← Chapters

ပြည်နယ်ကိုးခု၏ အဆုံးသတ်

Vol. 012 Ch. 1165

ပြည်နယ်ကိုးခု၏ အဆုံးသတ်

Vol. 012 Ch. 1165

တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များက လေထုထဲသို့ မော့ကြည့် လိုက်ကြသည်။

အဆုံးမဲ့ပင်လယ်က တော်ဝင်မြေသုံးခုမှ အရှင်သခင်များ အဘယ်ကြောင့် ကြောက်ရွံ့ပြီး အလျင်စလို ရောက်လာကြသည်ကို သူတို့ သိကြသည်။

ရှီဟွာတောင်မှ ရှန့်ထိုသုံးဦး သေဆုံးခြင်း၊ အထူးသဖြင့် ရှီဟွာတောင်ရှန့်ထို သေဆုံးခြင်းသည် ကြီးမားသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်ကိုးခုတွင် သက်ရောက်မှု ကြီးမားသည်။

“နောင်တရတဲ့အနေနဲ့ နန်းတော်ရဲ့သင်္ချိုင်းမှာ သုံးရက်တိတိ သွားပြီး အပြစ်ကို ဆေးကြော တောင်းပန်လိုက်ပါ” ရီဖူရှင်းက ပြောသည်။

အဆုံးမဲ့ပင်လယ်မှ အရှင်သခင်များက ထိုစကားကို ကြားသောအခါ ကျောက်ရုပ်အလား တောင့်တင်းသွားကြ၏။ ရီဖူရှင်းက သူတို့အား ခရီးဦးကြိုပြုမှုပင် မပြုလုပ်ဘဲ စကား တစ်ခွန်းတည်းသာ ဆိုသည်။

ဤသို့ တည့်တိုးပြောဆိုမှုက သူတို့အတွက်တော့ အသားကျရန် မလွယ်ကူပါ။

သို့သော်လည်း မကြာခင်မှာ သူတို့က စိတ်သက်သာရာ ရသွားကာ အသက်ပြင်းပြင်း ရှူလိုက်ကြ၏။

ရီဖူရှင်းက သူတို့အား လေးစားမှုရှိသည့်ပုံလည်း အနည်းငယ်မျှပင် မပြခဲ့ပေ။ သို့သော်လည်း သူတို့သည် ခေါင်းငုံ့လက်ခံကာ တော်ဝင်ကျဲနန်းတော်ထံ လက်အောက်ခံ၍ ရီဖူရှင်းကို သစ္စာရှိရန် ကျိန်ဆိုခဲ့ကြသည်။

ထို့အပြင် ရီဖူရှင်းသည် သူတို့အပေါ်၌ မည်သည့် အာဃာတမှ မရှိကြောင်း ပြောသည်မှာလည်း သဘာဝကျလှသည်တော့ မဟုတ်ပေ။

ရီဖူရှင်းသည် ဤမျှဖြင့် ကိစ္စများကို အဆုံးသတ်လိုခဲ့သည်မှာ ဖြစ်နိုင်၏။ ယခုချိန်မှစ၍ တော်ဝင်စစ်ပွဲများ၏ မုန်တိုင်းသည် မည်သည့် ဂယက်ရိုက်မှုမှ မရှိဘဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ဆိုလျှင် သုံးရက်အကြာ ပြန်လည် သုံးသပ်ခြင်းသည် အရှက်ခွဲခံရခြင်းဟု တွေး၍ ရနိုင်သော်လည်း သိပ်တော့ ပြဿနာမရှိပေ။

အဆုံးမှာတော့ ပြည်နယ်ကိုးခုတွင် ရီဖူရှင်း၏ ယနေ့ အဆင့်အတန်းမှာ မေးခွန်းထုတ်စရာ မဟုတ်တော့။

အောက်ဘုံသို့ သွားသည့် ခရီးစဉ်၌ မင်းသမီးရှားရှင်းယွန်က ကိုယ်တိုင် လိုက်ပါလာခဲ့သည်။ ဤသည်က ပြည်နယ်ကိုးခုမှ တစ်စုံတစ်ယောက် အတွက်တော့ သာမန်အလေးထားပုံမျိုး မဟုတ်ပေ။

အောက်ဘုံ၌ အဆင့်အတန်းမြင့်မားသည့် ရှန့်ထိုရှားသည်ပင် မင်းသမီးကို မြင်လျှင် အရိုအသေပြုရသည်။

ပြည်နယ်ကိုးခုမှ နယ်မြေများအတွင်း ဘယ်သူက မင်းသမီးနဲ့ ပခုံးချင်းယှဉ် လျှောက်နိုင်လို့လဲ။

မြေရိုင်းပြည်နယ်မှ ရီဖူရှင်း တစ်ယောက်သာလျှင် လုပ်နိုင်ပေသည်။

အတိတ်တွင် ရီဖူရှင်း၏ အဆင့်အတန်းနှင့် ယနေ့ ရီဖူရှင်း၏ အဆင့်အတန်း…၊ နောင်အနာဂတ်တွင် ရီဖူရှင်းသည် မည်သို့သော အဆင့်အတန်းမျိုးအား ပိုင်ဆိုင်နိုင်မည်နည်း။

သူတို့သုံးယောက်က ထိုသို့တွေးလိုက်မိသည်နှင့် အချင်းချင်း ကြည့်လိုက်ပြီးနောက် ပြန်ဖြေသည်… “ကောင်းပါပြီ”

အဆုံးတွင်တော့ သူတို့က သင်္ချိုင်းသို့ ဦးတည်လိုက်ကြပြီး ပြန်လည်သုံးသပ်ရန် ပြင်ဆင်ကြ၏။

ထိုအချိန်၌ နန်းတော်အတွင်းမှ ရီဖူရှင်း ထွက်လာသည်။

ထိုနေရာတွင် ထောင်ကျန်း၊ ယူစီ၊ ကျူးကော့ချန်ဖန်းနှင့် အခြားလူများလည်း ရှိနေကြသည်။ ရီဖူရှင်းက ခန်းမအရှေ့သို့ လျှောက်သွားကာ နန်းတော်အောက်ခြေရှိ ကျယ်ပြောလှသော နယ်မြေကို ငုံ့ကြည့်သည်။

သူ့ခေါင်းကို မော့လိုက်ပြီး ရီဖူရှင်းသည် တစ်ချိန်က စစ်ပွဲကြောင့် အပျက်အစီးများ ဖြစ်နေခဲ့သည့် နေရာသို့ မှန်းဆကာ ကောင်းကင်ကို မော့ကြည့်သည်။ တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင် အများအပြား သေဆုံးခဲ့ခြင်းကြောင့် တော်ဝင်ကျဲနန်းတော်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ယခုကား တရားခံဖြစ်သည့် ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင်ရှန့်ထိုတို့ သေဆုံးသွားပြီး အရာအားလုံးမှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီ။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီး နောက်တွင် ရီဖူရှင်းပြောသည်… “ဒီနှစ်တွေအတွင်းမှာ ပြည်နယ်ကိုးခုက ပြဿနာနွံထဲ နစ်နေခဲ့တယ်။ တော်ဝင်မြေ သုံးခုကိုလည်း ရှင်းလင်းပြီးပြီ။ တော်ဝင်ကျဲနန်းတော်က မြင့်မားတဲ့ အဆင့်အတန်းတစ်ခုမှာ ရပ်တည်နိုင်ပြီဖြစ်ပေမဲ့ ပြည်နယ်ကိုးခုက နယ်မြေတွေကတော့ ဆုတ်ယုတ်မှုတွေ ရှိနေတုန်းပဲ။ အထူးသဖြင့် အရှေ့ဘက်ပြည်နယ်ပဲ”

ထောင်ကျန်းနှင့် အခြားလူများက ဘာမှမပြောဘဲ တိတ်တဆိတ် နားထောင်နေကြသည်။ အရှေ့ဘက်ပြည်နယ်မှ တော်ဝင်မြေအားလုံးတွင် မှန်နန်းသခင်မသည် ရီဖူရှင်းနှင့် အတူရှိနေသည်။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်ကလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။ ကောင်းကင်ရှန့်ထိုသည်သာ တစ်ကိုယ်တည်း လွတ်လပ်စွာ နေသည်။ ယင်းက တကယ့်ကို အဆုံးဆိုး အခြေအနေ ဖြစ်နေပြီ ဖြစ်၏။

“အရင်နန်းတော် သခင်ဟောင်းက တော်ဝင်ကျဲနန်းတော်ကို အင်အားတောင့်တင်း သန်မာလာစေချင်ခဲ့တယ်။ ပြီးတော့ မြေရိုင်းဒေသမှာ ကျုပ်တို့ကို အထွတ်အမြတ်နယ်မြေ ဖြစ်လာစေချင်တယ်။ အခု ပထမခြေလှမ်းက ပြည့်စုံသွားပြီဆိုတော့ နန်းတော်သခင်နဲ့ အကြီးအကဲတွေ ကောင်းကောင်း အနားယူနိုင်ပြီ” ရီဖူရှင်းက ပြောသည်။

“ဖူရှင်း” ထောင်ကျန်းနှင့် အခြားလူများက ရီဖူရှင်း စကား၏ နောက်ကွယ်မှ ဆိုလိုရင်းကို နားလည်လိုက်ကြသည်။ သူက နန်းတော်သခင်နေရာမှ နုတ်ထွက်ရန် ရည်ရွယ်နေလေသည်။

“ဖူရှင်း… မင်း သိထားရမှာက မင်းက တော်ဝင်ကျဲနန်းတော်မှာ နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ မင်းက နန်းတော်သခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားရမယ်” ထောင်ကျန်းက ပြောသည်။

“ထောင်ကျန်းပြောတာ မှန်တယ်။ နေ့စဉ်လုပ်ငန်း ဆောင်တာတွေအတွက် မင်းဆရာနဲ့ အပ်ထားခဲ့နိုင်တယ်” ယူစီက ထပ်ဖြည့်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်ဟာ နန်းတော်သခင်နေရာကို ယူခဲ့ပေမဲ့ ဆရာနဲ့ အကြီးအကဲတွေပဲ နန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့တာပါ။ ဒီလူတွေ မရှိရင် တော်ဝင်ကျဲနန်းတော် ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ ပြောရရင် တော်ဝင်ကျဲနန်းတော်ကို တည်ထောင်ခဲ့တာ ကျွန်တော် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဂုဏ်သတင်း ကျော်ကြားလာရတာတော့ နန်းတော်ကြောင့်ပါပဲ”

ရီဖူရှင်းက ခေါင်းခါရင်း ဆက်ပြောသည်… “အခု အရာအားလုံးက သူ့နေရာနဲ့သူ ပြန်သွားသင့်ပြီ။ ကျွန်တော်က အသုံးမကျတဲ့ နန်းတော်သခင်ပါပဲ။ ဒါပေမဲ့ နန်းတော်အတွက် ပြည်နယ်ကိုးခုအတွက ကျွန်တော် လုပ်နိုင်သမျှအရာတွေ လုပ်ပေးမှာပါ”

ထောင်ကျန်းနှင့် လူတိုင်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက အသေအချာ စိတ်ပိုင်းဖြတ်ပြီးပုံ ပေါ်လေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် အဝေးကို ငေးကြည့်ရင်း ညင်သာစွာ ပြောသည်… “ဆရာ… ပြည်နယ်ကိုးခုက တော်ဝင်မြေတွေကို မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်သို့ ဖိတ်ခေါ်ဖို့ ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်။ တော်ဝင်ကျဲနန်းတော်က ဦးဆောင်ပြီး ပြည်နယ်ကိုးခုညီလာခံထက် သာလွန်တဲ့ သိုင်းပြိုင်ပွဲကျင်းပဖို့ အစီအစဉ်ကို ဆွေးနွေးပွဲလုပ်မယ်။ ဒီပြိုင်ပွဲမှာ ရှီအဆင့်တန်ခိုးရှင်တွေ ပါဝင်နိုင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က မင်းသမီးကိုလည်း ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားမယ်။ ဒီပြိုင်ပွဲက အထက်ဘုံနဲ့ အောက်ဘုံကြားက ဆက်သွယ်မှု လမ်းကြောင်းကို ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်တယ်”

ထောင်ကျန်းနှင့် အခြားလူများသည် စိတ်လှုပ်ရှား သွားကြသည်။ သူတို့က ရီဖူရှင်း ဘာလုပ်လိုသည်ကို ရေးတေးတေး နားလည် လိုက်ကြသည်။

ယနေ့တွင် ပြည်နယ်ကိုးခုကို ရီဖူရှင်းကသာ တစ်စုတစ်စည်းထဲ ပေါင်းစည်းတော့မည် ဖြစ်သည်။

ရှန့်ထိုရှားပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ပေ။

သည်ပြည်နယ်ကိုးခု နယ်မြေတွင် သူသည်သာ မင်းသမီးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။

“သိပ်ကောင်းတယ်…” ထောင်ကျန်း ပင့်သက်ရှိုက်လိုက်ပြီးနောက် အဆောတလျင် ခေါင်းညိတ်သည်။ ဤသည်သာ အကောင်အထည်ပေါ်နိုင်ခဲ့လျှင် ပြည်နယ်ကိုးခုအတွက် ကြီးမားသော အထောက်အကူ ဖြစ်လာလိမ့်မည်။

အခြားလူများလည်း ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြသည်။ ရီဖူရှင်းက သည်ကိစ္စကို လုပ်ဆောင်ရန် ရည်ရွယ်ထားပါက သူတို့ကလည်း ကူညီကာ အကောင်အထည် ဖော်ပေးရန် ဆန္ဒရှိသည်။

“ဒီပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပမှာ ဖြစ်ပြီး ဘယ်နေရာဒေသကမဆို ပါဝင်ယှဉ်ပြိုင်နိုင်တယ်။ ပြည်နယ်ကိုးခုက နယ်မြေအကုန်လုံးကို သတင်းပို့လိုက်ပါ” ရီဖူရှင်း ဆက်ပြောသည်… “ပြီးတော့  ကျွန်တော့်အမိန့်ကို ချီပြည်နယ် တော်ဝင်အလင်း နန်းတော်ကိုလည်း ပို့လိုက်ပါ။ ဒီပြိုင်ပွဲမှာ တော်ဝင်အလင်း နန်းတော်ကိုလည်း ပါဝင်ဖို့ ဖိတ်ကြားတယ်လို့ ပြောလိုက်ပါ။ သူတို့က စစ်ပွဲမှာပါဝင်ခဲ့တာမို့လို့ အတိတ်က အမှားတွေကို ပြန်လည်သုံးသပ်ပြီး တောင်းပန်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် တော်ဝင်အလင်း နန်းတော်ကလည်း ပြည်နယ်ကိုးခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပဲ။ ကျုပ် ရီဖူရှင်းက အတိတ်ကို တွက်ကတ်မနေတတ်တာမို့လို့ တော်ဝင်အလင်း နန်းတော်က ပြည်နယ်ကိုးခုရဲ့ တော်ဝင်မြေတစ်ခုအဖြစ် ဆက်ရှိနေလိမ့်မယ်။ အဲဒီမှာ ကျုပ် ခွင့်မလွှတ်နိုင်တဲ့ လူက တော်ဝင်အလင်းနန်းတော်ရဲ့ သခင် ရှန့်ထိုကျိ တစ်ယောက်တည်းပဲ”

ရှန့်ထိုကျိသည်လည်း တော်ဝင်စစ်ပွဲ ဖြစ်ပွားစေခဲ့သည့် တရားခံတစ်ဦးဖြစ်သည်။ အခြားလူများကို သူတို့၏ အတိတ်နှင့် ပတ်သက်ပြီး မေ့ထားပေးနိုင်လျှင်ပင် စစ်ပွဲကို အစပြုစေခဲ့သည့် ရှန့်ထိုကျိကိုတော့ သူလုံးဝ ခွင့်မလွှတ်နိုင်ပေ။

စစ်ပွဲမှာ ပါဝင်ခဲ့သည့် အခြားလူများမှာ သူတို့၏ အပြစ်များအတွက် သင်္ချိုင်းဂူ၌ လာရောက် တောင်းပန်ပြီး ပြန်လည်သုံးသပ် ကြရမည် ဖြစ်သည်။

ထောင်ကျန်းနှင့် အခြားလူများက သူတို့ကို ကျောပေးကာ ရပ်နေသည့် ရီဖူရှင်းကို ကြည့်သည်။ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူတို့၏ မျက်လုံးထဲ၌ အပြုံးများ ပေါ်ထွက်လာသည်။

သည်နေ့တွင် ရီဖူရှင်းသည် ရှန့်ထိုတစ်ပါး ဖြစ်သည်။

“အမိန့်အတိုင်းပါ … နန်းတော်သခင်” လူတိုင်းက အမိန့်ကို လက်ခံပြီး ပြန်သွားကြသည်။ မကြာခင်မှာ သူတို့က လေထုထဲသို့ ပျံတက်ကာ ပြည်နယ်ကိုးခုရှိ နေရာအသီးသီးသို့ ထွက်ခွာ သွားကြလေသည်။

မကြာခင်မှာ သတင်းသည် ပြည်နယ်ကိုးခုသို့ ပျံ့နှံ့သွားတော့သည်။

ရီဖူရှင်းက ပြည်နယ်ကိုးခုမှ တော်ဝင်မြေအားလုံးကို ဆင့်ခေါ်ခဲ့သည်။ မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်က ဦးဆောင်ပြီး ယခင်ကမရှိခဲ့ဖူးသော ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်သည်။

အချိန်တိုအတွင်းမှာ ပြည်နယ်ကိုးခုက အကြောင်းပြန်ကြပြီး အဓိက တော်ဝင်မြေများကလည်း သူတို့သည် မြေရိုင်းဒေသ၌ ကျင်းပမည့် ဤပြိုင်ပွဲကြီးကို ပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်း ပြောကြသည်။

မြေရိုင်းဒေသသည် တစ်ဖန် တစ်လောကလုံး၏ အာရုံစိုက်မှုကို ရရှိလာပြန်ကာ ပြည်နယ်ကိုးခု၏ အဓိကအချက်အချာ ဖြစ်လာခဲ့သည်။

ပြည်နယ်ကိုးခုမှ မရေတွက်နိုက်သည့် လူများက မြေရိုင်းဒေသသို့ ထွက်ခွာ လာကြသည်။ သူတို့သည် ထိုကြီးကျယ်လှသည့် ပြိုင်ပွဲကြီးကို မျက်မြင်တွေ့လိုကြသည်။

လူအများက ဤပြိုင်ပွဲသည် ပြည်နယ်ကိုးခု၏ ဆယ်စုနှစ်များအတွင်း အံ့မခန်း ကြီးကျယ်သည့် ပွဲဖြစ်လိမ့်မည်ဟု ပြောနေကြသည်။

သတ်မှတ်ထားသည့်နေ့ ရောက်သည့်အခါ နွေဦးပြည်နယ်မှ ရှန့်ထိုရှားက ထွက်ခွာလာခဲ့ပြီး ပြည်နယ်ကိုးခု ကျောင်းတော်မှ ရှန့်ထိုလီလည်း ရောက်ရှိလာသည်။ ထိုအတူ လစန္ဒာရှန့်ထိုလည်း လာရောက်၏။

တော်ဝင်မြေများဖြစ်သည့် စစ်ဘုရင်နယ်မြေ၊ ဗာဂျာရာဒေသ၊ ဆယ်မျက်နှာ ဘုရားကျောင်းတို့ သည်လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာလာကြ၏။

ချီပြည်နယ်မှ ချီကလန်အရှင်သခင်သည် သူ၏ အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်လာခဲ့သည်။ တူညီစွာပင် ကျိရှားတော်ဝင်နန်းတော်နှင့် ယွီအိမ်တော်လည်း ရောက်ရှိလာ၏။

တော်ဝင်အလင်း နန်းတော်မှ အခြေအနေသည်သာ အနည်းငယ် ထူးခြားနေသည်။

လွန်ခဲ့သည့် နှစ်များက တော်ဝင်အလင်းနန်းတော်က မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ပြည်နယ်ကိုးခုရှိ ထိပ်တန်း တော်ဝင်မြေငါးခုတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

တော်ဝင်အလင်းနန်းတော်၏ သခင် ရှန့်ထိုကျိသည် ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်တွင် ပဉ္စမနေရာရှိ၏။ အချိန်တစ်ခုထိ သူသည် လောကထိပ်ဆုံးသို့ တက်လှမ်းလာခဲ့ကာ အင်အားကြီးမားသည့် ချီပြည်နယ်မှ ချီကလန်နှင့် ကျိရှားတော်ဝင် နန်းတော်ထက် သာလွန်ခဲ့သည်။

သို့သော်လည်း တော်ဝင်စစ်ပွဲ ပြီးသည့်နောက်တွင် ရှန့်ထိုကျိသည် အိမ်တော်အကျယ်ချုပ် နေခဲ့ရကာ တော်ဝင်အလင်း နန်းတော်ကို တော်ဝင်အလင်းများက ဆက်လက် ကာကွယ်ခဲ့သည်။ သို့သော်လည်း သူကား စိတ်အေးလက်အေး နေခဲ့ခြင်း မရှိခဲ့ရ။

တော်ဝင်အလင်း နန်းတော်၏ တော်ဝင်အလင်း ကာကွယ်ရေး ဝင်္ကပါကြီးက နောက်ဆုံးတွင် ပွင့်လာခဲ့ပြီဖြစ်၏။

တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များသည် လက်ဝဲလက်ယာ အစီအစဉ်တကျ လျှောက်လာကာ မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်သို့ သွားရောက်ရန် ဦးတည်သည်။ ဤသို့သော အခြေအနေမျိုးကို ဘယ်သူမှ မထင်ထားခဲ့ကြ။

တော်ဝင်အလင်း နန်းတော်၏ အဓိကခန်းမတွင် မိုးထိုးနေသည့် မျှော်စင်နေရာတစ်ခု တည်ရှိသည်။ ထိုအစွန်တွင် တစ်စုံတစ်ယောက်သည် ရပ်လျက် တော်ဝင်အလင်း နန်းတော်၏ ကျယ်ပြောလှသည့် နေရာတစ်ခုလုံးကို ကြည့်နေ၏။

ထိုအချိန်၌ ရှန့်ထိုကျိသည် ထိုနေရာတွင် ရပ်ကာ အောက်မှ လူအုပ်ကြီးကို ကြည့်နေသည်။ နန်းတော်၏ တန်ခိုးရှင်များမှာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားကြသည်။

လူများ တဖြည်းဖြည်း နည်းသထက် နည်းလာသည်ကို သူက ထိုနေရာတွင် ရပ်ကာ ကြည့်နေ၏။

တော်ဝင်အလင်းနန်းတော်ရှိ လူများက တစ်နေ့ထက်တစ်နေ့ လျော့နည်းလာသည်။ သူတို့ မထွက်ခွာခင် သူ့ကို ရိုသေသမှုနှင့် ဦးညွှတ် နှုတ်ဆက်သည်ကိုလည်း သူမြင်၏။

တစ်ချိန်က တောက်ပခဲ့သည့် တော်ဝင်အလင်း နန်းတော်သည် ယခုတော့ တိတ်ဆိတ်နေခဲ့သည်။ ကြည့်လိုက်လျှင် တစ်စုံတစ်ယောက်ကို မြင်ရရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။ တိမ်တိုက်ထဲအထိ ထွင်းဖောက်မတတ် မြင့်မားသော ပင်မခန်းမသည်လည်း အထီးကျန်နေသလို မြင်ရသည်။ နန်းတော်မှာ ပိုပြီး ယိုယွင်းနေသလို ထင်ရသည်။

“ဒီနေ့ ရီဖူရှင်း ဆွေးနွေးပွဲ ကျင်းပမယ့်နေ့ ဟုတ်တယ်မလား” ရှန့်ထိုကျိက အဝေးကို ကြည့်ကာ ရေရွတ်သည်။

“ဟုတ်ပါတယ်… သခင်” ရှန့်ထိုကျိအနောက်မှာ တိတ်ဆိတ်စွာ ရပ်နေသည့် အစေခံအိုကြီး ပြောသည်။ သည်လူအိုကြီးက ရှန့်ထိုကျိ ကြီးပြင်းလာသည်ကို နှစ်ပေါင်းများစွာ ကြည့်ရှုစောင့်ရှောက် ပေးခဲ့သူ ဖြစ်သည်။ သူ၏ ဆံပင်များမှာ လုံးဝဖြူဖွေးနေပြီ ဖြစ်သည်။

“ဦးလေးဟန်… ကျွန်တော် မှားသွားတာလား” ရှန့်ထိုကျိက မေးသည်။

“သခင် ဒီလောကမှာ ဘယ်အရာကမှ မှားတယ် မှန်တယ်ဆိုတာ မရှိဘူး” လူအိုကြီးက ညင်သာစွာ ခပ်တိုးတိုးပြောသည်။

“ဘာလို့ တော်ဝင်အလင်း နန်းတော်က လူတွေက ထွက်သွားဖို့ကို ရွေးချယ်ခဲ့ကြတာလဲ” ရှန့်ထိုကျိ ထပ်မေးသည်။

“ဒါက လူ့သဘာဝပဲ။ တော်ဝင်ကျဲနန်းတော် သခင်ရီဖူရှင်းက စစ်ပွဲအတွင်းက မကျေနပ်ချက်တွေနဲ့ နစ်နာမှုတွေကို စွန့်လွှတ်နိုင်စွမ်း ရှိတယ်။ သူက တကယ် ကောင်းတဲ့လူတစ်ယောက်ပဲ။ အဲဒါကြောင့် နန်းတော်ကလူတွေက သူနဲ့ ပူးပေါင်းဖို့ သွားတာဟာ အံ့သြစရာမဟုတ်ဘူး။ သခင် သူတို့ကို အပြစ်မတင်ပါနဲ့” လူအိုကြီးက ပြောသည်။

“အင်း…” ရှန့်ထိုကျိက ခေါင်းညိတ်လိုက်သည်… “ကျွန်တော်က သူ လက်စားချေလာမှာကို စောင့်နေတာ။ ဒါပေမဲ့ သူက အကုန်လုံးကို လက်လွှတ်ပေးမယ်လို့ မထင်မိဘူး။ အခုတော့ သူက ပြည်နယ်ကိုးခုမှာ ပြိုင်ပွဲကို စီစဉ်ကျင်းပတယ်။ အဲဒါက မြေရိုင်းဒေသ တော်ဝင်ကျဲနန်းတော်ကိုပဲ တိုးတက်စေတာ မဟုတ်ဘဲ ပြည်နယ်ကိုးလုံးကိုပါ တိုးတက်စေတယ်။ ကျွန်တော်က သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ပြင်းပြတဲ့ ရည်မှန်းချက်တွေနဲ့ ယှဉ်ရင် သိမ်နုပ်တဲ့ လူတစ်ယောက်သာသာပါပဲ”

လူအိုကြီးက တိတ်ဆိတ်စွာ ရပ်နေပြီး ဘာမှမပြောပေ။

ရှန့်ထိုကျိက ပြုံးကာ ပြောသည်… “နှစ်နည်းနည်းတောင် ကြာသွားပြီ။ အခု အပြင်ကိုထွက်ပြီး လမ်းလျှောက်ရမယ့် အချိန်ပဲ”

“သခင်…” လူအိုကြီးက ရှန့်ထိုကျိကို ကြည့်သည်။ အင်ပါယာရှားက ရှန့်ထိုကျိကို အိမ်တွင် အကျယ်ချုပ်ကျခံရန် အမိန့်ပေးခဲ့သည်။ အင်ပါယာရှားအမိန့်ကို မနာခံဘဲ ဘယ်သူမှ နေရဲမည် မဟုတ်ပေ။

“သူတောင်မှ စိတ်သဘောထားကြီးနိုင်မှတော့ ကျုပ်လည်း တော်ဝင်အလင်း နန်းတော်မှာပဲ ပုန်းကွယ် မနေချင်တော့ဘူး” ရှန့်ထိုကျိက ထိုသို့ ပြောကာ သူ့ခန္ဓာကိုယ်သည် အလင်းအဖြစ် ပြောင်းသွားပြီး အထက်ကောင်းကင်ဆီသို့ အလျင်အမြန် ထွက်ခွာသွားသည်။

“ခေတ်တစ်ခေတ်က အဆုံးသတ်ခဲ့ပြီ” ရှန့်ထိုကျိ၏ အသံက တော်ဝင်အလင်း နန်းတော်မှသည် အဝေးအရပ်များသို့အထိ ပျံ့နှံ့သွားသည်။ သူက နန်းတော်မှ ထွက်သွားပြီးနောက်၌ ပျောက်ကွယ် သွားတော့သည်။

ထိုအချိန်ကစ၍ ဘယ်သူကမှ ရှန့်ထိုကျိကို မမြင်ကြရတော့ပေ။ အချို့က အင်ပါယာရှားဘုံမှ လူများ သတ်ဖြတ်ခြင်းကြောင့် သူ သေသွားပြီဟု ပြောကြသလို အချို့ကလည်း အင်ပါယာရှားဘုံမှ လူများက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ပြောကြသည်။

ဤအခြင်းအရာမှာ ပြည်နယ်ကိုးခု၌ ဆန်းကြယ်သော ကိစ္စတစ်ရပ် ဖြစ်လာတော့သည်။

စိတ်ပျက်ဖွယ်အတိပြီးသည့် တော်ဝင်အလင်းနန်းတော်၏ အခြေအနေနှင့် ဆန့်ကျင်စွာပင် မြေရိုင်းဒေသရှိ တော်ဝင်ကျဲနန်းတော်တွင် အပ်ပျံမကျ စည်ကားနေ၏။

ပြိုင်ပွဲအား ရီဖူရှင်းက အနာဂတ်တွင် သုံးနှစ်ပြည့်တိုင်း ပြည်နယ်ကိုးခု ညီလာခံကို ကျင်းပပြီး ပြိုင်ပွဲတွင် ရှီအဆင့်နှင့် ရှီအဆင့်အောက်မှ လူများ ပါဝင်ယှဉ်ပြိုင် နိုင်ကြမည်ဟု ကြေညာသည်။

ထို့အပြင် အထက်ဘုံမှ အုပ်ချုပ်သူများက အောက်ဘုံသို့ ဆင်းလာကာ အရည်အချင်း ရှိသူများထဲမှ အကောင်းဆုံး ကိုရွေးချယ်၍ အထက်ဘုံသို့ ခေါ်ယူကာ တန်ခိုးကျင့်စေမည့် အကြောင်းကို မင်းသမီးရှားရှင်းယွန်က ကတိပေးခဲ့သည်။

ပြည်နယ်ကိုးခုလုံး ထိတ်လန့် တုန်လှုပ်သွားသည်။ ဤသတင်းထက် ပိုပြီး အံ့ဖွယ်ကောင်း၏။

ရီဖူရှင်းက သူ မြေရိုင်းဒေသ၏ တော်ဝင်ကျဲနန်းတော်ခင် အဖြစ်မှ အနားယူပြီး နန်းတော်သခင်အသစ် အဖြစ် ရှန့်ထိုထောင်ကျန်းက ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

မငြိမ်သက်သော ခေတ်ကြီးသည် နောက်ဆုံးတော့ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

***

All Chapters