← Chapters

စုမင် မ‌မြင်ရတာကြာပြီဖြစ်တဲ့ အပြုံးတစ်ပွင့်...

Vol. 52 Ch. 715

စုမင် မ‌မြင်ရတာကြာပြီဖြစ်တဲ့ အပြုံးတစ်ပွင့်...

Vol. 52 Ch. 715

ချန်ရှင်း၏မျက်နှာပေါ်တွင် အနီရောင် ဆီးနှင်းပွင့်များ ‌ကျဆင်းလာလေသည်။ ထိုနှင်းပွင့်များက အရည်ပျော်မသွားဘဲ စုမင်၏စကားများကဲ့သို့ အေးစက်နေလေသည်။ ချန်ရှင်း၏နားထဲတွင် စုမင်၏စကားသံများမှာ သူစိမ်းဆန်ဆန်အငွေ့အသက်များပါနေလေသည်။

ချန်ရှင်း ၏ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျနေဆဲဖြစ်သည်။ အနီရောင်သွေးများက သူမ၏မျက်နှာပေါ်ရှိ နှင်းအရောင်နှင့် အတူတူပင်ဖြစ်ပြီး မည်သည့်အရာ သွေး သို့မဟုတ် ဆီးနှင်းမှန်း ခွဲခြား၍မရပေ။

နှင်းပွင့်များနှင့် သွေးကြားတွင် ဆက်စပ်မှုပုံစံအချို့ရှိနေသည်။

“အကြောင်းပြချက်မရှိဘူး.. နင်က စုမင်ဖြစ်နေလို့ပဲ.. နင်က ငါနဲ့တူတူကြီးပြင်းလာလို့ပဲ..:”

ချန်ရှင်းက သူမ၏ ပါးစပ်ထောင့်ရှိ သွေးများကို သုတ်လိုက်ပြီး စုမင်ကို ကြည့်လိုက်သည်။ သူမ၏ ရှုပ်ထွေးသော အကြည့်သည် နူးညံ့သိမ်မွေ့မှုနှင့် အပြုံးတစ်ခုဖြင့် အစားထိုး ပျောက်ကွယ်သွားခဲ့သည်။

စုမင်က နှုတ်ဆိတ်နေခဲ့သည်။ သူ့ညာလက်ကို မြှောက်လိုက်‌ရာ သူ့လက်ထဲက လူသတ်ဓားက စိတ်လှုပ်ရှားစွာ တုန်ခါသွားသည်။ ထို့နောက် စုမင်က လူသတ်ဓားကို ကောင်းကင်ဆီသို့ လွှင့်ပစ်လိုက်သည်။ သွေးနီရောင်လျှပ်စီးတစ်ခုက လောကကြီးထဲ မွေးဖွားလာသကဲ့သို့ သွေးရောင်အလင်းတန်းများ ထွန်းတောက်လာကာ စုမင်ထံ ဆင်းသက်လာသော ဓားကြီးထံသို့ ဦးတည်သွားလေသည်။

စုမင်အထက်ကောင်းကင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ တသိမ့်သိမ့်တုန်ခါသွားသည်။ ဆင်းသက်လာသောဓားကြီးက အပိုင်းပိုင်းပြိုကျသွားပြီး စက်ဝန်းပုံစံစွမ်းအားလှိုင်းက ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသည့် နယ်နိမိတ်မျဉ်းတစ်ခုအဖြစ် မြင်ရမည်။

“ကျေးဇူးတင်ပါတယ်”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

“စုမင်..နက်မှောင်တောင်ကအရာအားလုံးဟာ လိမ်ညာမှုပဲ... ဒါပေမဲ့ တကယ့်အစစ်အမှန်တွေလည်းရှိတယ်..လေ့ချန်နဲ့..အကြီးအကဲကလည်း အစစ်မှန်ပဲ..ပိုင်လင်းရောပဲ..သူက နင့်ဘက်မှာအမြဲရှိနေတယ်...”

ချန်ရှင်းက စုမင်ကို ကြည့်လိုက်သည်။ အကယ်၍ လူတစ်ယောက်၏အတိတ်တစ်ခုလုံးက လိမ်ညာမှုဖြစ်ကြောင်း သိလိုက်ရလျှင် ထိုခံစားချက်က ဒီရေလှိုင်းတက်လာပြီး နစ်မြုပ်သွားသကဲ့သို့ဖြစ်လိမ့်မည်ဟူ၍ ချန်ရှင်း ခံစားမိလေသည်။ ထိုဖြစ်ရပ်က လူတစ်ယောက်အား

ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သံသယဝင်စေပြီး ဘယ်သူကိုမယုံနိုင်လောက်အောင်ဖြစ်စေသည်။

“နင် ပေလင်းကိုသတ်လိုက်တယ်..အခြားအင်မော်တယ်ဂိုဏ်းက ပါရမီရှင်တွေကလည်း နက်မှောင်တောင်ကပဲ.. နင်နဲ့အတူတူကြီးပြင်းလာတဲ့ သူတွေပဲ...သူတို့လည်း သေပြီ..ဒါပေမဲ့ စုမင်...ဒါက သူတို့ရဲ့ မြင့်မြတ်တဲ့ကိုယ်ပွားတွေပဲ...”

“အတိတ်က နက်မှောင်တောင်ကဖြစ်ပျက်ခဲ့တဲ့အရာအားလုံးက ဟိုးရှေးရှေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ အရာတွေပဲ..ငါတို့ အဲဒီဘဝသံသရာက နိုးထလာတဲ့အခါ ကောင်းချီးနဲ့ စွမ်းရည်တွေအများကြီး ရခဲ့တယ်.. ပြီးတော့ ငါတို့ဂိုဏ်းရဲ့ပါရမီရှင်လူငယ်လေးဖြစ်လာတယ်...

“အခု..မာန်ပြည်ထောင်မှာ နင်သတ်ခဲ့တဲ့လူတွေက ဒီပြန်လည်မွေးဖွားတဲ့ဘဝသံသရာ‌ကို ထပ်ခါတလဲလဲ ဖြတ်သန်းခဲ့သူတွေပဲ..သူတို့က နင့်ကို လမ်း‌ပျောက်အောင်လုပ်နေတဲ့ မြင့်မြတ်တဲ့ကိုယ်ပွားတွေပဲ...သူတို့ရဲ့ ခန္ဓာကိုယ်အစစ်က အင်မော်တယ်ပြည်မှာရှိတယ်...”

ချန်ရှင်းက စုမင်ကိုကြည့်ကာ အမှန်အတိုင်းပြောလိုက်သည်။

“ဒါဆို...နင်ကရော..” စုမင်က တိုးတိုးလေးမေးလိုက်သည်။

“အခု ငါကလည်း ကိုယ်ပွားတစ်ယောက်ပဲ..ငါ့ရဲ့တကယ့်စိတ်ဝိညာဉ်ရှိတဲ့နေရာကို အာရုံခံနိုင်တယ်..ငါ နင့်ကို တွေ့လိုက်ရတဲ့အချိန်မှာ နင့်စိတ်ထဲကရှုပ်ထွေးတဲ့ခံစားချက်တွေကို ငါခံစားနိုင်သလို လွမ်းဆွတ်မှုကိုလည်း မြင်နေရတယ်...”

ချန်ရှင်း၏ အမူအရာမှာ နာကျင်ခြင်း အပြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ငါ ငယ်ငယ်ကတည်းက တစ်စိုက်မတ်မတ်ကျင့်ကြံခဲ့တယ်..ဒါ့ကြောင့် နက်မှောင်တောင်မှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့ကြုံတွေက ငါ့ဘဝရဲ့အတက်ကြွဆုံး အမှတ်တရတွေပဲ..အဲဒီ့ဘဝသံသရာကနေ ဘယ်တော့မှ နိုးထမလာဘဲ နက်မှောင်တောင်မှာပဲ အမြဲနေဖို့ ဆန္ဒရှိတယ်...”

ချန်ရှင်း၏မျက်နှာက ပြင်းစွာသောဝေဒနာကြောင့် သွေးမရှိသလို ဖျော့တော့သွားသည်။ သူမက စုမင်ကိုပြောပြသလိုမဟုတ်ဘဲ သူ့ရင်ထဲမှပေါက်ကွဲထွက်လာသောခံစားချက်များကို ထုတ်ဖော်ပြောသလိုဖြစ်နေလေသည်။

ချန်ရှင်းက ဟောဟဲလိုက်စွာ အသက်ရှုနေစဉ် ကောင်းကင်ရှိအင်မော်တယ်တစ်သောင်းနီးပါးက သူတို့၏ဦးတည်ချက်ကို ချက်ချင်းပြောင်းလိုက်လေသည်။ အလားတူ ကောင်းကင်ရှိဓားမှော်အစီအရင်ကလည်း ပြောင်းလဲသွားသော ခံစားချက်ကို ပေးစွမ်းနေလေသည်။ ယခင်ကထကိ ပိုမိုစွမ်းအားပြင်းသော ဓားရောင်ဝါလှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီး စုမင်ဆီသို့ ပေါက်ကွဲသံကြီးတစ်ခုနှင့် အတူ စုရုံးရောက်ရှိလာသည်။

“စုမင်...ငါတို့ထဲမှာ နင်ကို မေ့ဖို့ ရွေးချယ်ခဲ့တဲ့သူတစ်ချို့လည်း ရှိတယ်... တစ်ချို့လည်း နင့်ကို သတိရနေတုန်းပဲ..သူတို့က နက်မှောင်တောင်ကိုလည်းမှတ်မိတယ်...အဲဒီဘဝသံသရာထဲမှာ နင်နဲ့အတူတူကြီးပြင်းခဲ့တာကိုရောပဲ..”

“နက်မှောင်တောင်က အတိတ်တစ်ခုဖြစ်သွားပြီ...ဒါပေမဲ့ အဲ့ဒီအတိတ်က နင့်နှလုံးသားထဲရော ငါတို့နှလုံးသားထဲမှာရော နေရာယူထားတုန်းပဲ...”

ချန်ရှင်းက သူမ၏ ညာလက်ကို မြှောက်လိုက်သည်။ ထိုစကားတွေပြောပြီးသည်နှင့် သူမ နှုတ်ခမ်းထောင့်မှ သွေးများ ပိုမိုစီးကျလာသည်။ သူမ၏ မျက်နှာက လျင်မြန်စွာ ညှိုးနွမ်းသွားကာ သူမ၏ အရေပြားပေါ်တွင် အက်ကြောင်းများ တဖြည်းဖြည်း ပေါ်လာသည်။

သူမ၏စကားများက လေထဲတွင် တဟုန်ထိုး ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည် ။

စုမင်က ချန်ရှင်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်က ပြာအတိကဲ့သို့ပင် ဖြစ်သွားသည်။

“ငါ့ရဲ့ဒီကိုယ်ပွားက နင့်ကို အမှန်တရားတွေပြောပြမိသွားတယ်..ဒါ့ကြောင့် ငါဆိုတဲ့ကတိသစ္စာကို ဖောက်ဖျက်မိလိုက်လို့ ခုလိုအပြစ်ပေးခံရတာ..ငါ့ရဲ့ ကိုယ်ပွားက ဘယ်တုန်းကမှမရှိသလို ပျောက်ကွယ်သွားလိမ့်မယ်..ဒါပေမဲ့ သူတို့ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ဘာမှမလုပ်နိုင်ဘူး...စုမင်..ပေလင်းကို အပြစ်မတင်နဲ့နော်..သူက အရင်ကလိုမျိုးမဟုတ်တော့ဘူး..”

ချန်ရှင်း က တိုးတိုးလေးပြောပြီး မျက်လုံးများကိုမှိတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည်။

စုမင်လည်း နှုတ်ဆိတ်သွားသည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ်ရှုပ်ထွေးသောအကြည့်တစ်ခုပေါ်လာပြီး သူ့အထက်မှဓားရောင်ဝါကြီးက အောက်သို့ ဆင်းသက်လာပြီး သူ့နှင့်ထိတိုက်မိသွားလေသည်။ ထိုအချိန်တွင် စုမင်က သူ့ဘယ်လက်ကိုမြှောက်ပြီး သူပစ်လွှတ်လိုက်သော လူသတ်ဓားကိုဖမ်းဆုပ်လိုက်သည်။ နားအူမတက်ပေါက်ကွဲသံများက လေထုထဲသို့ တဂျိန်းဂျိန်းပျံ့လွင့်လာပြီး စုမင်အောက်ရှိတောင်တစ်ဝက်က လုံးဝကွဲအက်သွားလေသည်။

စုမင်က ခေါင်းငုံ့ပြီး သူ့လက်ထဲက လူသတ်ဓားကို ကြည့်လိုက်သည်။ဓားက အနီရောင်အတိဖြစ်နေပြီး သွေးများ ရွှဲရွှဲစိုနေလေသည်။ထို့နောက် သူ့အဝတ်အစားများနှင့် သွေးစွေးနေသောလက်ကို ငုံ့ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိအဆုံးမရှိတဲ့ ဝမ်းနည်းကြေကွဲမှုများနှင့် ထောင်းထောင်းထနေသောဒေါသအငွေ့အသက်များကို ခံစားရလေသည်။

အားလုံးက သူ့လက်ထဲ၌ အသေခံခဲ့သော အင်‌မော်တယ်များဖြစ်သည်။

စုမင်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်အပေါ် နက်နဲသော ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီး ဖုံးလွှမ်းသွားသည်။ သူ့ရင်ထဲရှိ ပင်ပန်းနွမ်းနယ်သောခံစားချက်က ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုတစ်ကြိမ်တော့ အရင်ကထက် ပိုမိုနက်ရှိုင်းလာသည်။

စုမင်က သူ့မျက်လုံးများကိုမှိတ်ထားချင်သော်လည်း မမှိတ်နိုင်သေးဘဲ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူ၏မျက်လုံးရှိ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားခဲ့သည်။ ‌သူအသက်ရှုသံများ မြန်ဆန်လာသည်။ အဘယ်ကြောင့်ဆိုသော် ‌စုမင်အောက်ရှိတောင်ကြီးပြိုကွဲသွားပြီးနောက် ဒုတိယအစ်ကိုကြီး၏အငွေ့အသက်ကို ခံစားရသောကြောင့်ဖြစ်သည်။

စုမင်က သူ၏ဘယ်လက်ကို ရုတ်သိမ်းလိုက်ပြီး ချိပ်တံဆိပ်တစ်ခုဖွဲ့စည်းကာ သူ့လက်မောင်းကို ရှေ့သို့လှည့်လိုက်သည်။ ပြင်းထန်သောလေပွေက ရှေ့သို့တိုက်ခတ်လာကာ နယ်မြေအတွင်းရှိ ကြေမွနေသော ကျောက်တုံးအားလုံးကို လှည်းကျင်းစေခဲ့သည်။ ထိုပြိုကျမှုကြောင့် ပေါ်လာသော အပိုင်းအစများအားလုံး ပြန့်ကျဲသွားကာ မြေပြင်က ထင်ရှားလာသည်။

ဤနေရာသည် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းဧ။်မူလဖြစ်မည်ဟု ယူဆ၍ရသည်။ ထိုအချိန်တွင် မြေပြင်ပေါ်တွင် ပေပေါင်းများစွာ ကြီးမားသော အလင်း‌ ဘောလုံးတစ်ခု ထွက်ပေါ်လာသည်။

အလင်းဘောလုံးကြီးသည် အရောင်ငါးမျိုးဖြင့် တောက်ပနေသည်။ ၎င်း၏အစွန်း မြူအလွှာပါးတစ်ခု ဝန်းရံထားပြီး အတွင်းတွင် တွန့်လိမ်နေ‌သော အနက်ရောင်ပုံရိပ်တစ်ခုရှိနေလေသည်။ ထိုပုံရိပ်၏မျက်နှာကို ရှင်းလင်းစွာမမြင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် မျက်နှာမရှိသောကြောင့်ဖြစ်သည်။အလင်းဘောလုံးကြီးတွင် အနက်ရောင်မြူခိုးလွှားပါးအပြင် အနက်ရောင်ကြိုးမျှင်များလည်း အတူ ဝန်းရံထားလေသည်။

အလင်းဘောလုံးကြီး၏အတွင်းနှင့်အပြင်တွင် ကြီးမားသောသံချိန်းကြိုးခြောက်ကြိုး ရစ်သိုင်းထားလေသည်။ ထိုကြိုးများက အလင်းလုံးကြီးကိုဖောက်ဝင်ပြီး အနက်ရောင်ပုံရိပ်၏ဝိညာဉ်နှင့်ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုပုံစံမှာ ချိတ်တံဆိပ်ခတ်ထားသယောင် ထင်ရသည်။

ချိန်းကြိုးများ၏ကျန်အစွန်းများကို မြေကြီးထဲတွင် မြှုပ်နှံထားပြီး ကြီးမားသောမှော်အစီအရင်ကြီးတစ်ခုလည်း ရှိခဲ့သည်။ ထိုမှော်အစီအရင်က ‌အလင်းလုံးထဲရှိ အနက်ရောင်ပုံရိပ်ကို ဖိနှိပ်ထားရုံသာမက အင်မော်တယ်တောင်ကြီးတစ်ခုလုံးကပါ ဖိနှိပ်ထားလေသည်။ သာမန်နေ့များတွင် မှော်အစီအရင်က အနက်ရောင်ပုံရိပ်၏တည်ရှိမှုကို ဖုံးကွယ်ထားလေသည်။

မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏တောင်ပြိုကျသွားပြီးနောက် အလင်းဘောလုံးကြီး ပေါ်လာလေသည်။

မြေပြင်ပေါ်ရှိ‌ မှော်အစီအရင်နှင့် အလင်းဘောလုံးကို မြင်လိုက်ရသောကြောင့် စုမင်၏ မျက်လုံးများတွင် ဒေါသူပုန်ထလာပြီး အနက်ရောင်ပုံရိပ်က တွန့်လိမ်ပုံပျက်ပြီး ပြိုကွဲစပြုလာသည်ကို မြင်လိုက်ရသည်။ မရဏအငွေ့အသက်နှင့်အတူအနက်ရောင်မီးခိုးလုံး ခြောက်လုံးက ထိုပုံရိပ်မှ စတင်ပျံ့နှံ့လာပြီး ချိန်းကြိုးများကိုဖြတ်သန်း၍ မှော်အစီအရင်ဆီသို့ တဟုန်ထိုး ဦးတည်သွားလေသည်။ အနက်ရောင်ပုံရိပ်က လိုလိုလားလား လုပ်နေတာ မဟုတ်ကြောင်း ထင်ရှားလေသည်။ ထိုချိန်းကြိုးများက အနက်ရောင်ပုံရိပ်ထံမှ စွမ်းအားများကို အငမ်းမရစုပ်ယူနေလေသည်။

ထိုအနက်ရောင်မီးခိုးခြောက်လုံးက မြေပြင်ပေါ်ရှိ မှော်အစီအရင်နှင့် ရောနှောသွားသောအခါ မျက်စိတစ်မှိတ်အတွင်း လောကကြီး၏ဝိညာဉ်စွမ်းအားများက ပိုမိုများပြား‌ သောပမာဏအဖြစ်သို့ ပြောင်းလဲသွားပြီး ပျံ့နှံ့သွားသည်...

စုမင်က ကောင်းကင်သို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးထဲတွင်

ဒေါသမီးကြောင့်နီရဲနေပြီး သွေးမျက်ရည်များ စီးကျလာသည့်သယောင်ထင်ရလေသည်။ အစောပိုင်းက မဟာမြူရွက်အင်မော်တယ်ဂိုဏ်း၏ဝိညာဉ်စွမ်းအားများက အခြားနေရာထက်ပိုမိုသိပ်သည်းသည်ဟု စုမင် ထင်ခဲ့ပြီး သိပ်ဂရုတစိုက် မလေ့လာခဲ့မိပေ။

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက သူ့ကိုအရမ်းရူးသွပ်သွားစေသောလုပ်ရပ်တစ်ခု လုပ်လိမ့်မည်ဟု စုမင် မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ ဘဝပုံစံတစ်ခု(လူတစ်ယောက်)ကို ဝိညာဉ်စွမ်းအားများအဖြစ်ပြောင်းလဲနိုင်သော မှော်အစီအရင်တစ်ခုဖြစ်သည်။ သံကြိုးချောင်းကြိုးမှာ ထိုစွမ်းအားများကို စုပ်ယူနိုင်သော ပြွန်ပိုက်ကဲ့သို့ပုံစံဖြစ်ပြီး စွမ်းအားအရင်းအမြစ်မှာ အနက်ရောင်ပုံရိပ်ထံမှ ဖြစ်သည်။

ထိုအလင်းဘောလုံးက ချိပ်တံဆိပ်တစ်ခုဖြစ်ပြီး အတွင်းမှ အနက်ရောင်အရိပ်သည် စုမင်၏ ရင်းနှီးကျွမ်းဝင်မှု အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ သူ့ကို ရူးသွပ်စေခဲ့သော အကြောင်းရင်းပင်ဖြစ်သည်။

“ဒုတိယအကိုကြီး”

စုမင်၏ ဒေါသနှင့် ရူးသွပ်မှုတို့ကြောင့် သူ့အသံက ကွဲအက်တုန်ယင်နေတော့သည်။ ချန်ရှင်း၏ စကားများသည် စုမင်၏ နှလုံးသားထဲတွင် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အင်မော်တယ်ဂိုဏ်းတပည့်များကိုပင် သတ်ဖြတ်ခြင်းကို ရပ်တန့်ခဲ့သည်။

သို့သော် စုမင်က သူ၏ဒုတိယအစ်ကိုကြီးက အားနည်းနေပြီး အချိန်မရွေးပျောက်ကွယ်သွားနိုင်သည်ကို မြင်လိုက်ရသောအခါ သူ၏သတ်ဖြတ်လိုစိတ်များ မြှင့်တက်လာလေသည်။

“မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက အင်မော််တယ်တွေ....”

စုမင်က ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးပြီး မြေပြင်ဆီသို့ ဦးတည်သွားလိုက်သည်။ သူက မြေပြင်ပေါ်ရှိမှော်အစီအရင်ဆီသို့ ချဉ်းကပ်ပြီး သူညာလက်ရှိဓားကို မြှောက်လိုက်သည်။ သူ့ဓားချက်က လောကကြီးကို တဒုန်းဒုန်းတုန်လှုပ်သွားစေပြီး သံကြိုးများထဲမှ တစ်ခုကို ဖြတ်တောက်ပစ်လိုက်သည်။

ကြီးမားသောတွန်းကန်အားက ပြန်ကန်ထွက်လာပြီး သူ့လက်မကို ဆုတ်ဖြဲသွားစေကာ သူ့ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားလေသည်။ သူ့လက်မှ သွေးများ ပန်းထွက်လာပြီး နောက်သုံးလှမ်းဆုတ်လိုက်သည်။

စုမင်က နောက်ပြန်ဆုတ်သွားသော်လည်း သံကြိုးမှ ကွဲအက်သံများထွက်ပေါ်လာပြီး ကွဲကြေသွားလေသည်။ ထိုသံကွင်းဆက်များက သာမန်မဟုတ်တာတော့ သေချာသည်။ စုမင်က လူသတ်ဓားကို မကိုင်ထားလျှင် ဖျက်ဆီးရန် ခက်ခဲလိမ့်မည်။

သံကြိုးခြောက်ခုအနက်မှ တစ်ခု ပြတ်သွားပြီးနောက် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းတပည့်များက စုမင်ထံသို့ အပြေးအလွှားတိုးဝင်သွားကြသည်။ သူတို့၏ဓားချက်များ စုမင်ပေါ်သို့ စုပြုံကျလာသည်။ တကယ်တော့ တပည့်တစ်ယောက်စီတိုင်းက သူတို့၏လျှာဖျားများကို ကိုက်လိုက်ပြီး သွေးချောင်းဆိုးလိုက်သည့်အခါ ထိုဓားများက အနီရောင်ဓားသွားအဖြစ်ပြောင်းလဲသွားသည်။ သွေးနီရောင်ဓားငယ်တစ်သောင်းနီးပါးသည် ကောင်းကင်မှမိုးရွာနေသည့် ဓားသွားများကဲ့သို့ဖြစ်ပြီး ကောင်းကင်ကို ဓားရောင်ဝါများဖြင့် ပြည့်နှက်စေသည်။

ထိုအချိန်တွင် သံကြိုးပြတ်သွားကာ အလင်းဘောလုံးမှ အားနည်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ ပုံပျက်နေသော အနက်ရောင်ပုံရိပ်သည် သူ့အပေါ်ထားရှိသည့် ကန့်သတ်ချက်များ အနည်းငယ် လျော့သွားသလို ခံစားလိုက်ရသည်။ ထို့နောက် အနက်ရောင်မြူခိုးများက လူတစ်ယောက် ပုံသဏ္ဍာန်ကို တဖြည်းဖြည်း ပုံဖော်လာခဲ့သည်။ ထိုအရာက ပုံရိပ်ယောင်ဖြစ်နေသော်လည်း သူ့မျက်နှာက ဖြူဖျော့ပေမဲ့ ပိုကြည်လင်လာပြီး ပြုံးနေသောအမူအရာတစ်ခုပေါ်လာလေသည်။

ထိုပုံရိပ်မှာ စုမင်၏ဒုတိယအစ်ကိုကြီးပင်ဖြစ်သည်။

သူက ပြင်းစွာသောနာကျင်မှုဝေဒနာကို ခံစားခဲ့ရပုံပေါ်သည်။ ထိုဖြူဖျော့ဖျော့မျက်နှာသည် စုမင် တစ်ခါမျှ မမြင်ဖူးသောမျက်နှာဖြစ်သော်လည်း အပြုံးကမူ သူ့အမှတ်တရများကဲ့သို့ နူးညံ့သိမ်မွေ့နေသေးသည်။ ဒုတိယအစ်ကိုကြီး သူ့ခေါင်းကို မော့ထားပြီး နေရောင်ခြည်၏နွေးထွေးသောအငွေ့အသက်ကို ခံစားချင်ပုံရသည်။ ထို့နောက် သူ ပြုံးရင်း စုမင်ကို ကြည့်လိုက်သည် ။

“အငယ်ဆုံးညီလေး”

All Chapters