကြောင့် ချီကျန်းရန်က ပြဿနာများကို ကာကွယ်ရန်အတွက် ဟွမ်ဟွာဓားဂိုဏ်း ပို့ထားသော လျှို့ဝှက်ကျားစေ့လေး တစ်ခုဟုသာ သူတို့က တွေးထားခဲ့သည်။ ဟွမ်ဟွာဓားဂိုဏ်းက သူ့ကို ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားများ သိုလှောင်ထားသော အဆောင်တစ်ခု သို့မဟုတ် ထူးခြားသော ပစ္စည်းတစ်ခု ပေးထားမည်ဟု တွေးထားခဲ့၏။
ယဲ့မိသားစုကလည်း ခရမ်းသေမင်းဓားဆီမှ ဓားအလင်းတန်းကို ဖယ်ထုတ်ထားနိုင်သည်။ ထို့နောက် ထိုဓားအလင်းတန်း၏အစွမ်းကို ခံနိုင်ရည်ရှိသော တစ်စုံတစ်ခုထဲတွင် ပိတ်လှောင်ထားလိုက်သည်။ လိုအပ်သည့်အချိန်တွင် ထိုအရာကို တိုက်ရိုက်အသုံးပြု၍ ရနိုင်၏။ ထိုနည်းလမ်းနှင့် အဖိုးတန်လက်နက်က ပျက်စီးသွားခြင်း မရှိဘဲ ဝေ့ကျင်း တစ်ဝက်အဆင့် စွမ်းအားများ အသုံးပြုနိုင်သည်။
ထိုအရာက ခရမ်းသေမင်းဓားကို အသုံးပြုရခြင်းထက် ပို၍ ရိုးရှင်း၏။ မုန့်ချီကို တိုက်ခိုက်လိုက်သည်မှာလည်း ထိုအရာဖြစ်သည်။ ပို၍ထူးခြားသည်မှာ ထိုအရာကတော့ အဖိုးတန်လက်နက်ကို ထိခိုက်စေခြင်းမရှိဘဲ အသုံးပြုသူ၏ ချီစွမ်းအင်များကိုသာ ကုန်ဆုံးသွားစေခဲ့သည်။
ပုံမှန်အားဖြင့် ဓားအလင်းတန်းကို အသက်သွင်းရသည့် အစွမ်းက ဝေ့ကျင်းတစ်ဝက်အဆင့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရခြင်းနှင့် ညီမျှသည်။ တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက် တိုက်ရိုက်အသုံးပြုသော အဖိုးတန်လက်နက်၏ အစွမ်းကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်၏ အစွမ်းနှင့် တူညီရန် ခက်ခဲသည်။
အကယ်၍ အဖိုးတန်လက်နက်ကို ကိုယ်တိုင်အသုံးပြုမည်ဆိုလျှင် သို့မဟုတ် သူ၏ အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် အသက်ကိုပင် ပေးဆပ်ရဲသော တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်က ထိန်းချုပ်လိုက်မည် ဆိုလျှင်တော့ သူ့အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ပါလိမ့်မည်။
“ထားလိုက်ပါတော့ ။ ဟွမ်ဟွာဓားဂိုဏ်းက အချိန်တိုအတွင်း သတင်းရသွားလိမ့်မယ်..”
သခင်လေးယဲ့က မျက်နှာချင်းဆိုင်တွင် ကြည့်နေသောလူကို ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ကျွန်တော်က ထန်စစ်ရွှမ်နဲ့ လင်းမူကို သွားသတ်ရမယ်…”
………………
မုန့်ချီက ရေထဲတွင် ထွက်ပြေးနေသေးသည်ကို မြင်သည့်အခါ ခရမ်းသေမင်းဓားကို ကိုင်ထားသော ဓားသမား၏မျက်နှာမှ ချွေးများ စီးကျလာခဲ့ပြီး လက်နှစ်ဖက်ကလည်း အနည်းငယ် တုန်ရင်နေခဲ့၏။ သူက ပန်းစန္ဒာစံအိမ်ထဲမှနေ၍ ခြံဝန်းထဲသို့ ခုန်ချလိုက်ပြီး လမ်းထဲသို့ ပြေးသွားရာ လူအုပ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သူက တံခါး(၉)ပေါက်အဆင့် အစွမ်းရှိသော်လည်း ဓားအလင်းတန်းကို တစ်ကြိမ်သာ အသုံးပြုနိုင်ခဲ့သည်။ အကယ်၍ အလွန်ကြောက်စရာကောင်းသော ပညာရှင်ကသာ တန်ပြန်တိုက်ခိုက်လိုက်မည် ဆိုလျှင် နှစ်ယောက်လုံး အသတ်ခံရနိုင်ပြီး ဘေးလူကသာ အကျိုးရှိသွားနိုင်သည်။
ဟွမ်ဟွာဓားဂိုဏ်း၏ ဆွေမျိုးတစ်ယောက်ကို တိုက်ခိုက်မိသည့်အတွက် ဓားမောက်သမား၊ လှံသမားနှင့် ထန်ရှုတို့ကလည်း ထိုနေရာတွင် ဆက်မနေရဲကြပေ။ သူတို့ကလည်း ပန်းစန္ဒာစံအိမ်ပေါ်မှ ခုန်ချပြီး လူအုပ်ကြီးထဲသို့ တိုးဝင်သွားကြသည်။
အလွန်များပြားလွန်းလှသော မျက်မြင်သက်သေများ ရှိနေသည့်အတွက် သူတို့က ဟွမ်ဟွာဓားဂိုဏ်းမှ တာဝန်ခံများကို သတ်ရန် အတွင်းထဲသို့ ပြန်ဝင်ရဲကြသည့် သတ္တိမရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ယပ်တောင်(၆)လက်ကျောင်းမှ ပညာရှင်များကို ဆွဲဆောင်လိုက်သလို ဖြစ်ပါလိမ့်မည်။
ထို့ပြင် ထန်ရှုနှင့် နံပတ်(၅)ထန်သခင်ကြီးတို့က ကြိုတင်စီစဉ်ထားခဲ့၏။ မုန့်ချီကို သတ်ပြီးသွားလျှင် သူတို့က အဝေးသို့ ထွက်ပြေးရမည် ဖြစ်ပြီး နံပတ်(၅) ထန်သခင်ကြီးကတော့ ဆင်ခြေပေး၍ ထွက်လာမည် ဖြစ်သည်။ သူ့မိသားစုမှ အကြီးအကဲကို ရန်သူက လာဘ်ထိုးခဲ့ကြောင်း သူမသိ ဟူသော ဆင်ခြေပေး၍ ရနိုင်သည်။ နောက်ဆုံးတွင်တော့ သူက ထိုကိစ္စကိုဖြေရှင်းရန် တာဝန်ခံ လင်းကို လာဘ်ထိုး၍ ရနိုင်၏။
သို့သော် ထန်မင်ယွဲ့က ထိုအရာကို ကြိုတင်သိသွားခဲ့ပြီး မုန့်ချီကို ပြောလိုက်လိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ပေ။ ထို့ကြောင့် သူက အရင်ဆုံး တိုက်ခိုက်လိုက်ပြီး ပန်းပွင့်တစ်ရာအခန်းထဲတွင် ရှိနေသော လူ(၃)ယောက်ကို အချက်ပေးလိုက်ခြင်းဖြစ်သည်။
နံပါတ်(၅) ထန်သခင်ကြီးနှင့် တာဝန်ခံလင်းတို့က တိုက်ခိုက်ရမည်ဆိုလျှင်ပင် သိုင်းကွက်တစ်ကွက်အတွင်း ချီကျန်းရန်၏ ဖိနှိပ်မှုကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အရေးအကြီးဆုံးအရာကတော့ မုန့်ချီက အသက်ရှင်နေသေး၏။ ခရမ်းသေမင်းဓား မရှိတော့သည့်အတွက် သူတို့က ဤနေရာတွင် စောင့်နေပြီး သူ၏ တန်ပြန်တိုက်ခိုက်မှုကို ခံကြရမည်လော။
တိုက်ပွဲထဲတွင် မုန့်ချီက တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်၏ ယုံကြည်ချက်ကို ဆိုးဆိုးဝါးဝါး ဖျက်စီးပစ်နိုင်ခဲ့သည်။ သူတို့က သူတို့၏ အစွမ်းကိုပင် စတင်သံသယဝင်လာကြ၏။
ရွှေနဂါးဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ချီကျန်းရန်က နံပါတ်(၅) ထန်သခင်ကြီးနှင့် တာဝန်ခံလင်းတို့ကို လှည့်ကြည့်လိုက်၏။ သူက ခဏကြာ စဉ်းစားလိုက်ပြီးနောက် နံပါတ်(၅) ထန်သခင်ကြီးဆီသို့ လျှောက်သွားခဲ့သည်။ သူက စွမ်းအားများကို သုံးပြီး သွေးကြောတစ်ချို့ကို ဖွင့်ပေးလိုက်သည်။
“မင်း.. မင်း.. မင်းကဘာလုပ်ချင်တာလဲ…”
နံပါတ်(၅)ထန်သခင်ကြီးက အံ့ဩမှင်တက်နေပြီး အထိတ်ထိတ် အလန့်လန့်နှင့် ပြန်မေးလိုက်သည်။
ချီကျန်းရန်ကတော့ ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်လိုက်၏။ သူ့ပုံစံက သွေးအေးလူသတ်သမား တစ်ယောက်နှင့် တူညီနေသည့်အတွက် နံပါတ်(၅) ထန်သခင်ကြီး၏ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။
နံပါတ်(၅)ထန်သခင်ကြီးက သူ့ကို တောင်းပန်လိုက်၏။
“ငါ… ငါက ဖျားယောင်းခံခဲ့ရတာပါ…”
ချီကျန်းရန်ကတော့ မည်သည့်ခံစားချက်မျှ မရှိချေ။ နံပါတ်(၅)ထန်သခင်ကြီး၏ ကိုယ်ပေါ်တွင် ရေခဲချီစွမ်းအင်များ မရှိတော့သည့်အချိန်၌ သူက တာဝန်ခံလင်း၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် နံပါတ်(၅) ထန်သခင်ကြီး၏ သွေးကြောများကို ဖွင့်ပေးလိုက်ပြီး နေဝင်ဆည်းဆာ ဓားသိုင်းကိုသုံး၍ သူ့လည်ပင်းကို ဖြတ်ပစ်လိုက်သည်။
နံပါတ်(၅) ထန်သခင်ကြီးက မြေပေါ်သို့ လဲကျသွားခဲ့ပြီး ညည်းညူနေခဲ့၏။
“သူက ဘာစကားတစ်ခွန်းမှ မမေးဘဲ ငါ့ကို သတ်လိုက်လိမ့်မယ်လို့ မထင်ထားဘူး။ ငါက ဘာလို့ ဟွမ်ဟွာဓားဂိုဏ်းကို သစ္စာဖောက်ပြီး ဝမ်မိသားစုနဲ့ ပူးပေါင်းသွားလဲဆိုတာကို သူက ဂရုမစိုက်ဘူးလား။ အဲဒီနောက်ကွယ်မှာရှိတဲ့ လျှို့ဝှက်ချက်ကိုရော သူက ဂရုမစိုက်ဘူးလား…”
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ခင်ဗျားသိတာတွေ အရမ်းများနေပြီ…”
သူ့အတွက်တော့ ယီမြို့ကြီး တစ်မြို့လုံးကို ဝမ်မိသားစုက ဝါးမြိုသွားမည်ဆိုလျှင်ပင် သူ၏လျှို့ဝှက်ချက် ပေါ်သွားခြင်းလောက် အရေးမကြီးပေ။ သူ ယခုအသုံးပြုလိုက်သော နှင်းရေခဲအငွေ့အသက်များက သူ့ကို ဒုက္ခမရောက်စေရန် သူ့ညီဝမ်းကွဲ ပေးခဲ့သော အဆောင်တစ်ခုဟု ဆင်ခြေပေး၍ ရနိုင်သည်။ မုန့်ချီက အလွန်အစွမ်းထက်သော တံခါး(၉)ပေါက်အဆင့် စွမ်းအားကို ပြသနိုင်သည့်အတွက် သူ့ဆီတွင် ဝေ့ကျင်းတစ်ဝက်အဆင့် တစ်ခါသုံး အဆောင်များ ၊ ထူးခြားသည့် ပစ္စည်းများ ရှိသည်မှာ ထူးဆန်းနေခြင်း မရှိချေ။
သို့သော် သူက နှင်းရေခဲချီစွမ်းအင်အားကို သုံးပြီး သူတို့နှစ်ယောက်ကို ထိန်းချုပ်၍ သူတို့၏ မျက်စိရှေ့တွင် ဓားကို ဝှေ့ယမ်းလိုက်သည်။ အကယ်၍ ထိုကိစ္စကသာ ပျံ့နှံ့သွားမည်ဆိုလျှင် ရှင်းပြရန် မဖြစ်နိုင်တော့ချေ။ သူကတော့ သူ့အတွက် အခြေအနေကိုသာ အရင်ဆုံး ရွေးချယ်သင့်သည်။
ထိုသို့ဖြစ်သွားမည်ဆိုလျှင် သူက ခရီးသွားနေရင်း ဖရိုဖရဲကျင့်စဉ်ကို တွေ့ခဲ့သည်ဟု ပြော၍ရနိုင်၏။ သို့သော် ထိုသို့ဆိုလျှင် ပြိုင်ဖက်ကင်းသိုင်းပညာကို တခြားသူများက လိုချင်တပ်မက်လာနိုင်သည်။ အကယ်၍ သူ့ဂိုဏ်းက သူ့ကို ထိုသိုင်းကျမ်း ထုတ်ပေးခိုင်ပြီး အဖိုးတန်လက်နက်တစ်ခုနှင့် လဲလှယ်မည်ဆိုလျှင် သူက မည်သို့ ပြန်ဖြေရမည်နည်း။ အကယ်၍ သူပေးချင်သည် ဆိုလျှင်ပင် ပေး၍မရနိုင်ပေ။
ထို့ကြောင့် တခြားသူများ သိသွားနိုင်သည့် အခြေအနေတွင် ချီကျန်းရန်က အမေးအမြန်း မရှိဘဲ သူတို့ကို သတ်ပစ်လိုက်သည်။ သူက နံပါတ်(၅)ထန်သခင်ကြီးနှင့် တာဝန်ခံလင်းတို့က တိုက်ခိုက်ခဲ့သည်ဟူသော အကြောင်းပြချက်ကို သုံး၍ ရနိုင်၏။ သို့သော် အကယ်၍ သူတို့ နှစ်ယောက်စလုံး သေသွားမည်ဆိုလျှင် သူ့ကို သံသယဝင်မည်မှာ သေချာသည်။
သူတို့ နှစ်ယောက်လုံးကို နေရာတွင် သတ်ပစ်လိုက်ခြင်းက ပို၍လုံခြုံနိုင်သော်လည်း ပဋိပက္ခတစ်ခု ဖန်တီးနိုင်သည်။ မည်သို့ဖြစ်စေကာမူ ဤနေရာတွင် ရှိနေသော အခြေအနေက လုံးဝကို ပျက်စီးနေ၏။ ထို့ကြောင့် သူလည်း ဂိုဏ်းမှနေ၍ ဝေ့ကျင်းအဆင့် ပညာရှင်များကို အကူအညီ တောင်းဆိုရပါလိမ့်မည်။
သူက ဓားလက်ကိုင်ကိုတော့ တာဝန်ခံလင်း၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ထို့နောက် သူက တာဝန်ခံလင်း၏ သွေးကြောများကိုလည်း ပိတ်လိုက်ပြီး သူ့ကို အေးခဲနေခြင်းမှ ပျောက်ကွယ်သွားအောင် အကူအညီ ပေးလိုက်၏။
တာဝန်ခံလင်း၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေသည်။ သို့သော် သူလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိချေ။ သူလည်း နေရာတွင် ချီကျန်းရန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ထိုအချိန်တွင် သူက သူ့ဂိုဏ်းကို ပို့ရမည့် စာထဲ၌ ဘယ်လိုရှင်းပြရမလဲဟူသော အကြံတစ်ခု ရလာခဲ့သည်။
“တာဝန်ခံလင်းကို ရန်သူတွေက လာဘ်ထိုးထားတယ်။ ဒါကြောင့် သူက ဂိုဏ်းရဲ့ အကျိုးစီးပွားကို သစ္စာဖောက်ပြီး အပြင်လူတွေနဲ့ ပူးပေါင်းခဲ့တယ်။ ပြီးတော့ မကြာခဏဆိုသလို သူ့ရဲ့ ဆွေမျိုးတွေကို ထိခိုက်အောင် လုပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူက စားသောက်ပွဲ ဖိတ်ခေါ်တဲ့ အခွင့်အရေးကို အရယူပြီး ဂိုဏ်းနဲ့ နီးစပ်တဲ့ နံပါတ်(၅)ထန်သခင်ကြီးနဲ့ ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပြီး ငါ့အပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့တယ်။ ငါလည်း ဘာမှမတတ်နိုင်ဘဲ ငါ့ရဲ့ ညီဝမ်းကွဲ ပေးခဲ့တဲ့ အဆောင်ကိုသုံးပြီး တာဝန်ခံလင်းကို သတ်ပစ်လိုက်ရတာပဲ။ နဂိုတည်းက ဒီစားသောက်ပွဲက ထောင်ချောက်တစ်ခုပဲ…”
“ဘယ်လိုပဲဖြစ်ဖြစ် အခုချိန် ယီမြို့ထဲမှာရှိတဲ့ ဟွမ်ဟွာဓားဂိုဏ်းမှာ ငါက အုပ်ချုပ်သူပဲ။ ငါပြောတဲ့အရာအားလုံး အမှန်ပဲ..”
အကယ်၍ ဂိုဏ်းက သံသယဝင်ပြီ်း စစ်ဆေးမည်ဆိုလျှင်ပင် တာဝန်ခံလင်းက ပြဿနာကြီးများ လုပ်ဆောင်ထားသည်။
တံခါးဖွင့်လိုက်သည့် အချိန်တွင် နံပါတ်(၅)ထန်သခင်ကြီး၏ ကျန်ရှိနေသော အစောင့်များ ဝင်လာကြကာ အလွန်လေးနက်သော မျက်နှာအမူအရာနှင့် ချီကျန်းရန်ကို မြင်လိုက်ရသည်။ သူတို့က ကြည့်နေကြစဉ် ချီကျန်းရန်ကတော့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ဘေးအခန်းထဲတွင် …
ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်နှင့် ထန်မင်ယွဲ့တို့က ရံဖန်ရံခါ လှုပ်ရှားနေသော ရှန့်ရွှေမြစ်ကို စိုက်ကြည့်ပြီး မှင်တက်နေကြသည်။ ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက်က အိပ်မက်ထဲမှ နိုးထလာသည့် အမူအရာနှင့် ပြောလိုက်၏။
“သူက တံခါး(၉)ပေါက်အဆင့် ပညာရှင် (၄)ယောက်ရဲ့လက်ထဲကနေ ဘယ်လိုများ လွတ်သွားတာလဲ။ ပြီးတော့ သူတို့ထဲက တစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့ပြီး တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်သေးတယ်။ ဒီလိုစွမ်းရည်မျိုးက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ…”
ထန်မင်ယွဲ့ကလည်း မျက်ခုံးပင့်၍ ပြောလိုက်သည်။
“ခရမ်းသေမင်းဓားသာ မရှိရင် တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်လုံးက ရှုံးနိမ့်ပြီး အသတ်ခံရမယ်လို့ ထင်တာပဲ…”
သူမကတော့ အဘိုးရှုအကြောင်းကို ပြောရန် အလွန် ရှက်နေခဲ့သည်။
“ဟုတ်တယ်….”
မုန့်ချီနှင့် ပတ်သက်သော သတင်းများကို ထိုသခင်လေးများ၊ မိန်းကလေးများ အားလုံးက ကြားဖူးထားသည့်အတွက် သူ့ဘက်တွင် ရပ်တည်နေကြသည်။ ပို၍ဆိုးသည်မှာ သူတို့ပြောသည့် အခြေအနေကလည်း အမှန်သာ ဖြစ်၏။
“ဓားပညာနဲ့ ပတ်သက်တဲ့ အနှစ်သာရများ ကျွမ်းကျင်နေပြီး တစ္ဆေအရိပ်တစ်ခုလို လျင်မြန်တဲ့ လူကြီးလူကောင်းဓား သခင်လေးမုန့်က တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်ကို တစ်ယောက်တည်း ဖိနှိပ်နိုင်ခဲ့တယ်။ တစ်ယောက်ကို ဓားနဲ့ထိုးနိုင်ခဲ့ပြီး တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်။ ခရမ်းသေမင်းဓားသာ မရှိရင် ဘယ်သူက အနိုင်ရမလဲဆိုတာ ပြောဖို့တောင် ခက်တယ်။ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ အဖိုးတန်လက်နက်ရဲ့ လက်ထဲကနေ အသက်ရှင်လွတ်မြောက်နိုင်တဲ့ ဉာဏ် အလင်းပွင့်မှုအဆင့် ပညာရှင် လက်တဆုပ်စာပဲရှိတယ်…”
မုန့်ချီကို တဖြည်းဖြည်း ပို၍လေးစားလာသော ဝူချင်းရှင်က ပြောလိုက်သည်။
“လူကြီးလူကောင်းဓားရဲ့ နာမည်က လူငယ်မှတ်တမ်းမှာ သေချာပေါက် စာရင်းဝင်လာပြီး သိုင်းလောကမှာ နာမည်ကျော်ကြားလာတော့မယ်…”
ထန်မင်ယွဲ့ကတော့ ပို၍ပင် စိတ်အေးနေသော အမူအရာနှင့် အနားတွင် ရှိနေသော သခင်လေးကို ပြောလိုက်သည်။
“သခင်လေး ဟွမ်ယွဲ့…
ဒီတိုက်ပွဲပြီးသွားတဲ့အခါ လူငယ်မှတ်တမ်းမှာ သခင်လေးမုန့်က ဘယ်အဆင့်လောက်များ ရလာနိုင်လဲ…”
ဟွမ်ယွဲ့၏အဖေ ဟွမ်ကျိချင်က ယီမြို့ထဲတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းတွင် လူဆိုးထိန်း ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူက နယ်မြေခံသိုင်းပညာအဖွဲ့အစည်းကိုလည်း ဦးဆောင်ထားရ၏။ ထို့ကြောင့် သာမန်လူများထက် လူငယ်မှတ်တမ်းကို ပို၍သိနေသည်။
ဟွမ်ယွဲ့က ခံစားချက်များ ပြည့်နှက်နေသော အမူအရာဖြင့် ရှန့်ရွှေမြစ်ထဲကို စိုက်ကြည့်နေပြီး ခဏကြာစဉ်းစား၍ ပြောလိုက်သည်။
“သခင်လေးမုန့်က တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်ကို သတ်ပြီး အေးအေးဆေးဆေး ထွက်သွားနိုင်မယ်ဆိုရင် သူက ထိပ်ဆုံး (၁၅)ယောက်ထဲ စာရင်းဝင်နိုင်တယ်။ ဒါပေမယ့် အခုလို အောင်မြင်မှုတွေအရတော့ သူက ထိပ်ဆုံး (၂၅)ယောက်အတွင်း စာရင်းဝင်ဖို့ လုံလောက်ပါတယ်…။ ဒီလိုအသက်အရွယ်မျိုးမှာ ဆရာမရှိဘဲ ဒီလိုအစွမ်းမျိုး သူ ဘယ်လိုရလာတာလဲ…”
“တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်စလုံးကို သတ်ပစ်နိုင်မှပဲ သူက ထိပ်ဆုံးအဆင့် (၁၅)ယောက်ထဲကို ဝင်နိုင်မှာလား…”
ဝူချင်းရှင်က အံ့အားသင့်စွာ မေးလိုက်သည်။
ဟွမ်ယွဲ့က အပြုံးနှင့် သူသိထားသော အရာများကို ပြောပြလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် တံခါး(၉)ပေါက်အဆင့် ပညာရှင် (၄)ယောက်နဲ့ လူငယ်မှတ်တမ်းရဲ့ အောက်ဆုံးမှာရှိနေတဲ့ ပညာရှင်တစ်ယောက်ရဲ့ကြားမှာ ကွာဟမှုတွေ ရှိတယ်။ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀)ယောက်ထဲမှာ ဘယ်သူကရော မထူးခြားလို့လဲ။ ဥပမာအနေနဲ့ ပြောရရင် လော်နတ်ဘုရားမ ကူရှောင်စန်းက တောင်(၃)လုံး မြစ်(၄)သွယ်မှာရှိတဲ့ လေဟာနယ်မိန်းမပျိုဂိုဏ်းထဲက မကောင်းဆိုးဝါး လောဘ ဗောဓိတပ္ပရဲ့ လက်အောက်ခံ ကောင်းကင်နတ်သမီး (၇)ဖော်ကို ရင်ဆိုင်ခဲ့ရတယ်။ အစွမ်းထက်ဆုံး ပန်းပွင့်ပျံ့နှံ့ခြင်း နတ်သမီးကတော့ လူငယ်မှတ်တမ်းမှာ အဆင့် (၂၉)ပဲ။ တခြား (၆)ယောက်ကလည်း တံခါး(၉)ပေါက်အဆင့် ပညာရှင် (၄)ယောက်ထက် နည်းနည်းဆီပိုပြီး အစွမ်းထက်ကြတယ်…”
လူငယ်မှတ်တမ်း စာရင်းအသစ်ကို ယခုအချိန်ထိ မထုတ်ရသေးပေ။ ထို့ကြောင့် ဤကိစ္စက ပျံ့နှံ့သွားခြင်း မရှိချေ။ သို့သော် ဟွမ်စီရင်စုက တောင်(၃)လုံး၊ မြစ်(၄)သွယ်နှင့် နီးကပ်နေသည်။ ထို့ကြောင့်လည်း ယပ်တောင်(၆)လက်ကျောင်းမှ အကြီးပိုင်း လူဆိုးထိန်းများက ထိုသတင်းကို ကြားထားကြ၏။
“ရလဒ်က ဘယ်လိုဖြစ်သွားလဲ…”
ထန်မင်ယွဲ့၊ ဝူချင်းရှင်နှင့် ရှန့်ကွမ်းဟန်တို့က မေးလိုက်သည်။ သူတို့ကလည်း မျက်လုံးပြူ၍ အသက်အောင့်ပြီး ရလဒ်ကို စောင့်နေကြ၏။
ဟွမ်ယွဲ့က အနည်းငယ် ထိတ်လန့်သွားသည့် အသံနှင့် ပြောလိုက်သည်။
“ကောင်းကင်နတ်သမီး (၇)ဖော်က တိုက်ပွဲထဲမှာ သေသွားခဲ့တယ်…”
ထိုအချိန်တွင် သက်ပြင်းချသံများ ကြားလိုက်ရလေ၏။
…………
ဟွမ်ဟွာဆန်ဆိုင်သို့ ချီကျန်းရန် ပြန်ရောက်လာသည့် အချိန်တွင် မုန့်ချီက ရင်ကွဲပက်လက် အမူအရာနှင့် ရေနွေးသောက်နေကြောင်း မြင်လိုက်ရသည်။
“ညီဝမ်းကွဲ…
မင်းက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာလား…”
ချီကျန်းရန်က စိုးရိမ်တကြီး မေးလိုက်သည်။
မုန့်ချီက ခေါင်းခါပြလိုက်၏။ အတားအဆီးများစွာ လုပ်ဆောင်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်လာသည့် ဓားချီစွမ်းအင်များကို အင်မော်တယ် ဖိနှိပ်ခြင်း ကျင့်စဉ်က ဖယ်ရှားပေးခဲ့သည်။ သူ၏နောက်ကျောတွင် နက်ရှိုင်းသော အပေါက်ငယ်တစ်ချို့ ရှိနေပြီး သွေကြောများ ဒဏ်ရာရသွားခဲ့သည်။ သို့သော် ရေွှခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်းပြောင်း(၇၂) ကျင့်စဉ်တို့ကြောင့် ယခုတော့ ကောင်းလုနီးပါး ပြန်ဖြစ်နေ၏။
အလွန်ကောက်ကျစ်စဉ်းလဲသော အခြေအနေနှင့် တစ်ဖက်အဖွဲ့က အဖိုးတန်လက်နက်ကိုပင် အသုံးပြုနေကြောင်း စဉ်းစားမိသည့်အခါ သူက တန်ပြန်တိုက်ခိုက်ရန် အစီအစဉ်ကို လက်လျှော့လိုက်သည်။
“ဒါဆိုရင် မင်းရဲ့ အမူအရာက ဘာဖြစ်နေတာလဲ။”
ချီကျန်းရန်က ဇဝေဇဝါ မေးလိုက်သည်။
မုန့်ချီက အံကြိတ်လိုက်၏။
“ကျွန်တော့်ရဲ့ ရေခဲပေါ်တယ်ဓား ပျက်စီးသွားပြီ။ ယောကျ်ားကောင်းတစ်ယောက်ဆိုရင် ဒါကို သေချာပေါက် လက်တုန့်ပြန်ရမှာပဲ…”
ချီကျန်းရန်လည်း မျက်နှာပျက်နေရာမှ ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။ သူကပြောလိုက်၏။
“ငါက ဒီကိစ္စကို သတင်းပို့ပြီး အကူအညီတောင်းဖို့ တောင်ပေါ်ကို စာတစ်စောင် ချက်ချင်း ရေးရမယ်…”
“ကောင်းတယ်”
မုန့်ချီကလဲ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
ချီကျန်းရန်က စာရေးနေသည့်အချိန်တွင် မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“ဒီကိစ္စက နည်းနည်းတော့ လွဲနေတယ်။ သူတို့မှာ ဘယ်လို ဆင်ခြေမျိုးပဲရှိရှိ ဟွမ်ဟွာဓားဂိုဏ်းမှာရှိတဲ့ တပည့်တွေရဲ့ ဆွေမျိုးကို သတ်လိုက်တာက ဟွမ်ဟွာဓားဂိုဏ်းကို စစ်ကြေငြာလိုက်တာနဲ့ အတူတူပဲ။ ဝမ်မိသားစုက ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား။ ဒါမှမဟုတ် သူက ဒီကိစ္စကို သေချာဖြေရှင်းနိုင်မယ်လို့ တာဝန်ခံလင်းက ယုံကြည်နေတာလား။ အစ်ကိုချီက သူ့ကို မဆန့်ကျင်ဘူးဆိုတာ သူက သေချာနေတာလား…”
တာဝန်ခံလင်းနှင့် သူ့အဖော်များက မလိုအပ်လျှင် ချီကျန်းရန်ကို သေချာပေါက် သတ်လိမ့်မည် မဟုတ်ချေ။ တာဝန်ခံတစ်ယောက်ကို သတ်ပစ်လိုက်ခြင်းက ဟွမ်ဟွာဓားဂိုဏ်းကို သေချာပေါက် အာရုံစိုက်လာစေနိုင်သည်။
“ငါကလည်း ဒီကိစ္စတွေရဲ့ ကောက်ကျစ်မှုတွေကို သတိထားမိတယ်။ ဒါကြောင့်လည်း ငါ့ဂိုဏ်းကို စာတစ်စောင် ရေးပို့ရတာ…”
ချီကျန်းရန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ထပ်ပြောလိုက်၏။
“ဒီစာက တောင်ပေါ်ကို ရောက်ပြီး ပြန်လာဖို့ အချိန်ဘယ်လောက်ကြာမလဲ…”
“မြို့အပြင်ဘက်မှာရှိတဲ့ စံအိမ်ထဲမှာ ငါတို့ဂိုဏ်းက မွေးထားတဲ့ စာပို့ခိုတွေ ရှိတယ်။ တကယ်လို့ ငါက ဒီစာကို မနက်ဖြန် ပို့လိုက်မယ်ဆိုရင် နှစ်ရက်အတွင်း တောင်ပေါ်စခန်းကို ရောက်သွားလိမ့်မယ်…”
ချီကျန်းရန်က ပြန်ဖြေလိုက်သည်။
“ဝေ့ကျင်းအဆင့် ပညာရှင်တွေ ရောက်လာခဲ့မယ့် အချိန်တွေကိုပါ ပေါင်းလိုက်မယ် ဆိုရင်တော့ (၃)ရက်လောက် ဖြစ်နိုင်တယ်။ ကြားထဲမှာ ဘာမှ မဖြစ်ဖို့ မျှော်လင့်ရမှာပေါ့…”
မုန့်ချီက ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။
“အဲဒီရက်တွေ အတောအတွင်း ငါက အထက်တန်းလွှာမိသားစု(၄)ခုမှာရှိတဲ့ အကြီးအကဲတွေ၊ ပြင်ပပညာရှင်တွေနဲ့ လေ့ကျင့်သင့်လား…”
နောက်တနေ့မနက် သူတို့လေ့ကျင့်ပြီးသွားချိန်တွင် ချီကျန်းရန်က စံအိမ်သို့သွားပြီး စာပို့ခဲ့သည်။
ထိုအချိန်တွင် အစောင့်တစ်ယောက်က သူ့ဆီကို အလျင်အမြန် ရောက်လာခဲ့၏။
“တာဝန်ခံချီ…
အရေးကြီးတဲ့ကိစ္စတစ်ခုတော့ ဖြစ်နေပြီ။ သခင်ကြီးထန်က လုံးဝကို သတိလစ်သွားပြီ။ ဝမ်မိသားစုက ဝမ်ကိုက်ကလည်း ထန်မိသားစုဆီကို ကိုယ်တိုင်ရောက်လာတယ်။ သူတို့က အိမ်တော်သခင်အသစ်အတွက် ဆုံးဖြတ်ပေးကြမှာ…”
“ဝမ်ကိုက် ဟုတ်လား…”
မုန့်ချီနှင့် ချီကျန်းရန်တို့က အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး သူတို့၏ ခံစားချက်များက လှုပ်ရှားလာကြသည်။
“ဒီလူက ဝမ်မိသားစု ပင်မမျိုးဆက်ရဲ့ တရားမဝင်သားတစ်ယောက်ပဲ။ သူက သိုင်းပညာမှာ အရမ်းထူးချွန်တဲ့အတွက် အသက်(၂၀)အရွယ်မှာ တံခါး(၈)ပေါက် ပွင့်နေပြီး လူငယ်မှတ်တမ်းမှာ အဆင့် (၂၃) စာရင်းဝင်တယ်။ သူ့ကို အမှန်တရား ဓားလို့ ခေါ်ကြတယ်…”
အစောင့်က ဆက်၍ပြောလိုက်သည်။
“တာဝန်ခံ…
နောက်ထပ် သတင်းအသစ်တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ ထန်မိသားစု အကြီးအကဲတွေက ယဲ့မိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် နံပါတ်(၉)မိန်းကလေးထန်ကို သခင်လေးယဲ့နဲ့ လက်ထပ်ပေးဖို့ ပြင်ဆင်နေကြတယ်…”
Translated by Hein Htet