အခန်း (၇၁၃)
Vol. 52 Ch. 713
စုမင် ဟုန်လော့ထံမှ ရရှိသောဓားကိုင်ဟန်များသည် အင်မော်တယ်တို့၏ ဓားပျံ
ကျင့်စဥ်နှင့် ကွဲပြားလေသည်။ ဟုန်လော့၏နည်းလမ်းများက အိုဟောင်းပြီး ကောက်ကျစ်ပုံရသော်လည်း ဓားပျံများကဲ့သို့ လျင်မြန်မှုမရှိပေ။ ဟုန်လော့မှာ ဓားပျံကျင့်စဉ်များကျင့်ကြံရန် အချိန်ရသော်လည်း ၎င်းကို နက်နဲစွာ မလေ့လာနိုင်ခဲ့ပေ။
သို့သော် စုမင်က ထိုဓားပျံကျင့်စဥ်များကို လွန်စွာစိတ်ဝင်စားခဲ့သည်။ ထိုကျင့်စဉ်များက ဓားကိုင်တွယ်ရန် လက်အနေအထားများကို လေ့ကျင့်ခြင်းဖြစ်သည်။ လူတစ်ယောက်၏လက်ထဲမှာ
ဓားတစ်ချောင်းရှိနေမှသာလျှင် ဓားကိုင်သူအတွက် ထက်မြက်သောလက်နက်တစ်ခု ဖြစ်လာနိုင်မည်။
စုမင်က ရွှေရောင်အလင်းတန်းဖြင့်တောက်ပနေသော လူသတ်ဓားကို ရှေ့သို့ ထိုးနှက်လိုက်ရာ လေထုကို ဖြတ်သန်းသွားသည့်ထိုးခွင်းသံများ ထွက်ပေါ်လာလေသည်။ ထို့ပြင်ဓားတွင်းမှ ကြီးမားသောစုပ်ယူအားက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
ထိုစွမ်းအားက ဓား၏စွမ်းအားပင်မဟုတ်သေး။ စုမင်က လောကဥပဒေသအချို့နှင့်ကိုက်ညီအောင် လူသတ်ဓားကို ရှေ့သို့ထိုးသွင်းပြီး ဓားဖြတ်သန်းသွားသည့်နေရာကိုအပြောင်းအလဲအချို့ လုပ်လိုက်သည်။ထို့နောက် လူသတ်ဓားမှ နတ်ဘုရားအာရုံများပင် တစ်ငွေ့ငွေ့ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် အင်မော်တယ်ဓားရောင်ဝါတစ်သိန်းက စုစည်းသွားကာ စုမင်၏လက်ထဲရှိ လူသတ်ဓားဆီသို့ ဦးတည်သွားလေသည်။ ဓားရောင်ဝါတစ်သိန်းဖြတ်သန်းသွားရာလမ်းက အရာအားလုံးကို ဝါးမြိုသွားနိုင်သော တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားပုံရသည်။
မြေပြင်ရှိအက်ကွဲကြောင်းများမှ ပျံထွက်လာသောဓားရောင်ဝါကိုးခုသည် ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိလာပြီး စူးရှသော တရွီးရွီးမြည်သံများကို ထုတ်လွှတ်လိုက်လေသည်။ သူတို့၏ဦးတည်ချက်ကို မပြောင်းလဲဘဲ ၎င်းတို့နှင့်ပေတစ်ရာအောက် ဝေးသော စုမင်ဆီသို့ အရှိန်တင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဓားကိုးစင်းကို ဓားရောင်ဝါတစ်သိန်းက ဝန်းရံလိုက်ပြီး စုမင်အပေါ်ကို တိုးဝင်လာသည်။ ၎င်းတို့မှ တစ်စုံတစ်ရာကို မှုန့်မှုန့်ညက်ညက် ဖျက်ဆီးပစ်နိုင်သည့်အလား ပြင်းထန်သော ဖိအားလှိုင်းများကို ဖြန့်ထုတ်လိုက်သည်။
ဓားတစ်ချက်ထိုးနှက်ပြီးနောက် စုမင်က တည်ငြိမ်သောအမူအရာဖြင့် သူ့လက်ထဲရှိလူသတ်ဓားကို ပြေလျော့စွာ ကိုင်ထားလေသည်။ သူက လူသတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မထားတော့ပေ။ ဓားကိုးစင်းနီးကပ်လာချိန်မှာ စုမင်က သူ့ခါးကို ဆုံလှည့်သလိုလှည့်ရင်း လူသတ်ဓားကို ဘယ်မှညာသို့ လွှဲယမ်းနေလေသည်။ ထို့နောက်သူ့ကိုယ်ကို ဗဟိုချက်ထား၍ ဓားကို စက်ဝိုင်းပုံစံမလွှဲယမ်းခင် အပေါ် အောက် ဓားရေးပြနေလေသည်။
တစ်စုံတစ်ယောက်က ကြည့်လျှင် စုမင်က ဓားကို စက်ပိုင်းပုံစံလွှဲယမ်းနေသည့်အပြင် ထိုစက်ဝန်းကို ဒေါင်လိုက်ဖြတ်နေသော မျဉ်းစောင်းခုတ်ချက်များကို တွေ့မြင်နိုင်သည်။
သို့သော် မည်သူမဆို နောက်တစ်ကြိမ်ပြန်ကြည့်လျှင် စုမင်၏ဓားဝင့်ဟန်များက ဓားတစ်ချောင်းဖြစ်ပေါ်လာရန် ဓားများကို အသုံးပြုသောကျင့်စဉ်တစ်ခုဖြစ်ကြောင်း
တွေ့ရှိရမည်ဖြစ်သည်။ စုမင်က သူ့ကိုယ်သူကာကွယ်ရန် ဓားဒိုင်းတစ်လက်ကို ဖွဲ့စည်းထားသယောင်ထင်ရသည်။ သူ့ဆီသို့ ပျံသန်းလာ သော ဓားကိုးစင်းက ချက်ချင်းဆိုသလိုပင် ပြိုကျသွားသည်။
ဓားအချင်းချင်းထိတိုက်သံများက လေထဲသို့ တိုးဝင်လာသည်။ နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဌာန်ရှိသော ဓားကိုးချောင်းသည် ကွဲအက်ကာ မီးခိုးငွေ့များအဖြစ်သို့ လွင့်ပျံသွားလေသည်။
စုမင်က တည်ငြိမ်သော အမူအရာဖြင့် မြေပြင် ပေါ်တွင် မားမားမတ်မတ်ရပ်လိုက်သည်။ သူ့လက်ထဲမှ ဓားကို ဘယ်ဘက်ခြမ်းမှ သူ့ခြေဖဝါးဆီသို့ လှပစွာ ဝိုက်ယူလိုက်သည်။ ထိုလှုပ်ရှားမှုက
သူ့စွမ်းအားကို စုစည်းထားသည့်အလားဖြစ်နေခဲ့သည်။သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခုပေါ်လာပြီး သူမျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေလေသည်။
မီးတောင်မပေါက်ကွဲခင် တိတ်ဆိတ်ငြိမ်သက်နေသလိုမျိုး၊ မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေသလိုမျိုး၊ ပြင်းထန်ကြမ်းတမ်းသော လေထုက မြေပြင်ကို တိုက်ခိုက်မသွားခင် သာယာနေသလိုမျိုး ... စုမင်၏အမူအရာက ရှေး ဟောင်းရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အလားပင်...
ထိုအချိန်တွင် လောကကြီးထဲရှိ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသည့် အရိပ်အယောင်များ ပြသပြီး မယုံနိုင်စရာကောင်းသော ဖိအားကြီးမားသည့်လေထုက အသံတစ်စုံတစ်ရာမထွက်ဘဲ နယ်မြေတစ်ခုလုံးကို ဝန်းရံထားလေသည်။ဤအရာအားလုံး၏ရင်းမြစ်မှာ စုမင်က သူ့ဓားကို အောက်သို့ ဝိုက်ယူလိုက်ခြင်းကြောင့်ဖြစ်သည်။
“ဓားကိုင်ဟန်..ဆယ့်သုံးမျိုးရှိတယ်.. ဒါပေမဲ့ ဓားဦးကိုဆတ်ခနဲလှည့်တာ..ထိုးနှက်တာ..ဝှေ့ယမ်းတာ..ခုတ်ပိုင်းတာ..အဲဒီလေးမျိုးပဲ နားလည်သေးတယ်..ဘာပဲဖြစ်ဖြစ် အင်မော်တယ်မှော်အစီအရင်ကို ချိုးဖျက်ဖို့ လုံလောက်တယ်...”
စုမင်က ထိုစကားများကို အသံကျယ်ကျယ်ဖြင့်ပြောပြီး ချက်ချင်းပင် သူ့ဘယ်ဘက်အောက်သို့ ထောင့်ဖြတ်ဝိုက်ထားသော ဓားကို သူ၏ညာအပေါ်ဘက်သို့ လျင်မြန်စွာ လွှဲယမ်းလိုက်သည်။
လောကကြီးမှ မြည်ဟည်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ့ဓားချက်အတိုင်း ထင်ရှားသောအမှတ်အသားတစ်ခု ထင်းပေါ်လာသည်။ ဤသည်မှာ ဓားဖြင့် ပိုင်းဖြတ်ခြင်းဖြစ်သည်။ ဓား၏ ထက်မြက်မှုကြောင့် ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့နေသော အတားအဆီးအားလုံးကို ထက်မြိစွာ ပိုင်းဖြတ်မည်ဖြစ်သည်။
စုမင်က သူ့ဓားကို ထိုသို့ပိုင်းဖြတ်လိုက်စဉ် လောကကြီးက တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။ ထိုဓားချက်တွင် လောကဥပဒေသအချို့ပင်ပါဝင်ပြီး ချက်ချင်းပင် စုမင်က ဓားကို အပေါ်မြှောက်ကာ ခုတ်ပိုင်းလိုက်ပြန်သည်။ ဓားမှ ကျယ်လောင်သော ဝီစီသံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေနိုင်သော စွမ်းအားတစ်ခု ပျံ့လွင့်လာသည်။ဤသည်မှာ ဓား၏ပြီးပြည့်စုံသော အသိတရားရှိမှုပင်ဖြစ်သည်။
အကယ်၍ ၎င်းသည် ဓားပျံတစ်လက်ဖြစ်ခဲ့ပါက ဓားကို မည်သူမျှ ကိုင်ဆောင်ထားခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပိုင်းဖြတ်မှုမျိုးကို မလုပ်ဆောင်နိုင်ပေ။ထို့အပြင် မည်သည့်အရာမှ လုပ်ဆောင်ရန် အသိဉာဏ်မရှိပေ။
လူသတ်ဓားမှာ ဝိညာဉ်တစ်ခုရှိလေသည်။ အစောပိုင်းက စုမင်၏ ဖိနှိပ်မှုကို
ခံခဲ့ရပြီး လက်အောက်ခံရန် အတင်းတိုက်တွန်းခံခဲ့ရသည်။သို့သော်လည်း ထိုအချိန်အတွင်း ဓားက စုမင်ကို အံတုမှုများရှိခဲ့ပြီး စုမင်ကို တိုက်ခိုက်မည့် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် ဓား၏တဝီတီမြည်သံ ထွက်ပေါ်လာပြီး ထိုးနှက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ဝှေ့ယမ်းခြင်းဟူသော လုပ်ဆောင်ချက်သုံးခုကို လုပ်ဆောင်သောကြောင့် ဓား၏အသိဉာဏ်ကို စုမင်ပင် အသိအမှတ်ပြုခဲ့ရသည်။ ဓားကို ပြီးပြည့်စုံသောစွမ်းအားဖြင့် ပေါက်ဖွားနိုင်စေခဲ့ပြီး ၎င်းမှာနဂိုပိုင်ဆိုင်ထားသည်ထက် သာလွန်သော စွမ်းအားတစ်ခုဖြစ်သည်။
ဤစွမ်းအားက လူတိုင်းကို စိတ်လှုပ်ရှားမှုနှင့်အတူ တုန်လှုပ်သွားစေသည်။ ဤစွမ်းအားက သန့်စင်ခြင်းသို့ ရောက်သွားသကဲ့သို့ ခံစားရစေကာ ဓားအတွင်း၌ ရှိသောကောင်းချီး ကို ခံစားရစေသည်- ဓားတစ်လက်ဖြစ်ပါသော်လည်း ထိုကဲ့သို့အသက်ဝင်နေလေသည်။
လောကကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ စုမင်က လေထုထဲသို့ ပျံသန်းသွားပြီး ဓားကို ထောင့်ဖြတ်ပိုင်းခုတ်လိုက်ကာ သူ့ရှေ့မှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် လေဟာပြင်လည်း ကွဲအက်သွားပြီး အက်ကွဲကြောင်းများက လီတစ်ရာဧရိယာအထိ ပိုမိုပျံ့နှံ့လာသည်။
ပိုမိုကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲသို့ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ထိုဓားချက်က မြူရွက်ဂိုဏ်းအတွင်းသို့ ကျရောက်သွားသည်။
ဓားပုံသဏ္ဍာန်ရှိသော တောင်ကြီး၏နောက်ရှိနေရာမှာ အက်ကွဲသွားပြီး ပေထောင်ပေါင်းများစွာရှည်လျားသည့် အက်ကွဲကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအက်ကွဲကြောင်းက မြူရွက်ဂိုဏ်းနှင့် ဂိုဏ်းကိုဝန်းရံထားသောမှော်ဓားအစီအရင်ကြား ကွာဟချက်ကြီးကို ဖြစ်ပေါ်စေသည်။
ထိုကွာဟချက်ကြောင့် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းတည်ရှိရာကို ကာကွယ်ပေးသော မှော်ဓားအစီအရင်က ပြိုကျသွားခဲ့သည်။ ၎င်းက ကောင်းကင်ဘုံကိုးခုအထိ ပြင်းထန်သော လေပြင်းများကို တိုက်ခတ်စေရင်း အဆုံးမရှိ ဓားအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုပျက်စီးမှုက နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် လှိုင်းဂယက်များ ထလာပြီး တဘုန်းဘုန်း ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တောင်၏တစ်ဝက် ပြိုကျသောအခါ မြေပြင်သည် တုန်ခါကာ ပေါက်ကွဲသံများ ကောင်းကင်သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဖုန်မှုန့်လှိုင်းများ တလိပ်လိပ် တက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ စုမင်၏ ဆံပင်နှင့် ၀တ်ရုံများသည် လေကြောင့် ရွေ့သွားသော်လည်း သူ့အမူအရာမှာ မပြောင်းလဲပေ။ သူ့လက်ထဲတွင်လူသတ်ဓားကို ကိုင်ကာ အေးစက်စွာ ကြည့်နေ၏။
ထိုအချိန်တွင် မဟာမြူရွက်အင်မော်တယ်ဂိုဏ်း ၏တောင်တစ်ဝက်က ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။ ကျိုးပြတ်သွားသောတောင်တစ်ဝက်၏မျက်နှာပြင်က မယုံနိုင်လောက်အောင် ချောမွေ့နေပြီး စုမင်၏ ဓားသွားအမှတ်အသား ဖြတ်သွားသော နေရာဖြစ်လာသည်။
ဓားပုံသဏ္ဍာန်တောင်ကြီး ထက်ဝက်ပိုင်းဖြတ်ခံရလေပြီ။
စုမင်လက်ထဲရှိ လူသတ်ဓားက စိတ်လှုပ်ရှားနေပြီး တဝီဝီမြည်သံများ ထွက်ပေါ်လာလေသည်။ ဓားက သွေးကို ထာဝရသောက်ရန် မျှော်လင့်နေသကဲ့သို့ ၎င်း၏ထိပ်ဖျားမှ လူသတ်ရောင်ဝါက ချက်ချင်း ပျံ့နှံ့သွားသည်။
“ဓားတွေက အဓိက လူသတ်လက်နက်တွေပဲ...”
စုမင်က ခေါင်းမော့ကာ ပျက်စီးသွားသောမဟာမြူရွက်အင်မော်တယ်တောင်တန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူကိုယ်တိုင် ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပြီး သူ့ဒုတိယအစ်ကိုကို လွတ်မြောက်အောင် ကူညီမည်ဖြစ်သည်။
ကံကြမ္မာမျိုးနွယ်စုက စုမင်နောက်မှာနေရင်း သူတို့၏ လေးစားရသောအကြီးအကဲမိုကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ စုမင်၏ဓားစွမ်းအားက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။ မြင်သူတိုင်း၏နှလုံးသားကို ကြက်သီးထဖွယ်တုန်လှုပ်စေခဲ့သည်။
စုမင်၏ခြေရာများသည် နှေးကွေးနေပုံရသော်လည်း အမှန်မှာ သူရှေ့လှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်က အနည်းငယ် မှိန်ဖျော့သွားသည် ။ သူ့ပုံရိပ်ကို ပြတ်သားစွာမြင်ရချိန်တွင် သူက ပေတစ်ထောင် အကွာကို ရောက်နေလေပြီ။ သူ့ကို အနောက်ကနေ လှမ်းကြည့်သူများက စိတ်မသက်မသာ မဖြစ်သော်လည်း စုမင်က သူတို့ဆီသို့ လှမ်းလာနေသည်ကို မြင်သူတိုင်းမှာ ကြက်သေသေပြီး မူးမေ့လဲသွားနိုင်လောက်မည်။
အဘယ်ကြောင့်ဆိုသော် စုမင်ကို ပေပေါင်းသောင်းနှင့်ချီအကွာမှ မြင်နေရသော်လည်း မျက်လုံးတစ်မှိတ်အတွင်း သူသည် ပို၍နီးကပ်လာကာ သူတို့၏မျက်လုံးများကို လှည့်စားနေသယောင်ထင်ရသည်။
စုမင်က မဟာမြူရွက်အင်မော်တယ်တောင်ခြေတွင် ရပ်နေပြီဖြစ်သည်။ သူ့ခေါင်းကိုမော့ပြီး ပျက်စီးသွားသောဓားတောင်ကြီးကို ကြည့်ရင်း အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။
စုမင် အသက်ရှူရှိုက်လိုက်သောအခါ အင်မော်တယ်ဂိုဏ်း အထက်ကောင်းကင်မှ နှင်းအလွှာများ ကျဆင်းလာသည်။ နှင်းပွင့်တစ်ခုစီမှ အဆုံးမဲ့ အေးခဲသောလေထုကို ထုတ်လွှတ်ကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် လီတစ်သောင်း နယ်မြေအတွင်းရှိ အရာအားလုံးက နှင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ထိုနှင်းထုက အင်မတန် သိပ်သည်းလေသည်။ နှင်းပွင့်များ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး အင်မော်တယ်ဂိုဏ်းကို
ပိတ်ထားသော ချိပ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ အသက်လမ်းကျင့်စဉ်- စုမင်ဖန်တီးထားသော ဆောင်းလယ်ဧ။်အေးခဲစွမ်းရည် ပင်ဖြစ်သည်။
စုမင်က ထိုစွမ်းရည်ဖြင့် အင်မော်တယ်များ၏လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားနိုင်ပြီး ထိုနေရာကို လှောင်အိမ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
“ဒီနေ့ ငါ မဟာမြူရွက်အင်မော်တယ်ဂိုဏ်းကို ဖျက်စီးဖို့လာခဲ့တာကွ...”
စုမင်က အေးစက်စွာပြောလိုက်သည်။ သူ့အသံက လေထုထဲတွင် ကျယ်လောင်စွာပဲ့တင်ထပ်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ အဆုံးမဲ့ နှင်းများကို ဖြတ်သန်းသွားသည်။
ထို့နောက် အင်မော်တယ်ဂိုဏ်းတစ်ခုလုံး မိုးကြိုးပစ်ခံရသည့်အလား တုန်လှုပ်သွားတော့သည်။
စုမင်က သူ့ခြေကိုမြှောက်ပြီး တောင်လှေကားထစ်များပေါ် လျှောက်သွားလေသည်။ ထိုစဉ် အင်မော်တယ်ဂိုဏ်းမှ အဆုံးမဲ့ဓားအလင်းရောင်များ ဘုန်းခနဲပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာပြီး ရှည်လျားသော အလင်းတန်းနှစ်ထောင်ကျော် ပျံသန်းလာသည်။
ထိုရှည်လျားသော အလင်းတန်းနှစ်ထောင်မှာ အင်မော်တယ်ဂိုဏ်းသားနှစ်ထောင်ပင်ဖြစ်သည်။ သူတို့၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် နီရဲတောက်နေလေသည်။ သူတို့က ဓားရောင်ဝါနှင့်အတူ စုမင် ရှေ့သို့ချီတက်ကြလေသည်။
ဟိန်းဟောက်သံများက လေထုထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်လာစဉ် စုမင်က သူ့လက်ထဲရှိဓားကို လွှဲယမ်းလိုက်လေသည်။ ထိုလူသတ်ဓားမှာ သွေးဆာနေပုံရပြီး စုမင်ကို အပြည့်အဝ လူသတ်ခိုင်းနေလေသည်။
စုမင်က သူဆီသို့ လာနေသော ထောင်ပေါင်းများစွာသော လူများကို ကြည့်ရင်း သူ့မျက်လုံးထဲရှိ အေးစက်မှုက ပိုမိုပြင်းထန်လာခဲ့သည်။ သူ့ခြေကိုမြှောက်ရင်း ရှေ့တစ်လှမ်းတိုးလိုက်တိုင်း သူ့နောက်ကလှေကားထစ်များက အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပြာအတိဖြစ်သွားလေသည်။
စုမင်က မလိုအပ်သောအပို စကားများကို မပြောဖြစ်ပေ။ သူ နောက်ထပ် ခြေလှမ်းလိုက်သော် ထောင်ပေါင်းများစွာသောအင်မော်တယ်များနှင့်နီးကပ်လာလေသည်။ စုမင်က သူ့လက်ထဲမှ ဓားကို လွှဲယမ်းလိုက်ရာ ခေါင်းတစ်လုံးပြတ်ထွက်သွားပြီး သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာလေသည်။
ထို့နောက် စုမင်က ဓားကို နောက်ထပ်လွှဲယမ်းလိုက်စဉ် ခေါင်းများစွာ ချက်ချင်း လွင့်ပျံလာသည်။ စုမင်နှင့် အင်မော်တယ်တို့၏အမြင်အာရုံကို သွေးများဖုံးလွှမ်းလာပြီး စုမင်က ရှေ့သို့ သုံးလှမ်း လေးလှမ်း လှမ်းလိုက်သည်။
သူသည် တည်ငြိမ်စွာ အထက်သို့ လျှောက်သွားသည်။ သူ့ဘေးမှာ အဆုံးမဲ့အင်မော်တယ်များရှိနေပြီး ဓားရောင်ဝါလှိုင်းလုံးများက သူ့ပတ်ဝန်းကျင်မှာ လျှံထွက်နေလေသည်။ သူလက်ထဲရှိဓားကို ဆက်လက်ဝှေ့ယမ်းနေရင်း ခေါင်းများစွာကို ဖြတ်ယူနေလေသည်။ ဓားဝိညာဉ်က စိတ်လှုပ်ရှားပြီး သွေးဆာနေသော လေချွန်သံများကို ထုတ်လွှတ်နေလေသည်။ ခေါင်းပြတ်များက မြေကြီးပေါ်ကျပြီး တောင်ခြေရင်းကို လှိမ့်ဆင်းသွားလေသည်။