← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

အမိုးပေါ်မှနေ၍ ဖုန်များ ကျဆင်းလာပြီး အနည်းငယ် ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ယဲ့စံအိမ်တစ်ခုလုံးက မည်းမှောင်လာခဲ့၏။

မျက်နှာတစ်ထောင် မကောင်းဆိုးဝါးနှင့် မုန့်ချီတို့အားလုံး၏ ကြားထဲတွင် သရဲတစ္ဆေပေါင်းမြောက်များစွာ ရှိနေသလို ထင်မှတ်ရသည်။ တချို့က ငိုယိုနေပြီး တချို့က ကျိန်ဆဲနေကြ၏။ မကောင်းဆိုးဝါးလေလှိုင်းတစ်ခုလည်း တိုက်ခတ်လာသည့်အတွက် လူတိုင်းက ထုံကျင်သွားသလို ခံစားလိုက်ရ၏။

မုန့်ချီ ကိုင်ထားသော မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက လှုပ်ရှားသွားသည့် အချိန်တွင်တော့ မကောင်းဆိုးဝါး လေလှိုင်းက ရပ်တန့်သွားပြီး မည်းမှောင်မှုများလည်း ပျောက်ကွယ်သွား၏။ သူက အဝတ်အစား မလဲရသေးသော်လည်း နောက်ကျောတွင် ရှိနေသော လက်ဝါးရာကြီးက ပြန်ပေါ်လာခဲ့သည်။

အကယ်၍ သူက ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကိုသာ အစွမ်းကုန် သုံးထားခဲ့ခြင်း မရှိလျှင် မည်သူကမျှ အမှန်တရားကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ ဒုတိယသခင်လေးထန်၏ ဓားပညာက အလွန်အစွမ်းထက်သည့်အတွက် ခန္ဓာကိုယ်က ကြံ့ခိုင်သန်စွမ်းနေသည်ဟုသာ တွေးမိကြပါလိမ့်မည်။

ဝမ်ကိုက်က အော်ဟစ်လိုက်၏။

"မကောင်းဆိုးဝါးတစ်ယောက်ကများ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ချင်သေးတာလား… "

ထိုအချိန်တွင် မမြင်ရသော အငွေ့များက သူ၏နဖူးပေါ်မှ ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့လာခဲ့သည်။ သူ့ပုံစံက တည်ငြိမ်ပြီး သနားကြင်နာသည်။ ရိုသေလေးစားမှုရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပုံပေါ်၏။ သူက စကြဝဠာကြီးထဲတွင် ရှိနေသော အကောင်းမြင်စွမ်းအားများ အားလုံးကို ကိုယ်စားပြုနေသလို ထင်မှတ်ရသည်။ သူက မကောင်းသည့် အကျိုးသက်ရောက်မှုများ ၊ နိယာမများ အားလုံးကို ဖယ်ရှားပေးရန် တာဝန်ရှိသလို ထင်မှတ်ရ၏။

သူက ဓားကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ပြောင်းလဲမှုများ ၊ စွမ်းရည်များ အားလုံးက တည်ငြိမ်စွာ ပေါင်းစပ်သွားကြပြီး အရှိန်အဝါနှင့် စွမ်းအားများအဖြစ် ပြောင်းလဲသွားကြသည်။

အမှန်တရားဓားက သူတို့ကို ချိန်ထားသည့် အချိန်တွင် မကောင်းဆိုးဝါးများက နောက်ဆုတ်သွားကြ၏။ မမြင်ရသော တစ္ဆေသရဲများလည်း ပျောက်ကွယ်သွားပြီး မြူခိုးများက အဝေးသို့ လွင့်မျောသွားခဲ့သည်။

ယဲ့မိသားစု ခန်းမကြီးက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ မျက်နှာတစ်ထောင် မကောင်းဆိုးဝါးကတော့ သူတို့နှင့် ပို၍နီးကပ်လာသလို ထင်မှတ်ရသည် ။

"အဆင့်မြင့်ဝိညာဉ်ဆိုတာ အတွေးအခေါ်ဂိုဏ်းရဲ့ အဆင့်မြင့်ကျင့်စဉ်တစ်ခုပဲ… "

မုန့်ချီက ချီးကျူးလိုက်မိသည်။

အကယ်၍ ဝမ်ကိုက်ကသာ သူ့ကို ဓားနှင့် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူက အစွမ်းကုန် တိုက်ခိုက်ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တုကူးဓား (၉)ကွက်၏ စွမ်းရည်ကို ဖျက်ဆီးနိုင်သော ဓားသိုင်းပညာ မရှိချေ။ သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက် သို့မဟုတ် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်နှင့် ကောင်းကင်ဓားအနှစ်သာရများကို ပေါင်းစပ်ပြီး သူ၏ ချီစွမ်းအင်များ အားလုံးကို အသုံးပြုရပါလိမ့်မည်။

သူက ချီစွမ်းအင်များ ကုန်ဆုံးသွားမှာကို မကြောက်ဘဲ အဆင့်မြင့်ဝိညာဉ်နှင့် တိုက်ခိုက်နိုင်သည်။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ အကူအညီကြောင့် သူ၏ ချီစွမ်းအင်များက အမြင့်ဆုံးတွင် ဆက်လက်တည်ရှိနိုင်၏။

ထိုအရာက ဝမ်ကိုက်၏ ပထမဆုံး ဓားချက်ဖြစ်ပြီး သူ၏ထူးခြားသော စွမ်းရည်တစ်ခု မဟုတ်ချေ။ သူနှင့် တိုက်ခိုက်မည်ဆိုလျှင် မုန့်ချီက ဝေ့ကျင်းအဆင့် ဓားပညာကိုပင် သုံးရမည်ဖြစ်သည်။

မုန့်ချီကလည်း ကြည့်မနေခဲ့ပေ။ ဝမ်ကိုက်၏ စွမ်းဆောင်ရည်ကို မြင်သည့်အခါ သူလည်း မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးအလင်းတန်းနှင့် တိုက်ခိုက်လိုက်၏။ သူကလည်း မည်သည့်သိုင်းကွက်မျှ မသုံးဘဲ ကြောက်စရာကောင်းစွာ ခုတ်ချလိုက်သည်။

တစ်ချိန်တည်းတွင် ထန်ရမ်ကလည်း ဘေးမှနေ၍ တိုက်ခိုက်လိုက်၏။ သူက ကန်းလန်ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ ရေစီးကြောင်းများက မျက်နှာတစ်ထောင် မကောင်းဆိုးဝါးဆီကို ရေလှိုင်းများကဲ့သို့ ရောက်ရှိသွားခဲ့သည်။

တစ်ဖက်တွင်တော့ ဟွမ်ကျိချင်က သူ၏ညာလက်သီးနှင့် မုန့်တိုင်းသဖွယ် တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုများကြောင့် မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ နောက်တွင် ရှိနေသော စားပွဲခုံကပင် အက်ကွဲသွားခဲ့သည်။

လေမိုးကြိုးလက်သီးက ဝေ့ကျင်းအဆင့် သိုင်းကွက်ဖြစ်ပြီး ကျင်းအင်ပါယာ နန်းတွင်းထဲမှ ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။ လူဆိုးထိန်း တစ်ယောက် ဖြစ်လာပြီးနောက် ဟွမ်ကျိချင်က တာဝန်ပေါင်း မြောက်များစွာကို ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူ့အစွမ်းကလည်း အတော်လေး တိုးတက်လာခဲ့၏။

တံခါး (၉)ပေါက် ပွင့်သည့်အချိန်တွင် သူက မြို့တစ်မြို့၏ လူဆိုးထိန်းခေါင်းဆောင် ဖြစ်လာသည်။ သူက မြို့တော်တွင် ယပ်တောင် (၆)လက် ကျောင်းနှင့် ပတ်သက်ပြီး သူ၏အလုပ်တာဝန်များကို သတင်းပို့နေစဉ် စုံစမ်းရေးမှူးချုပ်နှင့် ရှင်ဘုရင်ဆီသို့ သွားလည်ရန် အခွင့်အရေးရခဲ့သည်။ ထိုနေရာတွင် သူ့ကို လေမိုးကြိုးလက်သီးသိုင်း ပေးခဲ့၏။

သူက သေခြင်း ရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်ပြီး အတွင်းအပြင် ကမ္ဘာကြီးများကို ပေါင်းစပ်ရန် အချိန်များများ မလိုတော့ပေ။ ထို့ကြောင့် သူက အတော်လေး ကျေးဇူးတင်သလို ခံစားနေရပြီး နန်းတွင်းနှင့် ရှင်ဘုရင်အပေါ် အလွန် သစ္စာရှိခဲ့၏။

သူက တံခါး (၉) ပေါက် ပွင့်နေပြီးနောက် လေမိုးကြိုးလက်သီးသိုင်းကို သုံးလိုက်သည့် အချိန်တွင် အလွန်သိပ်သည်းသော ချီစွမ်းအင်လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်နိုင်သည်။ ထိုလက်သီးချက်ထဲတွင် လေလှိုင်းနှင့် မိုးကြိုးစွမ်းအင်များ ရှိနေသည့်အတွက် အရာအားလုံးက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားနိုင်သည်။ သူ့အစွမ်းက အနည်းငယ် နည်းပါးသော်လည်း မည်သူ၏ အလောင်းကမျှ အကောင်းအတိုင်း မကျန်ခဲ့ပေ။

ချီကျန်းရန်ကလည်း ရွှေနဂါးဓားကို မြှောက်လိုက်သည်။ သို့သော် အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူက ရှေ့တွင် ရှိနေသော လူ (၄)ယောက်ကို အားဖြည့်ပေးရုံ သက်သက်သာ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

သူက တံခါး (၄) ပေါက်သာ ပွင့်နေ၏။ သူက ပန်းစန္ဒာကျောင်းဆောင်ထဲတွင် ကြောက်စရာကောင်းသော တိုက်ခိုက်စွမ်းရည်ကို ပြသခဲ့သော်လည်း ထိုအရာကို မည်သူကမျှ မမြင်ကြပေ။

သူက တိုက်ပွဲထဲသို့ ရောက်မလာလျှင် ပိုကောင်းသည်ဟု ဝမ်ကိုက်နှင့် ထန်ရမ်တို့က တွေးနေမိကြ၏။ အကယ်၍ မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ မကောင်းဆိုးဝါးဝိညာဉ်ကသာ သူ့ကို ထိန်းချုပ်လိုက်မည်ဆိုလျှင် သူတို့က ဒုက္ခများနိုင်သည်။

မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ မျက်ခုံးကြားထဲတွင် အက်ကွဲလာခဲ့၏။ ထိုနေရာမှနေ၍အစိမ်းရောင်မျက်လုံးတစ်လုံး ထွက်ပေါ်လာပြီး ထိုအစိမ်းရောင်မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု လွှမ်းခြုံနေသည်။

ထိုအစိမ်းရောင်အလင်းတန်းက ပို၍တောက်ပလာပြီး မြားတစ်စင်းအဖြစ် ပြောင်းလဲ၍ ဝမ်ကိုက်ကို တိုက်ခိုက်လိုက်၏ ။ သူ၏စိတ်ဝိညာဉ်တိုက်ခိုက်မှုက လှိုင်းလုံးတစ်ခုကဲ့သို့ ဖြစ်နေသည့်အပြင် အလွန်သိပ်သည်းသော မြားတစ်စင်းကဲ့သို့ ပြောင်းလဲနိုင်သည်။ ထိုအရာက အလွန်ထက်မြက်ပြီး ကြောက်စရာကောင်း၏။

အစိမ်းရောင်မြားအလင်းတန်းများက တသမတ်တည်းမရှိဘဲ မှေးမှိန်နေသည်။ သူတို့က ပုံရိပ်ယောင်များကဲ့သို့ ဝမ်ကိုက်ဆီသို့ လျင်မြန်စွာ ရောက်လာခဲ့၏။ သူက အမှန်တရားဓားကို ကျော်ပြီး သူ့ကို တိုက်ခိုက်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် မျက်နှာတစ်ထောင် မကောင်းဆိုးဝါး တိုက်ခိုက်လိုက်သော စိတ်ဝိညာဉ် မြားများက နှေးကွေးသွားခဲ့၏။ သူတို့ကို ဝမ်ကိုက်၏ ပတ်ပတ်လည်တွင် ရှိနေသော အမှန်တရား အငွေ့အသက်များက နှောင့်ယှက်လိုက်ပုံရသည်။

ထိုအချိန်တွင် ဝမ်ကိုက်က အစိမ်းရောင်အလင်းတန်းကို ဓားရှည်နှင့် ခုတ်ပိုင်းလိုက်၏။ အလွန်ပြင်းထန်သော လေဖိအားများကြောင့် မကောင်းဆိုးဝါးမြားများအားလုံးက ပျောက်ကွယ်သွားခဲ့သည်။

အထက်တန်းလွှာ မိသားစုကြီးတစ်ခု၏ အဆင့်မြင့်ဝိညာဉ်က ရတနာတစ်ပါးဖြစ်ကြောင်း နားလည်သွားသည့်အတွက် မုန့်ချီက အံ့ဩနေမိ၏။ သူ၏မာကျောမှုက စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်။ သို့သော် သူက ထိုအရာကို စဉ်းစားနေရန် အချိန်မလုံလောက်ခဲ့ပေ။

မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင် အငွေ့များက လေထဲသို့ မြောက်တက်လာပြီး အလွန်ကြီးမားသော လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲ၍ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို လှမ်း၍ လုယူလိုက်သည်။

မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးထားလိုက်၏။ ထို့ကြောင့် အနက်ရောင် အငွေ့များ ပြောင်းလဲလာသည့် လမ်းကြောင်းကို တစ်စိတ်တစ်ပိုင်း မြင်နေရသည်။

မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက ပတ်ပတ်လည်ရှိ လေစီးကြောင်းနှင့် စွမ်းအင်များကို စုပ်ယူလိုက်သည်။ လျှပ်စီးကြောင်းများလည်း တောက်ပ၍ အစိမ်းရောင်မိုးကြိုးများ ထွက်ပေါ်လာပြီး အနက်ရောင်အငွေ့များနှင့် ဖန်တီးထားသော ဧရာမလက်ကြီးကို တိုက်ခိုက်လိုက်၏။

"ဂျိမ်း… "

လျှပ်စီးကြောင်းများက အနက်ရောင်အငွေ့များကို ဖျက်ဆီးပစ်ခဲ့သည်။ ဓားကလည်း ဧရာမလက်ကြီးကို နှစ်ပိုင်းဖြတ်ပစ်လိုက်၏။

မုန့်ချီနှင့် ဝမ်ကိုက်တို့က မျက်နှာတစ်ထောင် မကောင်းဆိုးဝါးနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နေကြသည်။ တစ်ချိန်တည်းတွင် မကောင်းဆိုးဝါးက ကန်းလန်ဓားကို ကာကွယ်ရန်အတွက် ညာလက်သီးနှင့် ထိုးလိုက်၏။ အနက်ရောင်အငွေ့များ လောင်ကျွမ်းနေသော သူ၏ဘယ်လက်ကလည်း လေမိုးကြိုးလက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြန်သည်။

"ဘုန်း… "

အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီးအနက်ရောင်မီးတောက်များက နေရာအနှံ့ ပျံ့နှံ့သွားသည်။ အလင်းတိုင်လုံးကြီးတစ်ခုကလည်း လူနှစ်ယောက်၏ ကြားထဲတွင် အက်ကွဲသွားခဲ့ပြီး အနက်ရောင်မီးတောက်များက ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။

နောက်ဆုံးတွင်တော့ လက်သီးချက်နှစ်ခုက ရင်ဆိုင်လိုက်ရပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုလည်း ကြားလိုက်ရ၏။

ဟွမ်ကျိချင်က မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ အတွင်းအားများကို ဆွဲငင်လိုက်ပြီး လေမိုးကြိုးစွမ်းအားများကို သုံး၍ သူ့ကို နှောင့်ယှက်လိုက်သည်။

တစ်ဖက်တွင်တော့ မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက ကန်းလန်ဓားဆီမှ ရောက်လာသော စွမ်းအားများကို ဖယ်ရှားနိုင်ခဲ့သော်လည်း ဓားက သူ့အနားကို တဖြည်းဖြည်း နီးကပ်လာခဲ့၏။

မကောင်းဆိုးဝါးကိုယ်ပွား ရှိနေသည်ကိုပင် ထိပ်တန်းပညာရှင် (၄)ယောက် ဝိုင်းဝန်းတိုက်ခိုက်နေသည့်အချိန်၌ မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ အခြေအနေက အတော်လေး ဆိုးရွားသွားခဲ့၏။

ရုတ်တရက်ဆိုသလို မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏ လက်မောင်းမှနေ၍ သွေးများ စီးကျလာခဲ့သည်။ ထို့နောက် အနက်ရောင်လက်နှစ်ဖက် ထပ်ထွက်လာပြီး ဟွမ်ကျိချင်နှင့် ထန်ရမ်တို့ကို တိုက်ခိုက်လိုက်၏။

ထိုလက်နှစ်ဖက်က ကြီးမားသည့်အပြင် ရှည်လျားသည်။ အရှည်အရ ပြောရမည်ဆိုလျှင် လက်တစ်ဖက်ချင်းဆီက ဓားရှည်တစ်ချောင်း သို့မဟုတ် လူ (၃)ယောက်၏ လက်အရှည်ခန့် ရှိသည်။

ဟွမ်ကျိချင်နှင့် ထန်ရမ်တို့ကပင် နောက်သို့ လွင့်သွားပြီး သွေးအန်လိုက်ရ၏။ သူတို့ဆီတွင် အကာအကွယ် ချီစွမ်းအင်များ ရှိနေသည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခြင်း မရှိပေ။

မကောင်းဆိုးဝါး၏ လက်(၄)ဖက် စုစည်းလာသည့်အချိန်တွင် မုန့်ချီနှင့် ဝမ်ကိုက်တို့ကလည်း လှုပ်ရှားမှုသက်သက်နှင့် သူ့ကို အနိုင်မရနိုင်တော့ပေ။ သူတို့က လက်နက်များနှင့် တိုက်ခိုက်ပြီး ဘေးနှစ်ဖက်သို့ ခုန်ဆုတ်လိုက်ကြသည်။

မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက ယခင်တုန်းကထက် ပို၍ အစွမ်းထက်နေသော်လည်း သူတို့နှစ်ယောက်ကတော့ အကြောက်အလန့် မရှိကြပေ။ သူတို့အတွက်တော့ သွေးပူလေ့ကျင့်ခန်း လုပ်နေသလိုသာ ဖြစ်သည်။

"ဟားဟားဟား… ဒါက နတ်ဘုရားတစ်ယောက်ရဲ့ အစွမ်းပဲ …"

မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက ကျယ်လောင်စွာ ရယ်လိုက်သည်။

သူက လက်အရှည်နှစ်ဖက်နှင့် အတိုနှစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ သူက ယခုအချိန်အထိ အဆင့်မတက်သေးသော်လည်း မကောင်းဆိုးဝါးကိုယ်ပွားကတော့ ခန္ဓာကိုယ်ထဲမှနေ၍ လက်အပိုတစ်စုံ ထွက်လာသည့်အတွက် ပို၍ အစွမ်းထက်လာခဲ့၏။

ထိုအချိန်တွင် လူပေါင်းများစွာ ဝင်လာခဲ့သည်။ သူတို့ကတော့ ထန်မိသားစု ၊ ဝမ်မိသားစုနှင့် လင်းမိသားစုမှ ဖြစ်ကြ၏။ ရှေ့ဆုံးတွင် ရှိနေသော သူများကတော့ မုန့်ချီကို တိုက်ခိုက်ခဲ့ကြသော ဓားသမားနှင့် လှံသမားတို့ ဖြစ်ကြသည်။ သူတို့က လှည့်စားခံရမှုကြောင့် တိုက်ခိုက်ခဲ့ရသည်ဆိုလျှင်ပင် သူတို့၏တိုက်ခိုက်မှုက အစစ်အမှန်ဖြစ်သည်။

အကယ်၍ ဟွမ်ဟွာဓားဂိုဏ်းကသာ သူတို့ကို ပြဿနာရှာမည်ဆိုလျှင် သူတို့၏ အရှင်သခင်များကလည်း သူတို့ကို အကူအညီမပေးနိုင်ကြပေ။ ထို့ကြောင့် သူတို့က မကောင်းဆိုးဝါး ဝိညာဉ်ကို သတ်ပြီး သူတို့၏ အပြစ်ကို ဆေးကြောရန် မျှော်လင့်နေကြ၏။

"အားလုံးရောက်ပြီ ဆိုမှတော့ မင်းတို့အားလုံး အတူတူ သေလိုက်ကြပေါ့… "

မျက်နှာတစ်ထောင် မကောင်းဆိုးဝါး၏မျက်နှာက ပျက်စီးသွားသည်။ သူ၏ လက်(၄)ဖက်ကလည်း သူ့ရှေ့တွင် ရှိနေသော ခရမ်းသေမင်းဓားကို ဆုပ်ကိုင်ပြီး သွေးထဲမှနေ၍ ဆွဲထုတ်လိုက်သည်။ ထို့နောက် ထိုလူများကို စတင်တိုက်ခိုက်လိုက်၏။

ခရမ်းနီရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး ဓားချီစွမ်းအင်များ လှုပ်ရှားလာသည်။ ထိုဓား၏ ထက်မြက်မှုကြောင့် အမိုးကပင် အက်ကွဲသွားပြီး အုတ်များ ၊ အမိုးတန်းများ အားလုံးက ပြုတ်ကျလာခဲ့သည်။

"အခြေအနေ မကောင်းတော့ဘူး…"

ထန်ရမ်က စွမ်းအားကုန်ဆုံးမှုကို စဉ်းစားမနေတော့ဘဲ ကန်းလန်ဓားကို ဝှေ့ယမ်းလိုက်၏။

ထိုအခါ အနက်ရောင်လှိုင်းလုံးများက ကောင်းကင်ကြီးပေါ်သို့ ရောက်ရှိသွားပြီး မျက်နှာတစ်ထောင် မကောင်းဆိုးဝါးကို ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။ မြေပြင်ပေါ်တွင် ရှိနေသော ကြမ်းခင်းများကလည်း ပျက်စီးသွားခဲ့၏။

ဝမ်မိသားစုမှ အကြီးအကဲတစ်ယောက်ကလည်း မျက်မှောင်ကြုတ်ပြီး အနီရောင်လှံနှင့် ထိုးလိုက်သည်။ အဆုံးမဲ့လှံအရိပ်များက အလောင်းထဲမှ ထွက်ပေါ်လာသော မီးတောက်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့၏။

လင်းမိသားစုမှ အကြီးအကဲကလည်း ဓားကို ရေပြင်ညီအတိုင်း ကိုင်လိုက်ပြီး မြင်းစီးသမားတစ်ယောက်ကဲ့သို့ တိုက်ခိုက်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ တိုက်ခိုက်မှုကြောင့် အမိုးတစ်ခုလုံးက ပျက်စီးသွားပြီး ကောင်းကင်ကြီးက ပြောင်းပြန်ဖြစ်သွားသည့်အလား တိမ်တိုက်များ ပေါ်လာခဲ့သည်။

မုန့်ချီကတော့ အလွန်လျင်မြန်သော ခန္ဓာကိုယ်လှုပ်ရှားမှုကို သုံးပြီး ယဲ့မိသားစု ခန်းမထဲမှ ထွက်သွားခဲ့သည်။ ထိုအချိန်တွင် လှုပ်ရှားခြင်းတိမ်တိုက် ဓားပညာကို မြင်လိုက်ရ၏။

"ဒီဓားက မြစ်ခွဲခြင်းဓားပညာ အနှစ်သာရနဲ့ တော်တော်လေးကို ကွဲတာပဲ…"

မုန့်ချီက ထိုအရာကို သေချာစိုက်ကြည့်နေခဲ့သည်။

"ဘုန်း… "

အမိုးတစ်ခုလုံးနှင့် ပတ်ပတ်လည်ရှိ နံရံများအားလုံးက ပျက်စီးသွားသည်။ မီးတောက်များက ကောင်းကင်ပေါ်ထိအောင် ပျံနှံ့လာပြီး လှိုင်းလုံးများက ကမ်းခြေအထိ ရိုက်ခတ်နေသည်။ အမိုးအုတ်ကြွပ်များ ၊ ထုပ်တန်းများအားလုံးကလည်း လောင်ကျွမ်းပြာကျပြီး ပျက်စီးသွားကြ၏။

ခရမ်းနီရောင်ဓားအလင်းတန်းကတော့ အလွှာတစ်ခုပြီးတစ်ခု ရုန်းကန်နေပြီးနောက် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ထန်ရမ်က အေးအေးဆေးဆေး လျှောက်လာခဲ့၏။ ဝမ်မိသားစုနှင့် လင်းမိသားစုကလည်း မကောင်းဆိုးဝါးကို ထွက်မပြေးစေရန် လူခွဲ၍ စောင့်နေကြသည်။

"အရူးတွေ… နတ်ဘုရားဆိုတာက မသေနိုင်ဘူး…."

မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက ရုတ်တရက် လေထဲသို့ ခုန်လိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ ပျက်စီးလာနေပြီး အရိုးများကလည်း တစ်စစီပျက်စီးသွားခဲ့၏။ ကိုယ်ပွားကလည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါ တိုက်ခိုက်နေသူများ အားလုံးက စိတ်ပျက်သွားကြ၏။ သူက မည်သို့ပြန်ရှင်လာမည်နည်း။

"အနီးအနားမှာ ရှိတဲ့ လူသားမီးဖိုတွေကို လိုက်ရှာကြ…"

ဟွမ်ကျိချင်က အော်ဟစ်အမိန့်ပေးလိုက်ပြီး ထပ်ပြောလိုက်သည်။

"ခရမ်းသေမင်းဓားက အပျက်အစီးထဲ နစ်မြုပ်သွားပြီ…"

…………….

မြို့ထဲတွင် ရှိနေသော သာမန် ခြံဝန်းတစ်ခုထဲတွင်…

မိန်းကလေးအန်က လျင်မြန်စွာ လျှောက်လှမ်းလာနေ၏။ သူမ၏ ‌အနားတွင်တော့ ချန်းရှန့်က တိတ်တဆိတ် ထိုင်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ချန်းရှန့်၏ ဗိုက်က ကြီးမားလာပြီး ဆယ်လခန့် ကိုယ်ဝန်လွယ်ထားရသော မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်လာ၏။

"မြို့အပြင်ဘက်ကို ထွက်နိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာ ကံကောင်းသွားတယ်…"

မိန်းကလေးအန်က စိတ်သက်သာရရစွာ သက်ပြင်းချလိုက်မိ၏။

ထိုအချိန်တွင် အနီးအနား၌ ရှိနေသော လေဟာနယ်ထဲမှနေ၍ အဖြူရောင် လက်ညှိုးလေးတစ်ခု ပေါ်လာပြီး ချန်းရှန့်၏ မျက်ခုံးအလယ်တည့်တည့်ကို ထောက်ထားလိုက်သည်။ ထို့နောက် အလွန်တည်ငြိမ်သော အသံတစ်ခုကို

ကြားလိုက်ရ၏။

"အဂတိဘုရင်မ… လေဟာနယ်မြို့တော်…"

ချန်းရှန့်၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးချမ်းသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်နှင့် ဖောင်းကားနေသော ဗိုက်ကလည်း ပျက်စီးသွားခဲ့၏။ သွေးဝိညာဉ်များ အားလုံးက ထိုအဖြူရောင်လက်ကလေးထဲသို့ စီးဝင်သွားခဲ့သည်။

ထိုအရာက မိန်းကလေးအန် မျှော်လင့်ထားသည်နှင့် လုံးဝကိုကွဲပြားနေ၏။ သူမက ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်ခဲ့ပေ။

"ရက်ပေါင်းများစွာ စောင့်နေခဲ့ရတာ.. နောက်ဆုံးတော့ သူ့ကို သတ်နိုင်ခဲ့ပြီ…"

အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေးတစ်ယောက်က မိန်းကလေးအန်၏ နောက်မှ ရောက်လာခဲ့သည်။ သူမ၏စကားသံက အလွန်ဆွဲဆောင်မှုရှိ၏။ သူမ၏ ရုပ်ရည်ကလည်း နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

"ကူရှောင်စန်း… "

မိန်းကလေးအန်က အံကြိတ်လိုက်မိသည်။ သူမက ထွက်ပြေးရမလား တိုက်ခိုက်ရမလား စဉ်းစားနေသော်လည်း လှုပ်ရှားနိုင်ခြင်း မရှိချေ။ သူမကို တစ်စုံတစ်ယောက်က ထိန်းချုပ်နေသလို ထင်မှတ်ရ၏။

"ဟုတ်တယ်… ငါပဲ…"

ကူရှောင်စန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"နဂိုတုန်းကတော့ ငါက လေဟာနယ်မိန်းမပျိုဂိုဏ်းက လူကို လိုက်နေတာ။ ငါက သူ့ရဲ့နောက်ကို လိုက်ရင်း ဟွမ်စီရင်စုထဲကို ရောက်လာခဲ့တာ။ ငါက ယီမြို့ထဲကို ဖြတ်သွားတဲ့အချိန်မှာ မိုင်းတွင်းတစ်ခုကို အာရုံခံမိခဲ့တယ်။ အဲဒီမှာ နေ့ဝက်လောက်နေတော့ ယင်ချီစွမ်းအင်တွေ ၊ မကောင်းဆိုးဝါးချီစွမ်းအင်တွေ ပြည့်နေတဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ သူက ငါနဲ့တွေ့တာ တော်တော်လေး ကံဆိုးတာပဲ…"

သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချန်းရှန့်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်။

"နင် ဘာလုပ်နေတာလဲ…"

မိန်းကလေးအန်က ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာနှင့် ပြောလိုက်သည်။

ကူရှောင်စန်းကတော့ မိန်းကလေးအန်ကို မော့မကြည့်သလို အလစ်ချောင်း တိုက်ခိုက်မှာကိုလည်း ကြောက်နေပုံမရချေ။ သူမက ပြန်ဖြေလိုက်၏။

"ငါ့ရဲ့ အနိုင်ဆုလာဘ်ကို ယူနေတာလေ။ ဒါက ငါ့ကလေးရဲ့အဖေ သဘောအကျဆုံး ဖြစ်လာမဲ့အရာတစ်ခုပဲ… "

"က… ကလေး… နင့်မှာ ကလေးရှိတာလား… "

မိန်းကလေးအန်က ထူးဆန်းသွားခဲ့သည်။

ကူရှောင်စန်းက သူ့ကို မော့ကြည့်ပြီ အပြစ်ကင်းစင်သော အမူအရာနှင့် ပြောလိုက်၏။

"အခုတော့ ငါ့မှာ မရှိသေးဘူး။ ဒါပေမဲ့ အနှေးနဲ့အမြန် ရှိလာမှာပေါ့။ တကယ်လို့ ငါကသာ သူ့ကို ငါ့ကလေးရဲ့အဖေအဖြစ် ခေါ်နိုင်မယ်ဆိုရင် သူက ဒါကို သုံးနိုင်မှာပဲလေ…"

သူမက ရုတ်တရက် ရယ်လိုက်သည်။

"သူ့ဆီမှာ ပြန်လည်ဝင်စားခြင်းတံဆိပ်တစ်ခု ရှိတယ်ဆိုတာ ငါသိတယ်။ ငါက သူ့ကို ရှာနေတာ တော်တော်လေး ကြာနေပြီ။ အခုတော့ တန်သွားပါပြီ…"

သူမက ဖြည်းညင်စွာ မတ်တပ်ရပ်လိုက်ပြီး မိန်းကလေးအန်ကို အပြုံးနှင့် စိုက်ကြည့်လိုက်၏။

"နင်က ပြန်လည်ဝင်စားခြင်းတံဆိပ်ကို သိလား…"

"မသိဘူး…"

မိန်းကလေးအန်က ခေါင်းခါ၍ ပြောလိုက်သည်။

ကူရှောင်စန်းက ပြုံးလိုက်၏။ သူမ၏ မျက်လုံးလေးများက အလွန်နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ကြည်လင်ပြီး ခန့်မှန်း၍ မရနိုင်ပေ။

"နင် အခု ထွက်သွားလို့ရပြီ။ ငါ့ဂိုဏ်းမှာရှိတဲ့ မီးအိမ်ကိုင် နတ်ဆရာက သူနဲ့ ပူးပေါင်းချင်တယ်လို့ ပုံရိပ်ယောင်မကောင်းဆိုးဝါးကို ပြောလိုက်ပါ။ တကယ်လို့ သူ သဘောတူတယ်ဆိုရင်တော့ ယဲ့တူမြို့မှာရှိတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း ကျောင်းဆောင်ကို သွားပြီး ပွင့်ဖက်(၈)ခုပါ သစ်ခွတစ်ပွင့် ဝယ်လိုက်ပါ…"

မိန်းကလေးအန်က သူ့ကို ပြန်မေးလိုက်သည်။

"မျက်နှာတစ်ထောင် မကောင်းဆိုးဝါးက သေသွားပြီလား…"

"ဟုတ်တယ်။ တကယ်လို့ မကောင်းဆိုးဝါးကိုယ်ပွားနဲ့ ငရဲဝိညာဉ်တို့ကသာ ပြန်လည်ရှင်သန်တာကို နှောင့်ယှက်ခံရမယ်ဆိုရင် မကောင်ဆိုးဝါးကိုယ်ပွားက ထိန်းချုပ်လို့ မရနိုင်တော့ဘူး။ သူက ငရဲဝိညာဉ်ကို ဝါးမြိုပစ်လိုက်လိမ့်မယ်။ ငါက ငါ့ဂိုဏ်းမှာရှိတဲ့ မကောင်းဆိုးဝါးကျင့်ကြံသူ (၄)ယောက်နဲ့ စမ်းသပ်ပြီးပြီ။ သူတို့တွေ တစ်ယောက်မှ ကံဆိုးမှုကနေ မလွတ်နိုင်ကြဘူး…"

ကူရှောင်စန်းက သိမ်မွေ့စွာ ရယ်လိုက်သည်။

ရုတ်တရက်ဆိုသလို သူမက နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်ပြီး တီးတိုးရေရွတ်လိုက်၏။

"သူတို့က မထိန်းချုပ်နိုင်တဲ့ မကောင်းဆိုးဝါး ကိုယ်ပွားတစ်ကောင်ကို ရင်ဆိုင်ရတော့မယ်…"

သူမက ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါက အဖိုးတန်လက်နက်တွေ အများကြီးရတော့မယ်လေ…"

…………

နေရာတိုင်းတွင် မီးတောက်များ လောင်ကျွမ်းနေသည်။ အကြီးအကဲများနှင့် ပြင်ပပညာရှင်များ အားလုံးက သီးခြားဆီ လှုပ်ရှားနေကြ၏။ တခြားလူများကတော့ ခရမ်းသေမင်းဓားကို ရှာဖွေနေကြသည်။

မုန့်ချီလည်း ထိုနေရာတွင် ရှိနေခဲ့၏။ ရုတ်တရက်ဆိုသလို အနီရောင်မီးတောက်များထဲတွင် အစိမ်းရင့်ရောင် အလင်းတန်းလေးတစ်ခုကို မြင်လိုက်ရ၏။

Translated by Hein Htet.

All Chapters