← Chapters

အခန်း (၂၀၆)

Vol. 14 Ch. 206

အခန်း (၂၀၆)

Vol. 14 Ch. 206

နံပါတ် (၇) ထန်သခင်ကြီးက သူ၏ ခေါက်ယပ်တောင်ကို ဖြန့်လိုက်သည်။ သူက မုန့်ချီကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဒီမှာကောင်စုတ်လေး …

မိသားစုထဲမှာ အိမ်တော်သခင်ဆိုတဲ့အရာက အရမ်းအရေးကြီးတယ် ..။ ငါတို့က မင်းရဲ့သွေးကို စစ်ဆေးဖို့အတွက် ယပ်တောင် ‌(၆) လက်ကျောင်းကို အကူအညီတောင်းပြီး အဲဒီစစ်ဆေးမှုကို ကြည့်ဖို့အတွက် တခြားအထက်တန်းလွှာ မိသားစုတွေကိုလည်း ဖိတ်ခေါ်ရဦးမယ် ..။ အဲဒါမှ မင်းရဲ့အဆင့်အတန်းကို ပြသနိုင်လိမ့်မယ်။ ငါတို့ မိသားစုရဲ့ အခွင့်အာဏာက အပြင်လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမှာမျိုး ငါတို့က လက်မခံနိုင်ဘူး..။ ငါတို့က မင်းကို သံသယဝင်တာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဒါက မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ခုပဲ"

ယပ်တောင်(၆)လက်ကျောင်းက နန်းတွင်းအာဏာကို ကိုယ်စားပြုနေသည့်အတွက် မျိုးရိုးများကို စစ်ဆေးရာတွင် သူတို့၏ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။ ထို့ကြောင့် ဖြစ်စဉ်ကို စောင့်ကြည့်ရန် ကြားနေအထက်တန်းလွှာ မိသားစု (၃)ခု လိုအပ်သည်။ မဟုတ်လျှင် မျက်နှာပြောင်းလဲရာတွင် ကျွမ်းကျင်သော ပညာရှင်များက မိသားစုတစ်ခု၏ တရားဝင်သားတစ်ယောက်အဖြစ် ဟန်ဆောင်၍ ရနိုင်၏။

သွေးကို စစ်ဆေးခြင်းက သေချာပေါက် လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့က ဟွမ်စီရင်စုတွင် ရှိနေသော ယပ်တောင် (၆)လက် ကျောင်းဆီမှ ပစ္စည်းများနှင့် နည်းလမ်းများကို အသုံးပြုခွင့်တောင်းခံရသည်။ သူတို့က ထိုအရာကို မလုပ်ဆောင်နိုင်ခင် အနည်းဆုံး (၂) ရက်ခန့် စောင့်ရဦးမည်ဖြစ်၏။ ထိုအရာက တရားဝင် အချိန်ဆွဲသောနည်းလမ်းတစ်ခုလည်းဖြစ်သည်။

သွေးကို စစ်ဆေးခြင်းက မဖြစ်မနေ လုပ်ဆောင်ရသည့်အရာတစ်ခု မဟုတ်ချေ။ သူတို့၏ဆွေမျိုးများ ၊ သားသမီးများအပေါ် သံသယဝင်နေသော သားသမီးများကသာ ထိုအရာကို စစ်ဆေးတတ်ကြသည်။

ထို့ကြောင့်လည်း နံပါတ် (၂) ထန်သခင်ကြီးနှင့် နံပါတ်(၇) ထန်သခင်ကြီးတို့က ထိုကိစ္စကို အလွန်အမင်း ပြဿနာ မရှာခဲ့ခြင်းဖြစ်သည်။ သူတို့ဆီတွင် နောက်ဆုံးသော မျှော်လင့်ချက် ရှိနေသေး၏။

အကယ်၍ မုန့်ချီကသာ အတုဖြစ်ကြောင်း သက်သေပြနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သူက အစစ်ဖြစ်ကြောင်း သက်သေပြနိုင်မည် ဆိုလျှင်တော့ ကိစ္စများစွာကို လုပ်ဆောင်ရန်အတွက် (၂)ရက်ဟူသောအချိန်က သူတို့အတွက် လုံလောက်သည်ထက် ပိုနေသည်။

မုန့်ချီက ထိုအရာကို သေချာ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်၏။

"ပြဿနာမရှိပါဘူး...။ ကျွန်တော်က အလျင်မလိုသေးဘူး..။ ကျွန်တော်လည်း (၂)ရက် (၃)ရက်လောက်တော့ စောင့်နိုင်ပါတယ် ...."

(၂)ရက် (၃)ရက် စောင့်ရမည်မှာ သူ့အလုပ် မဟုတ်ချေ။

အလွန်တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေသော သူ၏အမူအရာကို မြင်သည့်အခါ နံပါတ်(၂) ထန်သခင်ကြီးနှင့် နံပါတ်(၇)ထန်သခင်ကြီးတို့၏ မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးသွားကြသည်။သို့သော် သူတို့က လျင်မြန်စွာ သတိပြန်ဝင်လာကြပြီး ခေါင်းညိတ်ပြလိုက်၏။

ထန်မင်ယွဲ့က ဝင်ပြောလိုက်သည်။

" ဦးလေးတို့က အစ်ကို (၂)ကို အတုလို့ထင်တယ်ဆိုရင် ဦးလေးတို့ကလည်း အတုလို့ ကျွန်မက ထင်နိုင်တာပဲ ....။ ဦးလေးတို့ကရော အိမ်ထဲမှာ ရှိနေတာနဲ့ပဲ အယောင်ဆောင်ထားတာ မဖြစ်နိုင်တော့ဘူးလား .."

နံပါတ်(၂) ထန်သခင်ကြီးနှင့် နံပါတ်(၇) ထန်သခင်ကြီးတို့ကတော့ သူမ၏ စကားကို မကြားချင်ယောင်ဆောင်နေကြသည်။ သူတို့၏အမူအရာက တည်ငြိမ်နေကြ၏။

မုန့်ချီ၏ အမူအရာက ဆက်၍ အေးစက်နေပြီး အက်ရှရှလေသံနှင့် ပြောလိုက်သည်။

"အဘိုးရှုက ဘာလုပ်နေလဲ ..."

နံပါတ်(၂) ထန်သခင်ကြီးက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

"ဦးလေးရှုက လောင်ဝူရဲ့ အမိန့်ပေးမှုကြောင့် ဟွမ်ဟွာဓားဂိုဏ်းရဲ့ တာဝန်ခံနဲ့ သူ့ရဲ့ဆွေမျိုးကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါနေခဲ့တယ် ..။ သူက ထွက်ပြေးတာ တော်တော်လေး ကြာနေပြီ . ။ သူဘယ်မှာရှိနေလဲဆိုတာ ဘယ်သူမှ မသိဘူး..”

“ကျုပ်ကို ကလေးတစ်ယောက်လို့ ထင်နေတာလား ...."

မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။

သူတို့အားလုံးက ဝမ်မိသားစုအပေါ် မှီခိုနေကြကြောင်း မုန့်ချီက သိနေ၏။ ထို့ကြောင့် ထန်လောင်ဝူနှင့် ထန်ရှုတို့ ဖြစ်ခဲ့သည့်အရာများကို သူတို့ မသိလျှင် ဟာသ ဖြစ်နေပါလိမ့်မည်။

မုန့်ချီက မျက်ခုံးပင် ပင့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။

"ဦးလေး (၂)တောင် သေချာ မသိဘူးလား .။ ကောင်းပြီလေ .။ ဦးလေးဝူနဲ့ အဘိုးရှုတို့က ကျွန်တော်တို့ မိသားစုကို အလေးမထားဘဲ ကိုယ့်သဘောနဲ့ကိုယ် ဒီကိစ္စတွေကို လုပ်ဆောင်ခဲ့တယ်..။ သူတို့အတွက် သေခြင်းတရားကတောင် အရမ်းကောင်းနေဦးမယ် ထင်တယ်....."

"ထန်ရှုက မသေသေးဘူးလား...."

နံပါတ်(၂) ထန်သခင်ကြီးနှင့် နံပါတ်(၇)ထန်သခင်ကြီးတို့က အချင်းချင်း ကြည့်ပြီး တွေးနေမိကြသည်။

သို့သော် စကားလုံးများတော့ ထွက်မလာနိုင်ကြပေ။ အကယ်၍ အမှန်တရားသာ ပေါ်သွားမည်ဆိုလျှင် သူတို့က ဟွမ်ဟွာဓားဂိုဏ်း၏ ဒေါသကို ရင်ဆိုင်ကြရမည် ဖြစ်သည်။ မဟုတ်လျှင်တော့ သေရေးရှင်ရေးတိုက်ပွဲတွင် သူတို့က ဓားစာခံများ ဖြစ်သွားနိုင်သည်။

မုန့်ချီက သူတို့(၂) ယောက်ကို စောင့်မနေတော့ပဲ တစ်ယောက်တည်း ပြောလိုက်၏။

"ဦးလေး (၂)၊ ဦးလေး(၇)…

ကျွန်တော်ရဲ့သွေးကို မစစ်ဆေးရသေးခင် အိမ်တော်သခင်ရာထူးကို ယူလို့ မရပေမယ့် အဘိုးဆီကို သွားတွေ့ပြီး ဘိုးဘေးတွေကိုတော့ အရိုအသေပေးလို့ရတယ် မဟုတ်လား…"

"ဟင်...။ မင်း စကားပြောနေတဲ့ပုံစံက (၂)ရက် (၃) ရက်အတွင်း အိမ်တော်သခင် ဖြစ်တော့မယ့် အတိုင်းပဲ ...”

နံပါတ်(၇) ထန်သခင်ကြီးက တွေးနေမိသည်။ သူကတော့ နံပါတ်(၂) ထန်သခင်ကြီးနှင့် ယှဉ်လိုက်လျှင် မည်သည့်အရာကိုမျှ စိုးရိမ်နေခြင်း မရှိချေ။ သူ၏ မျက်နှာပေါ်တွင် အစစ်အမှန် ခံစားချက် အနည်းငယ်သာ ပေါ်လာခဲ့သည်။

"ရတာပေါ့ ...။ မင်းက လူသစ်တစ်ယောက်လို ပြောင်းလဲသွားတာ ထန်မိသားစုအတွက်တော့ ကံကောင်းတာပဲ ...."

နံပါတ်(၂) ထန်သခင်ကြီးက မုန့်ချီကို ချီးကျူးသလို နှိမ့်ချသလို ပြောပြီး ခေါင်းညိတ်ပြလိုက်သည်။

အထက်တန်းလွှာမိသားစုထဲတွင် အပြင်မှ ပြန်လာသူများက ပထမဆုံး လုပ်ဆောင်ရသည့်အရာ(၂) ခုရှိသည်။ ထိုအရာကတော့ အကြီးအကဲများကို နှုတ်ဆက်ပြီး ဘိုးဘေးအုတ်ဂူတွင် ဘိုးဘေးများကို အရိုအသေပေးရခြင်းဖြစ်သည်။

နံပါတ်(၂) ထန်သခင်ကြီးနှင့် နံပါတ်(၇) ထန်သခင်ကြီးတို့က ထိုအရာနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိချေ။

"အစ်ကို (၂) …ညီမလေး လိုက်ပို့ပေးမယ် ..."

ထန်မင်ယွဲ့က မိသားစု၏ လက်ရှိအခြေအနေများကို သူမ၏အစ်ကို(၂) သိအောင် သေချာ ရှင်းပြနေခဲ့သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ထန်မင်ယွဲ့နှင့်အတူ သခင်ကြီးထန်၏ အခန်းထဲသို့ လျှောက်သွားခဲ့၏။

"မင်ယွဲ့ …

အိမ်တော်မှာ ရှိနေတဲ့ အ‌စောင့်‌တွေကလွဲရင် မိသားစုတွေအားလုံးကို ဘိုးဘေး အုတ်ဂူဆီ လာခဲ့ဖို့ ပြောလိုက်ပါ..."

မုန့်ချီက သခင်ကြီးထန်၏ အခန်းသို့ ရောက်တော့မည့်အချိန်တွင် ရုတ်တရက် ထိုသို့ တောင်းဆိုလိုက်သည်။

ထန်မင်ယွဲ့က မိသားစု၏ ပြဿနာများကို ပြောပြနေစဉ် သူ၏တောင်းဆိုမှုကို ကြားလိုက်ရသည့်အတွက် အနည်းငယ် မှင်တက်သွားပြီး မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။

မုန့်ချီက အလွန်သိမ်မွေ့စွာ ပြောလိုက်၏။

"တစ်ခုခုတော့ မှားနေတယ်..။ အစ်ကိုတို့က ဒီကိစ္စကို မြန်မြန်ဖြေရှင်းဖို့ လိုအပ်တယ်"

အလွန်ရှုပ်ထွေးရသည့်အရာများက စောစောဖြေရှင်းလေ ပိုကောင်းလေဖြစ်သည်။

"ဟမ်...."

ထန်မင်ယွဲ့၏ မျက်လုံးထဲတွင် မသေချာမှုများ ပြည့်နှက်နေသည်။ သူမက အခြေအနေကို နားမလည်ကြောင်း သိနေသည့်အတွက် မုန့်ချီက တီးတိုးပြောလိုက်၏။

"ဦးလေး (၂) ၊ ဦးလေး (၅)နဲ့ ဦးလေး (၇) တို့အားလုံးက ဝမ်မိသားစုဘက်ကို ရောက်သွားကြတယ်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက်တောင် ပူးပေါင်းနေကြသေးတယ်...။ ဒါပေမယ့် အိမ်တော်သခင်နေရာက တစ်ခုပဲ ရှိတယ်လေ။ သူတို့တွေက ဘာကို မျှော်လင့်နေကြတာလဲ..."

အကယ်၍ သူတို့ကသာ အိမ်တော်သခင်နေရာကို လိုချင်နေသည်ဆိုလျှင် အချင်းချင်း ယှဉ်ပြိုင်သူများ ဖြစ်ကြသည့်အတွက် အခုလို ပူးပေါင်းနေမည့်အစား အချင်းချင်း တိုက်ခိုက်ကြမည်သာ ဖြစ်သည်။ သူတို့တွေက ဟွမ်ဟွာဓားဂိုဏ်း၏ အစွမ်းကို သုံးပြီး အိမ်တော်သခင်နေရာအတွက် တစ်ယောက်မျှ ယှဉ်ပြိုင်ခြင်း မရှိချေ။

ထို့ကြောင့် မုန့်ချီက ထိုအဖြစ်အပျက်တစ်ခုလုံး၏ နောက်ကွယ်တွင် ရှိနေသော မကောင်းသည့် အကြံအစည်ကို ခံစားမိနေသည်။

ထန်မင်ယွဲ့၏ မျက်နှာလေးကလည်း တည်ငြိမ်သွားခဲ့၏။ သူမက ပြောလိုက်သည်။

"အစ်ကိုပြောတာ မှန်တယ်..။ ဦးလေး (၂)၊ ဦးလေး (၅)နဲ့ ဦးလေး (၇)တို့က တော်တော်လေးကို ထူးခြားနေတယ်...။ အစ်ကို(၂) … ညီမလေးက အခုချက်ချင်းပဲ လူတိုင်းကို သွားခေါ်လိုက်မယ် ...."

သခင်ကြီးထန်က ထန်မိသားစုကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည်။ ထို့ကြောင့် ပင်မမျိုးဆက်၏အစွမ်းက နက်နက်ရှိုင်းရှိုင်းကို စိမ့်ဝင်နေခဲ့၏။ အကယ်၍ နံပါတ်(၂) ထန်သခင်ကြီးက အိမ်တော်ထိန်းများ ၊ အစောင့်များကို သူ့လူများနှင့် ဆက်တိုက် လဲလှယ်ထားပြီး အကြီးအကဲတစ်ချို့နှင့် ပြင်ပပညာရှင်များ၏ အကူအညီကို ရမည်ဆိုလျှင်ပင် ပင်မမျိုးဆက်ကို လုံးဝ ရှင်းထုတ်ရန် မဖြစ်နိုင်သေးပေ။

မုန့်ချီက ထိုအချက်ကို အဓိက ထားနေခြင်းဖြစ်၏။ ထို့ကြောင့် မိသားစုဝင်အားလုံးကို ဘိုးဘေးအုတ်ဂူတွင် စုစည်းရန် ထန်မင်ယွဲ့ကို ပြောခိုင်းလိုက်ခြင်းဖြစ်သည်။ အဝေးတွင် ပျောက်ကွယ်သွားသော ထန်မင်ယွဲ့၏ နောက်ကျောကို ကြည့်ပြီး မုန့်ချီက သက်ပြင်းချလိုက်မိသည်။

ထို့နောက် သူက အခန်းတံခါးကို တွန်းဖွင့်လိုက်၏။ ထိုအခါ အလွန်သိပ်သည်းသော စန္ဒကူးနံ့များက နှာခေါင်းထဲကို တိုးဝင်လာခဲ့၏။ အခန်းက အလွန်ကျယ်ပြီး ပြတင်းပေါက်များ အားလုံးကို ပိတ်ထားသည်။ ထိုနေရာက မှောင်မည်းပြီး အနည်းငယ် စိုထိုင်းထိုင်း ဖြစ်နေသည်။ လေအဝင်အထွက်လည်း မရှိသည့်အတွက် အနည်းငယ် အောက်သိုးသိုး ရနံ့များ ရှိနေပြီး ဆေးရနံ့များ၊ စန္ဒကူး ရနံ့များကြောင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။

"အဘိုးရမ် ..."

မုန့်ချီက အခန်းထဲတွင် ထိုင်နေသော အဘိုးအိုကို ခေါင်းညိတ်ပြလိုက်သည်။

ထိုအဘိုးအိုက ထန်ရမ်ဖြစ်ပြီး အကြီးအကဲ (၅) ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက ထန်မိသားစုထဲတွင် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နိုင်သည့် အလားအလား အရှိဆုံးလူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုတော့ သူက အိုမင်းပြီး အားနည်းနေ၏။ ထိုကဲ့သို့ အခွင့်အရေးမျိုးလည်း မရှိတော့ချေ။

သူက အိမ်တော်သခင် သခင်ကြီးထန်ကျိ၏ အစ်ကိုတစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူကတော့ ကိုယ်လုပ်တော်တစ်ယောက်ဆီမှ မွေးဖွားလာခြင်းဖြစ်၏။ သူ့ကို သခင်ကြီးထန်က စောင့်ရှောက်ပေးထားခဲ့သည့်အတွက် သိုင်းပညာများ ပြည့်စုံလာသည့် အချိန်တွင် သခင်ကြီးထန်၏လုံခြုံရေးတာဝန်ယူပေးခဲ့ပြီး ထန်မိသားစု၏ မှော်လက်နက်ဖြစ်သော ကန်းလန်ဓားကို ထိန်းသိမ်းပေးထားသည်။

ထန်ရမ်၏ ခေါင်းမွှေးများက ဖြူနေ၏။ သူက မုန့်ချီကိုကြည့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"မင်းတောင် အရွယ်ရောက်လာပြီပဲ ...။ အရမ်းကောင်းတယ် ...."

သူကတော့ လာပြောထားသော သတင်းများကို သိနေခဲ့သည်။ မုန့်ချီက သူ၏အရေပြားမျက်နှာဖုံးကို ဖယ်ရှားခြင်း အပါအဝင် သွေးစစ်ဆေးမှုကို စောင့်နေခြင်းဖြစ်ကြောင်းကိုလည်း သိနေသည်။

မုန့်ချီက အိပ်ယာဘေးသို့ လျှောက်သွားလိုက်ရာ အလွန်အိုမင်းနေသော သခင်ကြီးထန်ကို မြင်လိုက်ရသည်။ သူ့ဆီတွင် ဆံပင်အနည်းငယ်သာ ရှိတော့ပြီး ဆံပင်အားလုံးနီးပါးကလည်း အဖြူရောင်ဖြစ်သည်။

မျက်လုံးကတော့ မှိတ်နေခဲ့၏။ သူ၏လည်ပင်းတွင် အလွန်များပြားသော ချွဲသလိပ်များ ကပ်နေသည့်အလား အသက်ရှုသံကို ပြတ်တောင်းပြတ်တောင်းသာ ကြားနေရသည်။ ထို့ကြောင့် သူက သေဆုံးသွားတော့မည်ဟု သူ့အနားတွင် ရှိနေသူများက စိုးရိမ်နေကြခြင်း ဖြစ်၏။

သူက ဒုတိယသခင်လေးထန် ပြန်လာသည်ကို ခံစားနေသည့်အလား အနည်းငယ် ချောင်းဆိုးလိုက်သည်။ သတိလစ်နေသော သခင်ကြီးထန်က ရုတ်တရက် လှုပ်ရှားလာခဲ့၏။ သူ၏ ညာလက်က အနည်းငယ် တုန်ယင်နေပြီး မျက်ခွံများက ဖြည်းညင်းစွာ လှုပ်ရှားလာသည်။ သူက တံခါးဆီရာကိုခက်ခက်ခဲခဲ လှည့်ကြည့်လိုက်၏။

မုန့်ချီက သခင်ကြီးထန်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်လုံးထဲတွင်လည်း မျက်ရည်များ စီးကျလာနေ၏။ မုန့်ချီက သခင်ကြီးထန်၏ ပျော်ရွှင်မှု ၊ ကျေနပ်မှု ၊ ဝမ်းနည်းမှုနှင့် နာကျင်မှုများကို မြင်နေရသည်။

သခင်ကြီးထန်က သူ့ကို တစ်စုံတစ်ခု ပြောချင်နေပုံရသော်လည်း လည်ချောင်းတွင် ရှိနေသော ချွဲသလိပ်များကြောင့် စကားမပြောနိုင်ခဲ့ပေ။ သခင်ကြီးထန်၏ မျက်ရည်များကြောင့် သူမသေခင် မုန့်ချီကပင် ဒုတိယသခင်လေးထန် ထန်ကျင်းအဖြစ် ဆက်၍ ဟန်ဆောင်ရန် တွေးမိသွားသည်။

သူ့ဆီတွင် တောင်းပန်လိုမှုများ၊ လက်မခံနိုင်မှုများ ၊ ပြောပြ၍ မရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်နေသည့်အတွက် မုန့်ချီက အတော်လေး ခံစားနေခဲ့ရ၏။ သူ၏ မျက်လုံးထဲတွင်လည်း မျက်ရည်စများ စီးကျလာနေပြီး ထိုမျက်ရည်စများကြောင့် မုန့်ချီ၏ ခေါင်းထဲတွင်ပင် လှုပ်ရှားနေခဲ့၏။ သူကတော့ အကျိုးအကြောင်း ဆက်စပ်မှုကို ခံစားမိခဲ့ပြီး သူကိုယ်တိုင်က ထိုကဲ့သို့ ကံကြမ္မာကို ပို့ဆောင်ပေးရသော ကြားခံတစ်ယောက် ဖြစ်နေသလို ခံစားခဲ့ရသည်။

"ငါက မင်းအနေနဲ့ ဟန်ဆောင်ပြီး မင်းရဲ့ကံကြမ္မာတွေကို ယူဆောင်ပေးလိုက်ပြီ...."

မုန့်ချီက ထိုအရာကို တစ်ယောက်တည်း တွေးနေမိသည်။ သူကတော့ ကံကြမ္မာနှင့် ပတ်သက်ပြီး အတော်လေးလည်း နားလည်သွားသလို ခံစားမိခဲ့၏။သို့သော် တစ်ချိန်တည်းတွင် မည်သည့်အရာကိုမျှ နားမလည်သလိုလည်း ခံစားလိုက်ရသည်။

သူက သခင်ကြီးထန်၏ ညာလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး အပြစ်ရှိသလို လေသံနှင့် ပြောလိုက်၏။

"ကျွန်တော် ပြန်ရောက်ပါပြီ ..."

မုန့်ချီက အက်ရှရှလေသံနှင့် ပြောလိုက်သည်။ အကယ်၍ သူကသာ ခံစားချက် ထည့်မထားလျှင် သူ၏သရုပ်ဆောင်မှုက အပေါ်ယံသာ ဖြစ်ပါလိမ့်မည်။

ထိုသို့ဆိုရာတွင် သခင်ကြီးထန်နှင့် ထန်ရမ်တို့၏ နားထဲတွင်တော့ သူက ခံစားချက်များ အလွန်ပြည့်နှက်နေသော လူတစ်ယောက် ဖြစ်နေသည်။

သခင်ကြီးထန်က မုန့်ချီ၏ညာလက်ကို ဆုပ်ကိုင်ပြီး (၃) ကြိမ်တိတိ အားနည်းစွာ လှုပ်ရမ်းလိုက်၏။ ထို့နောက် မျက်လုံးမှိတ်ပြီး နောက်တစ်ကြိမ် သတိလစ်သွားခဲ့သည်။

မုန့်ချီက ခဏစောင့်နေပြီးနောက် လေကို တဝကြီး ရှူလိုက်ပြီး မတ်တပ်ရပ်လိုက်၏။ သူက ထန်ရမ်ကို ဦးညွတ်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။

"ကိစ္စတွေကို လုပ်ရင် ပြတ်ပြတ်သားသားလုပ်ပါ ...။ သူတို့တွေကိုတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ..."

ထန်ရမ်က အိပ်ယာထဲတွင် လှဲနေသော သခင်ကြီးထန်ကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို ဖွင့်၍ အပြင်သို့ ထွက်သွားခဲ့၏။ အခန်းထဲတွင် အလင်းရောင်မဝင်သည့်အတွက် တံခါးဖွင့်လိုက်သည့်အချိန်တွင် ညို့ညို့မှိုင်းမှိုင်း အခန်းကြီးက အနည်းငယ်လင်းသွားခဲ့သည်။

အထက်တန်းလွှာ မိသားစုများက သူတို့၏ဘိုးဘေး အုတ်ဂူကို သီးသန့် ဖန်တီးထားကြသည်။ ထိုနေရာ၏ အပြင်အဆင်ကို ကြည့်၍ မုန့်ချီက မည်သူကိုမျှ လမ်းမေးရန် မလိုဘဲ သွားနိုင်သည်။ သို့သော် သူက ထိုသို့ လုပ်ရန် မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် တရားဝင်အကြီးဆုံးသားတစ်ယောက် ဖြစ်သည့်အတွက် သူ၏ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနေသော အစေခံများစွာ ရှိနေသည်။

မုန့်ချီကတော့ အေးစက်သော အမူအရာနှင့် အပြင်ဘက်ကို ထွက်လာပြီး လမ်းတစ်လျှောက်တွင် မည်သည့်အစေခံကိုမျှ စကားမပြောခဲ့ပေ။ ဘိုးဘေးအုတ်ဂူသို့ ရောက်လာပြီးနောက် သူက အုတ်ဂူရှေ့သို့ လျှောက်သွားခဲ့သည်။

ထိုနေရာတွင် အမွှေးတိုင် ထွန်းထားသော ကျောက်ပြားများကို တွေ့လိုက်ရပြီး အလယ်တွင်တော့ လွတ်နေသည်။ ထိုနေရာလွတ်က အလွန်ကြီးမား ကျယ်ပြန့်လွန်းလှပြီး လူ (၁၀၀)ခန့် ဆန့်သည်။ ထိုအရာက ခန်းမကြီးတစ်ခု ဟု ခေါ်နိုင်သော်လည်း အမှန်အတိုင်းပြောရလျှင်တော့ နန်းတော်ကြီး တစ်ခုဖြစ်သည်။

အမွှေးတိုင်တစ်တိုင် ထွန်းလိုက်ပြီးနောက် မုန့်ချီက ကမ္ပည်း ကျောက်ပြားများကို စိုက်ကြည့်ပြီး တံခါးကို နောက်ကျောပေးထားခဲ့သည်။ ခဏကြာပြီးနောက် ထန်မိသားစုဝင်များက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

မုန့်ချီ၏ နောက်ကျောကိုမြင်သည့်အခါ တစ်ချို့က အလွန်ဝမ်းသာသွားပြီး တစ်ချို့က ခံစားချက်များ ပြည့်နှက်နေသည်။ တစ်ချို့က စိုးရိမ်နေပြီး တစ်ချို့က မုန်းတီးနေကြ၏။

"ကောင်လေး …ဒါက ဘာသဘောလဲ..."

ထန်မင်ယွဲ့က ဘိုးဘေးအုတ်ဂူထဲသို့ ရောက်လာပြီး သိပ်မကြာခင် နံပါတ် (၇)ထန် သခင်ကြီးက ဒေါသတကြီး ဝင်လာခဲ့၏။

မုန့်ချီက မည်သည့်အရာများ လုပ်နေကြောင်း သူလည်း မသိချေ။ သူ့ဘေးတွင် ရှိ‌နေ‌သော နံပါတ်(၂) ထန်သခင်ကြီးကလည်း မျက်နှာပျက်နေ၏။ထိုအချိန်တွင် တခြားသောအကြီးအကဲ အနည်းငယ်ကလည်း သံသယဝင်နေကြသည်။

မုန့်ချီက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။သူက အေးစက်စွာ စိုက်ကြည့်လိုက်၏။

"ဦးလေး (၂) နဲ့ ဦးလေး (၇) …

ကျွန်တော်တို့ဘိုးဘေးတွေနဲ့ မိသားစုဝင်တွေရဲ့ရှေ့မှာ ရှင်းရှင်းလင်းလင်း လုပ်ရမယ့်အရာတစ်ခု ရှိတယ် ...."

ထန်မိသားစုဝင် အားလုံးက အသက်ပင် ရဲရဲ မရှုရဲကြပေ။ ဤအချိန်အတောအတွင်း မိသားစုထဲရှိ အဖြစ်အပျက်များကို သူတို့က သတိထားမိကြ၏။ သို့သော် သူတို့က တာဝန်ခံ မဟုတ်သည့်အတွက် အရေးပါမှုကို သေချာ နားမလည်ကြပေ။ အခုတော့ ပင်မမျိုးဆက်၏ တရားဝင် သားတစ်ယောက်ဖြစ်သော ထန်ကျင်းက ပြောတော့မည်လော။

"မင်းရဲ့ လုပ်ရပ်က အရမ်းကို လွန်နေပြီ ...။ ဘာကိစ္စလဲ ..."

နံပါတ်(၇) ထန်သခင်ကြီးက စိတ်မရှည်နိုင်စွာ ပြောလိုက်၏။

နံပါတ်(၂) ထန်သခင်ကြီးကလည်း အေးစက်စွာ ပြောလိုက်သည်။

"အခုချိန်ထိ မင်းရဲ့ သွေးကိုလည်း မစစ်ဆေးရသေးဘူး ...."

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ကျွန်တော်က ဒီနေရာမှာ ပင်မမျိုးဆက်ရဲ့ အကြီးဆုံးသား တစ်ယောက်အနေနဲ့ မေးခွန်းမေးဖို့ ရောက်လာတာ မဟုတ်ဘူး...။ သာမန်ထန်မိသားစုဝင် တစ်ယောက်၊ဘိုးဘေးတွေရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ပဲ ရောက်လာခဲ့တာ..။ ဦးလေး (၂) နှင့် ဦးလေး (၇)တို့က ဘာလို့ဟွမ်ဟွာဓားဂိုဏ်းကို ဒေါသထွက်အောင် လုပ်ရတာလဲဆိုတာ သိပါရစေ....။ တကယ်လို့ ဦးလေးတို့က ဝမ်မိသားစုကို အားကိုးချင်တယ်ဆိုရင်တောင် ဘာလို့ ဟွမ်ဟွာဓားဂိုဏ်းကို ဒေါသထွက်အောင် လုပ်ခဲ့ရတာလဲ ..။ ဒီလို ပင်မသိုင်းဂိုဏ်းကြီးတစ်ခုရဲ့ဒေါသကို ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ ....”

“တကယ်လို့ ဝမ်မိသားစုက ကျွန်တော်တို့ကို ထောက်ပံ့ပေးမယ်ဆိုရင်တောင် ကျွန်တော်တို့လို မိသားစုငယ်လေးတစ်ခုက အင်အားစုကြီး (၂)ခုရဲ့ တိုက်ပွဲကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ် ....။ ဦးလေးတို့က ထန်မိသားစုကို ဖျက်စီးဖို့ ကြိုးစားနေကြတာလား ...."

သူပြောနေသည့်အချိန်တွင် အသံက တဖြည်းဖြည်းပို၍ တင်းမာလာသည်။ ထိုစကားများကြောင့် အလားတူ ကောလဟာလ သတင်းများကို ကြားထားသော ထန်မိသားစုဝင်များက ဆူဆူညံညံ ဖြစ်လာကြသည်။ သူတို့ကလည်း တခြားသူများကဲ့သို့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိချင်နေကြ၏။ ယခုတော့ ထိုကောလဟာလများက မှန်ကန်ကြောင်း မုန့်ချီက သက်သေပြနိုင်ခဲ့သည်။

ထို့ကြောင့်လည်း သူတို့အားလုံးက ကြောက်လန့်သွားကြ၏။ သူတို့ဆီတွင် ဝမ်မိသားစု၏ အကာအကွယ် ရှိနေသော်လည်း ဟွမ်ဟွာဓားဂိုဏ်းက သူတို့ရဲ့ဂုဏ် သတင်းကို သေချာပေါက် ထိန်းသိမ်းမည်ဖြစ်သည်။ ဝေ့ကျင်းအဆင့် ပညာရှင်များ တိုက်ခိုက်သော တိုက်ပွဲက ထန်မိသားစုကို အရင်ဆုံး ထိခိုက်စေနိုင်ပြီး လူပေါင်းများစွာ သေဆုံးသွားနိုင်သည်။

သူတို့က ယပ်တောင်(၆)လက်ကျောင်းကို အားကိုးရမည်လော။ ပုံမှန်အားဖြင့် ယပ်တောင် (၆)လက်ကျောင်းက ဟွမ်ဟွာဓားဂိုဏ်မှ တပည့်များကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။ သို့သော် တိုက်ပွဲဖန်တီးခဲ့သည်မှာ ထန်မိသားစုဖြစ်နေသည့်အတွက် ယပ်တောင် (၆)လက်ကျောင်းကလည်း သူတို့ကို ကာကွယ်ရန် မမြင်ချင်ယောင်ဆောင်နေပါလိမ့်မည်။

မိသားစုကြီး (၂) ခု ပျက်စီးသွားမှသာ သူတို့က ထိုပြဿနာကို ရှေ့ထွက်ပြီး ရှင်းကျလိမ့်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင်တော့ ထန်မိသားစုက တည်ငြိမ်မှုအတွက် စတေးရပါလိမ့်မည်။

"ဦးလေး(၂) ...

ဦးလေး (၂)က မိသားစုရဲ့ ယာယီအိမ်တော်သခင် ဖြစ်နေတယ် ..။ ဒီလို ကိစ္စကြီးတစ်ခုကို ဦးလေး(၂) ရဲ့ လက်ထဲမှာ ဘယ်လိုဖြေရှင်းမှာလဲ .."

မုန့်ချီက နံပါတ်(၂) ထန်သခင်ကြီးကို အော်ပြောလိုက်သည်။

လူအုပ်ကြီးထဲရှိ ပင်မမျိုးဆက်မှ အကြီးအကဲများကလည်း အော်ဟစ်ဆူညံလာကြ၏။ ထိုအချိန်တွင် အခြေအနေတစ်ရပ်လုံးက ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။ ထိုအရာက ပြဿနာကို ဖော်ထုတ်သည့် အကြောင်းအရင်းလည်းဖြစ်၏။

နံပါတ်(၂) ထန်သခင်ကြီးက ချောင်းဟန့်ပြီး ပြောလိုက်သည်။

"ငါလည်း အဲဒီလို မဖြစ်ချင်ပါဘူး ..။ ဒါပေမယ့် လောင်ဝူက ဘာတွေ စဉ်းစားပြီး ဦးလေးရှုနဲ့အတူ ဟွမ်ဟွာဓားဂိုဏ်းက တပည့်ရဲ့ဆွေမျိုးကို လုပ်ကြံတယ်ဆိုတာတော့ ငါလည်း မသိဘူး ...။ အဲဒီလိုအဆင့်မှာ ငါတို့လုပ်နိုင်တာက ဝမ်မိသားစုကို အားကိုးဖို့ပဲ…”

“ဦးလေး(၅) က သေသွားပြီဆိုတော့ ထားလိုက်တော့ ...။ ဒါပေမယ့် ထန်ရှုက အသက်ရှင်နေသေးတယ် ..။ သူ့လို မဆင်မခြင်လုပ်ပြီး မိသားစုတစ်ခုလုံး အန္တရာယ်ကျစေခဲ့တဲ့သူကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့လိုတယ် ..။ ဒါမှလည်း ကျွန်တော်တို့နဲ့ ဟွမ်ဟွာဓားဂိုဏ်းရဲ့တင်းမာမှုတွေကို လျှော့ချနိုင်မှာ ...."

မုန့်ချီက အမိန့်ပေးသည့်အလား ပြောနေခဲ့သည်။

နံပါတ်(၂) ထန်သခင်ကြီးက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် သူက ထွက်ပြေးသွားပြီလေ ..."

"သူထွက်ပြေးသွားပေမယ့် သူ့ရဲ့မိသားစုက ရှိသေးတယ်လေ ...။ ကျွန်တော်တို့က သူတို့ကို အပြစ်ပေးရမယ်... ။ တကယ်လို့ သူပြန်မလာသေးဘူးဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ် ..."

မုန့်ချီ၏အသံက အလွန်ရက်စက် ကြမ်းကြုတ်နေခဲ့သည်။

Translated by Hein Htet.

All Chapters