← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

ရှန်ရှို့မေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ယဲ့တူမှာရှိတဲ့ သိုင်းသင်တန်းကျောင်းတွေက သာမန်တပည့်တွေကို အဆင့်မီလာအောင် မြင့်တင်ပေးနိုင်တဲ့ စင်မြင့်တစ်ခုပဲ.။ သူတို့တွေက တော်တော်လေးကို ထူးခြားတဲ့လုပ်ရပ်တွေ လုပ်ပေးနေတာလို့ သတ်မှတ်နိုင်တယ် ..”

အလွန်လေးစားနေသော သူမ၏ အမူအရာထဲတွင် သာမန်လူတန်းစားများအပေါ် သနားငဲ့ညာပေးနေသော ခံစားချက်များ ပါဝင်နေသည်။ ထို့ကြောင့် သူမက လူသားကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးလှလှလေး တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

ဝမ်ဆဲက ဘေးတွင် ရှိနေသော သူမကို စိုက်ကြည့်ပြီး မျက်နှာလေးကို သဘောကျနေခဲ့သည်။ ခဏကြာပြီးနောက် သူကိုယ်တိုင်လည်း သူမ၏ အလှတရားများကြောင့် နစ်မျောသွားခဲ့ရသည်။

သိပ်မကြာခင် ထိုလူများက ပြိုင်ပွဲကို အာရုံစိုက်နေကြ၏။ သူတို့ထဲတွင် ယဲ့တူမြို့ထဲရှိ အစိမ်းရောင် လက်ပတ်ဝတ် လူဆိုးထိန်း ကုံယု ၊ ဟွမ်မိသားစုမှ ပြင်ပရေးရာအကြီးအကဲ ဟွမ်ယွမ်ဟွာ၊ ဟွမ်ဟွာဓားဂိုဏ်းမှ ပြင်ပရေးရာ ဂိုဏ်းထောက် လျှံရွှေယောင်နှင့် တာဝန်ခံချီတို့လည်း ပါဝင်နေကြသည်။

သူတို့က ဤနေရာတွင် သူတို့၏ ဂိုဏ်းများ၊ အဖွဲ့များအတွက် လူသစ်များ ခေါ်ရန် ရောက်နေကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများက ခန်းမထဲတွင် အချင်းချင်း ယှဉ်ပြိုင်‌‌နေကြသည်။ သို့သော် ဤနေရာတွင် နာမည်ကျော်များ စုစည်းနေကြသည့်အတွက် ‌အရေးကြီးဆုံးပြိုင်ပွဲများ ကျင်းပနေကြောင်း သိသာ၏။

ဝမ်ဆဲက တိုက်ပွဲကွင်းပြင်ထဲရှိ တိတ်ဆိတ်ငြိမ်သက်သော လူငယ်ကိုကြည့်ပြီး ရှန့်ရှိုမေကို မိတ်ဆက်ပေးလိုက်သည်။

"ဒါကတော့ လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းက ချောင်ချန်းယဲ့လို့ခေါ်တယ် ...။ သူက အသက်(၁၉)နှစ်ပဲ ရှိသေးပေမယ့် မျက်လုံးတံခါး ပွင့်နေပြီ။ ငါတို့မိသားစုက စွမ်းရည်ထက်မြက်သူတွေကို တန်ဖိုးထားမှတော့ ငါတို့က သူ့ကို အဆင့်မြင့် သိုင်းပညာတွေ လေ့ကျင့်ဖို့ အခွင့်အရေးပေးခဲ့တယ် ..”

သူက ယနေ့ သိုင်းပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များ စုဆောင်းရန် သူ့အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ထိုသို့ဆိုလျှင် သူက ရှန်ရှို့မေကို ရှင်းပြနိုင်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူက သူ့ဂိုဏ်းကို ရောက်နေသော ချောင်ချန်းယဲ့အပေါ် နားလည်နေခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့လို သခင်လေးဝမ်က မျက်လုံးတံခါးသာ ပွင့်နေသေးသော လူငယ်တစ်ယောက်ကို မည်သို့သိနိုင်မည်နည်း။

ရှန်ရှို့မေက ချောင်ချန်းယဲ့ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက အလွန်ရိုးသားပုံရသော ပြိုင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူကတော့ ပြိုင်ပွဲအခြေအနေကို စိတ်ဝင်စားပုံ မရချေ။

"သူကရော ဘယ်သူလဲ ..."

ဝမ်ဆဲက အနည်းငယ် ငြိမ်သက်သွားခဲ့သည်။ သူ့အနားတွင် ရှိနေသော အစေခံအိုကြီးက လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် သူ့ကို အချက်အလက်များ ပြောပြခဲ့၏။

သူက ချောင်းဟန့်လိုက်ပြီး အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

"အဲဒါကတော့ ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်းက ဟယ်မူလို့ခေါ်တယ်။ သူက အခြေခံ ချီစုဆောင်းရေးအဆင့်ပဲ ရှိသေးတယ် .....။ မနေ့တုန်းက ပြိုင်ပွဲ(၅)ပွဲ အနိုင်ရခဲ့တယ်.။ သူ့ရဲ့ဓားပညာက အတော်လေးထူးခြားတယ်.."

"သူက ဒီလိုကျင့်စဉ်အဆင့်မျိုးနဲ့ (၅) ပွဲဆက်တိုက်တောင် အနိုင်ရခဲ့တာလား..."

ရှန်ရှို့မေက အံ့ဩသွားခဲ့၏။ ထိုကဲ့သို့ ပြိုင်ပွဲမျိုးတွင် မျက်လုံးတံခါးပွင့်နေသူများနှင့် အခြေခံချီစုဆောင်းရေးအဆင့် ပြိုင်ပွဲဝင်များက အနည်းငယ်လေးသာ ရှိသည်။ အများစုကတော့ အဆင့်မြင့်ချီစုဆောင်းရေးအဆင့် ပညာရှင်များ ဖြစ်ကြ၏။

ထိုလူငယ်လေးကတော့ (၅) ပွဲဆက်တိုက် အနိုင်ရခဲ့သည့်အတွက် ချောင်ချန်းယဲ့ ကဲ့သို့ ထူးချွန်သောလူတစ်ယောက်နှင့် ပြိုင်ပွဲကို မတွေ့လျှင်ပင် အနည်းဆုံးတော့ အဆင့်မြင့် ချီစုဆောင်းရေးအဆင့် ပြိုင်ဘက်များနှင့် သေချာပေါက် တွေ့ရမည်ဖြစ်သည်။ သူက မည်သို့ ပြိုင်ဘက်ကင်းဖြစ်နိုင်မည်နည်း။

ဝမ်ဆဲက လက်နောက်ပစ်ထားရင်း ‌ချောင်ချန်းယဲ့နှင့် ဟယ်မူတို့ကို လှမ်းကြည့်လိုက်သည်။ ခဏ ရပ်ပြီးနောက် သူက ပြောလိုက်၏။

"ဒိုင်လူကြီးတွေနဲ့ ပွဲကြည့်သူတွေရဲ့ သုံးသပ်ချက်တွေအရ ဟယ်မူက သူ့ဓားကို ကျားစေ့တစ်စေ့လို သုံးနေတာပဲ..။ သူက ကစားကွက်တွေကို ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ပြီး အံ့အားသင့်ဖွယ် တိုက်ခိုက်နိုင်တယ် ...။ သူ့ရဲ့တိုက်ပွဲတိုင်းမှာ လှည့်ကွက်တွေ ပြည့်နေတယ်..။သူ့ရဲ့ဓားသိုင်းပညာက လူငယ်တစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံမျိုး မဟုတ်ဘူး...”

“ဒါ‌‌ဆိုရင် သူ့ရဲ့နောက်ကွယ်မှာ သင်ကြားပေးနေတဲ့ ပညာရှင်တစ်ယောက် ရှိနေတာလား ..."

ရှန်ရှို့မေက စိတ်ဝင်တစား မေးလိုက်သည်။

ဝမ်ဆဲက ‌ပြုံးလိုက်၏။

"အဲဒီလို ဖြစ်နိုင်ချေရှိတယ်..။ သူ့ရဲ့ဓားသိုင်းပညာ ပုံဖော်ပုံတွေက တစ်ယောက်ယောက် သင်ပေးထားတာလို့ သံသယရှိနေတယ် .။ ဒါပေမယ့် သူက ဓားပါရမီရှင် တစ်ယောက် ဖြစ်နေနိုင်တာကိုလည်း ဖယ်ထားလို့တော့ မရဘူး ...."

ရှန်ရှို့မေကတော့ ပို၍ပင် မိန်းကလေးဆန်စွာ ပြောလိုက်သည်။

"အစ်ကိုဝမ် ..

သူက ထိပ်တန်းပညာရှင်တစ်ယောက်ရဲ့ အကြံပေးချက်ကို ရနေမှတော့ ချောင်ချန်းယဲ့ကို အနိုင်ရနိုင်လောက်လား ...."

"အဲဒါတော့ မဖြစ်နိုင်ဘူး ....."

ဝမ်‌ဆဲက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

"သူတို့ရဲ့ကျင့်စဉ်အဆင့်တွေက ကွာဟမှုက တော်တော်ကြီးတယ် ...."

ချောင်ချန်းယဲ့က သူရဲ့အစွမ်းနဲ့ အရှိန်ကို သုံးပြီး ဟယ်မူရဲ့ လှည့်ကွက်တွေကို ဖျက်ဆီးပစ်နိုင်တယ်.။ သူတို့ရဲ့ကွာဟချက်ကို နီးစပ်စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ဆရာကိုယ်တိုင် ပြိုင်ပွဲကို ရောက်လာပြီး သူရဲ့အတွေ့အကြုံတွေ ဓားပညာတွေအရ ဟယ်မူကို ညွှန်ကြားမှပဲရမယ် ...."

ရှုန်ရှို့မေက ဝမ်ဆဲကို လေးစားနေသည့် အကြည့်မျိုးနှင့် ကြည့်လိုက်၏။ သူပြောသည့် စကားလုံးများက လက်ခံနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ဝမ်ဆဲက အတော်လေးကို ဂုဏ်ယူဝင့်ကြွားနေ၏။

"သူက ပထမဆုံးတိုက်ပွဲမှာ ဆက်တိုက် ရှောင်တိမ်းပြီး ခုခံနေတယ်။ တဖြည်းဖြည်းနဲ့ ပိုင်လျန့်က အားနည်ချက်တွေ များလာတဲ့အချိန်မှာ သူ့ရဲ့တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘူး .။ ထူးခြားတဲ့ဓားပညာ ...။ သတိထားတတ်တဲ့ လူတစ်ယောက် ...။ ပြိုင်ဘက်ကို သူ့ရဲ့ထောက်ချောက်တွေထဲ ဆွဲခေါ်တတ်တယ် .။ ပြီးတော့ ကစားကွက်ဖော်ရာမှာ ကျွမ်းကျင်တယ် ...."

တိုက်ပွဲစင်မြင့်ပေါ်တွင် ရှိနေသော ချောင်ချန်းယဲ့ကတော့ သူ့အတွက် ဂိုဏ်းတူအစ်ကိုများ ၊ ဂိုဏ်းတူညီများ ပြင်ဆင်ပေးထားသော အချက်အလက်များကို ပြန်လည်စဉ်းစားနေခဲ့သည်။ ထိုသို့‌ဆိုလျှင် သူ့ရှေ့၌ ရှိနေသော ပြိုင်ဘက်အကြောင်းကို စနစ်တကျသိနိုင်၏။

သူက တည်ငြိမ်အေးချမ်းနေပြီး စိတ်ထဲတွင် ကြည်လင်နေသည်။ သူက ပြိုင်ဘက်ကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခုလည်း ပြင်ဆင်ထားခဲ့၏။ ကြည့်လိုက်မည်ဆိုလျှင် ဟယ်မူ၏ ‌ဓားသိုင်းပညာက ထူးခြားသော်လည်း သူ၏ ကျင့်စဉ်အဆင့်ကတော့ မြင့်မားမှု မရှိချေ။

စွမ်းအားအရဖြစ်စေ၊ အရှိန်အရဖြစ်စေ ၊ တုန့်ပြန်မှု အရဖြစ်စေ ဟယ်မူက သူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ အရေးကြီးဆုံးအရာကတော့ သူက မျက်လုံးတံခါးပွင့်နေပြီး အလွန်လျင်မြန်စွာ လှုပ်ရှားနေသောအရာများကိုပင် အာရုံခံနိုင်သည်။ အကယ်၍ သူက ဟယ်မူ၏ ထောက်ချောက်ထဲသို့ ကျသွားမည်ဆိုလျှင်ပင် သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သေး၏။

သူက စွမ်းအားနှင့်အရှိန်ကို သုံးပြီး ဟယ်မူ၏ ထောက်ချောက်များကို ဖျက်စီးပစ်နိုင်လိမ့်မည်။သို့သော် သူက ထောက်ချောက်ထဲသို့ မိသွားမည်ဆိုလျှင် ဟယ်မူ၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် စွမ်းအားတစ်ချို့ ချန်ထားရန် လိုအပ်၏။

သူ့ရှေ့တွင် ရှိနေသော ဟယ်မူကတော့ အနိုင်ရရန် ဆန္ဒ ရှိပုံမရချေ။ သူကတော့ မျက်လုံးတံခါးပွင့်နေသော လူတစ်ယောက်ကို လုံးဝ အနိုင်မရနိူင်ကြောင်း တိတိကျကျ သိနေသည်။သူက ယနေ့ ဤနေရာ၌ ရပ်နေသည်မှာ ဆရာလေးစု၏ ဇာတ်လမ်း၊ ဇာတ်ကွက်ကို သက်သေပြချင်ရုံသာ ဖြစ်သည်။

ယမန်နေ့တွင ်ပြောခဲ့သော ဆရာလေးစုပြောခဲ့သော စကားလုံးများက သူ့ခေါင်းထဲတွင် ရှိနေသေး၏။ သူက ထိုအရာကို စမ်းသပ်ကြည့်ချင်နေသည်။

"စွမ်းအားအရပဲဖြစ်ဖြစ်၊ စွမ်းရည်အရပဲဖြစ်ဖြစ် ၊ အရှိန်အရပဲဖြစ်ဖြစ်..။ မင်းက ပြိုင်ဘက်ကို မယှဉ်နိုင်ဘူး..။ တိုက်ပွဲစတာနဲ့ မင်းက ဘယ်လို ဇာတ်လမ်းမျိုးကိုပဲ ဖန်တီးပါစေ .။ ဘယ်လိုထောက်ချောက်မျိုးကိုပဲ ဆင်ထားပါစေ..။ သူ့ကို အနိုင်ရဖို့ မဖြစ်နိုင်ဘူး..”

“မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးကတော့ အရင်တိုက်ပွဲ(၅) ခုမှာ မင်းကိုယ်တိုင် ဖန်တီးထားတဲ့ ပုံရိပ်တွေပဲ...။ အဲဒါကြောင့် မင်းရဲ့ပြိုင်ဘက်က သတိထားနေပြီး မင်းရဲ့ထောက်ချောက်တွေကို ကြည့်နေလိမ့်မယ်...။ မင်းက ဇာတ်လမ်းဇာတ်ကွက် ဆင်တတ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သိနေတဲ့အတွက် မင်းရဲ့ပြိုင်ဘက်ကသာ မဆင်မခြင် လုပ်တတ်တဲ့လူတစ်ယောက် မဟုတ်ဘူးဆိုရင် အရင်ဆုံး သူ့ကိုယ်သူ ကာကွယ်ထားလိမ့်မယ် ..။ ပြီးတော့ မင်းရဲ့လှုပ်ရှားမှုတွေက သူ့ကို ထောက်ချောက်ဆင်ထားနိုင်လားဆိုတာ တွက်ချက်နေလိမ့်မယ်..။ အဲဒါအပြင် မင်းကို ရင်ဆိုင်ဖို့အတွက် သူ့ရဲ့စွမ်းအားတစ်ချို့ကို ချန်ထားလိမ့်မယ် ..။ အဲဒါက မင်းအတွက် အခွင့်အရေးပဲ ...."

"ဒါက သိုင်းပြိုင်ပွဲတစ်ခု.။ အစစ်အမှန်တိုက်ပွဲ တစ်ခုမဟုတ်ဘူး.။ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် တစ်ယောက်က သူ့ရဲ့ အဆင့်အတန်းကို သေချာပေါက်ထိန်းသိမ်းထားလိမ့်မယ် ...။ ဒါကြောင့် မင်းကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးလိမ့်မယ်...။ တကယ်လို့ မင်းရဲ့ပြိုင်ဘက်က တကယ့်ကို မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ မင်းက အနိုင်ရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ...”

“ဒါက အလုပ်ဖြစ်ပါ့မလား..။ ဒါက တကယ့်ကို အလုပ်ဖြစ်နိုင်မှာလား ..."

ဆရာလေးစု၏ ထူးဆန်းသော နည်းစနစ်က လက်ခံနိုင်စရာ မရှိချေ။

အလွန်အမင်းကို ထူးဆန်းနေ၏။ ထိုအရာက သာမန်သာ ထင်မှတ်ရပြီး ထူးခြားဆန်းကြယ်မှုများ မရှိချေ။ ဆရာလေးစု၏ စကားလုံးများက သူ့နားထဲတွင် ကြားနေရသေးသည်။

ထိုအချိန်တွင် ဟယ်မူက ဓားရှည်ကို ထုတ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်၏။ ချောင်ချန်းယဲ့ကတော့ သူ့အဆင့်အတန်းကို စဉ်းစားပြီး ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ခံထားလိုက်သည်။ သူက ပြိုင်ဘက်ကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးခဲ့၏။

ဟယ်မူက ပင့်သက်ရှိုက်လိုက်၏။ ခန္ဓာကိုယ်ထဲတွင်လည်း ချီစွမ်းအင်များ ထွက်ပေါ်လာနေပြီး ခါးနှင့် ခြေထောက်ဆီသို့ စွမ်းအားများ ပို့၍ ပင်လယ်ထဲ ကျောက်ချသိုင်းကွက်ကို သုံးလိုက်သည်။ ထိုသိုင်းကွက်တွင် သူနှင့်စွမ်းအားနှင့် ချီစွမ်းအင်များ အားလုံး ပါဝင်နေပြီး နောက်ပြန်ဆုတ်ရန် အနည်းငယ်လေးပင် မကျန်တော့ပေ။

ဆရာလေးစု နောက်ဆုံးပြောခဲ့သော စကားလုံးများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေသေး၏။

"နောက်ဆုတ်လို့ မရဘူး ....။ နောက်ဆုတ်ဖို့ အကြောင်း မရှိဘူး ...”

နေရောင်ခြည်က ခန်းမကြီးထဲသို့ ကျဆင်းလာနေသည့်အတွက် ဓားပေါ်မှ ထွက်ပေါ်လာသော အလင်းတန်းက အလွန်တောက်ပပြီး တလက်လက်နှင့် လှပနေသည်။ ဓားအလင်းတန်းက အလွန်ကျယ်ပြောလှသော ပင်လယ်ပြာကြီးထဲတွင် သင်္ဘောကြီးတစ်စီးကဲ့သို့ ထင်မှတ်ရသည်။ ထိုသင်္ဘောကြီးက အတည့်အတိုင်း သွားလာနေပြီး ကြီးကျယ်ခမ်းနားပုံပေါ်၏။

ထိုအရာက ဟယ်မူ သုံးခဲ့သမျှ သိုင်းကွက်များထဲတွင် အမြန်ဆုံးနှင့် အစွမ်းထက်ဆုံး ဖြစ်သည်။ အကယ်၍ သူကိုယ်တိုင် ထိုသိုင်းကွက်ကို ရင်ဆိုင်ရမည်ဆိုလျှင် အဆင့်မြင့်ချီစုဆောင်းရေး အဆင့်ကို မရောက်မချင်း တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သူက ထိုအရာကို ရှောင်တိမ်းရန်တော့ လျင်မြန်နေသေးသည်။

ဟယ်မူ၏လှုပ်ရှားမှုက အလွန်လျင်မြန်သော်လည်း ချောင်ချန်းယဲ့ကတော့ သူ့ကို သေချာခွဲခြားနိုင်သေးသည်။ သူက တန်ပြန်တိုက်ခိုက်ရန် အချိန်လုံလုံလောက်လောက် ရှိနေသေး၏။

“သတိထားတတ်တယ်။ ဓားပညာနဲ့ ထောင်ချောက်တွေကို ကျွမ်းကျင်တယ်။ သူ့ရဲ့လှုပ်ရှားမှုတိုင်းမှာ ထောင်ချောက်တွေ ပြည့်နှက်နေတယ်…”

ထိုအရာအားလုံးကို စဉ်းစားနေသည့်အတွက် သူက ဓားရှည်ကို ဆွဲထုတ်ပြီး ဟယ်မူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည့်အချိန်တွင် စွမ်းအားတစ်ချို့ ထိန်ချန်ထားခဲ့သည်။

“ချွင်...”

ဓားချင်း ရင်ဆိုင်မိလိုက်သည့်အချိန်တွင် သူ့ဓားက အဝေးသို့ လွင့်သွား၏။

“ဒီအစွမ်း...ဟယ်မူက စွမ်းအားနည်းနည်းလေးတောင် ချန်မထားတာလား။ သူက အစွမ်းကုန် တိုက်ခိုက်လိုက်တာလား။ သူက ဒီလောက်ထိ မဆင်မခြင် တိုက်ခိုက်ပြီး နောက်ထပ်တိုက်ခိုက်ဖို့ မစဉ်းစားတော့တာလား…”

ချောင်ချန်းယဲ့၏လက်က ထုံကျင်သွားခဲ့ပြီး ဓားလည်း လက်ထဲမှ အနည်းငယ် လွတ်ကျသွားခဲ့၏။

ဟယ်မူ၏လက်ကတော့ တုန်ယင်နေသော်လည်း စွမ်းအားနှင့်အရှိန်က ဆက်၍ ရှိနေသေးပြီး ပြိုင်ဘက်ကို ရင်ဆိုင်နိုင်သည်။

ချောင်ချန်းယဲ့က ထိုဓားကို ရှောင်တိမ်းရန် အလွန်နောက်ကျနေပြီဖြစ်သည်။ ဓားက သူ့ခန္ဓာကိုယ်ဆီသို့ ရောက်လာခဲ့၏ ။ ထိုအချိန်တွင် သူက လက်ကျန်စွမ်းအားများကိုသုံးပြီး ဓားကို ရှောင်တိမ်းလိုက်ရသည်။ သူက အံကြိတ်ပြီး ကြမ်းပြင်ပေါ်တွင် တစ်ပတ်လှိမ့်၍ ဟယ်မူ၏ဓားကို ရှောင်တိမ်းလိုက်ရ၏။

ထို့နောက် သူက ရှက်ရွံ့‌ဒေါသထွက်ကာ လေထဲသို့ ခုန်ထလိုက်သည်။ သူက ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် ဟယ်မူက သူ့ဓားကို ရုတ်သိမ်းလိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

“ကျွန်တော် အရှုံးပေးတယ်…”

သူက အတော်လေးကို ဝမ်းသာနေခဲ့၏။ မျက်လုံးတံခါး ပွင့်နေသော ပညာရှင်တစ်ယောက်ကို ထိုကဲ့သို့ အခြေအနေမျိုးထိ တွန်းပို့နိုင်ခဲ့သည်မှာ သူ့အတွက် အိမ်မက်တစ်ခုထက်ပင် ကျော်လွန်နေခဲ့သည်။

အကယ်၍ သူကသာ အဆင့်မြင့်ချီစုဆောင်းရေးအဆင့်သို့ ရောက်ရှိနေခဲ့မည်ဆိုလျှင် ၊ သူ၏အတွင်းအားနှင့် စွမ်းအားများက ပို၍အစွမ်းထက်လာနိုင်ပြီး အရှိန်ကလည်း ပိုမြန်လာနိုင်သည်။ ချောင်ချန်းယဲ့က သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ချေ။

သို့သော် သူက ချောင်ချန်းယဲ့ကို အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်ခဲ့သည်မှာ အခြေအနေအရပ်ရပ်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သိနေသည်။

သူက ပထမဆုံး တိုက်ခိုက်နိုင်ခဲ့သည်မှာ ကံကောင်းသွား၏။ ချောင်ချန်းယဲ့က သူ့ကို သူသေကိုယ်သေ မတိုက်ခိုက်ခဲ့သည်မှာလည်း ကံကောင်းသွားသည်။ သူက ဇာတ်လမ်းဆင်သောပုံရိပ်တစ်ခု ဖန်တီးနိုင်ခဲ့ပြီး ချောင်ချန်းယဲ့ကို စိုးရိမ်မှုပေးနိုင်သည်မှာ ကံကောင်းသွားသည်။ ချောင်ချန်းယဲ့ကလည်း သတိထားနေတတ်သော လူတစ်ယောက် ဖြစ်နေသည်မှာ ကံကောင်းသွား၏။

ထိုကဲ့သို့ အခြေအနေအရပ်ရပ်အပြင် အရေးကြီးဆုံးအရာကတော့ ဆရာလေးစု၏ ဉာဏ်ပညာသာဖြစ်သည်။ အကယ်၍ သူက တစ်ခြားသော အလေးသာမှုများ ရှိနေလျှင်ပင် ချောင်ချန်းယဲ့၏ လက်ထဲ၌ အလွယ်တကူ ရှုံးနိမ့်သွားနိုင်သည်။

ဒုတိယထပ်တွင် ရှိနေသော ဝမ်ဆဲကတော့ ဇဝေဇဝါဖြစ်နေသော ချောင်းချန်းယဲ့ကိုကြည့်၍ ဒေါသထွက်နေခဲ့၏။ သူက ဟယ်မူ၏ဓားကို ရင်ဆိုင်ရသည့်အခါ ကြမ်းပြင်တွင်လှိမ့်၍ ရှောင်လိုက်ရသည်။

“သူက ဘာတွေစဉ်းစားနေတာလဲ။ ဒီလိုတိုက်ပွဲမျိုးမှာ အာရုံပြန့်သွားလို့ရမလား..”

သူက ချောင်ချန်းယဲ့အပေါ် အတော်လေး ဒေါသထွက်နေခဲ့၏။

ဟယ်မူ၏တည်ငြိမ်မှုကိုမြင်သည့်အခါ ရှန်ရှို့မေကလည်း တစ်ယောက်တည်း စဉ်းစားနေမိသည်။

အနားတွင် ရှိနေသော‌ ချီကျန်းရန်ကတော့ ခေါင်းညိတ်ပြီး ဟယ်မူ၏တိုးတက်လာမှုကို ချီးကျူးနေခဲ့သည်။

အစေခံအိုကြီးက နှုတ်ခမ်းကို အနည်းငယ်လှုပ်ရှားလိုက်ရာ အသံထွက်မလာခဲ့ပေ။ ထိုအချိန်ကျမှသာ ဝမ်ဆဲ၏မျက်နှာက တည်ငြိမ်သွားခဲ့သည်။

“ချောင်ချန်းယဲ့က စဉ်းစားတာတွေ အရမ်းများနေတဲ့အတွက် ဒီလိုဆိုးဆိုးရွားရွား အခြေအနေကို ကြုံလိုက်ရတာ။ သူ့ရဲ့အရင်တိုက်ပွဲ(၅)ခုကြောင့် ဟွာမူက သတိထားပြီး ဉာဏ်ရှိတယ်ဆိုတဲ့ ပုံရိပ်တစ်ခု ဖန်တီးနိုင်တယ်။ ပြီးတော့ သူက ဓားပညာနဲ့ ထောင်‌‌ချောက်ကျွမ်းကျင်တယ်ဆိုတာကို သိနေတယ်။ ချောင်ချန်းယဲ့ကတော့ ဖြစ်န်ုင်ခြေရှိတဲ့ ထောင်ချောက်တွေကို ပြင်ဆင်နေရင်း ဟယ်မူက သူ့ကို အစွမ်းကုန်တိုက်ခိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ…”

“အံ့ဩသွားတဲ့ တခဏအတွင်းမှာ ဟယ်မူက ပေါက်ကွဲဖို့ အခွင့်အရေးတစ်ခု ရသွားတာပဲ။ ဟယ်မူရဲ့ပထမ(၅)ပွဲမှာရှိတဲ့ စွမ်းဆောင်ရည်ကို ထောင်ချောက်တစ်ခုအဖြစ် အသုံးချနိုင်တယ်ဆိုတော့ သူ့ဆရာက တကယ့်ကို ဉာဏ်ကောင်းပြီး အမျှော်အမြင်ရှိတယ်လို့ ပြောရမယ်။ တကယ့်ကို ကြောက်စရာကောင်းတာပဲ။ တကယ်လို့ အစ်ကိုဝမ်စစ်ယွမ်သာ မြစ်အရှေ့ပိုင်းမှာ ရှိနေဦးမယ်ဆိုရင် ဟယ်မူရဲ့ဆရာက သူဖြစ်နေမယ်လို့တောင် ငါက သံသယဝင်နေမိမှာ။ တကယ်လို့ သူသာဆိုရင် ချောင်ချန်းယဲ့အတွက် မျှော်လင့်ချက်မရှိနိုင်ဘူး…”

ရှန်ရှို့မေက လေးလေးစားစား ပြောလိုက်သည်။

“အစ်ကိုဝမ်..

အစ်ကိုဝမ်ရဲ့စကားအရဆိုလျှင် ဟယ်မူရဲ့နောက်ကွယ်မှာရှိတဲ့ဆရာကိုလည်း လျှော့တွက်လို့ မရနိုင်ဘူးပဲ..”

“အတိအကျပဲ ငါက သူနဲ့ပတ်သက်ပြီး စုံစမ်းဖို့ လူလွှတ်ရမယ်။ တကယ်လို့ သူ့ကိုသာ ငါတို့ဘက်ကို ခေါ်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။ မိသားစုတစ်ခုမှာ ပညာရှင်တွေ အများကြီးလိုတယ်လေ…”

ထိုအရာကတော့ သူ့လိုတရားဝင် သခင်လေးတစ်ယောက်ဆီမှ ထွက်ပေါ်လာသော အရိုးသားဆုံးစကားလုံးများသာ ဖြစ်သည်။

မလှမ်းမကမ်းတွင် ရှိနေသော ကုံယုကလည်း ခဏကြာစဉ်းစားပြီး သူ့အနားတွင် ရှိနေသော လူဆိုးထိန်းခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။

“ဟယ်မူနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပြီး စုံစမ်းခိုင်းလိုက်။ သူ့ကို ဘယ်သူသင်ပေးနေတယ်ဆိုတာပါ ရှာလိုက်။ တကယ်လို့ ငါတို့က သူ့ကို အနှောင့်အယှက်ပေးလို့မရဘူးဆိုရင်တောင် ပြဿနာမဖြစ်အောင် စောင့်ကြည့်ရမယ်…”

သိုင်းသင်တန်းကျောင်းထဲတွင် ရှိနေသော လူအုပ်ကြီးထဲတွင် ပုန်းနေသည့် မုန့်ချီကတော့ လက်နောက်ပစ်၍ အေးအေးဆေးဆေး ထွက်လာခဲ့သည်။ သူကတော့ ရလဒ်ကို အလွန်ကျေနပ်နေခဲ့၏။

သူက အစောပိုင်းတွင် ရှန်ရှို့မေကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ရာ သူမကတော့ ဟယ်မူ၏ဓားသိုင်းပညာအပေါ် အံ့ဩသွားပုံမရကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် သူမက ထိုအရာကိုလေးလေးနက်နက် နားလည်ထားကြောင်း ပြသနေသည်။ သူမက ဝမ်ဆဲ ထက်ပင် ပို၍နားလည်လာပုံရ၏။ ထိုအရာက သံသယဝင်စရာကောင်းနေသည်။

သူက အပြင်သို့ ပြန်ထွက်လာသည့်အချိန်တွင် သူ့ရှေ့၌ သားမွေးများ ဖုံးအုပ်ထားသည့် မြင်းလှည်းတစ်စီးကို တွေ့လိုက်ရသည်။ မြင်းလှည်းသမားကတော့ တည်ငြိမ်အေးစက်သော မျက်နှာထားမျိုးရှိသည်။

တံခါးကပွင့်လာပြီး အတွင်းထဲမှနေ၍ အလွန်နူးညံချောမွေ့သော မိန်းမပျိုလေးတစ်ယောက် ထွက်လာခဲ့သည်။ မြင်းလှည်း၏ အတွင်းထဲတွင်တော့ ကြေးနီရောင်မီးဖိုကြီးတစ်ခုမှ အနွေးဓာတ်များ ထွက်လာနေသည်။ သူမ၏လက်နားတွင်လည်း အဖြူရောင်သားမွေးအင်္ကျီတစ်ထည် ရှိနေသည်။

“ယောကျ်ား…

ရှင်က ရှန်ရှို့မေကို လာကြည့်ဖို့ ဒီကိုရောက်နေတယ်ဆိုတာ ငါသိတယ်…”

မြင်းလှည်းထဲမှ ထွက်လာပြီး ကူရှောင်စန်းက ချိုသာစွာပြုံး၍ ပြောလိုက်သည်။

မုန့်ချီက သတိထားနေပြီး ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“သူက လေဟာနယ်မိန်းမပျိုဂိုဏ်းကဆိုတာ ဘယ်လိုအတည်ပြုနိုင်မှာလဲ။ သူ့လက်ထဲမှာ ဆန်းကြယ်ကောင်းကင်ကျောက်တုံး ရှိနေတယ်ဆိုတာကိုကော ဘယ်လိုသက်သေပြနိုင်မှာလဲ။ ပြီးတော့ သူက ငါ့ကိုရှာနေတယ်ဆိုတာကော ဘယ်လိုသိနိုင်မှာလဲ…”

သူကတော့ ကူရှောင်စန်းကို အားမကိုးချင်ခဲ့ပေ။

“ယောကျ်ား...

ရှင်က ကျွန်မကိုသံသယဝင်နေတာလား။ ကောင်းပြီလေ။ ကျွန်မက ရှင့်ကို တစ်နေရာခေါ်သွားမယ်။ ဒါဆိုရင်တော့ အဖြေသိရပါလိမ့်မယ်…”

သူမက ပြောလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသော ထိုင်ခုံတစ်ခုံကို လက်ညှိုးထိုးပြလိုက်သည်။

Translated by Hein Htet.

All Chapters