အခန်း (၂၁၅)
Vol. 15 Ch. 215
မီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းနေပုံရပြီး ထိုအစိမ်းရောင်အလင်းတန်းလေးကတော့ မီးတောက်များကြားထဲတွင် ရွေ့လျားသွားလာနေသော ဝိညာဉ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
“သတိထား….”
ထိုကဲ့သို့ ထူးဆန်းသော အခြေအနေနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို မြှောက်လိုက်ပြီး ထိုနေရာကို လှမ်း၍ တိုက်ခိုက်လိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုပင် ပေါ်လာခဲ့သည်။
သူအော်လိုက်သည့်အချိန်တွင် မီးပုံထဲမှနေ၍ အစိမ်းရင့်ရောင် အရိပ်တစ်ခု ထွက်လာခဲ့၏။ သူ့ပုံစံက ထိတွေ့ကိုင်တွယ်၍ ရသော ပစ္စည်းတစ်ခုနှင့်မတူဘဲ ရေထဲရှိ ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
စူးရှကျယ်လောင်သော အော်သံကြီးတစ်ခုလည်း ထွက်လာခဲ့၏။ ထိုဝိညာဉ်အော်သံထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည်။
အလွန်ကြောက်စရာကောင်းသော အော်သံကြီးကြောင့် မုန့်ချီကပင် တုန်လှုပ်သွားခဲ့၏။ ယခုလို အခြေအနေက မှော်သားရဲတစ်ကောင်ကဲ့သို့ မဟုတ်သလို ထူးခြားမှုမရှိသည့်ခံစားမှုမျိုးလည်း မဟုတ်ချေ။ ထိုအစား သူ၏စိတ်ဝိညာဉ်ထဲမှ ခံစားနေရခြင်းဖြစ်သည်။ လှုပ်ရှားနေသော အစိမ်းရောင်အရိပ်က သူ့ဘဝနှင့် စိတ်ဝိညာဉ်ကို လွှမ်းမိုးထားပြီး သူ့ကို အကြောက်တရားများ ပေးနိုင်ပုံရ၏။
ထူးဆန်းသော မကောင်းဆိုးဝါးအရိပ်က ပန်းစန္ဒာကျောင်းဆောင်ထဲတွင် မုန့်ချီကိုသတ်ရန် ကြိုးစားခဲ့သော ဓားသမားဆီသို့ ပျံသန်းသွားခဲ့သည်။ သူက တံခါး(၉)ပေါက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး ပစ်မှတ်များကို လျှင်မြန်သွက်လက်စွာ သတ်ပစ်နိုင်စွမ်း ရှိသည်။
“အဲဒါ မကောင်းဆိုးဝါးကိုယ်ပွားပဲ။ နောက်ဆုတ်ကြ…”
ဝမ်ကိုက်က မျက်နှာပျက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူကလည်း သူ၏ဓားရှည်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး သူ၏အဆင့်မြင့် ဝိညာဉ်ကို သုံးလိုက်ရာ ပတ်ပတ်လည်တွင် ပြည့်နှက်သွားခဲ့သည်။ သူ၏အဆင့်မြင့် ဝိညာဉ်က အမှန်တရားဝိညာဉ်ဖြစ်ပြီး မကောင်းဆိုးဝါး ဝိညာဉ်များကို သုတ်သင်ရန် အကောင်းဆုံးလက်နက်တစ်ခု ဖြစ်သည်။
သူ့ဓားကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် မကောင်းဆိုးဝါးကိုယ်ပွားနှင့် (၇)ပေ (၈)ပေခန့် အဝေးတွင် ရှိသော်လည်း ခုတ်လိုက်သည့်အချိန်တွင်တော့ ဝမ်ကိုက်က မကောင်းဆိုးဝါးကိုယ်ပွားနှင့် ခြေတစ်လှမ်းအကွာကို ရောက်သွားခဲ့သည်။ သူက နေရာပြောင်းလဲသော စွမ်းရည်တစ်ခုကို သုံးလိုက်ပုံရသည်။
ဓားသမားက ဝမ်ကိုက်၏အော်သံကို ကြားလိုက်ရသည့်အချိန်တွင် ဝမ်ကိုက်၏ ဓားက အစိမ်းရောင်အရိပ်ကို ခုတ်မိသွားပြီဖြစ်သည်။ အစိမ်းရောင်အရိပ်ကတော့ မည်သည့်အရာမျှ ဖြစ်မသွားဘဲ ပုံရိပ်ယောင်တစ်ခုကဲ့သို့သာ ဖြစ်၏။ အနည်းငယ်လေးသာ လှုပ်ရှားသွားခဲ့သည်။
ထိုအစား ဓားက အရိပ်ကို ဖြတ်ကျော်သွားပြီး လောင်ကျွမ်းနေသော အမိုးထုပ်တန်းကြီးကိုသာ နှစ်ပိုင်းပြတ်သွားစေခဲ့သည်။
မကောင်းဆိုးဝါးအရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှ၏။ သူက ဓားရှည်ကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့ပြီး ဓားသမား၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ပေါင်းစပ်သွားခဲ့သည်။ ဓားသမား၏ အကာအကွယ် ချီစွမ်းအင်များက တုန့်ပြန်မှု မရှိခဲ့ပေ။ သူ၏အသွေးအသားများက နေရောင်အောက်တွင် နှင်းပွင့်ကလေးများ ကျဆင်းလာသကဲ့သို့ ချက်ချင်းပင် အရည်ပျော်ကျသွားခဲ့သည်။
ဝမ်ကိုက်က သူ၏အမှန်တရားဓားကို မသုံးနိုင်ခင် အစိမ်းရောင်အရိပ်က ဓားသမား၏ ခန္ဓာကိုယ်ထဲမှ တည်ငြိမ်စွာ ထွက်သွားခဲ့၏။ ယခု သူ့ပုံစံက လေထဲတွင် လွင့်မျောလာသော ဆံပင်စများကဲ့သို့သာ ဖြစ်သွားခဲ့သည်။ အရာအားလုံးက အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုကဲ့သို့ မြင်ကွင်းမျိုးကြောင့် လူတိုင်းက ကြက်သီးမွေးညင်း ထလာခဲ့ပြီး ချွေးပျံလာကြသည်။ မကောင်းဆိုးဝါးကိုယ်ပွားက အလွန်ကြောက်စရာကောင်း၏။ ဓားရှည်များ ၊ ဓားမောက်များက အသုံးမဝင်သလို စွမ်းအားများကလည်း အချည်းနှီးသာ ဖြစ်သည်။ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးအရိပ်က အသွေးအသားများ ဝါးမျိုခြင်းကို တားဆီးနိုင်ခြင်း မရှိချေ။
ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းပညာရှင်များအားလုံးက သိုင်းပညာများ အတွင်းအားများ ၊ ချီစွမ်းအင်များကို လေ့ကျင့်ကြပြီး အသက်စွမ်းအင်များ ပြည့်နှက်လာစေရန် ကြိုးစားနေကြသည်။ ထို့ကြောင့် သူတို့က အားနည်းပြီး သေးငယ်သော မကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်ကြ၏။
တစ်ဖက်တွင်တော့ သူတို့က မကောင်းဆိုးဝါးတစ္ဆေများ၊ တခြားသော သဘာဝလွန်ဖြစ်ရပ်များနှင့် ကြုံတွေ့ရမည်ဆိုလျှင် ရင်ဆိုင်နိုင်ရန်အတွက် သူတို့၏ ချီစွမ်းအင် အနှစ်သာရမျိုးစုံကို အသုံးပြုထားကြသည်။
သို့သော် သူတို့ ရင်ဆိုင်နေရသည်မှာ သာမန် မကောင်းဆိုးဝါးဝိညာဉ်မဟုတ်ဘဲ မကောင်းဆိုးဝါးကိုယ်ပွားတစ်ခု ဖြစ်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် သူတို့နားလည်ထားခဲ့သော လှည့်ကွက်၊ သိုင်းကွက်များအားလုံးက လုံးဝကို အသုံးမဝင်ပေ။
လှုပ်ရှားခြင်းတိမ်တိုက်ဓားကို အသုံးပြုထားသော လင်းမင်သားစုမှ အကြီးအကဲက မကောင်းဆိုးဝါးကိုယ်ပွား၏ ခြိမ်းခြောက်မှုနှင့် ကြောက်စရာကောင်းသော တိုက်ခိုက်မှုကြောင့် နက်နက်ရှိုင်းရှိုင်းကို သက်ရောက်ခံလိုက်ရသည်။ သူက စိတ်ထဲတွင် လှုပ်ရှားသွားပြီး အံကြိတ်၍ အဖိုးတန်လက်နက်ကို သုံးလိုက်၏။
“နေဦး….”
ဝမ်ကိုက်၏ သတိပေးချက်က နားကွဲလုမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
လရောင်ကလည်း ပြောင်းပြန်ကျဆင်းနေသလို ဖြစ်လာချိန်တွင် ဓားအလင်းတန်း တစ်ခုက မကောင်းဆိုးဝါးကိုယ်ပွားဆီကို ရောက်ရှိသွားခဲ့၏။ ထိုအချိန်တွင် မကောင်းဆိုးဝါးကိုယ်ပွားက ရုတ်တရက် ပျံ့ကြဲသွားခဲ့ပြီး အစိမ်းရင့်ရောင် မီးတောက်လေးများအဖြစ် ပြောင်းလဲ၍ နေရာအနှံ့ လွင့်သွားခဲ့သည်။
ထိုဓားအလင်းတန်းက မကောင်းဆိုးဝါးကိုယ်ပွားကို ဝါးမျိုသွားခဲ့ချိန်တွင် အရာအားလုံးက မှောင်မဲသွားခဲ့၏။ ခဏကြာပြီးနောက် လရောင်က ပြန်ပေါ်လာပြီး ကမ္ဘာမြေကြီးပေါ်တွင် တောက်ပလာခဲ့သည်။
လင်းမိသားစု အကြီးအကဲကတော့ အသက်ကို အမောတကော ရှုနေရ၏။ သူက အနည်းငယ် စိတ်အေးသွားရုံသာ ရှိသေးသော်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏မျက်စိရှေ့တွင် အစိမ်းရင့်ရောင် မီးတောက်များက အရိပ်ပုံသဏ္ဍာန် ပြန်လည်စုစည်းလာခဲ့သည်။ ထိုအရာက ယခင်တုန်းကထက် ပို၍ မှေးမှိန်နေသော်လည်း မကောင်းဆိုးဝါးချီစွမ်းအင်များ၏ ခြိမ်းခြောက်မှုကတော့ ပြောင်းလဲသွားခြင်း မရှိချေ။
မကောင်းဆိုးဝါးကိုယ်ပွား တိုက်ခိုက်လိုက်သည့်အချိန်တွင် အသွေးအသားများက နောက်တစ်ကြိမ် အရည်ပျော်ကျလာခဲ့သည်။ အဖြူရောင်ဆံပင်များကလည်း မြေပေါ်သို့ ကျဆင်းသွားခဲ့ပြီး လင်းမိသားစုအကြီးအကဲက စတေးခံလိုက်ရ၏။
လှုပ်ရှားခြင်း တိမ်တိုက်ဓားက အလွန်ထက်မြက်နေမည်ဆိုလျှင်ပင် ဤကပ်ဆိုးမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
“မကောင်းဆိုးဝါးကိုယ်ပွားက စိတ်ကြိုက်စုစည်းပြီး ဖြန့်ခွဲနိုင်တယ်။ ဒါကြောင့် အဆင့်မြင့်ဝိညာဉ်က သူ့ကို ချုပ်နှောင်ပြီးမှပဲ အဖိုးတန်လက်နက်တွေနဲ့ သတ်လို့ရနိုင်မယ်….”
ဝမ်ကိုက်က အော်ဟစ်လိုက်သည်။
သူ၏လေသံက အလျင်လိုနေသလို ဖြစ်နေခဲ့၏။ မကောင်းဆိုးဝါးကိုယ်ပွားက တိုက်ခိုက်နေသည့်အတွက် သူ၏ငရဲဝိညာဉ်နှင့် လူသားမီးဖိုများက ရှင်းပစ်ခံလိုက်ရကြောင်း သိသာပြီး သူပြန်ရှင်ရန် အခွင့်အရေးမရှိတော့ချေ။
သို့သော် မကောင်းဆိုးဝါးကိုယ်ပွား၏ ခန္ဓာကိုယ်က စိတ်ကြိုက်သွားလာနိုင်ပြီး သတ်ပစ်ရန် အလွန်ခက်ခဲ၏။ အလွန်ထူးခြားသော စွမ်းအင်များကသာ သူ့ကို နေရာတစ်ခုတွင် ထိန်းချုပ်ထားရန် အကျိုးသက်ရောက်မှုရှိသည်။ မဟုတ်လျှင် သူက လူသားများကို ဝါးမြိုပြီးနောက် မီးတောက်များအဖြစ် ပြောင်းလဲ၍ ရနိုင်၏။
ထို့ကြောင့် ယပ်တောင်(၆)လက်ကျောင်းနှင့် အထက်တန်းလွှာမိသားစုများက မကောင်းဆိုးဝါးကိုယ်ပွားကို မဖြစ်မနေ ရှင်းပစ်ရမည့် လျှို့ဝှက်တာဝန်တစ်ခုအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ဝမ်မိသားစု၏ အဆင့်မြင့်ဝိညာဉ်က သူ့ကို ချုပ်နှောင်နိုင်ကြောင်း မကောင်းဆိုးဝါးကိုယ်ပွားက သိနေပုံရ၏။ ထို့ကြောင့် သူက ဝမ်ကိုက်ကို သတိထား၍ ရှောင်တိမ်းနေပြီး ဝိညာဉ်တစ်ခုကဲ့သို့ အဝေးတွင်သာ လွင့်မျောနေခဲ့သည်။
စက္ကန့်ပိုင်းလေးအတွင်း သူက (၄)ကြိမ် (၅)ကြိမ်ခန့် တိုက်ခိုက်လိုက်ရာ မိသားစု(၃)ခုမှ ပြင်ပပညာရှင်များ သေဆုံးသွားကြရသည်။ ထို့နောက် အစိမ်းရင့်ရောင် မကောင်းဆိုးဝါးကိုယ်ပွားက နောက်တစ်ကြိမ် လှုပ်ရှားလာပြီး မုန့်ချီဆီကို အရိပ်တစ်ခုကဲ့သို့ ပျံသန်းလာခဲ့၏။
မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကို သုံးထားပြီး သူ၏ စိတ်ဝိညာဉ်ကို အပြင်ဘက်သို့ ဖြန့်ကျက်ထားခဲ့သည်။ သူ၏ ရည်ရွယ်ချက်က ခန္ဓာကိုယ်အတွင်းပိုင်းကို ကာကွယ်ထားရန် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်က အလွန်တည်ငြိမ်အေးချမ်းနေပြီး ပတ်ပတ်လည်ကို သတိထားမိနေသည်။တစ်ချိန်တည်းတွင် အနတ္တကျိန်စာဖျက်ဓားပညာကြောင့် မကောင်းဆိုးဝါးကိုယ်ပွား၏ အတွေးများကို ခံစားမိနေခဲ့၏။
ရက်စက်ကြမ်းကြုတ်မှု၊ လူသတ်လိုမှု၊ သွေးဆာမှု…
မကောင်းဆိုးဝါးကိုယ်ပွားက မြောက်များလှသော အဆိုးမြင်ခံစားချက်များကို စုစည်းထားခြင်းဖြစ်သည်။ သူက အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့်အတွက် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက် သို့မဟုတ် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းတို့ကို သုံးရန် လုံးဝမဖြစ်နိုင်ပေ။
သူ၏အတွေးများ ပြောင်းလဲသွားသည့်အချိန်တွင် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို မြှောက်ပြီး ခုတ်ချလိုက်သည်။ မုန့်ချီက ထိုသိုင်းကွက်တွင် အစွမ်းကုန် သုံးထားခဲ့၏။ ထို့ကြောင့် ကောင်းကင်မှ စေလွှတ်လိုက်သော မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
ထိုအရာက ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု ကင်းမဲ့၏။ သူက ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများနှင့် စွမ်းအင်များကို စုပ်ယူပြီး မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ မိုးကြိုးစွမ်းအင်များကို အသက်သွင်းလိုက်ခြင်းဖြစ်၏။ ဓားထဲရှိ စွမ်းအင်များက အစိမ်းရောင်မိုးကြိုးအဖြစ် ပြောင်းလဲပြီး ကောင်းကင်ကြီးကိုပင် ထက်ခြမ်းခွဲပစ်တော့မလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကြည့်နေသူများကတော့ ကောင်းကင်ပေါ်မှ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရ၏။
ပထမတွင် မကောင်းဆိုးဝါးကိုယ်ပွားက ဝေဝါးသွားပြီး တခဏအတွင်း အစိမ်းရောင်အလင်းတန်းထဲမှနေ၍ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး နတ်ဆိုး မျက်လုံး(၂)လုံး ပေါ်လာခဲ့သည်။
ထို့နောက် အစိမ်းရောင်အလင်းတန်းများက မြားတစ်ချောင်းအဖြစ် ပြောင်းလဲလိုက်၏။ ထိုအရာက ဓားအလင်းတန်းထက်ပင် ပို၍လျင်မြန်နေသေးသည်။ ထိုအရာက မုန့်ချီ၏ ဦးခေါင်းတည့်တည့်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
မကောင်းဆိုးဝါးဝိညာဉ်က သူ၏ပင်မဝိညာဉ်ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း မုန့်ချီက ကြို၍ တွေးထားမိခဲ့သည်။ သူက စိတ်ဝိညာဉ်ကို သေချာကာကွယ်ထားခဲ့ပြီး ညာလက်က တည်ငြိမ်စွာ ဆက်၍ လှုပ်ရှားလိုက်၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်လေးပင် တုန်လှုပ်သွားခြင်း မရှိခဲ့ချေ။
ထိုအချိန်တွင် မြားငယ်လေးက မုန့်ချီကို ထိုးစိုက်လာခဲ့၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက ချာချာလည်လာပြီး အလွန်ပြင်းထန်သော နာကျင်မှုတစ်ခုက သူ့ခေါင်းထဲသို့ ကျရောက်လာခဲ့သည်။ နှာခေါင်းထဲမှနေ၍ သွေးများစီးကျလာခဲ့ပြီး မျက်လုံးနှင့်ပါးစပ်ထဲမှလည်း သွေးများ စီးကျလာခဲ့သည်။
မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက ခဏကြာ နှေးကွေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားပြီး ကြောက်စရာကောင်းသောအစွမ်းဖြင့် တိုက်ခိုက်လိုက်၏။ ထိုဓားက မကောင်းဆိုးဝါးကိုယ်ပွားကို ဖြတ်ကျော်သွားသည့်အချိန်တွင် တဖျောက်ဖျောက်မည်သံများကို ကြားလိုက်ရသည်။ လျှပ်စီးကြောင်းများ လှုပ်ရှားနေသည့်အချိန်တွင် ယင်စွမ်းအားတစ်ချို့က စတင်ပျောက်ကွယ်လာခဲ့၏။
မကောင်းဆိုးဝါးကိုယ်ပွားက ငြိမ်သက်သွားသည့်အချိန်တွင် ဝမ်ကိုက်က အချိန်ကိုက် အော်ဟစ်လိုက်သည်။
“ရပ်တန့်လို့မရနိုင်တဲ့ ခုတ်ချက်…”
သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပလာပြီး စွမ်းအင်များက တဖြည်းဖြည်း မြှင့်တက်လာသည်။ ခြံဝန်းကြီးတစ်ခုလုံးကို လွှမ်းခြုံနေသော အဆင့်မြင့်ဝိညာဉ်ကလည်း မကောင်းဆိုးဝါးကိုယ်ပွားကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားသည့်အတွက် သူလည်း အနည်းငယ်လေးသာ လှုပ်ရှားနိုင်တော့သည်။
မုန့်ချီကတော့ နောက်ပြန်ဆုတ်သွားပြီး ဒဏ်ရာရသွားသော ပင်မဝိညာဉ်ကို ပြန်လည်ကုသနေခဲ့၏။ သို့သော် သူ၏မျက်လုံးကတော့ ဝမ်ကိုက်ကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ သူက အဆင့်မြင့်ဝိညာဉ်၏ စွမ်းအားကို ကြည့်နိုင်သည့် အခွင့်အရေးကို လက်လွှတ်လိုခြင်းမရှိချေ။
“ရပ်တန့်လို့မရနိုင်တဲ့ ခုတ်ချက်။ ဒါက အဆင့်မြင့် ဝိညာဉ်ကိုသုံးရတဲ့ သိုင်းကွက်တစ်ခုဖြစ်မယ် ထင်တယ်…”
မုန့်ချီ၏ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။
အဆင့်မြင့်ဝိညာဉ်ကို မြင့်မားသောအဆင့်အထိ လေ့ကျင့်ထားသူကသာ ထိုသိုင်းကွက်ကို အသုံးပြုနိုင်သည်။ ထိုအရာက ကမ္ဘာမြေကြီး၏ ကြားထဲတွင် ရှိနေသော အဆင့်မြင့်ဝိညာဉ်များအားလုံးကို စုပ်ယူလိုက်ပြီး အစွမ်းထက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် ပို၍ အစွမ်းထက်လာစေနိုင်သည်။ ထိုအရာက ရပ်တန့်၍ မရနိုင်သော ခုတ်ချက်ဖြစ်၏။
ဝမ်မိသားစုထဲတွင် တံခါး(၇)ပေါက်အဆင့် ရောက်ရှိသူများက ထိုသိုင်းကွက်ကို သင်ယူကြရသည်။ သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့်ပညာရှင် တစ်ယောက်နှင့် တွေ့ရသည့်အချိန်မျိုးတွင်လည်း ပြိုင်ဘက်ထက်ပင် ပို၍အစွမ်းထက်လာနိုင်ပြီး သူ့ကို ရှင်းပစ်နိုင်ပါလိမ့်မည်။
ရပ်တန့်၍ မရနိုင်သောခုတ်ချက်၏ အကျိုးရလဒ်က မုန့်ချီ၏ စွန့်လွှတ်ခြင်းကျင့်စဉ်ထက် အဆပေါင်းများစွာ ပိုသာသည်။ သူ၏ဘေးထွက်ဆိုးကျိုးများကလည်း ပို၍နည်းနိုင်၏။ မုန့်ချီစကားအရ ပြောရမည်ဆိုလျှင် ထိုအရာက လှည့်စားထားခြင်းတစ်မျိုး ဖြစ်နိုင်သည်။
ထိုလူက အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ သို့သော် နေရာတိုင်းတွင် အားနည်းချက်များရှိသည်။ ထိုအရာက စွန့်လွှတ်ခြင်းကျင့်စဉ်နှင့် မတူညီသည့်အတွက် ပြိုင်ဘက်ကို တိုက်ခိုက်ပြီးသွားချိန်တွင် အေးအေးဆေးဆေး ရပ်နိုင်ခြင်းရှိမရှိ သူလည်း သေချာမသိပေ။
အမှန်တရားဓားက အလွန်ကြောက်စရာကောင်းသောအရှိန်နှင့် မကောင်းဆိုးဝါး ကိုယ်ပွားဆီကို ရောက်သွားခဲ့သည်။
မကောင်းဆိုးဝါးကိုယ်ပွားကတော့ တစ်ကိုယ်လုံး လှုပ်ရှားနေခဲ့၏။ အစိမ်းရင့်ရောင်နှင့် အနက်ရောင်ပေါ်နေသော လေလှိုင်းလေးများကလည်း ပျောက်ကွယ်သွားပြီး တဖြည်းဖြည်း ပျံ့နှံ့သွားနေသည်။ သူကတော့ နေရာတွင်သာ ငြိမ်သက်နေရ၏။
ဝမ်ကိုက်က သူ့ဓားကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
ဝမ်မိသားစု အကြီးအကဲကလည်း ထိုအရာကို နားလည်သွားခဲ့၏။ ထို့ကြောင့် သူက မြက်ခင်းစိမ်း မီးတောက်လှံကို မြှောက်ပြီး တိုက်ခိုက်လိုက်သည်။ လှံအရိပ်များက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေပြီး လှံထိပ်ဖျားက ငြိမ်သက်နေသော်လည်း ပြောင်းလဲမှုများစွာ ပေါ်လာခဲ့သည်။
အလွန်တောက်ပသော မီးတောက်များက ကြောက်စရာကောင်းသော မီးတောက်တစ်ခုအဖြစ် စုစည်းလာခဲ့၏။ ယခုတစ်ကြိမ်တော့ ပတ်ဝန်းကျင်တွင် မည်သည့်အရာမျှ လောင်ကျွမ်းသွားခြင်း မရှိတော့ချေ။ သူက လောင်ကျွမ်းနေသော မီးတောက်များကို သေချာထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထိုအရာက လှံသွားအတိုင်း မကောင်းဆိုဝါးကိုယ်ပွား၏ သွေးသားကိုသာ ထိုးစိုက်သွားခဲ့သည်။
“ဗုန်းးး...”
အနီရောင်မီးတောက်များက ပေါက်ကွဲသွားခဲ့၏။ သူက မကောင်းဆိုဝါး ချီစွမ်းအင်များကို လောင်စာအဖြစ် အသုံးချလိုက်ရာ မကောင်းဆိုးဝါးကိုယ်ပွားက မီးတောက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
ဝမ်ကိုက်၏ ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏နဖူးပေါ်မှနေ၍ ချွေးစေးများ စီးကျလာနေ၏။ ကြည့်ရသည်မှာ ရပ်တန့်၍ မရနိုင်သော ခုတ်ချက်ကို အသုံးပြုသည့် တန်ပြန်သက်ရောက်မှုက အလွန်ပြင်းထန်ပုံရသည်။
ဝမ်မိသားစုနှင့် လင်းမိသားစုမှ အကြီးအကဲများကလည်း သူတို့၏ လက်နက်များကို အသုံးပြုခဲ့ကြသည့်အတွက် စွမ်းအားများစွာ ကုန်ဆုံးနေကြသည်။ သူတို့က ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း အသက်ကိုပင် မနည်းရှူနေရ၏။
သတင်းကောင်းကတော့ မကောင်းဆိုးဝါးကိုယ်ပွားကို ရှင်းပစ်နိုင်ခဲ့ပါပြီ။ နောက်ဆုံးတွင်တော့ လူတိုင်းလည်း စိတ်အေးသွားကြ၏။ မည်သူကမျှ ဆိုးဆိုးဝါးဝါးရလဒ်မျိုး မကြုံရသည်ကိုပင် ကျေးဇူးတင်ရပါလိမ့်မည်။
ရုတ်တရက်ဆိုသလို တဖျောက်ဖျောက် မီးလောင်နေသည့်အသံများ ကြားလိုက်ရသည်။ ထိုအထဲမှနေ၍ ခရမ်းရောင်ဓားတစ်ချောင်း ထွက်လာပြီး သူ့နောက်တွင်တော့ အစိမ်းရင့်ရောင် မီးတောက်တစ်ခု ရှိနေသည်။ မီးတောက်က တဖြည်းဖြည်းပို၍ ကြီးမားလာပြီး လူတစ်ယောက်၏အရိပ်အဖြစ် ပြောင်းလဲသွား၏။
“အခုထိမသေသေးဘူးလား။ နည်းနည်းလေးပဲ ရှိတော့တာလေ…”
လူတိုင်းက ထိတ်လန့်ပြီး ကြောက်လန့်သွားကြသည်။
မကောင်းဆိုးဝါးကိုယ်ပွားကို သတ်ရန် အလွန်ခက်ခဲလှ၏။ အကယ်၍ သူကသာ သွေးသားများကို ဝါးမြိုပြီး ပြန်ကောင်းလာမည်ဆိုလျှင် ဤနေရာ၌ ရှိနေသော လူတိုင်းနှင့် တစ်မြို့လုံးကပင် သေဆုံးခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ချီကျန်းရန်က အံကြိတ်ပြီး ဖရိုဖရဲကျင့်စဉ်ကိုသုံး၍ တိုက်ခိုက်ရန် ကြိုးစားကြည့်ချင်နေသည်။ သို့သော် သူက မကောင်းဆိုးဝါးကိုယ်ပွားကို အနိုင်ရရန် ယုံကြည်နေခြင်း မရှိချေ။
ကျန်ရှိနေသော ပြင်ပအကြီးအကဲများအားလုံးကတော့ ဝမ်ကိုက်ကိုသာ မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။ သူက မကောင်းဆိုးဝါးကိုယ်ပွား၏ နောက်ဆုံးလက်ကျန်ကို ဖျက်စီးပစ်စေချင်ကြသည်။
ဝမ်ကိုက်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူက ချီစွမ်းအင်ကို လျင်မြန်စွာ စုစည်းနေပြီး စွမ်းအားများကို ပြန်ဖြည့်ရန် ကြိုးစားနေသည်။ သို့သော် အချိန်အနည်းငယ် လိုအပ်နေသေး၏။
ထိုအချိန်တွင် အရိပ်တစ်ခုက ပြေးထွက်လာခဲ့သည်။
“လူလေး…..”
“သခင်လေးထန်…”
“ထန်ကျင်း…..”
ကျယ်လောင်သော အော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရိပ်ကတော့ မုန့်ချီကလွဲလျှင် တခြားလူတစ်ယောက် မဟုတ်နိုင်ချေ။ မုန့်ချီက မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ကိုင်ထားပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိုးကြိုးများ လှည့်ပတ်ထားသည်။ ထို့ကြောင့် သူက မကောင်းဆိုးဝါးကို ဖျက်စီးပစ်နိုင်သည့် အစွမ်းမျိုးရှိ၏။
သူက ဓားကို ဝှေ့ယမ်းပြီး အစိမ်းရင့်ရောင်အရိပ်ကို တိုက်ခိုက်လိုက်သည်။ မီးတောက်က လှုပ်ရှားနေပြီး လျှပ်စီးကြောင်းများကြောင့် ဆက်တိုက်ကို တုန်လှုပ်နေခဲ့၏။ သူက နေရာပြောင်းသွားရန် ကြိုးစားနေခဲ့သည်။ သို့သော် မည်သည့်နေရာမျှ သွား၍မရဘဲ မုန့်ချီ၏ တိုက်ခိုက်မှုကိုသာ ခံနေရ၏။
ထိုအချိန်တွင် လူတိုင်းက မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။ မကောင်းဆိုးဝါးချီစွမ်းအင်များက သူ၏မျက်နှာဆီသို့ ရောက်လာချိန်တွင် မုန့်ချီက အံကြိတ်ပြီး သူ၏ဒန်တျန်ထဲတွင် စုစည်းထားသော ခရမ်းမိုးကြိုးစွမ်းအားများကို သုံးလိုက်သည်။
ထွက်ပေါ်လာသော ခရမ်းရောင်မိုးကြိုးစွမ်းအင်များက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသည်။ ကြီးကျယ်ခမ်းနားပြီး သိမ်မွေ့ညင်သာ၏။ သူတို့က မကောင်းဆိုးဝါးကိုယ်ပွား၏ နောက်သို့ လိုက်သွားပြီး လုံးဝကို ဖျက်စီးပစ်လိုက်လေသည်။ အရိပ်ကလေးပင် မကျန်တော့ချေ။
မုန့်ချီက ယခုအချိန်ထိ ခရမ်းမိုးကြိုးဓား(၇)ချက်ကို မကျွမ်းကျင်သေးပေ။ သူက ခရမ်းမိုးကြိုးစွမ်းအား အနည်းငယ်ကို အသုံးချနိုင်ရုံသာရှိသည်။ သို့သော် ထိုအရာက သူထင်ထားသည်ထက်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိနေခဲ့၏။
လှုပ်ရှားနေသော ခရမ်းရောင်အရိပ်ထဲမှနေ၍ အစိမ်းရင့်ရောင်ပစ္စည်းလေးတစ်ခု ကျလာခဲ့သည်။ မုန့်ချီက ဘယ်လက်နှင့် တိတ်တဆိတ် ဖမ်းထားလိုက်၏။ ထိုအရာက အစိမ်းရင့်ရောင် မျက်လုံးတစ်လုံးဖြစ်နေသည်။
ခရမ်းရောင်မိုးကြိုးများ ပျောက်ကွယ်သွားသည့်အချိန်တွင် ခြံဝန်းထဲ၌ရှိနေသော ယင်ချီစွမ်းအင်များကလည်း ပြည့်ပြည့်ဝဝ ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် ခရမ်းသေမင်းဓားကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
Translated by Hein Htet.