← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

လောကတခွင် နှင်းပွင့်လေးများ ကျဆင်းနေပြီး ပတ်ဝန်းကျင်က ဖြူစွတ်နေသည်။ မကြာခဏဆိုသလို မုန့်ချီက နှင်းတောထဲတွင် ကစားနေသော ကလေးငယ်များကို မြင်တွေ့နေရပြီး မီးရှုးမီးပန်းဖောက်သံ တဖြောက်ဖြောက်ကိုလည်း ကြားနေရသည်။

အပြင်ဘက်တွင် အေးစက်နေသော်လည်း မုန့်ချီကတော့ အိမ်များထဲမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့် နွေးထွေးမှုကို ခံစားနေရ၏။ သူက ကျောက်စိမ်းတံတားလမ်းကြားထဲသို့ ချိုး‌ကွေ့လိုက်ပြီးနောက် လမ်းဘေးနှစ်ဖက်တွင် မီးအိမ်များ၊ မီးဖိုများနှင့် အလှဆင်ထားသော ဈေးဆိုင်များကို တွေ့လိုက်ရသည်။

ဖြည်းညင်းစွာ စီးဆင်းနေသော ယဲ့မြစ်ကြီးထဲတွင် ရောင်ပြန်ဟပ်နေသည့် အလင်းရောင်များက ကောင်းကင်ကြီးပေါ်တွင် ရှိနေသော နဂါးငွေ့တန်းတစ်ခုကဲ့သို့ ထင်မှတ်ရ၏။ ထိုအရာက ရှင်းပြ၍ မရနိုင်သော အလှတရားများ ရှိနေသည်။

ဤနေရာက ယဲ့တူမြို့ထဲတွင် အကြီးဆုံးနှင့် အစည်ကားဆုံး လမ်းများထဲမှတစ်ခု ဖြစ်၏။ လမ်း၏ဝင်ပေါက်တွင် ရတနာဆိုင်များ၊ လက်နက်၊ ဆေးရည်နှင့် သိုင်းကျမ်းများ ရောင်းချသော ရှားပါးပစ္စည်းဆိုင်များ ရှိသည်။ လမ်း၏အလယ်တွင်တော့ ငွေတိုက်များ၊ စားသောက်ဆိုင်များရှိ၏။ လမ်း၏အဆုံးနှင့် ယဲ့မြစ်ကမ်းတစ်လျှောက်တွင်တော့ ခရမ်းနီရောင်လမ်းကြားလေးနှင့် ငွေဖြုန်းနိုင်သည့်နေရာများရှိသည်။ ထိုနေရာတွင်တော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းသော ဈေးဆိုင်များစွာ ရှိနေ၏။

မုန့်ချီက ဤနေရာကို သန့်စင်လက်နက် ဝယ်ရန်အတွက် ရောက်လာခြင်း ဖြစ်သည့်အတွက် သူ၏ဦးတည်ချက်က လမ်း၏ဝင်ပေါက်တွင်သာ ဖြစ်သည်။ သူ့ဆီတွင် ငွေကြေးအလုံအလောက် ရှိနေသည့်အတွက် ဆိုင်ပေါင်းများစွာကိုဝင်ပြီး ပစ္စည်းကောင်းများ ရှာဖွေနေခဲ့၏။

"တိတ်ဆိတ်ခြင်း ပိုးထည်ကျောင်းဆောင်…"

ထိုအရာက ယဲ့တူမြို့တွင် အကောင်းဆုံးရတနာဆိုင်ဟု ကျော်ကြားသည်။

အစေခံမိန်းကလေး၏ ဦးဆောင်မှုနှင့် မုန့်ချီက ဒုတိယထပ်တွင် ရှိနေသော ဓားပြခန်းသို့ ရောက်လာခဲ့၏။ ထိုနေရာတွင် ရှိနေသော လက်နက်များ၊ ဓားရှည်များက အတော်လေးကို စိတ်ဝင်စားစရာကောင်းသည်။

"ငါက ဒီနေရာကို ဓားပြတိုက်ရင် ကောင်းမလားမသိဘူး…."

မုန့်ချီက ဓားရှည်များကိုကြည့်ပြီး သဘောကျနေသည့်အတွက် ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

သူ၏ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက ယင်စွမ်းအားများနှင့် မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်နိုင်ပြီး မိုးကြိုးသဘာဝ ပါဝင်နေသည်။ ထို့ကြောင့် သူက အလားတူစွမ်းရည် ရှိနေသော ဓားရှည်တစ်လက်ကို မလိုအပ်ချေ။

သန့်စင်လက်နက်များ၏ ဈေးနှုန်းကလည်း ငွေစ တစ်ထောင်မှစ၍ တစ်သောင်းခန့်အထိ ရှိသည်။ မုန့်ချီကတော့ ဈေးအကြီးဆုံးတစ်ခုကိုသာ ရွေးချယ်လိုက်၏။ မလုံလောက်လျှင် သူက မြေစာချုပ်များကို အသုံးပြု၍ရနိုင်သည်။

မည်သို့ဖြစ်စေကာမူ မုန့်ချီက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုသုံးပြီး မျက်နှာကြွက်သားများကို အနည်းငယ် ပြောင်းလဲထားသည့်အပြင် နှစ်ဝက်ခန့် ကြီးထွားလာမှုကြောင့် မုန့်ချီနှင့် မရင်းနှီးသူတစ်ယောက်က သူ့ကိုမှတ်မိရန် မဖြစ်နိုင်ပေ။

"ဒီသွေးကြောဓားကိုတော့ ဆရာကြီးကျန်းကူကျိက ဖန်တီးထားခဲ့တာ..။ ဒါက မြေအောက်ယင်သံနဲ့ နှစ် (၁ဝဝ)ကျောက်စိမ်းတို့ကို ပူးပေါင်းပြီး ထူးခြားတဲ့ ပန်းပဲပညာနဲ့ ဖန်တီးထားခဲ့တာ။ ဒီဓားကို သုံးတဲ့အချိန်မှာ ယင်နှင့်ယန်က အချင်းချင်း ပေါင်းစပ်သွားနိုင်ပြီး စွမ်းအားအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဓားပညာကို ကျွမ်းကျင်တဲ့ ပညာရှင်တွေကပဲ ဒီဓားကို အသုံးပြုနိုင်တယ်။ ဒါက ငွေစ(၁၂၀၀၀) ကျပါတယ်…"

တစ်နာရီကျော် ရှာဖွေခဲ့ပြီးနောက် မုန့်ချီက အဖြူရောင်နှင့် အနက်ရောင် တစ်ဝက်ဆီ ဖြစ်နေသော ဓားတစ်လက်ကို တွေ့လိုက်ရသည်။ ထိုဓားက မုန့်ချီ၏ လိုအပ်ချက်နှင့် တိတိကျကျကို ကိုက်ညီနေခဲ့၏။ သူ အသုံးပြုလိုက်သည့်အချိန်တွင် ယင်နှင့်ယန်က ပေါင်းစပ်ပြီး အချင်းချင်း မြှင့်တင်ပေးနိုင်ကြသည်။ တစ်ခုချင်းဆီကလည်း အသုံးဝင်၏။

ထို့ပြင် ထိုဓားက ဝေကျင်းအဆင့် ပညာရှင်တစ်ယောက် ဖန်တီးထားခဲ့သော လက်နက်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက ယင်၊ ယန်နှင့် ကောင်းကင်(၃)မျိုး ပေါင်းစပ်မှုအနှစ်သာရများကို သိလာနိုင်ပြီး မည်သည့်အရာက ယင်၊ မည်သည့်အရာက ယန်လဲဟူသည့် မေးခွန်းကိုလည်း နားလည်လာနိုင်ပါလိမ့်မည်။

ထိုအရာက အကောင်းဆုံးမဟုတ်သော်လည်း မုန့်ချီအတွက်တော့ အသင့်တော်ဆုံးဖြစ်သည်။ ဝေကျင်းအဆင့် ပန်းပဲပညာရှင်များကိုလည်း ဆရာသခင်များဟု လူသိများကြသည်။

သူက ထိုအရာကို ဝယ်တော့မည်အချိန်တွင် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက လက်နက်တိုပြခန်း ရှိရာကို လှည့်ကြည့်လိုက်သည်။ ဓားပြခန်းနှင့် လက်နက်တိုပြခန်းကို ကန့်လန့်ကာများနှင့်သာ ခွဲခြားထားသည်။

"တစ်ယောက်ယောက်က ငါ့ကိုကြည့်နေတာပဲ…"

လွန်ခဲ့သော (၆)လအတွင်း မုန့်ချီ၏အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်၏ အကူအညီနှင့် သူ၏အာရုံခံနိုင်စွမ်းများက တိကျလာပြီး မျက်လုံးနှင့် အာရုံ ဆက်သွယ်နေသည့် အဆင့်ကိုပင် ရောက်လုနီးပါး ဖြစ်နေသည်။

သူက သေချာအာရုံစိုက်ကြည့်လိုက်ရာ လူစိမ်းနှစ်ယောက်က လက်နက်တိုများ ရွေးချယ်နေကြောင်း တွေ့လိုက်ရသည်။ သူတို့က ထူးခြားနေခြင်း မရှိချေ။

"သူတို့က ဒီတိုင်းကြည့်လိုက်တာပဲ နေမှာပါ .."

မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူက သူတို့ကို လျစ်လျူရှုလိုက်ပြီး ဆိုင်ရှင်နှင့်တွေ့၍ သွေးကြောဓားအတွက် ငွေပေးချေလိုက်သည်။

ဓားရှည်ကို ခါးတွင် ချိတ်လိုက်ပြီးနောက် မုန့်ချီက ကျောက်စိမ်းတံတားလမ်းပေါ်တွင် ပျော်ရွှင်စွာ လျှောက်လှမ်းလာခဲ့သည်။ သူက စားသောက်ဆိုင်များတွင်လည်း အရသာရှိသော စားစရာများကို ရှာဖွေနေခဲ့၏။

သူက ခဏကြာ လျှောက်လှမ်းနေပြီးနောက် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်၏။ လမ်းမပေါ်တွင် လမ်းသွားလမ်းလာများစွာ ရှိနေသည်။

တစ်ချို့က စားသောက်ဆိုင်ထဲသို့ ဝင်နေကြပြီး တစ်ချို့ကတော့ နှစ်သစ်ကူးပွဲတော်အတွက် ဈေးဝယ်နေကြ၍ တစ်ချို့ကတော့ အလှအပပစ္စည်းများကို ရှာဖွေနေကြသည်။ မြို့ထဲတွင်လည်း နှစ်သစ်ကူးပွဲတော်အတွက် အလုပ်ရှုပ်နေကြ၏။

မုန့်ချီကတော့ မည်သည့်အရာမျှမတွေ့ရသည့်အတွက် ပြန်လှည့်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူက မျက်မှောင်ကြုတ်လိုက်မိပြီး ဓားရှည်နှင့် ဓားမောက်တို့၏လက်ကိုင်ကို လက်နှစ်ဖက်နှင့် တင်းကျပ်စွာ ကိုင်ထားမိ၏။

ကျောက်စိမ်းတံတားပေါ်ရှိ ငွေရောင်ဆံထိုးများ ရောင်းချသော ဈေးဆိုင်တစ်ခု၏ အနားတွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေးတစ်ယောက် ရပ်နေသည်။ သူမ၏ မျက်ခုံးများက ဇင်ယော်တောင်ကဲ့သို့ ထင်မှတ်ရပြီး ပန်းချီကားတစ်ချပ်သဖွယ် လှပနေသည်။ မျက်လုံးများကလည်း ဆွဲဆောင်မှုရှိပြီး ကြယ်ပွင့်လေးများကဲ့သို့ တလက်လက်တောက်ပနေခဲ့၏။

"ယောကျ်ား..

ငါက ဒီဆံထိုးလေးနဲ့မလှဘူးလား …"

ထိုမိန်းကလေးက ငွေဆံထိုးလေးကို ထိုးကြည့်ပြီး မေးလိုက်သည်။ သူမ၏ အသားအရည်နှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် သူမ၏ပုံစံက ပို၍ချစ်စရာ ကောင်းလာခဲ့၏။

ဤနေရာတွင် လူပေါင်းများစွာ ရှိနေပြီး တံတားပေါ်နှင့် တံတားအောက်တွင်လည်း မီးအိမ်လေးများ ထွန်းထားသည်။ ထို့ကြောင့် အလွန်လှပပြီး စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခု ပေါ်လာနေခဲ့၏။

မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားသည်။ သူမက သူ့ကို ကလေးအဖေဟု မခေါ်သည်မှာပင် ကံကောင်းသည်ဟုတွေးပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရသည်။

"မိန်းကလေးရှောင်စန်း...

မိန်းကလေးက ဘယ်လိုဆံထိုးမျိုးနဲ့ဖြစ်ဖြစ် အရမ်းကိုလှပါတယ်…"

သူက အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းတွင် စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ထွက်ပြေးရန် စဉ်းစားနေခဲ့၏။ အကယ်၍ သူသာ အကောင်းဆုံး ကြိုးစားလိုက်မည်ဆိုလျှင် လက်ရှိအစွမ်းအရ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်စွမ်းရှိ၏။ သို့သော် ကူရှောင်စန်းက ဤနေရာ၌ ပေါ်လာသည်မှာ အကြောင်းပြချက်တစ်ခုခုရှိကြောင်း သိနေသည်။

သူမက ပျော်ရွှင်နေသော အမူအရာနှင့် ပြောလိုက်၏။

"တကယ်လို့ ငါ့မှာ ပြောစရာမရှိရင် နင့်ကို လာမတွေ့ရဘူးလား…"

သူမက သူ့ကို သတိရနေရုံသက်သက်သာ မဟုတ်ခဲ့ပေ။ ကူရှောင်စန်းက ငွေရောင်ဆံထိုးလေးကို ပြန်ချလိုက်ပြီး ရင်နာစွာ ပြောလိုက်၏။

"ယောကျ်ား …

နင်က ငါ့ကို ခုထိ ဒေါသထွက်နေသေးတာလား။ ဘာလို့ ငါ့ကို မိန်းကလေးရှောင်စန်းလို့ ခေါ်နေရသေးတာလဲ။ ငါတို့က အဲဒီလောက် သူစိမ်းဆန်လို့လား …"

သူမက မုန့်ချီဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူမ၏ပုံစံက ရေထဲတွင် ရှိနေသော ကြာပန်းပွင့်လေးအလား သန့်စင်ပြီး တောက်ပနေ၏။

လမ်းသွားလမ်းလာများက ကူရှောင်စန်းကို စိတ်ဝင်စားနေကြကြောင်း မုန့်ချီက သတိထားမိသည်။ သူကတော့ စိတ်ထဲတွင် အော်ဟစ်ချင်စိတ်ကို မနည်းထိန်းထားနေရသည်။

"ဒီ နတ်ဆိုးမကို ဖမ်းလိုက်ကြစမ်းပါ..။ လော်နတ်ဆိုးမက ဒီနေရာကို ရောက်နေပြီ..”

“နင်က ဘာလုပ်ချင်နေတာလဲ…"

သူတို့၏အကွာအဝေးက တဖြည်းဖြည်းနီးလာကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက သတိထားနေရင်း လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။

"ငါက ကိုယ့်ယောကျ်ားကို လာတွေ့တာ အကြောင်းပြချက် ရှိရဦးမှာလား။ ကလေးဖေဖေ.. မိန်းကလေးကျိက နင့်ကို အရမ်းလွမ်းနေခဲ့တာ…"

"ဟ ဘာတုန်းး …"

မုန့်ချီကတော့ မျက်နှာပျက်ပျက်နှင့် တီးတိုးရေရွတ်လိုက်သည်။

ကူရှောင်စန်းက မုန့်ချီ၏အနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် သူမဆီမှ မွှေးရနံ့လေးများ ပျံ့နှံလာခဲ့၏။ သူမ၏မျက်လုံးထဲတွင်လည်း မုန့်ချီအပေါ် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေပုံရသည်။

"ငါက မိန်းကလေးစုရဲ့အနောက်ကို လိုက်ရင်း ယဲ့တူကို ရောက်လာခဲ့တာ.။ ဒါပေမဲ့ သူက ပုန်းတာ အရမ်းတော်တယ်။ ငါက သူ့ကို ရှာဖို့ အခွင့်အရေးမရခဲ့ဘူး။ ဒါကြောင့် ယောကျ်ားကို အကူအညီလာတောင်းတာလေ... "

သူမက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

ကျောက်စိမ်းတံတားပေါ်တွင်တော့ အလွန်ချောမောခန့်ညားသော လူငယ် တစ်ယောက်နှင့် သိမ်မွေ့ညင်သာသော အဖြူဝတ်မိန်းမပျိုတစ်ယောက် ရပ်နေကြသည်။ သူတို့က အချင်းချင်း မျက်နှာချင်းဆိုင်နေသည်မှာ အင်မော်တယ်စုံတွဲတစ်တွဲကဲ့သို့ ထင်မှတ်ရ၏။ လမ်းသွားလမ်းလာများကတော့ သူတို့ကိုကြည့်ပြီး အားကျနေကြသည်။

သို့သော် မုန့်ချီကတော့ ထိုသို့မတွေးမိခဲ့ပေ။ သူက ဓားရှည်နှင့် ဓားမောက်တို့၏ လက်ကိုင်ကို ကိုင်ထားရင်း သတိထား၍ မေးလိုက်သည်။

"လေဟာနယ်မိန်းမပျိုဂိုဏ်းလား…"

"ဟုတ်တယ်..၊ လေဟာနယ်မိန်းမပျိုဂိုဏ်းမှာရှိတဲ့ ဆန်းကြယ်နတ်သမီးရဲ့ဆက်ခံသူ.."

ကူရှောင်စန်း သူမ၏ဆံပင်လေးများကို သပ်နေရင်း မုန့်ချီဆီသို့ ဆက်၍ လျှောက်လာနေခဲ့သည်။

"အရှင်သခင်ပျက်သုဉ်းခြင်းဓားရဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ် ကျေးဇူးကြောင့် သူတို့တွေက မိုးကြိုးနတ်ဘုရားဆက်ခံသူရဲ့ မွေးရပ်မြေကို ခန့်မှန်းနိုင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့က တောင်(၃)လုံး မြစ်(၄)သွယ်ကိုသွားပြီး ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို ခိုးယူခဲ့တယ်။ သူတို့က အဲဒီထဲမှာ မိုးကြိုးနတ်ဘုရားရဲ့ အငွေ့အသက်တွေ ကျန်နေတာကိုလည်း တွေ့သွားခဲ့တယ်။ ငါက လမ်းတစ်လျှောက် သူတို့နောက်ကို လိုက်လာတာပဲ။ ဒါပေမဲ့ သူတို့က ဟွမ်စီရင်စုထဲမှာ ပျောက်သွားခဲ့တယ်။ ဆန်းကြယ်ကောင်းကင်ကျောက်တုံးရဲ့ အကူအညီနဲ့ သူတို့တွေက နင့်ကို ရှာဖို့ နယ်မြေကျဉ်းသွားလိမ့်မယ်။ ဒါကြောင့် ငါက နင့်ကိုကာကွယ်ပေးဖို့အတွက် သူ့ကိုသတ်ပြီး ကျောက်တုံးကိုပြန်ယူဖို့ စိုးရိမ်နေတာ…"

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲမှ တစ်ခုဖြစ်သော မိန်းကလေးစု၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ ကောင်းမွန်သော အတွေ့အကြုံတစ်ခုတော့ မဟုတ်ချေ။

သို့သော် မုန့်ချီက ကူ‌ရှောင်စန်း၏ စကားလုံးတစ်ဝက်ကိုသာ ယုံကြည်သည်။ အကယ်၍ သူမကသာ သူ့အကြောင်း စိုးရိမ်‌နေမည်ဆိုလျှင် ချင်‌တောင်ဓားဂိုဏ်းတွင် တိုက်ခိုက်ခဲ့သည့်အချိန်ကတည်းက ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို ယူဆောင်သွားပြီး ဖြစ်နိုင်ခြေများအားလုံးကို ရှင်းပစ်နိုင်သည်။

ထိုအချိန်တွင် သူမကိုယ်တိုင်လည်း တောင်(၃)လုံး မြစ်(၄)သွယ်တွင် ရှိနေခဲ့၏။ ဘာကြောင့် သူမက မိန်းကလေးစု ခိုးယူသွားသည်ကို စောင့်နေပြီးမှ ဟွမ်စီရင်စုထဲသို့ လိုက်လာခဲ့ရသနည်း။

"ဟူးး ..ငါက သူနဲ့ငြင်းမနေဘဲ သတိထားနေတာ ပိုကောင်းမယ်…"

ကူ‌ရှောင်စန်းက မုန့်ချီနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်သည်။ ထို့နောက် အပြုံးနှင့် ပြောလိုက်၏။

"ယောကျ်ား..

မိန်းကလေးစုက နင့်ကို မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှု ပေးချင်နေမယ်လို့ ထင်နေတာလား။ သူက နင့်ကို လူသားမီးဖိုအဖြစ် ပြောင်းဖို့ ဖမ်းချင်နေတာ.. "

မိန်းကလေးစုက သနားကြင်နာမှုကြောင့် နာမည်ကျော်ကြားခြင်း မဟုတ်ပေ။ ထို့ကြောင့် ထိုအရာက ပထမအကြောင်းပြချက် မဟုတ်ကြောင်း မုန့်ချီက သေချာသိနေသည်။ အကယ်၍ သူမ၏ချစ်သူ ယခင်အရှင်သခင်သာ အသက်ရှင်နေဦးမည်ဆိုလျှင်တော့ ဖြစ်နိုင်ခြေရှိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဆန်းကြယ်နတ်သမီးက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့သည်။ ဘာကြောင့် သူတို့က မုန့်ချီကို အခွင့်အရေးပေးမည်နည်း။

ကူ‌ရှောင်စန်းက အလေးအနက် ပြောလိုက်၏။

"အဲဒီမြေခွေးမတွေက နင့်ကို အိပ်ယာထဲမှာ ဘယ်လိုနည်းလမ်းတွေသုံးပြီး အသုံးချမလဲဆိုတာ နင်က သိချင်နေတာလား။ တကယ်လို့ နင်က အဲဒီလိုနည်းလမ်းမျိုးကို ကြိုက်တယ်ဆိုရင် လော်အဖွဲ့အစည်းမှာလည်း အဲဒီလိုအရာမျိုးတွေရှိတယ်…"

သူမက စကားပြောနေရင်း မျက်နှာလေးက နီရဲလာသည်။

ထိုနတ်ဆိုးမက မိန်းကလေးကျိ မဟုတ်သည့်အတွက် အလွန်ရှက်နေသည်ကို မုန့်ချီက မယုံကြည်နိုင်ခဲ့ပေ။ သူက စဉ်းစားပြီးပြောလိုက်၏။

"ရှောင်စန်း …

နင့်ရဲ့အစွမ်းနဲ့ လော်အဖွဲ့အစည်းမှာရှိတဲ့ နောက်လိုက်တွေရဲ့အစွမ်းအရ သူ့ကို သတ်ဖို့က လွယ်လွယ်လေးပဲ….”

“ဘာလို့ သူက ငါ့ကို ဆွဲဆောင်နေတာလဲ။ လေဟာနယ်မိန်းမပျိုရဲ့ ဆက်ခံသူကို သတ်လိုက်မယ်ဆိုရင် ရောက်လာနိုင်မယ့် အန္တရာယ်တွေကို ငါက တကယ်ပဲ ရှောင်တိမ်းနိုင်မှာလား။ ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က သေချာပေါက် အဲဒါ မဖြစ်နိုင်ဘူး…"

အဂတိသခင်မ၏ လက်အောက်ခံဖြစ်သော လော်အဖွဲ့အစည်းက အလွန်အစွမ်းထက်ပြီး သူတို့၏သတင်းကွန်ရက်က နေရာတိုင်းတွင် ဖြန့်ကျက်ထားနိုင်သည်။ ထို့ကြောင့် ကူရှောင်စန်းက သူ့ကို လာရှာနိုင်ပြီး အရာအားလုံးကို သိနေသည့်အပေါ် မုန့်ချီက အံ့ဩနေခြင်း မရှိချေ။

သူမကို အစွမ်းထက်သော အဖွဲ့အစည်းတစ်ခုက ထောက်ပံ့ပေးထား၏။ နတ်ဘုရားမတစ်ပါး ဖြစ်သည့်အတွက် သူမက အရင်းအမြစ်များကိုလည်း အမြင့်ဆုံး ရနိုင်သည်။ ထိုအတွက်ကြောင့် ယဲ့တူကဲ့သို့သော အရေးကြီးသောမြို့ကြီးများတွင် လော်အဖွဲ့အစည်းမှ ဝေကျင်းအဆင့် ပညာရှင်များပင် စောင့်ကြပ်နေနိုင်သည်။

"ငါကလွဲရင် လူတိုင်းက ဒီတာဝန်အတွက် သင့်တော်တယ်လေ။ ဘာလို့ ငါ့ကိုရွေးနေရတာလဲ…"

ကူရှောင်စန်းက မျက်နှာကိုအုပ်ပြီး သက်ပြင်းရှိုက်လိုက်မိသည်။

"အဲဒီမြေခွေးမက ဝမ်မိသားစုနဲ့ ပေါင်းနေတယ်။ ဒါကြောင့် ငါက သူ့ကိုသတ်ဖို့ အခွင့်အရေး ရှာမရဘူး။ အဲဒါကို လျှို့ဝှက်ချက်အဖြစ်ထားတာက ပိုပြီးကောင်းတယ်။ မဟုတ်ရင် သက္ကတဓမ္မရာဂျ၊ နတ်ဆရာနဲ့ တစ်ခြားပညာရှင်တွေက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး…"

သူမက နီရဲနေသော မျက်နှာလေးနှင့် ရှက်ရွံ့စွာ ထပ်ပြောလိုက်သည်။

"ဒါကြောင့် နတ်ဘုရားမက သူ့ယောကျ်ားကို တိတ်တိတ်ဆိတ်ဆိတ်ပဲ လာရှာရတာပေါ့… "

"အပိုတွေလာမပြောနဲ့။ ငါက နင့်ယောကျ်ားဆိုတာ ဘယ်သူမှယုံမှာမဟုတ်ဘူး…"

မုန့်ချီက စိတ်ထဲတွင် ရေရွတ်မိခဲ့သည်။ လှေပေါ်တွင် သူတွေ့ခဲ့သော သံလက် မကောင်းဆိုးဝါးနှင့် ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးတို့က အတုဖြစ်နိုင်ကြောင်း တွေးမိသွား၏။

“ရှန်ရှို့မေက လေဟာနယ်မိန်းမပျိုဂိုဏ်းမှာရှိတဲ့ ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူလား။ ဒါပေမဲ့ အစစ်အမှန် သံလက်မကောင်းဆိုးဝါးကိုလည်း ငါပဲ သတ်လိုက်တာလေ။ ဒါကြောင့် ရှန်ရှို့မေရဲ့ အစစ်အမှန်နောက်ကြောင်းက ပေါ်သွားရမှာ မဟုတ်လား… "

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…"

ကူရှောင်စန်းက တိတိကျကျမဖြေခဲ့ပေ။

"ဘာကို ဖြစ်ကောင်းဖြစ်နိုင်တာလဲ "

မုန့်ချီက ပြန်မေးလိုက်၏။

ကူရှောင်စန်းက မချိုမချဉ်ပြုံး၍ မေးလိုက်သည်။

"ယောကျ်ား.. နင်က ငါ့ကို ကတိမပေးနိုင်ဘူးလား…"

မုန့်ချီကတော့ တံတွေးသီးလုမတတ်ဖြစ်သွားခဲ့၏။ ကူရှောင်စန်းက အလွန်ဆိုးသွမ်းသော မိန်းမပျို တစ်ယောက်ဖြစ်သည်။

သူမက အပြုံးနှင့် ဆက်ပြောလိုက်၏။

"ငါ့ဆီကို ရောက်လာတဲ့သတင်းတစ်ခုရှိတယ်။ လေဟာနယ်မိန်းမပျိုဂိုဏ်းမှာ ခရမ်းမိုးကြိုးဓား(၇)ချက်ကို ကျွမ်းကျင်ထားတဲ့ ဝေကျင်းအဆင့် ပညာရှင်တွေက အခု တောင်ဘက်ကို ထွက်လာနေကြပြီ။ သူတို့တွေက မိုးကြိုးနတ်ဘုရားရဲ့ ဆက်ခံသူကို တွေ့တာနဲ့ ချက်ချင်းသတ်ပစ်ဖို့ စီစဉ်ထားကြတယ်။ သူတို့က နောက်လဝက်လောက်နေရင် ဒီနေရာကို ရောက်လာကြလိမ့်မယ်။ ယောကျ်ား… ဘာမှမစိုးရိမ်ပါနဲ့။ ငါတို့မှာ အချိန်အများကြီးရှိပါသေးတယ်။ ဒီတော့ နင်က ငါ့ကိုကူညီပြီး အဲဒီမြေခွေးမကို သတ်ပေးမလား မသတ်ပေးဘူးလားဆိုတာ ကောင်းကောင်းစဉ်းစားလိုက်ပါဦး။ ငါက နင့်ကို နောက်ရက်ကျမှ လာရှာမယ် …"

သူက စကားပြောလိုက်ပြီးနောက် ရှေ့သို့ ဖြည်းညင်းစွာလျှောက်သွားပြီး မုန့်ချီကို ဖြတ်ကျော်သွားခဲ့သည်။သူမ၏မျက်နှာလေးက သန့်စင်နေပြီး နတ်ဆိုးဆန်သည့် အငွေ့အသက်မျိုး မရှိချေ။

မုန့်ချီကတော့ သတိထားနေပြီး ကူရှောင်စန်းကို ပြန်လှည့်မကြည့်ခဲ့ပေ။ ကူရှောင်စန်းက လမ်းဝင်ပေါက်တွင် ပျောက်ကွယ်သွားသည့်အချိန်မှသာ သူလည်း စိတ်အေးသွားခဲ့၏။

"လေဟာနယ်မိန်းမပျိုဂိုဏ်း..."

သူက တစ်ယောက်တည်း တီးတိုး‌ရေရွတ်လိုက်မိသည်။

Translated by Hein Htet

All Chapters