← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

သခင်လေးယဲ့က ခေါင်းမာစွာ ပြောလိုက်သည်။

"တကယ်လို့ အဆိုးဆုံးအရာတွေ ဖြစ်လာမယ်ဆိုရင်တောင် ငါက ဌာနချုပ်ကိုသွားပြီး ခဏပုန်းနေလို့ရတယ်...။ ငါက ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ထပ်မပြောနဲ့တော့... "

မကောင်းဆိုးဝါးကိုယ်ပွားက ကောက်ကျစ်စဉ်းလဲပြီး အလွန်ကြောက်စရာကောင်းကြောင်း မိန်းကလေးအန်က သိနေသည်။ သူမ၏အစွမ်းအရ ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင်လည်း အနိုင်ရရန် အခွင့်အရေး မရှိနိုင်ချေ။ ထိုကြောင့် သူမက ခေါင်းမာမနေတော့ပဲ ပြောလိုက်၏။

"ကောင်းပြီလေ... ။ ငါက ချန်းရှန့်နဲ့ ခရမ်းသေမင်းဓားတို့ကိုယူပြီး အရင်ဆုံးသွားတော့မယ်... "

ဓားသမားက တင်ပျဉ်ခွေထိုင်ပြီး ချီစွမ်းအင်များကို လှည့်ပတ်နေသည်။ ခရမ်းသေမင်းဓားကိုတော့ သူ့ဒူးပေါ်တွင် တင်ထားခဲ့၏။

"မရဘူး... ။ သူနဲ့ ခရမ်းသေမင်းဓားမရှိရင် ငါက ယဲ့မိသားစုမှာရှိတဲ့ မကောင်းဆိုးဝါးအိုကြီးတွေကို သတ်ဖို့ အခွင့်အရေးမရှိနိုင်ဘူး..။ ငါက အချိန်ရဖို့အတွက် အဖိုးတန်လက်နက်တွေကို စွန့်လွှတ်မှပဲ ရနိုင်မယ်... ။ ငါ အောင်မြင်သွားပြီဆိုရင် ငါက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်... ။ အဲဒီအချိန်ကျရင် အဖိုးတန်လက်နက်တွေကို ကြောက်နေရဦးမှာလား... "

သခင်လေးယဲ့က ခရမ်းသေမင်းဓားကို ခေါင်းမာစွာ တောင်းဆိုနေခဲ့သည်။

မိန်းကလေးအန်က နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူမက မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေခဲ့သည်။ သို့သော် သူက အလွန်အောင်မြင်ချင်နေပြီး ချက်ချင်း အကျိုးအမြတ်ကို ရယူချင်နေကြောင်း သူမလည်း သိနေခဲ့၏။ သူက သူ့ကိုယ်သူတိုးတက်ရန် အခွင့်အရေးကို အရယူပါလိမ့်မည်။

သူက အနည်းငယ်လေးပင် စိတ်အေးနေလိမ့်မည် မဟုတ်ချေ။ သူ့နောက်မှနေ၍ ကြောက်စရာကောင်းသော သွေးစီးကြောင်းများ ၊ မကောင်းဆိုးဝါး မှော်သားရဲများ လိုက်နေသလို ထင်မှတ်ရသည်။

မူလတုန်းက သူတို့ဂိုဏ်း၏ အပြင်ဘက်၌ ပြန့်ကျဲနေသော ပညာရှင်များစွာထဲတွင် မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက သာမန်သာဖြစ်ပြီး မျှော်လင့်ချက်အနည်းဆုံး ဖြစ်သည်။ သူက မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ကို သင်ယူနိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

သူက ရန်သူပေါင်းများစွာကို သတ်ပစ်လိုက်ပြီးနောက် အသက်ရှင်နေပြီး ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူတို့က သူ့ကို မျက်နှာတစ်ထောင် မကောင်းဆိုးဝါးဟု ခေါ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာနှင့် ခန္ဓာကိုယ်က ဆက်တိုက်ပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။

"တကယ်လို့ နင့်ရဲ့မကောင်းဆိုးဝါးကိုယ်ပွားက အဆင့်တက်သွားမယ်ဆိုရင်တောင် အများဆုံး ဝေ့ကျင်းတစ်ဝက်အဆင့်ပဲ ရောက်နိုင်တယ်... ။ အဲဒါက အဖိုးတန်လက်နက်တွေ ရှိတာလောက် မကောင်းဘူး... "

မိန်းကလေးအန်ကတော့ ခရမ်းသေမင်းဓားကို လက်လွှတ်လိုခြင်း မရှိချေ။ သူမက ဓားကို မသုံးနိုင်သော်လည်း ဌာနချုပ်သို့ ပြန်ယူသွားပြီး ခရမ်းသေမင်းဓားကို ပေးလိုက်မည်ဆိုလျှင် အလွန်များပြားသော ဆုကြေးများ ရနိုင်သည်။

ထိုဓားက ဝေ့ကျင်းအဆင့်ပညာရှင်၏ သဘောတရားများကို စုပ်ယူထားခဲ့ခြင်းဖြစ်ပြီး နေ့စဉ် သူနှင့်အတူတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက တခြားပစ္စည်းများ စုဆောင်းရခြင်းထက် ပို၍ အဖိုးတန်၏။

သခင်လေးယဲ့က ခေါင်းခါပြီး ပြောလိုက်သည်။

"ငါတို့မှာ အဖိုးတန်လက်နက်တွေ ရှိနေပေမယ့် ငါတို့က ဝေ့ကျင်းတစ်ဝက်အဆင့် အစွမ်းကိုပဲ သုံးနိုင်တယ်..။ ပြီးတော့ အဲဒါက တိုက်ပွဲထဲမှာ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ အသုံးပြုနိုင်တယ်..။ တကယ်လို့ ငါသာ အတားအဆီးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ငါ့ရဲ့သိုင်းကွက်တိုင်းက တူညီတဲ့အကျိုးသက်ရောက်မှု ရှိနိုင်တယ်... "

မိန်းကလေးအန်က အံကြိတ်ပြီး ပြောလိုက်၏။

"နင်က အောင်မြင်ဖို့ မျှော်လင့်ပါတယ်... ။ ငါက နင့်ကိုချိန်းထားတဲ့နေရာမှာ စောင့်နေမယ်..."

သခင်လေးယဲ့၏ ပြန်လည်ရှင်သန်မှုက အကွာအဝေး ကန့်သတ်ချက် ရှိသည်။ ထို့ကြောင့် သူတို့က အစောပိုင်းကတည်းက ပုန်းအောင်းရန် နေရာကို ကြိုတင်ပြင်ဆင်ထားခဲ့၏။

"ကောင်းပြီလေ... "

သခင်လေးယဲ့က နောက်ထပ် ထပ်မပြောတော့ပေ။ သူက ဓားသမားကို နှိုးလိုက်ပြီး ယဲ့မိသားစုဆီသို့ ပြန်သွားခဲ့၏။

သူ့အစီအစဉ်အရ အဆင့်တက်ရန် မဖြစ်နိုင်ကြောင်း သူသိနေသည်။ သို့သော် ယဲ့မိသားစုကိုသာ စတေးလိုက်မည်ဆိုလျှင် အနည်းဆုံးတော့ အဆင့်တက်တော့မည့် အခြေအနေကို နီးစပ်လာနိုင်သည်။ နောက်တစ်ကြိမ်ဆိုလျှင်တော့ သူက ထိုကဲ့သို့ စွန့်စားရန် မလိုတော့ပဲ အလွယ်တကူ အဆင့်တက်နိုင်ပါလိမ့်မည်။

သခင်လေးယဲ့၏ နောက်ကျောကိုကြည့်ပြီး မိန်းကလေးအန်က နှာခေါင်းရှုံ့လိုက်မိ၏။ သူမက ချန်းရှန့်ကိုခေါ်ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ မျက်နှာတစ်ထောင် မကောင်းဆိုးဝါးဆီတွင် ပြန်လည်ရှင်သန်ရန် တခြားသော လူသားမီးဖိုများ ရှိနေသေးသည့် အကြောင်းကိုသာ သိမထားခဲ့လျှင် သူမက ချန်းရှန့်ကို သတ်ပြီး မျက်နှာတစ်ထောင် မကောင်းဆိုးဝါး ရောက်မလာခင် ရတနာနှင့် သိုင်းကျမ်းများကို ယူဆောင်သွားမိပါလိမ့်မည်။

သူက ပြန်လည်ရှင်သန်လာရန် ပြင်ဆင်ထားသည့်အချိန်တိုင်း တန်ဖိုးရှိသည့် အရာအားလုံးကို လူသားမီးဖိုဆီတွင် ပေးထားခဲ့သည်။ မည်သို့ဖြစ်စေကာမူ ခန္ဓာကိုယ်က ဆက်တိုက် ပြောင်းလဲနိုင်၏။ မကောင်းဆိုးဝါးကိုယ်ပွား၏ အစွမ်းကြောင့် ငရဲဝိညာဉ်များကလည်း ပြောင်းလဲနိုင်သည်။ သို့သော် ပစ္စည်းများကတော့ ကူးပြောင်း၍ မရနိုင်ပေ။

……………..

မုန့်ချီနှင့် ထန်ရမ်တို့က လမ်းကြားလေးထဲမှ ထွက်လာသည့်အချိန်တွင် ဓားတစ်ချောင်းကိုင်၍ လျှောက်လာသော ချီကျန်းရန်နှင့် တွေ့ခဲ့ရသည်။

"အစောပိုင်းတုန်းက သခင်လေးယဲ့က သေသွားခဲ့တယ်...။ သူ့ရဲ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ထိန်းချုပ်ထားတယ်... "

မုန့်ချီက အခြေအနေ တရပ်လုံးကို ပြောပြလိုက်သည်။ အလားတူ အဖြစ်အပျက်များကို ကြုံတွေ့ဖူးသည့်အတွက် ချီကျန်းရန်ကလည်း ချက်ချင်း နားလည်သွားခဲ့၏။

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံမှုလား... ။ ဒါဆိုရင်တော့ ယပ်တောင် (၆)လက်ကျောင်းကိုသတင်းပို့ပြီး သူတို့ကို မြို့ထဲမှာ တားဆီးဖို့လိုတယ်... "

ထိုအရာကို မြင်သည့်အခါ ထန်ရမ်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

"ဂိုဏ်းကြီးက တပည့်တွေက တကယ့်က ထူးခြားတာပဲ ။ မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ဆိုတာကို ကြားလိုက်ရုံနဲ့ သူ့ရဲ့အဓိပ္ပါယ်ကို ပြောနိုင်ကြတယ်..။ ဒါပေမယ့် ငါကတော့ မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ဆိုတဲ့ နာမည်ကိုပဲ သိတယ်... ။ ငါက ကန်းလန်ဓားကို ကိုင်ဆောင်ထားတဲ့ နှစ်ပေါင်း (၆၀) ၊ (၇၀) အတောအတွင်း ယပ်တောင် (၆) လက်ကျောင်းနဲ့ အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ဖူးတယ်... ။ ရှောင်အာက ခရီးသွားနေရင်း အတွေ့အကြုံတွေ အများကြီးရခဲ့တာပဲ ။ သူက မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်အကြောင်းကိုတောင် သိနေခဲ့တယ်... "

သူတို့ (၃) ယောက်က စကားတစ်ခွန်းမျှ မပြောကြဘဲ ယပ်တောင် (၆)လက်ကျောင်းဆီသို့ တိုက်ရိုက် ထွက်လာခဲ့ကြသည်။ သူတို့က ရှန့်ရွှေမြစ်စံအိမ်ထဲမှ ကျယ်လောင်သော ဆူညံသံများကြောင့် ရောက်လာကြသော လူပေါင်းများစွာကိုလည်း ဖြတ်ကျော်သွားကြ၏။

မုန့်ချီက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်နှင့် နတ်ဘုရားခြေလှမ်းသိုင်းတို့ကို ပိုင်ဆိုင်ထားသည်။ ယခုလို ပြောင်းလဲမှုမရှိသည့် အခြေအနေမျိုးတွင် သူကတော့ ပျံသန်းနေသည့်အလား ပြေးနေနိုင်ပြီး သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။

သို့သော် ချီကျန်းရန်ကလည်း ဟွမ်ဟွာဓားဂိုဏ်း၏ ကိုယ်ဖော့ပညာကို ပိုင်ဆိုင်ထား၏။ သူ့ပုံစံက အလွန်တည်ငြိမ်ခန့်ညားစွာနှင့် လှုပ်ရှားနေနိုင်သည်။ သူတို့နှစ်ယောက်၏ ဘေးမှလိုက်လာနေသော ထန်ရမ်ကတော့ အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူက တံခါး (၉) ပေါက်ပွင့်နေသည်ကိုပင် သူတို့နှစ်ယောက်၏ နောက်ကို မနည်းမီအောင် လိုက်နေရ၏။

"လူငယ်တွေကတော့ တကယ် လေးစားဖို့ကောင်းတယ်..။ ဘာလို့ ငါ ငယ်ငယ်တုန်းက ဒီလိုစွန့်စားခန်းတွေ မထွက်ခဲ့ရတာလဲ... "

ထန်ရမ်က သူတို့၏နောက်မှ လိုက်လာရင်း တစ်ယောက်တည်း တွေးနေခဲ့သည်။

ရုတ်တရက်ဆိုသလို သူက လှမ်းခေါ်လိုက်၏။

"လူဆိုးထိန်းဟွမ် …

ရှန့်ရွှေမြစ်စံအိမ်ကိုသွားမလို့လား... "

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် လူဆိုးထိန်းများစွာကို ခေါင်းဆောင်လာသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က အရှိန်လျှော့လိုက်သည်။ သူက မုတ်ဆိတ်ရှည်ကြီးကိုကိုင်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဆရာကြီးရမ် … ကျွန်တော့်ကို တားမလို့လား... "

ထိုလူဆိုးထိန်းက ယီမြို့ထဲရှိ လူဆိုးထိန်းခေါင်းဆောင် ဟွမ်ကျိချင် ဖြစ်သည်။ သူက သိုင်းပညာအဖွဲ့အစည်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ယောက်လည်း ဖြစ်၏။ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရန် မျှော်လင့်နေသော တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

လူတိုင်း သိထားသည့်အလား ကျင်းအင်ပါယာ နန်းတွင်းထဲတွင် တံခါး (၉)ပေါက်အဆင့် ပညာရှင် အများဆုံးဖြစ်၏။ သူတို့က ပင်မသိုင်းဂိုဏ်းကြီးများ ၊ အထက်တန်းလွှာ မိသားစုများထက်ပင် အဆပေါင်းများစွာ ပို၍ များပြားကြသည်။ နန်းတွင်းက ပညာရှင်ပေါင်းများစွာကို ဆွဲဆောင်ရန်အတွက် မြင့်မားသောရာထူးများ ၊ ဆုလာဘ်များ ၊ ပေးထားကြ၏။

နန်းတွင်းထဲတွင်တော့ အနိမ့်ဆုံး ဝေ့ကျင်းအဆင့်ပညာရှင်များ သို့မဟုတ် သိုင်းသခင်အဆင့်အောက် ပညာရှင်များကို လိုအပ်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူများကတော့ ဂိုဏ်းကြီးများ ၊ အထက်တန်းလွှာမိသားစုများတွင် တာဝန်ထမ်းဆောင်ရမည့်အစား နန်းတွင်းထဲတွင် တာဝန်ထမ်းဆောင်ရန် မကြာခဏ တောင်းဆိုတတ်ကြသည်။

ထိုနေရာတွင်တော့ အရင်းအမြစ်နှင့် ပိုင်ဆိုင်မှုအပြင် သူတို့က သိုင်းလောကရေးရာများကို ကိုင်တွယ်ဖြေရှင်းနိုင်သော အခွင့်အာဏာများ ရှိတတ်ကြသည်။ ထို့ပြင် သူတို့က ပြင်ပပညာရှင်များ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့က သွေးမထွက်ဘဲ အဆင့်တက်နိုင်ကြသေး၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ထူးချွန်သောတာဝန်များ လုပ်ဆောင်နိုင်မည်ဆိုလျှင် နန်းတွင်းထဲမှနေ၍ အဆင့်မြင့် သိုင်းကျမ်းများကိုပင် ရနိုင်ကြသည်။

ထို့ပြင် နန်းတွင်းထဲ၌ သိုင်းပညာရှင် စာသင်သားများလည်း ရှိသည်။ သူတို့ကတော့ အလွန်ထူးချွန်သော စွမ်းရည်များရှိနေပြီး တောက်ပသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုနိုင်သည်။ သူတို့က ဂိုဏ်းများ ၊ အထက်တန်းလွှာ မိသားစုများကို အားကိုးနေရန် မလိုအပ်ပေ။

ထို့ပြင် နန်းတွင်းထဲမှပေးသော အရင်းအမြစ်များက ကန့်သတ်ချက် မရှိသည့်အတွက် ထိုပညာရှင်များက လွတ်လပ်စွာ အသုံးပြုနိုင်ပြီး သက်သောင့်သက်သာ ဖြတ်သန်းနိုင်ကြသည်။ ထို့ကြောင့်လည်း တစ်ကိုယ်တော် ကျင့်ကြံသူများက ယပ်တောင် (၆) လက်ကျောင်းနှင့် တော်ဝင်အစောင့်များ လူခေါ်သည့်အချိန်တွင် အလျင်အမြန် လျှောက်ကြခြင်း ဖြစ်သည်။

ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုများကလည်း ယပ်တောင် (၆)လက်ကျောင်းတွင် အရေးပါရန်အတွက် လုပ်ဆောင်ရမည့်အရာများ ရှိသည်။ သူတို့ကလည်း သူတို့၏အစွမ်းကို ချဲ့ထွင်ပြီး လက်ခံနိုင်သော အဆင့်အတန်းရှိစေရန် ပြင်ဆင်ကြရသည်။

ထို့ပြင် ဂိုဏ်းကြီးများ ၊ အထက်တန်းလွှာ မိသားစုများက ယပ်တောင် (၆)လက်ကျောင်းနှင့် နန်းတွင်းထဲတွင် သူတို့ယုံကြည်ရသည့် နောက်လိုက်များကို ပို့ဆောင်ထားကြသည်။ ဥပမာအနေနှင့်ပြောရလျှင် ကွေမိသားစုမှတပည့်များ ၊ ကျန်းဝူဂိုဏ်း၏လက်ခွဲမှ တပည့်များက (၃)နှစ်ကြာ ကျင်းပသည့်အချိန်တိုင်း သိုင်းပညာရှင် စာသင်သားစာရင်းတွင် ရောက်လာတတ်ကြသည်။

သို့သော် ယပ်တောင် (၆) လက်ကျောင်းတွင်တော့ ပတ်ပတ်လည်ရွာများ အပါအဝင် မြို့တစ်မြို့တွင် လူဆိုးထိန်းခေါင်းဆောင်တစ်ယောက် ၊ လက်ထောက်လူဆိုးထိန်း (၂) ယောက် ၊ တံဆိပ်ရလူဆိုးထိန်း (၁၀) ယောက်နှင့် စုံစမ်းရေးမှူးအဖွဲ့ (၁၀) ဖွဲ့ကို စီစဉ်ထားကြသည်။

တိုင်းပြည်တစ်ခုတွင်တော့ ငွေတံဆိပ်ရ လူဆိုးထိန်းများက တိုင်းပြည်ရေးရာကို တာဝန်ယူရပြီး အစိမ်းရောင်လက်ပတ် လူဆိုးထိန်းကတော့ သူ၏လက်ထောက် ဖြစ်သည်။ ထို့နောက် လက်ရွေးစင်လူဆိုးထိန်းများကို စနစ်တကျ စီစဉ်ထားကြ၏။

စီရင်စုတစ်ခုတွင်တော့ ရွှေတံဆိပ်ရ လူဆိုးထိန်းနှင့် ခရမ်းရောင်လက်ပတ် လူဆိုးထိန်းတို့ကို စီစဉ်ထားကြသည်။ ယပ်တောင် (၆) လက်ကျောင်း၏ ဌာနချုပ်ဖြစ်သော မြို့တော်ထဲတွင်တော့ ထိပ်တန်းလူဆိုးထိန်း (၈)ယောက်နှင့် အဆင့်မြင့်သော စုံစမ်းရေးမှူးချုပ်တစ်ယောက်ကို နေရာချထားကြသည်။

ယပ်တောင် (၆) လက်ကျောင်း၏ စုံစမ်းရေးမှူးချုပ်ဟူသည်မှာ သိုင်းလောကတွင် ရှိနေသော ပညာရှင်ပေါင်းများစွာကို ခြောက်လှန့်ရန် လုံလောက်သည်။ သူက မြေပြင်အဆင့်တွင် မှတ်တမ်းမဝင်သော်လည်း မြေပြင်အဆင့် ထိပ်တန်း (၁၀) ယောက်ထဲတွင် အဆင့်ရှိနေကြောင်း လူတိုင်းက လက်ခံထားကြသည်။

"အဲဒီတိုက်ပွဲက ကန်းလန်ဓားနဲ့ ခရမ်းသေမင်းဓားတို့ရဲ့တိုက်ပွဲပါ... "

ထန်ရမ်က အဓိကအချက်ကိုသာ ပြောလိုက်၏။

"ဘယ်လို... "

ဟွမ်ကျိချင်က အံ့သြသွားခဲ့သည်။ ထိုတိုက်ပွဲက အထက်တန်းလွှာမိသားစု (၄) ခု၏ တိုက်ပွဲပေလော။

ထန်ရမ်က ဆက်ပြောလိုက်၏။

"သခင်လေးယဲ့က သေသွားပြီ..။ သူ့ရဲ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးကိုယ်ပွားက သိမ်းပိုက်ထားပြီး မိသားစုတွေနဲ့ ဟွမ်ဟွာဓားဂိုဏ်း တိုက်ခိုက်အောင်လို့ ပြဿနာတွေ ဖန်တီးနေတာ... "

"မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံမှုလား... "

ဟွမ်ကျိချင်က အတော်လေးကို မျက်နှာပျက်သွားခဲ့၏။ ထိုအရာက အထက်တန်းလွှာ မိသားစုများကြားထဲတွင် တိုက်ခိုက်ခြင်းထက် ပို၍ဆိုးရွားနေသည်။

မည်သို့ဖြစ်စေကာမူ သူတို့က နန်းတွင်းခုံရုံး၏ အပြုအမူနှင့် ကြီးကျယ်ခမ်းနားမှုကို သိနေကြ၏။ တစ်ဖက်တွင်တော့ မကောင်းဆိုးဝါးကျင့်ကြံသူများက ရက်စက်ကြမ်းကြုတ်ပြီး စတေးမှုများ လုပ်ဆောင်တတ်ကြသည်။ အကယ်၍ မကောင်းဆိုးဝါးကိုယ်ပွားကသာ ထိန်းချုပ်မှု ပျောက်ကွယ်သွားမည်ဆိုလျှင် မြို့ထဲတွင် ရှိနေသော လူတိုင်း ဒုက္ခရောက်နိုင်သည်။

ထန်ရမ်က သူ၏အတွေ့အကြုံများကို အကြမ်းမျဉ်း ပြောပြလိုက်သည်။ မုန့်ချီကလည်း မိန်းကလေးအန်၏ တိုက်ခိုက်ရေးပုံစံနှင့် လူသန်ကြီး၏ လက်ဝါးအစွမ်းတို့ကို ထပ်ဖြည့်ပြောလိုက်သည်။

ဟွမ်ကျိချင်က ပို၍ပင် မျက်နှာပျက်သွားခဲ့၏။

"သူ့ရဲ့ရုပ်ရည်ပုံစံနဲ့ လက်ဝါးသိုင်းအရ ဖျက်ဆီးရေးဂိုဏ်းမှာရှိတဲ့ မကောင်းဆိုးဝါးလူသား (၁၉) ယောက်ထဲက သံလက်မကောင်းဆိုးဝါးဖြစ်မယ်... "

မုန့်ချီက အံ့သြသွားခဲ့သည်။

"သံလက်မကောင်းဆိုးဝါးလား... "

ယပ်တောင် (၆) လက်ကျောင်းတွင် သတင်းစုဆောင်းသူများစွာ ရှိနေသည့်အတွက် လူဆိုးထိန်းခေါင်းဆောင်က သိုင်းလောကအကြောင်းကို ကောင်းကောင်းကြီး သိနေသည်။ သို့သော် သံလက်မကောင်းဆိုးဝါးဟူသော စကားကြောင့် သူလည်း အံ့သြသွားခဲ့ခြင်း ဖြစ်၏။

သံလက်မကောင်းဆိုးဝါးကို သူကိုယ်တိုင် သတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် လှေပေါ်၌ တွေ့ခဲ့သူက မည်သူဖြစ်နေသနည်း။ ထိုအရာက မိန်းမလှလေးကို ကယ်တင်သော သူရဲကောင်းဇာတ်လမ်းဖန်တီးရန် ရှန်ရှို့မေ စီစဉ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပေလော။

ဟွမ်ကျိချင်က သူ၏အံ့ဩမှုကို ခံစားမိခဲ့ပြီး အကြမ်းဖျင်း ရှင်းပြလိုက်သည်။

"သံလက်မကောင်းဆိုးဝါးနဲ့ ပျော်ရွှင်ခြင်းမကောင်းဆိုးဝါတို့က ဟွမ်စီရင်စုထဲမှာ မကြာခဏ လှုပ်ရှားတတ်ကြတယ်..။ ဒါကြောင့် ငါက သူတို့အကြောင်းကို ကောင်းကောင်းသိတယ်..။ တခြားပညာရှင်တွေနဲ့ ပတ်သက်ရင်တော့ ငါလည်း စာထဲမှာပဲ ဖတ်ဖူးတာ..။ ဒါကြောင့် မိန်းကလေးအန်က ပျော်ရွှင်ခြင်းမကောင်းဆိုးဝါး ဖြစ်နိုင်တယ်...။ သခင်လေးယဲ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့သူကတော့ မျက်နှာတစ်ထောင် မကောင်းဆိုးဝါး ဖြစ်လိမ့်မယ်... "

"ဒါကြောင့်ကိုး... "

“မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက မကောင်းဆိုးဝါးလူသား (၁၉) ယောက်ထဲမှာ အဆန်းကြယ်ဆုံးပဲ ။ သူ့ရဲ့ရုပ်ရည်ကိုပြောင်းလဲနိုင်တဲ့အတွက် မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ထားတယ်လို့ ယူဆနိုင်တယ်... "

သူက အနားတွင် ရှိနေသော လူဆိုးထိန်းများကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"မင်းတို့ (၃) ယောက်က ထန်မိသားစု ၊ ဝမ်မိသားစုနဲ့ လင်းမိသားစုကို သွားပြီး ဒီကိစ္စအကြောင်း သူတို့ရဲ့အကြီးအကဲတွေကို ပြောပြလိုက်..။ ပြီးတော့ မကောင်းဆိုးဝါးကိုယ်ပွားရဲ့ လူသားမီးဖိုတွေကို ဖျက်ဆီးဖို့လည်း မမေ့နဲ့ ။ သူ့ကို ပြန်ရှင်ဖို့ အခွင့်အရေးပေးလို့ မရဘူး..။ ဝမ်မိသားစုနဲ့လင်းမိသားစုက အကြီးအကဲတွေကိုတော့ မြက်ခင်းစိမ်းမီးတောက်လှံနဲ့ လှုပ်ရှားခြင်းတိမ်တိုက်ဓားတို့ကိုယူလာပြီး ယဲ့မိသားစုစံအိမ်ဆီ လိုက်လာခိုင်းလိုက်...”

“မင်းကတော့ ယပ်တောင် (၆) လက်ကျောင်းကိုပြန်ပြီး မြို့အကာအကွယ်ဝင်္ကပါကို အသက်သွင်းလိုက်...။ ပြီးတော့ လူဆိုးထိန်းတွေအားလုံးကို လွှတ်ပြီး လမ်းမကြီးတွေကို သေချာပိတ်ရှာခိုင်းလိုက်...။ မကောင်းဆိုးဝါးကိုယ်ပွားရဲ့ လူသားမီးဖိုတွေ ပုန်းနေလို့မရဘူး...”

“မင်းကတော့ ရေဖယ်ရှားရေးခြံဝန်းထဲကိုသွားပြီး ဝမ်ကိုက်ကို ယဲ့မိသားစုဆီ ဖိတ်ခေါ်ခဲ့..။ ဒီကိစ္စက ဝမ်မိသားစုနဲ့ ပတ်သက်နေတယ်... ။ သူတို့ရဲ့အဆင့်မြင့်ဝိညာဉ်ကလည်း မကောင်းဆိုးဝါးကိုယ်ပွားကို ထိန်းချုပ်နိုင်တယ်... ။ ဒီတော့ သူက ငါတို့ကိုကူညီပေးမှာပဲ…"

လူဆိုးထိန်းများ ထွက်သွားပြီးနောက် ဟွမ်ကျိချင်က မုန့်ချီတို့ကိုကြည့်ပြီး ပြောလိုက်သည်။

"တာဝန်ခံချီ ၊ ဒုတိယသခင်လေးထန်နဲ့ ဆရာကြီးရမ်တို့ကလည်း ကျွန်တော်နဲ့အတူ ယဲ့မိသားစုကို လိုက်ခဲ့ဖို့ တောင်းဆိုပါရစေ..။ အဲဒီမှာ မကောင်းဆိုးဝါးကိုယ်ပွားကိုတွေ့ပြီး ယဲ့မိသားစုကို ဖြေရှင်းနိုင်မလား ကြည့်ကြသေးတာပေါ့... "

"ကောင်းပါပြီ "

မုန့်ချီက ပြန်ဖြေလိုက်သည်။ သူကတော့ ပြန်လည်ရှင်သန်နိုင်သော ရန်သူတစ်ယောက်ကို လွှတ်မပေးနိုင်ပေ။ သူကိုယ်တိုင်ကလည်း ထိုကိစ္စကို ဖြေရှင်းချင်နေခဲ့၏။ သို့မှသာ နောက်ပိုင်းပြဿနာများကို ရှောင်တိမ်းနိုင်ပါလိမ့်မည်။

ချီကျန်းရန်ကလည်း ခေါင်းညိတ်ပြလိုက်၏။ မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက အုပ်စုလိုက် တိုက်ပွဲတွင် သူတို့နှင့် တွေ့ခဲ့သည့်သူ ဟုတ်မဟုတ် သေချာမသိသော်လည်း မကောင်းဆိုးဝါးကျင့်ကြံသူများက သေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပဲ လူသားအဖွဲ့အစည်းကို ဖျက်ဆီးနိုင်၏။

မုန့်ချီဆီတွင် မတူညီသော အဆင့်အတန်း ရှိနေသည့်အတွက် ယဲ့မိသားစုဆီသို့ သွားသည့်အချိန်တွင် မတူညီသော ခံစားချက် ရှိနေသည်။

တံခါးတွင် အမြဲရှိနေကြသော အစောင့်များက ယခုတော့ ပျောက်ကွယ်နေကြ၏။ စံအိမ်တစ်ခုလုံး မည့်သည့်အသံမျှ မကြားရပေ။ တိတ်ဆိတ်မှုက အလွန်ကြောက်စရာကောင်းနေ၏။ သစ်တောထဲတွင် လျှို့ဝှက်ဆန်းကြယ်သောအရာများ ချထားသလို ထင်မှတ်ရသည်။

"သတိထား... "

လူဆိုးထိန်း ခေါင်းဆောင်တစ်ယောက်ဖြစ်သော ဟွမ်ကျိချင်က ထိုကဲ့သို့ အခြေအနေမျိုးနှင့် မတွေ့ဖူးသလို ကြားလည်းမကြားဖူးချေ။

"တော်တော်လေးကိုကြောက်စရာကောင်းတဲ့ အငြိုးအတေးတွေ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေ ရှိနေတယ်... "

ဝမ်ကိုက်က ဓားရှည်ကို မြှောက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒါက စတေးနေတာပဲဖြစ်လိမ့်မယ်... ။ ငါတို့က ချက်ချင်းတားမှရမယ်... "

သူ၏မျက်နှာက အလွန်တည်ငြိမ်အေးချမ်းနေသော်လည်း မျက်လုံးထဲတွင် မုန်းတီးမှုများ ရှိနေသည်။ သခင်လေးယဲ့ သို့မဟုတ် မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ လှည့်စားမှုကို ခံခဲ့ရသည့်အတွက် သူက အလွန်ဒေါသထွက်နေပြီး မျက်နှာနီနေခဲ့၏။

အတွင်းထဲတွင် ရှိနေသော မြင်ကွင်းကို တွေးမိသွားသည့်အခါ သူတို့၏ရင်ထဲတွင် လှုပ်ရှားသွားကြသည်။ အခြေအနေက အလွန်အရေးကြီးနေသည့်အတွက် သူတို့က ယဲ့စံအိမ်ထဲသို့ ပြေးဝင်လာကြ၏။

ဝမ်ကိုက်က ဦးဆောင်ပြီး မုန့်ချီနှင့် တခြားလူများက သူ့နောက်မှ လိုက်လာကြသည်။ စံအိမ်ဆီသို့လာသော လမ်းတလျှောက်တွင် သူတို့က အစေခံတစ်ယောက်မျှ မတွေ့ခဲ့ရပဲ ပိုးကောင်များ စားသုံးနေသော လူသေအလောင်းများသာ တွေ့လိုက်ရသည်။ ထိုအရာက အတော်လေးကို ရွံရှာစရာကောင်း၏။

ယဲ့စံအိမ်ခန်းမ၏ အပြင်ဘက်တွင်တော့ အလောင်းများစွာကို နေရာတကျ ချထားသည်။ သေဆုံးသူများတွင် သွေးများ ခမ်းခြောက်သွားသည့်အလား တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ မြေပြင်ပေါ်တွင် သွေးစသွေးနလေးပင် မရှိချေ။

ဝမ်ကိုက်က အရှိန်လျှော့လိုက်ပြီး ခန်းမထဲသို့ ဝင်လိုက်၏။ ထိုအချိန်တွင် အလောင်းပုံကြီး၏ အတွင်းထဲ၌ အနက်ရောင်အငွေ့များ လွှမ်းခြုံနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ပတ်ပတ်လည်တွင်တော့ သွေးများ ကြောက်စရာကောင်းစွာ လှုပ်ရှားနေပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာနေကြသည်။

သူ့ရှေ့တွင်တော့ ခရမ်းသေမင်းဓား လွင့်မျောနေပြီး သွေးများ လွှမ်းခြုံနေ၏။ မိသားစုအန္တရာယ်ကို သတိထားမိသည့်အတွက် ဓားက အလိုလို အသက်ဝင်နေသည်။

"မင်းတို့က နတ်ဘုရားကို အရိုအသေပေးဖို့ ရောက်လာကြတာလား... "

သခင်လေးယဲ့၏ရုပ်ရည်နှင့် မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ထိုအသံကြီးကြောင့် အမိုးကပင် တုန်ခါသွားပြီး ဖုန်မှုန့်များ ကျဆင်းလာခဲ့၏။

Translated by Hein Htet.

All Chapters