အခန်း (၂၁၇)
Vol. 15 Ch. 217
ဟွမ်ဟွာဆန်ဆိုင်၏ အတွင်းထဲတွင် …
အစိမ်းရောင်ဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်ပြီးနောက် မုန့်ချီက မျက်နှာကို လက်နှင့်ပွတ်နေမိသည်။ ထို့နောက် အပြုံးနှင့်ပြောလိုက်၏။
"အစ်ကို ဝမ်းကွဲ …
ကျွန်တော်တို့က တကယ့်ကို စိတ်ချင်းဆက်နေတာပဲ။ ကျွန်တော်က ဟွမ်ဟွာဓားဂိုဏ်းရဲ့ ဒေါသကို ဘယ်လိုဖြေရှင်းပေးမလဲဆိုပြီး မေးတော့မယ့်အချိန်မှာ အစ်ကိုက အဲဒီကိစ္စကို ဝင်ပြောလိုက်တယ်…"
သူတို့အဖွဲ့က သေမင်းတမန်တာဝန် အတောအတွင်း အဖိုးတန်လက်နက်တစ်ခုကို အသုံးပြုနိုင်မည့်အကြောင်း စဉ်းစားမိသည့်အခါ မုန့်ချီက အတော်လေး ကျေနပ်နေမိသည်။
ပြုံးနေသော မုန့်ချီ၏ မျက်နှာကို ကြည့်ပြီး ချီကျန်းရန်က ရှုံ့မဲ့သွား၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"သေမင်းတမန်တာဝန်နဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ ငါတို့က အဖွဲ့စွမ်းအားကို တိုးတက်စေနိုင်တဲ့ အခွင့်အရေးတိုင်းကို ယူရမှာပဲ။ တကယ်လို့ တောင်းဆိုခြင်းက အရှက်မရှိဘူးဆိုရင်တောင် ငါတို့သေသွားရင် မျက်နှာရစရာ ဘာမှမရှိဘူး…"
"အဲဒါက သေချာစဉ်းစားထားတာပဲလေ…"
မုန့်ချီက ချီကျန်းရန်ကို ချီးကျူးလိုက်ပြီး ခြေဆုံး ခေါင်းဆုံး သေချာစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ရယ်လိုက်၏။
သူ၏ ရယ်သံကြောင့် ချီကျန်းရန်က အနည်းငယ်ထိတ်လန့်သွားသည်။
"ညီဝမ်းကွဲ …တစ်ခုခု မှားလို့လား…"
"အစ်ကိုဝမ်းကွဲ…
ကျွန်တော်တို့က သေမင်းတမန်တာဝန်ကို ရင်ဆိုင်ရမှာလေ။ အစ်ကိုက မျိုးဆက်မကျန်မှာ မကြောက်ဘူးလား…"
"ဟားဟားဟား… အစ်ကိုက လူပျိုပဲ မဟုတ်လား။ မသေခင် ကြိုးစားမကြည့်ချင်ဘူးလား။ မဟုတ်ရင် အသက်ရှင်နေရတာ မတန်ဘဲ ဖြစ်လိမ့်မယ်…"
မုန့်ချီက ခံစားချက်မရှိသော ချီကျန်းရန်ကို စနောက် ကျီစယ်နေခဲ့သည်။
ချီကျန်းရန်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွား၏။ သူက ဒေါသကို ထိန်းပြီး အေးစက်စွာ ပြောလိုက်သည်။
"ဘုန်းတော်ကြီးတစ်ပါးက ဒီလိုစကားမျိုး ပြောလို့မရဘူးလေ…"
"ကျွန်တော်က ဘုန်းတော်ကြီးမှ မဟုတ်တော့တာ…"
မုန့်ချီက ပြန်လည်ပြောဆိုလိုက်သည်။
"မင်းက လူထွက်ပြီးသွားပြီဆိုရင်လည်း ဘာလို့ ပန်းနီရောင်လမ်းကြားထဲကို မသွားရတာလဲ… "
ချီကျန်းရန်က သူ့ကို မေးလိုက်သည်။
မုန့်ချီက ရှုံ့မဲ့ပြီး ပြောလိုက်၏။
"အဲဒီ မိန်းမရိုင်းတွေက တန်ဖိုးမရှိဘူးလေ။ ကျွန်တော်က လူပျိုနုနုထွတ်ထွတ်လေးလေ…"
"လူပျိုနုနုထွတ်ထွတ်လေးလေး ဟုတ်လား… "
ချီကျန်းရန်က ပြန်မေးလိုက်သည်။ သူကတော့ ထိုကဲ့သို့သော ခေတ်စကားကို နားမလည်နိုင်ပေ။
မုန့်ချီက ပြန်မဖြေနိုင်သေးခင် သူက ပြောလိုက်၏။
"မင်းက အသက် (၁၆)နှစ်ပဲ ရှိသေးတယ်။ အဲဒါက မင်းရဲ့အတွင်းအားတွေကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အခြေအနေတစ်ခုပဲ။ သန့်စင်တဲ့ ယန်စွမ်းအားတွေက မင်းကို တော်တော်လေး ကူညီပေးနိုင်လိမ့်မယ်။ ဒါကြောင့် မင်းက သန့်စင်မှုကို ထိန်းထားနိုင်တာ အကောင်းဆုံးပဲ…"
အထက်တန်းလွှာ မိသားစုများ ၊ ဂိုဏ်းများက သူတို့၏ တပည့်များကို တံခါး (၉)ပေါက်ပွင့်ပြီးသည့်အချိန်မှသာ လိင်မှုကိစ္စလုပ်ဆောင်ရန် အကြံပေးတတ်ကြသည်။ သို့သော် လူတစ်ယောက်၏ သန့်စင်မှုကို ထိန်းသိမ်းခြင်းကလည်း ထိုမျှ အကူအညီဖြစ်ခြင်းတော့ မဟုတ်ချေ။ သူတို့၏ တပည့်များကသာ လိင်မှုကိစ္စတွင် ပျော်မွေ့နေခြင်းမရှိသရွေ့ အကြံပေးရုံ သက်သက်သာ ဖြစ်သည်။
မုန့်ချီက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
"ကျွန်တော်က နောက်နေတာပါ။ ဒီကိစ္စကို အလေးအနက်ထားစရာ မလိုပါဘူး…"
ချီကျန်းရန်ကတော့ မုန့်ချီ၏ အမူအရာကို သတိမထားမိခဲ့ပေ။ သူက ဆက်ပြောလိုက်၏။
"ငါက မျိုးဆက်အကြောင်း စိုးရိမ်စရာ မလိုပါဘူး။ ငါ့မှာ မျိုးရိုးနာမည်ကို ထိန်းသိမ်းပေးနိုင်တဲ့ မရီးတစ်ယောက် ရှိသေးတယ်။ ငါက ဒီနှစ် သိုင်းပညာကိုပဲ အာရုံစိုက်ဖို့လိုတယ်။ ငါက စိတ်ပျံ့သွားလို့ မရဘူး…"
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
"ကျွန်တော်က ခရမ်းသေမင်းဓားကို ရပြီးတာနဲ့ ယီမြို့ထဲကနေ ထွက်သွားရမယ်…"
"မင်းက ဒီမှာ သိုင်းပညာ မလေ့ကျင့်တော့ဘူးလား…"
ချီကျန်းရန်က သံသယဝင်စွာ မေးလိုက်သည်။
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
"တံခါး (၉)ပေါက်အဆင့် ပညာရှင် (၄)ယောက် ဝိုင်းပြီး တိုက်ခိုက်ခဲ့တာကိုတောင် ကျွန်တော်က အသက်ရှင်ခဲ့တယ်။ အခုကျွန်တော်က တော်တော်လေးကို နာမည်ကြီးနေပြီ။ ဒီတော့ ကျွန်တော် မျှော်လင့်ထားသလို ပုန်းနေလို့ မရနိုင်တော့ဘူး။ ပြီးတော့ ခရမ်းသေမင်းဓား ရှိနေတဲ့အတွက် တခြားလူတွေက မနာလိုဖြစ်နေနိုင်တယ်။ ကျွန်တော်က တတ်နိုင်သမျှ မြန်မြန် ထွက်သွားတာက အကောင်းဆုံးပဲ…"
ထို့ပြင် လူကြီးလူကောင်းဓားဟူသော အဆင့်အတန်းက ယပ်တောင် (၆)လက်ကျောင်းကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ လူငယ်မှတ်တမ်းအသစ် ထွက်လာသည့်အချိန်တွင် လူကြီးလူကောင်းဓားက မဆင်မခြင်ကိုယ်တော် ၊ မိုးကြိုးသွားဒေါသကိုယ်တော် သို့မဟုတ် ကျန်းတင်ဖြစ်ကြောင်း ၊ ရှောင်လင်ကျောင်းတော်၏ ယခင်တပည့်ဖြစ်ကြောင်း သူတို့က သိသွားကြပါလိမ့်မည်။
ထိုအရာက ကျိုးကြောင်းဆီလျော်သော ခန့်မှန်းမှုတစ်ခုလည်းဖြစ်၏။ နောက်ဆုံးတစ်ကြိမ်တွင် ယပ်တောင် (၆)လက်ကျောင်းက သူနှင့်ယုဟွမ်တောင်တို့၏ တိုက်ပွဲကို မြင်ခဲ့ဖူးကြောင်း မုန့်ချီက သိနေသည်။ ထိုအချိန်တွင် သူက ခေါင်းတုံးနှင့်ဖြစ်နေသည့်အတွက် ဆံပင်တုနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ထို့နောက် သူက တောင်ဘက်သို့ တစ်လကျော် ခရီးသွားခဲ့ပြီး တောင် (၃)လုံး မြစ်(၄)သွယ်ကို ရောက်လာခဲ့၏။ သူက ကျန်းဝူမြို့ထဲတွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သံသရာကမ္ဘာကြီးထဲတွင်တော့ တစ်လနီးပါးခန့် နေထိုင်ခဲ့သည်။ သူက ဟွမ်စီရင်စုနှင့် ယီမြို့ထဲတွင်တော့ ရက် (၂၀)ခန့် နေထိုင်ခဲ့၏။
ထို့ကြောင့် သူက (၃)လ နီးပါးခန့် အချိန်ကုန်ခဲ့ရသည်။ ဤအချိန်အတောအတွင်း သူက အသက်ကြီးလာပြီး ရုပ်ရည်ပြောင်းလဲသော်လည်း (၃)လ ဟူသော အချိန်က သိသာသော ပြောင်းလဲမှုများ မရှိချေ။ သူ့ဆံပင်များက တိုနေသေး၏။
ယပ်တောင် (၆)လက်ကျောင်း၏ စွမ်းအားနှင့် စွမ်းရည်အရ အကယ်၍ သူ့ကိုသာ တောင် (၃)လုံး မြစ် (၄)သွယ်နှင့် ယီမြို့ထဲ၌ နယ်မြေခံပညာရှင်တစ်ယောက်အဖြစ် မှတ်တမ်းတင်လိုက်မည်ဆိုလျှင် သူ့ကို မမှတ်မိစရာ မရှိချေ။ ထို့ပြင် ပန်းစန္ဒာကျောင်းဆောင်ထဲရှိ တိုက်ပွဲက သူ့ကို လူငယ်မှတ်တမ်းတွင် နေရာတစ်ခု ရသွားစေနိုင်သည်။
ထို့ကြောင့် ယပ်တောင် (၆)လက်ကျောင်းက သူနှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းမည်ဆိုလျှင် သူ့အကြောင်းကို စုံစမ်းရန် မခက်ချေ။ မည်သို့ဖြစ်စေကာမူ စာရင်းထဲတွင် လူ (၅၀)ခန့်သာ ရှိသည်။
"ငါက ထွက်သွားရမယ်…"
သူ့ဆရာက ရှောင်လင်ကျောင်းတော်ထဲတွင် ရှိနေသေးသည့်အတွက် စည်းကမ်းထိန်းသိမ်းရေး ဘုန်းတော်ကြီးများက သူ့နောက်ကို လိုက်လာလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက ရှောင်လင်သိုင်းပညာကို တခြားလူများဆီသို့ လက်ဆင့်ကမ်း မပေးရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သို့သော် သူက ထိုအရာများကိုလည်း သတိထားရန် လိုအပ်သေး၏။
"မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ မင်းက ဘယ်ကို သွားမှာလဲ…"
ချီကျန်းရန်က ခေါင်းညိတ်ပြီး မေးလိုက်၏။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ယဲ့တူမှာ ခြံဝန်းတစ်ခုငှားပြီး သိုင်းပညာလေ့ကျင့်ဖို့ အာရုံစိုက်လို့ရတယ်။ ယဲ့တူမြို့က အနောက်တောင်ပိုင်းမှာ အကြီးဆုံးမြို့တစ်မြို့ပဲ။ အဲဒီမှာ လူဦးရေများပြီး လူပေါင်းစုံနေကြတယ်။ အဲဒီအထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေတောင် ပါတယ်။ တကယ်လို့ ကျွန်တော်သာ အဲဒီမှာ ပုန်းနေမယ်ဆိုရင် ကောက်ရိုးပုံထဲက အပ်တစ်ချောင်းလို ဖြစ်သွားမှာပဲ…"
သူ့ဆီတွင် လေ့ကျင့်ရန် သိုင်းပညာအမြောက်အများ ရှိနေသေးသည်။ သူက ယခုအချိန်အထိ ကောင်းကင်ဓားကျင့်စဉ်၏ တစ်ဝက်ကိုပင် နားမလည်သေးပေ။ ဓားရှည်သိုင်းပညာနှင့် ပတ်သက်ပြီး အခြေခံကလည်း မြင့်မားမှု မရှိသေးပေ။ သူက ခရမ်းမိုးကြိုးဓား (၇) ချက် ၊ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ် အဆင့် (၆) ၊ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ခရမ်းသေမင်းဓားတို့ကို လေ့လာရန်လည်း လိုအပ်နေသေးသည်။
ယခု သူလိုအပ်နေသည်မှာ တိုက်ပွဲများ ၊ စိန်ခေါ်မှုများ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ရန်သာ ဖြစ်သည်။ ခရီးရှည်သွားလာမှုက တိတ်တဆိတ် လေ့ကျင့်ရန်အတွက် မသင့်တော်ကြောင်း နာလည်သွားသည့်အတွက် မုန့်ချီက မြစ်အရှေ့ပိုင်းတွင် အရှင်သခင်လုပ်ရန် အတွေးကို လက်လျှော့လိုက်ရသည်။
သူ့ဆီတွင် မြစ်အရှေ့ပိုင်းမှ မြေစာချုပ် (၃)ခု ရှိသည်။ သို့သော် သူက ဟွမ်စီရင်စုမှ နေ၍ မြစ်အရှေ့ပိုင်းကို သွားရန် အနည်းဆုံး နှစ်လ သုံးလခန့် အချိန်ပေးရနိုင်သည်။ ယဲ့တူကလည်း မြစ်အရှေ့ပိုင်းကဲ့သို့ စည်ကားသော နယ်မြေတစ်ခုဖြစ်၏။ ထိုနေရာတွင် အရသာရှိသော စားစရာများ ၊ ဆိုင်များ ရှိနေသည့်အတွက် မုန့်ချီ အတွက်လည်း အဆင်ပြေသည်။
သူက နေ့စဉ်အသုံးချနိုင်ရန် သန့်စင်လက်နက်အတွက် သူ၏ ကျောက်မျက်စာချုပ်များကို ရောင်းရန် စဉ်းစားထားသည်။ ထိုကဲ့သို့ မြို့ငယ်လေးတစ်ခုတွင် သန့်စင်လက်နက်က ရှားပါး၏။
ထို့ပြင် သူက မကောင်းဆိုးဝါး နတ်ဘုရားမျက်လုံးကို စစ်ဆေးရန် အခွင့်အရေးတစ်ခု ရှာချင်နေသေးသည်။ ထိုသို့ရှာဖွေပြီး အသုံးပြုနည်းနှင့် ဖန်တီးသည့် နည်းလမ်းရှိမရှိ သိချင်နေ၏။ သူက နောက်တစ်ကြိမ် တာဝန်မစခင် သံသရာအရှင်သခင်ကို စောင့်မနေနိုင်တော့ပေ။ မဟုတ်လျှင် သူက လိုအပ်သော ပစ္စည်းများ ရှာမတွေ့လျှင် မည်သို့လုပ်ရမည်နည်း။ သူ့ဆီတွင် ထိုမျှအလျင်စလိုလဲလှယ်ရန် ကံကြမ္မာအမှတ် အလုံအလောက် မရှိနိုင်ပေ။
"ဟုတ်တယ်။ အင်အားကြီးတဲ့သူတွေက ပုံမှန်အားဖြင့် မြို့ထဲမှာပဲ ပုန်းနေကြတာ။ အားနည်းတဲ့သူတွေကပဲ သစ်တောထဲမှာ ပုန်းကြတာ…"
ချီကျန်းရန်က မုန့်ချီ၏ရွေးချယ်မှုကို လက်ခံသဘောတူလိုက်သည်။
"တကယ်လို့ မင်းက ယဲ့တူမှာ နေမယ်ဆိုရင် ငါက မင်းနဲ့အချိန်မရွေး လေ့ကျင့်လို့ ရနိုင်သေးတယ်။ ဒါဆိုရင် မင်းက ပြိုင်ဘက်မရှိတဲ့အတွက် အစစ်အမှန် တိုက်ခိုက်စွမ်းရည်ကို ဆုံးရှုံးစရာ မလိုတော့ဘူး…"
ယီမြို့မှနေ၍ ယဲ့တူမြို့ကို မြင်းလှည်းနှင့်သွားလျှင် အချိန် နှစ်နာရီခန့်သာ အချိန်ပေးရသည်။
နောက်တစ်နေ့ နေ့လယ်ပိုင်း ဟွမ်ဟွာ ဆန်ဆိုင်ထဲတွင်……
မုန့်ချီက အလွန်တောက်ပသော ခရမ်းသေမင်းဓားကို ကိုင်ကြည့်နေခဲ့၏။ ဓားထဲမှနေ၍ ထွက်ပေါ်လာသော ချီစွမ်းအင်များကို ခံစားမိနေပြီး ဓားပေါ်တွင် ရှိနေသော ပုံစံကွက်တိုင်းက အလွန် အံ့ဩစရာကောင်းနေသည်။
မုန့်ချီက ခရမ်းသေမင်းဓားနှင့် ဆက်သွယ်ရန် သူ၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ သို့သော် ခရမ်းသေမင်းဓားကတော့ အိပ်ပျော်နေပုံရပြီး သူ့ကို လျစ်လျူရှုထား၏။ အကယ်၍ သူသာ အလွန်အကျွံ ကြိုးစားလိုက်မည်ဆိုလျှင် ဓားချီစွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ဒဏ်ရာရသွားနိုင်သည်။
“ဟူး…”
မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူက ဆက်သွယ်မှု တည်ဆောက်ခြင်းကို အလျင်စလို မလုပ်သင့်ကြောင်း သိနေသည်။
"အစ်ကိုဝမ်းကွဲ…
ကျွန်တော်က ယဲ့တူမှာ ခြံဝန်းငှားပြီးရင် ပြန်လာခဲ့မယ်…"
ထိုကဲ့သို့ အရာမျိုးကို ချီကျန်းရန်ကို ခိုင်း၍ မသင့်တော်လှပေ။ အဘယ်ကြောင့်ဆိုသော် သတင်းပေါက်ကြားသွားမှာစိုးရသည်။ မည်သို့ဖြစ်စေကာမူ ယဲ့တူမြို့က ယီမြို့နှင့် အလွန်နီးကပ်နေ၏။
"ကောင်းပြီလေ။ လမ်းမှာ သတိထားပါ…။ "
ချီကျန်းရန်က တိတ်ဆိတ်နေခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် သူက မုန့်ချီကို ခေါ်ပြီး ယီမြို့ထဲတွင် ရှိနေသော ယပ်တောင် (၆)လက်ကျောင်း၏ ရဲတိုက်ရှိရာကို ခေါ်လာခဲ့သည်။ မုန့်ချီက ထိုအရာကို ပြန်ပေးမည်ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့ရ၏။
ထို့နောက် မုန့်ချီက ပုံသဏ္ဍာန်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီး အဝတ်အစားလဲ၍ ဆန်ဆိုင်သို့ ဆန်လာဝယ်သော ဈေးဝယ်များနှင့် ရောလိုက်သွားခဲ့သည်။ ထို့နောက် ဆိုင်ထဲမှထွက်ပြီး ယဲ့တူသို့သွားရန် မြင်းလှည်းတစ်စီး ငှားလိုက်၏။
ရက်ပေါင်းများစွာ ကြာပြီးနောက် သူက ဆူညံနေသော ယဲ့တူတွင် တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်ခုကို ငှားနိုင်ခဲ့သည်။ ထိုခြံဝန်း၏ ပတ်ပတ်လည်တွင် သိုင်းသင်တန်းကျောင်းများ ရှိ၏။ လမ်းမပေါ်တွင် သူနှင့်တွေ့ရသော လူတိုင်းက ဓားရှည်များ ၊ ဓားမောက်များကို ကိုင်ထားကြသည့်အတွက် မုန့်ချီက ထူးခြားနေခြင်း မရှိတော့ချေ။
"လူငယ်မှတ်တမ်းအသစ် ထွက်လာပြီလား…"
မုန့်ချီက တံခါးကို ပိတ်ပြီး ယီမြို့သို့ ပြန်တော့မည့် အချိန်တွင် သိုင်းသင်တန်းကျောင်းမှ တပည့်များက လူငယ်မှတ်တမ်းအကြောင်း စိတ်လှုပ်ရှားစွာ ပြောနေသည်ကို ကြားလိုက်ရသည်။
သူတို့က အလွန်ငယ်ရွယ်သေးပြီး အသက် (၈)နှစ်မှ အသက် (၂၀)အတွင်း မျိုးစုံ ရှိကြသည်။ သူတို့က သိုင်းလောကအကြောင်း အနည်းငယ်လေးသာ သိကြ၏။
ယဲ့တူက ဟွမ်စီရင်စု၏ မြို့တော်ဖြစ်ပြီး ကျိုးနိုင်ငံတွင် အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ အရှေ့တောင်ဘက်တွင် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်၏။ ထို့ကြောင့် သိုင်းသင်တန်းကျောင်းများစွာ ရှိနေပြီး အစွမ်းထက်သော သိုင်းပညာများ သင်ကြားပေးကြသည်။
သာမန်မိသားစုမှ ကလေးငယ်များကတော့ သိုင်းသင်ရန် လုံလောက်သော ငွေကြေး မရှိကြပေ။ ထိုသိုင်းသင်တန်းကျောင်းများက ဂိုဏ်းကြီးများ ၊ အထက်တန်းလွှာ မိသားစုများနှင့် ပတ်သက်နေသည်။
အကယ်၍ ကလေးငယ်များကသာ သိုင်းသင်တန်းကျောင်းတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပြီး အခြေခံကောင်းများ ရနိုင်မည်ဆိုလျှင် ဂိုဏ်းများတွင် ဆက်လက်လေ့လာရန် ဖြစ်နိုင်ပြီး အထက်တန်းလွှာမိသားစုများတွင် အစောင့်အဖြစ် စေလွှတ်ခံရနိုင်သည်။ ထိုအရာက သာမန်ကလေးငယ်များ လိုချင်နေသော အရာတစ်ခုလည်း ဖြစ်၏။
"ဟုတ်တယ်။ ငါတို့ သိုင်းသင်တန်းကျောင်းက မိတ္တူတစ်ခု ကူးလာတယ်…"
(၁၃)နှစ်အရွယ် မိန်းကလေးတစ်ယောက်က သိုင်းသင်တန်းကျောင်းထဲတွင် ကြည့်နေခဲ့၏။
ယဲ့တူက မြို့ကြီးတစ်မြို့ဖြစ်သည်။ ဤနေရာမှနေ၍ ယပ်တောင် (၆)လက်ကျောင်းကို သွားရန် နှစ်နာရီနီးပါးခန့် အချိန်ပေးရသည်။ ထို့ကြောင့် သိုင်းသင်တန်းကျောင်းများက သူတို့၏တပည့်များကို လှုံ့ဆော်ရန်အတွက် စာရင်းအသစ်ကို မိတ္တူကူးလာရန် ရွေးချယ်ခဲ့ကြသည်။
မုန့်ချီက လူငယ်မှတ်တမ်းရှိ ပြောင်းလဲမှုများကို စစ်ဆေးကြည့်ရန် ရပ်လိုက်၏။ သူက လူကြီးလူကောင်းဓား ၊ မဆင်မခြင်ကိုယ်တော်နှင့် မိုးကြိုးဓား ဒေါသကိုယ်တော်ဟူသော သိုင်းလောကနာမည်အစား တခြားသော သိုင်းလောက နာမည်အသစ်တစ်ခု ရမရ သိချင်နေခဲ့သည်။
ခဏကြာပြီးနောက် သင်တန်းဆရာက လူငယ်မှတ်တမ်း အသစ်ကို ကပ်ပေးလိုက်သည်။
"လော်နတ်ဘုရားမက အဆင့် (၂) ရောက်သွားပြီလား…။ သူက အသက်ထိန်းသိမ်းသူနဲ့ မြေခွေးဘုရင်တို့ထက်တောင် ပိုပြီး အဆင့်မြင့်သွားပြီ… "
ကလေးများက ရေရွတ်လိုက်ကြသည်။
"ကောင်းကင်နတ်သမီး (၇)ဖော်ကတော့ တိုက်ပွဲတစ်ပွဲတည်းနှင့် စာရင်းထဲကနေ ဖယ်ရှားခံလိုက်ရပြီ…"
တချို့ကတော့ ကူရှောင်စန်း၏ မှတ်တမ်းအသစ်ကြောင့် အလွန်အံ့ဩနေကြသည်။
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူကတော့ ကူရှောင်စန်းအပေါ် မှတ်ချက်များကို ပို၍ စိတ်ဝင်စားနေသည်။
"သူက တံခါး (၉)ပေါက်ပွင့်နေပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ခါနီးနေပြီ။ ကြည့်ရတာ သံသရာကမ္ဘာကြီးထဲမှာ အဲဒီမကောင်းဆိုးဝါးမက တော်တော်လေး အကျိုးအမြတ်တွေ ရခဲ့တာပဲ…"
မုန့်ချီက ချီးကျူးလိုက်မိ၏။
"ကျန်းကျိဝေ ..၊ ပျက်သုဉ်းခြင်း ဓားနတ်သမီး …
မြောက်ပိုင်းတောင်တန်းမှာရှိတဲ့ ရွာ(၂၇)ရွာကို တစ်ယောက်တည်း ရှင်းပစ်ခဲ့တယ်။ တံခါး (၉)ပေါက် ပွင့်နေတဲ့ ဓားပြ (၃)ယောက်ကို သတ်ပစ်ပြီး တံခါး (၇)ပေါက်ပွင့်နေတဲ့ ပညာရှင်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်။ လူငယ်မှတ်တမ်းမှာ အဆင့်(၉)…"
ရှေ့တွင် ဖတ်ပြနေသော မိန်းကလေးက ကျန်းကျိဝေ၏ အတွေ့အကြုံများကို ပြောပြနေခဲ့သည်။
"သူက သူ့ရဲ့ဓားသိုင်းပညာနဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက် တော်တော်လေး ကြိုးစားနေတာပဲ…"
မုန့်ချီက အနည်းငယ် စိုးရိမ်နေသော်လည်း သူမကို လေးစားနေခဲ့သည်။ တခြားသော ပြောင်းလဲမှုများကတော့ ထူးခြားနေခြင်း မရှိပေ။
သို့သော် မုန့်ချီ၏ မျက်လုံးထဲတွင် လူကြီးလူကောင်းဓားဟူသော စကားလုံးကို မြင်လိုက်ရသည်။
"နာမည် - မုန့်ချီ ( နာမည်အတု ဖြစ်နိုင်တယ်.. )
သိုင်းပညာ - တံခါး (၆)ပေါက်ပွင့်နေပြီး ရန်သူဆီက စွမ်းအားကို အသုံးချနိုင်တယ်။ သူ့ရဲ့ဓားပညာက တော်တော်လေးကို ရှုပ်ထွေးတယ်။ ကိုယ်ဖော့ပညာကလည်း တစ္ဆေတစ်ကောင်အလား ထူးခြားတယ်။
မှတ်တမ်း - ဟွာလွန်ကို ကူညီပေးဖို့အတွက် တောင်ပေါ်ကနေ ညအချိန် ပြန်ဆင်းလာခဲ့တယ်။ လော်အဖွဲ့အစည်းက လျှို့ဝှက်တမန်တော် အပါအဝင် ဘယ်သူမှ သူ့ကို မတားနိုင်ခဲ့ဘူး။ သူက တစ်ရက်အတွင်း အထက်တန်းလွှာမိသားစုတစ်ခုရဲ့ ရဲတိုက်ထဲကို ဝင်ပြီး လူတိုင်းစောင့်ကြည့်နေတဲ့အချိန်မှာ တံခါး (၇)ပေါက်အဆင့် ဓားသမားကို သတ်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ ဘာမှမဖြစ်တဲ့အလား အေးအေးဆေးဆေး ထွက်လာနိုင်ခဲ့တယ်။ ယီမြို့ထဲမှာရှိတဲ့ ပန်းစန္ဒာကျောင်းဆောင်ထဲမှာ တံခါး(၉)ပေါက်အဆင့် ပညာရှင် (၄)ယောက်ကို ရင်ဆိုင်ရတဲ့အချိန် သူတို့ရဲ့ စွမ်းအားကို အသုံးချပြီး ဓားတစ်လက်တည်းနှင့် (၄)ယောက်စလုံးကို ခုခံနိုင်ခဲ့တယ်။ ဒါပေမဲ့ အဖိုးတန်လက်နက်နဲ့ တိုက်ခိုက်ခံရတဲ့အချိန်မှာ ထွက်ပြေးသွားခဲ့တယ်။
အဆင့် - (၂၄)
သိုင်းလောက နာမည် - လူကြီးလူကောင်းဓား ၊ သစ္စာဓား
အဆင့်အတန်း - ကျိလျှံဓားသမားလို့ ခေါ်ကြတယ်။( ဒီနာမည်က အတုလည်းဖြစ်နိုင်တယ်။ အတည်ပြုဖို့ လိုအပ်သေးတယ်..) "
"ဘယ်လို… "
မုန့်ချီကတော့ သူမြင်နေရသည့်အရာကို မယုံကြည်နိုင်တော့ပေ။ ယပ်တောင်(၆)လက်ကျောင်းက မည်သည့်အရာများ စဉ်းစားနေသနည်း။
Translated by Hein Htet.