အခန်း (၂၀၄)
Vol. 14 Ch. 204
"မဟာမိတ်ဖွဲ့ဖို့အတွက် လက်ထပ်ပွဲလား…."
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်မိသည်။
"သူတို့က အရမ်းကို အလျင်လိုနေသလိုပဲ…။ တကယ်လို့ သူတို့က ထန်မင်ယွဲ့အတွက် လက်ထပ်ပွဲ စီစဉ်ပေးချင်တယ်ဆိုရင် မြန်ရမယ် ထင်တယ်။ သခင်ကြီးထန်က အချိန်မရွေး သေသွားနိုင်တယ်လေ။ အကြီးဆုံးမျိုးဆက်ရဲ့ မြေးမလေးတစ်ယောက် ဖြစ်တဲ့အတွက် သူက (၃)နှစ်လုံးလုံး ထုံးတမ်းအစဉ်အလာအရ သူ့အတွက် ဆုတောင်းပေးနေရမယ်။ ဒါပေမယ့် အခုတော့ သူတို့က ကံဆိုးတယ်ဆိုတဲ့ နာမည်ကို အကြောင်းပြပြီး လက်ထပ်ပွဲကို စီစဉ်နေကြတယ်…”
“မိန်းကလေးထန်ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ…"
မုန့်ချီက မေးလိုက်သည်။ ထန်မင်ယွဲ့က သူ့ကို ကူညီပေးခဲ့သည့်အတွက် သူလည်း ပြန်လည်ကူညီပေးနိုင်ရန် စဉ်းစားပြီး မေးလိုက်ခြင်းဖြစ်သည်။
ယမန်နေ့ညတွင် ပြန်လာခဲ့သည့်အချိန်ကတည်းကစပြီး သူက အနောက်ဘက်ခြံဝန်းထဲတွင်သာ ပုန်းနေခဲ့သည်။ ချီကျန်းရန်က လွဲလျှင် မည်သူကမျှ မသိကြပေ။ ထန် ၊ ယဲ့ ၊ လင်းနှင့် ဝမ်မိသားစုတို့က မျက်နှာပျက်ရမှာကိုပင် မကြောက်ဘဲ သူတို့၏ အဖိုးတန်လက်နက်များနှင့် ပညာရှင်များကို အသုံးချပြီး သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် အရုဏ်တက်ချိန်ထိ မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်ရသည့်အချိန်တွင် ထိုအထက်တန်းလွှာ မိသားစုများက သူ့ကို လိုက်သတ်ရဲသည့် သတ္တိမရှိတော့ကြောင်း နားလည်သွားခဲ့၏။
ဤနေရာက အနောက်ပိုင်းနယ်မြေ မဟုတ်ဘဲ ကျင်းအင်ပါယာ ဖြစ်သည်။ ဤနေရာတွင် စည်းကမ်းသေဝပ်မှုနှင့် အချုပ်အခြာ အာဏာလည်း ရှိ၏။ ဤနေရာကို အုပ်စိုးထားသည်မှာ ယပ်တောင် (၆)လက်ကျောင်းဖြစ်သည်။ ထို့ပြင် အထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများက သူတို့၏ တပည့်များကို သတိထားနေရသည့် အခြေအနေမျိုး မမြင်ချင်ကြပေ။
အကယ်၍ မိသားစု (၄)ခုက ပန်းစန္ဒာစံအိမ်ထဲ၌ သတ်ရန် စီစဉ်ထားမည်ဆိုလျှင်ပင် အချိန်ကြာမြင့်စွာ မတိုက်ခိုက်ရဲကြပေ။ မဟုတ်လျှင် ယပ်တောင် (၆)လက်ကျောင်းမှ လူဆိုးထိန်းများက သူတို့ကို သေချာပေါက်လာရောက် တားဆီးကြမည်ဖြစ်သည်။
အကယ်၍ ယပ်တောင် (၆)လက်ကျောင်းမှ လူဆိုးထိန်းများသာ အသတ်ခံလိုက်ရမည်ဆိုလျှင် သိုင်းလောကတွင် ကျင်လည်နေသော မုန့်ချီကဲ့သို့ လူတစ်ယောက်ကို သတ်လိုက်ခြင်းနှင့် မတူညီနိုင်တော့ပေ။ ဤနေရာတွင် သူတို့၏ အုတ်မြစ်ရှိနေသည့်အတွက် အထက်တန်းလွှာမိသားစုများက စုံစမ်းစစ်ဆေးမှုကို သေချာပေါက်ခံရမည်ဖြစ်ပြီး အရာအားလုံး ပျက်စီးသွားနိုင်သည်။
အစောင့်က မုန့်ချီကို ကြည့်လိုက်၏။ သူက ယမန်နေ့ညတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး အဖိုးတန်လက်နက်ကြောင့် နောက်ဆုတ်သွားရသည်ဟု ပြောကြသည်။
အစောင့်က ဆက်ပြောလိုက်၏။
"နံပါတ် (၉) မိန်းကလေးထန်က သေချာပေါက် လက်ခံမှာမဟုတ်ဘူး။ ယီမြို့ထဲမှာ သခင်လေးယဲ့ရဲ့ အကျင့်စရိုက်ကို မသိတဲ့သူ ရှိဦးမှာလား…။ သူက မိန်းကလေးထန်ကို အချိန်တော်တော်ကြာ အသုံးချပြီးသွားရင် လွှတ်ပစ်လိုက်မှာပဲ။ ဒါပေမယ့် သခင်ကြီးထန်က သတိလစ်နေပြီဆိုတော့ ပင်မမျိုးဆက်ထဲမှာ အကြီးအကဲတွေ မရှိတော့ဘူး။ ဒါကြောင့် သူက ခုခံလို့မရဘူး… "
သခင်လေးယဲ့က ဒုတိယသခင်လေးထန်ထက်ပင် ပို၍ အသောက်အစား အပျော်အပါး မက်မောသည်။ ပိုဆိုးသည်မှာ သူက ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု မရှိတတ်ပေ။ သူက အစေခံများကို တစ်ကြိမ်ထက်မနည်း သေသွားအောင် ရိုက်နှက်ခဲ့ဖူးသည်။ မည်သူကရော သူနှင့်လက်ထပ်ချင်မည်နည်း။
မုန့်ချီက တိတ်ဆိတ်သွားခဲ့၏။ အစောင့်ထွက်သွားပြီးနောက် သူက သက်ပြင်းချလိုက်မိသည်။
"မင်းက ဒုတိယသခင်လေးထန်အဖြစ် ဟန်ဆောင်မလို့လား…"
ချီကျန်းရန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
မုန့်ချီက ညင်သာစွာ ခေါင်းညိတ်၍ ပြောလိုက်၏။
"ဟုတ်တယ်…။ ဒုတိယသခင်လေးထန်က လုပ်ကြံသတ်ဖြတ်ခံရပေမဲ့ အောင်မြင်သွားတဲ့အချိန်မှာ လုပ်ကြံသူတွေက အဝေးကို ထွက်ပြေးသွားတယ်။ ပြီးတော့ ကျွန်တော်က အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပြီး လက်ထပ်ပွဲကို တားဆီးဖို့အတွက် (၃) ရက်လောက်ပဲ ဟန်ဆောင်ရမှာပါ။ အစ်ကိုချီတို့ဂိုဏ်းက ဒီနေရာကို လူတစ်ယောက် လွှတ်လိုက်ပြီဆိုရင်တော့ ကျွန်တော်က မျက်နှာဖုံးချွတ်ပြီး မုန့်ချီအဖြစ် ပြန်လာလို့ရပြီလေ။ အဲဒီအချိန်ကျရင် ဒုတိယသခင်လေးထန်က ကျွန်တော်ဆိုတာ သူတို့က ဘယ်လိုလုပ် သိကြမှာလဲ။ ကျွန်တော်က မိသားစု (၄)ခုမှာရှိတဲ့ ပညာရှင်တွေနဲ့ ရန်ကြွေးရှိနေပေမဲ့ နံပါတ် (၉) မိန်းကလေးထန်အပေါ် အကြွေးရှိနေတယ်။ ယောကျ်ားကောင်းတစ်ယောက်ဖြစ်နေမှတော့ ကျွန်တော်က ဒီအကြွေးနဲ့ အမုန်းတရားကို ပြန်မဆပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး စိတ်အေးအေးနေနိုင်မှာလဲ…"
ယမန်နေ့တွင် မုန့်ချီ ထွက်ပြေးခဲ့ပြီးနောက် မိသားစု (၄)ခုက သူ့အပေါ် အလေးထားနေသေးသည်။ သူက အချိန်တော်တော်ကြာ ပုန်းအောင်နေပြီးမှ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးပြီး လုပ်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းရန် အချိန်ယူရပါလိမ့်မည်။
အကယ်၍ သူက ထိုသို့လုပ်လိုက်မည်ဆိုလျှင်ပင် စေ့စပ်ပွဲကိုတော့ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ စေ့စပ်ပွဲ ပြီးဆုံးသွားပြီးမှ သူက သခင်လေး ယဲ့ရှောင်ကျဲကို သတ်လိုက်မည်ဆိုလျှင်လည်း ပန်းစန္ဒာစံအိမ်တွင် ထန်မင်ယွဲ့ သူ့ကို သတိပေးသည့်အချက်နှင့် ဆက်စပ်၍ သူတို့နှစ်ယောက်၏ တိတ်တခိုး အချစ်ဇာတ်လမ်းကြောင့် လက်ထပ်ပွဲကို တာဆီးရန် ကြိုးစားသည်ဟူသော သတင်းထွက်လာပါလိမ့်မည်။
ထိုသတင်းကို သူက ဂရုမစိုက်ချေ။ သို့သော် ထန်မင်ယွဲ့ကဲ့သို့ အထက်တန်းလွှာ မိသားစုမှ သခင်မလေးတစ်ယောက်အတွက်တော့ အလွန်အရေးပါသည်။ အကယ်၍ သူတို့က အမှန်တကယ် စုံတွဲဖြစ်လာမည်ဆိုလျှင်လည်း သိုင်းလောကတွင် ဟိုးလေးတကျော်ကျော် ဖြစ်လာပါလိမ့်မည်။
သို့သော် သူကတော့ သူမအပေါ် မည်သည့်ခံစားချက်မျှ မရှိခဲ့ချေ။ ထို့ကြောင့် ပတ်သက်ရန်လည်း လုံးဝ မစဉ်းစားထားခဲ့ချေ။ အကယ်၍ သူသာ ထိုသို့လုပ်ဆောင်လိုက်မည်ဆိုရင်လည်း ထန်မင်ယွဲ့၏ ဂုဏ်သတင်းကို ဖျက်ဆီးမိပါလိမ့်မည်။ အထက်တန်းလွှာမိသားစုမှ သခင်မလေး တစ်ယောက်အတွက်တော့ ထိုအရာက သေသည်ထက်ပင် ပို၍ ဆိုးရွားနိုင်သည်။
ပိုဆိုးသည်မှာ ဤနေရာက အနောက်ပိုင်းနယ်မြေ မဟုတ်ဘဲ ကျင်းအင်ပါယာ ဖြစ်နေသည်။ သူက မဆင်မခြင် လုပ်ကြံသတ်ဖြတ်၍ မရနိုင်ပေ။ သူက အကြိမ်ပေါင်းများစွာ အောင်မြင်ပြီး အပြင်လူများ ပါဝင်ပတ်သက်လာမည်ဆိုလျှင် ယပ်တောင် (၆)လက်ကျောင်းနှင့် ကျိုးနိုင်ငံ ဝမ်မိသားစုက သူတို့၏ ပညာရှင်များကို စေလွှတ်ပြီး သူ့ကို ဖမ်းဆီးကြပါလိမ့်မည်။
ထိုအရာက ထင်သလောက်မလွယ်ကူပေ။ မဟုတ်လျှင် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ မရှိသော အထက်တန်းလွှာမိသားစုများကို ထိပ်တန်းပညာရှင်များက ဖျက်ဆီးပြီး သူတို့၏ အဖိုးတန်လက်နက်များကို ယူဆောင်သွားသည်မှာ ကြာလောက်ပါပြီ။
ချီကျန်းရန်က သက်ပြင်းချလိုက်မိသော်လည်း သူ့ကို မတားခဲ့ပေ။ သူက ပြဿနာတစ်ခုကို ပြောပြလိုက်၏။
"တကယ်လို့ မင်းက မျက်နှာဖုံးတစ်ခုတည်းနဲ့ သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေကို မလှည့်စားနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ငါတို့က ဒုတိယသခင်လေးထန်ရဲ့ အမူအကျင့်နဲ့ အကျင့်စရိုက်တွေကို ဘာမှသိမထားဘူး။ ပြီးတော့ သူက မင်းထက် နည်းနည်းပိုပြီး အရပ်ရှည်တယ်…"
"ဒုတိယ သခင်လေးထန်က ထွက်သွားတာ နှစ်ပေါင်းများစွာကြာနေပြီ။ သူက အခက်အခဲတွေ ကြုံတွေ့ရပြီး သိုင်းပညာမှာလည်း တော်တော်လေး အောင်မြင်ထားတယ်။ ဒါကြောင့် သူ့မှာ ပြောင်းလဲမှုတွေ ရှိလာတာ ပုံမှန်ပဲ။ ပြီးတော့ လည်ပင်းမှာ ဒဏ်ရာရထားတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ကျွန်တော်က စကားနည်းနည်းပဲ ပြောလို့ရနိုင်တယ်။ အရပ်အမြင့်ကတော့…."
မုန့်ချီက ပြောနေရင်း ရယ်လိုက်သည်။
ထို့နောက် ခန္ဓာကိုယ်ထဲမှ အသံများ ထွက်ပေါ်လာပြီး သူ့အရပ်က တစ်လက်မခန့် ချက်ချင်း ရှည်လာခဲ့၏။ သူ၏မျက်နှာကြွက်သားများကလည်း အနည်းငယ် ပြောင်းလဲလာသည်။ ကြည့်လိုက်မည်ဆိုလျှင် သူက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။
ချီကျန်းရန်က ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
"အဲဒါက ဘာလဲ…"
"ဒါက အသွင်းပြောင်း (၇၂)မျိုးကျင့်စဉ်ရဲ့ စွမ်းရည်ပဲလေ။ ဒါက ခန္ဓာကိုယ်တစ်ခုလုံးကို အသေးစိတ် ထိန်းချုပ်နိုင်တဲ့ အစွမ်းမျိုးရှိတယ်…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ပြီးတော့ ကျွန်တော်က ရုပ်ရည်ကိုလည်း ဒုတိယသခင်လေးထန်နဲ့ တူသွားအောင် ပြင်ဆင်လို့ ရသေးတယ်…"
သူက ထန်မိသားစုထဲသို့ ဝင်သွားသည့်အချိန်တွင် ဒုတိယသခင်လေးထန်၏ အဆင့်အတန်းအတိုင်း လှုပ်ရှားသည်မှာ ပို၍ သင့်တော်သည်။ ထိုသို့ဆိုလျှင် ရေခဲပေါ်တယ်ဓားကို ဆုံးရှုံးလိုက်ရသည့်အတွက် အနှေးနှင့်အမြန် ပြန်၍ လျော်ကြေးရနိုင်သည်။ အကယ်၍ ထန်မိသားစုက သူ့အဆင့်အတန်းကို သံသယဝင်နေမည်ဆိုလျှင်ပင် သူက ငြင်းဆန်၍ ရနေသေး၏။
မည်သို့ဖြစ်စေကာမူ သူက အခြေအနေကို ရှုပ်ထွေးအောင်လုပ်ရန် (၃)ရက်သာ လိုအပ်သည်။ သူက ဒုတိယသခင်လေးထန်အဖြစ် ထာဝရ ဟန်ဆောင်နေရန် မလိုအပ်ပေ။
ချီကျန်းရန်က အံ့ဩမှုကို ထိန်းချုပ်ပြီး လေးလေးနက်နက် ပြောလိုက်၏။
"ငါတို့ မြို့ထဲက ထွက်သွားတဲ့အချိန်ကျရင် ငါ့ဂိုဏ်းမှာ စုစည်းထားတဲ့ ထန်မိသားစုဝင်တွေရဲ့ ပစ္စည်းတွေ အားလုံး မင်းကို ပေးမယ်။ ပြီးရင် မင်းက အကုန်လုံး ဂရုစိုက်ပါ… "
…………
ထန်မိသားစု၏စံအိမ်က မြို့အပြင်ဘက်သို့ စီးဆင်းသွားသော ရှန့်ရွှေမြစ်၏ အနားတွင် တည်ရှိသည်။ စံအိမ်ထဲတွင် ရေညှိများ ဖုံးလွှမ်းနေသော ခြံဝန်းများစွာလည်း ရှိ၏။ ထိုအရာက ရာစုနှစ်ပေါင်းများစွာ တည်ရှိနေသော အထက်တန်းလွှာ မိသားစု တစ်ခုဟု လူတိုင်းက သိနေနိုင်သည်။
နံပါတ် (၅)ထန်သခင်ကြီးက ဟွမ်ဟွာဓားဂိုဏ်း၏ တာဝန်ခံကို လုပ်ကြံသတ်ဖြတ်သည့်အတွက် သေဆုံးသွားခဲ့သည်။ ထန်မိသားစုဝင်များကတော့ သူ့အတွက် ဈာပန မလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ဟွမ်ဟွာဓားဂိုဏ်းကို စစ်ကြေညာလိုက်ခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် နံပါတ် (၅)ထန်သခင်ကြီး၏အိမ်တော်မှ ငိုသံများကလွဲလျှင် ထန်စံအိမ်ထဲရှိ တခြားနေရာများကတော့ ငြိမ်သက်နေကြသည်။ မည်သို့ဖြစ်စေကာမူ စံအိမ်တစ်ခုလုံး၏ အခြေအနေက ရှုပ်ထွေးနေပုံရ၏။
ထိုအချိန်တွင် တံခါးစောင့်များက တံခါး၏ အတွင်းထဲကို ချောင်းကြည့်နေပြီး အချင်းချင်း ကြည့်နေကြသည်။ သူတို့ကလည်း စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချနေကြ၏။
"နံပါတ် (၂) သခင်ကြီးက ဘာတွေ စဉ်းစားနေတာလဲ။ နံပါတ် (၉) သခင်မလေးကို ဘာလို့ အဲဒီခွေးသခင်လေးယဲ့နှင့် လက်ထပ်ပေးချင်နေရတာလဲ…"
အစောင့်တစ်ယောက်က အံကြိတ်ပြီးပြောလိုက်သည်။
သခင်လေးယဲ့က ယီမြို့ထဲတွင် အလွန်ရိုင်းစိုင်းပြီး ဆိုးသွမ်းလှသည်။ သာမန်မိသားစု တစ်ခုကပင် သူတို့၏သမီးများကို သူနှင့် လက်ထပ်ပေးရန် တွေဝေနေကြမည်ဖြစ်၏။ အထက်တန်းလွှာ မိသားစုတစ်ခုအတွက်တော့ ဆိုဖွယ်ရာပင် မရှိချေ။
အစောင့်တစ်ယောက်ကလည်း သက်ပြင်းချ၍ပြောလိုက်သည်။
"အခု သူတို့တွေက အင်အားနည်းနေပြီလေ။ ထန်မိသားစုက ယီမြို့ထဲမှာ ရပ်တည်ဖို့ မလွယ်တော့ဘူး။ ဒီတော့ သူတို့တွေက လက်ထပ်ပွဲကနေတစ်ဆင့် ယဲ့မိသားစုနဲ့ ပေါင်းစည်းဖို့ ကြိုးစားနေတာ။ ဒါဆိုရင် ဝမ်မိသားစုနှင့် နီးစပ်နိုင်တယ်လေ…”
“အပိုတွေ… တကယ်လို့ နံပါတ် (၂)သခင်ကြီး ၊ နံပါတ် (၅)သခင်ကြီးနဲ့ နံပါတ် (၇) သခင်ကြီးတို့ကသာ ရူးမိုက်ပြီး ဟွမ်ဟွာဓားဂိုဏ်းရဲ့ အထောက်အပံ့ကို လက်မလွှတ်ဘူးဆိုရင် ဒီလိုအခြေအနေမျိုးကို ဘယ်လိုဖြစ်ပြီး ရောက်နိုင်မှာလဲ။ ပြီးတော့ ဘာကြောင့် သူတို့တွေက နံပါတ် (၉) သခင်မလေးရဲ့ လက်ထပ်ပွဲကို စီစဉ်နေရတာလဲ။ နံပါတ် (၇) သခင်ကြီးရဲ့သမီး နံပါတ် (၁၃) သခင်မလေးက အရမ်းငယ်သေးပေမဲ့ နံပါတ် (၂) သခင်ကြီးရဲ့သမီး နံပါတ် (၆) သခင်မလေးက လက်ထပ်ဖို့အတွက် အရွယ်ရောက်နေပြီလေ… "
အနားတွင် ရှိနေသော အစောင့်က အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
"ငါ့အနေနဲ့ပြောရရင်တော့ နံပါတ် (၂)သခင်ကြီးက ဒီအခွင့်အရေးကို အရယူပြီး နံပါတ် (၉) သခင်မလေးကို ထန်မိသားစုထဲကနေ ကန်ထုတ်ချင်နေတာ။ မဟုတ်ရင် သူက မိန်းကလေးအိမ်တော်သခင်တစ်ယောက် ဖြစ်သွားနိုင်တယ်လေ.."
အထက်တန်းလွှာမိသားစုတစ်ခုအတွက် မိန်းကလေးအိမ်တော်သခင် တစ်ယောက် ရှိသည်မှာ အလွန်ရှားပါးသည်။ ပုံမှန်အားဖြင့် ဖြစ်နိုင်ချေ နှစ်ခုသာ လိုအပ်၏။ ပထမဆုံးတစ်ခုက ပင်မမျိုးဆက်ထဲတွင် တခြားလူငယ်ယောကျ်ားလေးများထက် ပို၍ ထူးချွန်ထက်မြက်သော သမီးတစ်ယောက်သာ ကျန်နေခြင်းမျိုးဖြစ်သည်။
ထိုမိန်းကလေးက တခြားသော သခင်ကြီးများ ၊ အကြီးအကဲများ၏ အထောက်အပံ့ကို ရနိုင်မည်ဆိုလျှင် အိမ်တော်သခင်အသစ် တစ်ယောက်ဖြစ်နိုင်ပြီး သူတို့မိသားစုနှင့် ပူးပေါင်းနိုင်သည့် လူတစ်ယောက်ကို လက်ထပ်နိုင်သည်။ ဒုတိယတစ်ချက်ကတော့ သူမက မိသားစုတစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ပြင်ပအထောက်အပံ့မျိုး ရှိနေသည့် အခြေအနေဖြစ်သည်။
ထန်မင်ယွဲ့ဆီတွင်တော့ ထိုလိုအပ်ချက် တစ်ခုမျှ မရှိချေ။ သခင်ကြီးထန် ရုတ်တရက် နိုးလာပြီး သူ့အပေါ် သစ္စာရှိနေသော အကြီးအကဲများ ၊ ပြင်ပပညာရှင်များ၏ အထောက်အပံ့ရရန် ဆုံးဖြတ်ချက်ချပေးလျှင်တော့ တစ်မျိုးဖြစ်နိုင်သည်။ သို့သော် အကယ်၍ သူသာ သေသွားမည်ဆိုလျှငိ ထန်မင်ယွဲ့က အရှင်သခင်နေရာကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း နံပါတ်(၂)ထန်သခင်ကြီးနှင့် တခြားအကြီးအကဲများက သူမအတွက် လက်ထပ်ပွဲကို အလျင်အမြန် စီစဉ်နေကြခြင်းဖြစ်၏။ သူတို့က အဆိုးဆုံး ဖြစ်နိုင်ချေအတွက်ပင် ကြိုတင်ပြင်ဆင်ထားခဲ့၏။
ပထမဆုံး စကားပြောခဲ့သည့်အစောင့်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ယဲ့မိသားစုရဲ့သခင်ကြီးကိုယ်တိုင် သခင်လေးယဲ့နဲ့ လက်ထပ်ဖို့အတွက် နံပါတ် (၉) သခင်မလေးကို တောင်းဆိုခဲ့တယ်လို့ ပြောတယ်။ သူက သခင်မလေးကို ထိန်းချုပ်ဖို့အတွက် သခင်လေးယဲ့ကို အသုံးချချင်နေတာ…"
"တကယ်လို့ ယဲ့သခင်ကြီးကသာ ထိန်းချုပ်ချင်တယ်ဆိုရင် ဘာလို့ သူကိုယ်တိုင် မလုပ်ရတာလဲ…"
သခင်လေးယဲ့၏ အကြောင်းပြချက်က အလွန်ကြောက်စရာကောင်းသည်။ သို့သော် သူက ယဲ့သခင်ကြီး၏ တရားဝင်သားတစ်ယောက်ဖြစ်၏။
အလွန်လှပပြီး သနားကြင်နာတတ်သော ထန်မင်ယွဲ့က အကျင့်မကောင်းသော သခင်လေးယဲ့နှင့် လက်ထပ်တော့မည်ကို တွေးမိသည့်အခါ အစောင့်များကပင် မကျေမနပ် ဖြစ်နေကြသည်။ သူတို့က အချင်းချင်း ကြည့်နေကြပြီး အကြိမ်ကြိမ် သက်ပြင်းချရုံသာ တတ်နိုင်ကြ၏။ ဤကိစ္စတွင် သူတို့ပြောရန် အခွင့်အရေးမရှိကြပေ။
ရုတ်တရက်ဆိုသလို ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူ၏ဘယ်လက်ထဲတွင်တော့ အနက်ရောင်ဓားအိမ်နှင့် ဓားမောက်တစ်လက်ကို ကိုင်ထားပြီး မျက်လုံးများက အလွန်အေးစက်နေသည်။
"ဧည့်သည်တွေ ဝင်လို့မရဘူး…"
အစောင့်တစ်ယောက်က သူ့ဆီကို အလျင်အမြန် လျှောက်သွားခဲ့သည်။
ထိုလူငယ်ကတော့ မျက်နှာဖုံးဝတ်ထားသော မုန့်ချီဖြစ်၏။ သူက အစောင့်ကို ကြည့်လိုက်ပြီး တံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ ထို့နောက် ထန်မိသားစုစံအိမ်ဟူသော စကားလုံးကို ဖတ်ပြီး အက်ရှရှလေသံနှင့် ပြောလိုက်၏။
"ဘယ်အချိန်တုန်းကများ ငါက ဧည့်သည်တစ်ယောက်ဖြစ်သွားတာလဲ…"
"မင်း…"
အစောင့်က မုန့်ချီကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူ့ပုံစံက ထန်သခင်ကြီးနှင့် တူညီနေကြောင်း နားလည်သွားခဲ့၏။ ထန်မိသားစုစံအိမ်ထဲတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အစောင့်၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး အလွန်အံ့ဩဝမ်းသာသွားခဲ့သည်။
"ဒုတိယထန်သခင်လေးလား…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အလွန်မာနကြီးသော အထက်တန်းလွှာ လူငယ်တစ်ယောက်ကဲ့သို့ ဟန်ဆောင်၍ ပြောလိုက်၏။
"မင်းက ငါ့ကို မှတ်မိသေးတာပဲ…"
"သ… သခင်လေးက အသက်ရှင်နေသေးတာလား။ ဒါဆိုရင် အရမ်းကောင်းတယ်…။ သခင်လေးက အချိန်မီ ပြန်ရောက်လာတာပဲ…"
သူ၏ အရပ်အမြင့်နှင့် ရုပ်ရည်ကို သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် သူက ထန်မိသားစု၏ ဒုတိယသခင်လေးထန်ဖြစ်ကြောင်း အစောင့်က သေချာသွားခဲ့သည်။
မုန့်ချီက အက်ရှရှ လေသံနှင့်ပြောလိုက်၏။
"ဘာတွေဖြစ်နေတာလဲ…"
အစောင့်က အခြေအနေကို အကြမ်းဖျင်းပြောပြလိုက်သည်။ မုန့်ချီကတော့ သူသိထားသော သတင်းများကို စိတ်ရှည်လက်ရှည် နားထောင်နေခဲ့၏။ အဆုံးတွင်တော့ လေးလေးနက်နက် ပြောလိုက်၏။
"အစ်ကိုကြီး အဘအရာပဲ။ ငါ့ညီမလေး (၉) အပေါ် အခွင့်ကောင်း ယူချင်နေတဲ့လူတွေက ငါ့လက်ထဲမှာ ကိုင်ထားတဲ့ဓားကို အရင်ဆုံးမေးသင့်တယ်။ ငါ့ကို ဦးလေး (၂) တို့ဆီ ခေါ်သွားပေး…"
အစောင့်တစ်ယောက်က မုန့်ချီကို စံအိမ်ထဲသို့ ခေါ်သွားပြီး တခြားတစ်ယောက်ကတော့ သူ့ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းကို တိုင်းတာကြည့်လိုက်မည်ဆိုလျှင် တစ်ထပ်တည်း တူညီနေကြောင်း တွေ့ရနိုင်၏။
"ဒုတိယသခင်လေးထန်… သူ့အစွမ်းတွေက…"
သူတို့က အံ့အားသင့်စွာ ပြောလိုက်ကြသည်။ သူတို့က သာမန်အစောင့်များ ဖြစ်ကြသော်လည်း ထိုကဲ့သို့ အမြင်မျိုး ရှိနေသေး၏။
ထန်မိသားစု ခန်းမထဲတွင်…
ဘယ်ဘက်အခြမ်းတွင်တော့ မည်သူမျှ မထိုင်သော ထိုင်ခုံနှစ်ခုရှိသည်။ ထို့ကြောင့် ထန်သခင်ကြီးက အသက်ရှင်နေသေးသည်ဟု ညွှန်ပြနေသည်။ ဘေးနှစ်ဖက်တွင်တော့ ထိုင်ခုံများကို အတန်းလိုက် စီထားပြီး အလယ်တွင် ရေနွေးဝိုင်းများ တည်ခင်းထားသော စားပွဲဝိုင်းများ ရှိနေကြသည်။
အိမ်ရှင်များက ဘယ်ဘက်တွင် ရှိနေပြီး ဧည့်သည်များက ညာဘက်တွင် ရှိနေသည်။ ဘယ်ဘက်အခြမ်းတွင် ဦးဆောင်နေသော အဘိုးအိုက အသက် (၅၀) ဝန်းကျင်ခန့်ရှိပြီး ပွယောင်းယောင်း အင်္ကျီကို ဝတ်ထားသည်။ ပွဲလမ်းသဘင်တွင် ဆောင်းရသော ခေါင်းဆောင်းတစ်ခုကိုလည်း ဆောင်းထားခဲ့၏။
သူ၏ ညာဘက်တွင်တော့ အသက် (၄၀) ခန့်ရှိသော ခပ်ချောချော လူတစ်ယောက်ရှိပြီး သူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။ သူကတော့ ပြုံးနေခဲ့၏။ သူတို့၏ နောက်တွင်တော့ အကြီးအကဲများ ၊ ပြင်ပပညာရှင်များ၏ ခေါင်းဆောင်နှင့် သခင်လေးများ ရှိကြသည်။ ပင်မမျိုးဆက်ထဲတွင်တော့ ထန်မင်ယွဲ့ တစ်ယောက်တည်းကသာ တံခါးအနားတွင် ထိုင်နေခဲ့၏။
ညာဘက်အခြမ်းတွင်တော့ သခင်လေးတစ်ယောက် ထိုင်နေသည်။ သူ၏ မျက်နှာက လေးထောင့်ကျပြီး နှာခေါင်းကြီး၍ ပါးစပ်ကြီးသည်။ သူ့ပုံစံက အတော်လေး ရွံရှာစရာကောင်းပြီး ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ထား၏။ သူ့ပုံစံကအလွန်ပြတ်သားပြီး တည်ငြိမ်နေသည်။
သူ့နောက်တွင်တော့ ယဲ့မိသားစု ၊ လင်းမိသားစုနှင့် ဝမ်မိသားစုမှ သခင်ကြီးများ၊ တံခါး(၉)ပေါက်အဆင့် အကြီးအကဲများရှိနေပြီး သခင်ကြီးယဲ့နှင့် တခြားမိသားစုမှ တရားဝင်သားများ ရှိနေကြသည်။ သူတို့ကတော့ သခင်လေးလင်းနှင့် တတိယသခင်လေးဝမ်တို့ ဖြစ်ကြသည်။
"မင်ယွဲ့…
ယဲ့မိသားစုက သူတို့ရဲ့ သဘောထားကို ပြသနေမှတော့ မနက်ဖြန်ကျရင် ရှောင်ကျဲနဲ့ စေ့စပ်ရမယ်။ ဒါက သခင်ကြီးရဲ့ ကံဆိုးမှုတွေကို ဖယ်ရှားဖို့လို့ သတ်မှတ်ထားပါ…” နံပါတ် (၂) ထန်သခင်ကြီးက အမိန့်ပေးလိုက်သည်။
ထန်မင်ယွဲ့၏ မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူမက သခင်လေးယဲ့ကို စိုက်ကြည့်ပြီး တွေဝေစွာ ပြောလိုက်၏။
"ဦးလေး(၂)…
ကျွန်မက အကြီးဆုံးမျိုးဆက်ရဲ့ တရားဝင်သမီးတစ်ယောက်နော်။ ကျွန်မရဲ့ လက်ထပ်ပွဲကို အိမ်တော်သခင်ကပဲ သဘောတူလို့ရတယ်။ ဦးလေး (၂)က အိမ်တော်သခင်တာဝန် ယူထားပေမဲ့ အစစ်အမှန် အိမ်တော်သခင်မှ မဟုတ်သေးတာ"
သခင်လေးယဲ့က အပြုံးနှင့် ပြောလိုက်သည်။
"မင်ယွဲ့…
နင် မှားနေပြီ။ တကယ်လို့ အိမ်တော်သခင်သာ သေသွားမယ်ဆိုရင် အိမ်တော်သခင်အသစ်က နင့်ရဲ့ ဦးလေး (၂)နဲ့ ဦးလေး (၇) တို့ တစ်ယောက်ယောက် ဖြစ်လာမှာပဲ။ သူတို့နှစ်ယောက်စလုံးက ငါတို့ရဲ့ စေ့စပ်ပွဲကို သဘောတူနေမှတော့ အိမ်တော်သခင်ရဲ့ ဆုံးဖြတ်ချက်ကို လိုသေးလို့လား…"
"ဒါက အဓိပ္ပာယ်ရှိတယ်… "
တခြားလူများ အားလုံးကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထန်မင်ယွဲ့က သက်ပြင်းချပြီး ပြောလိုက်၏။
"ကျွန်မရဲ့ အစ်ကို (၂)က ပင်မမျိုးဆက်မှာ တရားဝင်သားတစ်ယောက်ပဲ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေအရ သူကပဲ အိမ်တော်သခင် ဖြစ်သင့်တာ။ တကယ်လို့ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် ဦးလေး (၂)နဲ့ ဦးလေး (၇)တို့က ကျွန်မရဲ့လက်ထပ်ပွဲကို ဘာလို့ဆုံးဖြတ်ပေးနိုင်မှာလဲ…"
သခင်လေးယဲ့က ယပ်တောင်ကို ဖြန့်၍ ခတ်လိုက်သည်။
"အိမ်တော်သခင်နေရာက ဒုတိယသခင်လေးထန်ကို စောင့်နေဖို့ လုံးဝမဖြစ်နိုင်ဘူး။ သူက အသက်ရှင်သေးလား မရှင်ဘူးလားဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ဘူး။ တကယ်လို့ သူက အန္တရာယ်ကင်းကင်း ပြန်ရောက်လာမယ်ဆိုရင်တောင် အသုံးမကျတဲ့ ဓားပညာပဲ ရှိနေတဲ့ အိမ်တော်သခင်တစ်ယောက်က ဘာများ အသုံးဝင်မှာလဲ…"
"ဟုတ်တယ်။ ဒုတိယသခင်လေးထန်က သခင်လေးယဲ့ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီး သူ့ကို ညှာတာပေးဖို့အတွက် ဒူးထောက်တောင်းပန်ခဲ့ရတာ။ တကယ်လို့ သူသာ အိမ်တော်သခင် ဖြစ်လာမယ်ဆိုရင် ထန်မိသားစုအတွက် အရှက်ရစရာ ဖြစ်လာလိမ့်မယ်…"
သခင်လေးလင်းနှင့် တတိယသခင်လေးဝမ်တို့ကလည်း သခင်လေးယဲ့၏ စကားကို ထောက်ခံလိုက်ကြသည်။
ရုတ်တရက်ဆိုသလို အက်ရှရှ လေသံတစ်ခုကို ကြားလိုက်ရ၏။
"သခင်လေးယဲ့ …
ဒါဆိုရင်လည်း မင်းက အသုံးမကျတဲ့ ငါ့ရဲ့ဓားပညာကို စမ်းသပ်ကြည့်လိုက်ပါဦး…"
မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်သည်။ ဓားကို ဆွဲထုတ်လိုက်သည့် အရှိန်အဝါက ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ဓားဆီမှ ထွက်ပေါ်လာသော စွမ်းအင်များက အလွန်ကြောက်စရာကောင်းပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သည့်အလား လွှမ်းမိုးနေခဲ့သည်။
ညာဘက်ခြမ်းတွင် ရှိနေသော ဝမ်ကိုက်ကလည်း ထိတ်လန့်သွားခဲ့၏။ သူက ညာလက်နှင့် ဓားလက်ကိုင်ကို သတိလက်လွတ် ကိုင်လိုက်မိလေသည်။
Translated by Hein Htet.