အခန်း (၂၁၁)
Vol. 15 Ch. 211
"တိုက်ခိုက်လိုက်တော့…."
မိုးခြိမ်းသံပမာ ကျယ်လောင်လွန်းလှသော မုန့်ချီ၏အော်သံကြီးကြောင့် သူတို့၏နားထဲတွင် အူထွက်သွားပြီး ရင်ထဲတွင်လည်း လှုပ်ရှားသွားကြသည်။
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြောင့် ရေနွေးခွက်များ၊ အရက်ခွက်များကလည်း ပေါက်ကွဲသွား၏။ သောက်စရာများကလည်း နေရာအနှံ့ ပြန့်ကြဲသွားပြီး ပန်းကန်ပြားများ၊ ကြွေပန်းကန်လုံးများအားလုံး အက်ကွဲသွားကြသည်။
သခင်လေးယဲ့က စကားပြောနေရာမှ ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အတော်လေးကို ကြောက်စရာကောင်းလာခဲ့၏။ မိန်းကလေးအန်၏ ခေါင်းထဲတွင်လည်း ရီဝေဝေဖြစ်သွားပြီး သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ အစေခံမိန်းကလေး(၂)ယောက်ဖြစ်သော ယုယီနှင့် ချန်းရှန့်တို့ကတော့ သတိလစ်သွားခဲ့ကြ၏။
ဆရာကြီးထန်ရမ်က မျက်မှောင်ကြုတ်လိုက်၏။ သူက ကန်းလန်ဓားကို ရေလှိုင်းတစ်ခုသဖွယ် လှုပ်ရှားလိုက်ပြီး မိုးကြိုးဟိန်းသံကို တားဆီးလိုက်သည်။
မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကလည်း သခင်လေးယဲ့၏ ခေါင်းပေါ်သို့ ကျဆင်းလာပြီး ဓားသွားထဲမှနေ၍ လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေခဲ့သည်။ မိုးကြိုးအမှတ်အသားထဲမှနေ၍ အစိမ်းရောင်မိုးကြိုးများကလည်း ထွက်ပေါ်လာခဲ့ကြ၏။ ထိုတိုက်ခိုက်မှုက ကောင်းကင်ဘုံ၏ မိုးကြိုးအပြစ်ပေးမှုကဲ့သို့ဖြစ်နေပြီး အလွန်ကြောက်စရာကောင်းသည်။
သခင်လေးယဲ့က အလွန်ထိတ်လန့်သွားပြီး ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။ သူ့ပုံစံက မကျေမနပ်ဖြစ်နေသော်လည်း မိုးကြိုးကဲ့သို့သော ဓားအလင်းတန်းက သူ့ရှေ့ကို ရောက်လာခဲ့သည်။
ရုတ်တရက်ဆိုသလို သူ၏မျက်ခုံးကြားထဲ၌ အက်ကွဲလာပြီး အစိမ်းရင့်ရောင် ထောင်လိုက်မျက်လုံးတစ်လုံး ထွက်လာခဲ့သည်။ ထိုမျက်လုံးထဲတွင်တော့ ပုံသဏ္ဍာန် ပျက်ယွင်းနေသော မုန့်ချီ၏ပုံရိပ် ပေါ်လာခဲ့၏။
မကောင်းဆိုးဝါးမျက်လုံးထဲမှနေ၍ အလွန်အစွမ်းထက်သော အစိမ်းရောင်စွမ်းအင်များ ပျံ့နှံ့လာပြီး မုန့်ချီဆီကို ရောက်လာခဲ့သည်။ အစိမ်းရောင်စွမ်းအင်များ၏ တိုက်ခိုက်မှုကြောင့် မုန့်ချီ၏ မျက်ခုံးကြားထဲတွင် ဖောင်းကားလာသလို ဖြစ်လာခဲ့၏။
အပြင်ဖက်သို့ ဖြန့်ကျက်ထားသော စိတ်ဝိညာဉ်စွမ်းအားကိုသုံး၍ ပင်မဝိညာဉ်ကို ကာကွယ်လိုက်သော်လည်း သူက အတော်လေး ခေါင်းကိုက်သွားခဲ့သေးသည်။ သူက ခေါင်းထဲတွင် မူးဝေသွားသလို ဖြစ်သွားပြီး နေမကောင်းသလို ခံစားလိုက်ရ၏။ ချက်ချင်း သေဆုံးသွားတော့မလိုပင် ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူက မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ကိုင်ပြီး ခံစားမှုကို ခုခံကြည့်လိုက်သည်။ သူက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။ သို့သော် အစိမ်းရောင်စွမ်းအင်များ၏ သက်ရောက်မှုကြောင့် ဓားအရှိန်က အတော်လေးကို နှေးကွေးနေသည်။
မကောင်းဆိုးဝါးမျက်လုံး ထွက်ပေါ်လာသည့်အချိန်တွင် သခင်လေးယဲ့က သတိပြန်ဝင်လာခဲ့၏။ သူက ညာလက်ကိုမြှောက်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်သည်။ သူ၏လက်ဖဝါးအလယ်တည့်တည့်မှနေ၍ မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာနေခဲ့၏။ သူ၏ အဝတ်အစားများကလည်း အနက်ရောင် ပြောင်းလဲသွားသည်။
မုန့်ချီ၏ ခြေထောက်နှင့် လက်များက ထုံကျင်သွားသလို ခံစားလိုက်ရ၏။ သူက ညာလက်နှင့် မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ယာယီထိန်းချုပ်၍ မရနိုင်တော့ပေ။ သူက ဓားကို မသုံးနိုင်သော်လည်း ရန်သူ၏ ချီစွမ်းအင်စီဆင်းမှုနှင့် ကြွက်သားများ ပြောင်းလဲမှုကို အာရုံခံနိုင်သည်။
သူ၏ ရွှေခေါင်းလောင်းအကာအကွယ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့က လျှပ်စီးနှင့် မိုးကြိုးစွမ်းအင်များကို ခုခံရန် လုံလောက်အောင် အစွမ်းမထက်သေးပေ။ ထိုအရာများက သူ၏သွေးကြောများ ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်းကိုသာ ကာကွယ်ပေးနိုင်သည်။
ရုတ်တရက်ဆိုသလို သူ၏ဘယ်လက်ပေါ်တွင် ရှိနေသော ခရမ်းရောင် မိုးကြိုးအမှတ်အသားက လှုပ်ရှားလာခဲ့သည်။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာသည့်အတွက် ထုံကျင်မှုက ပျောက်ကွယ်သွားခဲ့၏။
သို့သော် ထိုအချိန်တွင် သခင်လေးယဲ့က ဘယ်လက်သီးနှင့် ထိုးလိုက်သည်။ သူ၏လက်သီးပတ်ပတ်လည်တွင် အလွန်ကြောက်စရာကောင်းသော အနက်ရောင် မီးတောက်အလွှာတစ်ခု ရှိနေ၏။
သခင်လေးယဲ့က မုန့်ချီကို မတိုက်ခိုက်ရသေးခင် ထန်ရမ်က ကန်းလန်ဓားကို ဆွဲထုတ်လိုက်၏။ ဓား၏ပတ်ပတ်လည်မှနေ၍ အနက်ရောင်လှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက အလွန်ကြောက်စရာကောင်းသော ဓားဆန္ဒများနှင့်အတူ သခင်လေးယဲ့ဆီကို ရောက်သွားခဲ့၏။ သူက မြစ်ခွဲခြင်းဓားပညာ၏ အနှစ်သာရများကို ဖမ်းဆုပ်မိထားပြီး ရေလှိုင်း၏အစွမ်းနှင့် ဓား၏အရှိန် နှစ်ခုလုံးကို ပြီးပြည့်စုံစွာ ပေါင်းစပ်တိုက်ခိုက်နိုင်သည်။
အကယ်၍ သူ့ဆီတွင်သာ ကန်းလန်ဓား မရှိခဲ့လျှင် ချီစွမ်းအင်များက လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ တိုက်ခိုက်မှုကလည်း ခုခံရန် အလွန်ပြင်းထန်လှ၏။ ရန်သူက တစ်ကြိမ်သာ တိုက်ခိုက်ခံလိုက်ရသော်လည်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံလိုက်ရသလို ထင်မှတ်ရသည်။
ကန်းလန်ဓားကို အနည်းငယ် သုံးလိုက်ခြင်းက အလွန်ကြီးမားသော လှိုင်းလုံးကြီးများ စုစည်းလာစေနိုင်သည်။ ချီစွမ်းအင်များ၊ ခန့်မှန်း၍ မရနိုင်သော စွမ်းအားများနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ဤနယ်မြေကြီးတစ်ခုလုံးကို မြစ်ရေလှိုင်းများ တိုက်စားလာသလို ဖြစ်လာခဲ့၏။ ထိုအရာက လူတစ်ယောက်ကို ပြင်းထန်စွာ ဖိနှိပ်နိုင်သည်။
စံအိမ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ရှန့်ရွှေမြစ်ကြီးကလည်း ရုတ်တရက် လှုပ်ရှားလာပြီး ထန်ရမ်၏ တိုက်ခိုက်မှုနှင့်အတူ လိုက်ပါလှုပ်ရှားလာနေသလို ထင်မှတ်ရသည်။
ဓားချီစွမ်းအင်များကြောင့် စားပွဲက နှစ်ပိုင်းပြတ်သွားခြင်း မဟုတ်ဘဲ အပိုင်းပိုင်အစစ ပျက်စီးသွားခဲ့၏။ စားပွဲပေါ်တွင် ရှိနေသော ကြွေပန်းကန်များ၊ တူများ အားလုံးကလည်း အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။
သခင်လေးယဲ့က မုန့်ချီကို တိုက်ခိုက်နေရာမှ ချက်ချင်း ရပ်လိုက်ရ၏။ သူ၏ ဘယ်လက်သီးပေါ်တွင် ရှိနေသော အနက်ရောင်မီးတောက်များကလည်း လှိုင်းလုံးများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လှိုင်းထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။ အရိုးကျိုးသံတစ်ခုလည်း ထွက်ပေါ်လာပြီး သွေးများ စီးကျလာနေခဲ့သည်။ ဓားအလင်းတန်းကြောင့် သခင်လေးယဲ့က ရွံ့အိုင်ကြီးတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့၏။
ထန်ရမ်က တံခါး(၉)ပေါက် ပွင့်နေပြီး အစွမ်းထက်ချီစွမ်းအင်များ ရှိနေသည့်အပြင် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်လုနီးနေသော်လည်း အသက်ကြီးနေသည့်အတွက် ထိုသို့ တိုက်ခိုက်ပြီးသွားသည့်အချိန်တွင် နဖူးပေါ်မှနေ၍ ချွေးများ စီးကျလာနေခဲ့သည်။ သူ၏ ဆံပင်ဖြူများကလည်း ရေလောင်းထားသည့်အလား စိုရွှဲနေခဲ့၏။
သူက မြစ်ခွဲခြင်းဓားပညာ၏ အနှစ်သာရကို နားလည်ထားခဲ့သည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် ကန်းလန်းဓားကိုသုံးရန် သူ့အတွက် ခက်ခဲနေခြင်းမရှိချေ။ သူက နောက်ထပ်တိုက်ခိုက်မှု နှစ်ခုကိုပင် လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့သည်။
သူက အဖိုးတန်လက်နက်ကိုသုံးပြီး ပြန်ရုတ်သိမ်းလိုက်သည့်အချိန်တွင် မိန်းကလေးအန်က လက်ညှိုးထိုးလိုက်သည်။
"ဗုန်းးး…"
အုတ်ခဲများ၊ သစ်သားများက နေရာအနှံ့ လွင့်ပျံသွားပြီး နံရံတွင် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
အသားမည်းမည်းနှင့် လူသန်ကြီးက အပြင်ဖက်မှနေ၍ နံရံကို ဖျက်ဆီးပြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။ သူက ချောမွေ့နေသော လက်ဝါးနှစ်ဖက်နှင့် မုန့်ချီကို ကြောက်စရာကောင်းစွာ ရိုက်ချလိုက်သည်။ လက်ဝါးချက်က အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသည့်အတွက် မြေပြင်ပေါ်တွင် ရှိနေသော အပိုင်းအစများကပင် လေထဲသို့ လွင့်လာကြသည်။
မိန်းကလေးအန်ကလည်း လှုပ်ရှားလိုက်ပြီး မုန့်ချီ၏ မျက်ခုံးတည့်တည့်ကို လက်ညှိုးနှင့် ထိုးလိုက်သည်။ ထိုအချိန်တွင် နံရံတစ်ခုက တိတ်တဆိတ် ပြိုကျသွားခဲ့ပြီး ခရမ်းနီရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှန့်ရွှေမြစ်ကြီးက လှုပ်ရှားနေသည့်အချိန်တွင် ရေမျက်နှာပြင်က အက်ကွဲသွားပြီး အလွန်ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက စံအိမ်ဆီသို့ ရောက်လာခဲ့၏။
ကန်းလန်ဓားကို ကိုင်ထားသော ထန်ရမ်က အနက်ရောင်ဓားချီစွမ်းအင်များကိုသုံးပြီး လူသန်ကြီးကို ရင်ဆိုင်နိုင်ခြင်း မရှိချေ။ ထိုလှုပ်ရှားမှုက အလွန်အမင်းကို လျင်မြန်လွန်းလှပြီး ကောင်းကင်ပေါ်တွင် တောက်ပနေသော လမင်းကြီးပမာ ဖြစ်နေသည်။ သူက ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်တွင် လရောင်အောက်သို့ ကျရောက်နေပြီဖြစ်၏။
လှုပ်ရှားနေသော ရှန့်ရွှေမြစ်ကြီးက နှစ်ပိုင်းကွဲသွားပြီး လှိုင်းလုံးကြီးများက အလွန်လျင်မြန်၍ ကြမ်းတမ်းလာခဲ့သည်။ မြစ်အောက်ခြေတွင် ရှိနေသော သဲပွင့်လေးများကိုပင် မြင်နေရ၏။
"ဝုန်းးး…"
လှိုင်းလုံးများက အချင်းချင်း တိုက်မိသွားကြပြီး အလွန်ကြီးမားသော လှိုင်းလုံးကြီးက ကောင်းကင်ပေါ်ထိအောင် ရောက်သွားခဲ့သည်။ အနက်ရောင်စွမ်းအင်များကလည်း ခရမ်းနီရောင်အလင်းတန်းကို ဝါးမြိုသွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။
သူတို့၏ တိုက်ပွဲကြောင့် ခြံဝန်းငယ်လေးတစ်ဝက်ခန့် ပျက်စီးသွားခဲ့သည်။ ဓားနှစ်လက်၏ တိုက်ခိုက်မှုကြောင့် အဝေးတွင် ရှိနေသော နံရံများကပင် ပြင်းပြင်းထန်ထန် ပျက်စီးသွားကြရသည်။
"ကန်းလန်ဓားနှင့် ခရမ်းသေမင်းဓားတိုက်ပွဲ…."
ထိုအချိန်တွင် အဝေး၌ ရှိနေသော လမ်းကြားလေးထဲမှနေ၍ လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူကတော့ မုန့်ချီကို သတ်ရန် ကြိုးစားခဲ့သော ဓားသမားဖြစ်၏။ သူက ခရမ်းသေမင်းဓားကို မျက်နှာပျက်ပျက်နှင့် ကိုင်ထားခဲ့သည်။ ဓားထဲတွင်တော့ ဝိညာဉ်စွမ်းအား မရှိချေ။
ထန်ရမ်က မှင်တက်သွားခဲ့၏။ သူက မုန့်ချီ၏နောက်သို့ လိုက်လာသည်မှာ သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်းမှ ကာကွယ်ပေးရန် ဖြစ်သည်။ သူက ဤနေရာတွင် ခရမ်းသေမင်းဓားနှင့် ရင်ဆိုင်ရမည်ဟု တွေးထားခဲ့သော်လည်း သခင်လေးယဲ့က မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကယ်၍ သူတို့နှစ်ယောက်လုံးကသာ အရင်ဆုံး တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ တစ်ခြားသူများကို သွားရောက်ရှာဖွေလိုက်မည်ဆိုလျှင် သူတို့ ဝိုင်းဝန်းတိုက်ခိုက်သည့် အချိန်၌ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက သူတို့အတွက်လည်း ကောင်းမွန်နိုင်ခြင်း မရှိချေ။
သခင်လေးယဲ့၏ အစီအစဉ်များအရ သူက သူတို့ကို သတ်ပစ်ရန် စီစဉ်ထားသော်လည်း ရှန့်ရွှေမြစ်စံအိမ်ထဲတွင်တော့ မဟုတ်ချေ။ သူက တစ်ခြားသူများ သံသယဝင်လာပြီး သူ့အစီအစဉ်တွေကို နှောင့်ယှက်ခြင်းမှ ရှောင်တိမ်းလိုခြင်းလည်း ဖြစ်၏။
အကယ်၍ သူတို့နှစ်ယောက်ကသာ လှုပ်ရှားခဲ့ခြင်း မရှိလျှင် လမ်းကျဉ်းလေးထဲသို့ လှည့်ဝင်သွားသည်နှင့် ခရမ်းသေမင်းဓား၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်သည်။ သူတို့၏အစီအစဉ်ကို နှောင့်ယှက်နိုင်ခဲ့သည်မှာ ကံကောင်းသွားခဲ့၏။
ထိုအချိန်တွင် ယုယီဆီမှ အနက်ရောင်အငွေ့များ လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူမ၏ဝမ်းဗိုက်ကလည်း ဆယ်လပြည့်နေသော ကိုယ်ဝန်ဆောင်တစ်ယောက်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာခဲ့၏။
"ဖောက်…."
သူမ၏ဗိုက်ထဲမှနေ၍ သွေးများ ပေပွနေသော လက်တစ်ဖက် ထွက်လာသည်။ အနက်ရောင်အငွေ့များကလည်း ပို၍သိပ်သည်းလာပြီး သွေးသားများကို တိုက်စားလာခဲ့သည်။
အနက်ရောင်အငွေ့များက စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ပို၍သိပ်သည်းလာပြီး မျက်ခုံးကြားထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ရှိနေသော ပိန်ပိန်ပါးပါး လူတစ်ယောက် ပေါ်လာခဲ့သည်။
ကန်းလန်ဓားနှင့် ခရမ်းသေမင်းဓားတို့က အချင်းချင်း တိုက်ခိုက်နေသည့်အချိန်တွင် မုန့်ချီလည်း ပင်မဝိညာဉ်ဒဏ်ရာရသွားရာမှ သတိပြန်ဝင်လာပြီး မိုးကြိုးအလင်းတန်းကြောင့် ထုံကျဉ်သွားရာမှ ပြန်ကောင်းလာခဲ့သည်။
သူက ရှောင်တိမ်းနိုင်ခြင်း မရှိသလို ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိချေ။ သူက နောက်ကျောတွင် လူသန်ကြီး၏ ရိုက်ချက်ကို ခံလိုက်ရသည်။
သူ၏ရိုက်ချက်ကြောင့် သခင်လေးထန်၏ ကျောရိုးနှင့် နံရိုးများ ကျိုးသွားပြီး ကိုယ်တွင်းကလီစာများ ပျက်စီးသွားသည့်အတွက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရာသွားမည်ဟု လူသန်ကြီးက သေချာနေခဲ့သည်။
"ဖောက်…ဝုန်းးး…"
လက်ဝါးချက်နှစ်ခုဆီမှ ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
လူသန်ကြီး၏ လက်ဝါးနှစ်ခုက အလွန်မာကျောလွန်းလှသော ကျောက်တုံးကြီးတစ်ခုကို ရိုက်လိုက်ရသလို ခံစားလိုက်ရသည်။ လက်ဝါးချက်ကြောင့် မုန့်ချီ၏ အဝတ်အစားများက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။
ထိုအချိန်တွင် ပေါ်လာသော ခန္ဓာကိုယ်ကတော့ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ကြွက်သားများကလည်း ကြေးနီကဲ့သို့ ဖြစ်နေသည်။ လူသန်ကြီးက ရွှေရောင်အလင်းတန်းကို ရိုက်ချခဲ့သော သူ့လက်ဝါးသူ ပြန်စိုက်ကြည့်နေခဲ့၏။ ထိုလက်ဝါးက မည်သည့်အရာကိုမျှ ထိုးဖောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။
ထိုအချိန်တွင် မုန့်ချီက ရှေ့သို့ခုန်တက်လိုက်ပြီး ဘယ်လက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။ သူ့လက်ဝါးက မိန်းကလေးအန်၏ လက်ခလယ်ဆီကို ဦးတည်လိုက်ခြင်း ဖြစ်၏။
မိန်းကလေးအန်ကလည်း မုန့်ချီဆီမှနေ၍ အလွန်အမင်းကို အစွမ်းထက်ပြီး ကြောက်စရာကောင်းသော လက်ဝါးလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ၏ လက်ချောင်းလေးများက ထုံကျဉ်သွားခဲ့၏။ ထိုအခါ သူမကလည်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ရမည့်အစား နောက်ဆုတ်သွားခဲ့သည်။ သူမက သူ၏လက်ဝါးစွမ်းအားများကို အလွန်ရင်းနှီးနေခဲ့၏။
မုန့်ချီက သွေးအန်လုမတတ် ခံစားလိုက်ရသည်။ သွေးကြောများကလည်း မသက်မသာ ခံစားနေရပြီး ပျက်စီးသွားတော့မလို ခံစားနေရသည်။
လူသန်ကြီးက တံခါး(၉)ပေါက်အဆင့် မရောက်သေးပေ။ သို့သော် သူ၏လက်ဝါးရိုက်ချက်က ထန်ရှုထက် အဆပေါင်းများစွာ ပိုသာသည်။ သူက လက်ဝါးစွမ်းအားကို ပြည့်စုံစွာ စုစည်းနိုင်ခဲ့၏။ သူက တစ်ခြားလူဆီမှ စွမ်းအားကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း မသိခဲ့ပေ။ မဟုတ်လျှင် ရွှေခေါင်းလောင်းအကာကွယ်ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကပင် ပျက်စီးသွားနိုင်သည်။
မုန့်ချီကတော့ တစ်ခြားကမ္ဘာမှ နတ်ဆိုးတစ်ကောင်အလား လေထဲသို့ ခုန်လိုက်ပြီး သူ့ဆီသို့ ထူးဆန်းစွာ ပြန်လှည့်လာခဲ့သည်။ ထို့နောက် ဓားနှင့် တိုက်ခိုက်လိုက်၏။ ဓားအလင်းတန်းက သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည့်အလား အလွန်ကြည်လင်တောက်ပနေခဲ့သည်။ ထိုအရာက မီးတောက်စွမ်းအား တစ်ခုကဲ့သို့ဖြစ်နေပြီး ရင်ဆိုင်ရန် ခက်ခဲ၏။
မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ အနှစ်သာရကို နားလည်လာပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်အသုံးပြုခြင်းလည်း ဖြစ်သည်။ ကောင်းကင်ဓားကျင့်စဉ်၏ အကူအညီကြောင့် သူက ထိုဓားချက်ထဲတွင် အစွမ်းကုန်သုံးထားခဲ့၏။
မုန့်ချီက သူ့အကြောင်းကို ဂရုမစိုက်နိုင်တော့ပေ။ သူက ထန်ရှုနှင့် တိုက်ခိုက်ရာတွင်ဖြစ်စေ သခင်လေးယဲ့နှင့် တိုက်ခိုက်ရာတွင်ဖြစ်စေ ရန်သူကို ရင်ဆိုင်ရန်သာ အာရုံစိုက်ထားပြီး မည်သည့်ဓားပညာကို အသုံးပြုသင့်ကြောင်း တွေးထားခဲ့သည်။
သူ့ခေါင်းထဲတွင်တော့ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေခဲ့၏။ သူက နှလုံးသား၏ လမ်းညွှန်မှုအတိုင်း လိုက်နာရန် လိုအပ်ပြီး နောက်ဆုံးရလဒ်ကိုတော့ မေ့လျော့ထားသည်။
ဓားဆန္ဒများ၏လှုံ့ဆော်မှု၊ ချီစွမ်းအင်များ စီးဆင်းလာမှုနှင့် ကြွက်သားများ၏ တုံ့ပြန်မှုများက မုန့်ချီ၏ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ လှုပ်ရှားနေသော ခံစားချက်များကလည်း ပန်းချီကားတစ်ချပ်ကဲ့သို့ သူ့ရှေ့တွင် ပေါ်လာရ၏။
တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲသူက တစ်ခြားသူများကိုတော့ တိတ်ဆိတ်ငြိမ်သက်မှုများ ပေးစွမ်းနိုင်သည်။ အနတ္တကျိန်စာဖျက်ဓားပညာက ဗုဒ္ဓလမ်းစဉ်ကို ဆန့်ကျင်နေသော သိုင်းပညာတစ်ခုဖြစ်ကြောင်း ဘုန်းတော်ကြီးအများစုက သတ်မှတ်ထားကြသည်။ သမိုင်းကြောင်းထဲတွင် နာမည်ကျော်ဘုန်းတော်ကြီးအနည်းငယ်ကသာ ထိုအရာကို ကျွမ်းကျင်ကြ၏။
ထိုအချိန်တွင် လူသန်ကြီး၏ခေါင်းထဲ၌ အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူက အမှောင်ထုကြီးနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရပြီး အရာအားလုံးက သူ့ကို လွှမ်းခြုံသွားခဲ့၏။ ထိုအရာက အနက်ရောင် ကန့်လန့်ကာကြီးတစ်ခုဖြစ်နေသည်။
လူသန်ကြီးကို ကျွေးမွေးပြုစုခဲ့သောဆရာက သူအမှားလုပ်သည့်အချိန်တိုင်း သူ့ကို မကြာခဏ ပြစ်တင်ကျိန်းမောင်းတတ်သည်။ သူ့ဆရာက သူ့ကို အပြစ်ပေးသည့်အချိန်တိုင်း သူကတော့ မမျှတသော ကောင်းကင်ဘုံကို အပြစ်တင်နေပြီး ငြိမ်းချမ်းမှုကို လိုချင်နေခဲ့သည်။
ချစ်ခြင်းမေတ္တာတရားက ခက်ခဲသည်။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။ ပျော်ရွှင်သောဘဝကြီးကလည်း တစ်ချိန်ချိန် အဆုံးသတ်သွားရပါလိမ့်မည်။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။
လူသားများက လိင်မှုကိစ္စကို အလွန်အကျွံပျော်မွေ့နေကြသည်။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။
သက်ရှိများအားလုံး တစ်ချိန်ချိန်တွင် သေဆုံးသွားရမည်ဖြစ်သည်။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။
ဗုဒ္ဓက သနားညှာတာမှုမရှိချေ။ ထို့ကြောင့် သူက လူသတ်ရန ရွေးချယ်ခဲ့၏။
တန်ခိုးရှင်များက ကမ္ဘာကြီး၏ကိစ္စရပ်များကို နှောင့်ယှက်နေသည်။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။
ကောင်းကင်ဘုံက တရားမျှတမှုမရှိချေ။ ထို့ကြောင့် သူက လူသတ်ရန် ရွေးချယ်ခဲ့၏။
သူကတော့ လူသတ်သည့်နည်းလမ်းကို ရွေးချယ်ပြီး စကြဝဠာအသစ်တစ်ခုကို ပြန်လည်ဖန်တီးချင်ခဲ့သည်။ နီရဲနေသော သူ၏မျက်လုံးများထဲတွင်လည်း သတ်ဖြတ်ချင်စိတ်များသာ ပြည့်နှက်နေခဲ့၏။ သူ၏လက်ဖဝါးထဲတွင်လည်း အလွန်ကြောက်စရာကောင်းသော ချီစွမ်းအင်များ ပြည့်နှက်လာသည်။
ဓားချီစွမ်းအင်များ တောက်ပလာသည့် အချိန်တွင် ဓားသွားက သူ၏လက်ဖဝါးပေါ်ကို ရောက်လာပြီး ငှက်မွှေးလေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။ ဓားသွားက သူ့လည်ပင်းကို ခုတ်လိုက်သည့်အချိန်တွင် သွေးများ စီးကျလာခဲ့၏။ သူက အော်ဟစ်လိုက်ပြီး ဘယ်လက်ဝါးနှင့် ဓားသွားကို ရိုက်ချလိုက်သည်။
ထိုအချိန်တွင် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားပေါ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ သူက ခဏကြာ အကြောသေသွားခဲ့ပြီး လက်ဝါးနှင့် တိုက်ခိုက်ရန် အလွန်နောက်ကျသွားသည်။ ထို့ကြောင့် ဓားချက်ကို မခုခံနိုင်ခင် သေဆုံးသွားခဲ့ရ၏။
ထိုလူက ထန်ရှုနှင့် ဓားသမားတို့ထက် ပို၍အစွမ်းထက်သော်လည်း အန်ကုံရှဲ့ကဲ့သို့ အစွမ်းထက်ခြင်း မရှိချေ။ ပြောရမည်ဆိုလျှင် ထိုလူက တံခါး(၉)ပေါက်အဆင့်ကို မရောက်သေးသည့်အတွက် အကာအကွယ် ချီစွမ်းအင်များ မရှိချေ။
မုန့်ချီက အန်ကုံရှဲ့နှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် ယခုလို တံခါး(၆)ပေါက် ပွင့်နေပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို အောင်မြင်ခြင်း မရှိသေးသလို အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုလည်း နားမလည်သေးပေ။
ထိုအချိန်တည်းကစပြီး မုန့်ချီ၏ ဓားပညာက အသွင်ပြောင်းလာခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကလည်း တိုးတက်လာခဲ့သည်။ သူယခင်က သုံးခဲ့သောဓားထက် အဆပေါင်းများစွာ ပို၍ဈေးကြီးသော မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကိုလည်း ရရှိခဲ့၏။ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားက ပေးရသည့်ဈေးနှင့်တန်သည်။
မုန့်ချီက ဓားသွားပေါ်သို့ ကျရောက်လာသော လက်ဝါးစွမ်းအင်များကို ဖယ်ရှားလိုက်ပြီးနောက် ပြန်လှည့်လာသည်။ ထို့နောက် ထိုဓားနှင့် သူ့ဆီကို ပျံသန်းလာသော မိန်းကလေးအန်ကို ခုတ်ချလိုက်ပြန်၏။
လူသန်ကြီး၏ သေဆုံးမှုကို မြင်လိုက်ရသည့်အတွက် သူမက လမ်းတစ်ဝက်တွင် ရပ်သွားခဲ့၏။ သူမက အနည်းငယ် မျက်မှောင်ကြုတ်နေမိသည်။
မုန့်ချီ၏အစွမ်းက ခန့်မှန်း၍ မရနိုင်သလို ခံစားမိနေသည့်အတွက် သူမ၏ လက်ချောင်းလေးများ ကြားထဲတွင် ကြည်လင်နေသော အပြာရောင်အပ်ကလေးများ ပေါ်လာခဲ့သည်။ ထိုအရာက သူမ၏ နောက်ဆုံးဝှက်ဖဲလည်းဖြစ်၏။ ထိုအရာကိုသူမ၏မကောင်းဆိုးဝါး ခန္ဓာလှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် အစွမ်းထက်ရန်သူပေါင်းများစွာကို သတ်ရန် ကူညီပေးနိုင်ခဲ့သည်။
ယခုတိုက်ခိုက်ခဲ့သော သခင်လေးထန်၏လှုပ်ရှားမှုကို သူမက အလွန်ရင်းနှီးနေခဲ့၏။ သူမက ထိုအရာကို မြင်ခဲ့ဖူးသည်မှာ သေချာနေသည်။
ကန်းလန်ဓားနှင့် ခရမ်းသေမင်းဓားတို့ တိုက်ခိုက်လိုက်ကြပြီးနောက် ထန်ရမ်နှင့် ဓားသမားတို့က စွမ်းအင်အလွန်အမင်း ကုန်ဆုံးနေကြရသည်။ ထို့ကြောင့် သူတို့က အလွန်ရှုပ်ထွေးစွာ ရင်ဆိုင်နေကြရ၏။
မုန့်ချီက ထိခိုက်မှုမရှိကြောင်း သတိထားမိသည့်အတွက် ထန်ရမ်က ထူးဆန်းသလို ခံစားနေရသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုကိုသာ အလေးထားခဲ့၏။ သူ၏ဓားချက်များက လှိုင်းလုံးများကဲ့သို့ ရောက်ရှိလာသည့်အတွက် ဓားသမားက အတော်လေး ခက်ခဲနေရသည်။
ဓားသမား၏မျက်လုံးများက တောက်ပနေသော်လည်း လှုပ်ရှားမှုကတော့ ပြောင်းလဲခဲ့ခြင်း မရှိချေ။ သူ့ကို ခရမ်းသေမင်းဓားကသာ ကာကွယ်ပေးထားခြင်း မရှိလျှင် ထန်ရမ် လေ့ကျင့်ထားသော မြစ်ခွဲခြင်းဓားပညာ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
ထိုအချိန်တွင် အနက်ရောင်အငွေ့များထဲမှနေ၍ ကိုယ်လုံးတီး လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုအရာကတော့ သခင်လေးယဲ့ ဖြစ်ပုံရ၏။ ပို၍ကြီးမားသော အစိမ်းရောင်မျက်လုံးတစ်ခု ရှိနေသည့် သခင်လေးယဲ့က ထန်ရမ်ကို ဘယ်လက်ဝါးနှင့် တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ထန်ရမ်ကတော့ အလွန်လေးလံသွားသလို ခံစားလိုက်ရပြီး လှုပ်ရှားမှုက နှေးကွေးသွားခဲ့သည်။ ဓားသမား၏ဓားနှင့် အထိုးခံရတော့မလိုပင် ဖြစ်သွားခဲ့၏။
Translated by Hein Htet