အခန်း (၂၀၅)
Vol. 14 Ch. 205
"ဟမ်…. "
အလွန်ရင်းနှီးပြီး ထူးဆန်းသောလေသံကို ကြားလိုက်ရသည့်အချိန်တွင် ထန်မင်ယွဲ့က အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် မုန့်ချီက အလွန်ကြောက်စရာကောင်းသော ဓားချက်ကို ခုတ်လိုက်ကြောင်း မြင်တွေ့လိုက်ရ၏။
သူ့ပုံစံက မူလတုန်းကနှင့် တစ်ထေရာတည်း ဖြစ်နေသော်လည်း စိတ်နေစိတ်ထားနှင့် ပုံစံကတော့ ပြောင်းလဲသွားပုံရသည်။ သူ့ဆီတွင် အကျင့်စာရိတ္တပျက်ပြားမှုနှင့် တဏှာရမ္မက်များကို လုံးဝမတွေ့ရတော့ပေ။ ယခု သူ့ပုံစံက အလွန်အေးစက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသလို ထင်မှတ်ရသည်။
"အစ်ကို (၂)…"
သူမက ပါးစပ်ကို လက်နှင့် အုပ်လိုက်မိပြီး ရင်ထဲတွင် လှုပ်ရှားနေခဲ့သည်။
နံပါတ် (၂) ထန်သခင်ကြီး ၊ နံပါတ် (၇) ထန်သခင်ကြီးနှင့် သခင်လေးပေါင်းများစွာကလည်း အလွန်ထိတ်လန့်အံ့ဩသွားကြ၏။ နံပါတ် (၂) သခင်လေးထန်က ယခုလို အရေးပါသော အခြေအနေတွင် ပြန်ရောက်လာလိမ့်မည်ဟု သူတို့လည်း လုံးဝမထင်ထားခဲ့ကြပေ။
နံပါတ် (၂) သခင်လေးထန်က အိမ်မှ ထွက်သွားခဲ့သည့်အချိန်တွင် အသက် (၂၀) ဝန်းကျင်သာ ရှိသေးသည်။ ထို့ကြောင့် သူ၏ပုံသဏ္ဍာန်နှင့် ခန္ဓာကိုယ်က ပြောင်းလဲမှုမရှိပေ။ သူက စိန်ခေါ်မှုပေါင်း မြောက်များစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် အတွေ့အကြုံများစွာ ရရှိခဲ့ရုံသာ ရှိသည်။ ထို့ကြောင့် သူတို့က သူ့ကို မမှတ်မိဘဲ နေကြမည်လော။
သခင်လေးလင်းနှင့် တတိယသခင်လေးဝမ်တို့ကပင် အတော်လေး ထိတ်လန့်သွားကြသည်။ မိသားစု (၄)ခုမှ ပညာရှင်များနှင့် အကြီးအကဲများ အားလုံးကလည်း မျက်မှောင်ကြုတ်လိုက်မိကြ၏။
သူတို့အားလုံးက ချက်ချင်းပင် သတိထားမိသွားကြသည်။ သူတို့က ဘေးမှနေ၍ ကြည့်နေကြသည်ကိုပင် အလွန်အစွမ်းထက်သော ပြိုင်ဘက်ကင်းစွမ်းအားများကို ခံစားမိနေကြ၏။ အလွန်ကြောက်စရာကောင်းသော သူ၏ဓားပညာစွမ်းရည်ကို ပြသနိုင်သည့်အတွက် ထိုလူငယ်က ဓားမောက်ပညာ၏ အနှစ်သာရများကို နားလည်ထားသည်ဟု ဆိုလိုနေသည်။
အကယ်၍ သူတို့သာ ဆိုလျှင်ကော ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို တားဆီးနိုင်ကြမည်လော။ ထို့ပြင် မည်သည့်အရာကို ပေးဆပ်ရမည်နည်း။
ယဲ့မိသားစုနှင့်အတူ လိုက်ပါလာသော တံခါး (၉)ပေါက်အဆင့် အကြီးအကဲများ အားလုံးက ရှေ့တက်လာပြီး အမိန့်ပေးလိုက်သည်။
“ရပ်လိုက်…”
မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက သခင်လေးယဲ့၏ ခေါင်းပေါ်တွင် ရပ်တန့်သွား၏။ ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများ ၊ လှုပ်ရှားမှုများ အားလုံးကိုလည်း လုံးဝ စုပ်ယူထားသည်။
တိယသခင်လေးယဲ့၏ မျက်လုံးထဲတွင်တော့ ထိုဓားချက်ကသာ လွှမ်းမိုးနေပြီး ကမ္ဘာကြီးတစ်ခုလုံးကို မမြင်နိုင်တော့ပေ။ ကောင်းကင်ကြီးက မီးခိုးရောင် ပြောင်းလဲနေပြီး နယ်မြေအပိုင်းအခြားများကလည်း မထင်မရှား ဖြစ်လာသည်။ ထိုဓားသွားတစ်ခုတည်းကလွဲလျှင် တခြားမည်သည့်အရာမျှ မရှိပေ။
သူကတော့ သဘာဝတရားကြီး ၊ သူ့မိသားစုနှင့် လက်အောက်ငယ်သားများ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော လူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူက ကောင်းကင်ဘုံ၏ ဒေါသကို တစ်ယောက်တည်း ရင်ဆိုင်နေရသလို ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး ရင်ထဲတွင် အကြောက်တရားများသာ တဖြည်းဖြည်းပို၍ ကြီးထွားလာနေသည်။
ထိုဓားချက်က ကောင်းကင်ဘုံမှ အပြစ်ပေးရန် စေလွှတ်လိုက်သော မိုးကြိုးသွားကဲ့သို့ ဖြစ်နေပြီး အလွန်ကြောက်စရာကောင်းသည်။ ထိုဓားချက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် တတိယသခင်လေးယဲ့က မိုးကြိုးနှင့် ရင်ဆိုင်လိုက်ရသော မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် တုန်လှုပ်နေပြီး ပြန်လည်တိုက်ခိုက်ရန် စိတ်ဆန္ဒပင် မရှိခဲ့ချေ။
တခဏအတွင်း ခန္ဓာကိုယ်တစ်ခုလုံးက ထိုင်ခုံမှ လျှောကျလာပြီး မြေပေါ်တွင် ဒူးထောက်နေခဲ့၏။ ထိုဓားဆီမှ စွမ်းအင်များကလည်း စတင်ပျောက်ကွယ်လာခဲ့သည်။ မုန့်ချီ၏ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားက သူ့ခေါင်းပေါ်တွင် ဆက်၍ တင်ထားပြီး ယဲ့မိသားစုမှ တံခါး (၉)ပေါက်အဆင့် ပညာရှင်များကတော့ ခြေတစ်လှမ်းအကွာတွင် ရပ်နေကြသည်။
မုန့်ချီက သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အက်ရှရှ လေသံနှင့် ပြောလိုက်၏။
"မင်းက အရမ်းအားနည်းလွန်းတယ်။ ငါ တော်တော်လေး စိတ်ပျက်သွားပြီ…"
သူ ပြောလိုက်ပြီးနောက် ဒူးထောက်နေသော တတိယ သခင်လေးယဲ့ကို လှည့်မကြည့်ဘဲ ကျော်သွားခဲ့သည်။ တံခါး (၆)ပေါက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း အမြဲလိုလို သောက်စား မူးယစ်နေပြီး အစစ်အမှန် တိုက်ပွဲတွင် သူ၏ စွမ်းရည်များကို ထက်မြက်အောင် အသုံးချခြင်း မရှိသော ပညာရှင်တစ်ယောက်က အလွန်အားနည်းလှသည်။ မုန့်ချီက မျက်လုံးတံခါးပွင့်နေသည့်အချိန်တွင်ပင် အနတ္တကျိန်စာဖျက်ဓားပညာကို မသုံးဘဲ သူ့လို လူနှစ်ယောက်ကို ရှင်းပစ်နိုင်သည်ဟု တွေးမိခဲ့သည်။
သူကတော့ သူ့သိုင်းကွက်အကြောင်းကို ထိုလူများ မှတ်မိမည်ကိုလည်း စိုးရိမ်နေခြင်း မရှိပေ။ သူက ခရမ်းမိုးကြိုးဓား (၇)ချက်ကို လေ့ကျင့်ရာမှ ရရှိခဲ့သော အတွေးအမြင်များကို ကောင်းကင်ဓားကျင့်စဉ်၏ အနှစ်သာရများနှင့် ပေါင်းစပ်ထားပြီး ကိုယ်ပိုင်သိုင်းကွက်အဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။
အကယ်၍ ခရမ်းမိုးကြိုးဓား (၇)ချက်ကို လေ့ကျင့်ထားသော လေဟာနယ်မိန်းမပျိုဂိုဏ်းမှ ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေလျှင်ပင် ထိုသိုင်းကွက်က သူတို့၏ သိုင်းကွက်ကို အနည်းငယ် ကိုးကားထားသည်ဟုသာ ခံစားမိကြပါလိမ့်မည်။ သို့သော် ပို၍အစွမ်းထက်သော အနှစ်သာရများ ၊ ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေသည်။
အနတ္တကျိန်စာဖျက် ဓားပညာ၏ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်များကိုလည်း မုန့်ချီက သူ၏ ဓားတာအိုအနှစ်သာရများအတိုင်း အသီးသီး ပြောင်းလဲထားခဲ့သေးသည်။ ကောင်းကင်ဓားကျင့်စဉ်ကို အခြေခံထားသော်လည်း စုန့်ချွယ်၏ အနှစ်သာရများနှင့် လုံးဝမတူညီတော့ပေ။ ယခုတိုက်ခိုက်လိုက်သည်မှာ မုန့်ချီ၏ ကိုယ်ပိုင် ကောင်းကင်ဓားသိုင်းကွက်ဖြစ်သည်။
"မင်းက အရမ်းအားနည်းလွန်းတယ်။ ငါ တော်တော်လေးစိတ်ပျက်သွားပြီ… "
မုန့်ချီ၏ အက်ရှရှလေသံက တတိယသခင်လေးယဲ့၏ နားထဲသို့ ပျံ့နှံ့လာခဲ့သည်။ သူ့မျက်နှာက နီရဲနေပြီး အတော်လေးကို မသက်မသာ ခံစားနေရ၏။
တတိယသခင်လေးယဲ့က မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ခြေထောက်များက အားနည်းနေသေးသည်။ ထိုလှုပ်ရှားမှုက သူ့ရင်ထဲတွင် အကြောက်တရားမျိုးစေ့တစ်ခု စိုက်ပေးနိုင်ပုံရ၏။
ထိုနေရာကို ရောက်လာသော တံခါး (၉)ပေါက်အဆင့် ပညာရှင်များက အေးအေးဆေးဆေး လျှောက်သွားသော မုန့်ချီကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြသည်။ ထို့နောက် တတိယသခင်လေးယဲ့ကို ထိုင်ခုံတွင်ပြန်ထိုင်ရန် ကူညီပေးလိုက်၏။
သခင်လေးလင်းနှင့် တတိယသခင်လေးဝမ်တို့ကလည်း အံ့ဩမှင်တက်နေမိကြသည်။ သူတို့ထက်ပို၍ အစွမ်းထက်ပြီး ပို၍ကြောက်စရာကောင်းသော သခင်လေးယဲ့က သိုင်းကွက်တစ်ကွက်အတွင်း မြေပေါ်၌ ဒူးထောက်နေရလိမ့်မည်ဟု သူတို့လည်း မယုံကြည်နိုင်ခဲ့ကြပေ။
နံပါတ် (၇) ထန်သခင်ကြီး ၊ ဝမ်သခင်ကြီးနှင့် တခြားလူများကတော့ ပို၍ပင် ထိတ်လန့်အံ့ဩနေကြ၏။ မည်သည့်အချိန်တွင် နံပါတ် (၂) သခင်လေးထန်၏ ဓားပညာက ထိုမျှ အစွမ်းထက်ပြီး ကြောက်စရာ ကောင်းလာရသနည်း။
"ထန်ကျင်း … မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ…"
ယဲ့မိသားစု သခင်ကြီး ယဲ့ဝမ်တျန်းက အေးစက်စွာ ပြောလိုက်သည်။
မုန့်ချီက သူ့ကို ကြည့်ပြီး အေးစက်စွာ ပြန်ဖြေလိုက်၏။
"ကျုပ်ကို အသုံးမကျဘူးလို့ ပြောတဲ့ သခင်လေးယဲ့ကို ပြသလိုက်ရုံပါပဲ…."
သူက လှေပေါ်တွင် ဒုတိယသခင်လေးထန်၏ အသံကို ကြားခဲ့ဖူးသည့်အတွက် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို သုံးပြီး သူ၏ လည်ချောင်းကြွက်သားများနှင့် အသံအိုးများကို ထိန်းချုပ်လိုက်သည့်အခါ သူ့အသံက အတော်လေးကို တူညီနေသည်။ ထို့ပြင် သူက လည်ချောင်းကွဲသည့် ဒဏ်ရာရထားသည့်အတွက် အသံက အက်ရှရှဖြစ်နေသလို ထင်မှတ်ရ၏။ ထို့ကြောင့် မည်သူကမျှ သူ့ကို သတိထားမိရန် မဖြစ်နိုင်ချေ။
ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ သခင်လေးယဲ့ရဲ့ကျေးဇူးနဲ့ ကျုပ်က ဒီနေရာကနေ ထွက်သွားဖို့ နားလည်သွားတယ်။ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပြီးတဲ့ နောက်မှာ ကျုပ်က ဓားမောက်သိုင်းပညာကို ကျွမ်းကျင်လာခဲ့တယ်…အဟွတ်… အဟွတ်… အဟွတ် ။ ဒါကြောင့် ကျုပ်က သူ့ရဲ့ကျေးဇူးတရားကို တုန့်ပြန်တဲ့ အနေနဲ့ ကျုပ်ရဲ့အစွမ်းကို ပြသလိုက်တာပါ…"
မုန့်ချီက စကားပြောနေရင်း တမင်တကာ ချောင်းဆိုးလိုက်ခြင်းဖြစ်သည်။ သူ့လည်ချောင်းက ပြည့်ပြည့်ဝဝ ပြန်မကောင်းသေးကြောင်း ပြသလိုခြင်းလည်းဖြစ်၏။ သူက စကားများများ မပြောခြင်းက အသေးစိတ်မေးမြန်းခြင်းကို ရှောင်တိမ်းလိုခြင်းဖြစ်သည်။
ထို့နောက် သူက ထန်မင်ယွဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။ သူက အသံတိုးတိုးနှင့် မေးလိုက်၏။
"ညီမလေး (၉)… ညီမလေး (၉)က ထိခိုက်သွားရပြီ…"
သူက ဟွမ်ဟွာဓားဂိုဏ်း စုဆောင်းထားခဲ့သော အချက်အလက်များ အားလုံးကို သေချာဖတ်ရှုခဲ့သည်။ သူက အသေးစိက် သေချာမသိခဲ့သော်လည်း အခြေခံအခေါ်အဝေါ်များနှင့် အရေးပါသော အဖြစ်အပျက်များကိုတော့ သေချာမှတ်သားခဲ့၏။
ထန်မင်ယွဲ့က သူမ၏ အစ်ကို (၂)ကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီး သူမ၏ မျက်လုံးထဲမှနေ၍ မျက်ရည်များ စီးကျလာခဲ့၏။ သူမက အလွန်ဝမ်းသာသွားသော်လည်း အိုးတိုးအမ်းတမ်း အမူအရာနှင့်ပြောလိုက်သည်။
"အစ်ကို (၂)…
အစ်ကို ပြန်လာတဲ့အတွက် ညီမလေးက တော်တော်လေး ဝမ်းသာနေပြီ။ အစ်ကိုက ညီမလေးအတွက်ကို ဘာမှမစိုးရိမ်ပါနဲ့။ အစ်ကို့ရဲ့အသံက ဘာဖြစ်နေတာလဲ…"
"အစ်ကိုက ရက်စက်ခြင်းကျောင်းဆောင်ရဲ့ လုပ်ကြံသူတစ်ယောက် တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ညီလေးဝမ်ကတောင် ဒီကိစ္စမှာ ဓားစာခံအဖြစ် ပါသွားခဲ့ရတယ်…"
မုန့်ချီက ထိုကိစ္စနှင့်ပတ်သက်ပြီး ဝမ်သခင်ကြီးကို ရှင်းပြလိုက်သည်။
"ရက်စက်ခြင်းကျောင်းဆောင်… ဟုတ်လား…"
ဝမ်မိသားစု အကြီးအကဲများက ပြန်မေးလိုက်ကြသည်။ နံပါတ် (၂) ထန်သခင်ကြီး ၊ ဝမ်ကိုက်နှင့် တခြားလူများ အားလုံးကလည်း အလွန်အံ့ဩသွားကြသည်။
မုန့်ချီက ထန်မင်ယွဲ့ကို စိတ်အေးအေးထားရန် အချက်ပြလိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ သူက ထပ်ပြောလိုက်သည်။
"တကယ်လို့ ရက်စက်ခြင်းကျောင်းဆောင်က ရွှေအဆင့် လူသတ်သမားသာ မဟုတ်ရင် ကျုပ်က ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာမျိုးကို ဘယ်လိုလုပ်ရမှာလဲ။ ဒါကြောင့် ကျုပ်လည်း ထွက်ပြေးပြီး ကုသခဲ့ရတာ…"
ယခု သူသုံးလိုက်သော သိုင်းကွက်အရ သူကသာ လုပ်ကြံသူ၏ အစွမ်းကို သေချာပြောမပြလျှင် ထိုလူများက သူ၏ အခြေအနေကို မေးခွန်းထုတ်ကြပါလိမ့်မည်။
ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူများကို အဓိကမွေးထုတ်သော မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဝေ့ကျင်းအဆင့် ပညာရှင်များကလွဲလျှင် လုပ်ကြံသူများကို အနီရောင် ၊ လိမ္မော်ရောင် ၊ အဝါရောင် ၊ အစိမ်းရောင် ၊ အပြာရောင်နှင့် ခရမ်းရောင်ဟူ၍ အရောင်ဖြင့် ခွဲခြားသတ်မှတ်ကြသည်။
အစွမ်းထက်ဆုံး ခရမ်းရောင်အဆင့် လုပ်ကြံသူကတော့ မြေပြင်မှတ်တမ်းတွင် အဆင့်(၁၉) ရှိနေသော ပညာရှင်ကိုပင် သတ်ပစ်နိုင်သည်။ ထိုလုပ်ကြံသူက လက်ရှိ ရက်စက်ခြင်းကျောင်းဆောင် သခင်၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေပြီး ယပ်တောင် (၆)လက်ကျောင်း ထုတ်ပြန်ထားသော မြေပြင်မှတ်တမ်းတွင် အဆင့် (၁၅)ဟု သတ်မှတ်နိုင်သည်။
ဉာဏ်အလင်းပွင့်မှုအဆင့်တွင်တော့ ရက်စက်ခြင်းကျောင်းဆောင်က ရွှေ ၊ ငွေ ၊ ကြေးနီနှင့် သတ္တုဟူ၍ ခွဲခြားထားသည်။ အစွမ်းအထက်ဆုံးက ရွှေအဆင့် လုပ်ကြံသူများ ဖြစ်ကြသည်။ သို့သော် လုပ်ကြံသူများ၏ အဆင့်အတန်းကို လျှို့ဝှက်ထားပြီး လုပ်ကြံမှုမျိုးစုံကို လူတစ်ယောက်တည်းက ကျူးလွန်ခြင်းဟုတ်မဟုတ် မသေချာသည့်အတွက် မည်သူကမျှ လူငယ်မှတ်တမ်းတွင် စာရင်းမဝင်ခဲ့ချေ။
အကယ်၍ အဆင့်မဝင်သည့်အတွက် တစ်စုံတစ်ယောက်ကသာ သူတို့ကို လျှော့တွက်လိုက်မည်ဆိုလျှင် အသက်ကို ပေးဆပ်ရပါလိမ့်မည်။
"အဲဒါက ရွှေအဆင့် လုပ်ကြံသူ ဖြစ်နေတာပဲ… "
ဝမ်ကိုက်က တီးတိုးရေရွတ်လိုက်မိသည်။
မုန့်ချီက လူတိုင်းကို လှည့်ကြည့်ပြီး နံပါတ် (၂)ထန်သခင်ကြီးနှင့် နံပါတ် (၇) ထန်သခင်ကြီးတို့ကို စိုက်ကြည့်နေလိုက်၏။ ထို့နောက် သတိပြန်ဝင်လာသော တတိယသခင်လေးယဲ့တို့ကို ကြည့်ပြီး မုန်းတီးစွာ ပြောလိုက်၏။
"ဦးလေး (၂) ၊ ဦးလေး (၇)နဲ့ တတိယသခင်လေးယဲ့…
ဘာလို့များ အဘိုး နေမကောင်းလို့ အိမ်ပြန်လာတဲ့ အချိန်ကျမှ ကျွန်တော့်ကို ရက်စက်ခြင်းကျောင်းဆောင်က ရွှေအဆင့် လုပ်ကြံသူက လိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ ပြီးတော့ ဒီကိစ္စကြောင့် ညီလေးဝမ်ကတောင် ဓားစာခံ ဖြစ်သွားခဲ့ရတယ်.. "
သူကတော့ စကားဝိုင်း၏ ခေါင်းစဉ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နေခဲ့သည်။ သူက မရင်းနှီးသော လူများကိုပင် ထိုစကားဝိုင်းထဲသို့ ဆွဲခေါ်လာခြင်းဖြစ်၏။ ထန်မိသားစုနှင့် ဝမ်မိသားစုထဲတွင်တော့ အနည်းငယ် ဆူညံသွားခဲ့သည်။ ထိုအရာက အလွန်ဉာဏ်ကောင်းသော နံပါတ် (၂) ထန်သခင်ကြီး ၊ နံပါတ် (၇) ထန်သခင်ကြီးနှင့် တတိယသခင်လေးယဲ့တို့၏ အကြံအစည်ပေလော။ သို့မဟုတ် သူတို့ (၃)ယောက်က ပူးပေါင်းပြီး စေလွှတ်လိုခြင်းပေလော။
"မင်းက အပြင်ဘက်မှာ ဘယ်လို ပြဿနာရှာခဲ့သလဲဆိုတာ ဘယ်သူက သိမှာလဲ…"
တတိယသခင်လေးယဲ့က အံကြိတ်ပြီး ပြောလိုက်သည်။
ဝမ်မိသားစုသခင်ကြီးနှင့် တခြားလူများ၏ မျက်လုံးများကတော့ ဝင်းလက်တောက်ပနေခဲ့သည်။ သူတို့ကတော့ တတိယသခင်လေးယဲ့၏ စကားကို တုန့်ပြန်ခဲ့ခြင်း မရှိပေ။
အချိန်ကိုက် လုပ်ကြံသတ်ဖြတ်ခံရမှုက အလွန်အမင်းကို တိုက်ဆိုင်လွန်းနေသည်။ အိမ်တော်သခင်ကြီးထန် နာမကျန်း ဖြစ်နေသည့်အတွက် သူ့အိမ်သို့ ပြန်လာသည့် အချိန်တွင် ဖြစ်ခဲ့ခြင်းလည်းဖြစ်၏။
“ဒီလောက်တောင် တိုက်ဆိုင်နေတာလား…”
မုန့်ချီ၏ စကားလုံးက တည့်တည့်သာ ရောက်လာခဲ့သည်။
သူက မျက်နှာပျက်ပျက်နှင့် ထပ်ပြောလိုက်၏။
"တကယ်လို့ ကျုပ်ကသာ နောက်ကွယ်မှာရှိတဲ့ လူကို ရှာတွေ့မယ်ဆိုရင် သေချာပေါက် သတ်ပစ်မယ်…"
သူက ကြည့်နေသူများကို စကားပြောခွင့်မပေးဘဲ ဝမ်ကိုက်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"သခင်လေးဝမ်…
စည်းမျဉ်းစည်းကမ်းတွေအရ အကြီးဆုံးသား ရှိနေမယ်ဆိုရင် အိမ်တော်သခင် နေရာကို ဘယ်လိုများ ကိုင်တွယ်မှာလဲ…"
သူ့အသံက ကျယ်လောင်မှု မရှိသော်လည်း မိုးခြိမ်းသံပမာ ဖြစ်နေသည်။ ထို့ကြောင့် နံပါတ် (၂) ထန်သခင်ကြီး ၊ နံပါတ် (၇) ထန်သခင်ကြီး၊ ယဲ့မိသားစု သခင်ကြီးနှင့် တတိယသခင်လေးယဲ့တို့၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ထန်မင်ယွဲ့ကို အကူအညီတောင်းသလို လှည့်ကြည့်လိုက်ကြသည်။
မုန့်ချီက ဝမ်ကိုက်၏ တုန့်ပြန်မှုကို စောင့်ကြည့်နေခဲ့၏။ ကျိုးနိုင်ငံ ဝမ်မိသားစုက အဆင့်မြင့် ဝိညာဉ်ကြောင့် နာမည်ကျော်ကြားသည်။ ထိုအရာက သူတို့ကဲ့သို့သော အတွေးအခေါ်ဂိုဏ်းတစ်ခု၏ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး သူတို့မိသားစု၏ အုတ်မြစ်လည်းဖြစ်သည်။
သူတို့က တရားမျှတပြီး မှန်ကန်၍ ရိုးသားမှုကို အလေးထားဆုံးဖြစ်သည်။ ရိုးသားမှုအရ ပြောရမည်ဆိုလျှင် အကြီးဆုံးသား၏ အမွေဆက်ခံမှုက အဓိကဖြစ်သည်။ ထိုအရာက တည်ငြိမ်သော အထက်တန်းလွှာမိသားစုတစ်ခု၏ အခြေခံစည်းမျဉ်းလည်းဖြစ်သည်။
အကယ်၍ ဝမ်ကိုက်ကသာ တစ်ယောက်ယောက်ကို နေရာရရန် ကူညီပေးချင်နေသည်ဆိုလျှင် သူ၏အဆင့်မြင့်ဝိညာဉ်ကို ဖျက်ဆီးသလို ဖြစ်သွားပါလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တွင် အားနည်းချက်တစ်ခု ရှိလာပါလိမ့်မည်။
ပထမတွင်တော့ အကယ်၍ သူကသာ မိုးကြိုးအမှတ်အသား သို့မဟုတ် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ကို မသုံးဘဲ တခြားနည်းလမ်းများကို သုံးမည်ဆိုလျှင် ဝမ်ကိုက်ကို အနိုင်ရရန် အခွင့်အရေးမြင့်မားမည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုတော့ သူအနိုင်ရမည်ဟု မသေချာတော့ပေ။
မည်သို့ဖြစ်စေကာမူ လူငယ်မှတ်တမ်းတွင် ရှိနေသူများက ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားများ ရှိနိုင်သည်။ အနည်းဆုံးတော့ သူတို့ဆီတွင် ဝေ့ကျင်းအဆင့် သိုင်းကွက် တတ်မြောက်ထားနိုင်၏။ ထို့ကြောင့် သူတို့ကို လျှော့တွက်၍ မရနိုင်ပေ။
ထို့ပြင် ဝမ်ကိုက်ဆီတွင် ကျိုးနိုင်ငံ ဝမ်မိသားစုမှ ဉာဏ်အလင်းပွင့်မှုအဆင့် ထိပ်တန်းသိုင်းပညာမျိုးစုံ ရှိနေသည်။ အကယ်၍ သူသာ သူ၏ ဂုဏ်သိက္ခာကို ဆန့်ကျင်လိုက်မည်ဆိုလျှင် သူ၏အဆင့်မြင့်ဝိညာဉ်က ပျက်စီးသွားနိုင်ပြီး သူ၏ စိတ်ဝိညာဉ်တွင် ဟာကွက်တစ်ခု ကျန်နေနိုင်သည်။ ထိုသို့ဆိုလျှင် မုန့်ချီက မကောင်းဆိုးဝါးစမ်းသပ်ရေးဓားနှင့်သူ၏ဓားပညာကို သုံးပြီး တိုက်ခိုက်၍ ရနိုင်သည်။
မုန့်ချီနှင့် ဝမ်ကိုက်တို့၏အဆင့်တွင် စိတ်ဝိညာဉ် ဟာကွက်ကလည်း ထူးထူးခြားခြားကို အရေးပါသည်။ ထိုအရာက အနာဂတ် ပြောင်းလဲမှုများနှင့် သက်ဆိုင်နေပြီး လက်ရှိသိုင်းပညာ တိုးတက်မှုအပေါ်ကိုလည်း သက်ရောက်နိုင်သည်။
မကောင်းဆိုးဝါးတောင်တန်းတွင် ရှိခဲ့သော မြင်းဓားပြခေါင်းဆောင်ကလည်း ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို တတ်မြောက်ထားခဲ့သည်။ သို့သော် သူလည်း အသတ်ခံခဲ့ရ၏။ ထို့ကြောင့် ဒုတိယ သခင်လေးထန်အဖြစ် ဟန်ဆောင်လိုက်သည်မှာ အန္တရာယ်များသော်လည်း မုန့်ချီက လုပ်ဆောင်ခဲ့သေးသည်။
နံပါတ် (၂) ထန်သခင်ကြီးနှင့် လူတိုင်းက ဝမ်ကိုက်ကို ကြည့်နေကြ၏။ အကယ်၍ သူကသာ အကြီးဆုံးသား၏ အမွေဆက်ခံခွင့်ကိုသာ သဘောတူလိုက်မည်ဆိုလျှင် ထန်ကျင်းက ကျိုးနိုင်ငံ ဝမ်မိသားစု လက်ခံသော အိမ်တော်သခင်တစ်ယောက် ဖြစ်လာနိုင်သည်။
ဝမ်ကိုက်က ဓားလက်ကိုင်ပေါ်တွင် လက်တင်ထား၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက ဒီနေရာမှာ ဧည့်သည်တစ်ယောက်ပဲ။ ဧည့်သည်ဆိုတာက အိမ်ရှင်ရဲ့ စည်းမျဉ်းကို လိုက်နာရမယ်။ ပြီးတော့ တကယ်လို့ မင်းက တရားဝင် အကြီးဆုံး သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်တောင် အိမ်တော်သခင်နေရာရဖို့အတွက် ပင်မစည်းကမ်း (၇)ချက်ရှိနေသေးတယ်… "
ပင်မ စည်းကမ်း (၇)ချက်က မိသားစုကို သစ္စာမဖောက်ခြင်း ၊ မျက်နှာမလိုက်ခြင်း စသည့်အရာများ ဖြစ်ကြသည်။
သူက မုန့်ချီကို မေးခွန်းထုတ်ရန် အခွင့်အရေးမပေးဘဲ အပြုံးနှင့်ဆက်ပြောလိုက်သည်။
"ညီလေးထန်…
မင်းက ဘာလို့ အရေပြားမျက်နှာဖုံးတစ်ခုကို ဝတ်ထားရတာလဲ…"
သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် လူအုပ်ကြီးက အံ့ဩသွားကြသည်။ သူတို့အားလုံးက မုန့်ချီ၏ မျက်နှာကို စိုက်ကြည့်နေကြ၏။ ထန်ကျင်းက အပြင်လူတစ်ယောက်ဖြစ်ပြီး သူတို့ကို လာ၍ နှောင့်ယှက်သည်ဟုလည်း တွေးနေကြသည်။
ထန်မင်ယွဲ့က အံကြိတ်ထားခဲ့ပြီး ကြောက်လန့်နေသည့်အမူအရာနှင့် မုန့်ချီကို စိုက်ကြည့်လိုက်၏။ နံပါတ် (၂) ထန်သခင်ကြီး ၊ နံပါတ် (၇)ထန်သခင်ကြီးနှင့် တခြားလူများကလည်း အလွန်ထိတ်လန့်နေရာမှ ဝမ်းသာသွားကြသည်။
မုန့်ချီက နားအနားသို့ လက်လှမ်းပြီး ညင်သာစွာ ဆွဲခွာလိုက်ရာ သူ၏ အစစ်အမှန် မျက်နှာပေါ်လာခဲ့သည်။
"အစ်… အစ်ကို (၂)… "
ထန်မင်ယွဲ့က အလွန်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့၏။
သူ၏ မျက်နှာပေါ်တွင် အလွန်ကြောက်စရာကောင်းသော ဓားဒဏ်ရာများ ပြည့်နှက်နေသည်။ သို့သော် ထိုဒဏ်ရာများ၏ အောက်တွင် ရှိနေသည်မှာ သူမ အစ်ကို(၂)၏ မျက်နှာအစစ် ဖြစ်သည်။
"မင်း… မင်း… "
နံပါတ် (၂) ထန်သခင်ကြီးနှင့် တခြားလူများ၏ မျက်နှာအမူအရာကလည်း ပျက်သွားကြ၏။ သူတို့က မည်သည့်အရာများ ဖြစ်နေကြောင်း နားမလည်နိုင် ဖြစ်နေကြသည်။
မုန့်ချီက ထိုအခြေအနေတွင် မျက်နှာဖုံးကို သေချာပြန်၍ အုပ်လိုက်သည်။
"ငါက အပြင်ဘက်မှာ လှည့်ပတ်သွားလာနေရင်း အန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ရတယ်။ အဖမ်းခံခဲ့ရပြီး ရန်သူတွေ နှိပ်စက်တာကို ခံခဲ့ရတဲ့အတွက် ငါ့ပုံစံက ဒီလိုမျိုးဖြစ်နေတာ။ ဒါကြောင့် တခြားသူတွေ ကြောက်မသွားရအောင် ဒီမျက်နှာဖုံးကို ငါ့အတွက် ဖန်တီးခိုင်းခဲ့တာ…"
သူ၏အမာရွတ်များ ၊ မျက်နှာပုံသဏ္ဍာန်များက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ဖန်တီးထားခြင်း ဖြစ်သည်။ ကြည့်လိုက်ရုံနှင့် ထိုအရာက အစစ်အမှန် ဟုတ်မဟုတ် ပြောပြရန် ခက်ခဲသည်။ မည်သို့ဖြစ်စေကာမူ ဒုတိယသခင်လေးထန်က အိမ်မှ ထွက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ့ပုံစံက မည်သူဖြစ်နေကြောင်း မည်သူကမှ အတိအကျ မမှတ်မိနိုင်တော့ပေ။
သူက ဝမ်ကိုက်ကို ယခုလို ထုတ်ဖော်ခိုင်းခဲ့သည်မှာ သူ၏ အစစ်အမှန် ရုပ်ရည်ကို ပြသရန် အခွင့်အရေးတစ်ခု ဖန်တီးလိုက်ခြင်းလည်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ အဆင့်အတန်းကို ပို၍ ယုံကြည်သွားနိုင်ပြီး မျက်နှာဖုံးအောက်တွင် ရှိနေသော မျက်နှာက လှည့်စားထားခြင်း မဟုတ်ဘဲ အစစ်အမှန်ဟု လူတိုင်းက တွေးမိကြပါလိမ့်မည်။
အကယ်၍ သူကသာ ကြွက်သားများကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ မျက်နှာဖုံးနှစ်ထပ် စွပ်ထားမည်ဆိုလျှင် ထိုအထူက သူတို့ကို သံသယဝင်စေပါလိမ့်မည်။ ထို့ကြောင့် မျက်နှာပြောင်းလဲနိုင်သည့်သူများကသာ ထိုအရာမျိုး လုပ်ဆောင်နိုင်ကြသည်။
"အစ်ကို (၂)… "
ထန်မင်ယွဲ့က ဝမ်းနည်းစွာ ငိုနေခဲ့သည်။
ဝမ်ကိုက်က တီးတိုးရေရွတ်လိုက်၏။
"ဒီလောက် အခက်အခဲတွေ အများကြီး ဖြတ်ကျော်ခဲ့ရပြီး ဘဝအတွေ့အကြုံတွေ ရခဲ့တဲ့အတွက် ညီလေးထန်ရဲ့ဓားပညာက တော်တော်လေး ထူးခြားနေတာပဲ…"
သူက ထိုစကားများကို ပြောလိုက်သည့်အခါ နံပါတ် (၂) ထန်သခင်ကြီးနှင့် နံပါတ်(၇)ထန်သခင်ကြီးတို့က အတော်လေး မျက်နှာပျက်နေကြသည်။ မုန့်ချီ၏ အဆင့်အတန်းကို မည်သူကမျှ မေးခွန်းမထုတ်ရဲကြပေ။ သူတို့က တစ်စုံတစ်ခုကို စဉ်းစားနေကြပုံပေါ်သည်။
ဝမ်ကိုက်က ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"အပြင်မှာ တိုက်ခိုက်ခံရပေမဲ့ ညီလေးထန် ပြန်ရောက်လာပြီဆိုတော့ မင်းတို့မှာ ပြောစရာစကားတွေ အများကြီးရှိဦးမှာပဲ။ ငါက မင်းတို့ကို မနှောင့်ယှက်တော့ဘူး။ တစ်နေ့နေ့တော့ ပြန်တွေ့ကြတာပေါ့…. "
သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အိမ်တော်သခင်နေရာနှင့် ပတ်သက်၍ စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ မည်သို့ဖြစ်စေကာမူ အိမ်တော်သခင်ကြီးထန်က အသက်ရှင်နေသေး၏။ သူက သတိလစ်နေခြင်းသာဖြစ်သည်။
ဝမ်ကိုက် ၊ တတိယသခင်လေးယဲ့နှင့် တခြားသူများ ထွက်သွားပြီးနောက် နံပါတ် (၂) ထန်သခင်ကြီးနှင့် နံပါတ် (၇) ထန်သခင်ကြီးတို့က တိတ်တဆိတ် ထိုင်နေကြသည်။
ထိုအခြေအနေကို မြင်သည့်အခါ မုန့်ချီက တစ်စုံတစ်ခုပြောရန် လိုအပ်သည်ဟု ခံစားမိခဲ့၏။ အကယ်၍ သူသာ နံပါတ် (၂) ထန်သခင်ကြီး သို့မဟုတ် နံပါတ် (၇) ထန်သခင်ကြီးဖြစ်နေလျှင် ထိုအဆင့်ထိ ခက်ခက်ခဲခဲကြိုးစားလာပြီးနောက် သေချာပေါက် ပြဿနာ ရှာမည်ဖြစ်သည်။
သူက အစစ်အမှန် ဒုတိယထန်သခင်လေး မဟုတ်ဘဲ အတုဖြစ်ကြောင်း အတင်းအကြပ် ဆင်ခြေမျိုးစုံ ပေးကြမည်ဖြစ်သည်။
“ပုံစံတူနေလို့လား…။ မျက်နှာပုံစံတူအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ။ ဒီကမ္ဘာကြီးထဲမှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည်တွေလည်း မခက်ဘူးလေ။ ဒါမှမဟုတ် မွေးရာပါ အမှတ်အသားတွေ အမူအကျင့်တွေလား…။ အဲဒါတွေကလည်း အစစ်အမှန် ဒုတိယသခင်လေးထန်ကို ဖမ်းဆီးလိုက်ရင် သေချာပေါက် ကူးယူလို့ ရနိုင်တယ်..”
သူက မေးခွန်းပေါင်းများစွာ အတွက် အဖြေကို ပြင်ဆင်ထားခဲ့၏။ သူက ထိုကဲ့သို့ အခွင့်အရေးများကို ရရန် ကြိုစားမည်ဖြစ်သည်။
မည်သို့ဖြစ်စေကာမူ သူတို့ကတော့ သူ့ကို ယုံကြည်ကြမည့်အစား သေလမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ သူတို့က သူ၏တရားဝင်သွေးကို ခွဲခြားပြီးသွားသည့် အချိန်တွင် မိသားစု၏ အတွင်းနှင့်အပြင် ပူးပေါင်းပြီး အစစ်အမှန် ဒုတိယသခင်လေးထန်က သေဆုံးသွားပြီဖြစ်ကြောင်း သက်သေပြနိုင်သည်။
မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။
"ဦးလေး (၂) …
ကျွန်တော် ပြန်ရောက်လာပြီဆိုမှတော့ ပင်မမျိုးဆက်ရဲ့ အခွင့်အာဏာတွေကို ကျေးဇူးပြုပြီး ပြန်ပေးပါ။ စကားမစပ် အဘိုးရှုက ဘယ်မှာလဲ…"
သူ့ကို တိုက်ခိုက်ခဲ့သည့်အချိန်တွင် ထန်ရှုနှင့် တံခါး (၉)ပေါက်အဆင့် ပညာရှင် (၄)ယောက် ပါဝင်ကြောင်း သူသိနေသည်။ သူတို့က ဟွမ်ဟွာဓားဂိုဏ်း ၊ ယပ်တောင် (၆)လက်ကျောင်းနှင့် သူ၏ရန်မှ ကာကွယ်ရန်အတွက် ပုန်းနေကြမည်မှာ သေချာသည်။
Translated by Hein Htet.