အခန်း (၂၁၀)
Vol. 14 Ch. 210
သခင်လေးယဲ့က ရေနွေးတစ်ငုံ သောက်လိုက်ပြီး မုန့်ချီ၏ မျက်လုံးထဲကို စိုက်မကြည့်ရဲခဲ့ပေ။ သူ့ပုံစံက တစ်စုံတစ်ယောက် ဓားနှင့် ခြိမ်းခြောက်နေသည့် အချိန်တွင် ဒူးထောက်နေရသော လူရှုပ်လူပွေ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သို့သော် သခင်လေးယဲ့၏ မျက်လုံးများက အဆုံးမဲ့ရေကန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း မုန့်ချီက ခံစားနေရသည်။ သူ့မျက်လုံးထဲတွင် ရံဖန်ရံခါ လှိုင်းလုံးလေးများပင် ထွက်ပေါ်နေခဲ့၏။
"သခင်လေးထန်… ကျွန်မတို့က ဝမ်မိသားစုအတွက် တိုက်ခိုက်ပေးပြီး ဟွမ်ဟွာဓားဂိုဏ်းကို ဆန့်ကျင်ဖို့ ပြောနေတာပါ…"
မိန်းကလေးအန်က အလွန်ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။
သူမ၏ ရင်သားကြီးများက အတော်လေး ကြီးမားနေသည့်အတွက် သူမက နာမည်ကျော် ပြည့်တန်ဆာများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေသေးသည်။ ထို့ကြောင့် သူမကို ကြည့်မိသူတိုင်းက အဝတ်အစားများကို ဆုတ်ဖြဲချင်စိတ်ပင် ပေါ်လာမိ၏။ အသက် (၅၀) နီးပါးခန့် ရှိနေသော အဘိုးရမ်ကပင် သူမကို မကြာခဏ စိုက်ကြည့်နေမိသည်။
မုန့်ချီက မိန်းမလှပေါင်း မြောက်များစွာကို မြင်ခဲ့ဖူးသည့်အတွက် စိတ်မဝင်စားချေ။
"ဘာလို့ ငါက ဟွမ်ဟွာဓားဂိုဏ်းအစား ဝမ်မိသားစုကို ပူးပေါင်းရမှာလဲ… ။ ငါတို့ ထန်မိသားစုက ဟွမ်ဟွာဓားဂိုဏ်းနဲ့ အမြဲတမ်း အဆင်ပြေနေခဲ့တာ။ တကယ်လို့ဝမ်မိသားစုနဲ့ ပူးပေါင်းမယ်ဆိုရင် ငါတို့ကို ကျေးဇူးကန်းတဲ့ သူတွေလို့ သတ်မှတ်ကြမှာပေါ့… "
မိန်းကလေးအန်က ရီဝေနေသော မျက်လုံးများနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"နံပါတ် (၅) ထန်သခင်ကြီးကြောင့် ရှင်တို့ထန်မိသားစုနဲ့ ဟွမ်ဟွာဓားဂိုဏ်းရဲ့ ကြားထဲမှာ ပြဿနာလေးတွေ ရှိနေပြီ။ ဒါပေမဲ့ ကျွန်မတို့က ရှင်တို့ရနိုင်တဲ့ အကျိုးအမြတ်တွေ အကြောင်းပဲ ပြောကြတာပေါ့။ ဒီကိစ္စတွေ ပြီးသွားတဲ့အချိန်ကျရင် ဟွမ်ဟွာဓားဂိုဏ်းက သူတို့ရဲ့လယ်မြေတွေ ၊ စံအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဈေးချိုချိုနဲ့ ရောင်းချရလိမ့်မယ်။ အဲဒီအချိန်ကျရင် ထန် ၊ ယဲ့ ၊ လင်းနဲ့ ဝမ်မိသားစု (၄)ခုက အညီအမျှ ခွဲဝေပြီး ဝယ်လို့ရတယ်လေ။ ပြီးတော့ ရှင်က ကျိုးနိုင်ငံ ဝမ်မိသားစုက ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ လမ်းညွှန်မှုကိုတောင် ရနိုင်ပြီး ရှေးဟောင်းစာအုပ်တွေ မှတ်တမ်းတွေကို ရနိုင်လိမ့်မယ်။ ပြီးတော့ ရှင်က အသက် (၂၆)ပဲ ရှိသေးတယ်လေ။ တံခါး (၆) ပေါက် ပွင့်နေပြီ။ အရမ်းထူးခြားတဲ့ ဓားပညာလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ဖို့ ဖြစ်နိုင်ပါသေးတယ်။ ပြီးတော့ ရှင်က မိသားစုထဲမှာလည်း နောက်ထပ်အိမ်တော်သခင် ဖြစ်လာနိုင်တယ်…"
အကယ်၍ လူတစ်ယောက်ကသာ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိ အောင်မြင်သွားပြီဆိုလျှင် ဝေ့ကျင်းအဆင့်ကို ရောက်ရှိရန် အချိန်အနည်းငယ်သာ ပေးရသည်။ အရင်းအမြစ်များ ပေါကြွယ်ဝသော အထက်တန်းလွှာမိသားစုတစ်ခု အတွက်တော့ ထိုအရာက အလွန်လွယ်ကူလွန်းလှ၏။ အကယ်၍ အသက်သာ ငယ်နေဦးမည်ဆိုရင် မည်သည့်အရာကိုမျှ စိုးရိမ်ရန် မလိုအပ်ချေ။
“ဒုတိယထန်သခင်လေးက အခက်အခဲမျိုးစုံကို ဖြတ်ကျော်လာပြီး အရမ်းကြောက်စရာကောင်းတဲ့ ဓားသမားတစ်ယောက်ဖြစ်ကြောင်း သိနေတဲ့အတွက် သူတို့က သိုင်းကျမ်းတွေနဲ့ ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား…"
မုန့်ချီကတော့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကတော့ အစစ်အမှန် ဒုတိယသခင်လေးထန် မဟုတ်သည့်အတွက် ထိုနေရာမှ မည်သည့်အကျိုးအမြတ်ကိုမျှ မရနိုင်ပေ။ ထို့ကြောင့် သူကတော့ ဘေးလူတစ်ယောက်အနေနှင့်သာ ဆုံးဖြတ်နေခြင်းဖြစ်သည်။
"တကယ်လို့ ဟွမ်ဟွာဓားဂိုဏ်းနဲ့ ပူးပေါင်းမယ်ဆိုရင်လည်း လယ်မြေတွေ၊ စံအိမ်တွေနဲ့ ဈေးဆိုင်တွေကလွဲရင် တခြားအကျိုးအမြတ်တွေကို ငါက ရနိုင်တယ်လေ။ ငါက အဲဒီထက်တောင် ပိုပြီးတော့ ရနိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယီမြို့ထဲမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေက အရေးမကြီးဘူး။ ဒါက ပို့ဆောင်ရေးကို ထိန်းချုပ်နိုင်ရုံ သက်သက်ပဲ။ ဒီလိုဆိုမှတော့ ဘာကြောင့် ငါက မင်းတို့နဲ့ ပူးပေါင်းရမှာလဲ…"
မုန့်ချီကတော့ အကျိုးအမြတ်ကို ရှေ့တန်းတင်သော အရှင်သခင် တစ်ယောက်ကဲ့သို့ မေးလိုက်သည်။
ယဲ့မိသားစုနှင့် လင်းမိသားစုတို့က ကျိုးနိုင်ငံ ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးနေကြောင်း သူသိနေသည်။ သို့သော် ဝမ်မိသားစုနှင့် ထန်မိသားစုတို့ကတော့ ဟွမ်ဟွာဓားဂိုဏ်းကို သစ္စာဖောက်ပြီး ဆန့်ကျင်ရသည့်အတွက် တန်ဖိုးက သေချာပေါက် ဆွဲဆောင်မှုရှိရန် လိုအပ်သည်။
ထန်ရမ်က မိန်းကလေးအန်ကို ထပ်မကြည့်တော့ပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထိုအရာကို သတိထားမိသည့်အခါ မုန့်ချီ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။
"ဘယ်အချိန်တုန်းကများ ငါက ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။ ငါ့အတွက်တော့ မိန်းကလေးအန်က လှပေမဲ့ ငါ့ကို မဆွဲဆောင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ကြားထဲမှာ ကွာဟချက်တွေ ရှိနေသေးတယ်။ သူက ဆွဲဆောင်မှု သိပ်မရှိဘဲ ပြည့်ပြည့်စုံစုံ ဝတ်ဆင်ထားမှတော့ ငါ့ မျက်လုံးကို အစာကျွေးရုံပဲ တတ်နိုင်တယ်။ ဒါပေမဲ့ သိပ်မကြာခင် တခြားလူတွေပြောတဲ့ စကားလုံးတွေ သဲလွန်စတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာတော့ မျက်ခြေပြတ်သွားနိုင်တယ်။ အခု ဆရာကြီးထန်ရမ်နှင့် ယှဉ်လိုက်မယ်ဆိုရင် ငါက မိန်းမလှလေးတွေအပေါ် ပိုပြီးခံနိုင်ရည်စွမ်း မြင့်မားနေတာပဲ…”
မိန်းကလေးအန်က ပြန်ဖြေတော့မည့်အချိန်တွင် မုန့်ချီက ဝင်ပြောလိုက်သည်။
"တကယ်လို့ ငါကသာ မင်းတို့နဲ့ လက်တွဲမယ်ဆိုရင် ငါ့ရဲ့ဦးလေး (၂) နဲ့ ဦးလေး (၇) တို့ကို ဘယ်လိုလုပ်မှာလဲ။ သူတို့အေးအေးဆေးဆေးနေအောင် မင်းတို့က ဘယ်လိုကတိမျိုး ပေးထားနိုင်မှာလဲ… "
သခင်လေးယဲ့က မုန့်ချီ၏မျက်လုံးကို စိုက်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"အရင်တုန်းကတော့ နံပါတ် (၂) ဦးလေးထန်က ဟွမ်ဟွာဓားဂိုဏ်းရဲ့ အကျိုးအမြတ်တွေကို ရယူနိုင်တဲ့ အိမ်တော်သခင်နေရာ ဖြစ်လာစေရမယ်လို့ ငါတို့က ကတိပေးထားတာ။ အဲဒါပြီးရင်တော့နံပါတ်(၅) ဦးလေးထန်နဲ့ နံပါတ် (၇) ဦးလေးထန်တို့က သူတို့လူတွေကို ခေါ်ပြီး ကျိုးနိုင်ငံထဲမှာ ရှိတဲ့ တခြားနေရာတွေကို သွားကြလိမ့်မယ်။ ပြီးတော့ ကျိုးနိုင်ငံ ဝမ်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုတွေ ၊ ပညာရှင်တွေရဲ့ အကူအညီနဲ့ မြေတွေဝယ်ပြီး ထန်မိသားစုကို တိုးတက်လာအောင် လုပ်နိုင်လိမ့်မယ် ။ အခု တကယ်လို့ မင်းသာ မင်းတို့မိသားစုရဲ့ အရှင်သခင် ဖြစ်လာမယ်ဆိုရင် နံပါတ်(၂)ဦးလေးထန်ကလည်း နံပါတ် (၅) ဦးလေးထန်ရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို ရလိမ့်မယ်လေ…"
"ဒါကြောင့်လည်း ဦးလေး(၅)နဲ့ ဦးလေး(၇)တို့က ဦးလေး (၂) နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ကြတာကိုး… "
မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့ပြီး ရင်ထဲတွင်တော့ သံသယ အနည်းငယ် ရှိနေသေးသည်။
“နံပါတ် (၅) ထန်သခင်ကြီးက ဟွမ်ဟွာဓားဂိုဏ်းအတွက် အလုပ်လုပ်ပေးနေခဲ့တာ။ ဒီတော့ သူထင်ထားတာထက် ပိုပြီးတော့တောင် အကျိုးအမြတ်တွေ ရသေးတယ်။ ဒါမှမဟုတ် သူက ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုမြင်ပြီး ကြောက်လန့်သွားခဲ့တာလား။ တကယ်လို့ သူက အဲဒီလို ကြောက်တတ်တဲ့ လူတစ်ယောက်သာဆိုရင် ဟွမ်ဟွာဓားဂိုဏ်းကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိပါ့မလား..”
သခင်လေးယဲ့၏ မျက်လုံးထဲတွင် ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေပြီး မျက်လုံးများက မည်းမှောင်နေသည်။ သူက ပြောလိုက်၏။
"တကယ်လို့ မင်းက မကျေနပ်နိုင်သေးဘူးဆိုရင် ဝမ်မိသားစုက ဆေးပင်တွေ စိုက်ဖို့ ဥယျာဉ်တစ်ခုနဲ့ ယီမြို့ရဲ့အနားမှာရှိတဲ့ ရေစိမ်းကြေးနီ မိုင်းတွင်းတစ်ခု ပေးနိုင်သေးတယ်…"
ရေစိမ်းကြေးနီ မိုင်းတွင်းဟူသည်မှာ သန့်စင်လက်နက်များ ဖန်တီးရသော အဆင့်မြင့် ပစ္စည်းများ ဖြစ်သည်။ မုန့်ချီကဲ့သို့ ဒုတိယသခင်လေးထန် အတုကပင် ရင်ထဲ၌ အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူ့ခေါင်းထဲတွင် ကံကြမ္မာအမှတ်များ ပေါ်လာခဲ့သည်။
သန့်စင်လက်နက်တစ်ခုကို ဖန်တီးရန်အတွက် သိုင်းပညာနှင့် မီးစွမ်းအင် ထူးချွန်သော ပန်းပဲပညာရှင်တစ်ယောက် လိုအပ်သည်။ ထိုအရာက အလွန်အချိန်ပေးရသော အရာတစ်ခုလည်း ဖြစ်၏။ သို့သော် ပစ္စည်းအလုံအလောက် ရှိနေမည်ဆိုရင် ထန်မိသားစုက တစ်နှစ်လျှင် သန့်စင်လက်နက် (၄)ခု (၅)ခုခန့် ဖန်တီးနိုင်စွမ်း ရှိသည်။
မုန့်ချီက လေးလေးနက်နက် ပြောလိုက်၏။
"ဟွမ်ဟွာဓားဂိုဏ်းကို ဖယ်ရှားချင်ရုံ သက်သက်နှင့် ဝမ်မိသားစုက ဒီလိုတန်ကြေးမျိုးကို ပေးမှာလား။ တကယ်လို့ သူတို့က ယီမြို့ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်မယ် ဆိုရင်တောင် သူတို့အတွက် မဆုံးရှုံးနိုင်ဘူးလား…"
"ဟားဟားဟား… ဝမ်မိသားစုမှာသူတို့ရဲ့ အကြောင်းပြချက်တွေ ရှိတယ်။ ယီမြို့ထဲမှာ နောက်ပိုင်းရလာနိုင်တဲ့ အကျိုးအမြတ်တွေက ယခုထက် (၁၀)ဆမက ပိုပြီးတော့ များလာနိုင်တယ်။ မင်းတို့ကလည်း အကျိုးအမြတ်တွေ ရနိုင်တာပဲ…"
သခင်လေးယဲ့က အပြုံးနှင့် ပြောလိုက်သည်။
"ဘယ်လိုအကျိုးအမြတ်မျိုးလဲ… "
မုန့်ချီက မေးလိုက်သည်။
သခင်လေးယဲ့က အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ဒါကတော့ လျှို့ဝှက်ချက်လေ… ။ သတင်းပေါက်ကြားသွားမှာ စိုးတဲ့အတွက် ငါက မင်းကို မပြောနိုင်သေးဘူး။ မင်းက ငါတို့နဲ့ အပေးအယူ လက်ခံပြီး သစ္စာဆိုပြီးမှပဲ ငါတို့က ပြောနိုင်မယ်…"
သူ့မျက်လုံးထဲတွင် ရှိနေသော လှိုင်းလေးများက ဝဲကတော့ တစ်ခုကဲ့သို့ ဖြစ်လာသည်။ သူက ပြောလိုက်၏။
"တကယ်လို့ မင်းသာ လက်ခံမယ်ဆိုရင် ယုယီနဲ့ ချန်းရှန့်တို့ အစေခံနှစ်ယောက်က မင်းအပိုင် ဖြစ်သွားပြီ။ သူတို့နှစ်ယောက်စလုံးက အရမ်းကို ဆွဲဆောင်မှုရှိတယ်။ ငယ်လည်း ငယ်သေးတယ်။ ပြီးတော့ မိန်းကလေးအန်လို ဆွဲဆောင်မှုရှိတယ်…"
အခြေအနေက လိင်စိတ်ကို နှိုးဆွပေးနေသလို ထင်မှတ်လာရ၏။ ဖယောင်းတိုင်မီးက အနည်းငယ် မှိန်ပြပြ ဖြစ်နေသည့်အချိန်တွင် မိန်းမလှလေးများက ပို၍ ဆွဲဆောင်မှုရှိလာကြ၏။
မုန့်ချီက ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ မျက်ခုံးကြား ပင်မဝိညာဉ်ကို သုံးပြီး မိန်းမလှလေး နှစ်ယောက်၏ ဆွဲဆောင်မှုကို ဆန့်ကျင်လိုက်ရာ ချက်ချင်းပင် ခေါင်းထဲ၌ ရှင်းလင်းသွားခဲ့၏။
"ဟမ်… သခင်လေးယဲ့ …
မင်းက ဒီလို မကောင်းဆိုးဝါးနည်းလမ်းမျိုးကိုတောင် သုံးရဲတာပဲ…"
မုန့်ချီက အော်ဟစ်လိုက်ပြီး သူ၏ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်သည်။
အကယ်၍ သူ့ဆီတွင်သာ ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ မရှိလျှင် သေချာပေါက် ဆွဲဆောင်ခံရနိုင်သည်။
ထန်ရမ်ကလည်း မတ်တပ်ရပ်လိုက်ပြီး ကန်းလန်ဓားနှင့် သခင်လေးယဲ့ကို လှမ်းခုတ်လိုက်၏။ ထိုဓားက အနက်ရောင်ဖြစ်သည့်အတွက် အခန်းထဲတွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာသည်။
သခင်လေးယဲ့က ခေါင်းမော့လိုက်ရာ သူ၏ နှာခေါင်းထဲမှနေ၍ သွေးစီးကြောင်းနှစ်ခု စီးကျလာခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"စိတ်အေးအေးထားပါ ညီလေးထန်… ငါက နည်းနည်း စိတ်လောသွားတာပါ။ ဒါကြောင့် အမှားလုပ်မိသွားတာ…"
"မင်းတို့က သဘောထားမမှန်ဘူး။ အဘိုးရမ် သွားကြစို့… "
မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ယူပြီး တံခါးဆီသို့ ထွက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"အဘိုးရမ်…
သူက ကျွန်တော့်ရဲ့စိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ သူက ဦးလေး (၂) ၊ ဦးလေး (၅)နဲ့ ဦးလေး (၇)တို့ကိုလည်း ဒီလိုပဲ လုပ်ခဲ့မယ်ထင်တယ်။ သူက တခြားလူကို ဆွဲဆောင်ပြီး ထိန်းချုပ်ထားနိုင်တယ်။ အဲဒီနောက်မှာတော့ သူက အစေခံမိန်းကလေးတွေ လွှတ်ပြီး သူတို့ရဲ့စိတ်ဝိညာဉ်ကို ဆက်ထိန်းချုပ်ထားတာပဲ…"
"ဒါကြောင့်လည်း ညီလေး (၂) ၊ ညီလေး (၅) နဲ့ ညီလေး (၇) တို့အားလုံးဆီမှာ အစေခံမိန်းကလေးတွေ ရှိနေကြတာပဲ…"
ထန်ရမ်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။
နံပါတ် (၂) ထန်သခင်ကြီးကဲ့သို့ အထက်တန်းလွှာ မိသားစုမှ သခင်ကြီး တစ်ယောက်အတွက် အစေခံတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် အချိန်မရွေး ယူဆောင်၍ ရနိုင်သည်။ ထိုအရာက သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။
ထို့ကြောင့် ထန်သခင်ကြီး နေမကောင်းဖြစ်နေသည့်အချိန်တွင် မည်သူကမျှ သတိမထားမိဘဲ သံသယမဝင်ကြခြင်း ဖြစ်သည်။
"အဲဒါကြောင့်ကိုး… ဒါကြောင့် မိသားစု (၄)ခုက တစ်စုတစ်စည်းတည်း ဖြစ်နေတာ… "
မုန့်ချီ၏ အတွေးက မှန်ကန်သွားခဲ့၏။
“ထန်မိသားကို ရင်ဆိုင်ဖို့က ပိုပြီးတော့ ခက်နိုင်တယ်။ သူတို့ရဲ့ သခင်ကြီးက သတိလစ်နေတဲ့အတွက် မိသားစုဝင် (၃)ယောက်ကိုပဲ လာဘ်ထိုးပြီး ထိန်းချုပ်ဖို့ လိုတာ။ တခြားမိသားစု (၃)ခုကတော့ သူတို့ရဲ့သခင်ကြီးတွေကို လွှမ်းမိုးဖို့ အခွင့်အရေးတစ်ခုပဲ လိုတယ်။ ဘာလို့လဲဆိုတော့ မိသားစုထဲမှာရှိတဲ့ တခြား အကြီးအကဲတွေက အစစ်အမှန် အခြေအနေကို မသိကြဘူး။ သူတို့က ဟွမ်ဟွာဓားဂိုဏ်းကို ရန်စပြီးသွားရင် နောက်ပြန်ဆုတ်လို့လည်း မရနိုင်တော့ဘူး…”
သခင်လေးယဲ့နှင့် တခြားသော မိသားစု (၂)ခုမှ လူရှုပ်လူပွေ သခင်လေးများ၏ ပတ်သက်မှုကြောင့် ထိုသခင်ကြီးများကို သီးသန့်တွေ့ဆုံရန် မခက်ချေ။ တစ်ခုတည်းသော ပြဿနာကတော့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ရန်ဖြစ်သည်။ အစွမ်းထက်သော ထိန်းချုပ်သူကသာ အသုံးဝင်နိုင်သည်။ အားနည်းသော ထိန်းချုပ်သူ ဆိုရင်တော့ တစ်မိနစ်ခန့်သာ ခံနိုင်ရည်ရှိသည်။
မည်သည့်အချိန်တွင် သခင်လေးယဲ့၏ စိတ်ဝိညာဉ် ထိန်းချုပ်မှုက အလွန်အစွမ်းထက်သွားရသနည်း။ စိတ်ဝိညာဉ်ထိန်းချုပ်မှုက တစ်ချိန်လုံး သုံးနေ၍လည်း မရချေ။ ပထမဦးဆုံးတစ်ခုက ကိုယ့်ထက် နိမ့်ကျသည့်လူနှင့် တိုက်ခိုက်သည့် အချိန်မျိုးတွင်သာ အသုံးချနိုင်သည်။
ဒုတိယတစ်ခုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်အတွင်း အမိန့်ကို လိုက်နာသည့် လူများကိုသာ လုံးဝထိန်းချုပ်နိုင်သည်။ ထိုအခါ သူတို့က ဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားပြီး သူတို့၏ အကြည့်ကပင် ပြောင်းလဲသွားသည်။
လူတိုင်းက ထိုအရာကို သတိထားမိနိုင်သော်လည်း ထိန်းချုပ်သူက လိုအပ်သည့် အရာများကို ပြင်ဆင်ထားနိုင်သည်။ သူက သာမန်ကိစ္စများကို ဖြေရှင်းသည့် အချိန်မျိုးတွင်တော့ ထိန်းချုပ်ထားခြင်း မရှိပေ။
ထို့ကြောင့် သခင်လေးယဲ့က တခြားပညာရှင်များကို ထိန်းချုပ်နိုင်ပြီး ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးရန် ခိုင်းစေနေခြင်းဖြစ်၏။ သို့သော် သူတို့မိသားစုမှ အဖိုးတန်လက်နက်များကိုတော့ ယူလာအောင် ခိုင်းစေနိုင်ခြင်းမရှိချေ။
ပို၍ ဆိုးသည်မှာ စိတ်ဝိညာဉ်ထိန်းချုပ်မှုက အချိန်ကြာမြင့်စွာ ခံနိုင်ရည်မရှိပေ။ နောက်ပိုင်း နည်းလမ်းများသာ မရှိလျှင် ထိန်းချုပ်ခံထားရသော သူက အနှေးအမြန် သတိပြန်ဝင်လာပြီး သူတို့က ထောင်ချောက်ထဲသို့ ရောက်သွားကြောင်း သိသွားကြပါလိမ့်မည်။
အကယ်၍ သခင်လေးယဲ့က အစေခံမိန်းကလေးများကို စေလွှတ်ထားမည်ဆိုလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ သူတို့က တဖြည်းဖြည်းပို၍ သတိထားမိလာနိုင်သည်။ ထို့ကြောင့် ထိုအရာက ယာယီအခြေအနေတစ်ခုသာ ဖြစ်နိုင်၏။
အဆိုးဆုံးကတော့ သူတို့ဆီတွင် မတူညီသော စိုးရိမ်မှုများ ရှိနေကြသေးသည်။ အကယ်၍ ဝေ့ကျင်းတဝက်အဆင့်ကို ရောက်နေသော ကျွမ်းကျင်ပညာရှင်များသာဆိုလျှင် ထိုအရာကို သိနိုင်မည် မဟုတ်ပေလော။ အကယ်၍ တစ်ဖက်လူကသာ အဖိုးတန်လက်နက်များနှင့် ရင်းနှီးနေပြီး သူတို့၏ အခြေအနေကို ဖယ်ရှားလိုက်မည်ဆိုလျှင် ဘာလုပ်နိုင်မည်နည်။
သခင်လေးယဲ့က သူတို့ကို လက်တုန့်ပြန်ရန်အတွက် အထက်တန်းလွှာမိသားစု (၄)ခုကို ခြိမ်းခြောက်ထားခြင်း မဟုတ်ပေလော။ ဤကိစ္စက အလွန်ဆိုးရွားသော အကျိုးသက်ရောက်မှုတစ်ခု ရှိလာနိုင်သည်။
ထိုအရာကို သိသွားလျှင် ယပ်တောင် (၆)လက်ကျောင်းက သူ့ကို လိုက်သတ်ရန်အတွက် ဝရမ်းတစ်ခု ထုတ်နိုင်ပြီး ယဲ့မိသားစုက ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်၏။ ဘာကြောင့် သခင်လေးယဲ့က ထိုကဲ့သို့ မဆင်မခြင်လုပ်နေရသနည်။
အကယ်၍ သူ့နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေလျှင်တော့ သူက အကြောက်အလန့်မရှိ လုပ်ဆောင်နိုင်သည်။ ထိုသို့ဆိုလျှင်သာ သူက အကျိုးဆက်များကို ဂရုမစိုက်ဘဲ နေရဲမည်ဖြစ်၏။
“သူက သခင်လေးယဲ့ မဟုတ်နိုင်တော့ဘူး…”
မုန့်ချီက ထိုအရာကို ချက်ချင်း နားလည်သွားခဲ့သည်။ မဟုတ်လျှင် သခင်လေးယဲ့က တခြားမိသားစုတွင် ရှိနေသော အရှင်သခင်များအားလုံးထက် ပို၍အစွမ်းထက်လာရန် ဖြစ်နိုင်ချေ ရှိနေမည်လော။
ထို့ပြင် ဉာဏ်အလင်းပွင့်မှုအဆင့်၌ စိတ်ဝိညာဉ်လေ့ကျင့်မှုမှာ အလွန်ရှားပါးသည်။ ကျန်းကျိဝေကပင် ပြောင်းလဲမှုကျင့်စဉ်ကိုသာ အားကိုးနေရ၏။
“ဝမ်မိသားစုက ဒီလိုအရာမျိုး ကမ်းလှမ်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ ထန်မိသားစုနဲ့ ဝမ်မိသားစုကသာ ကျိုးနိုင်ငံ ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးမယ် ဆိုရင် သူတို့က သေချာပေါက် ကျေနပ်ကြမှာပဲ။ ပြီးတော့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ဝမ်ကိုက်ကို ဖြေရှင်းခိုင်းနိုင်တယ်။ ပြီးတော့ ဝမ်မိသားစုက ဆေးပင်စိုက်ဖို့ ဥယျာဉ်နဲ့ ရေစိမ်းကြေးနီမိုင်းတွင်းပေးဖို့ ဆန္ဒရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ကြည့်ရတာ သခင်လေးယဲ့က တစ်ဖက်သတ် ဆွဲဆောင်မှုတွေလုပ်ပြီး သိပ်မကြာခင် ထွက်ပြေးမယ် ထင်တယ်။ ဒါဆိုရင် သူက ဝမ်မိသားစု နာမည်ခံပြီး ပေးထားတဲ့ ကတိတွေကလည်း အစစ်အမှန် မဟုတ်နိုင်တော့ဘူးလေ…”
သံသယများအားလုံး ရှင်းလင်းလာခဲ့သော်လည်း မုန့်ချီကတော့ သခင်လေးယဲ့၏ အစစ်အမှန် ရည်ရွယ်ချက်ကို ခန့်မှန်း၍ မရနိုင်သေးပေ။
ထိုအချိန်တွင် မုန့်ချီကတော့ ဒေါသထွက်ချင်ယောင်ဆောင်နေပြီး ထန်ရမ်က သူ့နောက်မှ လိုက်လာခဲ့သည်။ သခင်လေးယဲ့ကတော့ သူ့ကို တောင်းပန်နေသေးပြီး မိန်းကလေးအန်ကလည်း ပြုံးပြနေသေး၏။ အစေခံမိန်းကလေး နှစ်ယောက်ဆီတွင်တော့ ခံစားချက်များမရှိကြဘဲ သူတို့က အရုပ်မများကဲ့သို့ ဖြစ်နေသည်။
တံခါးအနားသို့ ရောက်သည့်အချိန်တွင် မုန့်ချီက ဓားအိမ်ထဲမှနေ၍ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဆွဲထုတ်ပြီး ပြန်လှည့်လာသည်။ သူ့အသံကလည်း ရူးသွပ်နေသည့်အလား မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
"စလိုက်ကြစို့… "
စလာသည့် အချိန်ကတည်းကစပြီး သူက အရင်ဆုံး တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းက တစ်ဖက်လူ၏ ကြိုတင်ကြံစည်မှုကို ဖျက်ဆီးနိုင်၏။
"ဘာလို့ သူတို့တွေ ဝိုင်းပြီး လုပ်ကြံသတ်ဖြတ်မှာကို စောင့်နေရမှာလဲ…"
လျှပ်စီးကြောင်းတစ်ခုသဖွယ် လှုပ်ရှားလာသော ဓားသွားက အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေလေသည်။
Translated by Hein Htet.