အခန်း (၂၁၉)
Vol. 15 Ch. 219
ဟယ်မူက မပျော်မရွှင် အမူအရာနှင့် မုန့်ချီကို ကြည့်ပြီး ပြောလိုက်သည်။
"ဆရာလေးစု…
ကျွန်တော်က ဆိုးဆိုးရွားရွား ခံစားခဲ့ရတာ မလုံလောက်သေးဘူးလား…။ ပြီးတော့ ဆရာလေးက အဲဒါကို သိမယ်ဆိုရင်တောင် ဘာများ နားလည်မှာလဲ…"
သူက စကားပြောနေစဉ် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး မြေပေါ်တွင် ကျနေသည့် သစ်သားဓားကို ကောက်ယူလိုက်သည်။ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏အစ်ကို (၅) ကို ဘာကြောင့် ရှုံးနိမ့်ခဲ့ရကြောင်း နားမလည်နိုင်သည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်နေမိ၏။ သူကတော့ ထိုအရှုံးကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
"ပထမဆုံး ငါက ပင်လယ်ထဲ ရွက်လွှင့် သိုင်းကွက်ကို သုံးခဲ့တယ်။ အစ်ကို (၅)ကတော့ ပင်လယ်ထဲ ကျောက်ချသိုင်းကွက်နဲ့ ခုခံခဲ့တယ်။ ငါက ပင်လယ်ပြာနဲ့ စိမ်းပြာကောင်းကင်သိုင်းကွက်ကို သုံးလိုက်တဲ့ အချိန်မှာ သူက ပင်လယ်ပေါ်က လ သိုင်းကွက်နဲ့ ငါ့ရဲ့လက်ခုံကို ပြန်ပြီး တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့သိုင်းကွက်တွေက လုံးဝပြောင်းလဲမသွားဘူး။ တဖြည်းဖြည်း ပိုမြန်လာတာပဲရှိတယ်…"
ဟယ်မူက ဓားကို ကိုင်ထားရင်း ယနေ့ယှဉ်ပြိုင်မှုကို တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
သို့သော် သူက မုန့်ချီ၏အကြံပေးမှုကို တန်ဖိုးမထားခဲ့ဘဲ သူ၏ ရှုံးနိမ့်မှုကိုသာ တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။ သူက တိုက်ပွဲကို နောက်တစ်ကြိမ် ပြန်၍ စဉ်းစားချင်နေပြီး သူ့ဆီတွင် အမှားရှာ၍ ပြင်ဆင်ချင်နေခဲ့သည်။
သူက မနက်ဖြန်တိုက်ပွဲတွင် အနိုင်ရချင်နေ၏။ မဟုတ်လျှင် သင်တန်းဆရာက သူ့ကို စိတ်ပျက်သွားရပါလိမ့်မည်။ မုန့်ချီက တောင်းဆိုခြင်း ကောင်းကင်စာအုပ်နှင့် လက်ဖဝါးအလယ်ကို ညင်သာစွာ ရိုက်လိုက်သည်။
ဟယ်မူ လေ့ကျင့်လိုက်ပြီးနောက် သူက အပြုံးနှင့် ပြောလိုက်၏။
"သိုင်းသင်တန်းကျောင်း ပြိုင်ပွဲကို ငါလည်း ကြားထားတယ်။ ဒါကြောင့် မင်းရဲ့အစ်ကို(၅)က သူ့ကို သင်ပေးဖို့ ဆရာတစ်ယောက် ရှာထားတာနေမှာပေါ့။ မင်းက သူ့ကို သာမန်အတွေးတွေနဲ့ သုံးသပ်လို့ မရဘူး…"
"ဟုတ်ပါတယ်…"
ဟယ်မူက ရုတ်တရက် နားလည်သွားပြီး ပြောလိုက်သည်။
"အစ်ကို (၅)ရဲ့ အဖေက တော်တော်လေး ချမ်းသာတဲ့ ကုန်သည်တစ်ယောက်လေ။ ဒါကြောင့် သူ့ကို သင်ပေးဖို့ ဆရာတစ်ယောက် ရှာလို့ရတယ်…"
စကားပြောနေစဉ် သူက ခေါင်းငုံ့ပြီး အတော်လေး မကျေမနပ်ဖြစ်နေသည်။ သူ့မိဘများကတော့ နေ့ရော ညပါ အလုပ်ကြိုးစားနေရပြီး သိုင်းသင်တန်းကျောင်းထားရန် ကုန်ကျငွေကိုသာ တတ်နိုင်သည်။ ငွေပို မရှိသည့်အတွက် ပညာရှင်တစ်ယောက်ကို မည်သို့ရှာဖွေနိုင်မည်နည်း။
အကယ်၍ သင်တန်းဆရာ၏ တောင်းဆိုမှုကသာ အလွန်မြင့်မားနေမည်ဆိုလျှင် သိုင်းသင်ရန် အခွင့်အရေးပင် မရနိုင်ပေ။ ထို့ကြောင့် သူက သင်တန်းဆရာဟယ်ကိုလည်း အလွန်ကျေးဇူးတင်နေခဲ့သည်။
သူက သင်တန်းဆရာကို စိတ်မပျက်စေချင်ခဲ့ပေ။ သူက တခြားလူများထက် ပိုသာချင်နေခဲ့ပြီး သူ့မိဘများ၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချချင်ခဲ့သည်။ ပြိုင်ပွဲက အခွင့်အရေးတစ်ခုဖြစ်၏။ သို့သော် သူကတော့ မတွေ့ခဲ့ရပေ။
မုန့်ချီက စနောက်သလို အပြုံးနှင့်ပြောလိုက်၏။
"မင်းက ငါ့ကို တောင်းဆိုလို့ ရတယ်လေ။ ငါက ဆရာတစ်ယောက်ပဲ။ ငါက အစစ်အမှန် ပညာရှင်တစ်ယောက်လေ…"
လက်ကျယ်အင်္ကျီဝတ်ထားပြီး အလွန်သိမ်မွေ့ညင်သာသော မုန့်ချီကို ဟယ်မူက သေချာကြည့်လိုက်၏။ ထို့နောက် အားတင်း၍ ပြောလိုက်သည်။
"ဆရာလေးစု… ကျွန်တော့်ကို လာမနောက်ပါနဲ့…"
ဆရာလေးစုက တစ်ခါတစ်ရံမှသာ အပြင်သို့ထွက်ပြီး သူ၏လေ့လာမှုကိုသာ အလေးထားသော အစစ်အမှန် စာသင်သား တစ်ယောက်ဟုသာ ဟယ်မူက သတ်မှတ်ထားခဲ့သည်။ သူ့ပုံစံက အနည်းငယ် အားနေပုံရသော်လည်း ဆရာလေးစုက အတော်လေး အလုပ်ကြိုးစားသည်။ ထို့ပြင် သူက ဟယ်မူ၏ မေးခွန်းများကိုလည်း အပြုံးနှင့် ပြန်ဖြေတတ်၏။
ဆရာလေးစုက ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စွာ နေတတ်သည်။ သူက အစားကောင်း အသောက်ကောင်းများကို သဘောကျပြီး လမ်းကြားလေးထဲတွင် မကြာခဏ လမ်းလျှောက်တတ်သည်။ ထို့ကြောင့် သူ၏ပုံစံကို ဟယ်မူက သတိထားမိခဲ့သည်။
သို့သော် ယခုတစ်ကြိမ် သူ့အခက်အခဲက အသိပညာ ဗဟုသုတနှင့် မဆိုင်သေိုင်းပညာဖြစ်၏။ ဆရာလေးစုက အလွန်ငယ်ရွယ်သေးပြီး အတွေးအခေါ်ဂိုဏ်း၏ အခြေခံစွမ်းရည် (၆)ခုကိုသာ သင်ကြားထားပုံရသည်။
"အရင်ဆုံး မင်းက ပင်လယ်ထဲရွက်လွှင့် သိုင်းကွက်ကို စမ်းသပ်ကြည့်သင့်တယ်။ ပြီးရင်တော့ ပင်လယ်ပေါ်က လသိုင်းကွက်ကို သုံးသင့်တယ်…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။
ဟယ်မူက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
"ဆရာလေးစု …
ကျွန်တော်က ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်မှာလဲ…"
သူက သိုင်းပညာအကြောင်း လုံးဝမသိသော စာရူးပေရူး တစ်ယောက်ဖြစ်သည်။ ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်က ရှေ့တွင် ဟန်ရေးပြသော သိုင်းကွက်တစ်ခုဖြစ်ပြီး သင်္ဘောပေါ်တွင် ရှိနေသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်သည်။ သို့သော် ပင်လယ်ပေါ်က လ ဟူသော သိုင်းကွက်ကတော့ အထက်မှနေ၍ အောက်သို့ ထိုးဖောက်တိုက်ခိုက်လိုက်ရသော သိုင်းကွက်တစ်ခုဖြစ်၏။ ထိုအရာနှစ်ခုကို မည်သို့ဆက်သွယ်ရမည်နည်း။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မင်းက ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို သုံးပြီး ဓားက ရေပြင်ညီဖြစ်သွားတဲ့အချိန်မှာ သင်္ဘောရဲ့ပုံရိပ်က တဖြည်းဖြည်းပိုကြီးလာပြီး ကောင်ကင်ကြီးနဲ့ နေလုံးကြီးကိုတောင် တားဆီးနိုင်လိမ့်မယ်။ ဒါကြောင့် လရောင်က ပုံရိပ်ကို ထိုးဖောက်ပြီး ပင်လယ်ထဲကို ကျသွားနိုင်တယ်လေ…"
မုန့်ချီက ထိုသိုင်းကွက်နှစ်ခုကို စကားနှင့် ဆက်သွယ်ပြလိုက်သည်။
"ကြီးမားပြီး မြင့်မားတယ်။ ကောင်းကင်နဲ့ နေလုံးကြီးကို တားဆီးထားတယ်။ လရောင်က ပုံရိပ်ကို ထိုးဖောက်တယ်…"
ဟယ်မူက အတန်းပညာများများ မတတ်သော်လည်း ထိုစကားလုံးများကို နားလည်ရန် မခက်ချေ။ မုန့်ချီ၏ စကားများက အလွန်ရှင်းလင်းနေသည်။ ထို့ကြောင့် သူက အဓိက အချက်ကို နားလည်သွားခဲ့၏။
သူက သစ်သားဓားကို ကိုင်ပြီး စမ်းသပ်ကြည့်လိုက်သည်။ သင်္ဘောအရိပ်က တဖြည်းဖြည်းပို၍ ကြီးမားလာပြီး ကောင်းကင်ကြီးကို တားဆီးလိုက်သည်။ ထို့နောက် လမင်းကြီး ပေါ်လာပြီး အေးစက်သော လရောင်က မြေပေါ်တွင် ထွန်းလင်းတောက်ပနေခဲ့၏။
"ဒါ… ဒါ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ပြောင်းလဲနိုင်ရတာလဲ။ ဆရာကြီးဟယ်က ကျွန်တော့်ကို အပြစ်တင်လိမ့်မယ်.."
သင်တန်းဆရာက သူ့တပည့်များကို အမှားအယွင်း မရှိဘဲ ပုံမှန်နည်းစနစ်အတိုင်းသာ လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် ဟယ်မူက အနည်းငယ် ကြောက်လန့်နေခဲ့သည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဇာတ်လမ်းတစ်ပုဒ်အရ ပြောရမယ်ဆိုရင် ဒါက လုံးဝကို ဖြစ်နိုင်ချေရှိတယ်လေ…"
"ဇာတ်… ဇာတ်လမ်း… ဟုတ်လား…"
ဟယ်မူက မုန့်ချီကို ကြည့်ပြီး မှင်တက်နေခဲ့၏။ ဓားပညာနှင့် ဇာတ်လမ်း၏ ကြားထဲတွင် မည်သည့်ပတ်သက်မှု ရှိနေသနည်း။
အနားတွင် မည်သူမျှ မရှိကြောင်း တွေ့လိုက်ရသည့်အခါ သူက ဉာဏ်နီဉာဏ်နက်များစွာ ပြုံးလိုက်သည်။
"ဓားပညာနဲ့ ဇာတ်လမ်းတွေဆိုတာက အတူတူပဲလို့ ငါကတော့ ယုံတယ်။ မင်း ကြည့်လိုက်လေ။ ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်က ပင်လယ်ထဲမှာ အရိပ်တွေ အများကြီး ရွက်လွှင့်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာ။ တကယ်လို့ အရိပ်တွေကသာ လုံလုံလောက်လောက် ကြီးလာပြီဆိုရင် ကောင်းကင်ဘုံနဲ့ လမင်းကြီးဆီကိုတောင် ရောက်သွားနိုင်တယ်။ ဒါပေမဲ့ မင်းက ဒီဇာတ်လမ်းရဲ့ မူလကျောရိုးအတိုင်း လိုက်နေစရာမှ မလိုတာ။ ဒါက မတူတော့ဘူးလေ… "
ဟယ်မူက ထိုကဲ့သို့ အယူအဆမျိုးကို လုံးဝမကြားဖူးချေ။ ထို့ကြောင့် ထိုအတွေးကို လက်ခံရန် ခက်ခဲနေသည်။
မုန့်ချီက လက်နောက်ပစ်ထားပြီး အပြုံးနှင့် ပြောလိုက်၏။
"အခြေအနေ အများစုမှာ ဓားသိုင်းယှဉ်ပြိုင်တာက ဇာတ်လမ်းတစ်ပုဒ်ပြောပြတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…။ သူ့မှာလည်း အစ ၊ အလယ် ၊ ပြောင်းလဲမှု ၊ ထောင်ချောက် ၊ အထွဋ်အထိပ်နဲ့ အဆုံးသတ်ဆိုပြီး ရှိတာပဲ။ ဓားသိုင်းပညာကို သုံးပြီး ဇာတ်လမ်းပြောပြတဲ့သူ နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးကတော့ ရောက်လာမဲ့ ဇာတ်လမ်းကို ရန်သူမသိအောင်ကြိုးစားကြတာ။ ဘာလို့လဲဆိုတော့ အဲဒီဇာတ်လမ်းက ဆွဲဆောင်မှု မရှိတဲ့ ဇာတ်လမ်းမျိုးဖြစ်နေလို့ပဲ။ ဓားသိုင်းပညာ ပြိုင်ပွဲမျိုးမှာ အဲဒါက ရှုံးနိမ့်သွားနိုင်တယ်…”
“တခြားတစ်မျိုးကတော့ ရန်သူကို သူပြောနေတဲ့ ဇာတ်လမ်းအတိုင်း စီးမျောလာအောင် ပြောပြလိုက်တာပဲ။ ပြီးရင်တော့ ဇာတ်လမ်းရဲ့ အဓိကနေရာတွေမှာ ပြောင်းလဲပြီး လူတိုင်းကို အရူးလုပ်လိုက်တာ။ ပြီးရင် ဇာတ်လမ်းကို အမြင့်ဆုံးနဲ့ အဆုံးသတ်လိုက်တာ။ ဒါက လှည့်ကွက်တစ်ခု ၊ ထောင်ချောက်တစ်ခုပဲ။ အဲဒါက အဓိကအချက်လို့လည်းပြောလို့ရတယ်…”
“ဇာတ်လမ်းတစ်ပုဒ်ကို ပြောတဲ့နေရာနဲ့ ဓားတစ်လက်ကို သုံးတဲ့နေရာမှာ သုံးရတဲ့ နည်းလမ်းတွေက အရေးအကြီးဆုံးပဲ။ ပြီးတော့ ပြိုင်ဘက်တွေကို ထောင်ချောက်မဆင်နိုင်တဲ့သူတွေကတော့ နောက်လာမယ့် ဇာတ်ကွက်တွေမှာ ပြိုင်ဘက်က သူတို့ရဲ့ ဓားသိုင်းနောက်ကို လိုက်ပြီး ချေဖျက်လို့မရအောင် ကြိုးစားသူတွေလည်း ရှိတယ်။ ဒါကတော့ ဓားပညာရဲ့ ပြောင်းလဲမှုလို့ခေါ်တယ်..”
လုံးဝကို အံ့ဩနေသော ဟယ်မူကိုကြည့်ပြီး မုန့်ချီက ရယ်လိုက်သည်။
"ဒါကြောင့် ဇာတ်လမ်းတစ်ပုဒ်ပြောပြတာက ဓားသိုင်းပညာမှာလည်း အတူတူပဲ…"
"ဆရာလေးစု ကျွန်တော့်ကို အထင်အမြင်သက်သက်နဲ့ ပြောတာ မကောင်းဘူးနော်.."
ဟယ်မူကတော့ လက်မခံနိုင်သေးပေ။ သူက ပြန်၍ ငြင်းခုန်နေသေး၏။
မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
"မင်းက ကြိုးစားကြည့်ရင် မသိနိုင်ဘူးလား။ မနက်ဖြန်ကျရင် မင်းရဲ့အစ်ကို (၅)ကို ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကနေ ပင်လယ်ပေါ်က လ သိုင်းကွက်အတိုင်း တိုက်ခိုက်ပြီး ဇာတ်လမ်းတစ်ပုဒ် ပြောကြည့်လိုက်။ အဲဒါက ပုံမှန်ကနေ ကွဲထွက်နေတဲ့ ဇာတ်လမ်းဆိုတော့ ရင်ဆိုင်ဖို့ရမှာ မဟုတ်ဘူး…"
ထိုစကားကို ပြောလိုက်ပြီးနောက် သူက ဟယ်မူကို ချန်ထားခဲ့ပြီး သူ၏ ခြံဝန်းထဲသို့ ဖြည်းညင်းစွာ ဝင်သွားခဲ့သည်။
ဟယ်မူကတော့ မှင်တက်နေပြီး မလှုပ်မယှက် ရပ်နေခဲ့၏။ အချိန်တော်တော်ကြာပြီး နောက်ဆုံးတွင်တော့ သူက သစ်သားဓားကို ဝှေ့ယမ်းလိုက်၏။ သူက အရိပ်ထောင်ပေါင်းများစွာကို ကြိုးစားပြီး ဇာတ်လမ်းတစ်ပုဒ်ကို စီစဉ်နေခဲ့သည်။ ဆရာလေးစု၏ ဓားသိုင်းနှင့် ဇာတ်လမ်းက ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူကတော့ နှစ်ပေါင်းများစွာ ကြိုးစားမှုများကြောင့် ပြောင်းလဲမှုများကို ပြင်ဆင်နိုင်သည်။
နောက်တစ်နေ့တွင်…
လေ့ကျင့်လိုက်ပြီးနောက် ဟယ်မူက လျှောက်လာခဲ့၏။ သူက အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်၏ ရှေ့တွင် လက်သီးဆုပ်၍ ပြောလိုက်သည်။
"အစ်ကိုကြီး …
ဒီနေ့လည်း ကျွန်တော့်ကို သင်ကြားပေးပါဦး…."
သူ၏ဂိုဏ်းတူအစ်ကိုကြီးနှင့် ဂိုဏ်းတူညီမများက စိတ်ထဲတွင် ရယ်နေကြသည်။
"ဒီကောင်လေးဟယ်က တော်တော်ခေါင်းမာတာပဲ။ သူက အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ထားခဲ့တာကိုတောင် ဂိုဏ်းတူအစ်ကိုကြီးကို နောက်ထပ် စိန်ခေါ်ရဲသေးတယ်…"
သင်တန်းဆရာဟယ်ယဲ့ကလည်း သိမ်မွေ့စွာ ခေါင်းညိတ်လိုက်မိပြီး သူ၏ သတ္တိကို ချီးကျူးလိုက်သည်။ သို့သော် ဟယ်မူက သူ့အစွမ်းသူ နားလည်ရန် လိုအပ်သည်ဟု သူက သတိပေးချင်နေခဲ့သည်။ သို့မှသာ နောက်ပိုင်းတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရခြင်းမှ ရှောင်တိမ်းနိုင်ပါလိမ့်မည်။
ဂိုဏ်းတူအစ်ကို (၅)က အပြုံးနှင့် သစ်သားဓားကို မြှောက်လိုက်၏။
"ဟယ်မူ…
တကယ်လို့ မင်းက ဒီတစ်ကြိမ် ထပ်ရှုံးမယ်ဆိုရငိ နောက်ထပ် ငါ့ကို လာမရှာနဲ့တော့။ ငါကလည်း တခြားဂိုဏ်းတူအစ်ကိုတွေဆီကနေ သင်ရဦးမယ်…"
ဟယ်မူက ခေါင်းညိတ်ပြလိုက်သည်။ ဂိုဏ်းတူအစ်ကို (၅)ကို ဦးညွတ်လိုက်ပြီးနောက် သူက ဓားကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းလိုက်ပြီး ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို ပြင်ဆင်လိုက်သည်။
ဂိုဏ်းတူအစ်ကို (၅)က စဉ်းစားမနေဘဲ ပင်လယ်ထဲကျောက်ချ သိုင်းကွက်ကို သုံးလိုက်၏။ သူက ဟယ်မူကို ရွက်လွှင့်ရာမှ တားဆီးရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သင်္ဘောလေးက တဖြည်းဖြည်းပို၍ သေးငယ်လာပြီး ပင်လယ်ထဲတွင် ပျောက်ကွယ်သွားပြီးနောက် ဟယ်မူ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာမည်ဖြစ်၏။
ထိုအချိန်တွင် ဟယ်မူ၏ သင်္ဘောက ရုတ်တရက် ကြီးမားလာပြီး ကောင်းကင်ကြီးကို တိတ်တဆိတ် တားဆီးလိုက်သည်။ သူတို့က ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည့် အချိန်တွင် သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ လရောင်က သင်္ဘောကို ထိုးဖောက်သွားခဲ့၏။ သူ၏တိုက်ခိုက်မှုက အစ်ကို (၅)၏ ပုခုံးကို တိုက်ခိုက်မိလိုက်ပြီး သူ့ဗိုက်ကို ထိုးလိုက်မိသည်။
"ဖောက်… ဗုန်း… "
တိုက်ခိုက်မှုကြောင့် ဂိုဏ်းတူအစ်ကို (၅)၏ လက်ထဲတွင် ကိုင်ထားသော သစ်သားဓားက အဝေးသို့ လွင့်လာပြီး ဟယ်မူ၏ ရှေ့တွင် ကျလာခဲ့သည်။
"မင်း… မင်းက ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို ဘယ်လိုဖြစ်ပြီး ဒီလို သုံးနိုင်ရတာလဲ…"
သူက ဟယ်မူကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်သည်။
ဂိုဏ်းတူအစ်ကို(၅)က အစ်ကိုကြီးဟယ်ကို သိုင်းကွက်တစ်ကွက် အတွင်း ရှုံးနိမ့်သွားသည့်အတွက် ချူတျန်းဟယ်က အလွန်အံ့သြနေခဲ့ရသည်။ အစ်ကိုဟယ်က ယမန်နေ့တွင် ရှုံးနိမ့်သွားသည့်အတွက် ငိုသွားခဲ့ရသော်လည်း ယနေ့တော့ တစ်ကွက်တည်းနှင့် အနိုင်ရခဲ့သည်။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော သိုင်းသင်တန်းကျောင်းမှ တပည့်တချို့ဆီတွင်တော့ မတူညီသော ခံစားချက်များ ရှိနေသည်။ တချို့က အံ့ဩနေပြီး တချို့က ဇဝေဇဝါဖြစ်နေ၏။ တချို့က အစ်ကို (၅)၏ ရှုံးနိမ့်မှုအတွက် ရယ်နေကြသည်။ တချို့ကတော့ မျက်မှောင်ကြုတ်နေကြ၏။
"အစ်ကို (၅)က ဘာလို့ ဒီလောက်မြန်မြန် ရှုံးနိမ့်သွားရတာလဲ။ ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို ဒီလိုမျိုးသုံးလို့ ရနိုင်တာလား…"
"နိုင်… နိုင်… နိုင်ပြီ။ ငါ တကယ် နိုင်သွားပြီ…"
ဟယ်မူက ဂိုဏ်းတူအစ်ကို(၅)၏ စွပ်စွဲချက်ကို စိတ်မဝင်စားချေ။ သူကတော့ အနိုင်ရမှုကိုသာ တွေးနေမိ၏။
"ငါက ခန့်မှန်းဖို့ ခက်ခဲတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တကယ်ပြောနိုင်ခဲ့တာပဲ။ ဆရာလေးစုရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်…"
"ဟယ်မူ …မင်းက ဒါကို ကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့တာလား…"
သင်တန်းဆရာဟယ်က မေးလိုက်သည်။ ဟယ်မူက သူ့ကို ရိုးရိုးသားသား ပြန်ဖြေရမည်ဖြစ်၏။ သို့သော် သူ့အတွေးကို ပြောင်းပြီး ပြောလိုက်သည်။
"သင်တန်းဆရာ ..
ကျွန်တော်က ဒီတိုင်းပဲ တွေးမိခဲ့တာပါ… "
"မင်းက ဓားကို ဒီလိုပုံစံမျိုး သုံးနိုင်တာ အရမ်းကောင်းတယ်။ ဒါပေမဲ့ မင်းက အခြေခံတည်ဆောက်တဲ့ အဆင့်ပဲ ရှိသေးတယ်။ ဒါကြောင့် ဓားပညာကို ကောင်းကောင်းသင်ယူဖို့က ပိုပြီးအရေးပါတယ်…"
ဟယ်ယဲ့က သူ့ကို စိတ်မရှည်နိုင်စွာ တိုက်တွန်းနေသည်။
ထို့နောက် သူက လက်နောက်ပစ်ပြီး တစ်ယောက်တည်း တီးတိုးပြောနေခဲ့၏။
"ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ရဲ့နောက်မှာ ပင်လယ်ပေါ်က လ သိုင်းကွက်ကို ဒီလိုသုံးလို့ ရနိုင်တာပဲ…"
ဂိုဏ်းတူအစ်ကို (၅)ကတော့ သူတို့၏ တိုက်ပွဲအကြောင်းကို စဉ်းစားပြီး မကျေမနပ်နိုင် ဖြစ်နေသေး၏။
"ဟယ်မူ နောက်တစ်ကြိမ် ယှဉ်ပြိုင်ကြမယ်…"
ဟယ်မူ၏ နှလုံးခုန်သံများက လျင်မြန်လာခဲ့၏။ သူက စိုးရိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ဇာတ်လမ်းတစ်ပုဒ်သာ ရှိ၏။ အကယ်၍ သူသာ နောက်တစ်ကြိမ် တိုက်ခိုက်ရမည်ဆိုလျှင် လူတိုင်းက ဇာတ်လမ်းကို သိနေသည့်အတွက် အဆုံးသတ်သွားနိုင်သည်။
"နေဦး… လူတိုင်းက သိနေပေမဲ့ ငါက ဇာတ်ကြောင်းနဲ့ အဆုံးသတ်ကို ပြောင်းလို့ရနိုင်တာပဲ။ ငါက ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို သုံးပြီးသွားရင် ပင်လယ်ပေါ်က လ သိုင်းကွက်ကို သုံးမယ်လို့ သူတို့က ထင်ထားကြမှာ…။ ဒီတော့ ငါက ပြောင်းပြန်လုပ်လိုက်ပြီး မထင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောလို့ရတာပဲ။ ဒါပေမဲ့ ငါက ဘယ်လို ဆက်သွယ်ရမလဲ…"
သူက သူ့ကိုယ်သူ ဆရာလေးစုကဲ့သို့ သဘောထားပြီး စဉ်းစားနေခဲ့သည်။သူက ချက်ချင်းပင် အကြံတစ်ခုရလိုက်ပြီး မျှော်လင့်ချက်နှင့် ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ ဂိုဏ်းတူ အစ်ကိုကြီး… ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါဦး… "
ယခုတစ်ကြိမ်တော့ ဂိုဏ်းတူအစ်ကို (၅)က အရင်ဆုံး တိုက်ခိုက်ခဲ့သည်။ သိုင်းကွက် (၂)ကွက် (၃)ကွက်ခန့် တိုက်ခိုက်ခဲ့ပြီးနောက် ဟယ်မူက ပင်လယ်ထဲ ရွက်လွှင့်သိုင်းကွက်ကို သုံးရန် အခွင့်အရေးရခဲ့၏။
အစ်ကို (၅)က ရင်ထဲတွင် အထင်သေးစွာ ရေရွတ်လိုက်သည်။ သူက ပင်လယ်ထဲ ကျောက်ချ သိုင်းကွက်ကို သုံးရမည့်အစား ပင်လယ်ပြာနှင့် စိမ်းပြာကောင်းကင် သိုင်းကွက်ကို သုံးလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ဓားအရိပ်က လရောင်ကို တားဆီးနိုင်ခဲ့၏။ ဓားရှည်က အထက်အောက် လှုပ်ရှားနေပြီး သင်္ဘောအရိပ်ပေါင်းများစွာ ထွက်ပေါ်လာသည်။
အရိပ်များက မြင့်မားလာသည့်အချိန်တွင် ပင်လယ်ပေါ်ရှိ လနှင့် ဆက်သွယ်သွားနိုင်၏။ သူတို့က အောက်သို့ နိမ့်လာသည့်အချိန်တွင် အရိပ်များကို မမြင်ရတော့ပေ။
ထိုအချိန်တွင် ဟယ်မူက သူ၏ လှုပ်ရှားမှုကို ပြောင်းလဲလိုက်သည် အတွက် အရိပ်များက ပျောက်ကွယ်သွားသည်။ သူက ဓားကို ဝှေ့ယမ်းပြီး ကောင်းကင်ပေါ်သို့ လှမ်းထိုးလိုက်၏။ သူက အထီးကျန်တောင်ထိပ်ပေါ်မှ ရေလှိုင်းသိုင်းကွက်ကို သုံးလိုက်ခြင်းဖြစ်သည်။
"ဗုန်း… ဖောက်… "
ရင်ဘတ်နှင့် ဗိုက်ကို လက်နှင့်ဖိလိုက်ပြီး ဂိုဏ်းတူအစ်ကို (၅)၏ လက်ထဲတွင် ကိုင်ထားသော သစ်သားဓားက နောက်တစ်ကြိမ် ပြုတ်ကျသွားခဲ့သည်။
"မင်း… မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး တိုက်ခိုက်နိုင်ရတာလဲ…"
ဟယ်မူက အလွန်ဝမ်းသာနေခဲ့သည်။ သူက ဝမ်းသာမှုကို ထိန်းချုပ်ပြီး ပြောလိုက်၏။
"အစ်ကိုကြီး…
ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ…"
“ငါက ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ကို ပြောနိုင်ပြီပဲ…”
တိုက်ပွဲပြီးဆုံးသွားပြီးနောက် ဂိုဏ်းတူအစ်ကို (၅)က နောက်တစ်ကြိမ် တိုက်ခိုက်ရန် မတောင်းဆိုတော့ပေ။ သူက နောက်တစ်ကြိမ် ရှုံးနိမ့်သွားလျှင် မျက်နှာပျက်ရမှာကို ကြောက်လန့်နေခဲ့၏။
ဟယ်မူကတော့ လေ့ကျင့်ရန် အာရုံစိုက်နေပြီး ဇာတ်လမ်းများ ပြောပြခြင်းကို အလွန်သဘောကျနေခဲ့၏။
"ဟယ်မူ …
နှစ်သစ်ကူးပွဲပြီးသွားရင် သိုင်းသင်တန်းကျောင်း ပြိုင်ပွဲမှာ မင်းကို ဝင်ပြိုင်စေချင်တယ်…"
သူတို့၏ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ဟယ်မူ၏ တိုးတက်မှုကို မြင်သည့်အခါ သင်တန်းဆရာက သူ့ကို ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်း၏ ပြိုင်ပွဲဝင် (၆)ယောက်ထဲမှ တစ်ယောက်အဖြစ် လက်ခံလိုက်သည်။
ထိုအရာက သူ၏ ဓားပညာကို လေ့ကျင့်ရန် အခွင့်အရေးဖြစ်၏။ သူက ဟယ်မူကို အောင်မြင်ရန် တွက်ဆထားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိပ်ဆုံးတပည့် (၃)ယောက်ကသာ ဝန်ထုတ်ဝင်ပိုးများကို ခံနိုင်ရည် ရှိပါလိမ့်မည်။ တခြား လူများကတော့ လေ့ကျင့်ရန် စေလွှတ်ထားခြင်းသာ ဖြစ်၏။
ဟယ်မူကတော့ အလွန်အံ့ဩသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ကျွန်တော်လား… သင်တန်းဆရာ…ကျွန်တော် ဝင်ပြိုင်ရမှာလား။ ကျွန်တော်က ဝင်ပြိုင်နိုင်ပါ့မလား…"
"မင်းက စမ်းသပ်ကြည့်ရင် သိရမှာပေါ့…"
သင်တန်းဆရာဟယ်က အပြုံးနှင့် ပြောလိုက်သည်။
"ငါသာ ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်မယ်ဆိုရင် ဂိုဏ်းတစ်ခုခု ဒါမှမဟုတ် အထက်တန်းလွှာ မိသားစုတစ်ခုခုက ရွေးချယ်သွားနိုင်တယ်။ အနည်းဆုံးတော့ ငါက အစောင့်တစ်ယောက် ဖြစ်နိုင်တယ်…"
ဟယ်မူက စိုးရိမ်မှုများ ၊ မျှော်လင့်ချက်များ ပြည့်နှက်နေသော အမူအရာနှင့် သင်တန်းကျောင်းထဲမှ ထွက်လာခဲ့သည်။ သူက မုန့်ချီ၏ တံခါးရှေ့ကို ရောက်လာခဲ့၏။
"ဆရာလေးစု ပြောတဲ့ ဓားပညာနဲ့ ဇာတ်လမ်းသဘောတရားတွေက တကယ့်ကို တူနေတာပဲ။ သူက အစစ်အမှန် ပညာရှင်တစ်ယောက်လား…”
ဟယ်မူကတော့ ထိုအရာကို မယုံကြည်နိုင်ခဲ့ပေ။
“ဒါက တိုက်ဆိုင်တာပဲ ဖြစ်နိုင်တယ်။ ဆရာလေးစုက အဲဒီလောက် လေ့ကျင့်ထားတာ မဟုတ်ဘူး။ ဒါကြောင့် သူက စည်းမျဉ်းစည်းကမ်းတွေကိုပဲ သိနေတာဖြစ်မယ်။ ဒါကြောင့် သူ့ဆီမှာ မတူတဲ့ အတွေးတွေ ရှိနေတာ…”
သူက တစ်ယောက်တည်း တွေးနေမိသည်။
“တကယ်လို့ ငါသာ သူနဲ့ စကားများများ ပြောနိုင်မယ်ဆိုရင် ဇာတ်လမ်းနှင့် ဓားပညာရဲ့ သဘောတရား ဆက်သွယ်မှုတွေကို နားလည်သွားလိမ့်မယ်။ သူက ဓားပညာ မကျွမ်းကျင်ပေမဲ့ ဇာတ်လမ်းပြောတဲ့ နေရာမှာတော့ အတော်လေး ထူးချွန်တယ်လေ..”
သူက တံခါးကို ခေါက်လိုက်ရာ ‘ဝင်လာခဲ့’ ဟူသော အသံကို ကြားလိုက်ရသည်။ တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ဆရာလေးစုက ဇီးပင်အောက်တွင် ထိုင်နေပြီး သူ့ရှေ့တွင်တော့ အနီရောင်ရေနွေးအိုးတစ်လုံးကို တွေ့လိုက်ရသည်။ သူက စာအုပ်တစ်အုပ်ကို ကိုင်ပြီး ကျယ်လောင်စွာ ဖတ်နေခဲ့၏။
"ကမ္ဘာလောကကြီး ဖြစ်တည်လာတဲ့အချိန်မှာ ဘယ်သူက တာအိုကို ပို့ဆောင်လိုက်တာလဲ။
ကမ္ဘာ့မြေကြီးက ပျက်စီးသွားတဲ့ အချိန်မှာ ဘယ်သူက သူ့ရဲ့ဇာစ်မြစ်ကို လေ့လာခဲ့တာလဲ…."
ထိုမြင်ကွင်းကြောင့် ဟယ်မူက ပင့်သက်ရှိုက်လိုက်မိ၏။ ဆရာလေးစုက သူ့ကို သူ့ဘေးတွင် ထိုင်ရန် အချက်ပြလိုက်သည့်အတွက် ဟယ်မူလည်း အနားသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
"ယင် ၊ ယန်နဲ့ ကောင်းကင်ကြီးရဲ့ ပေါင်းစပ်မှုမှာ ဘယ်အရာက ယင် ၊ ဘယ်အရာက ယန်လဲ…"
ထိုအရာကို ဖတ်နေသည့်အချိန်တွင် မုန့်ချီက ဟယ်မူကို လှည့်ကြည့်ပြီး မေးလိုက်၏။
"မင်းက သူ့ရဲ့ အဓိပ္ပာယ်ကို သိလား… "
Translated by Hein Htet.