အခန်း (၂၂၅)
Vol. 15 Ch. 225
ထိုကိစ္စကို ပြောလိုက်ပြီးနောက် မုန့်ချီက အသံတိုးတိုးနှင့် ထပ်ပြောလိုက်သည်။
"တကယ်လို့ ငါသာ ဝမ်မိသားစုထဲမှာရှိတဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် တပည့်တွေကို စိန်ခေါ်လိုက်မယ်ဆိုရင် နင်က ဘာလုပ်မှာလဲ…။ ရှန်ရှို့မေက တစ်ခုခု ဆိုးရွားတာ မလုပ်ဘူး။ ဒါမှမဟုတ် ထွက်မလာဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူက နီမဏကာရ ဖြစ်နေတယ်ဆိုတာ ပြစ်မှုကျူးလွန်ထားတာမှ မဟုတ်တာ။ တကယ်လို့ ငါက သူ့ကို သတ်လိုက်မယ်ဆိုရင် ငါက မကောင်းဆိုးဝါး တစ်ယောက်ဖြစ်သွားပြီး လူကောင်းကို ထိခိုက်အောင် လုပ်တယ်လို့ တခြားလူတွေက တွေးကြလိမ့်မယ်။ ငါက နတ်ဆိုးတွေကို ရှင်းလင်းတယ်ဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး…"
သူက ကူရှောင်စန်း၏ လှည့်စားခံရမှာကို အလွန်ကြောက်လန့်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူမက ရန်သူတစ်ယောက်ဖြစ်၏။ သို့သော် ဤကိစ္စက လျင်မြန်စွာ ဖြေရှင်းရန် လိုအပ်သည်။
သူ့ဆီတွင် မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှု ရှိနေပြီး လူငယ်မှတ်တမ်းတွင် ရှိနေသော လူတစ်ယောက်ဖြစ်သည့်အတွက် ယပ်တောင် (၆)လက်ကျောင်းနှင့် အထက်တန်းလွှာမိသားစုကြီးတစ်ခုကပင် သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနိုင်သည်။ ထိုသို့ဆိုလျှင်တော့ သူက ဝေ့ကျင်းအဆင့် ပညာရှင်များကို အလွယ်တကူ ရှောင်တိမ်းနိုင်သည်။
သို့သော် ထိုအချိန်ကျလျှင် လေဟာနယ်မိန်းမပျိုဂိုဏ်းက စစ်ဆေးမှုပင် လုပ်ဆောင်ရန် မလိုဘဲ သူ့ဆီတွင် မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှု ရှိနေသော လျှို့ဝှက်ချက်ကို ရှာတွေ့သွားပါလိမ့်မည်။ ထို့နောက် မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲမှ တစ်ခုဖြစ်သော သူတို့က သူ့ကို အမြဲတမ်းစိုက်ကြည့်နေနိုင်၏။
သူ၏ မိုးကြိုးနတ်ဘုရား စိတ်ဝိညာဉ်လွှဲပြောင်းမှုနှင့် အရှင်သခင် ပျက်သုဉ်းခြင်းဓားတို့၏ ဆက်နွယ်မှုကြောင့် သူက အပြင်ကိုပင် ထွက်ရဲတော့မည်မဟုတ်ချေ။ သို့သော် အကယ်၍ မိုးကြိုးဓားဒေါသကိုယ်တော်ကသာ ရှန်ရှို့မေကို သတ်လိုက်မည်ဆိုလျှင်လည်း တူညီသော ရလဒ်တစ်ခုဖြစ်လာပါလိမ့်မည်။ သူက လမ်းမှားကို ရောက်သွားပြီဟု တွေးကြမည်ဖြစ်၏။
ကူရှောင်စန်းက အပြုံးနှင့်ပြောလိုက်၏။
"ယောကျ်ား …
ဒါက နီမဏကာရ တစ်ခုဖြစ်နေမှတော့ ထူးခြားတဲ့အရာလည်း ရှိတာပေါ့။ ဒါကြောင့် ရှန်ရှို့မေ သေသွားပြီဆိုရင် သူက အလင်းတန်းအဖြစ် ပြောင်းလဲပြီး သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ဆီကို ဦးတည်သွားလိမ့်မယ်။ ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းက ဆန်းကြယ်နတ်သမီးရဲ့ ထူးခြားတဲ့အငွေ့အသက်တွေကို ခံစားမိကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ယောကျ်ားကတော့ တခြားလူတွေကို စိန်ခေါ်ပြီး အခွင့်အရေးတစ်ခုရှာပေးဖို့ပဲ စိတ်ဝင်စားပါ… "
"အဆုံးသတ်ကျရင် ငါပဲ တိုက်ခိုက်မှာပဲလေ။ ဘာမှမစိုးရိမ်ပါနဲ့… ။ လေဟာနယ် မိန်းမပျိုဂိုဏ်းက ဘာမှသံသယဝင်မှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ကောင်းကင်နတ်သမီး (၇)ဖော်ကို သတ်လိုက်တယ်ဆိုတာ လူတိုင်း သိနေတာပဲ။ တခြားအချိန်တွေမှာတော့ ငါက နင့်ရဲ့အစေခံ မိန်းကလေးကျိအနေနဲ့ပဲ ရှိနေမယ်.."
သူမက အရိုအသေပေးလိုက်၏။
"သခင်လေး…
မိန်းကလေးကျိက သခင်လေးအတွက် ဘာများလုပ်ပေးရမလဲ.. "
သူမက ချက်ချင်းဆိုသလိုပင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ဖယ်ရှားလိုက်သည်။ အလွန်အပြစ်ကင်းစင်သော သူမ၏အလှတရားက လွဲလျှင် သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီကိုယ်တိုင်ပင် သူမက ကူရှောင်စန်းဟု ယုံကြည်နိုင်ခြင်း မရှိပေ။
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
"နင့်ကို မှတ်မိသွားမှာ မကြောက်ဘူးလား… "
"ငါက ငါ့ရဲ့အငွေ့အသက်တွေကို ပြောင်းလဲလိုက်သလို စွမ်းရည်တွေကိုလည်း ဖုံးကွယ်ထားပြီးသွားပြီ။ တကယ်လို့ ငါသာ နည်းနည်းလောက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်မယ်ဆိုရင် ဘယ်သူမှ ငါ့ကို မမှတ်မိဘူးဆိုတာ ယုံတယ်…"
ကူရှောင်စန်းက ပြုံးလိုက်၏။
"ငါ့ကို မြင်ဖူးတဲ့ သူတွေထဲမှာ အဲဒီအကြောင်း ပြောနိုင်တဲ့သူတွေ နည်းနည်းလေးပဲ ရှိတော့တယ်… "
"နင်က တကယ့်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ… ။ နင်က တခြားလူတွေကို တော်တော်လေး လှည့်စားနိုင်တယ်…"
မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် တွေးနေမိသည်။
ကူရှောင်စန်းက အခန်းထဲမှ ထွက်သွားခဲ့၏။ သူမ ပြန်လာခဲ့သည့်အချိန်တွင် သူမ၏ မျက်နှာက တစ်ဖက်အခန်းတွင် ရှိနေသော မိန်းကလေးပမာ ပြောင်းလဲသွားသည်။ သူမက ဦးညွတ်ပြီး ပြောလိုက်၏။
"သခင်လေး … မိန်းကလေးကျိရဲ့ ရုပ်ရည်ကို ကျေနပ်ပြီလား… "
"မိန်းကလေးတွေရဲ့ မိတ်ကပ်စွမ်းရည်က တကယ့်ကို အကောင်းဆုံး ရုပ်ပြောင်းရုပ်လွှဲပညာတစ်ခုပဲ…"
မုန့်ချီက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ အကယ်၍ ကူရှောင်စန်းကသာ အင်္ကျီအဝတ်အစား ပြောင်းလဲလိုက်မည်ဆိုလျှင် သူမက အလွန်လှပသော အစေခံတစ်ယောက်ဟုသာ တွေးမိပါလိမ့်မည်။
"ကောင်းပြီလေ။ တိုက်ခိုက်နေတဲ့ အချိန်ကျရင် နင် ဘယ်သူလဲဆိုတာ ပေါ်မသွားစေနဲ့။ မဟုတ်ရင်တော့ နင့်ရဲ့သခင်လေးက ဒုက္ခရောက်ရလိမ့်မယ်…"
မုန့်ချီက သတိပေးလိုက်သည်။
သူတို့ကသာ ရှန်ရှို့မေကို သတ်နိုင်ပြီး သူမ၏ နီမဏကာရကို ဖယ်ထုတ်၍ အစစ်အမှန် ခန္ဓာကိုယ်ထဲသို့ ပြန်သွားခိုင်းလိုက်မည်ဆိုလျှင် မုန့်ချီကိုယ်တိုင် ပါဝင်ပတ်သက်နေလျှင်လည်း မည်သူကမျှ သူ့ကို သံသယမဝင်နိုင်တော့ပေ။
အလွန်လှပသော အစေခံတစ်ယောက်ကဲ့သို့ ပြင်ဆင်ထားသည့် ကူရှောင်စန်းက ပြောလိုက်၏။
"သခင်လေး…
မိန်းကလေးကျိကို မယုံဘူးလား။ ကျွန်မရဲ့အစွမ်းအရ သူ့ရဲ့ နီမဏကာရကို သတ်လိုက်ရုံနဲ့ နောက်ကြောင်းက ဘယ်လိုလုပ်ပြီး ပေါ်နိုင်မှာလဲ…"
"မိန်းကလေး နင်သာ ဒီလိုမျိုးဆက်ပြီး ဟန်ဆောင်နေမယ်ဆိုရင် ငါက နင့်ကို စိတ်မမှန်တော့ဘူးလို့ သတ်မှတ်ရတော့မယ်…"
မုန့်ချီကတော့ သူမ၏ သရုပ်ဆောင်မှုအပေါ် တစ်ယောက်တည်း တွေးနေမိသည်။ သို့သော် ကူရှောင်စန်း၏ သရုပ်ဆောင်မှုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူကတော့ အတော်လေး လိုအပ်နေသေး၏။
"သခင်လေး…
သခင်လေးက သေချာပြင်ဆင်ထားပြီး ဒီနေ့တော့ အနားယူလိုက်ပါ။ မိန်းကလေးကျိက မနက်ဖြန်ကျရင် သခင်လေးကို လာခေါ်ပါ့မယ်။ ပြီးတော့ ယဲ့တူက သူရဲကောင်းတွေနဲ့ သခင်လေးရဲ့ဓားပညာကို စမ်းသပ်ကြတာပေါ့… "
ကူရှောင်စန်းက အပြုံးနှင့်ပြောလိုက်သည်။ ထို့နောက် သူမက ရီဝေနေသော မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေခဲ့၏။
မြင်းလှည်းပေါ်သို့ ပြန်တက်လိုက်ပြီးနောက် မုန့်ချီက ခေါင်းထဲတွင် တိတ်တဆိတ် စဉ်းစားနေခဲ့သည်။ ကူရှောင်စန်းက သူ့ကို ကူညီပေးလိမ့်မည်ဟု သူက မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူကတော့ သူမ၏ လှည့်စားမှုကို မခံရစေရန် အရာအားလုံးကို ပြင်ဆင်ထားရမည်ဖြစ်သည်။
မြင်းလှည်းက မုန့်ချီကို ချပေးလိုက်ပြီးနောက် ရှုပ်ထွေးနေသော လမ်းမဆီသို့ ဆက်ထွက်သွားခဲ့သည်။ မုန့်ချီ ပြန်ရောက်လာသည့်အချိန်တွင် ဇီးပင်အောက်တွင် ရှိနေသော ကျောက်ထိုင်ခုံပေါ်၌ တစ်ယောက်တည်း ထိုင်နေပြီး ကူရှောင်စန်း၏ စကားလုံးတိုင်းကို စတင်စဉ်းစားနေခဲ့သည်။
ရုတ်တရက်ဆိုသလို မျက်လုံးမှိတ်၍ ရေရွတ်လိုက်မိသည်။
"ဒါက ဆန်းကြယ်နတ်သမီး မျိုးဆက်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေပဲ။ အပြင်ဘက်ကမ္ဘာကြီးထဲမှာ ဘယ်သူမှ အဲဒါကို မသိဘူး။ တကယ်လို့ ငါသာ ရှေးဟောင်းစာအုပ်နဲ့ မှတ်တမ်းတွေကို မတော်တဆ မတွေ့ခဲ့ဘူးဆိုရင် အမှန်တရားကို နားလည်လာမှာ မဟုတ်ဘူး…”
“အပြင်ဘက်ကမ္ဘာကြီးထဲမှာ ဘယ်သူမှ အဲဒီအကြောင်းကို မသိဘူး။ ငါက ရှေးဟောင်းစာအုပ်တွေ မှတ်တမ်းတွေကို မတော်တဆတွေ့ခဲ့ပြီး သူနဲ့ စမ်းသပ်ခဲ့တယ်..”
“ဒါဆိုရင် သူက ဆန်းကြယ်နတ်သမီး ဆက်ခံသူနဲ့ မတိုက်ခိုက်ရသေးခင် ရှေးဟောင်းမှတ်တမ်းတွေ ၊ စာအုပ်တွေကို ရခဲ့တယ်လို့ ပြောချင်တာပဲ။ ကြည့်ရတာ လော်အဖွဲ့အစည်းကလည်း အဲဒါကို မသိလောက်ဘူး။ ဒါကြောင့် ကူရှောင်စန်းက ရှေးဟောင်းမှတ်တမ်းတွေ စာအုပ်တွေထဲကနေ ဖော်ထုတ်နိုင်တာပဲ ဖြစ်မယ်။ အဲဒါက ဘယ်လို ရှေးဟောင်းစာအုပ်တွေ ၊ မှတ်တမ်းတွေများ ဖြစ်မလဲ။ ပြီးတော့ သူ့လက်ထဲကို ဘယ်လိုရောက်လာတာလဲ… "
မုန့်ချီက သာမန်စကားလုံးတိုင်းကိုပင် သေချာစဉ်းစားနေခဲ့ပြီး အပိုင်းအစများကို ဆက်စပ်ကြည့်နေခဲ့သည်။
“သူက ရှေးဟောင်းစာအုပ်တွေ၊ မှတ်တမ်းတွေထဲကနေ ဆန်းကြယ်နတ်သမီး ဆက်ခံသူ အကြောင်းကို သိခဲ့တယ်။ ပြီးတော့ သူ့ရဲ့ နီမဏကာရ အကြောင်း လျှို့ဝှက်ချက်တွေကိုလည်း သိနေတယ်။ ဒါကြောင့် အကြောင်းမဲ့ပြောတာ မဖြစ်နိုင်ဘူး။ သူက တောင် (၃)လုံး မြစ် (၄)သွယ်ကိုလည်း ရောက်ခဲ့တယ်။ ဒါပေမဲ့ ဆန်းကြယ်ကောင်းကင် ကျောက်တုံးကို ယူပြီး ခြေရာလက်ရာတွေ အားလုံးကို မဖျောက်ခဲ့ဘူး။ အဲဒီအစား ငါ့ကို ကူညီပေးဖို့အတွက် ဆန်းကြယ်နတ်သမီး ဆက်ခံသူရဲ့နောက်ကို လိုက်သွားတယ်လို့ပဲ ပြောခဲ့တယ်။ ပြီးတော့ သူက ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို ငါ့အတွက် ယူပေးဖို့ လူလွှတ်ခဲ့တယ်လို့လည်း ပြောခဲ့သေးတယ်…"
မုန့်ချီ၏ ခေါင်းထဲတွင် မီးပွင့်သွားသလို ခံစားလိုက်ရပြီး အလင်းတန်းတစ်ခုကို မြင်လိုက်ရသည့်အတွက် ချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။
"နတ်ဆိုးမ …
ငါ နားလည်သွားပြီ။ သူ့ရဲ့ပစ်မှတ်က ဆန်းကြယ်နတ်သမီး ဆက်ခံသူပဲ။ နင်က ငါ့အတွက် ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို တကယ်ပဲ လုယူပေးခဲ့တယ်။ ဒါမှမဟုတ် ကောင်းကင် (၉)သွယ် အပျက်အစီးက မိုးကြိုးဆက်ခံသူကို လိုအပ်တာလည်း ဖြစ်နိုင်တယ်။ နောက်ထပ်တစ်ခုကတော့ နင်က စိတ်ဝိညာဉ်လွှဲပြောင်းမှုရဖို့အတွက် ငါ့ရဲ့မိုးကြိုးအမှတ်အသားကို သုံးချင်နေတာပဲ။ အဲဒါက အရှင်သခင် ပျက်သုဉ်းခြင်းဓားဆီမှာ ထူးခြားတဲ့ တုန့်ပြန်မှုတွေ ပေါ်လာစေနိုင်ပြီး ဆန်းကြယ်နတ်သမီး ဆက်ခံသူကို ထွက်လာအောင် ထောင်ချောက်ဆင်နိုင်တယ်။ ဒါကြောင့် နင်က ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို ယူမသွားဘဲ လေဟာနယ်မိန်းမပျိုဂိုဏ်းက လူတွေကို ယူသွားခွင့် ပေးလိုက်တာ။ ဒါကြောင့်လည်း နင်က ကောင်းကင်နတ်သမီး (၇)ဖော်ကို သတ်ပစ်လိုက်တာ။ ဒါပေမဲ့ ဆန်းကြယ်နတ်သမီး ဆက်ခံသူရဲ့ နီမဏကာရက လွတ်သွားတာတော့ နှမြောစရာပဲ…”
“နင်ရထားတဲ့ ရှေးဟောင်းမှတ်တမ်းထဲမှာ ဆန်းကြယ်နတ်သမီးရဲ့ နီမဏကာရ လျှို့ဝှက်ချက်တစ်ခုတင် မကလောက်ဘူး။ နင့်ကို ဆွဲဆောင်နိုင်တဲ့ တခြားလျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်။ နင်က ဆန်းကြယ်နတ်သမီး ဆက်ခံသူဆီကနေ ဘာလိုချင်နေတာလဲ… "
မုန့်ချီက သူ့ရှေ့တွင် ကူရှောင်စန်းကြည့်နေသည့်အလား တစ်ယောက်တည်း တိတ်တဆိတ် မေးနေခဲ့သည်။ ထိုမေးခွန်းများ မေးခဲ့ပြီးနောက် သူခေါင်းထဲတွင် ရှင်းရှင်းလင်းလင်း သေချာသွားခဲ့၏။ သူက ပထမဆုံးအကြိမ်အဖြစ် နတ်ဆိုးမ ကူရှောင်စန်းကို ခြေရာခံနိုင်ပြီဟု တွေးခဲ့မိသည်။
မုန့်ချီက လက်နောက်ပစ်၍ ရှေ့ပြန်နောက်ပြန် လျှောက်လာခဲ့၏။
"ငါတို့က ဒီကိစ္စမှာ တူညီတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမဲ့ ငါကတော့ အဆုံးမှာ လူခွဲဖို့ ကြိုးစားရမယ်။ သူက ငါ့ကို အရူးမလုပ်ဘဲ စောင့်ကြည့်နေပေမဲ့ သူက မကောင်းဆိုးဝါး တစ်ယောက်ပဲ။ ငါက သူနဲ့ ဝေးဝေးသွားဖို့ ကြိုးစားရမယ်…”
သူက သူမ၏ လှည့်ကွက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ရင်ဆိုင်ရန် နည်းလမ်းတစ်ခု စဉ်းစားနေသည်။ မုန့်ချီက ထိုအရာကို ချီကျန်းရန်နှင့် ဆွေးနွေးချင်ခဲ့၏။ သို့သော် ယနေ့ ဟယ်မူက ပြိုင်ပွဲတွင် တိုက်ခိုက်နေသည်။ ထို့ကြောင့် လူပေါင်းများစွာက ဟယ်မူ၏ နောက်တွင် ရှိနေသော သူ့ဆရာကို လာရောက်ရှာဖွေနိုင်၏။ ထို့ကြောင့် ချီကျန်းရန်က သူနှင့်ဆွေးနွေး၍ မရနိုင်သေးဘဲ ထိုကိစ္စကို ဆွေးနွေးရန် တခြားမည်သူမျှလည်း မရှိချေ။
တဖြည်းဖြည်း မှောင်လာသည့်အချိန်တွင် မုန့်ချီက တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ မုန့်ချီက တံခါးဖွင့်လိုက်သည့်အချိန်တွင် သက်လတ်ပိုင်းလူကြီး တစ်ယောက်ကို မြင်လိုက်ရ၏။ သူ့ပုံစံက အချိန်အကြာကြီး လမ်းလျှောက်လာရသည့်အတွက် အလွန်ပင်ပန်းနေသော လူတစ်ယောက်ပမာဖြစ်နေသည်။
"မိတ်ဆွေ …
ငါက သိုင်းသင်တန်းကျောင်း ပြိုင်ပွဲကို လာကြည့်တာ…။ ဒါပေမဲ့ လမ်းပျောက်ပြီး ရေအရမ်းဆာနေလို့ … မိတ်ဆွေက ရေလေးများ တိုက်နိုင်မလား…"
သက်လတ်ပိုင်း လူကြီးက အပြုံးနှင့် မေးလိုက်၏။
မုန့်ချီက တခြားလူများ၏ လိုအပ်ချက်ကို ကူညီပေးရန် အမြဲလိုလို ဆန္ဒရှိနေခဲ့သည်။ ထို့ကြောင့် သူက ရေတွင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"အဲဒီမှာ ရေတွင်းရှိတယ်။ မိတ်ဆွေကိုယ်တိုင်ပဲ သွားခပ်ပြီး သောက်လိုက်ပါ။ ရေက တော်တော်အေးပါတယ်…"
"ကျေးဇူးအများကြီး တင်ပါတယ်…"
သက်လတ်ပိုင်းလူကြီးက ရေတွင်းထဲမှ ရေတစ်ပုံး ခပ်ပြီး သောက်လိုက်သည်။
ထို့နောက် သူက ကျေနပ်သွားသည့် အမူအရာနှင့် ပြောလိုက်၏။
"မိတ်ဆွေ.… ငါက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ…"
"ကျွန်တော့်နာမည်က စုမုန့်ပါ…"
မုန့်ချီက ပြန်ဖြေလိုက်သည်။ သူကတော့ ထိုနာမည်ကိုသာ ပြောလိုက်၏။
သက်လတ်ပိုင်းလူကြီးက အပြုံးနှင့် ထပ်ပြောလိုက်သည်။
"ကျွန်တော်ကတော့ ယဲ့တူတောင်ပိုင်း ယုံအန်းဖန်က ရှန်းပါ။ ကျွန်တော်က ဒီကို သိုင်းပြိုင်ပွဲကြည့်ဖို့ ရောက်လာတာ။ ဒီမျက်နှာချင်းဆိုင်မှာ ရှိနေတာက ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်းလား… "
"ဟုတ်ပါတယ်…"
မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
"အဲဒီမှာ ဆိုင်းဘုတ်ကြီး တပ်ထားတယ်လေ… "
စိတ်ထဲတွင်တော့ တစ်ယောက်တည်း တွေးနေခဲ့သည်။
"ဪ…ဒါက ကျောက်စိမ်းတောင်ထိပ် သိုင်းသင်တန်းကျောင်းပဲ။ သူတို့ရဲ့ တပည့်လေးဟယ်မူက ပြိုင်ပွဲမှာ တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းတယ်။ သူက သူ့ရဲ့ဓားသိုင်းပညာကလည်း ခန့်မှန်းကြည့်လို့တောင် မရဘူး။ သူက အခြေခံချီစုဆောင်းရေးအဆင့်ပဲ ရှိနေသေးပေမဲ့ လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းက တပည့်ကိုတောင် အရှက်ရအောင်လုပ်နိုင်တယ်။ မျက်လုံးတံခါးပွင့်နေတဲ့ တပည့်ကတောင် သူ့လက်ထဲမှာ ရှုံးလုနီးပါးပဲ… "
ဟယ်မူ၏ နာမည်ကို ကြားသည့်အခါ မုန့်ချီက မျက်ခုံးပင့်လိုက်မိသည်။ သူက သက်လတ်ပိုင်းလူကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်မိ၏။ ရိုရိုကျိုးကျိုး ဖြစ်နေသော သူ၏မျက်နှာအောက်တွင် အနည်းငယ် ထက်မြက်သော အငွေ့အသက်များကို ခံစားမိနေသည်။
ထိုလူ၏ လက်ကောက်ဝတ်နှင့် လက်ချောင်းလေးများကိုကြည့်၍ နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ထားကြောင်း ပြောနိုင်သည်။ သူ့ကို မည်သူက စောင့်ကြည့်နေကြောင်း မုန့်ချီက စဉ်းစားနေခဲ့၏။ အထက်တန်းလွှာမိသားစုများ ၊ ဂိုဏ်းများနှင့်ယပ်တောင် (၆)လက်ကျောင်းပေလော…။
မုန့်ချီက သူ၏ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း သိချင်နေသည်။ ထို့ကြောင့် သူက ပြန်ပြောလိုက်၏။
"ဟုတ်တယ်… ကျွန်တော်သိတယ်။ ကျွန်တော်လည်း အဲဒီပြိုင်ပွဲကို ကြည့်နေတာပဲလေ… "
ထို့နောက် သက်လတ်ပိုင်းလူကြီးက ရယ်ကာမောကာနှင့် ထပ်ဖြည့်ပြောလိုက်သည်။
"ဟယ်မူရဲ့ အသက်အရွယ်အရ ဒီလိုဓားပညာမျိုးကို သုံးပြီး ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ကို အရှက်ရအောင် လုပ်နိုင်တယ်။ ဒါကြောင့် သူက အရမ်းကို ထူးချွန်တာ ဖြစ်နိုင်သလို ခရီးလမ်းမှာ စွန့်စားခန်းထွက်ပြီး ကံကောင်းခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက သာမန်တပည့်တစ်ယောက်လိုပဲ ကြားခဲ့တယ်။ သူက ဒီလိုစွမ်းရည်တွေကို မကြာသေးခင်ကမှ စပြီးတော့ သုံးလာတာ…"
သူတို့၏ စကားကို နားထောင်ပြီး မုန့်ချီက ထိုလူ၏ အဆင့်အတန်းကို ဖော်ထုတ်နိုင်ခဲ့သည်။ သူက ယပ်တောင် (၆)လက်ကျောင်းမှ သတင်းပေး တစ်ယောက်ဖြစ်၏။
မုန့်ချီက သူ၏ အဆင့်အတန်းကို ပေါ်သွားလိုခြင်း မရှိချေ။ သူကတော့ မေးမြန်းသည့်အချက်ကိုသာ စောင့်ပြီး ပြန်ဖြေခဲ့၏။ ဟယ်မူ၏ နောက်ကွယ်တွင် ရှိနေသော ဆရာက မုန့်ချီ ဟုတ်မဟုတ် မေးမည့်အချိန်ကို သူက စောင့်နေခဲ့သည်။
"မိတ်ဆွေလေးစု …
မိတ်ဆွေလေးက ဒီနေရာနေတာ တော်တော်လေး ကြာနေပြီဆိုတော့ ဟယ်မူက ပါရမီရှိတဲ့ ဓားသမား တစ်ယောက် ဟုတ်မဟုတ် သိလား…"
သက်လတ်ပိုင်းလူကြီးက ဟယ်မူနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြန်ပြောလိုက်သည်။
"မင်းက ယပ်တောင် (၆)လက်ကျောင်းက သတင်းပေးဆိုတာ သေချာသွားပြီ။ မင်းတို့က ငါ့အကြောင်းကို သေချာစုံစမ်းနေတာပဲ…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဟယ်မူက တော်တော်လေးကို ဉာဏ်ကောင်းပါတယ်။ သူက နားမလည်တဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အမြဲတမ်းလာ မေးတတ်တယ်။ အဲဒါက လွဲရင် ဘာမှမထူးခြားပါဘူး…"
သက်လတ်ပိုင်းလူကြီးက လက်ခုပ်တီး၍ ပြောလိုက်သည်။
"ကျွန်တော်သိသွားပြီ… "
သူက သတင်းစုံစမ်းလိုသော အဘိုးအို တစ်ယောက်ကဲ့သို့ မေးလိုက်သည်။
"မိတ်ဆွေလေးစု…
ဟယ်မူကို တစ်ယောက်ယောက်ကများ သင်ပေးနေတာ မြင်ခဲ့ဖူးလား။ သူက တော်တော်ထူးခြားတဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့တာဖြစ်မယ်…"
မုန့်ချီက သူ့ကို လိမ်ပြောရန် စဉ်းစားနေစဉ် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက ရယ်ကာ မောကာနှင့် ပြန်ဖြေလိုက်၏။
"သေချာပေါက် ရှိတာပေါ့… "
"တကယ်ပဲလား… အဲဒါ ဘယ်သူလဲ… "
သက်လတ်ပိုင်းလူကြီးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
မုန့်ချီက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်၏။
"မိတ်ဆွေ ကိုယ်တိုင်တွေ့နေရတာပဲလေ…"
သက်လတ်ပိုင်းလူကြီးက အလွန်ရှုပ်ထွေးသော အမူအရာ ဖြစ်သွားခဲ့သည်။ သူ့ပုံစံက အရူးတစ်ယောက်ကို တွေ့နေရသလို ထင်မှတ်ရ၏။ သူက အားတင်း၍ ပြုံးလိုက်သည်။
"ကျွန်တော့်ကို လာနောက်နေတာလား… မိတ်ဆွေလေးစု…"
မည်သူကရော ထိုကဲ့သို့ အရာမျိုးကို ဝန်ခံမည်နည်း။
"တကယ်ပဲ… ကျွန်တော်ပဲ။ ကျွန်တော်က ဟယ်မူကို လမ်းညွှန်ပေးခဲ့တဲ့ ပညာရှင်ပဲ.."
မုန့်ချီက သေချာစွာ ပြောလိုက်သည်။
"ငါကတော့ ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတဲ့ ပညာရှင်မျိုး လုံးဝမတွေ့ဖူးသေးဘူး.."
သက်လတ်ပိုင်းလူကြီးက မျက်နှာကို လက်နှင့်ပွတ်ပြီး သက်ပြင်းချလိုက်သည်။ သူက အရူးတစ်ယောက်ဖြစ်ကြောင်း နားလည်သွားသလို ထင်မှတ်ရ၏။
"မိတ်ဆွေက ယပ်တောင် (၆)လက်ကျောင်းက သတင်းပေးတစ်ယောက် မဟုတ်လား"
မုန့်ချီက အလေးအနက် မေးလိုက်သည်။ သူ့ပုံစံက ထိပ်တန်းပညာရှင် တစ်ယောက်ကဲ့သို့ လက်နောက်ပစ်ထား၏။
သက်လတ်ပိုင်းလူကြီးက မျက်နှာပျက်သွားခဲ့သည်။
"မိတ်... မိတ်ဆွေလေးစု ဘာပြောတာလဲ…"
"ကျွန်တော်က နတ်ဆိုးမ လိုက်သတ်တာကို ရှောင်တိမ်းဖို့အတွက် နှစ်ဝက်လောက် ပုန်းနေခဲ့ရတာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သူ့ကို ရင်ဆိုင်ရမှာပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့စွမ်းရည်တွေကို ဟယ်မူဆီ လက်ဆင့်ကမ်းပေးထားတာ။ အနည်းဆုံးတော့ သူက ကျွန်တော့်ရဲ့ဓားပညာ တချို့တဝက်ကို နားလည်မှာပေါ့။ ကျေးဇူးပြုပြီး ဒီသတင်းကို ယပ်တောင် (၆)လက်ကျောင်းဆီ သတင်းပို့လိုက်ပါ။ မိတ်ဆွေကိုယ်တိုင် သိရပါလိမ့်မယ်…"
ယပ်တောင် (၆)လက်ကျောင်းက သူ့ဆီသို့ တံခါး လာခေါက်မည်ဖြစ်ကြောင်း ကူရှောင်စန်းက ခန့်မှန်းထားလိမ့်မည် မဟုတ်ချေ။ သူ့လေသံက အလွန်လေးနက်တည်ငြိမ်နေခဲ့၏။
ထို့နောက် သက်လတ်ပိုင်းလူကြီးက မေးလိုက်၏။
"ဒါဆိုရင် မိတ်ဆွေရဲ့ နာမည်ကရော… "
"ကျွန်တော်က ရှောင်လင်ရဲ့စွန့်ပစ်ခံတပည့်…၊ အရင်နာမည်ကတော့ ကျန်းတင်လို့ခေါ်တယ်။ အခုတော့ ကျွန်တော့်ကို စုမုန့်လို့ခေါ်လို့ရတယ်…"
မုန့်ချီက အလွန်တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ရှောင်လင်ရဲ့စွန့်ပစ်ခံတပည့် ကျန်းတင်လား… "
ထိုနာမည်က သိုင်းလောကတွင် အလွန်နာမည်ကျော်ကြားသည်။ အထူးသဖြင့် ဝေ့ကျင်းအဆင့် အောက်တွင် ဖြစ်၏။
သက်လတ်ပိုင်းလူကြီးက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် မိတ်ဆွေက မိုးကြိုးဓား ဒေါသကိုယ်တော်လား… "
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
"အခုတော့ ပြန်ပါတော့။ ဒီနေ့ည ကျွန်တော့်ကို မနှောင့်ယှက်နဲ့။ ကျွန်တော်က ဒီနေ့ည အနားယူပြီးသွားရင် အဆင်သင့်ဖြစ်ပြီ။ မနက်ဖြန်ကျရင်တော့ ကျွန်တော့်ရဲ့ဓားနဲ့ ယဲ့တူမှာရှိတဲ့ သူရဲကောင်းတွေကို လာတွေ့ပါ့မယ်…"
သက်လတ်ပိုင်းလူကြီးက သူ့စကားများကို ဆက်စပ်၍ နားမလည်ခဲ့ပေ။ သို့သော် မုန့်ချီက သူ့ကို နှင်ထုတ်နေကြောင်း သိနေသည်။ ထို့ကြောင့် သူလည်း တံခါးကို ပိတ်ပြီး ထွက်ခွာသွားခဲ့လေ၏။
Translated by Hein Htet