← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

မုန့်ချီက မကောင်းဆိုးဝါးမျက်လုံးကို တိတ်တဆိတ် သိမ်းထားလိုက်သည်။ ထိုအရာက မည်သို့အသုံးဝင်စေကာမူ သံသရာအရှင်သခင်ဆီသို့ ပေးလိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ်များ သေချာပေါက် ပြန်ရနိုင်သည်။ ပိုကောင်းသောအရာများကိုပင် ရနိုင်၏။

ခရမ်းသေမင်းဓားတွင် တံဆိပ်ပေါင်းများစွာ ရှိနေပြီး အလင်းတန်းများ တောက်ပနေခဲ့သည်။ သူ၏ထက်မြက်မှုက အလွန်သိသာထင်ရှားပြီး ကောင်းကင်ကြီးပေါ်မှ ပြုတ်ကျလာသည့်အချိန်တွင် လှုပ်ရှားနေခဲ့သည်။

မုန့်ချီက ထိုအရာကိုကြည့်ပြီး စိတ်လှုပ်ရှားနေသလို ခံစားနေရ၏။ သို့သော် ယီမြို့၏ လူဆိုးထိန်းခေါင်ဆောင် ဟွမ်ကျိချင်၊ ကျိုးနိုင်ငံ ဝမ်မိသားစုမှ သခင်လေးဝမ်ကိုက်၊ ဝမ်မိသားစုနှင့် လင်းမိသားစုမှ အကြီးအကဲများအားလုံးကလည်း လှုပ်ရှားနေသော ခရမ်းရောင်အလင်းတန်းကို စိုက်ကြည့်နေကြ၏။

ဝမ်ကိုက်က ရပ်တန့်၍မရနိုင်သော ခုတ်ချက်ကို အသုံးပြုရန်အတွက် စွမ်းအားအမြောက်အများ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ ကုသနိုင်သောနည်းလမ်းတစ်ချို့ မရှိသ၍ အန္တရာယ်မရှိနိုင်ပေ။

သို့သော် ဟွမ်ကျိချင်ကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့၏။ လေမိုးကြိုးလက်သီးသိုင်းက အလွန်ထူးခြားသော သိုင်းပညာတစ်ခုဖြစ်၏။ အကယ်၍ သူသာ အသက်ကြီးနေခြင်း မရှိလျှင် လူငယ်မှတ်တမ်း၏ နောက်ဆုံးနေရာကို ရောက်နေနိုင်၏။

ဝမ်မိသားစုနှင့် လင်းမိသားစုမှ အကြီးအကဲနှစ်‌ယောက်ကတော့ မည်သည့်အရာမျှ မလုပ်ဘဲ မကောင်းဆိုးဝါးကိုယ်ပွားကို ရှောင်တိမ်းရန်သာ အာရုံစိုက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏အစွမ်းက ပြည့်ဝနေသေး၏။

လက်ရှိအချိန်တွင် မုန့်ချီကတော့ အခွင့်သာနေသေးသည်ဟု ခံစားနေရသည်။ သူ၏အစစ်အမှန်စွမ်းအားနှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ အစွမ်းအရ ပြိုင်ဘက်ပေါင်းများစွာကို တစ်ကြိမ်တည်း ရင်ဆိုင်နိုင်သည်။

ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်နှင့် လေနတ်ဘုရားခြေလှမ်းသိုင်းတို့က ထွက်ပြေးရန် အသုံးဝင်ပြီး ချီကျန်းရန်၏ တိတ်တဆိတ် ကူညီပေးနိုင်မှုကြောင့် ခရမ်းသေမင်းဓားကို လုယူရန် ယုံကြည်ချက်ရှိသည်။ ထို့နောက် သူက ထွက်ပြေး၍ရနိုင်၏။

စိုးရိမ်စရာတစ်ခုကတော့ လူဆိုးထိန်း‌‌ခေါင်းဆောင်ဖြစ်သော ဟွမ်ကျိချင်ဖြစ်သည်။ သူကတော့ သူ့နောက်ကို မည်သို့လိုက်ရမည်ဖြစ်ကြောင်း သိနေနိုင်၏။ ထိုအရာက တိုက်ပွဲကြီးတစ်ခု ဖြစ်သွားစေနိုင်သည်။ သို့သော် ထိုကဲ့သို့ ရတနာတစ်ခုကို လုယူခြင်းက အကြံကောင်းတစ်ခု ဖြစ်နိုင်မည်လော။

ယဲ့မိသားစုတစ်ခုလုံးနီးပါး စတေးခံလိုက်ရသော်လည်း စံအိမ်တွင် အနည်းငယ် ကျန်နေနိုင်သေးသည်။ သူတို့ကတော့ သိုင်းလောကထဲတွင် လှည့်ပတ်သွားလာနေကြသော တပည့်များဖြစ်ကြပြီး တစ်ချို့ထူးချွန်သည့် တပည့်များကလည်း အပြင်ဖက်သို့ ရောက်နေနိုင်သည်။

သူတို့က ထိုကဲ့သို့ ကြောက်စရာကောင်းသော ကံဆိုးမှုနှင့် ကြုံတွေ့ရပြီးနောက် ခရမ်းသေမင်းဓားကို လုယူလိုက်ခြင်းက ကောင်းမွန်သော အကြံတစ်ခု ဖြစ်နိုင်မည်လော။

သခင်လေးယဲ့၊ ဓားသမားနှင့် တစ်ခြားသူများ သေဆုံးသွားသည့်အချိန်တွင် သူ့ကို တိုက်ခိုက်ခဲ့သည့် ရန်ငြိုးများကလည်း ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ သူသာ ခရမ်းသေမင်းဓားကို ယူဆောင်လိုက်မည်ဆိုလျှင် လက်တုံ့ပြန်ခြင်းနှင့် မသက်ဆိုင်တော့ပဲ လောဘကြောင့် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်နိုင်၏။ ထိုအရာက သေမင်းတမန်တာဝန်ကို ကြောက်လန့်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မုန့်ချီက ဘေးတွင် ရှိနေသော ထန်ရမ်ကို လှည့်ကြည့်လိုက်သည်။ သခင်ကြီးထန်နှင့် ထန်မင်ယွဲ့တို့က သူ့အပေါ် မျှော်လင့်နေကြပြီး ထိုအဘိုးအိုကတော့ သူနှင့်အတူ လိုက်လာ၍ သူ့ကို ကာကွယ်ပေးရန် အကောင်းဆုံး ကြိုးစားခဲ့သည်။

ထန်ရမ်က ထန်ကျင်းအတွက်ကြောင့်သာ လုပ်ဆောင်ပေးနေကြောင်း တွေးမိခဲ့ပြီး မျက်ရည်များပြည့်နေသော သခင်ကြီးထန်၏ မျက်လုံးကို စဉ်းစားမိသည့်အချိန်တွင် သူ့စိတ်ထဲ၌ တွေ‌ဝေလာခဲ့ရသည်။

"မင်းနေရာကို အစားဝင်ပြီး မင်းရဲ့ကံကြမ္မာကို လက်ခံပေးတယ်..."

ထိုအရာက သူ့ခေါင်းထဲတွင် ပေါ်လာသော အတွေးတစ်ခု ဖြစ်သည်။ ထိုအချိန်တွင် သူကတော့ အစစ်အမှန် ထန်အာကို ပျောက်ကွယ်သွားခွင့် မပေးနိုင်ပေ။

သူက ပင့်သက်ရှိုက်လိုက်ပြီး ပြောလိုက်၏။

"အားလုံးပဲ ကျွန်တော်တို့က ခရမ်းသေမင်းဓားကို ဘယ်လိုဖြေရှင်းကြမလဲ…"

သေချာစဉ်းစားလိုက်ပြီးနောက် သူက လူတိုင်း၏ရှေ့တွင် ခရမ်းသေမင်းဓားကို လုယူမည့်အကြံကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။

ထိုအရာက အကြောင်းပြချက်များစွာ ရှိနေ၏။ သို့သော် ရင်ထဲတွင်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကြောင့် လက်လျှော့လိုက်ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးက သူ၏ပင်ကိုယ်စရိုက်နှင့် ကွဲပြားနေသည်။

သူက ထန်ရှုကို ဆိုးဆိုးဝါးဝါး အပြစ်ပေးနိုင်ရန်၊ ပုန်းနေရာမှ ထွက်လာစေရန်အတွက် သူ့မိသားစုကို ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ ထန်ရှု မပေါ်လာလျှင်ပင် မုန့်ချီကတော့ သူတို့ကို အပြစ်ပေးလိမ့်မည် မဟုတ်ချေ။ အလွန်ဆုံး သူတို့ကို စံအိမ်ထဲတွင် အလုပ်ကြမ်းသမားအဖြစ် စေလွှတ်မည်သာ ဖြစ်သည်။

ယဲ့မိသားစုနှင့် အလွန်ရင်းနှီးခဲ့ဖူးသော လင်းမိသားစုမှ အကြီးအကဲများက သက်ပြင်းချ၍ ပြောလိုက်၏။

"ဒီတစ်ကြိမ် ယဲ့မိသားစုက တော်တော်လေးကို ထိခိုက်ခဲ့ရတယ်..။ သူတို့ရဲ့ အခြေခံအုတ်မြစ်ကလည်း ပျက်စီးလုနီးပါးပဲ။ ဒါကြောင့် ခရမ်းသေမင်းဓားကို သူတို့ရဲ့မျိုးဆက်တွေဆီကိုပဲ ပေးသင့်တယ်။ ဒါဆိုရင် သူတို့တွေက သူတို့မိသားစုကို ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်ချက်ရှိနိုင်တယ်... "

ထန်ရမ်အပါအဝင် အထက်တန်းလွှာမိသားစုမှ အကြီးအကဲများအားလုံးက ခရမ်းသေမင်းဓားကို မျက်စိကျနေကြသည်။ သို့သော် သူတို့က ယဲ့မိသားစုအတွက်လည်း သနားနေကြ၏။

အကယ်၍ သူတို့မိသားစုကသာ ထိုကဲ့သို့ တူညီသောဖြစ်ရပ်မျိုးကို ကြုံတွေ့ရမည်ဆိုလျှင် သူတို့လို အဆုံးသတ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့က ယဲ့မိသားစုအတွက် ဝမ်းနည်းနေကြခြင်းဖြစ်၏။

လင်းမိသားစုမှ အကြီးအကဲ၏စကားကို ကြားသည့်အခါ သူတို့အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ မည်သို့ဖြစ်စေကာမူ ဓားက တစ်ချောင်းတည်းသာ ရှိ၏။ သူတို့ အညီအမျှခွဲဝေ၍ မရနိုင်ပေ။

သူတို့က သူတို့၏အကူအညီအတွက် ယဲ့မိသားစု စုဆောင်းထားသော သန့်စင်လက်နက်များ၊ ရတနာများ ရယူလျှင် လုံလောက်သည်။

ဟွမ်ကျိချင်က ခေါင်းခါပြလိုက်၏။

"အဲဒါ မှန်တယ်လို့ ငါတော့ မထင်ဘူး။ ပထမဆုံး ယဲ့မိသားစုရဲ့ အပြင်ဘက်မှာ ရောက်နေတဲ့ ပညာရှင်တွေထဲမှာ တံခါး(၆)ပေါက်အဆင့်နဲ့ အထက် ပညာရှင် တစ်ယောက်မှ မရှိဘူး။ တကယ်လို့ သူတို့ဆီမှာ အဖိုးတန်လက်နက် ရှိနေမယ်ဆိုရင်တောင် (၃)နှစ်သား ကလေးတစ်ယောက်က ရွှေတုံးတစ်တုံးကိုကိုင်ပြီး ဈေးထဲမှာသွားနေတာနဲ့ ဘာမှမထူးဘူး။ သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတဲ့အပြင် လောဘသမားတွေကိုပါ ဆွဲဆောင်နိုင်လိမ့်မယ်။ အဲဒီနောက်မှာတော့ အစွမ်းထက်တဲ့ ဓားပြတွေ ရောက်လာပြီး လူကိုသတ် ဓားကို လုယူသွားလိမ့်မယ်။ ငါတို့ကလည်း ယဲ့မိသားစုကို နေ့ရောညပါ စောင့်ကြည့်ကာကွယ်ပေးနေလို့ မရဘူးလေ….”

“ဒုတိယတစ်ချက်ကတော့ ယဲ့မိသားစုရဲ့အဖြစ်အပျက်က တော်တော်လေးဆိုးတယ်။ ဒါကြောင့် တရားခုံရုံးကို တင်တဲ့အချိန်ကျရင် သက်သေလိုတယ်။ ခရမ်းသေမင်းဓားက သက်သေတစ်ခုပဲ…”

“ဒါကြောင့် ခရမ်းသေမင်းဓားကို ငါတို့ဆီ အရင်ဆုံး ပေးထားသင့်တယ်။ ငါတို့က ပြဿနာတွေ ဖြေရှင်းပြီး ယဲ့မိသားစုထဲမှာ တံခါး(၈)ပေါက်၊ တံခါး(၉)ပေါက်အဆင့် ပညာရှင်တွေ မွေးထုတ်ပြီးတဲ့အချိန်ထိ ကာကွယ်ပေးထားလို့ရတယ်…"

"အရှက်မရှိလိုက်တာ…"

မုန့်ချီက စိတ်ထဲတွင် ဒေါသတကြီး‌ ရေရွတ်လိုက်မိသည်။

ထန်ရမ်နှင့် တစ်ခြားသူများကလည်း အလားတူခံစားမိကြမည်မှာ သေချာသည်။ အကယ်၌ ခရမ်းသေမင်းဓားကိုသာ ယပ်တောင်‌(၆)လက်ကျောင်းဆီသို့ ပေးလိုက်မည်ဆိုလျှင် ပြန်ရရန် ဖြစ်နိုင်ဦးမည်လော။

အကယ်၍ ယဲ့မိသားစုကို ကျိုးနိုင်ငံ ဝမ်မိသားစုက ‌ထောက်ပံ့ပေးနေမည်ဆိုလျှင်ပင် ဝမ်မိသားစုက အားနည်းသော ယဲ့မိသားစုကို မည်သို့တန်ဖိုးထားနိုင်မည်နည်း။ အကယ်၍ ဓားကို ပြန်တောင်းသည့်အချိန်ကျလျှင် မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်းကိုပင်မုန့်ချီက ကြိုတွေးမိနေခဲ့သည်။

စာရွက်စာတမ်းများကို အဆင့်ဆင့် ပို့ဆောင်ပြီး ဓားပြန်ပေးရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ဆွဲထားပါလိမ့်မည်။ နောက်ဆုံးတွင်တော့ ယဲ့မိသားစုက ပျက်စီးသွားရလိမ့်မည် ဖြစ်သည်။

မုန့်ချီက စကားပြောရန်ပြင်လိုက်စဉ် ဝမ်ကိုက်က ဝင်ပြောလိုက်၏။ သူ့ပုံစံက အလွန်တည်ငြိမ်နေသည်။

"လူဆိုးထိန်းဟွမ်…

ဒါကတော့ မဟုတ်သေးဘူးလေ။ ယဲ့မိသားစုက ကျွန်တော်တို့ ဝမ်မိသားစုရဲ့ မဟာမိတ်ပဲလေ၊ သူတို့က ဒီလိုကပ်ဆိုးမျိုးနဲ့ ကြုံတွေ့နေရမှတော့ ကျွန်တော်တို့ကပဲ ခရမ်းသေမင်းဓားကို ယူပြီး ယဲ့မိသားစုရဲ့ မျိုးဆက်တွေကို ပျိုးထောင်ပေးရမှာပေါ့.."

သူတို့က သူ့စကားကို ယုံကြည်သင့်မသင့် မုန့်ချီတို့က မသေချာကြပေ။ အကယ်၍ အခြားသော အထက်တန်းလွှာမိသားစုများက တူညီသော စကားတစ်ခွန်း ပြောလာမည်ဆိုလျှင်တော့ နေ့ခင်းကြောင်တောင် ယဲ့မိသားစု၏ ဓားကို လုယူနေသည်ဟု ပြောမိပါလိမ့်မည်။

သို့သော် ထိုအရာများနှင့် ပတ်သက်လာလျှင် ကျိုးနိုင်ငံ ဝမ်မိသားစုက ကောင်းမွန်သော ဂုဏ်သတင်းတစ်ခု ရှိသည်။ သူတို့က အမှန်တရားအတွက်သာ လုပ်ဆောင်ကြပြီး တောင်းဆိုသည်နှင့် ဓားကို ပြန်ပေးနိုင်၏။

ထို့ပြင် ယဲ့မိသားစုထဲတွင် မိသားစုဝင် အနည်းငယ် ကျန်နေခဲ့သည်။ သူတို့က ဝမ်မိသားစုကို အမြဲလိုလို အားကိုးနေရမည်ဖြစ်သည့်အတွက် ထိုဓားကို ပြန်တောင်းရဲကြမည်လော။

"ဒီဓားကို ငါယူထားတာကမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ ငါက ကတိတည်တဲ့ လူတစ်ယောက်ပဲ၊ မင်းတို့ ပြန်တောင်းတဲ့အချိန်ကျရင် ငါက ပြန်ပေးလို့ရတယ်။ ငါသာ အသက်ရှင်နေဦးမယ်ဆိုရင် သေချာပေါက် ပြန်ပေးမှာပဲ…"

မုန့်ချီက စိတ်ထဲ‌တွင် တစ်ယောက်တည်း ပြောနေမိ၏ ။

သူက ထန်ရမ်ကို ကြည့်လိုက်ရာ သူကိုယ်တိုင်ကလည်း လိုချင်နေကြောင်း နားလည်သွား၏။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

သူက စကားဝင်ပြောရန် ပြင်လိုက်စဉ် ချီကျန်းရန်က အသံတိုးတိုးနှင့် ပြောလိုက်၏။

"အားလုံးပဲ…

ငါ့ရဲ့ညီဝမ်းကွဲတစ်ယောက်က ခရမ်းသေမင်းဓားကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ် ။ သူ့အသက်ကိုတောင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒီအကြွေးကို ဘယ်လိုပြန်ဆပ်မှာလဲ …"

မုန့်ချီက ဒုတိယသခင်လေးထန်အဖြစ် ဟန်ဆောင်နေပြီးနောက် သူ့ညီဝမ်းကွဲမုန့်ချီက ဒဏ်ရာရသည့်အတွက် ဒဏ်ရာများကို လျှို့ဝှက်ပြီး ကုသနေကြောင်း အပြင်လူများကို ပြောထားခဲ့သည်။ မဟုတ်လျှင် ထိုကဲ့သို့ ပြဿနာကြီးတစ်ခုက လူငယ်မှတ်တမ်းတွင် ရှိလာနိုင်သော လူကြီးလူကောင်းဓားအကြောင်းကို သေချာပေါက် ပေါ်လာစေနိုင်သည်။

ထိုအချိန်တွင် အခြေအနေက အေးစက်သွားခဲ့၏။ ထန်၊ လင်းနှင့် ဝမ်မိသားစုမှ အကြီးအကဲများအားလုံးကလည်း အတော်လေး မသက်မသာ ဖြစ်သွားကြပြီး သူတို့၏ ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

သူတို့၏မိသားစုများကို မကောင်းဆိုးဝါးက လှည့်စားသွားခဲ့သော်လည်း သူတို့က တာဝန်ခံချီနှင့် သူ့ညီဝမ်းကွဲကို သတ်ရန်ကြိုးစားခဲ့သည်မှာ ငြင်းပယ်၍ မရနိုင်ပေ။ အကယ်၍ သူတို့ကသာ ထိုအရာကို ဖြည့်ဆည်းပေးရန် မကြိုးစားလျှင် ဟွမ်ဟွာဓားဂိုဏ်းအပေါ် မရိုမသေ ဖြစ်သွားပါလိမ့်မည်။

ကျိုးနိုင်ငံ ဝမ်မိသားစုကပင် ဝင်ပါလိမ့်မည် မဟုတ်ချေ။ ထို့နောက် မိသားစု(၃)ခုက ဆိုးရွားသော အကျိုးဆက်ကို ခံစားရမည်ဖြစ်ပြီး ယဲ့မိသားစုကဲ့သို့ အဆုံးသတ်မျိုး ကြုံတွေ့ရနိုင်သည်။

ဝမ်ကိုက်က မကျေမနပ်ဖြစ်နေသော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ ဤကိစ္စတွင် ဟွမ်ဟွာဓားဂိုဏ်းက မျက်နှာပျက်ခဲ့ရ၏။ အကယ်၍ သူတို့ကသာ ထိုအရာအတွက် ဖြေရှင်းပေးနိုင်ခြင်း မရှိလျှင် ဆိုးရွားသောအရာတစ်ခု ဖြစ်လာနိုင်သည်။

ဟွမ်ဟွာဓားဂိုဏ်းက သူတို့၏ဂုဏ်သတင်းကို ပြန်ဆယ်ရန်အတွက် မိသားစုများကို ဖိနှိပ်သည့်အချိန်၌ သူတို့နှင့် တိုက်ရိုက် ပြဿနာတက်နိုင်သည်။ သူတို့က တိုက်ပွဲအသေးလေးတစ်ခုပင် ဖြစ်လာနိုင်၏။

သို့သော် သူတို့ကိုယ်တိုင်လည်း ယခုတစ်ကြိမ် မကောင်းဆိုးဝါး၏ အရူးလုပ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အကယ်၍ သူတို့ကသာ ဟွမ်ဟွာဓားဂိုဏ်းနှင့် ဆန့်ကျင်တိုက်ခိုက်ရဲမည်ဆိုလျှင် ကိုယ့်တာဝန်ကိုယ် မယူရဲသလို ဖြစ်သွားပါလိမ့်မည်။

သူတို့ဆီတွင် အဖိုးတန်လက်နက် အနည်းငယ်သာ ရှိနေသော်လည်း သူတို့က အစွမ်းထက်ဆုံး မိသားစုတစ်ခု ဖြစ်နေသေး၏။ သူတို့ဆီတွင် လိုအပ်နေသည့် အရာမရှိပေ။ သူတို့က ထိုကဲ့သို့ စွန့်စားမှုမျိုးကို လုပ်ဆောင်ရန် မလိုအပ်ချေ။

ဟွမ်ကျိချင်ကလည်း မျက်နှာပျက်နေပြီး တိတ်ဆိတ်နေခဲ့သည်။ ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာမိသားစုများက နန်းတွင်းခုံရုံးနှင့် ယပ်တောင်(၆)လက်ကျောင်းတို့ကို ဂရုမစိုက်တတ်ကြဘဲ ပုံမှန်ကိစ္စများကို လုပ်ဆောင်တတ်ကြသည်။ ထိုအရာက အလွန်အမြင်ကပ်စရာကောင်းသော်လည်း သူလုပ်နိုင်သည့်အရာမရှိချေ။

မုန့်ချီကတော့ စိတ်ထဲတွင် တွေးလိုက်မိသည်။

"အစ်ကိုဝမ်းကွဲ..

အစ်ကိုဝမ်းကွဲက ကျွန်တော်နဲ့ စိတ်ချင်းများ ဆက်သွယ်နေကြတာလား။ ကျွန်တော်က အဲဒါကို စဉ်းစားမိတဲ့အချိန်မှာ အစ်ကိုက အဲဒီအကြောင်းကို ပြောနေပြီ…"

ထိုအချိန်တွင် သူကတော့ အလွန်အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော ဓားသမား တစ်ယောက်ကဲ့သို့ ဝင်ပြောလိုက်သည်။

“တာဝန်ခံချီက ခရမ်းသေမင်းဓားကို လိုချင်တာလား။ ဒါက တော်တော်လေးတော့ အဖိုးတန်မယ် ထင်တယ်…”

သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်က ကယ်တင်ရှင်လုပ်နေပြီး တစ်ယောက်က လူဆိုးလုပ်နေသည်။

ထန်၊ ဝမ်နှင့် လင်းမိသားစု အကြီးအကဲများအားလုံးကလည်း လေးလေးနက်နက် စဉ်းစားနေကြ၏။ အဖိုးတန်လက်နက်များက အရေးပါသော်လည်း ထိုဓားက သူတို့ပိုင်ဆိုင်သောအရာ မဟုတ်ချေ။ တာဝန်ခံချီကို ပေးလိုက်ပြီး ဟွမ်ဟွာဓားဂိုဏ်း၏‌‌ ဒေါသကို ဖြေလျှော့နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံးအပေးအယူတစ်ခု ဖြစ်နိုင်သည်။

တစ်ဖက်တွင် တာဝန်ခံချီက တံခါး(၄)ပေါက်အဆင့်သာ ရှိသေး၏။ အကယ်၍ သူ၏သိုင်းပညာကို ဖုံးကွယ်ထားမည်ဆိုလျှင်ပင် အလွန်မြင့်မားနေရန် မဖြစ်နိုင်ချေ။ အကယ်၍ သူကသာ အဖိုးတန်လက်နက်ကို ကာကွယ်ချင်သည်ဆိုလျှင် သံသယဝင်စရာကောင်းနေသည်။

ချီကျန်းရန်က မချိုမချဉ်အမူအရာနှင့် ပြောလိုက်၏။

"ယဲ့မိသားစုက ပျက်စီးလုနီးပါးဖြစ်နေပြီ။ ငါဂိုဏ်းနှင့် ငါက သူတို့အတွက် စိတ်မကောင်းပါဘူး။ ပြီးတော့ ငါက ဒီအဖိုးတန်လက်နက်ကို င့ါအတွက် ယူမှာမဟုတ်ဘူး။ ငါ့ညီဝမ်းကွဲက ဒုက္ခတွေကို ရှောင်တိမ်းလာတာ..။ တကယ်လို့ သူ့ဆီမှာသာ အကူအညီပေးနိုင်မယ့် အဖိုးတန်လက်နက်ရှိမယ်ဆိုရင် အနာဂတ် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ရန်သူတွေကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒါဆိုရင်တော့ ခရမ်းသေမင်းဓားကြောင့် ရလာတဲ့ ဒဏ်ရာနဲ့ မိသားစု(၄)ခုရဲ့ တိုက်ခိုက်မှုကို သူ့ခေါင်းထဲ ထည့်ထားမှာ မဟုတ်တော့ဘူး။ တကယ်လို့ ဒီကိစ္စသာ မပြေလည်ဘူးဆိုရင်တော့ ငါလည်း အာမ မခံနိုင်ဘူး… "

"သူက တကယ့်ကို အမှန်အတိုင်း ပြောနေတာပဲ…"

မုန့်ချီက စဉ်းစားနေမိသည်။

အကယ်၍ တိုက်ရိုက်ပတ်သက်နေသူကသာ ထိုကိစ္စကို ဝင်မပါတော့လျှင် ဟွမ်ဟွာဓားဂိုဏ်းကလည်း ဘာမျှဝင်ပြောတော့မည်မဟုတ်ပေ။ ထိုအရာက တစ်ခြားလူများ စဉ်းစားနေသောအရာဖြစ်သည်။

ချီကျန်းရန်က ဆက်ပြောလိုက်၏။

"မင်းတို့အားလုံးက ငါ့ညီဝမ်းကွဲရဲ့ စွမ်းရည်ကို သိနေမှာပေါ့။ သူက ခရမ်းသေမင်းဓားကို ကာကွယ်နိုင်တယ်။ ဒါကြောင့် ငါက ယီမြို့မှာရှိတဲ့ ဟွမ်ဟွာဓားဂိုဏ်းရဲ့ တာဝန်ခံအနေနဲ့ အာမခံနိုင်တယ်။ ယဲ့မိသားစုက ငါ့ညီဝမ်းကွဲကို ခရမ်းသေမင်းဓား တစ်နှစ်ပဲ ငှားပေးပါ။ အချိန်ပြည့်ရင် သူက ပြန်ပေးလိမ့်မယ်။ ကမ္ဘာမြေကြီးက ငါတို့ကို သက်သေထားလိမ့်မယ်..."

"ငှားရုံပဲလား..ပြီးတော့.. အချိန်ကန့်သတ်ချက်ရှိနေတာလား... "

ဝမ်ကိုက်နှင့် တစ်ခြားသူများက မျက်မှောင်ကြုတ်နေမိကြသည်။ ချီကျန်းရန်၏ တောင်းဆိုမှုက အလွန်နည်းပါး၏။

လူကြီးလူကောင်းဓား မုန့်ချီက အဖိုးတန်ဓားနှင့်အတူ ထွက်ပြေးနိုင်သော်လည်း သူက ထာဝရ ထွက်ပြေးနိုင်ခြင်း မရှိချေ။ ချီကျန်းရန်က အနားတွင် ရှိနေသေးပြီး ဟွမ်ဟွာဓားဂိုဏ်း၏တာဝန်ခံ ဖြစ်နေသည်။

ပြောရမည်ဆိုလျှင် ဂိုဏ်းကြီးများမှ တပည့်များ၏ အဆင့်အတန်းက အဖိုးတန်လက်နက်ထက် ပို၍တန်ဖိုးရှိ၏။ ချီကျန်းရန် ပြသလိုက်သော အစွမ်းကလည်း သိသာသည်။ သူက ဟွမ်ကျိချင်နှင့် တစ်ခြားသောပညာရှင်များ၊ အကြီးအကဲများကို တန်းတူဆက်ဆံနိုင်သည်။ ထို့ပြင် သူတို့က လူကြီးလူကောင်းဓား မုန့်ချီကို ကျမ်းသစ္စာဆိုခိုင်း၍လည်း ရနိုင်သေး၏။

"ဒါဆိုရင်တော့ အရမ်းကောင်းတယ် ။ တစ်နှစ်ကြာသွားရင် ယဲ့မိသားစုထဲမှာ တံခါး(၇)ပေါက်ပွင့်‌နေတဲ့ လူတစ်ယောက် ရှိလာနိုင်ပြီး အတွင်းကမ္ဘာကြီး တည်ဆောက်နိုင်တဲ့လူတွေ ရှိလာနိုင်တယ်။ သူတို့က အဖိုးတန်လက်နက်ကို စပြီး သုံးနိုင်တဲ့အစွမ်းမျိုးလည်း ရှိလာနိုင်ပြီ…"

ဟွမ်ကျိချင်က ပြောလိုက်သည်။

"ဒါပေမဲ့ လူကြီးလူကောင်းဓားက သစ္စာဆိုဖို့လိုတယ် "

ဝမ်ကိုက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

မုန့်ချီက စိတ်ထဲတွင် ဝမ်းသာသွားပြီး ထန်သခင်လေးအနေနှင့် တည်ငြိမ်စွာ ပြောလိုက်၏။

"ဟွမ်ဟွာဓားဂိုဏ်းသာ ကျေနပ်မယ်ဆိုရင် ငါတို့ကလည်း အဆင်ပြေတယ်…"

လူအုပ်ကြီးက လျင်မြန်စွာ သဘောတူလိုက်ကြသည်။ ယပ်တောင်(၆)လက်ကျောင်းနှင့် အထက်တန်းလွှာ မိသားစု(၃)ခုက ခရမ်းသေမင်းဓား ပေးမည့်အချိန်တွင် သူတို့၏ ပညာရှင်အသီးသီးကို စေလွှတ်ကြရမည်ဖြစ်သည်။ ထို့နောက် ကျမ်းသစ္စာကျိန်ဆိုခိုင်းပြီး မုန့်ချီ၏လက်ထဲသို့ ထည့်ပေးရမည်ဖြစ်၏။

နောက်ဆုံးတွင်တော့ သူတို့က ယဲ့မိသားစုဝင်များ၏ ခန္ဓာကိုယ်ပေါ်တွင် သန့်စင်လက်နက်များ၊ ဆေးရည်များကို ရှာဖွေနေကြသည်။ သို့သော် ယခုတော့ ထိုအရာများက အသုံးမဝင်တော့ပေ။

…………………………

ထန်မိသားစု စံအိမ်ဆီသို့ ပြန်လာသည့်လမ်းတစ်လျှောက်တွင် စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။ အိမ်သို့ရောက်သည့်အချိန်တွင် စွမ်းအားအမြောက်အမြား ကုန်ဆုံးထားသော ထန်ရမ်က သူ့အခန်းသို့ပြန်ပြီး ဆေးသောက်၍ ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။

တာဝန်ပြီးဆုံးသွားကြသော ပြင်ပအကြီးအကဲများအားလုံးကလည်း တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်သွားကြသည်။

"အစ်ကို(၂).. ပြဿနာက ပြီးသွားပြီလား…"

အဖိုးတန်လက်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်သောအရာကို ထန်မင်ယွဲ့ကလည်း ကြားထားခဲ့သည်။ သူမကလည်း ထိုအရာကို အလေးထားနေခဲ့၏။ အကြီးအကဲများ၏ အမူအရာကိုမြင်သည့်အခါ မည်သည့်အရာများဖြစ်နေကြောင်း သူမက သိချင်နေသည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ဖြစ်ခဲ့သည့်အရာများကို အသေးစိတ် ပြောပြလိုက်၏။

ထန်မင်ယွဲ့က အလွန်ထိတ်လန့်အံ့သြပြီး မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာသည်။ သူမက ပြောလိုက်၏။

"ဖျက်ဆီးရေးဂိုဏ်းက တော်တော်ကြောက်စရာကောင်းတာပဲ...။မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ် ကျင့်ကြံသူက သေသင့်တယ်…"

သခင်လေးယဲ့က လူရှုပ်လူ‌ပွေတစ်ယောက်ဖြစ်သော်လည်း ယဲ့မိသားစုတွင် အရည်အချင်းရှိသော တပည့်များ ရှိနေသေးသည်။ တချို့ကတော့ ထန်မင်ယွဲ့၏ မိတ်ဆွေအရင်းများ ဖြစ်ကြ၏။

မုန့်ချီက အလွန်ချစ်စဖွယ်ကောင်းသော သူမကို စိုက်ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"ညီမလေး(၉)

ဒီနေ့ကစပြီး အစ်ကိုက မိသားစုကိစ္စတွေ ညီမလေးကိုပဲ လွှဲပေးခဲ့မယ်..."

"ဟမ် ဘာလို့လဲ …"

ထန်မင်ယွဲ့က ရှုပ်ထွေးသွားခဲ့၏။

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အစ်ကိုက တာဝန်ခံချီနဲ့ ဆွေးနွေးပြီးသွားပြီ ။ ဟွမ်ဟွာဓားဂိုဏ်းက ညီမလေးကို အိမ်တော်သခင်အဖြစ် ထောက်ခံပေးလိမ့်မယ်။ တစ်ခြားမိသားစု အကြီးအကဲတွေကလည်း အပြစ်ရှိသလို ခံစားနေရတဲ့အတွက် တားဆီးရဲမှာ မဟုတ်ဘူး။ ဒီရလဒ်က မဖြစ်မနေ ကြုံလာမယ်ဆိုတာသိရင် အဘိုးရမ်ကလည်း ညီမလေးကို ထောက်ပံ့ပေးမှာပဲ…"

"အစ်ကို(၂)ကရော ဘာလုပ်မှာလဲ.."

ထန်မင်ယွဲ့က အလွန်ထိတ်လန့်စွာ မေးလိုက်သည်။

မုန့်ချီက သက်ပြင်းချလိုက်မိ၏။

"အစ်ကိုက အရင်ဖြစ်ခဲ့တဲ့ကိစ္စတွေကို လိမ်ခဲ့မိတယ်။ ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတွေက အစ်ကို့ရဲ့အမှားကြောင့် လိုက်လာခဲ့တာ..။ အစ်ကို့ကြောင့် ညီလေးဝမ်တောင် ဓားစာခံဖြစ်သွားခဲ့ရတယ်။ တကယ်လို့ အစ်ကိုသာ ဒီမှာဆက်နေမယ်ဆိုရင် အစ်ကိုတို့မိသားစုနဲ့ ညီမလေးကို ထိခိုက်စေလိမ့်မယ်..."

ထန်မင်ယွဲ့က သူမအစ်ကို၏ မျက်နှာပေါ်တွင် ရှိနေသော ဒဏ်ရာများကို တွေးတောမိခဲ့ပြီး ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိခဲ့သည့်။ သူမက စိုးရိမ်တကြီး ပြောလိုက်၏။

"အစ်ကို(၂)…

ယီမြို့က ယဲ့တူမြို့ရဲ့ အနားမှာရှိတယ်လေ။ ညီမလေးတို့မိသားစုမှာ အဖိုးတန်လက်နက် ရှိနေတာပဲ။ ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတွေက မလုပ်ရဲ …"

သူမက စကားကို ဆုံးအောင်မပြောခဲ့ပေ။ အကယ်၍ ရက်စက်ခြင်း ကျောင်းဆောင်ကသာ ထိုအရာကို ကြောက်နေမည်ဆိုလျှင် မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲမှ အဖွဲ့တစ်ခုဟု မဆိုနိုင်တော့ပေ။

ထို့ပြင် သူတို့က လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်ကျွမ်းကျင်ကြ၏။ ထို့ကြောင့်လည်း ဖျက်ဆီးရေးဂိုဏ်းထက်ပင် ပို၍နာမည်ကျော်ကြားနေခြင်း ဖြစ်သည်။ ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများက ဂိုဏ်းကြီးများ၊ အထက်တန်းလွှာ မိသားစုများနှင့် ယပ်တောင်(၆)လက်ကျောင်းမှ လူများကိုပင် နှစ်စဉ်နှစ်တိုင်း သတ်ပစ်နေနိုင်သည်။ နှစ်ဖက်စလုံးက အခြေခံသဘောတူညီမှုအရသာ ထိန်းထားကြခြင်းဖြစ်၏။

"ညီမလေး(၉)…

ဘာမှမစိုးရိမ်ပါနဲ့။ ကမ္ဘာကြီးက အကျယ်ကြီးပါပဲ။ အစ်ကို့ရဲ့အရေပြားမျက်နှာဖုံးကို ပြောင်းလိုက်မယ်ဆိုရင် ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတွေတောင် အစ်ကို့ကိုရှာဖို့ ခက်ပါလိမ့်မယ်။ သူတို့က ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်း ရှာနေရသလို ဖြစ်လိမ့်မယ်။ အနည်းဆုံးတော့ အစ်ကိုရဲ့စွမ်းအားတွေ တိုးတက်လာတဲ့အရှိန်အရ နောက်ထပ်နှစ်အနည်းငယ်အတွင်း မျက်ခုံးကြားပင်မတံခါး ပွင့်သွားလိမ့်မယ်။ ဒါဆိုရင်တော့ အဲဒီလုပ်ကြံသူတွေကို တိုက်ခိုက်နိုင်ပြီလေ..."

မုန့်ချီက ထန်မင်ယွဲ့ကို နှစ်သိမ့်လိုက်သည်။

ရက်စက်ခြင်းကျောင်းဆောင်က ဖျက်ဆီးရေးဂိုဏ်းကဲ့သို့ ရိုင်းစိုင်းသောအရူးများ မဟုတ်ကြပေ။ လုပ်ကြံသူများက စီးပွားရေးအတွက် သေချာလေ့ကျင့်ပေးထားကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကသာ ဝေ့ကျင်းအဆင့် လုပ်ကြံသူများကို စေလွှတ်ရမည်ဆိုလျှင် တန်ဖိုးက နောက်တစ်ကြိမ် မြင့်တက်သွားနိုင်သည်။

"အစ်ကို(၂)

ကန်းလန်ဓားကိုရော ယူသွားချင်လား…"

ထန်မင်ယွဲ့က မေးလိုက်၏။ သူမ၏မျက်လုံးထဲတွင်လည်း မျက်ရည်များ စီးကျလာနေသည်။

မုန့်ချီက သိမ်မွေ့စွာ ပြုံးလိုက်၏။

"အဲဒါက မိသားစုကို ကာကွယ်ဖို့ပဲ သုံးပါ။ အစ်ကို့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်.."

သူက သူမကို နောက်တစ်ကြိမ် နှစ်သိမ့်လိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့။ အစ်ကိုက နာမည်ပိုကြီးလာလေလေ ညီမလေးက အိမ်တော်သခင်နေရာမှာ ပိုပြီးတော့ လုံခြုံလေးလေပါပဲ.."

ထန်မင်ယွဲ့ကတော့ အလွန်စိုးရိမ်နေပုံရပြီး အတော်လေးဝမ်းနည်းနေခဲ့သည်။ သူမက အံကြိတ်ပြီး ပြောလိုက်၏။

"အစ်ကို(၂) ဘယ်အချိန်သွားမှာလဲ.."

"ဒီညပဲသွားမယ်။ အဘိုးကိုတော့ စိတ်မကောင်းပါဘူးလို့ ပြောပေးပါ.."

မုန့်ချီက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

ထန်မင်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။

"အစ်ကိုက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ …"

၂နာရီကြာပြီးနောက် ..

ညအချိန်တွင် လရောင်က ခြံဝန်းထဲသို့ ဖြာကျနေခဲ့သည်။ ထန်မင်ယွဲ့ကတော့ တောက်ပသော လမင်းကြီးကို တစ်ယောက်တည်း ငေးကြည့်နေမိခဲ့၏။

"ငါ ဘယ်အချိန်ကျမှ အစ်ကို(၂)ကို နောက်တစ်ကြိမ် ပြန်တွေ့ရတော့မှာလဲ..."

Translated By Hein Htet.

All Chapters