← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

စာကို ဖတ်နိုင်ရုံသာရှိသော ဟယ်မူက ခေါင်းခါပြလိုက်သည်။

“ကျွန်တော်မသိဘူး…”

ဘယ်လက်တွင် စာအုပ်ကို ကိုင်ထားသော မုန့်ချီက ညာလက်တွင် ကိုင်ထားသော အရက်ခွက်ကို သောက်လိုက်သည်။ သူက အရသာခံလိုက်ပြီးနောက် အရက်ကို ဖြည်းညင်းစွာ မျိုချပြီး ပြောလိုက်၏။

“ဒီစာသားက အငြင်းပွားစရာတွေရှိတယ်။ ပညာတတ်တဲ့သူတွေက ယင်၊ ယန်နဲ့ ကောင်းကင်ကြီးရဲ့ ပေါင်းစပ်မှုတွေကို ငြင်းခုံနေကြတယ်။ ယင်က အရာဝတ္ထုတွေကို ပြုလုပ်နိုင်တယ်။ ယန်က အရာဝတ္ထုတွေကို ဖန်တီးနိုင်တယ်။ ကောင်းကင်ကြီးကတော့ အရာဝတ္ထုတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်။ ယင်၊ ယန်နဲ့ ကောင်းကင်ကြီး ပေါင်းစပ်လိုက်ပြီဆိုရင် အရာအားလုံးကို ဖန်တီးနိုင်တာပဲ။ ပညာတတ်တွေကတော့ ယင်နဲ့ ယန် အချင်းချင်းပေါင်းစပ်ပြီး စကြဝဠာကြီးကို ဖန်တီးထားတယ်ဆိုတဲ့ ရှေးဟောင်းကျမ်းစာတွေကိုပဲ ဖတ်ကြတယ်လေ။ ပြီးတော့ သူတို့ဆီကနေ အရာအားလုံး ဆင်းသက်လာခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ ကဗျာထဲက ဖြစ်စဉ်နဲ့ ဆင်းသက်လာမှုတွေက သံသယဝင်စရာရှိတယ်…”

ဟွာမူကတော့ စောင်းသံ နားထောင်နေသော ကျွဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက လုံးဝကို နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ပြန်မေးလိုက်၏။

“ဆရာလေးစု …

ဆရာလေးစုကရော အဲဒါကို ဘယ်လိုထင်လဲ…”

“ထိုက်ကျိ ဆိုတာက ကောင်းကင်နဲ့မြေကြီး ရှုပ်ထွေးနေတဲ့ အခြေအနေကို ဖော်ပြနေတာ။ လှုပ်ရှားမှုက ယန်ဖြစ်ပြီး ငြိမ်သက်မှုက ယင်ဖြစ်တယ်။ လှုပ်ရှားမှုနဲ့ ငြိမ်သက်မှုက အချင်းချင်း ပေါင်းစပ်နိုင်ကြတယ်။ ယင်နဲ့ယန်ကလည်း အတူတူပဲ။ သူတို့တွေက အချင်းချင်း ဆင်းသက်လာကြတာ။ ဒါကြောင့် သူတို့နှစ်ခုလုံးက ဖြစ်တည်မှုနဲ့ ဆင်းသက်လာကြတာပဲ။ သူတို့တွေက အရှိန်အဝါကို ပြောင်းလဲနိုင်ကြတယ်…”

မုန့်ချီက ထိုကဗျာကို ရှင်းမပြခဲ့ဘဲ မေးခွန်းကိုဖြေရန် ကြိုးစားခဲ့သည်။

ဟယ်မူက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။ ထိုအရာက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ သူက ဆရာလေးစု၏ စကားတွင် တစ်စုံတစ်ခုကိုမှ နားမလည်သည့်အတွက် ဟုတ်ကဲ့ ဟုသာ ပြန်ဖြေလိုက်၏။

မေးခွန်းဖြေပြီးနောက် မုန့်ချီက လွတ်လပ်ပေါ့ပါးသော အပြုံးနှင့် ပြန်ပြောလိုက်သည်။

“ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေပဲ။ ပြီးတော့ သိုင်းပညာနဲ့ လှုပ်ရှားမှုတွေကို ပြသနိုင်တယ်။ တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း သူ့ရဲ့ လှုပ်ရှားမှုတွေထဲမှာ ယင်နဲ့ ယန် ပေါင်းစပ်ပါဝင်နေပြီး အချင်းချင်း အားဖြည့်နေတယ်။ သူတို့တွေက အရှိန်အဝါနဲ့ ရန်သူကိုလည်း ပြောင်းလဲနိုင်ကြတယ်။ သူတို့တွေက အချင်းချင်း ပြည့်ပြည့်ဝဝ ပေါင်းစပ်လိုက်တဲ့အခါကျရင် ဘယ်အရာက ယင်၊ ဘယ်အရာက ယန်လဲဆိုတာကိုတောင် ပြောပြဖို့ခက်တယ်…”

ထိုအရာကတော့ ကောင်းကင်တောင်းဆိုခြင်းစာအုပ်မှ မုန့်ချီနားလည်ခဲ့ရသော အမြင့်ဆုံး အနှစ်သာရများ ဖြစ်သည်။ အတွေးဟူသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်၏။ ထို့ကြောင့် လှုပ်ရှားမှုနှင့် သိုင်းပညာတွင် အသုံးပြုရန်ခက်ခဲသည်။ ထိုအရာကို လူပေါင်းများစွာ သိနေသော်လည်း အမှန်တကယ် အသုံးချရန်တော့ ခက်ခဲ၏။

အကယ်၍ မုန့်ချီကသာ တူညီသော သိုင်းပညာတစ်ခုကို ကိုးကားချက်ဖြင့် မြင်တွေ့ခွင့်ရမည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်သည်။ ထိုသို့ဆိုလျှင် အနှစ်သာရများကို လျင်မြန်စွာ နားလည်နိုင်ပြီး မတူညီသော သိုင်းပညာများ၏ အနှစ်သာရများကို နားလည်၍ ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့အပေါ် အသုံးချ၍ ရနိုင်သည်။

သခင်လေးယောင်၏ ယင်ယန်ဓားများက ထိုအရာနှင့် အတော်လေးကို ဆင်တူနေကြောင်း သူက ခံစားမိခဲ့သည်။ အကယ်၍ သူကသာ ဓားရှည်၊ ဓားမောက် တွဲလျှက် အသုံးပြုချင်သည်ဆိုလျှင် အခြေခံလမ်းညွှန်ချက်များရရန် လိုအပ်၏။

သိုင်းပညာ ၊ လှုပ်ရှားမှုများနှင့် ပတ်သက်လာသည့်အချိန်တွင် ဟယ်မူက အနည်းငယ် နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

“တချို့လှုပ်ရှားမှုတွေမှာ ယင်နဲ့ယန် နှစ်မျိုးလုံးပါတယ်လေ…”

“သူတို့တွေက မတူဘူး…”

မုန့်ချီက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

“အဲဒါတွေက တည်ငြိမ်မှုနဲ့ လှုပ်ရှားမှုရဲ့ ကွဲပြားမှုတွေပဲ…”

“ကျွန်တော် နားမလည်ဘူး…”

ဟယ်မူက မုန့်ချီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

“ဆရာလေးစု …

အဲဒါတွေက ဒီကဗျာထဲမှာ ပါလား…”

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“မပါဘူး။ ဒီကဗျာတစ်ပုဒ်လုံးမှာ သဘာဝတရားကြီးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ ရှိတယ်။ ဒီကဗျာက သိပ်ပြီး မဆန်းကြယ်ပါဘူး။ ဒါပေမယ့် ဒီမေးခွန်းတွေကို ဖြေနိုင်တဲ့သူတွေက စကြဝဠာကြီးရဲ့ နိယာမတွေကို အမှန်တကယ် နားလည်သွားလိမ့်မယ်။ မေးခွန်းတစ်ခုတည်းကိုပဲ မတူညီတဲ့ ပညာရှင်တွေက မတူညီတဲ့ အဖြေမျိုးကို ရလိမ့်မယ်။ ဒါကြောင့် တူညီတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ အဖြေပေါင်းစုံ ရှင်းပြလိမ့်မယ်…”

“အမ် …. ကျွန်တော် အခုထိ နားမလည်သေးဘူး…”

ဆရာလေးစု၏ စကားလုံးများက အလွန်ထူးခြားနေသည်ဟု ခံစားမိသည့်အတွက် သူက အလျင်အမြန်ပြောလိုက်သည်။

“ဆရာလေးစု။ ဒီနေ့ ကျွန်တော်က..”

“ငါရွတ်ပြီးသွားတဲ့ အချိန်ကျမှ ဆက်ပြောပါ…”

မုန့်ချီက ညာလက်နှင့် ကာလိုက်ပြီး အရက်ခွက်ကိုချ၍ တောင်းဆိုခြင်းကောင်းကင်စာအုပ်ကို ဆက်၍ ရွတ်နေသည်။

“စက်ဝိုင်းမှာ အဆင့်(၉)ဆင့်ရှိတယ်။ ဘယ်သူက သူတို့ကို ဖြတ်ကျော်နိုင်မှာလဲ။

ကောင်းကင်ကြီးမှာ အဆင့်(၉)ဆင့်ရှိတယ်။ မတူညီတဲ့အရာတွေက သူတို့ရဲ့နေရာကို ဘယ်နေရာမှာ သွားပြီး ရှာဖွေရမှာလဲ။ နေနဲ့ လကို ဘယ်သူက ပိုင်ဆိုင်တာလဲ။ ငါတို့က ကြယ်တွေကိုရော ဘယ်လိုရှာဖွေရမှာလဲ…”

ခြံဝန်းကြီးထဲတွင် ကဗျာရွတ်ဆိုသံကိုသာ ကြာနေရသည်။ ထိုအသံကို သေချာနားထောင်လိုက်မည်ဆိုလျှင် ထိုစကားလုံးများက ကောင်းကင်ကြီး နှင့် ကမ္ဘာမြေကြီးကို တောင်းဆိုနေသလို ခံစားနေရ၏။

ဇီးပင်ကတော့ နဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်နေရသည်။ မီးရောင်များက တလက်လက်တောက်ပနေပြီး အရက်နံ့ကလည်း လေထဲတွင် ပျံ့နေခဲ့သည်။

ဟယ်မူက ရိုးရှင်းသောကဗျာကို နားမလည်နိုင်သော်လည်း အလွန်တည်ငြိမ် အေးချမ်းသလို ခံစားနေရသည်။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများကလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ပေးနေသလို ခံစားနေရသည်။

စိုးရိမ်မှုများ ဖယ်ရှားပျောက်ကွယ်သွားသည့်အချိန်တွင် ဖိအားနှင့် ဝမ်းနည်းမှုများကလည်း ပျောက်ကွယ်သွားသည်။ ဟယ်မူကတော့ အလွန်ဝမ်းသာပြီး ငြိမ်းအေးနေသလို ခံစားနေရ၏။ အပူအပင်မရှိတော့သလို ဖြစ်နေသည်။

“မင်းက ဒီနေ့အနိုင်ရခဲ့တာလား…”

ရုတ်တရက်ဆိုသလို ဆရာလေးစု၏ သိမ်မွေ့ညင်သာသောအသံကြောင့် သူလည်း နိုးလာခဲ့သည်။

“ဟုတ်ပါတယ်…”

မုန့်ချီ၏ မျက်နှာကို ကြည့်ပြီး ဟယ်မူက သူ့အစ်ကို တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ မုန့်ချီက သူ့ထက် အသက်(၄)နှစ်(၅)နှစ်ခန့်သာ ကြီးသော်လည်း စာအလွန်ဖတ်သော ဆရာတစ်ယောက်ဟု သတ်မှတ်ထား၏။

“ကျွန်တော်တို့ရဲ့ ပထမတိုက်ပွဲမှာ …”

ဟယ်မူက အသေးစိတ်ရှင်းပြလိုက်သည်။

သူက ဇာတ်လမ်း၏အဆုံးကို ပြောပြီးသွားသည့်အချိန်တွင် ပြောလိုက်၏။

“ဆရာလေးစုရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ သင်တန်းဆရာက ကျွန်တော့ကို ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ခွင့်ပြုလိုက်ပြီ…”

သူက မုန့်ချီ၏ လမ်းညွှန်မှုကို စောင့်ဆိုင်းနေခဲ့၏။

“သိုင်းပညာ ပြိုင်ပွဲလား…”

လက်ထဲတွင် တောင်းဆိုခြင်းစာအုပ်ကို ကိုင်ထားသော မုန့်ချီက ပြန်မေးလိုက်သည်။

ဆရာလေးစုက စာအုပ်များကိုသာ စိတ်ဝင်စားသော စာသင်သားတစ်ယောက် ဖြစ်ကြောင်း ဟယ်မူက သိနေသည်။ ထို့ကြောင့် သူက ရှင်းပြလိုက်၏။

“ယဲ့တူမှာ သိုင်းပညာက တော်တော်လေး နာမည်ကျော်တယ်။ ဝမ်မိသားစုက အရမ်းအစွမ်းထက်တဲ့အတွက် တခြားဂိုဏ်းတွေ၊ အထက်တန်းလွှာမိသားစုတွေမှာ အခွင့်အရေး နည်းနည်းလေးပဲ ရှိတယ်။ သိုင်းပညာကို စိတ်ဝင်စားတဲ့သူတွေက သူတို့ရဲ့ သိုင်းပညာကို လေ့ကျင့်ဖို့အခွင့်အရေးတစ်ခု ရှာဖို့လည်း ခက်တယ်…”

“ဒါကြောင့် ဂိုဏ်းကြီးတွေ၊ အထက်တန်းလွှာမိသားစုမှာရှိတဲ့ တပည့်တွေက ကျွန်တော်တို့လို သာမန်လူတွေကို သင်ပေးဖို့ သိုင်းသင်တန်းကျောင်းတွေ ဖွင့်ကြတယ်။ သူတို့က သင်တန်းကြေးကို နည်းနည်းပဲယူပြီး ကျွန်တော်တို့ရဲ့ လယ်မြေတွေ၊ မိုင်းတွင်းတွေကိုလည်း သိမ်းပိုက်တာမျိုး မရှိဘူး။ ကျွန်တော်တို့ကို သိုင်းသင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကျွန်တော်တို့မှာ အခြေခံကောင်းတွေ ရှိလာပြီဆိုရင်တော့ ဂိုဏ်းတွေထဲမှာ ဆက်ပြီး သင်ကြားလို့ ရနိုင်သလို နန်းတွင်းရွေးချယ်ပွဲမှာလဲ ဝင်ပြိုင်လို့ ရတယ်…”

“ဒီအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)လောက်ကတည်းက ရှိနေတာပါ။ ယဲ့တူမှာ သိုင်းသင်တန်းကျောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် သူတို့တွေက အချင်းချင်း ယှဉ်ပြိုင်ကြရတယ်…”

“လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်း အပါအဝင် ထိပ်တန်းသိုင်းသင်တန်းကျောင်း(၈)ခုက (၃)နှစ်တစ်ကြိမ် သိုင်းပြိုင်ပွဲ ကျင်းပကြတယ်။ သင်တန်းကျောင်းတိုင်းက သူတို့ရဲ့အဆင့်သတ်မှတ်ချက်အတွက် တော်တဲ့တပည့်တွေကိုပဲ ရွေးချယ်ပြီး လွှတ်ကြတယ်။ အဲဒီပြိုင်ပွဲက တော်တော်လေးကို အရေးပါတယ်။ ဒါကြောင့် ကျိုးနိုင်ငံ ဝမ်မိသားစု၊ ဟွမ်ဟွာဓားဂိုဏ်း၊ ယဲ့ချန်မှာရှိတဲ့ ဟွမ်မိသားစု၊ မြင့်တက်ခြင်းရေလှိုင်းဂိုဏ်းနဲ့ နေဝင်ဆည်းဆာဓားဂိုဏ်းတို့ကလည်း ပြိုင်ပွဲကို ကြည့်ဖို့ လူလွှတ်ကြလိမ့်မယ်။ ပြီးတော့ ထူးချွန်တဲ့လူငယ်တွေကို သူတို့ရဲ့ တပည့်အဖြစ် ရွေးချယ်ပြီး ခေါ်သွားကြတယ်။ နောက်ပိုင်းမှာတော့ ပြင်ပပညာရှင်တွေ ဖြစ်လာကြတာပဲ…”

ဟယ်မူက ငယ်ရွယ်သည့်အတွက် အနည်းငယ်သာသိထားသေးသည်။ ထို့ကြောင့် အလွန်ရှုပ်ထွေးသော အရာများကို ပြောသည့်အချိန်တွင် အနည်းငယ် ထစ်ငေါ့နေခဲ့၏။ သို့သော် သင်တန်းဆရာဟယ်က သူ့ကို ပြိုင်ပွဲ၏အဓိပ္ပါယ်ကို မကြာခဏ ပြောပြထားသည်။ ထို့ကြောင့် သူက ကောင်းမွန်စွာ ပြောပြနိုင်ခဲ့၏။

“ကျိုးနိုင်ငံ ဝမ်မိသားစုနဲ့ ဟွမ်ဟွာဓားဂိုဏ်းလား…”

မုန့်ချီက အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။

လွန်ခဲ့သော(၆)လအတွင်း ချီကျန်းရန်နှင့် လေ့ကျင့်ခြင်း၊ လူငယ်မှတ်တမ်း၊ ကျိုးနိုင်ငံမှ ပညာရှင်များစာရင်းကို ဖတ်ခြင်းကလွဲလျှင် မုန့်ချီက သိုင်းလောကနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မသိခဲ့ပေ။ ထို့ကြောင့် အလွန်ရင်းနှီးသော အမည်များကို ကြားသည့်အခါ သူ့ခေါင်းထဲတွင် ခံစားချက်များ ပြည့်နှက်လာ၏။

မုန့်ချီက အရက်ခွက်ကို ကိုင်ပြီး ဟယ်မူကို အပြုံးနှင့် ကြည့်လိုက်သည်။

“ဒါဆိုရင် ပြိုင်ပွဲမှာ မင်းရဲ့ဇာတ်လမ်းတွေက အရမ်းအားနည်းမှာ စိုးရိမ်နေတာလား…”

“ဟုတ်ပါတယ်…”

ဟယ်မူက အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ ထို့ကြောင့်လည်း သူက ဤနေရာကို ရောက်လာခဲ့ခြင်းဖြစ်သည်။

မုန့်ချီက မတ်တတ်ရပ်လိုက်ပြီး လက်နောက်ပစ်၍ ခြံထဲတွင် လျှောက်နေခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“လက်ရှိ မင်းရဲ့ဇာတ်လမ်းတွေက အစနဲ့ အဆုံးပဲရှိသေးတယ်။ ဒါက တော်တော်ကို ရိုးရှင်းလွန်းတယ်။ မင်းရဲ့ ပြိုင်ဖက်တွေက မင်းရဲ့သင်တန်းမှာရှိတဲ့လူတွေ မဟုတ်တော့ဘူး။ ဒုတိယတိုက်ပွဲမှာ မင်းရဲ့တုန့်ပြန်မှုကတော့ တော်တော်လေး ကောင်းတယ်။ မင်းက ဦးနှောက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ သိတယ်ဆိုတော့ သင်ပေးရတာ တန်ပါတယ်…”

ဆရာလေးစု၏ ချီးကျူးမှုကြောင့် ဟယ်မူက ပြုံးလိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်သွားခဲ့သည်။

မုန့်ချီက ပြန်လှည့်ပြီး ကြည့်လိုက်သည်။

“ဒါကြောင့် မင်းက သူတို့ကို ဆွဲဆောင်ဖို့အတွက် ရှုပ်ထွေးပြီး ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြင်ဆင်ထားရမယ်။ မင်းရဲ့ ထောင်ချောက်ထဲရောက်အောင် သူတို့ကို ဆွဲခေါ်ရမှာ…”

“ဆရာလေးစု…

ကျွန်တော်က ဘာတွေ ပြင်ဆင်ထားသင့်တာလဲ…”

ဟယ်မူက အသက်ကို အောင့်လိုက်မိပြီး မုန့်ချီ၏ သင်ကြားမှုကို စောင့်နေခဲ့သည်။

ခဏကြာ စဉ်းစားပြီးနောက် မုန့်ချီက ပြောလိုက်၏။

“ဓားကို သုံးတာနဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောပြတာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ အပိုင်းတစ်ပိုင်းကို အဆုံးသတ်ပြီးသွားပြီဆိုရင် မင်းက သူတို့ရဲ့တုန့်ပြန်မှုတွေကို ကြိုတင်ခန့်မှန်းကြည့်ရမယ်။ ပြောရမယ်ဆိုရင် မင်းက မတူညီတဲ့ တုန့်ပြန်မှုတွေအတွက် ဖြစ်လာနိုင်တဲ့ ခုခံမှုတွေ၊ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။ ဒါဆိုရင် မင်းရဲ့စိတ်ထဲမှာ ပြိုင်ဘက်ကို ထောင်ချောက်ထဲ ဆွဲခေါ်ဖို့အတွက် မတူညီတဲ့ ဇာတ်လမ်းတွေ ရှိသင့်တာပေါ့။ ပြီးရင်တော့ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်…”

“ဥပမာအနေနဲ့ ပြောရရင် မင်းက ပင်လယ်ထဲ ရွက်လွှင့် သိုင်းကွက်ကို သုံးလိုက်ရင် မင်းရဲ့ပြိုင်ဘက်က မင်းရဲ့ဗိုက် ဒါမှမဟုတ် မင်းရဲ့ခေါင်းကို တိုက်ခိုက်လိမ့်မယ်။ တကယ်လို့ မင်းက အချိန်မှီ လှုပ်ရှားချင်တယ်၊ မင်းရဲ့စွမ်းအားကို ချွေတာချင်တယ်ဆိုရင်တော့ အရင်လှုပ်ရှားမှုတွေမှာ ပြန်ပြီး ဆင်ခြင်ရမယ်…”

“ပြီးတော့ တစ်ခုရှိသေးတာက မင်းရဲ့ ပြိုင်ဖက်က မင်း ဖန်တီးထားတဲ့ ဇာတ်လမ်းအတိုင်း လိုက်ပါလှုပ်ရှားနေရပြီး သူတို့ဆီမှာ ရွေးချယ်ခွင့် နည်းနည်းပဲ ရှိတယ်ဆိုတာကို ပြသရမယ်။ ဒါပေမယ့် မင်းက အခုတော့ အဲဒါကို အောင်မြင်ဦးမှာ မဟုတ်ဘူး…”

မုန့်ချီက နားထောင်ခြင်းရေလှိုင်း ဓားပညာနှင့် အလယ်အလတ်အဆင့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြလိုက်သည်။ တုန့်ပြန်မှုတိုင်းက ဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်၏။

ထိုအရာက ရှုပ်ထွေးသော်လည်း ဟယ်မူက နားလည်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုဓားသိုင်းပညာများကို သင်ယူထားပြီး ဖြစ်သော်လည်း ရှင်းရှင်းလင်းလင်း မမှတ်မိသေးပေ။ သူက အံကြိတ်ပြီး ဇာတ်လမ်းအများစုကို မှတ်မိရန် ကြိုးစားနေခဲ့၏။

သူက ဇာတ်လမ်း၏ အစိတ်အပိုင်းတိုင်းကို လေ့ကျင့်ရန် စီစဉ်ထားခဲ့ပြီး အိမ်သို့ ပြန်သွားသည့်အချိန်တွင် ထောင်ချောက်တိုင်းကို နားလည်ရန် ကြိုးစားရမည်ဖြစ်သည်။

“မင်းက မှတ်မိသွားပြီလား…”

ဇာတ်လမ်းကို ပြောပြလိုက်ပြီးနောက် မုန့်ချီက ဟယ်မူကို အပြုံးနှင့် ကြည့်လိုက်သည်။

ဟယ်မူက ခေါင်းညိတ်ပြလိုက်၏။

“ကျွန်တော် မှတ်မိပါပြီ…”

သို့သော် သူက ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။

“ဘာလို့ ဇာတ်လမ်းက ဒီလိုမျိုးသွားရတာလဲ။ ဘာလို့ကျွန်တော့်ရဲ့ ပြိုင်ဖက်တွေက ဒီလိုနည်းလမ်းတွေနဲ့ပဲ တုန့်ပြန်ရမှာလဲ…”

“မေးတဲ့ မေးခွန်းကောင်းတယ်။ မင်းကိုသင်ပေးရတာ တန်တယ်…”

ဟယ်မူက ဇာတ်လမ်း၏ အနှစ်သာရ အကြောင်း မေးနေသည့်အတွက် မုန့်ချီက ရယ်လိုက်သည်။

“ဒါပေမယ့် မင်းက အခု သိသွားမယ်ဆိုရင်တောင် အသုံးမဝင်သေးဘူး…”

ဟယ်မူကတော့ ထိုမေးခွန်းကို အလွန်အလေးထားမနေတော့ဘဲ ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“ဆရာလေးစု ဒါဆို နောက်မှလာတွေ့တော့မယ်…”

“ကောင်းပြီ။ ဘာမှမစိုးရိမ်နဲ့…”

မုန့်ချီက သူ့ပုခုံးကို ပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“မင်းရဲ့ဓားကိုသုံးပြီး သူတို့တွေကို ဇာတ်လမ်းကောင်းတစ်ပုဒ် ပြောပြလိုက်ပါ…”

ဟယ်မူက ထွက်သွားခဲ့၏။

တံခါးပိတ်လိုက်ပြီးနောက် ချီကျန်းရန်က အခန်းထဲမှ ထွက်လာပြီး မေးလိုက်သည်။

“မင်းက ဘာလို့ သူ့ကို ဓားပညာရဲ့ နိယာမတွေ သင်ပေးလိုက်ရတာလဲ…”

သူကိုယ်တိုင်ကပင် မုန့်ချီ သင်ကြားပေးနေသည်ကို နားထောင်ရင်း ဓားပညာနှင့် ပတ်သက်သော နားလည်မှုအသစ်များ သိခဲ့ရသည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

“အစ်ကိုချီ..

အစ်ကိုက ဘယ်အကြောင်းပြချက်ကို သိချင်တာလဲ။ အပေါ်ယံလား၊ အစစ်အမှန်လား”

“အပေါ်ယံ အကြောင်းပြချက်ပဲ ပြောပါ..”

ချီကျန်းရန်က အကြိမ်ပေါင်းများစွာ လှည့်စားခံခဲ့ရသည်။ ထို့ကြောင့် သူက ဆန့်ကျင်ဘက်ကိုသာ ရွေးချယ်ခဲ့၏။

“ကျွန်တော်က တောက်ပခြင်း ဓားပညာကို လေ့ကျင့်ဖို့ စဉ်းစားထားတယ်။ ပြီးတော့ ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုကို သွားဖို့ ကြိုးစားနေတယ်။ ဟယ်မူရဲ့ ကျေးဇူးကြောင့် ကျွန်တော်ကလဲ လုံးဝအသစ်ဖြစ်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးဖို့ ပြင်ဆင်နိုင်ခဲ့တာ။ ဟယ်မူနဲ့ သူ့ရဲ့ ပြိုင်ဖက်တွေ တိုက်ခိုက်နေတဲ့ ပြိုင်ပွဲအကျိုးသက်ရောက်မှုကိုကြည့်ပြီ့း ကျွန်တော်က ဇာတ်လမ်းတွေ ဖန်တီးလို့ရတယ်လေ။ ဒါက ကျွန်တော်ရဲ့ ပြိုင်ဖက်တွေနဲ့ မတွေ့သေးခင် ကစားပွဲတစ်ခုကို အစီအစဉ်တကျ စီစဉ်နေသလိုပဲ…”

ချီကျန်းရန်က သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

“အကြောင်းပြချက်ကတော့ လက်ခံနိုင်လောက်ပါတယ်။ တကယ်လို့ ငါသာ ဖရိုဖရဲ ကျင့်စဉ်ကြောင့်မဟုတ်ရင် ငါလည်း အဲဒါကို ကြိုးစားကြည့်မှာပဲ…”

သူက သက်ပြင်းချ၍ ပြောလိုက်၏။

“အဲဒါက အပေါ်ယံ အကြောင်းပြချက်လား။ ဒါက အကြောင်းပြချက် အစစ်ပဲ ဖြစ်နိုင်တယ်…”

မုန့်ချီက ရယ်လိုက်သည်။

“အစစ်အမှန် အကြောင်းပြချက်က စကားလုံး နည်းနည်းပဲရှိတယ်…”

“အဲဒါက ဘာလဲ”

ချီကျန်းရန်က စိတ်ဝင်တစား မေးလိုက်၏။

မုန့်ချီက လက်နောက်ပစ်ထားရင်း ပြန်လှည့်လာပြီး ပြောလိုက်သည်။

“ကျွန်တော်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတယ်…”

ထိုအချိန်တွင် အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး ဇီးပွင့်လေးများ ကြွေကျလာခဲ့သည်။ သူတို့က ချက်ချင်းပင် အေးခဲသွားခဲ့၏။

ချီကျန်းရန်က သူ့ကို ဂရုမစိုက်တော့ဘဲ လက်ကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။

“ငါက မင်းရဲ့ရတနာစာရွက်တွေကို ငွေတိုက်စာရွက်အဖြစ် ပြောင်းပြီးသွားပြီ…”

သူ၏ကိုယ်ပိုင်လမ်းကြောင်းနှင့် ကျင့်ကြံမှုကို စဉ်းစားပြီး မုန့်ချီက မြင်းဓားပြများထံမှ ရရှိခဲ့သော ကျောက်မျက်ရတနာစာရွက်များကို လဲလှယ်ပေးရန် ချီကျန်းရန်ကို တောင်းဆိုခဲ့သည်။ ထိုသို့ဆိုလျှင် သူက တခြားလူများ သတိမထားမိဘဲ သန့်စင်လက်နက်နှင့် ဓားရှည်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။

ချီကျန်းရန်က ယဲ့တူမြို့အတွင်း အသိမိတ်ဆွေများစွာ ရှိသည်။ သူက ထိုအရာကို မျက်စိမှိတ်၍ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လက်ဝတ်ရတနာစာရွက်များအားလုံးကို လဲလှယ်ရန် နှစ်ဝက်ကျော် အချိန်ပေးခဲ့ရသည်။ စုစုပေါင်း ငွေစ (၁၂၇၀၀)ရခဲ့၏။

“လန်းယာ့ငွေတိုက်။ ဟူး……ငါက အစားသူရဲလေးတောင် ဖြစ်နေပြီ…”

မုန့်ချီက ထိုငွေတိုက်စာရွက်များကို မြင်သည့်အခါ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ချီကျန်းရန်က သေချာစဉ်းစားပြီး အကြံပေးလိုက်၏။

“ဒီတိုက်ပွဲက လူ စိတ်ဝင်စားခံရနိုင်တယ်။ တကယ်လို့ မင်းက သိုင်းလောက ကနေ ခြေရာဖျောက်ချင်တယ်ဆိုရင်တော့ မင်း ရပ်သင့်တဲ့နေရာမှာ ရပ်ရမယ်…”

“ကျွန်တော်သိပါတယ်…”

မုန့်ချီက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ သူက သန့်စင်လက်နက်နှင့် ဓားရှည်များကို ဝယ်ရန်သာ စဉ်းစားနေခဲ့၏။

Translated by Hein Htet

All Chapters