← Chapters

အခန်း (၂၁၈)

Vol. 15 Ch. 218

အခန်း (၂၁၈)

Vol. 15 Ch. 218

"လူငယ်မှတ်တမ်းမှာ နောက်ထပ်သခင်လေးအသစ်တစ်ယောက် ပေါ်လာပြီ…"

အပြစ်ကင်းစင်သော သူတို့၏ မျက်လုံးလေးများက တဖိတ်ဖိတ် တောက်ပနေကြသည်။ သိုင်းသင်တန်းကျောင်းမှ တပည့်များအားလုံး ထိုအရာကို အလွန်စိတ်ဝင်စားနေကြ၏။ သူတို့ကတော့ စာကလေးများကဲ့သို့ ပေါက်ပေါက်ဖောက်၍ ပြောနေကြသည်။

လောကကြီးက ကြီးမားသော်လည်း လူငယ်မှတ်တမ်းတွင် လူသစ်တစ်ယောက် ပေါ်လာရန် မလွယ်လှပေ။ အထူးသဖြင့် လူသစ်က သူတို့လုံးဝမကြားဖူးသော နာမည်တစ်ခု ဖြစ်နေသည်။

"လူကြီးလူကောင်းဓားလား... ။ ကြည့်ရတာတော့ ဓားသူရဲကောင်းတစ်ယောက် ဖြစ်မယ်ထင်တယ်... "

"ဟုတ်တယ်..။ သူက ဟွာလွန်နဲ့ ပထမဆုံး တွေ့တဲ့အချိန်မှာတောင် သူ့ကို ကူညီပေးခဲ့တယ်...။ ပြီးတော့ လော်အဖွဲ့အစည်းကိုတောင် မကြောက်ဘဲ ညအချိန်ကြီး တောင်အောက်ကို ဆင်းခဲ့တယ်..။ သူက ဒီနာမည်နဲ့ထိုက်တန်ပါတယ်..။ တကယ်လို့ သိုင်းလောကမှာသာ သခင်လေးမုန့်လို လူကြီးလူကောင်းတွေ ပြည့်နေမယ်ဆိုရင် တော်တော်လေးကို ကောင်းမှာပဲ…"

အဖြူရောင်စာသင်သား ဝတ်စုံဝတ်ထားသော မုန့်ချီက သူတို့၏စကားများကို နားထောင်နေသော်လည်း စိတ်ထဲတွင်တော့ သေချင်နေခဲ့သည်။ သူကတော့ လူကြီးလူကောင်းဓားဟူသော နာမည်ကို လက်မခံနိုင်သေးပေ။ မဆင်မခြင်ကိုယ်တော်နှင့် မိုးကြိုးဓား ဒေါသကိုယ်တော်ဟူသော နာမည်တို့နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုနာမည်က ကြောက်စရာမကောင်းချေ။

တစ်ချိန်တည်းတွင် သူက ရှုပ်ထွေးနေခဲ့၏။

"ဘာလို့ ယပ်တောင် (၆) လက်ကျောင်းက ငါ့ကိုမမှတ်မိရတာလဲ... "

ဘာကြောင့် သူတို့ကအတည်ပြုရန် လိုအပ်သည်ဟု မှတ်တမ်းတင်ထားရသနည်း... ။ သူတို့၏ အစစ်အမှန်ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်နေသနည်း။

"ဟူး... ။ ဘယ်လိုပဲဖြစ်ဖြစ်ငါက လူကြီးလူကောင်းဓားဆိုတဲ့နာမည်ကို ဆက်ပြီးမသုံးချင်ဘူး... "

လူငယ်မှတ်တမ်း၏ နောက်အပိုင်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ပန်းပွင့်ပျံ့နှံ့နတ်သမီး သေဆုံးသွားခြင်းကလွဲလျှင် စာရင်းထဲ၌ ကြီးကြီးမားမား ပြောင်းလဲမှုများ မရှိချေ။ ထို့ကြောင့် သူလည်း အထုပ်အပိုးများကိုသိမ်းပြီး ထွက်သွားရန် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် သိုင်းသင်တန်းကျောင်းဆရာက သူ့တပည့်များကို စာရွက်ထပ်ကြီးတစ်ခု ထုတ်ပြီး နံရံပေါ်တွင် ကပ်ခိုင်းလိုက်ပြန်သည်။

"ကျိုးနိုင်ငံထဲမှာရှိတဲ့ ပညာရှင်စာရင်းလား... "

မုန့်ချီက အရှိန်လျော့လိုက်၏။

သူက မျက်လုံးတံခါး ပွင့်နေပြီးနောက် အဝေးရှိ သေးငယ်သော စကားလုံးလေးများကိုပင် ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ သူဖတ်ကြည့်လိုက်သည့်အခါ စာရင်းထဲတွင် နယ်မြေခံပညာရှင်များစွာ ရှိနေပြီး ယပ်တောင် (၆)လက်ကျောင်း ပြင်ဆင်ထားသော သူတို့၏မှတ်တမ်းများ ဖြစ်သည်။

ထိုနေရာတွင်တော့ အဆင့်သတ်မှတ်ချက် မရှိချေ။ ထိုပညာရှင်၏နာမည် ၊ နောက်ခံ ၊ သိုင်းပညာနှင့် အထူးချွန်ဆုံး အောင်မြင်မှုများ အကြောင်းကိုသာ ဖော်ပြထားခဲ့သည်။ ဖော်ပြချက်တစ်ခုချင်းဆီ၏ အဆုံးတွင်တော့ သူတို့နှင့် ပတ်သက်သော မှတ်ချက်များကို ထပ်ဖြည့်ပေးထားသည်။ သူတို့အားလုံးက ကျိုးနိုင်ငံထဲတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြ၏။

"အရှေ့တောင်ပိုင်းနယ်မြေထဲမှာ တကယ့်ကို မြို့ကြီးတစ်မျိုးလို့ ပြောရမှာပဲ ။ ယပ်တောင် (၆)လက်ကျောင်းရဲ့လက်ခွဲက နယ်မြေခံပညာရှင်စာရင်းကိုတောင် ရှာဖွေနိုင်တယ်ဆိုတော့ တော်တော်ကို ထူးခြားတယ်... "

မုန့်ချီက ချီးကျူးလိုက်မိသည်။

သူက ကျိလျန် ၊ တောင်(၃)လုံး မြစ် (၄) သွယ်ကို ဖြတ်လာခဲ့ပြီး လမ်းတွင် ရွှမ်ဝူမြို့ကို ဖြတ်လာခဲ့သည်။ သို့သော် ကျိုးနိုင်ငံထဲတွင် ထိုကဲ့သို့ စာရင်းမျိုးကို လုံးဝ မတွေ့ဖူးချေ။ တောင် (၃) လုံး မြစ် (၄) သွယ်က အလွန်သေးငယ်၏။ ထို့ကြောင့် သူတို့၏ကိုယ်ပိုင် စာရင်းမရှိသည်မှာ နားလည်ပေး၍ ရနိုင်သည်။

အနောက်ပိုင်းနယ်မြေနှင့် ကျင်းအင်ပါယာထဲတွင် ရှိနေသော ပင်မလမ်းကြီးများအားလုံးက ကျိလျန်တွင် ပေါင်းစုံကြသည်။ ထို့ကြောင့် ကျိလျန်တွင် လူမျိုးစုံဖြတ်သန်းသွားလာနေကြ၏။ အချက်အလက်များ အားလုံးကိုလည်း စုစည်းရန် ခက်ခဲသည်။

ထို့ပြင် ထိုနေရာ၌ ရှိနေသော လူတိုင်းက ကြမ်းတမ်းခက်ထန်ကြ၏။ သူတို့ထဲတွင် မြင်းဓားပြများစွာလည်း ရှိနေကြသည်။ မှားယွင်းသော မှတ်ချက်တစ်ခုက တိုက်ပွဲတစ်ပွဲကို ဖြစ်သွားစေနိုင်၏။ ထို့ကြောင့် တစ်ခုမျှ မရှိခဲ့ပေ။

ရွှမ်ဝူမြို့ကတော့ ကျန်းဝူဂိုဏ်း၏ နယ်မြေအတွင်းရှိနေပြီး မည်သူကမျှ လူငယ်မှတ်တမ်းကို စိတ်မဝင်စားကြပေ။

သူက ထိုအရာကိုကြည့်ပြီး သေချာမဖတ်ခဲ့ပေ။ စာရင်းက အလွန်များပြားလွန်းလှ၏။ ရုတ်တရက်ဆိုသလို သူ့နာမည်ကို နောက်တစ်ကြိမ် တွေ့လိုက်ရသည်အတွက် အံ့သြသွားခဲ့ပြန်သည်။

"နာမည် - ထန်ကျင်း

အသက် - ၂၆ နှစ်

နောက်ခံအဆင့်အတန်း - ယီမြို့ထဲမှာရှိတဲ့ ထန်မိသားစုရဲ့ တရားဝင်ဒုတိယသား

သိုင်းလောကနာမည် - မိုးကြိုးဓား ၊ တစ္ဆေမျက်နှာဓား ၊ သခင်လေးထန်

သိုင်းပညာ - တံခါး (၆) ပေါက်ပွင့်နေတယ်။ သူက ဓားမောက်ပညာကို ကျွမ်းကျင်ပြီး အစွမ်းထက်တဲ့ အနှစ်သာရတွေကို နားလည်ထားတယ်..။ သူ့မိသားစုရဲ့ မြစ်ခွဲခြင်းဓားသိုင်းပညာအပြင် တခြားသောဓားသိုင်းပညာတွေလည်း ထူးချွန်တယ်။

စာရင်းဝင်ရတဲ့အကြောင်းအရင်း - သူက ဓားတစ်ချက်တည်းနဲ့ တံခါး (၉) ပေါက်အဆင့် ပညာရှင် ထန်ရှုကို သတ်နိုင်ခဲ့တယ်.။ သံလက်မကောင်းဆိုးဝါးနဲ့ ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးတို့ ဝိုင်းပြီး တိုက်ခိုက်ခံခဲ့ရတဲ့အချိန်မှာ အခြေအနေကို ပြောင်းလဲနိုင်ပြီး သံလက်မကောင်းဆိုးဝါးကို သတ်ပစ်နိုင်ခဲ့တယ်..။

မှတ်ချက် ။ ။ ပူလောင်ခြင်းနေမင်း သိုင်းသင်တန်းကျောင်းမှ သင်တန်းဆရာ ကျင်းကျင်းရှန်၏ မှတ်ချက် - သူ့ရဲ့ဓားပညာက လျှော့တွက်လို့မရဘူး..။ သူက တံခါး(၇) ပေါက် (၈) ပေါက်အဆင့် ပညာရှင်တွေကိုတောင် အနိုင်ရနိုင်တယ်...။ ဒါပေမဲ့တံခါး (၉) ပေါက်အဆင့် ပညာရှင်ကို သတ်နိုင်ဖို့တော့ မသေချာဘူး..။ ထန်ရှုက ထန်မိသားစုက အကြီးအကဲတစ်ယောက်လေ...။ သူက မေးမြန်းစုံစမ်းခံနေရပြီး မိသားစုအပေါ် အပြစ်လုပ်ထားတယ်... ။ ဒီတော့ သူက ခုခံမှာ မဟုတ်ဘူး... ။ အလွန်ဆုံး သူက သတိလက်လွတ် ခုခံတာမျိုးပဲ ဖြစ်နိုင်တယ်... ။ ဝိုင်းပြီးတိုက်ခိုက်ခံရတဲ့ အချိန်တွေမှာလည်း အခြေအနေက ရှုပ်ထွေးနေတယ်... ။ အဲဒီအချိန်မှာ တခြားဘယ်သူမှမရှိဘူး... ။ တစ်ဦးတည်းသော မျက်မြင်သက်သေက ထန်ရမ်ပဲ ။ ထန်ကျင်းက သံလက်မကောင်းဆိုးဝါးကို ဘယ်လိုသတ်လိုက်တယ်ဆိုတာ သူလည်း မမြင်ခဲ့ဘူး... ။ အဲဒါက အခုချိန်ထိ ဆန်းကြယ်မှုတစ်ခုလိုပဲ ။ သံလက်မကောင်းဆိုးဝါးက အဖိုးတန်လက်နက်ကြောင့် ဒဏ်ရာရသွားတာလည်း ဖြစ်နိုင်တာပဲ ။

ဟွမ်မိသားစုရဲ့ဂိုဏ်းထောက်အကြီးအကဲ ဟွမ်ယွမ်ပါ၏မှတ်ချက် - သူက အရှက်ကွဲပြီးတဲ့နောက်မှာ တော်တော်လေး ရဲစွမ်းသတ္တိ ရှိလာခဲ့တယ်..။ သူက အရာအားလုံးကိုတောင် ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ပြောရမှာပဲ ။ ထန်ကျင်းက အသက်(၂၀) အရွယ်မှာ တံခါး (၂) ပေါက်ပဲ ပွင့်သေးတယ်.။ သူက အခြေခံဓားမောက် သိုင်းပညာကိုတောင် မကျွမ်းကျင်သေးဘူး... ။ အရှက်ခွဲခံခဲ့ရပြီးတဲ့နောက်မှာ (၃)နှစ်လောက် ခရီးသွားခဲ့ပြီး ဒုက္ခမျိုးစုံကိုခံခဲ့ရတယ်.။ အခုသူက တံခါး (၆)ပေါက် ပွင့်နေပြီး သူ့ရဲ့ဓားမောက်သိုင်းပညာကလည်း တော်တော်အဆင့်မြင့်နေပြီ ။ သူက နတ်ဆိုးတစ်ကောင်ကို အလွယ်တကူသတ်ပစ်နိုင်ပြီး တံခါး (၉) ပေါက်အဆင့် ပညာရှင်တွေကိုတောင် မကြောက်တော့ဘူး..။ သူက နောက်မျိုးဆက်တွေအတွက် တကယ့်ကိုစံပြတစ်ယောက်ပဲ။

ဝမ်ကိုက် အမှန်တရားဓား၏မှတ်ချက် - ထန်ကျင်းရဲ့ဓားမောက်က အရမ်းကို ကြမ်းတမ်းပြီး မိုးကြိုးတစ်ခုလို အစွမ်းထက်တယ်..။ ပတ်ပတ်လည်မှာရှိတဲ့ လေစီးကြောင်းတွေနဲ့ စွမ်းအားတွေအားလုံးကို စုပ်ယူပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်..။ သူက ဓားမောက်တာအိုရဲ့အနှစ်သာရကိုလည်း ပြည့်ပြည့်ဝဝ နားလည်ထားတယ်..။ သူက ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသမားတွေထဲမှာ ထိပ်ဆုံး(၅)ယောက် စာရင်းဝင်တယ်လို့တောင် ပြောလို့ရနိုင်တယ်..။ တကယ်လို့ သာမန်မှတ်တမ်းတွေကြောင့်သာ မဟုတ်ရင် အနည်းဆုံးတော့ သူက လူငယ်မှတ်တမ်းရဲ့ အောက်ဆုံးအဆင့်မှာ ရှိနိုင်တယ်..။ သူ့ရဲ့ဂုဏ်သတင်းက သူ့အစွမ်းနဲ့ မကိုက်တာတော့ နှမြောစရာပဲ …”

“ဝမ်ကိုက်က တော်တော်လေးကို တရားမျှတတာပဲ…"

မုန့်ချီကတော့ ဝမ်ကိုက်အပေါ် ခံစားချက်များ ပြောင်းလဲသွားခဲ့သည်။

"သူတို့ ငါ့ကိုခေါ်တဲ့နာမည်က မဆင်မခြင်ကိုယ်တော် မိုးကြိုးဓား ဒေါသကိုယ်တော် ၊ လူကြီးလူကောင်းဓားဆိုတဲ့ နာမည်ထက်တော့ ပိုပြီးတော့ ကောင်းသေးတယ်... ။ ဒါပေမဲ့ ဘာလို့ ငါက အေးစက်ပြီး ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်အစား ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်အဖြစ် ပုံဖော်ခံနေရတာလဲ... "

မုန့်ချီက တစ်ယောက်တည်း ပြောနေမိသည်။

"ငါက နောက်ပိုင်းမှာ နာမည်ကောင်းရဖို့အတွက် ကောင်းကင်နတ်သမီးတွေနဲ့ အပေးအယူလုပ်သင့်လား... "

မုန့်ချီက အံကြိတ်ပြီး ခေါင်းခါ၍ ထွက်သွားမိခဲ့သည်။

ရုတ်တရက်ဆိုသလို အနောက်ဘက်မှနေ၍ အာမေဋိတ်သံတစ်ခုကို ကြားလိုက်ရ၏။

"ငါတို့သင်တန်းကျောင်းရဲ့စာရင်း ထွက်လာပြီ…"

မုန့်ချီက ဇဝေဇဝါဖြစ်သွားပြီး ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက စာရင်း၏အဆုံးတွင် ရှိနေသော စကားလုံးကို မြင်လိုက်ရ၏။

"နာမည် - ဟယ်ယဲ့

အသက် - (၆၂)နှစ်

အဆင့်အတန်း - ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်းရဲ့သိုင်းဆရာ ၊ မြင့်တက်ခြင်းရေလှိုင်းဂိုဏ်းက တပည့်တစ်ယောက်

သိုင်းလောကနာမည် - နားထောင်ခြင်း ရေလှိုင်းဓား

သိုင်းပညာ - တံခါး (၆) ပေါက်ပွင့်နေပြီး နားထောင်ခြင်းရေလှိုင်း ဓားပညာ (၄၉)ကွက်နဲ့ ရူးသွပ်ခြင်းဓားပညာ (၁၈) ကွက်ကို ကျွမ်းကျင်တယ်..။

စာရင်းဝင်နေရတဲ့အကြောင်းအရင်း - သူက သင်ကြားရာမှာ ကျောသားရင်သား မခွဲခြားတဲ့ အကြီးအကဲ တစ်ယောက်ပဲ ။ သူက လူတိုင်းကို တန်းတူညီမျှဆက်ဆံတယ်.။ နှစ်စဉ်နှစ်တိုင်း သူရဲ့တပည့်တွေကို ဂိုဏ်းတွေ ၊ အထက်တန်းလွှာမိသားစုတွေက ရွေးချယ်ကြတယ်..။ တပည့် (၃) ယောက်ကလည်း ဒီနှစ်သိုင်းပြိုင်ပွဲမှာ အနိုင်ရနိုင်ချေ အရမ်းများတယ်... "

နောက်ပိုင်းမှတ်ချက်များကတော့ သူ၏သနားကြင်နာမှုနှင့် စိတ်နေစိတ်ထားကို ချီးကျူးထားကြခြင်း ဖြစ်သည်။ တချို့သောမှတ်ချက် အနည်းငယ်ကတော့ အလွန်ထူးချွန်သော သူ၏သင်ကြားရေး နည်းလမ်းများကို ပြောပြနေခဲ့၏။

မုန့်ချီက အလုပ်မရှိသည့်အတွက် ထိုအရာများကို စိတ်ဝင်တစား ဖတ်နေခဲ့သည်။ သိုင်းသင်တန်းကျောင်းများ၏ပြိုင်ပွဲက မည်သည့်အရာဖြစ်ကြောင်း သူလည်းမသိခဲ့ပေ။ ထိုအရာကိုလည်း ဂရုမစိုက်ချေ။ အကုန်လုံးကို ဖတ်လိုက်ပြီးနောက် သူလည်း ယီမြို့သို့ ချက်ချင်း ထွက်သွားခဲ့သည်။

……………..

"ဘယ်လို..။ အစ်ကိုချီက ယဲ့တူမြို့ရဲ့တာဝန်ခံဖြစ်သွားပြီလား... "

မုန့်ချီက ချီကျန်းရန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ချီကျန်းရန်ကတော့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"ဟုတ်တယ်... ။ ငါ့ဂိုဏ်းက ယဲ့တူမြို့မှာ စားစရာ၊ ဆီနဲ့ ဆားကို တာဝန်ယူရတဲ့ တာဝန်ခံအဖြစ် စေလွှတ်လိုက်တယ်...”

“ဒါက အဆင့်လျော့လိုက်တဲ့ သဘောမျိုးလား... "

မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။ သူ့ကို လူစည်ကားသော ယဲ့တူမြို့သို့ စေလွှတ်လိုက်သည်မှာ အဆင့်တက်သွားသည်ဟု ထင်စရာရှိသော်လည်း သူ၏လက်ရှိအခြေအနေထက် ပိုကောင်းနေခြင်း မရှိချေ။

ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်၏။

"ယဲ့တူက မြို့တော်တစ်ခုပဲ ။ ပြင်ပကိစ္စတွေကို တာဝန်ယူရတဲ့ အကြီးအကဲ တစ်ယောက်အပြင် ဂိုဏ်းထောက်နဲ့ တာဝန်ခံ (၂၀) ကျော်ရှိတယ်...”

“ဟွမ်ဟွာဓားဂိုဏ်းက ဘာလို့ဒီလိုအရာမျိုးကို လုပ်ရတာလဲ... "

မုန့်ချီက ရှုပ်ထွေးသွားခဲ့၏။

ချီကျန်းရန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက ဂိုဏ်းအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တယ်..။ ဒါပေမဲ့ ငါရဲ့ဆုံးဖြတ်ချက်တွေမှာ ခံစားချက်တွေ အများကြီး ပါနေတယ်..။ ငါက မှန်ပေမဲ့ နေရာတစ်ခုကို တစ်ယောက်တည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး..။ ဘယ်ဂိုဏ်းကမှ တကိုယ်ကောင်းဆန်တဲ့ တပည့်တစ်ယောက်ကို တစ်ယောက်တည်း လွှတ်ထားမှာ မဟုတ်ဘူးလေ... ။ ဒါပေမဲ့ စည်းကမ်းတွေကို မချိုးဖောက်သရွေ့ ဂိုဏ်းရဲ့အကျိုးစီးပွားကို မထိခိုက်သရွေ့ သူ့ကို ဆုပေးရမှာပဲ ။ ဒါပေမယ့် သူကတော့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံရလိမ့်မယ်... "

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါက ကျွန်တော့်ကြောင့်ပဲ…"

မုန့်ချီက သူ၏နာမည်ကို ပြောင်းလဲထားခဲ့သည်။ ယခု သူက စာသင်သားတစ်ယောက်အဖြစ် ယဲ့တူကို သွားလာခဲ့ခြင်း ဖြစ်၏။

"ကိစ္စမရှိပါဘူး..။ ဒါက ငါ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ ။ ငါတို့က သေမင်းတမန်တာဝန်ကို အဓိကအလေးထားသင့်တယ်... "

ချီကျန်းရန်ကတော့ နောင်တမရသလို ဒေါသလည်း မထွက်ချေ။

"အခု ငါက မင်းနဲ့ပုံမှန်လေ့ကျင့်လို့ရပြီ။ ကောင်းပါတယ်.။ ဒါပေမယ့် နောက်ယောင်ခံမှာကိုတော့ သတိထား... "

မုန့်ချီကလည်း ထိုမျှနောင်တမရနေဘဲ သူ့ကို သတိပေးလိုက်သည်။

"လောကကြီးက တော်တော်အံ့သြစရာကောင်းတာပဲ ။ ငါက ယဲ့တူမှာ အစ်ကိုချီနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ရတော့မယ်... "

နောက်ပိုင်း (၆)လတွင် မုန့်ချီက တစ်ယောက်တည်းနေခဲ့ပြီး လေ့ကျင့်မှုကိုသာ အာရုံစိုက်ခဲ့သည်။ မကြာခဏဆိုသလို ချီကျန်းရန်နဲ့ လေ့ကျင့်ပြီး သူသင်ယူထားခဲ့သော သိုင်းပညာများကို လေ့လာခဲ့၏။

သူ၏ရွှေခေါင်းလောင်းအကာအကွယ် အဆင့် (၆)ကလည်း ပြည့်စုံလုနီးပါးဖြစ်နေပြီး ပါးစပ်တံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များကို စတင်စုစည်းနေသည်။ ထို့ပြင် သူက အသွင်ပြောင်း (၇၂) ကျင့်စဉ်၏ မျက်လုံးတံခါးများကို စတင်စုစည်းနေသည့်အတွက် အမြင်အာရုံ ပိုကောင်းလာသည်။ သူက ယခင်အမြင်အာရုံထက် (၂) ဆခန့်ပို၍ အစွမ်းထက်လာခဲ့၏။

သူက တူကူးဓား (၉) ကွက်ကိုလည်း ခရမ်းမိုးကြိုးစွမ်းအားများနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကိုလည်း ကျွမ်းကျင်ခဲ့၏။ အကယ်၍ သူသာ မိုးကြိုးစွမ်းအား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်သွားမည်ဆိုလျှင် ဝေ့ကျင်းအဆင့် သိုင်းကွက်ကို အသုံးပြုနိုင်ပါလိမ့်မည်။

မုန့်ချီက ထိုမျှစိုးရိမ်နေခြင်း မရှိချေ။ ထန်ရမ်ကဲ့သို့ လူများကတော့ အခြေခံ ဓားမောက်ပညာကို နားလည်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရပြီး ခရမ်းမိုးကြိုးစွမ်းအားများကို နားလည်ရန်အတွက် အတော်လေး အချိန်ပေးရနိုင်သည်။

သို့သော် မုန့်ချီကတော့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်၏ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ် လွှဲပြောင်းမှုရှိနေပြီး နေ့ရောညပါ ကြိုးစားအားထုတ်မှုကြောင့် ထိုအရာကိုလည်း နားလည်လာခဲ့သည်။

ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်ဓားကွက်တွင် လိုအပ်ချက် အနည်းငယ် ရှိနေသေးသော်လည်း သူတို့က မိုးကြိုးနတ်ဘုရား၏ စွမ်းအားများနှင့် တူညီနေသည်။ သူတို့က အချင်းချင်း ဖြည့်စွက်၍ အသုံးပြုနိုင်ကြ၏။ အလွန်အရေးကြီးနေသော သေမင်းတမန်တာဝန်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ထိုအရာများကို စဉ်းစားနေရန် အချိန်များများ မရှိချေ။

တစ်ခုတည်းသော အတားအဆီးကတော့ မုန့်ချီ၏ကောင်းကင်ဓားကျင့်စဉ် တိုးတက်မှု ဖြစ်သည်။ ဓားမောက်တာအိုအနှစ်သာရ (၄) ခုကလွဲလျှင် သူက လှုပ်ရှားခြင်းတိမ်တိုက်ဓား၏ အရှိန်အဝါကိုသာ နားလည်ခဲ့သည်။ ထိုအရာက အသုံးပြုသူ၏ စွမ်းအားကို အခြေခံပြီး တိမ်တိုက်များ ၊ မိုးများအဖြစ် ပြောင်းလဲနိုင်၏။

ထိုအရာက အခြေခံဓားမောက်ပညာနှင့် ပတ်သက်ပြီး သူ၏ဗဟုသုတ နည်းပါးမှုကြောင့် ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် သူက နားလည်မှုအသစ်များရရန် ခက်ခဲနေသည်။ သူက ဓားမောက်သိုင်းပညာများစွာကို လေ့လာပြီးမှသာ ကောင်းကင်ဓားကျင့်စဉ်ကို ပြည့်ပြည့်ဝဝ နားလည်နိုင်ပါလိမ့်မည်။

"ဒါကြောင့်လည်း ကျိကျန်းဓားစံအိမ်က သူတို့ရဲ့ဓားဆန္ဒကို လေ့ကျင့်ဖို့အတွက် မတူညီတဲ့ဓားသိုင်းတွေကို လေ့လာခိုင်းခဲ့တာပဲ…"

ဂိုဏ်းကြီးများက နာမည်နှင့် လိုက်ဖက်သည်ဟု မုန့်ချီက ခံစားမိခဲ့သည်။

ထို့ကြောင့် သူက ရံဖန်ရံခါမှသာ လေ့ကျင့်ခဲ့သော ရေခဲလေလှိုင်းဓားပညာကို စတင်လေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ ထိုဓားပညာကို လေ့ကျင့်ပြီး သူ၏အနှစ်သာရများကို သင်ယူရန် စဉ်းစားထားခဲ့၏။

"ဟူး...။ ကောင်းကင်ဓားကျင့်စဉ်ရဲ့အထက်မှာတော့ ကောင်းကင်တောင်းဆိုခြင်း ဓား(၉)ကွက် ရှိသေးတယ်... ။ ငါက အဲဒါကို မလဲနိုင်ပေမယ့် လေ့လာဖို့အတွက် တောင်းဆိုခြင်းကောင်းကင်စာအုပ်ကိုတော့ ဝယ်ရလိမ့်မယ်... "

မုန့်ချီက တံခါးကိုဖွင့်ပြီး ဆိုင်သို့ ဦးတည်သွားခဲ့သည်။ ကမ္ဘာကြီးက အလွန်ထူးဆန်း၏။ မုန့်ချီက ယခင်ကမ္ဘာကြီးထဲတွင် ကဗျာပေါင်းများစွာ ဖတ်ခဲ့ဖူးသည်။ ထို့ပြင် မူလကဗျာဆရာများ၏ ထူးခြားသော အချက်အလက်များကိုပင် သတိထားမိခဲ့၏။

သို့သော် အချိန်ကာလ ကြာမြင့်သွားသည့်အချိန်တွင် မူလကဗျာဆရာက မည်သူဖြစ်ကြောင်း သေချာမပြောနိုင်ကြတော့ပေ။ ထိုနေရာတွင် အလွန်နာမည်ကျော်ကြားသော ကဗျာဆရာများ ၊ ကဗျာများ ရှိသည်။

ယခုအချိန်က နှစ်သစ်ကူးချိန် နီးနေပြီဖြစ်သည့်အတွက် အနည်းငယ် အေးနေခဲ့သည်။ သို့သော် နှစ်သစ်ကူးရန်အတွက် ဈေးဝယ်နေသော လူများက လမ်းပေါ်တွင် ပြည့်နေကြ၏။

မုန့်ချီက လက်နောက်ပစ်ပြီး စာအုပ်ဆိုင်သို့ အေးအေးဆေးဆေး လျှောက်လာခဲ့သည်။ သူက အဆောက်အဦးကို ကြည့်နေမိ၏။

"ငါက ဘာစားသင့်လဲ... ။ ချမ်းသာခြင်းလမ်းကြားထဲမှာရှိတဲ့ ဆိတ်စွတ်ပြုတ်လား... ။ ဒါမှမဟုတ် မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ မြေပဲစေ့လား... "

မုန့်ချီက နေလည်စာစားရန် စဉ်းစားနေခဲ့သည်။ ယဲ့တူတွင် အလွန်အရသာရှိသော စားစရာများစွာရှိပြီး အကုန်လုံးက မုန့်ချီ၏အကြိုက်နှင့် လိုက်ဖက်နေသည်။ သူက ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးသည့်အချိန်တိုင်း လမ်းတလျှောက်တွင် စားစရာများ လိုက်လံရှာဖွေတတ်သည်။ သူကတော့ စားစရာအသစ်တစ်ခုကိုတွေ့လျှင် အတော်လေး ကျေနပ်နေတတ်၏။

ချီကျန်းရန်ကတော့ စားစရာအတွက် စွမ်းအားနှင့် အချိန်အကုန်မခံသည်မှာ နှမြောစရာကောင်းသည်။ ထို့ကြောင့် မုန့်ချီက အမြဲလိုလို တစ်ယောက်တည်းသာ ထွက်လာရ၏။

မုန့်ချီက အပြင်သို့ တစ်ယောက်တည်း ထွက်လာရသည့်အချိန်တိုင်း ရွမ်ယုရှုကို စဉ်းစားမိခဲ့သည်။ အကယ်၍ ရွမ်ယုရှုသာ ဤနေရာ၌ ရှိနေလျှင် သေချာပေါက် သူ့နောက်ကို လိုက်လာမည် ဖြစ်၏။

တောင်းဆိုခြင်းကောင်းကင်စာအုပ်ကို ဝယ်လိုက်ပြီးနောက် မုန့်ချီက မြေပဲများကို ဝယ်လိုက်သည်။ ဆိုင်ရှေ့သို့ ရောက်သည့်အချိန်တွင် နှုတ်ဆက်သံကို ကြားလိုက်ရသည်။

"ဆရာလေးစု မင်္ဂလာပါ... ။ ဆရာလေးစုနဲ့ နောက်တစ်ကြိမ်တွေ့ရပြန်ပြီ…"

ဆိုင်ထဲတွင် ကျောက်စိမ်းတောင်ထိပ်သိုင်းသင်တန်းကျောင်းမှ တပည့်များစွာ ရှိနေသည်။ သူတို့ကတော့ မျက်နှာချင်းဆိုင် ခြံဝန်းထဲတွင် နေထိုင်ကြပြီး မုန့်ချီနှင့် စားသောက်ဆိုင်တွင် မကြာခဏ တွေ့တတ်ကြသည်။

မုန့်ချီက စာသင်သားတစ်ယောက်ဖြစ်ကြောင်း မြင်တွေ့ရသည့်အတွက် သူတို့က မကြာခဏဆိုသလို စကားလုံးများ၏ အဓိပ္ပါယ်ကို မေးတတ်ကြသည်။ ထို့ကြောင့်လည်း သူ့ကို ဆရာလေးဟုခေါ်ကြခြင်း ဖြစ်သည်။

မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

"နှစ်သစ်ကူးပွဲရောက်တော့မယ်လေ..။ မင်းတို့က ဒီမှာပဲ ရှိနေသေးတာလား... "

မျက်လုံးပြူးကြီးများနှင့် မိန်းကလေးငယ်လေးတစ်ယောက်က ဝမ်းနည်းစွာ ပြောလိုက်သည်။

"ကျွန်မတို့က လေ့ကျင့်တာကို တစ်ရက်မှ မနားရဘူးလို့ ဆရာက ပြောတယ်..။ ပြီးတော့ နှစ်သစ်ကူးပွဲပြီးသွားရင် သိုင်းသင်တန်းကျောင်း ပြိုင်ပွဲရှိတယ်... ။ ကျွန်မတို့က အဲဒီပြိုင်ပွဲမှာ အစွမ်းပြသနိုင်မယ်ဆိုရင် ဂိုဏ်းကြီးတွေနဲ့ အထက်တန်းလွှာ မိသားစုတွေက ရွေးချယ်လိမ့်မယ်... "

"တျန်းဟယ်…

မင်းက အခုမှသိုင်းပညာသင်တာ တစ်နှစ်ပဲ ရှိသေးတယ်လေ... ။ ဒီလောက်ထိ အလျင်မလိုပါနဲ့ဦး.. "

မုန့်ချီက ကလေးများ၏အတွေးကို နားလည်နေသည်။ သူတို့က မိသားစု၏ ဝန်ထုတ်ဝန်ပိုးကို ဖြေလျှော့ပေးချင်နေကြခြင်း ဖြစ်၏။

ချူတျန်းဟယ်က အပြုံးနှင့် ပြောလိုက်သည်။

"ဆရာလေးစု …

ကျွန်မက ဒီအတိုင်းပဲ ပြောလိုက်တာပါ... ။ အခုတော့ သင်တန်းကျောင်းမှာ လူတိုင်းက ကျွန်မကို အနိုင်ရနိုင်တယ်... "

သူတို့ကို နှုတ်ဆက်လိုက်ပြီးနောက် ယဲ့တူတွင် စုမုန့်ဟူသော နာမည်ကို အသုံးပြုနေသည့် မုန့်ချီက မြေပဲတစ်အိတ်နှင့်အတူ ခြံဝန်းထဲသို့ ပြန်သွားခဲ့သည်။

သူက ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်းကို ဖြတ်ကျော်သွားသည့် အချိန်တွင် ကလေးတစ်ယောက်၏ငိုသံကို ကြားလိုက်ရသည်။ သူက မော့ကြည့်လိုက်ရာ သူနှင့် အလွန်ရင်းနှီးနေသော ဟယ်မူဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူက မေးလိုက်၏။

"မင်းက ဘာလို့ငိုနေရတာလဲ... "

ဟယ်မူက အသက် (၁၄) နှစ်ရှိနေပြီး သိုင်းပညာသင်နေသည်မှာ (၄) နှစ် ရှိနေသည်။ သူက အခြေခံချီစုဆောင်းရေးအဆင့်ကို နားလည်နေပြီး ဓားပညာကို သင်ကြားရန် စိတ်ဝင်စားသည်။ သူက ဓားသိုင်းကျမ်းထဲတွင် သူနားမလည်သော စကားလုံးအသစ်များကို မုန့်ချီဆီသို့ မကြာခဏ လာမေးတတ်၏။

ဟယ်မူက မျက်ရည်များကိုသုတ်ပြီး သန်မာချင်ယောင်ဆောင်လိုက်သည်။

"ကျွန်တော်မငိုပါဘူး... "

"မင်းက ပြိုင်ပွဲမှာ ရှုံးလာလို့လား... "

မုန့်ချီက သူ့လက်ခုံပေါ်တွင် ရှိနေသော သစ်သားဓားကြောင့် ရလာသည့် အမာရွတ်ကို ကြည့်လိုက်သည်။

ဟယ်မူက ညာလက်ကို နောက်တွင်ဖုံးကွယ်ပြီး ပြောလိုက်၏။

"ကျွန်တော်က အာရုံလွတ်သွားလို့ပါ... ။ ဆရာလေးက နားလည်မှာ မဟုတ်ပါဘူး... "

"မင်းကိုဘယ်သူက ပြောလို့လဲ.။ ငါက သိုင်းပညာအဖွဲ့အစည်းမှာ ပညာရှင်တစ်ယောက်ပဲလေ.."

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

ဟယ်မူက သူ၏ဝမ်းနည်းမှုများကို ဖွင့်ထုတ်ရန် လူတစ်ယောက် ရှာချင်နေခဲ့သည်။ မုန့်ချီ၏စကားကို ကြားသည့်အခါ သူက အလေးအနက်မထားဘဲ ဝမ်းနည်းစွာ ပြောလိုက်၏။

"သိုင်းသင်တန်းကျောင်းပြိုင်ပွဲက ရောက်လာတော့မယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အစ်ကိုကြီး (၅) ရဲ့လက်ထဲမှာ (၇) ကြိမ်တောင် ရှုံးသွားပြီ ။ ကျွန်တော်တို့ရဲ့အစွမ်းက သိပ်မကွာဘူး..။ ဒါဆိုရင် ဘာလို့ ကျွန်တော်က ရှုံးရတာလဲ..။ ဆရာကြီးဟယ်ကလည်း ကျွန်တော့်ကို စိတ်ပျက်နေပြီလို့ထင်တယ်... "

မုန့်ချီက ညာလက်ထဲတွင် ကိုင်ထားသော တောင်းဆိုခြင်းကောင်းကင်စာအုပ်ကို ဘယ်လက်ထဲသို့ထည့်၍ စိတ်ဝင်တစား မေးလိုက်သည်။

"မင်းက ဘယ်လိုရှုံးခဲ့တာလဲ... ။ ငါ့ကိုပြ... "

Translated by Hein Htet.

All Chapters