← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

သခင်လေးယဲ့က ညာလက်ဝါးကို မြှောက်လိုက်ရာ လက်ဝါးအလယ်တည့်တည့်တွင် အစိမ်းရောင်မိုးကြိုးများ လည်ပတ်နေခဲ့သည်။ များပြားလွန်းလှသော လျှပ်စီးကြောင်းများကလည်း ထန်ရမ်ကို တိုက်ခိုက်လိုက်၏။

ထန်ရမ်က ထိုသိုင်းကွက်ကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သခင်လေးယဲ့က လက်မြှောက်လိုက်သည့်အချိန်တွင် ကန်းလန်ဓားနှင့် ခန္ဓာကိုယ် ပတ်ပတ်လည်ကို စက်ဝိုင်းခြမ်းသဖွယ် ခုတ်ပိုင်းလိုက်သည်။

ဓားသွား၏ တိုက်ခိုက်မှုကြောင့် လျှပ်စီးကြောင်းများက မီးပွားလေးများအဖြစ် ပြောင်းလဲသွားခဲ့၏။ သိပ်မကြာခင် ထိုမီးပွားများကို အနက်ရောင် အလင်းတန်းများက ဝါးမြိုသွားခဲ့လေသည်။

ထန်ရမ်က သူ၏လက်ဝါးထဲရှိ မိုးကြိုးများကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဓားသမား ဝှေ့ယမ်းတိုက်ခိုက်လိုက်သော ခရမ်းသေမင်းဓားနှင့် ထိုးမိတော့မလို ဖြစ်သွားခဲ့၏။ အကယ်၍ ဓားသမားက စိတ်ကို ထိန်းချုပ်ခံထားရသည့်အတွက် လှုပ်ရှားမှုများက တောင့်တောင့်ကြီး ဖြစ်နေလျှင်ပင် ထန်ရမ်က သေဆုံးသွားနိုင်သည်။ ခရမ်းသေမင်းဓားကြောင့် သူ၏ဓားရှည်ကပင် ပျက်စီးသွားနိုင်၏။

သခင်လေးယဲ့၏ တိုက်ခိုက်မှုကြောင့် သူက ဓားပညာကို ပြည့်ပြည့်ဝဝ ပြသနိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း အရေးနိမ့်လာရသည်။ ထို့ကြောင့် သူက မကျွမ်းကျင်သော တိုက်ခိုက်ရေးပုံစံကိုသာ အသုံးချနေရ၏။

သခင်လေးယဲ့နှင့် ဓားသမားတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထန်ရမ်က အလျင်အမြန် ဒုက္ခ‌ရောက်လာခဲ့သည်။ သူက ကန်းလန်ဓားကို တစ်ကြိမ်ပြီး တစ်ကြိမ် အသုံးပြုနိုင်သော်လည်း ဓားသမားဆီတွင် တူညီသောစွမ်းရည်တစ်ခု ရှိနေပြန်သည်။ သူကလည်း ခရမ်းသေမင်းဓားကို အသုံးချနိုင်၏။ နှစ်ဖက်စလုံးက အချင်းချင်း ချေဖျက်လိုက်မည်ဆိုလျှင် သူကတော့ အနိုင်ရလိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သခင်လေးယဲ့၏ သိုင်းပညာက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍ မရနိုင်ပေ။ အကယ်၍ ထန်ရမ်ကသာ အသတ်ခံလိုက်ရမည်ဆိုလျှင် သို့မဟုတ် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမည်ဆိုလျှင် မုန့်ချီဆီ၌ အန္တရာယ်များ ဝိုင်းလာနိုင်သည်။

တခြားပညာရှင်များနှင့် မတူဘဲ သခင်လေးယဲ့ဆီတွင် လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှိသည်။ သူက အဝေးမှနေ၍ သဘာဝစွမ်းအားများနှင့် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။

မုန့်ချီကတော့ အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပြင်ပစွမ်းအားများကို ယူဆောင်၍ မရနိုင်သလို သေသူကိုလည်း ပြန်ရှင်အောင် မလုပ်နိုင်ပေ။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ရှိနေသည်ကိုပင် သူက အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။

အကယ်၍ သူက လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံးပြီး ထွက်ပြေးချင်သည်ဆိုလျှင်ပင် မိုးကြိုးလက်ဝါးထက် ပို၍ လျင်မြန်နိုင်မည် မဟုတ်ပေ။ ‌

အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားသည့်အချိန်တွင် မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို လေထဲသို့ မြှောက်လိုက်၏။ သူက အလွန်ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူက ဓားနှင့် မိန်းကလေးအန်ကို လျှပ်စီးကြောင်းတစ်ခုသဖွယ် ခုတ်ချလိုက်၏။

မိန်းကလေးအန်က လုပ်ကြံသတ်ဖြတ်မှုနှင့် ကိုယ်ဖော့ပညာတွင် အလွန်ကျွမ်းကျင်သည်။ အထူးသဖြင့် သူမ၏ အပြာရောင်အပ်များက လူတစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်စွမ်းရှိ၏။ သူမက လေပွေလှိုင်းလေး တစ်ခုပမာ အလွန်လှပသော အမူအရာနှင့် မုန့်ချီ၏ ဓားချက်ကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

ထို့နောက် သူမက မုန့်ချီ၏ အနားသို့ ကပ်လာပြီး အပြာရောင် အဆိပ်အပ်နှင့် လှမ်းထိုးလိုက်သည်။ လရောင်က အဆိပ်အပ်‌ပေါ်သို့ ကျဆင်းလာသည့် အချိန်တွင် အရိပ်လေးတစ်ခု ထွက်ပေါ်လာပြီး ကြည့်နေသည့်သူကို ဇဝေဇဝါ ဖြစ်သွားစေနိုင်သည်။

မုန့်ချီကတော့ နောက်ပြန်လှည့်မကြည့်ဘဲ ရထားလုံးတစ်စီးကဲ့သို့ သခင်လေးယဲ့ဆီကို ပြေးသွားခဲ့သည်။ တစ်ချိန်တည်းတွင် ခန္ဓာကိုယ်နှင့် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို တစ်ပတ်လှည့်လိုက်၏။

မြစ်ထဲတွင် လရောင်ကဲ့သို့ ထင်မှတ်ရသော ဓား၏စွမ်းရည်များကလည်း ရေလှိုင်းများကဲ့သို့ လှုပ်ရှားလာခဲ့သည်။ ဓားချီစွမ်းအင်များက မိန်းကလေးအန်၏ နှလုံးသားထဲသို့ ကျရောက်လာသလို ထင်မှတ်ရသည်။

သူတို့နှစ်ယောက်စလုံးက ဖြစ်နိုင်သည့် တိုက်ခိုက်မှုမျိုးစုံကို အသုံးပြုနေကြသည်။ သို့သော် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကတော့ မိန်းကလေးအန်၏ ပြောင်းလဲမှုများကို ကြိုတင်သိနေပုံရပြီး အချိန်မီ တုန့်ပြန်နိုင်ခဲ့သည်။

မုန့်ချီက ဓားဦး ၊ ဓားနှောင့်နှင့် ဓားသွားတို့ကို အချိန်ကိုက် လှုပ်ရှားပြီး အပြာရင့်ရောင် အဆိပ်အပ်လေးများကို ကာကွယ်နေ၏။ မုန့်ချီ၏ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက မိန်းကလေးအန်၏ အပြာရောင်အပ်ကလေးများကို ဆက်တိုက် ဖယ်ရှားနေသည့် အချိန်တွင် တချွင်ချွင် မြည်သံများ ထွက်ပေါ်လာနေသည်။

ပထမတော့ သူတို့က ဓားမောက်နှင့် အပ်တို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ မုန့်ချီဆီတွင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ရှိနေ၏။

သူမ၏လက်မနှင့် လက်ညှိုး ကြားထဲတွင် ထုံကျင်သွားသည့်အချိန်၌ မိန်းကလေးအန်က တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်သည်။ ထို့နောက် သူမက နောက်ဆုတ်လိုက်ပြီး ခဏ အနားယူနေလိုက်၏။

"သေလိုက်စမ်း… "

မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မိန်းကလေးအန်က သေချာပြင်ဆင်ထားခဲ့သော်လည်း သူမက ငြိမ်သက်သွားခဲ့ရ၏။ ပိုဆိုးသည်မှာ သူမက အလွန်ကြောက်စရာကောင်းသော မုန့်ချီ၏ တိုက်ခိုက်မှုကို မနည်းရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် မုန့်ချီက သခင်လေးယဲ့ဆီသို့ ဒေါသတကြီး ပြေးဝင်သွားသည်ကို မြင်သည့်အခါ သူမက မတတ်သာစွာ ရပ်ကြည့်နေခဲ့ရသည်။

သူ၏ အသားအရည်က ကြေးနီရောင်ပေါက်နေပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနေသည်။ သူ၏ ကြွက်သားများပေါ်တွင်လည်း အလွန်နက်ရှိုင်းသော လက်ဝါးရာကြီး နှစ်ခု ရှိနေ၏။

မိန်းကလေးအန်က သက်ပြင်းချလိုက်မိပြီး သူ့နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့၏။

မိန်းကလေးအန်က ထိပ်တိုက်တိုက်ပွဲတွင် ကျွမ်းကျင်မှု မရှိသည့်အတွက် မုန့်ချီက အလွန်ကြောက်စရာကောင်းသော အစွမ်းကို သုံးပြီး သူမကို နောက်ဆုတ်သွားအောင် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက ထန်ရမ်ကို သတ်ရန် ကြိုးစားနေသော သခင်လေးယဲ့ကို လှမ်းခုတ်လိုက်ခြင်းဖြစ်၏။

ထန်ရမ်ကသာ တစ်စက္ကန့် နှစ်စက္ကန့်ခန့် ထိန်းထားနိုင်ဦးမည်ဆိုလျှင် သူက ဓားသမားကို အလွယ်တကူ သတ်နိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ဓားသမားက ခရမ်းသေမင်းဓားကိုဆက်၍ မသုံးနိုင်တော့ပေ။

ထိုအချိန်တွင် သခင်လေးယဲ့၏ မျက်ခုံးကြားထဲ၌ ရူးသွပ်ဖွယ် အစိမ်းရောင် မျက်လုံးတစ်ခု ပေါ်လာခဲ့ပြီး သူ၏ငရဲဝိညာဉ်နှင့် သွေးသားများက မိုးကြိုးဟိန်းသံ၏ လွှမ်းမိုးမှု မခံရအောင် ကာကွယ်ပေးထားသည် ။ မုန့်ချီက သူ့ဆီသို့ ပြေးဝင်လာကြောင်း မြင်လိုက်ရသည့်အခါ သခင်လေးယဲ့က ဘယ်လက်ဝါးနှင့် ကြို၍ ကြောက်စရာကောင်းစွာ ရိုက်ချလိုက်သည်။

မုန့်ချီက မျက်နှာပျက်သွားပြီး ချက်ချင်းပင် အရှိန်လျှော့လိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကလည်း လေးလံသော သံကြိုးကြီးများကဲ့သို့ ဖြစ်လာကြောင်း ခံစားမိနေသည်။

သူ လေ့ကျင့်ထားခဲ့သော ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်တို့ကြောင့် သူက ထန်ရမ်ထက် ပို၍အစွမ်းထက်၏။ ကြွက်သားများကလည်း တစ်ခုပြီး တစ်ခု စတင်ကြီးထွားလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း စွမ်းအားများ ဝင်ရောက်လာသည့်အလား တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြောင်းလဲလာခဲ့၏။

သူက လေလှိုင်းများထဲတွင် ရုန်းကန်နေရာမှနေ၍ ရေထဲသို့ ရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကလည်း အစိမ်းရောင်မိုးကြိုးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သခင်လေးယဲ့ကို ပြန်လည်တိုက်ခိုက်လိုက်သည်။

သခင်လေးယဲ့က ထန်ရမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း မုန့်ချီက သံကြိုးကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဘေးဘက်သို့ လက်သီးတစ်ချက် ထိုးလိုက်ရာ အနက်ရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေခဲ့၏။

ညာလက်ကလည်း ပို၍ကြီးမားလာပြီး ပုံမှန်အရွယ်အစား၏ နှစ်ဆခန့် ဖြစ်လာသည်။ ထိုတိုက်ခိုက်မှုက နှေးကွေးပြီး လေးလံသည်ဟု ထင်မှတ်ရသော်လည်း မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို တိတိကျကျ တိုက်ခိုက်နိုင်ခဲ့၏။

"ဘုန်း…… "

မကောင်းဆိုးဝါး စမ်းသပ်ရေးဓားဆီမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အနက်ရောင်မီးတောက်များကို ဖယ်ရှားလိုက်သည်။

အလွန်များပြားသော စွမ်းအားများကို ခံစားမိသည့်အခါ သခင်လေးယဲ့၏ အစွမ်းက သူ့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်ကြောင်း မုန့်ချီက တွေးလိုက်မိသည်။ ထို့နောက် သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးပြီး သခင်လေးယဲ့၏ စွမ်းအားများကို ငှားယူလိုက်သည်။ တဖန် သူက ကြောက်စရာကောင်းသော အရှိန်အဝါကို သုံးပြီး သခင်လေးယဲ့ကို နောက်တစ်ကြိမ် တွန်းထုတ်လိုက်၏။

"ဒါက နတ်ဘုရား တစ်ပါးရဲ့ အစွမ်းပဲ… "

သခင်လေးယဲ့၏ အမူအရာက အလွန်လေးနက်နေသည်။ သူ၏မျက်ခုံးကြားထဲတွင် ရှိသော အစိမ်းရောင်မျက်လုံးဆီမှနေ၍ တောက်ပသော အလင်းရောင်များလည်း ထွက်နေခဲ့၏။

တစ်ချိန်တည်းတွင် ရှန့်ရွှေမြစ်ထဲတွင်တော့ မီတာ (၃၀)ခန့်မြင့်သော လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခြံဝန်းငယ်လေးကို လွှမ်းမိုးသွားပြန်သည်။ ရောက်လာသော ရေလှိုင်းများက လျင်မြန်စွာ မည်းနက်သွားပြီး အငွေ့ပျံလာကြသည်။

မုန့်ချီက ထိုအခြေအနေကို လျစ်လျူမရှုရဲပေ။ သူက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ပတ်ပတ်လည်သို့ လှည့်ပတ်တိုက်ခိုက်နေရာ မိုးကြိုးအလင်းတန်းများ ထွက်ပေါ်လာနေသည်။

သခင်လေးယဲ့၏ နှောင့်ယှက်မှုသာ မရှိလျှင် ထန်ရမ်က အသာစီးရနေပြီဖြစ်သည်။ သူက ဓားသမားကို သတ်တော့မည့်အချိန်တွင် အနက်ရောင်လှိုင်းလုံးကြီးက သူ့ကို တားဆီးလိုက်ပြန်သည်။ ထို့ကြောင့် သူလည်း ကန်းလန်ဓားကို ကန့်လန့်ဖြတ်ခံပြီး လှိုင်းလုံးကို ခုတ်ဖြတ်လိုက်ရ၏။

ထိုအခါ ဓားချီစွမ်းအင်များက အိပ်မက်တစ်ခုသဖွယ် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အနက်ရောင်လှိုင်းလုံးကြီးကလည်း နှစ်ပိုင်းပြတ်သွားပြီး ထန်ရမ်၏ ဘေးနှစ်ဖက်သို့ စီးကျသွားခဲ့၏။

မုန့်ချီ အကြောက်ဆုံးအရာကတော့ ဓားသမားက သူ၏အသက်ကို ပဓာန မထားဘဲ လှိုင်းလုံးထဲတွင် ခရမ်းသေမင်းဓား အသုံးပြုလိုက်မှာကို ဖြစ်သည်။ ထိုအချိန်တွင် ထန်ရမ်က သူ့ကိုယ်သူ ကာကွယ်ရန် ကန်းလန်ဓားကို အသုံးပြုရမည်ဖြစ်၏။ သူ့ဆီတွင် တခြားအစွမ်းလည်း မရှိပေ။

အဆုံးတွင်တော့ မုန့်ချီတစ်ယောက်တည်းနှင့် သခင်လေးယဲ့ ၊ မိန်းကလေးအန်တို့ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အကယ်၍ ထန်ရမ်က သူ့ဆီသို့ ကန်းလန်ဓား ပေးလိုက်မည်ဆိုလျှင်လည်း သူကတော့ အကြောင်းပြချက်များစွာကြောင့် ဓားကို အသုံးမချနိုင်ပေ။

ပထမဦးဆုံးအချက်ကတော့ မိသားစု၏ အဖိုးတန်လက်နက်ကို သုံးချင်သည်ဆိုလျှင် ထန်မိသားစု၏ မျိုးဆက်ဖြစ်နေရန် လိုအပ်သည်။ သူကတော့ ဒုတိယထန်သခင်လေး အတုဖြစ်၏။ ထို့ကြောင့် သူက ဓားကို ထိန်းချုပ်ရန် အချိန်ပေးရနိုင်သည်။

ဒုတိယအချက်ကတော့ တိတ်ဆိတ် ငြိမ်သက်ခြင်း ခုတ်ချက်ကို သုံးလိုက်ပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအား အတော်လေး ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူက ဓားကို သုံး၍ မရနိုင်ပေ။ မည်သို့ဖြစ်စေကာမူ သူက တံခါး (၉) ပေါက် ပွင့်နေခြင်း မရှိသေးချေ။ သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို အမြင့်ဆုံးသုံးထားမည်ဆိုလျှင် သူ၏ ချီစွမ်းအင်များကို စိုးရိမ်စရာ မလိုအပ်သော်လည်း စိတ်ဝိညာဉ် စွမ်းအားများကိုတော့ ထိန်းသိမ်းထားရန် လိုအပ်နေသေး၏။

သူက လိုအပ်လာလျှင် စွန့်လွှတ်ခြင်းကျင့်စဉ်ကို အားကိုးရဦးမည်ဖြစ်သည်။ မိုးကြိုးအမှတ်အသားနှင့် ယှဉ်လိုက်မည်ဆိုလျှင် အဖိုးတန်လက်နက်ကို အသုံးချရန် လိုအပ်သည့် စိတ်ဝိညာဉ် စွမ်းအားက ပို၍ များပြားသည်။ ထိုအရာက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရန် လိုအပ်ပြီး သဘာဝစွမ်းအင်များကို အသုံးချရခြင်းဖြစ်၏။

ထို့ပြင် သခင်လေးယဲ့နှင့် မိန်းကလေးအန်တို့က ခရမ်းသေမင်းဓားကိုပင် ကြိုတင်အသုံးချနိုင်လိမ့်မည်ဟု သူလည်း မသိထားခဲ့ပေ။ အကယ်၍ သခင်လေးယဲ့က ပြန်ရှင်လာရသည့်အတွက် စိတ်ဝိညာဉ် စွမ်းအားအမြောက်အများ ကုန်ဆုံးသွားမည်ဆိုလျှင်ပင် မိန်းကလေးအန်ကတော့ သူ၏ကန်းလန်ဓားကို တားဆီးနိုင်သေးသည်။

ထို့ကြောင့် စွမ်းအားအများစုကို ထိန်းသိမ်းထားသေးသော သခင်လေးယဲ့က မုန့်ချီနှင့် ထန်ရမ်တို့ကို အနားမရစေိတ်ပိုင်းဆိုင်ရာ ပင်ပန်းသွားစေရန် တိုက်ခိုက်နိုင်သည်။ ထိုအချက်များအားလုံးက သိသာထင်ရှားနေ၏။

လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည့်အချိန်တွင် ဓားချီစွမ်းအင်များက ဖဲပြားတစ်ခုပမာ ဖြစ်လာသည်။ အနက်ရောင်လှိုင်းလုံးများကလည်း မုန့်ချီ၏ ရှေ့တွင် ကန့်လန့်ဖြတ်ပေါ်လာခဲ့၏။

ထိုအချိန်တွင် သခင်လေးယဲ့ ၊ မိန်းကလေးအန် ၊ ဓားသမားနှင့် ရှမ်းချန့်တို့ကို မမြင်ရသည့်အတွက် သူ့ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူကိုယ်တိုင်ကလည်း ထန်ရမ်ကို ခေါ်ပြီး ထွက်ပြေးရန် စဉ်းစားထားခဲ့၏။ သူတို့က အနက်ရောင်လှိုင်းလုံးများ ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားပုံရသည်။

မဟုတ်လျှင် သူတို့ကို ခဏကြာ ရင်ဆိုင်နေရင်း သူက ချီကျန်းရန်ကို စောင့်ရမည်ဖြစ်သည်။ မုန့်ချီက ထန်ရှု၏အလောင်းကို ဟွမ်ဟွာဆန်ဆိုင်သို့ ပို့ပေးလိုက်ပြီး ထန်မိသားစုနှင့် ဟွမ်ဟွာဓားဂိုဏ်း၏ တင်းမာမှုကို ပြေလျော့စေရန် ကူညီပေးလိုက်၏။

မုန့်ချီက သူ၏ လက်ရှိအခြေအနေနှင့် နောက်ကွယ်တွင် ရှိနေသော လက်မည်းကြီး ပေါ်လာတော့မည့်အကြောင်း ချီကျန်းရန်ကိုလည်း သတိပေးချင်နေသေးသည်။ ချီကျန်းရန်က ထိုအရာကို စောင့်ကြည့်ရန် လိုအပ်၏။

သို့သော် ထန်ရမ်နှင့် သူကိုယ်တိုင်ကတော့ လုံးဝကို မျက်ခြေပြတ်သွားခဲ့ရပြီး သူတို့ကို လက်လွှတ်ခဲ့ရသည်။

လှိုင်းလုံးများ ပျောက်ကွယ်သွားသည့်အချိန်တွင် ရေမျက်နှာပြင်ကြီးက တည်ငြိမ်သွားခဲ့သည်။ လရောင်ကလည်း ရေပြင်ပေါ်သို့ ကျဆင်းလာနေသည်မှာ အလွန်တည်ငြိမ်အေးချမ်းနေသည်။

ခြံဝန်းထဲတွင်တော့ သွေးစများအဖြစ် ပြောင်းလဲသွားသော လူသန်ကြီး၏ အလောင်းနှင့် မုန့်ချီ၊ ထန်ရမ်တို့သာ ကျန်နေတော့၏။

"သူတို့က ထွက်ပြေးသွားတာလား… "

"ဟုတ်တယ်။ သူတို့က ထွက်ပြေးသွားပြီ… "

ထိုကဲ့သို့ အစွမ်းထက်သော တိုက်ခိုက်မှုကို လုပ်ဆောင်လိုက်ပြီးနောက် သခင်လေးယဲ့တို့က ဘာကြောင့် ထွက်‌ပြေးသွားရသနည်း။ မုန့်ချီက အံ့အားသင့်စွာ စဉ်းစားနေခဲ့သည်။

ထို့နောက် သခင်လေးယဲ့က ဓားသမားကို စိတ်ကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း နားလည်သွားခဲ့၏။ ထို့ကြောင့်လည်း သူက ထန်ရမ်နှင့် တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ယဲ့မိသားစုက ဘာကြောင့် ထိုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်အရာမျိုးကို ပြတ်ပြတ်သားသား လုပ်ရဲမည်နည်း။

သို့သော် စိတ်ဝိညာဉ်တစ်ခုကို ထိန်းချုပ်ရာတွင် စည်းမျဉ်းတစ်ခု ရှိသည်။ ထိန်းချုပ်ခံရသည့်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်သော အခြေအနေမျိုး မဟုတ်သရွေ့ တစ်ဖက်၏အမိန့်ကို မဆန့်ကျင်နိုင်ပေ။ မဟုတ်လျှင်တော့ သူတို့၏ အသက်ရှင်လိုစိတ်က ပင်မဝိညာဉ်ထဲမှ ထွက်ပေါ်လာနိုင်ပြီး ထိန်းချုပ်မှုကို ရပ်တန့်နိုင်သည်။

ဓားသမားက ခရမ်းသေမင်းဓားကို ဒုတိယအကြိမ် အသုံးချလိုက်မည်ဆိုလျှင် သူ၏ စွမ်းအင်များ ကုန်ဆုံးသွားပါလိမ့်မည်။ ထိုအရာက တိုက်ခိုက်နေသည့်အချိန်တွင် ဓားသမား၏ မသိစိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ခြင်းနှင့် တူညီနေသည်။

ပြောရမည်ဆိုလျှင် ဓားသမားက သေရေး ရှင်ရေး အခြေအနေကို မကြုံရမချင်း သို့မဟုတ် ကန်းလန်ဓား၏ အစွမ်းကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည့် အခြေအနေ မရောက်မချင်း ဓားသမားကို ထိန်းချုပ်၍ မရနိုင်တော့ပေ။

သို့သော် မိန်းကလေးအန်နှင့် သခင်လေးယဲ့တို့ နှစ်ယောက်စလုံးက ထိပ်တိုက်ရင်ဆိုင်ရာတွင် မကျွမ်းကျင်ကြပေ။ သူတို့နှစ်ယောက်စလုံးက မုန့်ချီ၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကြောင့် ရှုပ်ထွေးနေကြ၏။ သူတို့က ထန်ရမ်ကို အားနည်းသွားစေရန်လည်း လမ်းလွှဲ၍ မရနိုင်ပေ။

ထန်ရမ်က ဝေ့ကျင်းအဆင့် ဓားပညာ အခြေခံကို နားလည်ထားသည့်အတွက် ခရမ်းသေမင်းဓား ကိုင်ထားသော ဓားသမားကို သတ်ရန် အခွင့်အရေး ရှိသည်။ ထို့ပြင် ဤနေရာ၌ ဆူညံသံများစွာ ရှိနေ၏။ အကယ်၍ တိုက်ပွဲသာ ဆက်ရှိနေမည်ဆိုလျှင် ယပ်တောင် (၆)လက် ကျောင်းနှင့် တခြားလူများက သိပ်မကြာခင် ပေါ်လာကြပါလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့က လူပေါင်းများစွာ၏ ရှေ့၌ မကောင်းဆိုးဝါး ဝိညာဉ်ကို သတ်ပစ်ရန် သေချာပေါက် ရွေးချယ်ကြမည်ဖြစ်၏။ ထို့ကြောင့် သခင်လေးယဲ့က ခုခံသည့်အနေနှင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ထိုအခွင့်အရေးကို အရယူ၍ ထွက်‌ပြေးသွားခဲ့ခြင်း ဖြစ်သည်။

"ကိစ္စတွေကို အစီအစဉ်တကျ လုပ်သွားတယ်… "

မုန့်ချီကတော့ ရန်သူတစ်ယောက် ဖြစ်နေသည်ကိုပင် သခင်လေးယဲ့အပေါ် မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

သူက ပြန်လှည့်လာပြီး ထန်ရမ်ကို ပြောလိုက်၏။

"အဘိုးရမ် …

ကျွန်တော်တို့က ယပ်တောင် (၆) လက်ကျောင်းကို မြန်မြန်သွားပြီး မြို့အကာအကွယ် ဝင်္ကပါကို အသက်သွင်းခိုင်းရမယ်။ ဒါမှ မကောင်းဆိုးဝါးဝိညာဉ်တွေ ထွက်ပြေးတာကို တားနိုင်မှာ… "

လက်ရှိအချိန်တွင် သူ၏ ရန်သူဖြစ်သော သခင်လေးယဲ့က မကောင်းဆိုးဝါး ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ထားကြောင်း သူသိနေသည်။ ယပ်တောင် (၆) လက်ကျောင်းနှင့် အထက်တန်းလွှာမိသားစုများက ထိုအရာကို အလွန်အမင်း မုန်းတီးကြ၏။ ထို့ကြောင့် သူတို့က ဖယ်ရှားရန် ကြိုးစားကြမည်ဖြစ်သည်။

ယီမြို့က ကြီးမားမှုမရှိသည့်အတွက် မြို့အကာအကွယ် ဝင်္ကပါက အစွမ်းထက်ခြင်းမရှိပေ။ ထို့ကြောင့် မုန့်ချီက သူကိုယ်တိုင်သွားရန် စဉ်းစားထားမိသည်။ သို့သော် ရလဒ်အနေနှင့် သူ၏ နောက်ကြောင်းများ ပေါ်သွားနိုင်ပြီး ယပ်တောင် (၆)လက်ကျောင်းနှင့် အထက်တန်းလွှာ မိသားစုများ၏ လိုက်လံတိုက်ခိုက်မှုကို ခံရနိုင်သည်။

"ပြီးတော့ ငါတို့တွေက သခင်လေးယဲ့လွှတ်ထားတဲ့ အစေခံမိန်းကလေးတွေ အားလုံးကို သတ်ပစ်ဖို့ မိသားစုကြီးတွေကို သတင်းပေးရမယ်…"

ထန်ရမ်က အံကြိတ်ပြီး ပြောလိုက်သည်။ ယခု သူက ကန်းလန်ဓားကို သုံးပြီး ခရမ်းသေမင်းဓားကို တိုက်ခိုက်ခဲ့ရသည်။ သူက မုန့်ချီကို တိုက်ခိုက်နေရာမှ အာရုံလွှဲရန် မဖြစ်နိုင်ခဲ့ပေ။ ထို့ပြင် ဤကိစ္စက အလွန်အရေးကြီးနေသည့်အတွက် သူ့အပေါ်လည်း သံသယ မဝင်ခဲ့ပေ။

"ကောင်းပါပြီ… "

မုန့်ချီက ငြင်းဆန်နေခြင်း မရှိချေ။ ထိုအရာက ‌သခင်လေးယဲ့ကို ပြန်လည်ရှင်သန်လာခြင်းမှ တားဆီးနိုင်၏။

ကျန်းကျိဝေ၏ စကားအရ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် မကောင်းဆိုးဝါး ဝိညာဉ်ကျင့်ကြံသူက လူသားမီးဖိုမှတစ်ဆင့် ပြန်ရှင်ချင်သည်ဆိုလျှင် ထိုလူသားမီးဖိုက မီတာ (၁၅၀၀)အတွင်း ရှိရမည်ဖြစ်ကြောင်း သိနေသည်။ ထို့ပြင် အချိန်တိုလေးအတွင်း အများဆုံး (၃)ကြိမ်သာ ပြန်ရှင်၍ ရသည်။ မဟုတ်လျှင် ငရဲဝိညာဉ်က ရှင်းပစ်ခံရနိုင်ပြီး ချက်ချင်း ပျောက်ကွယ်သွားပါလိမ့်မည်။

………….

"မျက်နှာတစ်ထောင် မကောင်းဆိုးဝါး … သွားကြစို့ …။ ဒုတိယထန်သခင်လေးက အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်က ပေါ်သွားပြီဆိုမှတော့ ယပ်တောင် (၆) လက်ကျောင်းက သေချာပေါက် နင့်ကို ရင်ဆိုင်ကြလိမ့်မယ်။ အဲဒါကြောင့် ငါတို့ရဲ့အစီအစဉ်ကို ဆက်ပြီးလုပ်ဖို့ ခက်ခဲသွားပြီ…"

မိန်းကလေးအန်က ယဲ့မိသားစု၏ အနားတွင် ရပ်ပြီး အလေးအနက် ပြောလိုက်သည်။ စတင်တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းကစပြီး ဒုတိယ သခင်လေးထန်က အတုဖြစ်ကြောင်း သူမက ယူဆမိခဲ့သည်။

သခင်လေးယဲ့က ပြောလိုက်၏။

"သေစမ်း … ငါက ကျိုးနိုင်ငံ ဝမ်မိသားစုနဲ့ ဟွမ်ဟွာဓားဂိုဏ်းတို့ ပြဿနာဖြစ်ပြီး ယီမြို့နဲ့ မိသားစု(၄)ခုကို ဖျက်ဆီးပစ်ဖို့ မျှော်လင့်ထားခဲ့တာ.။ ဒီလို သွေးနဲ့ ယဇ်ပူဇော်မှုတွေ ရှိမယ်ဆိုရင် မကောင်းဆိုးဝါးကိုယ်ပွားက အတားအဆီးကို ဖြတ်ကျော်ပြီး အစစ်အမှန် နတ်ဘုရားနယ်မြေကို ရောက်သွားလိမ့်မယ်…"

သူကတော့ ဤကိစ္စကို အကြောင်းပြချက် (၂)ခုအတွက် စီစဉ်ထားခြင်းဖြစ်သည်။ ပထမဆုံး အကြောင်းပြချက်ကတော့ သူ့ဂိုဏ်းမှ ပေးလိုက်သော တာဝန်ဖြစ်သည်။ ထိုအရာကတော့ ဂိုဏ်းများနှင့် အထက်တန်းလွှာမိသားစုများ၏ ကြားထဲတွင် ရန်စပြီး ပဋိပက္ခများ ဖန်တီးရန်ဖြစ်သည်။ ဒုတိယအကြောင်းပြချက်ကတော့ သူက ထိုအခြေအနေကို အသုံးချပြီး အဆင့်တက်ရန် ကြိုးစားနေခြင်းဖြစ်၏။

"ဒီနေရာမှာ ပဋိပက္ခတွေ ဖြစ်မလာနိုင်တော့ဘူး…"

မိန်းကလေးအန်က သက်ပြင်းချ၍ ပြောလိုက်သည်။

"မြို့ထဲကနေ မြန်မြန် ထွက်သွားကြစို့…"

သခင်လေးယဲ့က ခေါင်းခါပြီး ပြောလိုက်၏။

"နင်က ချန်းရှန့်နဲ့အတူ အရင်ဆုံး ထွက်သွားလိုက်တော့… ။ ငါက ယဲ့မိသားစုဆီကို တစ်ယောက်တည်း ပြန်သွားမယ်။ ငါက ဒါကို အချိန်အကြာကြီး စီစဉ်ထားခဲ့မှတော့ အလွယ်တကူ လက်မလျှော့နိုင်ဘူး။ တကယ်လို့ ငါက မိသားစု (၄)ခုကို မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် ယဲ့မိသားစုကို ဖျက်ဆီးဖို့တော့ ယုံကြည်ချက် ရှိသေးတယ်…။ မကောင်းဆိုးဝါးကိုယ်ပွားကသာ အတားအဆီးကို ဖြတ်ကျော်နိုင်ပြီဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ငါ့ရဲ့ရုပ်ရည်ကို ပြောင်းလိုက်လို့ရတယ်။ အဲဒီအချိန် ဘယ်သူက ငါ့ကို မှတ်မိဦးမှာလဲ… "

"နင်က နန်းတွင်းနဲ့ မိသားစုကြီးတွေကိုတော့ ရန်မစမိစေနဲ့…"

မိန်းကလေးအန်ကတော့ ထိုကဲ့သို့ ကိစ္စကြီးများတွင် ပါဝင်ပတ်သက်မိမှာကို စိုးရိမ်နေခဲ့လေသည်။

Translated by Hein Htet.

All Chapters