← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

“အဲ့… အဲ့… အဲဒါက လိုအပ်လို့လား…”

နံပါတ်(၇)ထန်သခင်ကြီးက မုန့်ချီ၏စကားကို အထစ်ထစ် အငေါ့ငေါ့နှင့် ပြန်ပြောလိုက်သည်။

မုန့်ချီက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသော ဓားနှင့်အတူ ဝင်ပေါက်ထဲသို့ ဝင်လာခဲ့သည့် အချိန်ကတည်းကစပြီး နံပါတ်(၇)ထန်သခင်ကြီး၏ အရှိန်အဝါများက ဖိနှိပ်ခံလိုက်ရသည်။

မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီးနောက် မိသားစုဝင်များကို စုစည်းပြီး သူတို့၏ ခံစားချက်များ ပေါက်ကွဲလာသည်ကို မြင်လိုက်ရသည့်အခါ သူလည်း မုန့်ချီ၏ ရှေ့တွင် သတိလက်လွတ် ခေါင်းငုံ့နေမိ၏။ မုန့်ချီက မိသားစုထဲတွင် အစစ်အမှန် အရှင်သခင် တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အခြေအနေတိုင်းကို ထိန်းချုပ်နိုင်သော အစွမ်းထက် လူသားကဲ့သို့ ဖြစ်နေသည်။

မုန့်ချီက နံပါတ်(၂)ထန်သခင်ကြီးကို စကားပြောရန် အခွင့်အရေးမပေးခဲ့ပေ။ သူက အေးစက်စွာ ဆက်ပြောလိုက်၏။

“တကယ်လို့ သူ့ရဲ့မိသားစုဆွေမျိုးတွေကို အပြစ်မပေးဘူးဆိုရင် အမိန့်မနာခံတဲ့ မိသားစုဝင်တွေက လုပ်ချင်တာလုပ်ပြီး မိသားစုကို သစ္စာဖောက်လို့ရတာလား။ တကယ်လို့ ဒါကိုသာ အကုန်လုံးက သဘောတူတယ်ဆိုရင် ကျွန်တော်က အခုချက်ချင်းပဲ ယဲ့တူကို သွားပြီး ဝမ်မိသားစုက တပည့်တွေကို သွားသတ်မယ်..”

ထိုအချိန်တွင် ပင်မမျိုးဆက်မှ မိသားစုဝင်များ အားလုံးက အော်ဟစ်လိုက်ကြသည်။

“ဟုတ်တယ်၊ ဒုတိယသခင်လေးထန်ပြောတာမှန်တယ်…”

“ဒုတိယသခင်လေးထန်ပြောတဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်။ သူတို့က မိသားစုရဲ့ အကာအကွယ်အောက်မှာနေပြီး ငါတို့ရဲ့အရင်းအမြစ်တွေကို ရယူနေမှတော့ ဒီလိုကိစ္စတွေကို ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ရမလား။ ငါတို့မိသားစုတစ်ခုလုံးကို အန္တရာယ်ထဲ တွန်းပို့လို့ရမလား။ တကယ်လို့ ငါတို့ကသာ ထန်ရှုနဲ့ သူ့မိသားစုကို အပြစ်မပေးဘူးဆိုရင် ငါတို့မိသားစုကြီး တစ်ခုလုံး ပြိုကွဲသွားရလိမ့်မယ်…”

မိသားစုထဲတွင် နေရာကန့်သတ်ချက်ရှိသည်။ နံပါတ်(၂)ထန်သခင်ကြီးက မိသားစု၏ အခွင့်အာဏာကို ယူဆောင်လိုက်ပြီးနောက် ပင်မမျိုးဆက်၏ စွမ်းအားအနည်းငယ်သာ ရှိနေသေးသော်လည်း သူက အဓိကနေရာများတွင် သူယုံကြည်ရသည့်လူများကိုသာ ပြောင်းလဲထားခဲ့သည်။ ထို့ကြောင့် ပင်မမျိုးဆက်မှ မိသားစုဝင်အများစုက မကျေမနပ်ဖြစ်နေကြပြီး စိတ်ထဲတွင် တင်းမာနေကြခြင်းဖြစ်သည်။

ထိုမိသားစုဝင်များက သူတို့ဆီတွင် အထောက်အပံ့မရှိသည့်အတွက်ကြောင့်သာ နံပါတ်(၂)ထန် သခင်ကြီးကို မဆန့်ကျင်ရဲကြခြင်းဖြစ်သည်။ ယခုတော့ အကြီးဆုံးသားဖြစ်သော ဒုတိယသခင်လေးထန်က ပြန်ရောက်လာပြီ ဖြစ်သည်။ သူပြန်ရောက်လာသည့်အတွက် ပင်မမျိုးဆက်က အလွန်အားတက်နေကြပြီး သူတို့ ပိုင်ဆိုင်ထားသော အရာများအားလုံးကို ပြန်လိုချင်နေကြသည်။

မုန့်ချီ၏ စကားလုံးများက သူတို့အပေါ် ဆိုးရွားသော သက်ရောက်မှုများ မရှိသည့်အတွက် သူတို့က မုန့်ချီအပေါ် အကြွင်းမဲ့ထောက်ခံနေကြသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် လူ(၁၀)ယောက်ကျော် အော်ဟစ်ထောက်ခံကြသည်နှင့် လူအုပ်ကြီးတစ်ခုလုံးက ဝိုင်းဝန်းထောက်ခံကြမည် ဖြစ်သည်။

ထို့ပြင် မိသားစုထဲရှိ အကြီးဆုံးသားကို ထောက်ခံလိုသည့် ပင်မမျိုးဆက်နှင့် အခြားမိသားစုဝင်များက (၁၀)ယောက်ထက် ပိုများသည်။

လူအုပ်ကြီးထဲမှ အော်သံများ ထွက်ပေါ်လာသည့်အတွက် ထန်ရှု၏ မိသားစုဆွေမျိုးများ၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။ သူတို့က နံပါတ်(၂)ထန်သခင်ကြီးနှင့် နံပါတ်(၇)ထန်သခင်ကြီးတို့ကို တောင်းပန်လိုသည့် အမူအရာနှင့် စိုက်ကြည့်နေကြသည်။

သူက ဒေါသထွက်နေကြသော လူအုပ်ကြီးကို သေချာပေါက် အကြောင်းပြချက်ပေးရမည် ဖြစ်ကြောင်း နံပါတ်(၂)ထန်သခင်ကြီးက နားလည်ထားသည်။ အကယ်၍ သူကသာ သူ၏အခွင့်အာဏာကိုသုံးပြီး အတင်းအကြပ်ဖိနှိပ်ရန် ကြိုးစားပါက ထန်ကျင်းက လက်တစ်ဖက်မြှောက်လိုက်ရုံနှင့် အကြွင်းမဲ့ အရှင်သခင် တစ်ယောက် ဖြစ်လာပါလိမ့်မည်။

နံပါတ်(၂) ထန်သခင်ကြီးဆီတွင် အစွမ်းထက်သော လူယုံများရှိသည်။ အကြီးအကဲများ၊ ပြင်ပပညာရှင်များနှင့် ပင်မမျိုးဆက်မှ အဖွဲ့သားများကိုပင် သူ့ဘက်သို့ ဆွဲခေါ်ရန် ကြိုးစားထားခဲ့သည်။ သူတို့ကလည်း သူ့အစီအစဉ်အတိုင်း လှုပ်ရှားကြမည်ဖြစ်၏။

သို့သော် မည်သို့ဖြစ်စေကာမူ သူတို့က မိသားစုတစ်ခုတည်း ဖြစ်၏။ သူတို့က အာဏာလုနေရင်း သေသွားကြမည်ဆိုလျှင် မည်သူကမျှ ဝမ်းသာနိုင်မည် မဟုတ်ချေ။ အချင်းချင်း သတ်ပစ်ရမည့်အပေါ် မည်သူကရော မတွေဝေဘဲ နေကြမည်နည်း။

အရေးအကြီးဆုံးအရာကတော့ ထန်ကျင်း၏ ဓားပညာက အလွန် အံ့ဩစရာကောင်းပြီး ခန့်မှန်း၍ မရနိုင်ပေ။ အစောပိုင်းတွင် ပြသခဲ့သော သူ၏လှုပ်ရှားမှုက သူ၏နှလုံးသားကို ဖိနှိပ်နေပုံရပြီး သူကိုယ်တိုင်လည်း မသေမချာ ခံစားနေရ၏။

“သူတို့ကို ဘယ်လို အပြစ်ပေးသင့်တယ်လို့ မင်းထင်လဲ…”

နံပါတ်(၂)ထန်သခင်ကြီးက မုန့်ချီ၏ အတွေးကို အရင်ဆုံး နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူအကြံပေးသည့် အပြစ်ပေးမှုကသာ အလွန်အမင်း ပြင်းထန်နေခြင်း မရှိလျှင် ဤအတိုင်း ခွင့်ပြုပေးလိုက်မည်ဖြစ်၏။

မုန့်ချီက လူအုပ်ကြီးကို လှည့်ကြည့်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်၏။

သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ထန်ရှုနဲ့ တိုက်ရိုက်မပတ်သက်တဲ့သူတွေက သူတို့ရဲ့ တစ်လစာ ခံစားခွင့်၊ ဆေးပစ္စည်းတွေနဲ့ ဆေးရည်တွေကို တစ်ဝက် လျော့ချပစ်ရမယ်။ သူနဲ့ တိုက်ရိုက် ပတ်သက်တဲ့သူတွေကိုတော့ သိုင်းပညာဖျက်စီးပြီး ရွာထဲမှာ အလုပ်ကြမ်း လုပ်ခိုင်းရမယ်…”

ထိုစကားကြောင့် လူတိုင်းက ပင့်သက်ရှိုက်လိုက်မိကြသည်။ ထိုကဲ့သို့ အပြစ်ပေးမှုက အလွန်ပြင်းထန်ထွန်းလှသည်။

“အဲဒါက ပြင်းထန်လွန်းတယ် မဟုတ်ဘူးလား…”

နံပါတ်(၂)ထန်သခင်ကြီးက ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ သူ့အသံထဲတွင် နာကျင်နေသလို ခံစားနေရ၏။

မုန့်ချီ၏ အမူအရာကတော့ အလွန်တင်းမာနေသည်။

“ပြင်းထန်မှ ရမယ်။ ထန်ရှုတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် မိသားစုဝင်တွေက အသက်အန္တရာယ်ရှိနေပြီ။ တကယ်လို့ မပြင်းထန်ဘူးဆိုရင် နောက်ပိုင်းမှာ တခြားသူတွေကို သတိပေးနိုင်မှာ မဟုတ်တော့ဘူး…”

“ဒုတိယသခင်လေးထန် ပြောတာဟုတ်တယ်။ အပြစ်ပေးမှုက ပြင်းထန်သင့်တယ်…”

ထန်ရှုက ရင်းနှီးဖော်ရွေသော အကြီးအကဲတစ်ယောက် မဟုတ်ဘဲ သူ့အပေါ် မကျေနပ်သူများစွာ ရှိနေသည်။ ထိုအချိန်တွင် မကျေနပ်မှုများ ထွက်ပေါ်လာခဲ့ကြ၏။ ထို့ပြင် ပင်မမျိုးဆက်မှ သဘောတူသံများနှင့် လူအုပ်ကြီးထဲမှနေ၍ ပို၍ ကျယ်လောင်သော အော်သံများကိုပင် ကြားနေရသည်။

“ဒါက လူထုရဲ့ အစွမ်းလို့ခေါ်တယ်…”

မုန့်ချီက တစ်ယောက်တည်း ကျေနပ်စွာ ရေရွတ်လိုက်သည်။ သူက သူတို့ကို ခဏစိုက်ကြည့်နေခဲ့ပြီး နံပါတ်(၂)ထန်သခင်ကြီးကို စိုက်ကြည့်နေခဲ့သည်။

နံပါတ်(၂)ထန်သခင်ကြီးက တုန့်ပြန်လိုက်၏။

“ဦးလေးရှုက အိမ်ပြန်မလာသေးဘူး။ သူ့မှာလည်း ငါတို့မသိတဲ့ အခက်အခဲတွေ ရှိနိုင်တယ်လေ။ ဒါမှမဟုတ် သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ထန်မိသားစုအပေါ် အကျိုးရှိတာလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ ငါတို့ကသာ သူ့ရဲ့ စကားကို နားမထောင်ဘဲ သူတို့အပြစ်ပေးလိုက်မယ်ဆိုရင် မသင့်တော်ဘူး မဟုတ်လား…”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည့်အချိန်တွင် နံပါတ်(၂)ထန်သခင်ကြီးကတော့ အစွမ်းထက်သော ဓားတစ်လက်ကို ရင်ဆိုင်ရသည့်အလား ထိုကိစ္စကို သူကိုယ်တိုင် တာဝန်မယူရဲဘဲ မုန့်ချီနှင့်ဆွေးနွေးရန် စဉ်းစားလာခဲ့သည်။

“ဒါဆိုရင် သူသာ လုံးဝ ပြန်မလာတော့ဘူးဆိုရင် ဘယ်သူ့ကိုမှ အပြစ်မပေးရတော့ဘူးလား။ ပြီးတော့ ဟွမ်ဟွာဓားဂိုဏ်းနဲ့ ကျိုးနိုင်ငံ ဝမ်မိသားစုတို့က တိုက်ခိုက်ကြမယ်ဆိုရင်ရော ထန်ရှု ပြန်လာတဲ့အထိ စောင့်နေရဦးမှာလား…”

မုန့်ချီ၏အသံက အလွန်ပြတ်သားနေသည်။ သူက ထန်ရှုကို အဘိုးရှုဟုပင် မခေါ်တော့ပေ။

မုန့်ချီက တခြားလူများ စကားဆက်ပြောရန် စောင့်မနေတော့ပေ။ သူက အိမ်တော်သခင်ကဲ့သို့ ခေါင်းမော့ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ဦးလေး(၂) …

ကျွန်တော်က မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော်က အပြစ်ပေးမယ့်သတင်းကို ဒီနေ့ ကြေညာလိုက်မယ်။ အပြစ်ပေးမှုကိုတော့ မနက်ဖြန်မှ လုပ်မယ်။ တကယ်လို့ ထန်ရှုမှာသာ ကျွန်တော်တို့ မပြောနိုင်တဲ့ အခက်အခဲတွေ ရှိနေမယ်ဆိုရင် မနက်ဖြန် နေမစောင်းခင် ပြန်လာပြီး ဘိုးဘေးခန်းမထဲမှာရှိတဲ့ ဘိုးဘေးတွေနဲ့ မိသားစုဝင်တွေကို သူကိုယ်တိုင်ရှင်းပြရမယ်…”

သူက အရပ်ရှည်လာပြီးနောက် သူ့ပုံစံက ပို၍ ခိုင်မာ ပြတ်သားလာပုံရသည်။ အလွန်တည်ကြည်သော မျက်နှာအမူအရာနှင့် ကြောက်စရာကောင်းသော အရှိန်အဝါကို ပေါင်းစပ်လိုက်သည့်အချိန်တွင် ထန်မင်ရွဲ့ကပင် လုံးဝ အမှတ်ရနေခဲ့၏။ သူမ၏ မျက်လုံးလေးများက ဝင်းလက်တောက်ပနေခဲ့သည်။

တချိန်တုန်းက အမှိုက်ဖြစ်ခဲ့ဖူးသော သူမ၏အစ်ကိုက လူတိုင်း လေးစားရသည့် ယောကျ်ားကောင်း တစ်ယောက်အဖြစ် ပြောင်းလဲလာသည့်အတွက် သူမက ယုံကြည်ရန် ခက်ခဲနေသည်။ သူကတော့ အိမ်တော်သခင်ထက်ပင် ပို၍ ဦးဆောင်နေနိုင်သေး၏။

မုန့်ချီ၏ နောက်ဆုံး ဆုံးဖြတ်ချက်က သင့်တော်၍ ဘက်လိုက်မှုမရှိချေ။ မည်သူကမျှ အမှားရှာ၍ မရနိုင်သည့်အတွက် နံပါတ်(၂) ထန်သခင်ကြီးက အသံတိုးတိုးနှင့် ပြောလိုက်ရ၏။

“တကယ်လို့ ဒီကိစ္စမှာ လျှို့ဝှက်ချက်တွေ ပါနေမယ်ဆိုရင် လူအုပ်ကြီးရှေ့မှာ ပြောတာက အလွယ်တကူ ပေါက်ကြားသွားနိုင်တယ်။ ငါက သူ့ကို (၂)ယောက်ချင်း အရင်မေးကြည့်လိုက်ရင် မကောင်းဘူးလား…”

“ထန်ရှုက ဘယ်လိုစကားတွေပြောပြော ထန်မိသားစုအတွက် အကျိုးရှိမယ်လို့ ထင်နေတာလား။ ဒါက ကျွန်တော်တို့ပဲ သိသင့်တဲ့အရာမဟုတ်ဘူး…”

မုန့်ချီက ဖိနှိပ်ပြောဆိုလိုက်သည်။

ထန်မင်ယွဲ့ကလည်း သူမနှင့် ရင်းနှီးသော ပင်မမျိုးဆက်မှ မိသားစုဝင်တစ်ချို့ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်၊ တကယ်လို့ (၂)ယောက်တည်းရှေ့မှာ ပြောမယ်ဆိုရင် ငါတို့က ဟုတ်မဟုတ် ဘယ်လိုလုပ် သိမှာလဲ။ ငါတို့က ဒုတိယ သခင်လေးထန်ကိုပဲ ယုံတယ်။ သူက ပင်မမျိုးဆက်ရဲ့ တရားဝင်သားတစ်ယောက်ပဲ။ ပြီးတော့ ငါတို့မိသားစုရဲ့ အနာဂတ်ခေါင်းဆောင်လည်း ဟုတ်တယ်။ ငါတို့က သူ့စကားဆို ယုံမယ်…”

ဦးနှောက်ရှိသူတိုင်းက ထန်မင်ယွဲ့၏ ရည်ရွယ်ချက်ကို နားလည်ကြ၏။

“တကယ်လို့ သူက ရှင်းပြချင်တယ်ဆိုရင်တော့ ဒုတိယသခင်လေး ထန်ရဲ့ရှေ့မှာ ရှင်းပြဖို့လိုမယ်။ တကယ်လို့ သူက ထန်ရှုကို ခွင့်လွှတ်ဖို့ ပြောမယ်ဆိုရင် ငါတို့အားလုံးလက်ခံမယ်…”

“ဒါဆိုရင် လုံလောက်သွားပြီ။ တကယ်လို့ ထန်ရှုပြန်လာမယ်ဆိုရင် သူက ၊ ငါရယ် ညီလေး(၇)ရယ်၊ တူလေးကျင်းရယ်ရှေ့မှာ ရှင်းပြလိမ့်မယ်…”

နံပါတ်(၂) ထန်သခင်ကြီးက ပြောလိုက်သည်။

မုန့်ချီကတော့ သူ၏ရည်မှန်းချက် အောင်မြင်သွားသည့်အတွက် စိတ်ထဲတွင် ကြိတ်၍ ပြုံးလိုက်မိသည်။ သူက တည်ငြိမ်စွာ ကြေညာလိုက်၏။

“ကျွန်တော်က လှိုင်းကြည့်ခန်းမထဲမှာ ထန်ရှုကို စောင့်နေမယ်…”

လှိုင်းကြည့်ခန်းမဟူသည်မှာ ဝေ့ကျင်းအဆင့်ကို ရောက်သွားသော ထန်မိသားစု ဘိုဘေးများ သူတို့၏ဓားပညာကို လေ့လာခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ထန်မိသားစုထဲတွင် ဘိုးဘေးခန်းမပြီးလျှင် ဒုတိယအရေးပါဆုံး နေရာတစ်ခုလည်း ဖြစ်၏။ ထိုနေရာတွင် အိမ်တော်သခင်က နေ့စဉ်ကိစ္စရပ်များကို ဖြေရှင်းပြီး သူ၏ ဓားပညာကို လေ့ကျင့်တတ်သည်။

ဟွမ်ဟွာဓားဂိုဏ်းမှ အချက်အလက်များကို ဖတ်ခဲ့ပြီးနောက် ထန်မိသားစုထဲတွင် ရှိနေသော အရေးကြီးသည့် အဆောက်အဦးများနှင့် ပတ်သက်ပြီး မုန့်ချီက သေချာ နားလည်ထားသည်။

သူက အရာအားလုံး ဖြေရှင်းပြီးသွားသည့်အချိန်တွင် နံပါတ်(၂) ထန်သခင်ကြီးနှင့် နံပါတ်(၇)ထန်သခင်ကြီးတို့က တစုံတစ်ခု လွဲမှားနေသလို ခံစားနေရသည်။ ဘာကြောင့် ထိုလူငယ်က အိမ်တော်သခင်ကဲ့သို့ ခံစားနေရသနည်း။ သူတို့(၂)ယောက်ကတော့ သူ၏အစေခံများကဲ့သို့ ဖြစ်နေပြီး သူ ကျေနပ်အောင် လုပ်ဆောင်နေကြရသည်။

“ဒါက အရှိန်အဝါနဲ့ လူထုရဲ့ အစွမ်းပဲလေ….”

မုန့်ချီက စိတ်ထဲတွင် တွေးနေပြီး သူတို့ကို လှမ်းကြည့်လိုက်သည်။

“တစ်ခုရှိသေးတယ်…”

နံပါတ်(၂)ထန်သခင်ကြီးနဲ့ နံပါတ်(၇)ထန်သခင်ကြီးတို့က သူတို့၏ သဘောထားကို ပြောတော့မည့်အချိန်တွင် မုန့်ချီက နောက်တစ်ကြိမ် ပြောလိုက်သည်။

“ဦးလေး(၂)က အိမ်တော်သခင်နေရာကို ယာယီယူထားတာ လဝက်တောင် မရှိသေးဘူး။ ဘာလို့ မိသားစုထဲမှာရှိတဲ့ အရေးကြီးနေရာတွေအားလုံးကို ဦးလေးရဲ့ လူတွေဆီ လွှဲပေးထားရတာလဲ။ ဘာလို့ အကြီးအကဲတွေနဲ့ တာဝန်ခံတွေက ဒီလိုအရာမျိုးကိုတောင် မှားနေကြတာလဲ…”

မုန့်ချီ၏ စကားလုံးများက ဓားသွားများကဲ့သို့ ထက်မြက်ပြီး အစွမ်းထက်သည်။ ထန်မိသားစု ဘိုးဘေးခန်းမကြီးကပင် ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။ ပင်မမျိုးဆက်မှ မိသားစုဝင်များကတော့ အလွန်ဝမ်းသာသွားပြီး ဒုတိယသခင်လေးထန်က သူတို့ကို ချက်ချင်းပင် ကာကွယ်ပေးနေသည့်အတွက် ခံစားချက်များ ပြည့်နှက်လာကြ၏။ သူက ပင်မမျိုးဆက်၏ တရားဝင်သားတစ်ယောက်ဖြစ်သည်။

နံပါတ်(၂)ထန်သခင်ကြီး၏ လက်အောက်ငယ်သားများနှင့် ပညာရှင်များကတော့ မုန့်ချီ၏ စွပ်စွဲချက်ကို ငြင်းဆန်နေကြသည်။ နံပါတ်(၇) ထန်သခင်ကြီး၏ လက်အောက်ငယ်သားများနှင့် တခြားမျိုးဆက်မှ မိသားစုဝင်များကလည်း ပြပွဲတစ်ခုကို ကြည့်နေသည့်အလား ကြည့်နေကြ၏။

နံပါတ်(၂) ထန်သခင်ကြီးက အလွန်ထိတ်လန့်ပြီး ဒေါသထွက်သွားခဲ့၏။

“ကောင်လေး… မင်းက ဘာပြောချင်နေတာလဲ…”

မုန့်ချီက သူ့ဆီကို တစ်လှမ်းချင်းလျှောက်သွားသည်။ ထို့ကြောင့် သူ့ပုံစံက တဖြည်းဖြည်း အရပ်ရှည်လာသလို ထင်မှတ်ရ၏။ သူက တောင်တန်းကြီးတစ်ခု၏ အလေးချိန်နှင့် ဖိထားသလို ခံစားနေရသည်။

“တကယ်လို့ ကျွန်တော် မှားတယ်ဆိုရင် အခုချက်ချင်း ဘိုးဘေးတွေနဲ့ မိသားစုဝင်တွေရဲ့ရှေ့မှာ ဖြေရှင်းလို့ရတယ်။ တကယ်လို့ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဦးလေး(၂)က ဦးလေးရဲ့အာဏာကို အလွဲသုံးစားလုပ်တာပဲ။ ဦးလေးက မျက်နှာလိုက်ပြီး ကိစ္စတွေကို မဆင်မခြင်လုပ်ခဲ့တယ်။ ဒါက သည်းခံလို့ မရနိုင်ဘူး..”

“ဦးလေးက ယာယီ အိမ်တော်သခင်ပဲရှိသေးတယ်။ အစစ်အမှန် အိမ်တော်သခင် မဟုတ်ဘူး။ ဒါကိုတောင် ဒီလို လုပ်ရပ်မျိုး လုပ်ရဲတယ်။ တကယ်လို့ အိမ်တော်သခင် အစစ်သာ ဖြစ်လာရင် ကျွန်တော်တို့ နေစရာနေရာတောင် ရှိဦးမှာလား…”

မုန့်ချီ၏ မေးခွန်းကို ကြားသည့်အခါ ပင်မမျိုးဆက်မှ ပညာရှင်များ၏ ခံစားချက်များက မြင့်တက်လာကြ၏။ ဘိုးဘေးခန်းမထဲတွင် ရှိနေသော လူတိုင်းကလည်း နံပါတ်(၂)ထန်သခင်ကြီးကို မကျေမနပ်ဖြစ်နေကြ၏။ ကြည့်ရသည်မှာ မုန့်ချီက မိသားစု တစ်ခုလုံး ကိုယ်စား ပြောပေးနေသလို ထင်မှတ်နေရသည်။

ဆက်တိုက်မေးမြန်းလာသော မေးခွန်းများကြောင့် နံပါတ်(၂) ထန်သခင်ကြီး ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူက တုန်ရင်နေသော ညာလက်နှင့် မုန့်ချီကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ကောင်စုတ်လေးထန် …

မင်း.. မင်း.. မင်းက ငါ့ဆီက အာဏာကို လုယူချင်တာလား။ မင်းရဲ့ သွေးကို ခုချိန်ထိ မစစ်ရသေးဘူးဆိုတာ မမေ့နဲ့ဦး…”

“ဦးလေး(၂) ကျွန်တော်က ကတိတည်တဲ့ လူတစ်ယောက်ပါ။ ပြီးတော့ စိတ်ရှည်ပါတယ်…”

မုန့်ချီက လက်နောက်ပစ်၍ အမိုးထုပ်တန်းကို လှမ်းကြည့်လိုက်သည်။

“ဦးလေး(၂)က ယာယီအိမ်တော်သခင်နေရာကို ထိန်းသိမ်းဖို့ အရည်အချင်းမရှိဘူးလို့ပဲ ကျွန်တော်က တွေးမိရုံလေးပါ။ ဦးလေး(၇)က ဒီတာဝန်ကို ယူပေးဖို့ ကျွန်တော်မျှော်လင့်တယ်…”

“ဘယ်လို….”

ဘိုးလေးခန်းမထဲတွင် အံ့ဩနေသည့် အသံများစွာ ပေါ်လာခဲ့သည်။ နံပါတ်(၂)ထန်သခင်ကြီး သာမက နံပါတ်(၇)ထန်သခင်ကြီးတို့ကပင် ဇဝေဇဝါဖြစ်သွားခဲ့၏။

“သူက ဘယ်အချိန်တုန်းကများ ဒီကိစ္စကို သတိထားနေတာလဲ။ ဒီကောင်လေးက ဘာလုပ်ချင်နေတာလဲ…”

သူ၏အပြုအမူများကလည်း သူ၏ ဓားသွားများကဲ့သို့ ခန့်မှန်းကြည့်ရန် ခက်ခဲနေသည်။

မုန့်ချီက နံပါတ်(၇)ထန်သခင်ကြီးကို လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ဦးလေး(၇)…

ဦးလေး(၇)ကတော့ ဦးလေး(၂)ထက်ပိုပြီး သမာသမတ်ကျမယ်လို့ ထင်ပါတယ်…”

ပင်မမျိုးဆက်တွင် ရှိနေသော မိသားစုများအားလုံးက မုန့်ချီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည် လာကြပြီး သူ့ကို ချက်ချင်း ထောက်ခံလာကြသည်။

နံပါတ်(၂)ထန်သခင်ကြီး၏ ပြဿနာကို နမူနာယူပြီး နံပါတ်(၇)ထန်သခင်ကြီးက နေရာချထားပေးသည့်အချိန်တွင် သူတို့ကိုပါ အလေးထားရမည်ဖြစ်သည်။ အကယ်၍ သူသာ ငြင်းဆန်မည်ဆိုလျှင် သူလည်း နံပါတ်(၂)ထန်သခင်ကြီးကဲ့သို့ အဆုံးသတ်သွားမည်သာဖြစ်၏။

မည်သို့ ဖြစ်စေကာမူ နံပါတ်(၈)ထန်သခင်ကြီး၊ နံပါတ်(၁၃)ထန်သခင်ကြီးနှင့် တခြားလူများ ရှိနေသေး၏။ သူတစ်ယောက်တည်းသာ ရွေးချယ်စရာ ရှိသည် မဟုတ်ချေ။

နံပါတ်(၇)ထန်သခင်ကြီး၏ လူယုံများ၊ မိသားစုဝင်များအားလုံးကလည်း သူတို့အတွက် အခွင့်အရေးများ ရောက်လားကြောင်း ခံစားမိကြသည်။ ထို့ကြောင့် သူတို့ကလည်း လျင်မြန်စွာ သဘောတူနေကြ၏။

နံပါတ်(၂)ထန်သခင်ကြီးနှင့် သူ့လက်အောက် ငယ်သားများကတော့ မျက်နှာပျက်နေကြ၏။ အိမ်တော်သခင်ရာထူးကို နံပါတ်(၇)ထန်သခင်ကြီး၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး မုန့်ချီ မယူကြောင်း တခြားအကြီးအကဲများက မြင်လိုက်ရသည့်အခါ သူတို့လည်း လက်ခံနိုင်ကြသည်။ သူတို့ကလဲ ခေါင်းညိတ်နေကြ၏။

နံပါတ်(၂)ထန်သခင်ကြီးက လက်ရှိအခြေအနေကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီး နံပါတ်(၇)ထန်သခင်ကြီးကို ကြည့်လိုက်သည်။ သူက မျက်နှာ ပျက်ပျက်နှင့် ပြောလိုက်၏။

“ညီလေး(၇) ငါက မင်းကို တာဝန်လွှဲပေးမယ်…”

နံပါတ်(၇) ထန်သခင်ကြီးက သူ၏ ဝမ်းသာမှုကို ထိန်းထားပြီး ပြောလိုက်၏။

“ကျွန်တော်.. ကျွန်တော်က လက်ခံလိုက်ပါ့မယ်။ ကျွန်တော်က အစ်ကို(၂)ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်ရင် ရိုင်းသလို ဖြစ်သွားနိုင်တယ်…”

နံပါတ်(၂)ထန်သခင်ကြီး၏ မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်၍ နေသည်။ ထို့ကြောင့် မုန့်ချီ၏ ခန့်မှန်းမှုများက မှန်ကန်ကြောင်း သေချာသွား၏။

“အရင်ကတည်းက သူတို့(၂)ယောက်က အချင်းချင်း မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က နံပါတ်(၇)ထန်သခင်ကြီးရဲ့ ဆုံးရှုံးမှုကို ကာမိအောင် တခြားအကျိုးအမြတ်တွေနဲ့ ပြန်ဖြည့်ပေးထားတာ ဖြစ်နိုင်တယ်။ အခု အိမ်တော်သခင်နေရာက သူ့ဆီကို ရောက်လာတဲ့အချိန်မှာ သူက ဘာလို့ ငြင်းဆန်နေမှာလဲ…”

သူကိုယ်တိုင်က လိုချင်နေသည့်အပြင် ငြင်းဆန်ပါက သူ့လက်အောက်ငယ်သားများ စိတ်ပျက်သွားနိုင်သည်။ ထို့ပြင် သူတို့က အကြီးဆုံးသားဖြစ်သော သူ့ကို ကာကွယ်ပေးမည် ဖြစ်ကြောင်း မုန့်ချီက ပို၍သေချာသွားခဲ့၏။

ထို့နောက် နံပါတ်(၇)ထန်သခင်ကြီးက ထိုအပ်သော ပြောင်းလဲမှုများ လုပ်ဆောင်ပေးလိုက်ရာ လူတိုင်းက ကျေနပ်သွားခဲ့သော်လည်း နံပါတ်(၂)ထန် သခင်ကြီး၏လူများတော့ မပါဝင်ချေ။

အဖြစ်အပျက်(၂)ခုတွင် မုန့်ချီကတော့ အလွန်အစွမ်းထက်သော အရှိန်အဝါကို အသုံးချခဲ့သည်။ အိမ်တော်၏ ယာယီသခင်ကိုပင် သူ့စကားနှင့် ပြောင်းလဲပစ်နိုင်ခဲ့သည့်အတွက် အိမ်တော်၏ ပင်မမျိုးဆက်နှင့် တခြားလူများ၏ အားပေးထောက်ခံမှုကို ရခဲ့သည်။ ထန်မိသားစုဝင်များ၏ ရင်ထဲတွင်တော့ သူက အရှင်သခင် ဂုဏ်ပုဒ်ကို မရသေးသော်လည်း အရည်အချင်းပြည့်မီနေသည်။

မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကိုကိုင်ပြီး ဘိုးဘေးခန်းမထဲမှာနေ၍ လှိုင်းကြည့်ခန်းမထဲသို့ လျှောက်လာခဲ့၏။ ထန်မင်ယွဲ့ကတော့ သူ့ဘေးတွင်ရှိခဲ့သည်။

“ညီမလေး(၉) …

အစ်ကို့အတွက် အဖြူရောင်ဝတ်စုံတစ်စုံပြင်ပေးပါ။ ပြီးတော့ အဘိုးရမ်ကိုလည်း လာခဲ့ဖို့ ပြောလိုက်ပါ…”

“ဟမ်… ဘာလို့ အဖြူရောင် ဝတ်စုံလဲ…”

ထန်မင်ယွဲ့က ရှုပ်ထွေးသွားသည်။

“ဘာလို့လဲဆိုတော့ အဲဒါက ကိုယ့်ကိုယ်ကိုယ် အေးစက်ပြီး ယုံကြည်ချက် ရှိစေတယ်လေ…”

မုန့်ချီက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

“ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုကို ဖန်တီးဖို့အတွက် သန့်စင်တဲ့ အမှန်တရားကို ပြသဖို့လိုတယ်…”

“ဒါပေမယ့် ဘာလို့အစ်ကို(၂)က အဲဒီကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ဖန်တီးဖို့ လိုအပ်တာလဲ…”

ထန်မင်ယွဲ့က သံသယဝင်စွာ မေးလိုက်သည်။

မုန့်ချီက တဖြည်းဖြည်း မည်းမှောင်လာသော ပုစွန်ဆီရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

“ဒီည ထန်ရှုက လှိုင်းကြည့်ခန်းမကို သေချာပေါက် ရောက်လာလိမ့်မယ်။ အစ်ကိုက ကြောက်စရာကောင်းတဲ့ အရှိန်အဝါကိုသုံးပြီး သူ့ကို အနိုင်ရဖို့ ကြိုတင်ပြင်ဆင်ရလိမ့်မယ်…”

“အော်….”

နောက်ဆုံးတွင်တော့ ထန်မင်ယွဲ့က သက်ပြင်းချလိုက်မိသည်။

မုန့်ချီက ညာလက်နှင့် သူ့ဓားကို ပုတ်လိုက်၏။ ထို့နောက် သူက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

“ပြီးရင်တော့ သူ့ကို သတ်ပစ်ရမယ်…”

Translated by Hein Htet.

All Chapters