← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

မုန့်ချီက ခဏရပ်ပြီး စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ဓားရှည်နှင့် ဓားမောက်တို့ကိုကိုင်ပြီး မြင်းလှည်းပေါ်သို့ တက်လိုက်၏။ သူက ကူရှောင်စန်း၏ရှေ့တွင် သတိထား၍ ထိုင်နေခဲ့သည်။

မြင်းလှည်းက အဆင်သင့်ဖြစ်သွားသည့်အချိန်တွင် အနည်းငယ်လေးသာ လှုပ်ရှားသွားခဲ့၏။ သားမွေးကော်ဇောက အလွန်ထူထဲလှသည့်အတွက် အအေးဒဏ်ကို မခံကြရပေ။ အတွင်းထဲတွင်တော့ နွေဦးရာသီပမာ နွေးထွေးပြီး သင်းပျံ့သော မွှေးရနံ့များ ထွက်ပေါ်လာနေသည်။

ကူရှောင်စန်းက သူမ၏မျက်နှာကို လက်တစ်ဖက်နှင့် ပွတ်လိုက်ပြီး မုန့်ချီကို ပြောလိုက်၏။

"ယောကျ်ား.. ဘာလို့ ရှောင်စန်းကို မယုံရတာလဲ။ ပြီးတော့ ရှင်က ရှန်ရှို့မေကို စမ်းသပ်ဖို့အတွက် သတင်းဖြန့်လိုက်သေးတယ်။ တကယ်လို့ ဒီလိုလုပ်ရင်သာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် ငါ အစောကြီးတည်းက လုပ်ပြီးသွားပြီ…"

သူမက အင်္ကျီလက်ကို အနည်းငယ် အပေါ်သို့ ပင့်တင်လိုက်ရာ ဖြူဖွေးသော လက်မောင်းသားလေးများ ပေါ်လာခဲ့သည်။

"အချက်အလက်တွေကို စစ်ဆေးဖို့ လိုတာပေါ့။ တကယ်လို့ ငါသာ ကြားသမျှအရာတွေ အကုန်လုံးကို ယုံကြည်လိုက်မယ်ဆိုရင် အနှေးနဲ့အမြန် တစ်ခြားသူရဲ့ ထောင်ချောက်ထဲကို ကျသွားပြီး ခေါင်းပြတ်သွားနိုင်တယ်..."

မုန့်ချီက စိတ်ထဲတွင် ရေရွတ်နေပြီး အပြင်ဘက်တွင်တော့ တည်ငြိမ်နေခဲ့၏။

"အဲဒါလည်း နားလည်နိုင်ပါတယ်…"

ကူရှောင်စန်းက သူ့ကို အပြုံးနှင့် သဘောတူလိုက်သည်။

မုန့်ချီကတော့ စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ပေ။ သူက စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး မြင်းလှည်းသွားနေသည့် လမ်းကြောင်းကို စစ်ဆေးကြည့်နေသည်။ ထိုမြင်းလှည်းက အချိုးအကွေ့ အနည်းငယ် ကျော်လာပြီးနောက် ကျောက်စိမ်းတံတားလမ်းကြားထဲသို့ မောင်းလာကြောင်း ခံစားမိနေ၏။

မုန့်ချီက တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ကူ‌ရှောင်စန်းလည်း စကားမပြောခဲ့ပေ။ သူမက ပါးလေးနှစ်ဖက်ကို လက်နှင့် ထောက်ထားပြီး မုန့်ချီကို စိုက်ကြည့်နေသည့်အတွက် သူလည်း အတော်လေး မသက်မသာ ခံစားနေရ၏။

ထူးဆန်းစွာ တိတ်ဆိတ်နေသည့်အချိန်တွင် မြင်းလှည်းကတော့ ကျောက်စိမ်းတံတားလမ်းကြား၏ အဆုံးကို ရောက်လာခဲ့သည်။ ထိုနယ်မြေထဲတွင် သိုလှောင်ရုံများ၊ အလွန်ဆွဲဆောင်မှုရှိသော ပြည့်တန်ဆာများစွာ ရှိနေသည်။ သို့သော် နေ့အချိန်ဖြစ်သည့်အတွက် ထိုနေရာက တိတ်ဆိတ်နေ၏။

မြင်းလှည်းက ပန်းနီရောင်လမ်းကြားလေး၏ အဆုံးသို့ ရောက်လာပြီး ခြံဝန်းငယ်လေးတစ်ခုတည်းသို့ ဝင်သွားခဲ့သည်။ ကူရှောင်စန်းက အလွန်လှပစွာ အကြောဆန့်လိုက်ပြီး တံခါးကိုဖွင့်၍ လှည်းထဲမှ ထွက်လိုက်၏။

သူမက မုန့်ချီကိုကြည့်ပြီး အလွန်လှပစွာ ပြုံးလိုက်သည်။

"ဒီမှာစောင့်ကြည့်နေလိုက် ယောကျ်ား …"

မုန့်ချီကလည်း လှည်းထဲမှထွက်လိုက်ပြီး မေးလိုက်သည်။

"ဘာကိုလဲ..."

"ခစ် ခစ်…ခစ်…."

ကူရှောင်စန်းက တိုးတိုးလေးရယ်လိုက်ပြီး မုန့်ချီကို နံရံအနားတွင် ရှိနေသော အခန်းထဲသို့ ခေါ်သွားခဲ့သည်။

သူမက နံရံတွင် ရှိနေသော အပေါက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"အဲဒီကိုကြည့်လိုက်လေ.."

သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တွင် မျက်လုံးတံခါး တိုးတက်လာသည့်အတွက် ထိုအပေါက်ထဲမှနေ၍ တစ်ဖက်တွင် ရှိနေသော မြင်ကွင်းကိုကြည့်ရန် အနားကပ်သွားစရာ မလိုအပ်ပေ။ တစ်ဖက်တွင် ရှိနေသော ခြံဝန်းထဲတွင်တော့ ပန်းပွင့်များ၊ သစ်ပင်များ ပြည့်နှက်နေပြီး အလွန်တိတ်ဆိတ်ငြိမ်သက်နေကြောင်း တွေ့လိုက်ရသည်။

သူက ကူရှောင်စန်းကို ပြန်မေးရန် ပြင်ဆင်လိုက်သည့်အချိန်တွင် တံခါးဖွင့်သံတိုးတိုးကို ကြားလိုက်ရသည်။ ခြံဝန်းထဲကို အလွန်ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ယောက် ဝင်လာခဲ့၏။ သူမ၏အသားအရည်က အလွန်နူးညံ့လွန်းလှပြီး တပ်မက်ဖွယ် ဆွဲဆောင်မှုမျိုးရှိသည်။

"ဒီလိုအရာမျိုးကြောင့် ရှန်ရှို့မေက တစ်ခြားလူတစ်ယောက်ကို တောင်းဆိုတဲ့အချိန်မှာ ဖျက်ဆီးရေးဂိုဏ်းရဲ့နာမည်ကို သုံးခိုင်းနိုင်တာပဲ…"

မုန့်ချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သူ၏အမူအရာကလည်း အလွန်တည်ငြိမ်နေခဲ့၏။

"အဲဒါသူပဲ.."

မုန့်ချီက တစ်ယောက်တည်း တီးတိုးပြောလိုက်သည်။

"သူက လှေပေါ်မှာ ငါနဲ့တွေ့ခဲ့တဲ့ ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးအတုပဲ.. "

ကူရှောင်စန်းက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"သူက လေဟာနယ်မိန်းမပျိုဂိုဏ်းထဲမှာရှိတဲ့ မေတ္တာဗောဓိတပ္ပရဲ့တပည့်ပဲ။ သူက ယန်စွမ်းအားတွေကို အသုံးချပြီး ယင်စွမ်းအားတွေကို ပြန်ဖြည့်တတ်တယ်။ သူက လူသားမီးဖိုတွေနဲ့ အမြဲတမ်း လေ့ကျင့်တတ်တယ်။ ဒါကြောင့် သူက မကြာခဏဆိုသလို ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးအဖြစ် ဟန်ဆောင်တက်တယ်။ အဲဒါတွေကြောင့်ပဲ ရှန်ရှို့မေက ဟန်ဆောင်ဖို့ တောင်းဆိုလိုက်တဲ့အချိန်မှာ သူက ဖျက်ဆီးရေးဂိုဏ်းရဲ့ နာမည်ကို သုံးနိုင်တာလေ.."

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

သူ၏အမူအရာကတော့ အလွန်တည်ငြိမ်နေခဲ့၏။ သူမ၏နောက်မှနေ၍ လူတစ်ယောက် လိုက်လာသည်။ မုန့်ချီက ထိုလူကိုမရင်းနှီးသော်လည်း သူ့ကို သိနေသည်။ သူက စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းမှ အကြီးအကဲပိုင် ဖြစ်၏။

မုန့်ချီက ဟွာလွန်ကို နောက်ကျောတွေ ကျောပိုးပြီး တောင်ပေါ်မှ ဆင်းလာပြီးနောက် ပထမဆုံး ကူညီပေးခဲ့သူလည်းဖြစ်သည်။ အကြီးအကဲပိုင်က အသက်(၆၀)နီးပါးခန့် ရှိနေသော်လည်း ဆံပင်များက မည်းနက်နေသေးသည်။ သူ့ပုံစံက ကျန်းမာရွှင်လန်းပုံရ၏။

သူက ခြံဝန်းတံခါးကို လှည့်ပိတ်လိုက်သည်။ ထို့နောက် ပြီတီတီအပြုံးနှင့် မိန်းမပျို၏ခါးကို ပြေးဖက်လိုက်ပြီး သူမ၏မျက်နှာတစ်ခုလုံးကို အငမ်းမရ နမ်းရှုတ်နေခဲ့သည်။ သူမကိုလည်း အချစ်ကလေး၊ မိန်းမနှင့် တစ်ခြားသော နာမည်မျိုးစုံ ခေါ်နေခဲ့၏။ ထိုအရာက မုန့်ချီ တွေ့ခဲ့ရသော အကြီးအကဲတစ်ယောက်၏ အမူအရာနှင့် လုံးဝကို ကွဲပြားနေသည်။

"ယောကျ်ားတွေက မိန်းမတစ်ယောက်အပေါ် တပ်မက်လာရင် အမြဲတမ်းဒီလိုပုံစံမျိုးပဲလား..."

ကူရှောင်စန်းက မုန့်ချီကို မချိုမချဉ်အပြုံးနှင့် မေးလိုက်သည်။

မုန့်ချီက သူမကို ပြန်ဖြေရမည့်အစား မျက်နှာက ရှုံ့မဲ့သွားခဲ့၏။ သူက သူမကို ပြန်မေးလိုက်သည်။

"နင်က အဲဒါကို စိတ်ဝင်စားနေတာလား.. "

"ကျေးဇူးပြုပြီး ဆက်ကြည့်လိုက်ပါ.."

ကူရှောင်စန်းက အပြုံးနှင့်ပြောလိုက်၏။

"အကြီးအကဲပိုင်က ယဲ့တူကို ကုန်ပစ္စည်းတွေဝယ်ဖို့ ရောက်လာတယ်။ ပြီးတော့ ဒီနေရာမှာရှိတဲ့ ပြည့်တန်ဆာတွေကို သတိထားမိသွားတယ်လေ။ ဒီနေ့ သူတို့တွေက သူတို့ရဲ့ရည်ရွယ်ချက် ပြည့်သွားလာက်ပြီ။ သူသာ အဲဒီမိန်းကလေးနဲ့ အတူတူနေလိုက်မယ်ဆိုရင် လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့ ထိန်းချုပ်မှုကို ခံရလိမ့်မယ်။ ဒါဆိုရင် သူတို့ သံသယရှိနေတဲ့ လူစာရင်းကလည်း ထပ်ပြီးတော့ နည်းသွားလိမ့်မယ်…"

အကြီးအကဲပိုင်က ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို ထိခဲ့ဖူးကြောင်း မုန့်ချီက သိနေ၏။ ထို့ကြောင့် သူကလည်း မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိနိုင်၏။ အကြီးအကဲပိုင်ကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုလျှင် သူက လေဟာနယ်မိန်းမပျိုဂိုဏ်း၏ သံသယစာရင်းထဲတွင် ပို၍နီးစပ်လာနိုင်သည်။ ထို့ပြင် အကြီးအကဲပိုင်က သူ့ကိုပင် မြင်တွေ့ဖူး၏။

သူတို့၏မျက်လုံးများကို ထိန်းချုပ်ထားသော်လည်း သူတို့နှစ်ယောက်လုံး၏ အာရုံခံနိုင်စွမ်းက အလွန်ထက်မြက်နေသည့်အတွက် အကြီးအကဲပိုင်နှင့် ဆွဲဆောင်မှုရှိသော မိန်းမပျိုကို ကြည့်စရာ မလိုကြပေ။

အကြီးအကဲပိုင်နှင့် မိန်းမပျိုက အခန်းထဲတွင် ပွေ့ဖက်နေကြပြီး တံခါးကို ပိတ်လိုက်ကြသည်။ ထိုအခန်းထဲမှနေ၍ ရမ္မက်ခိုးဝေနေသည့် ညည်းသံများကိုသာ ကြားနေရ၏။ အခန်းတံခါးနှင့် နံရံက ခြားထားသော်လည်း ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသောအသံများက အနည်းငယ် ရှက်စရာကောင်းသည်။

မုန့်ချီကတော့ ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။ သူက ထိုကဲ့သို့အသံမျိုးကို ကြားခဲ့ဖူးသည်။ ကူရှောင်စန်းကလည်း ပါးစပ်ကို လက်နှင့်အုပ်ပြီး အေးအေးဆေးဆေး ရပ်နေခဲ့၏။ သူမက ရှက်ရွံခြင်းလည်း မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိချေ။

ခဏကြာပြီးနောက် သူတို့၏ ညည်းသံများက ရပ်သွားပြီး တံခါးက ပွင့်လာခဲ့သည်။ ဆွဲဆောင်မှုရှိသော မိန်းမပျိုက အလွန်ပါးလွှာသော ဇာအင်္ကျီလေးကိုသာ ဝတ်ထားသည့်အတွက် သူမ၏ခန္ဓာကိုယ်က အထင်းသားပေါ်နေခဲ့သည်။ အခန်းထဲတွင်လည်း ပန်းရောင်အငွေ့များ ပြည့်နှက်နေခဲ့၏။

သူမက အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ရာ ဘေးအခန်းထဲမှ မိန်းကလေးတစ်ယောက်က ထူးဆန်းသောအရာတစ်ခုကို ယူပြီးထွက်လာခဲ့သည်။ သူက ပန်းရောင်မီးခိုးများ လွှမ်းခြုံနေသောအခန်းထဲသို့ မိန်းကလေးနှင့် အတူ လိုက်ဝင်သွားခဲ့၏။

ကူရှောင်စန်းက ညာလက်ကို လှုပ်ရှားလိုက်ရာ အလွန်ကြည်လင်နေသော အဖြူရောင် ကြာပန်းလေးတစ်ပွင့် ပေါ်လာခဲ့သည်။ သူမက ကြာပန်းပွင့်လေးကို လက်နှင့်ဖျစ်လိုက်ရာ သူတို့က တ‌ဖြည်းဖြည်း‌ ပျောက်ကွယ်သွားခဲ့၏။ ‌

ထိုမြင်ကွင်းများနှင့် မုန့်ချီ၏ ကြားထဲတွင် ရှိနေသော အကွာအဝေးကလည်း ချက်ချင်းပင် နီးကပ်သွားပြီး သူတို့က ပြတင်းပေါက်တွင် ရပ်ကြည့်နေရသလို ခံစားလိုက်ရသည်။ အခန်းထဲတွင် မြင်နေရသော မြင်ကွင်းကို ပြတင်းပေါက်စက္ကူမှတဆင့် ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ပန်းရောင်မီးခိုးများ ပြည့်နှက်နေသော အခန်းထဲတွင် အကြီးအကဲပိုင်က အိပ်ရာပေါ်၌ အဝတ်ဗလာနှင့် လှဲနေ၏။ သူ၏မျက်နှာက သက်တောင့်သက်သာ ခံစားနေရပြီး မျက်လုံးများက မှိတ်နေသည်။ ထိုမိန်းမပျိုက အပြင်ဘက်သို့ ထွက်သွားခဲ့ကြောင်း သူကတော့ သတိမထားမိခဲ့ပေ။

သူတို့က လက်ထဲတွင် အဆောက်အဦးကဲ့သို့သော ပစ္စည်းလေးတစ်ခုကို ကိုင်လာသည်။ ထိုအရာက လက်ဝါးတစ်ခုပေါ်တွင် ကြီးမားလွန်းလှပြီး နတ်သမီးတစ်ပါး၏ အလှတရားကဲ့သို့ ထင်မှတ်ရ၏။

မုန့်ချီက ကူရှောင်စန်းကို ပြန်ကြည့်လိုက်သည်။ သူမ၏ ကြာပန်းဖြူလေးက အတော်လေးကို အကူအညီပေးနိုင်သည်။ သူတို့က အခန်းထဲကို တိုက်ရိုက်ကြည့်နိုင်ခြင်း မရှိသော်လည်း အကွာအဝေးကို နီးစပ်စေနိုင်သည်။ ထို့ကြောင့် အဝေးတွင် ရှိနေသော အရာဝတ္ထုများက အလွန်နီးကပ်လာသလို ထင်မှတ်ရ၏။

ကူရှောင်စန်း၏ မျက်နှာလေးက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူမက အခန်းထဲတွင် ဖြစ်ပေါ်နေသော အရာများကိုသာ အလေးထားရန် မုန့်ချီကို အချက်ပြလိုက်၏။

ထိုမိန်းမပျိုနှင့် နောက်မှရောက်လာသော မိန်းကလေးတို့က မြေပြင်ပေါ်တွင် ဒူးထောက်ပြီး စကားလုံးတစ်ချို့ကို ရေရွတ်နေကြသည်။ ရုတ်တရက်ဆိုသလို ပန်းရောင်မီးခိုးများက စုစည်းလာပြီး အဆောက်အဦးထဲသို့ ပေါင်းစပ်လာကြ၏။

အဆောက်အဦးထဲတွင် အနည်းငယ် လှုပ်ရှားလာပြီးနောက် တိမ်တိုက်များထွက်လာပြီး လွင့်မျောနေသည့် ပန်းရောင်လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူမဆီတွင် အလွန်လှပသောမျက်ခုံး၊ ရှည်သွယ်သော နှာခေါင်းနှင့် နူးညံ့သိမ်မွေ့သော အပြုအမူများ ရှိနေ၏။

ထိုအရာက ရှန်ရှို့မေနှင့် တစ်ထပ်တည်းဖြစ်သည်။ သို့သော် လက်ရှိ ရှန်ရှို့မေကတော့ ယခင်တုန်းကနှင့် ကွဲပြားနေ၏။ သူမက ပို၍အသက်ဝင်နေပုံရပြီး သဘာဝလွန်စွမ်းအားများနှင့် မကောင်းဆိုးဝါးဆန်သော အလှတရားများ ရှိနေသည်။ အကယ်၍ ကူရှောင်စန်း၊ ကျန်းကျိဝေ၊ ရွမ်ယုရှုတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင်ပင် သူမက သူတို့ထက် နိမ့်ကျနေခြင်းမရှိချေ။

သူမက လုံလုံခြုံခြုံ ဝတ်ဆင်ထားသော်လည်း ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများက ယောင်္ကျားတိုင်းကို အာခြောက်သွားစေနိုင်၏။

မုန့်ချီက အံ့ဩသွားခဲ့သည်။

"ဒါက ရှန်ရှို့မေဆိုရင် ဝမ်ဆဲရဲ့အနားမှာရှိနေတဲ့ မိန်းကလေးက ဘယ်သူလဲ ။ သူတို့ရဲ့ ကြားထဲမှာ ဘယ်လိုပတ်သက်မှုတွေ ရှိနေတာလဲ။ ဒါက ဉာဏ်အလင်းပွင့်မှုအဆင့် လှည့်ကွက်တစ်ခုလည်း မဖြစ်နိုင်ဘူး…”

ကူရှောင်စန်းက မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"ယောင်္ကျားရဲ့အခြေခံအုတ်မြစ်က ဗုဒ္ဓလမ်းစဉ်လေ..။ ဒီတော့ ဒါကိုရင်းနှီးနေတယ်လို့ မတွေးမိဘူးလား။ "

"ဘယ်လို.."

မုန့်ချီက ဘုန်းတော်ကြီးတစ်ယောက်အဖြစ် ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကူရှောင်စန်းက သူ့ကိုပြန်မဖြေဘဲ ဆက်ပြောလိုက်သည်။

"ရှန်ရှို့မေက ကျိုးတောင်တန်းဓားဂိုဏ်းခေါင်းဆောင်ရဲ့ အစစ်အမှန်သမီးတစ်ယောက်ပဲ။ သူ့ရဲ့နောက်ကြောင်းရာဇဝင်၊ သိုင်းပညာနှင့် ပတ်သက်မှုတွေအားလုံးက ပုံမှန်ပဲ။ သူတို့တွေက လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ဘာမှမသက်ဆိုင်ဘူး။ မဟုတ်ရင် သူက ဝမ်မိသားစု သိုင်းသခင်‌တွေရဲ့ စစ်ဆေးမှုကို ဘယ်လိုများ ရှောင်တိမ်းနိုင်မှာလဲ။ ဒါကြောင့် သူက ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူလားလို့ ယောကျ်ားက မေးခဲ့တဲ့အချိန်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ငါက ပြန်‌ဖြေခဲ့တာ။ သူက ဆန်းကြယ်နတ်သမီးရဲ့ဆက်ခံသူဟုတ်တယ်။ ဒါပေမယ့် ဆန်းကြယ်နတ်သမီးရဲ့ဆက်ခံသူက သူမဟုတ်ဘူး…"

သူမရဲ့အဖြေကြောင့် မုန့်ချီကတော့ အတော်လေး ရှုပ်ထွေးသွားခဲ့သည်။ သို့သော် သူကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ထိုအရာကို ရှင်းရှင်းလင်းလင်းလုပ်ရန် အချိန်မရခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုက စတင်စကားပြောခဲ့၏။

"အမှောင်သခင်မ …

ကျွန်မက အကြီးအကဲပိုင်ရဲ့ သွေးအဆီအနှစ်ကိုရခဲ့ပြီ။ အဲဒါကို စစ်ဆေးလို့ရပါပြီ…"

သူမကလက်ထဲတွင် ရှိနေသော ပစ္စည်းကို အလွန်ထူးခြားသော အဆောက်အဦးထဲသို့ ထည့်ပေးလိုက်သည်။ ရှန်ရှို့မေ၏ လက်ထဲတွင်တော့ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော အနက်ရောင်ကျောက်တုံးလေးတစ်တုံး ရှိသည်။ ထိုအရာက ဆန်းကြယ်ကောင်းကင်ကျောက်တုံးဖြစ်၏။

ပတ်ပတ်လည်တွင် ပန်းရောင်မီးခိုးများလွှမ်းခြုံနေသည့်အတွက် ထိုအရာက အရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သူမက အင်္ကျီဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ အဆောက်အဦးကိုလွှမ်းခြုံသွားခဲ့၏။ ထို့နောက် သူမက မျက်လုံးတစ်ဖက်မှိတ်ပြီး တစ်ယောက်တည်း တစ်စုံတစ်ခုကို ရေရွတ်နေသလို ထင်မှတ်ရသည်။

ခဏကြာပြီးနောက် သူမက မျက်လုံးပြန်ဖွင့်ပြီး ပြောလိုက်၏။

"အဲဒါက သူမဟုတ်ဘူး။ အခုငါတို့က လူတွေအများကြီးကို ဖယ်ထုတ်ပြီးသွားပြီ။ အခုတော့ သံသယရှိ‌သူ(၅)ယောက်ပဲ ကျန်တော့တယ်။ ငါတို့က မိုးကြိုးနတ်ဘုရားရဲ့ဆက်ခံသူကို မြန်မြန် ရှာရလိမ့်မယ်။ ဒီတော့ လူကြီးလူကောင်းဓား မုန့်ချီ ၊ချင်တောင်ဓားဂိုဏ်းက နင်ကီဖေး တို့ကို သေချာအလေးထားပါ…"

သူမ၏အသံက အင်မော်တယ်ကမ္ဘာမှ သံစဉ်တစ်ခုသဖွယ် ထွက်ပေါ်လာခဲ့သည်။

"အမှောင်သခင်မ …

လော်နတ်ဘုရားမက အခုချိန်ထိ ပြန်မလှည့်သေးဘူး..။ သူက ကျွန်မတို့အနားကို ရောက်မလာရဲတာလား..ဒါမှမဟုတ် ဝမ်မိသားစုကြောင့် နောက်ဆုတ်နေတာလားတော့ မပြောတတ်ဘူး။ ကျွန်မတို့က ဘာဆက်လုပ်ရမလဲ…"

သူမက မေးလိုက်သည်။

ရှန်ရှို့မေက တီးတိုးပြောလိုက်၏။

"လွန်ခဲ့တဲ့နှစ်ဝက်တုန်းက စီမံထားတဲ့အတိုင်းပဲ လှုပ်ရှားပါ။ ငါတို့က ဝမ်မိသားစုထဲကို ဝင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ငါတို့က အဆင့်မြင့်ဝိညာဉ် ကျင့်ကြံအောင်မြင်ထားသူနှင့် နှစ်မွှာကျင့်စဉ်လေ့ကျင့်ဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲသေးတယ်… "

ထိုစကားများကို ပြောလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ပန်းရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် မုန့်ချီက ခြံဝန်းထဲ၌ မည်သည့်အရာကိုမျှ မတွေ့ရတော့ပေ။

"တကယ်လို့ ယောကျ်ားသာ သူတို့အားလုံးကို သတ်လိုက်မယ်ဆိုရင် ယောကျ်ားက သံသယရှိသူ တစ်ယောက်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ ပြီးတော့ သူတို့ဆီမှာ စစ်ဆေးဖို့အတွက် ဆန်းကြယ်ကောင်းကင်ကျောက်တုံးမရှိတော့ဘူးဆိုရင် လေဟာနယ်မိန်းမပျိုဂိုဏ်းက ယောကျ်ားကိုရှာဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်း ရှာရသလို ဖြစ်သွားမှာပဲ… "

ကူရှောင်စန်း၏ရယ်သံလေးက အပြစ်ကင်းစင်သော်လည်း သူမ၏စကားလုံးများက အလွန်ရက်စက်သည်။

"တကယ်လို့ ယောကျ်ားကိုသာ သံသယဝင်နေပြီး အရှင်သခင်ပျက်သုဉ်းခြင်းဓားနဲ့ မိုးကြိုးနတ်ဘုရား စိတ်ဝိညာဉ်လွှဲပြောင်းမှုတို့ကို ဆက်စပ်လိုက်မယ်ဆိုရင် ဘယ်နေရာကိုပဲသွားသွား သူတို့လက်ထဲကနေ မလွတ်နိုင်ဘူး…"

မုန့်ချီက သူမကို တိုက်ရိုက်တုန့်ပြန်ခြင်းမရှိဘဲ မေးလိုက်သည်။

"ဆန်းကြယ်နတ်သမီးရဲ့ဆက်ခံသူဆိုတာက ဘာလဲ။ ရှန်ရှို့မေနဲ့ သူ့ရဲ့ကြားထဲမှာ ဘယ်လိုပတ်သက်မှုတွေ ရှိနေတာလဲ…"

"ရှန်ရှို့မေက ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူပဲ။ ဒါပေမဲ့ ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူက ရှန်ရှို့မေ မဟုတ်ဘူး။ "

ကူရှောင်စန်းက အပြုံးနှင့် ခန့်မှန်းကြည့်နေခဲ့သည်။

"ဒါက ဆန်းကြယ်နတ်သမီးရဲ့ ထူးခြားတဲ့စွမ်းရည်မျိုးပဲလေ။ သူတို့ဂိုဏ်းထဲမှာရှိတဲ့ လူတွေကတောင်ကို အဲဒီအကြောင်းကို မသိကြဘူး။ တကယ်လို့ ငါသာ ရှေးဟောင်းစာအုပ်တွေ၊ မှတ်တမ်းတွေကို မရခဲ့ဘူးဆိုရင်၊ သူနဲ့ တစ်ကြိမ်တစ်ခါလောက် မတိုက်ခိုက်ခဲ့ဘူးဆိုရင် အမှန်တရားကိုသိဖို့ တော်တော်လေးခက်မှာ…"

ကူရှောင်စန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။

"ဒီလိုအံ့သြစရာကောင်းတဲ့ သိုင်းပညာက ဗုဒ္ဓလမ်းစဉ်မှာရှိတဲ့ နီမဏကာရနဲ့ အတော်လေး တူတယ်…"

"နီမဏကာရ ဟုတ်လား.. "

သူက အချိန်အတိုင်းအတာတစ်ခုထိ ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။ ထို့ကြောင့် ဓမ္မကာရ၊ သံဘောဃကာရနှင့် နီမဏကာရတို့၏ ကွဲပြားမှုများကို သိနေ၏။ နီမဏကာရဟူသည်မှာ လူသားကမ္ဘာတွင် ပေါ်လာတတ်သော ဗုဒ္ဓနှင့် ဗောဓိတပ္ပများ၏ ခန္ဓာခွဲများဖြစ်ပြီး မတူညီသော အခြေအနေပေါ်မူတည်၍ ကွဲပြားကြသည်။

သူက လူငယ်တစ်ယောက် ဖြစ်နိုင်သလို လူကြီးတစ်ယောက်လည်း ဖြစ်နိုင်သည်။ တစ်ခြားလူများ၏ သဘောထားအမှန်ကို လေ့လာရန် လယ်သမား တစ်ယောက် ဖြစ်နိုင်သလို ပြည့်တန်ဆာတစ်ယောက်လည်း ဖြစ်နိုင်၏။ အကယ်၍ သူသာ ဆန္ဒရှိသည်ဆိုလျှင် သန့်စင်သော ဓမ္မကာရအဖြစ်လည်း ပြသနိုင်၏။

ကူရှောင်စန်းက ခေါင်းညိတ်ပြလိုက်သည်။

"သူတို့တွေက အတူတူပဲ။ အမှန်အတိုင်းပြောရရင်တော့ အနှစ်သာရက တော်တော်လေးကွဲတယ်။ ပြောရမယ်ဆိုရင် ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူတွေထဲမှာ နီမဏကာရ (၂)ယောက်ရှိတယ်။ သူတို့တွေက လူသားခန္ဓာကိုယ်ကိုပဲ အားကိုးလို့ရတယ်။ သူတို့တွေ ငယ်ငယ်လေးထဲက ထူးခြားတဲ့နည်းလမ်းတွေကိုသုံးပြီး သူတို့ရဲ့စိတ်ဝိညာဉ်နဲ့ ပင်မဝိညာဉ်တွေကို ကျင့်ကြံနိုင်ကြတယ်…”

“ရှန်ရှို့မေကတော့ ဆန်းကြယ်နတ်သမီးရဲ့ ဆက်ခံသူတစ်ယောက်ဖြစ်တဲ့ နီမဏကာရ တိတ်တဆိတ်လေ့ကျင့်ထားတဲ့ လူတစ်ယောက်ပဲ။ သူက မိုးကြိုးနတ်ဘုရားနဲ့ ပတ်သက်မှုကို ဖော်ထုတ်ပြီး ဝမ်ဆဲနဲ့ ရင်းနှီးအောင် လုပ်ဖို့အတွက် ဟွမ်စီရင်စုကို ရောက်လာတာ။ ဒါကြောင့် သူ့ရဲ့သိုင်းပညာနောက်ကြောင်းက သေချာတယ်။ တကယ်လို့ သူတို့ကသာ ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်သွားပြီဆိုရင် ဆန်းကြယ်နတ်သမီးရဲ့ဆက်ခံသူ နီမဏကာရ (၃၀၀၀) ရှိလာနိုင်တယ်။ ပြီးတော့ သူတို့တွေ မပြည့်စုံသေးခင် သူတို့ရဲ့တာဝန်အရ ယောကျ်ား (၃၀၀၀) နဲ့ နှစ်မွှာကျင့်စဉ် ကျင့်ကြံဖို့ လိုအပ်တယ်။ နီမဏကာရ (၃၀၀၀)ကို အတူတူပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့တွေအားလုံးကလည်း ဓမ္မကာရအဆင့်ကို စုစည်းနိုင်လိမ့်မယ်…"

ထိုကဲ့သို့ သိုင်းပညာမျိုး ရှိနေသည်ကို ကြားလိုက်ရသည့်အတွက် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။ ဤကမ္ဘာကြီးက တာအိုဘိုးဘေး၊ ဗုဒ္ဓ၏အကူအညီနှင့် မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်သော လောကကြီးတစ်ခုဖြစ်သည်။

သူက မေးလိုက်၏။

"ဒါဆိုရင် တကယ်လို့ ငါက ရှန်ရှို့မေကို သတ်လိုက်မယ်ဆိုရင်တောင် ဆန်းကြယ်နတ်သမီးဆက်ခံသူရဲ့ အစစ်အမှန်ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိနိုင်ဘူးလား။ ဒါဆိုရင်တော့ ငါက သူ့ကိုသတ်လိုက်ရင်လည်း သံသယဝင်နေတဲ့ အဆင့်ကနေ ပျောက်မှာမှ မဟုတ်တာ…"

"အခုချိန်မှာ ဆန်းကြယ်နတ်သမီးဆက်ခံသူရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကလည်း ယဲ့တူမှာပဲ ရှိတယ်။ တကယ်လို့ ယောကျ်ားကသာ သူ့ရဲ့နီမဏကာရကို သတ်လိုက်မယ်ဆိုရင် သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာနိုင်လိမ့်မယ်။ ပြီးတော့ နီမဏကာရနဲ့ အစစ်အမှန်ခန္ဓာကိုယ်ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်နိုင်လိမ့်မယ်..”

ကူရှောင်စန်းကတော့ အလွန်တည်ငြိမ်အေးချမ်းနေပုံရသည်။

မုန့်ချီကတော့ ခဏကြာစဉ်းစားပြီး မေးလိုက်၏။

"ငါက ဘာလို့ နင်နဲ့ပူးပေါင်းရမှာလဲ။ ငါက ဝမ်မိသားစုထဲကို လျှို့ဝှက်ပြီး ဝင်သွားရမှာလား…"

သူကတော့ အရင်ဆုံးသွေးထွက်သံယို မလုပ်ရန်သာ ဆုံးဖြတ်ထားခဲ့သည်။

"ယောကျ်ားက သူတို့ထဲက တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်ထားဖို့ မလိုပါဘူး။ တကယ်လို့ ယောကျ်ားကသာ ဟန်ဆောင်ထားမယ်ဆိုရင် အနှေးနဲ့အမြန် ပေါ်သွားမှာပဲ…"

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။

"ယောကျ်ား..

ရှင်က မိုးကြိုးဓားဒေါသကိုယ်တော်ဆိုတဲ့ နာမည်နဲ့ ယဲ့တူကို လာလည်လို့ရတယ်လေ။ ပြီးတော့ နန်းတွင်းရွေးချယ်ပွဲအတွက် ပြင်ဆင်မယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ဝမ်မိသားစုထဲမှာရှိတဲ့ တပည့်တွေ အပါအဝင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တိုင်းကို စိန်ခေါ်လို့ရတယ်…”

“ဒီနေရာမှာ ရှောင်လင်ကျောင်းတော်သားတွေ မရှိဘူး။ ယောကျ်ားသာ သမာသမတ်ကျတဲ့ ဓားသမားတစ်ယောက်အဖြစ် မကောင်းဆိုးဝါးတွေကို ရှင်းပစ်နိုင်မယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးကိုယ်တော်တွေ ရောက်မလာခင် အဝေးကို ထွက်သွားလို့ ရတာပဲ..."

Translated by Hein Htet

All Chapters