လက်ထပ်ပွဲ
Vol. 52 Ch. 718
မြင်သူတိုင်း၏မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိပြီး မေ့ဖျောက်ရခက်သော မြင်ကွင်းတစ်ခုပင် ဖြစ်လိမ့်မည်။ အမျိုးသမီးတစ်ဦးက သူမ၏လှပသောရုပ်သွင်ကို ကောင်းကင်မှာ ထုတ်ဖော်ပြသရင်း လက်နောက်ပစ်ကာ ရှက်သွေးဖြာနေသောအပြုအမှုမှာ စွဲမက်စရာကောင်းလှသည်။ ထို့နောက် သူမက ပေါ့ပါးသောခြေလှမ်းများနှင့်အတူ ဆင်းသက်လာခဲ့သည်။
သူမ၏ ခါးက သေးသွယ်နေပြီး သူမ၏ သွယ်လျသော အသွင်အပြင်ကို ဖုံးကွယ်ထားသော အစိမ်းဖျော့ဖျော့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ အင်ကျီလက်အကျတွင် အနီရောင်ဖျော့ဖျော့ ကြယ်ပွင့်အချို့နှင့် ငွေချည်ထိုးထားသောတိမ်ပုံအချို့လည်း ရှိသည်။ သူမ၏တောက်ပနေသော မျက်လုံးများက နွေဦး၏စမ်းရေများကဲ့သို့ ကြည်လင်နေပြီး ပါးမို့မို့တွင် ရှက်သွေးဖြာနေလေသည်။ သူမ၏ဦးခေါင်းပေါ်ရှိ ဖီးနစ်ဆံညှပ်အောက်တွင် တွဲလောင်းကျနေသောပုလဲများက တောက်ပနေလေသည်။
ပုလဲများက နေရောင်အောက်တွင် တောက်ပနေသော်လည်း မိန်းကလေး၏ အလှကို တစ်ချက်မျှပင် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ယင်းအစား ၎င်းတို့က သူမ၏အလှကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဆောင်ကျဉ်းပေးခဲ့သည်။ မြင်သူတိုင်းက သူမ၏အလှထဲတွင် မျောပါသွားလိမ့်မည်။
သူမ၏နူးညံ့သိမ်မွေ့သောမျက်နှာသည် လှပသောပန်းပွင့်တစ်ပွင့်ကဲ့သို့ဖြစ်ပြီး သူမလမ်းလျှောက်လာစဥ် သူမဆံနွယ်လေးများက တဖျတ်ဖျတ် လွင့်နေလေသည်။ ထို့ကြောင့် သူမ၏ဆံပင်ကို သပ်ရန် ညာလက်ကို မြှောက်ထားလိုက်သည်။ သူမ၏ လက်ချောင်းများက ရှည်ရှည်သွယ်သွယ်လေးဖြစ်နေပြီး အသားအရည်က နှင်းပွင့်ကဲ့သို့ ဖြူဖွေးလှသည်။ ဆံပင်သပ်နေသည့်အပြင် သူမ မျက်မှောင်ကြုတ်လိုက်လျှင် သို့မဟုတ် ပြုံးလိုက်လျှင် ပုရိသများ၏ နှလုံးသားများ ဖမ်းယူသိမ်းပိုက်သွားနိုင်မည်။
“ငါ..ယွီရွှမ် ..အစ်ကိုစုကို နှုတ်ဆက်ပါတယ်...”
မိန်းမလှလေးက မြေပြင်ရှိလူနှစ်ယောက်ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာကာ စုမင်နှင့် ပေတစ်ရာကွာဝေးသောအချိန်တွင် သူမခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းထားလိုက်သည်။ ဆွဲဆောင်မှုရှိပြီး သင်းပျံ့သောမွှေးရနံ့က လေထဲသို့ ပျံ့လွင့်သွားသည် ။လူတစ်ယောက်က ထိုအနံ့ကို တစ်ခါရှုရှိုက်မိရုံနှင့် နှလုံးသားထဲတွင် နေရာပေးမိသွားမည်ဖြစ်သည်။
အမျိုးသမီး၏နောက်တွင် အဝါရောင်ခွေးကြီးတစ်ကောင်ရှိပြီး ၎င်းက ပြေးလွှားနေရင်း သူမနောက်သို့ လိုက်လာခဲ့သည်။၎င်း၏လျှာကို ထုတ်လိုက်သောအခါ တံတွေးများ စီးကျလာသည်။ ထို့နောက်တွင် စိတ်လှုပ်ရှားနေသော ချမ့်ချန်ရှိသည်။ သူကြည့်ရတာ ရှံ့မဲ့မဲ့ဖြစ်နေလေသည်။ သူ စုမင်ကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် မျက်ရည်များဝဲတက်လာသည်။
ထိုအုပ်စုဧ။်အဆုံးမှာ အဘိုးအိုဟန်ဆောင်ထားသော ထိပ်ပြောင်ကြိုးကြာငှက်က ဟန်နှင့်ပန်နှင့်လမ်းလျှောက်နေသည်ကို တွေ့ရသည်။ သူက လက်များကို ပွတ်နေပြီးအကြီးအကဲတစ်ယောက်ကဲ့သို့ ဝင့်ကြွားနေလေသည်။ သူ့တွင် ဂုဏ်သိက္ခာ နည်းနည်းမျှ မရှိသော်လည်း ပညာရှိဟန်ဆောင်ထားလေသည်။ သူ့အမူအရာနှင့်လမ်းလျှောက်ပုံကြောင့် ဖြစ်ပေါ်လာသောမြင်ကွင်းက အင်မော်တယ်များ
မဝေခွဲတတ်သောတည်ရှိမှုမျိုးဖြစ်သည်။
စုမင်က အဘိုးအိုကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်နိုင်သော်လည်း သူ၏နှာခေါင်းရှုံ့ဖွယ်အပြုအမှုနှင့် ဣန္ဒြေရှိသောဟန်ပန်ကြောင့် ကြိုးကြာငှက်မှန်း တန်းသိလေသည်။ မာန်ပြည်ထောင်တစ်ခုလုံးတွင် ရှုပ်ထွေးသောလေထုနှစ်ခုကို ပေါင်းစပ်ကာ မြှောက်ကြွမြှောက်ကြွဖြစ်နေသူမှာ ကြိုးကြာငှက်ကလွဲ၍ အခြားမည်သူမျှမရှိပေ။
စုမင်က ခွေးကြီးကို ကြည့်ရင်း သူ့မျက်လုံးထဲက လင်းလက်လာသည်။ ထို့နောက် သူ့အကြည့်များကို မိန်းမလှလေးဆီသို့ ပြန်ပြောင်းလိုက်သည်။ သူမြင်ဖူးသမျှ အမျိုးသမီးထဲတွင် သူမက အလှပဆုံးဖြစ်ကြောင်း ပြောနိုင်သည်။ သူမ၏မျက်နှာ၊ သူမ၏ စိတ်နေစိတ်ထား၊ သို့မဟုတ် ရှက်သွေးဖြာသောအကြည့်ကြောင့်ဖြစ်စေ သူမနှင့်မည်သူမျှ မယှဉ်နိုင်ပေ။
သို့သော် စုမင်က အကြောင်းအရင်းတစ်ခုခုကြောင့် သူမကိုယ်၌ ချွန်ထက်သော အပ်တစ်ချောင်း ရှိနေသကဲ့သို့ ခံစားရသည်။ မည်သူမဆို ဂရုမစိုက်ဘဲ ထိမိပါက ချက်ချင်း ထိုးဖောက်ခံရမည်ဖြစ်ပြီး ထိုအပ်တွင် သေစေနိုင်သော အဆိပ်ပါနေပုံရသည်။
စုမင်က ထိုအမျိုးသမီးကို ကြည့်နေစဉ်တွင် သူမကလည်း သူ့ကို စေ့စပ်စွာကြည့်လိုက်သည် ။ သူတို့အကြည့်ချင်းဆုံသွားချိန်တွင် မိန်းမလှလေးက ရှက်ပြုံးလေးပြုံးပြီး စုမင်၏အကြည့်ကို ရှောင်လွှဲရန်
ခေါင်းငုံ့ထားလိုက်သည်။
စုမင်၏ ဒုတိယအစ်ကိုဖြစ်သူက ဘေးနားတွင် ချောင်းဟန့်လိုက်သည်။ သူ့ခေါင်းကို မော့ပြီး နေရောင်ဘက်သို့ မျက်နှာမူကာ အမျိုးသမီးကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“ညီမလေး.. ငါ့ညီအငယ်ဆုံးနဲ့ ဘယ်တော့ လက်ထပ်မှာလဲ”
သူက ရုတ်တရက် စကားထပြောလိုက်သော်လည်း သူ့ပြောသည့်စကားများက စိတ်ကူးဖြင့်တွေးကြည့်၍တောင်မရသော အရာများဖြစ်နေသည်။ ထိုစကားက ယုတ္တိမရှိရုံသာမက စုမင်ကို အံ့အားသင့်စေရုံသာမက ရှက်ရွံ့ဟန်ဆောင်နေသော အမျိုးသမီးအား မျက်လုံးပြူးသွားစေသည်။ သူမ၏ရှက်ရွံ့သောအကြည့်ကလည်း ချက်ချင်း ပျောက်ကွယ်သွားသည် ။
ဘေးနားက ခွေးကြီးတောင် ပါးစပ်ဟသွားပြီး သူ့လျှာကို ပြန်သိမ်းရန် မေ့သွားသည်။၎င်း၏ပါးစပ်မှ တံတွေးများထွက်ကျလာသည်..။
ထိပ်ပြောင်ကြိုးကြာငှက်က အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး စီနီယာတစ်ယောက်ကိုကြည့်သလို လေးစားသောအမူအရာဖြင့် စုမင်၏အစ်ကိုကို ကြည့်လိုက်သည်။
ချမ့်ချန်အတွက်တော့ လုံးဝအံ့အားသင့်သွားသည် ။
ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ ဒုတိယအစ်ကိုတစ်ဦးတည်းက သူလုံးဝအန္တရာယ်ကင်းသွားသည့် မျက်နှာဖြင့် ညင်သာစွာပြုံးနေသည်။ သူ့မျက်နှာတစ်ခြမ်းမှာ နေရောင် ဖြာကျပုံနှင့် ကိုယ်ဟန်အမူအရာကြောင့် လေထုကို အချိန်အတော်ကြာ တိတ်ဆိတ်သွားစေသည်။
“ဒုတိယအစ်ကိုကြီး...ကျုပ် သူမကို မသိဘူး”
စုမင်က ရှုံ့မဲ့နေရင်း ရယ်မောလိုက်ပြီး
အစ်ကို၏နဖူးကို လက်ဖြင့်တောက်လိုက်သည် ။
“ အဓိပ္ပာယ်မရှိဘူး.. မင်း သူမကို မသိဘူးလို့သာပြောတာ မင်းနာမည်ကို ဘယ်လိုသိသွားတာလဲ.. အငယ်ဆုံးညီလေး...မင်း နဝမမြောက်တောင်ထွဋ်က ထွက်သွားတုန်းက ဆရာကြီးရယ်..အစ်ကိုအကြီးဆုံရယ်..ငါရယ်..ဟူကျီရယ်က မင်းဘဝအတွက် ဆွေးနွေးကြသေးတယ်...မင်းသိလား...မင်းအကြောင်းဆွေးနွေးတာ သုံးရက်လောက်တောင်ကြာတယ်..အဲ့ဒါက မင်းကို လက်ထပ်ပေးဖို့ပဲ.. အခု ကောင်းကင်ဘုံက လမ်းဖွင့်ပေးလိုက်ပြီ..မင်းရဲ့ဖူးစာကံ ဒီလောက်ကောင်းမယ်လို့ မထင်ထားမိဘူး..ကြည့်စမ်း..မင်းနောက်မှာ အလှလေးတစ်ပါးက သူ့ဘာသာ ဆင်းသက်လာတာကွ..”
“အာ..ရှင့်ရဲ့အစ်ကိုကြီးကို ပြန်ကြည့်စမ်း ဘယ်လောက်သနားစရာကောင်းလဲ.. ငါ့ တုနှိုင်းမရတဲ့ အလှတရားနဲ့ အရည်အချင်းတွေရှိတယ်...ဂုဏ်ကျက်သရေရှိတဲ့ဟန်ပန်လည်းရှိတယ်.. ဆွဲဆောင်မှုရှိတယ်... ဒါက မိန်းမတစ်ယောက် ရှိသင့်တဲ့အလှတရားမလား...”
“ဒုတိယအစ်ကိုကြီး... ကျုပ် တကယ် သူ့ကို မသိဘူး...”
လှပသောအမျိုးသမီးက စုမင်၏ ဒုတိယအစ်ကိုအား မျက်လုံးပြူးကျယ်ဖြင့် အချိန်အတန်ကြာ စိုက်ကြည့်နေပြီး သူမက ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။ ထို့နောက် အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ်မျှပင် နောက်ပြန်ဆုတ်သွားခဲ့သည်။ ဤဒုတိယအစ်ကိုကြီးသည် အလွန်ကြောက်စရာကောင်းသည်ဟု သူမခံစားမိသည်။
သူမကို သူပေးခဲ့သော အကြောက်တရားက အသူရာဖန်ဆင်းရှင်ဧကရာဇ် စီမံထားတာထက်တောင် ပိုဆိုးလေသည်။ ထိုဧကရာဇ်က သူမကို တတိယမင်းသားနှင့် လက်ထပ်စေချင်ပြီး တစ်စုံတစ်ယောက်ကို အောင်သွယ်လုပ်ရန်တောင်းဆိုခဲ့သည်။ စုမင်၏ဒုတိယအစ်ကိုကြီးက ပထမအကြိမ်တွေ့ဆုံမှုမှာတင် ထိုကဲ့သို့ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး လုံးဝမျှော်လင့်ချက်ထားခဲ့သည်။ အမျိုးသမီးက သူတွေးနေတာကို နားမလည်နိုင်သလို ခံစားရသည်။
ထိုယုတ္တိမတန်သောစကားကြောင့် စုမင်ကို အူကြောင်ကြောင် ရယ်မောစေပြီး အမျိုးသမီးသည် အလိုလို နောက်ပြန်ဆုတ်သွားသော်လည်း ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်လုံးများက တောက်ပလာသည်။ သူက စုမင်၏အစ်ကိုကြီးက လေးစားသောအမူအရာဖြင့်ကြည့်ပြီး ပါးစပ်ကလည်း တတွတ်တွတ်ပြောနေလေသည်။
“ငါ နားလည်သွားပြီ..ငါ စကားကို ဒီလိုပြောရမယ်..ငါ ဒီနေ့ ဝါရင့်သမာရင့်တစ်ယောက်နဲ့တွေ့ပြီ..နောင်တစ်ချိန်မှာ သူ့ရဲ့ပြောဟန်ဆိုဟန်အတိုင်း အတုခိုးရမယ်..သူက တကယ့်ကို ဆရာကြီးပဲ..သူ့ကိုလိုက်မမီတော့ဘူး..ပြောရရင် သူများကို ခြိမ်းခြောက်တဲ့နေရာမှာ တော်တော်ပညာသားပါတယ်..”
“ဒါဆို မင်းတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလား..ကိစ္စမရှိဘူး.. အခု တစ်ယောက်နဲ့တစ်ယောက် သိသွားပြီမလား..ညီမငယ်လေး..ငါ့အငယ်ဆုံးညီကိုကြည့်စမ်း..သူက ခန့်ညားပြီး တုနှိုင်းမရတဲ့ အရည်အချင်းတွေရှိတယ်..ဆွဲဆောင်မှုရှိတဲ့ လူကောင်းလေးပဲ..အဆင်ပြေတယ်မလား..ဒီနေ့ ငါ မင်းတို့ရဲ့ လက်ထပ်ပွဲကို သက်သေလုပ်ပေးမယ်..အခုကစပြီး မင်းက သူ့ရဲ့ဇနီးပဲ...”
သူက စကားအများကြီးပြောသော်လည်း သူ့စကားက မမြန်သလို နှေးလည်းမနှေးပေ။ သူ့မျက်လုံးများတွင် ဖြူစင်သော အလင်းတန်းများပင် ရှိနေသည်။
“ကဲ ဒါဆို အဆင်ပြေသွားပြီ..ညီမငယ်လေး...မင်းနာမည်က ယွီရွှမ်မလား..ငါတို့က မင်းရဲ့ ခန်းဝင်ပစ္စည်း အများကြီး ယူမှာ မဟုတ်ဘူး...ပြီးတော့ ငါတို့ကို မင်းရဲ့ခွေးတွေ ပေးလို့ရတယ်..အမျိုးအစားကောင်းမဲ့ပုံပဲ.. ဒါ့ပြင် မင်းမှာ တခြားညီအစ်မတွေရှိရင် ငါ့ကို မိတ်ဆက်ပေးဖို့ မမေ့နဲ့...”
ဒုတိယအစ်ကိုကြီးက ခွေးကြီးကို သူ့အပိုင်ဖြစ်နေပြီဟု သဘောထားကာ ကြည့်သည်။
ခွေးကြီးက စုမင်၏ ဒုတိယအစ်ကိုနှင့် မျက်လုံးချင်းဆုံပြီးသည်နှင့် တုန်ယင်စွာ နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် ၎င်းက မာန်ဖီကာ ဆွဲဆွဲငင်ငင်အူလိုက်လေသည်။
“သခင်မလေး.. မင်းဘာလို့ငါ့နောက်ကို လိုက်နေတာလဲ..”
စုမင်က သူ့စိတ်ထဲတွင် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး သူ၏ ဒုတိယအစ်ကိုဖြစ်သူအား ဆက်လက် စည်းရုံးရန် ခွင့်ပြုလိုက်သည်။ သူ၏ဒုတိယအစ်ကိုက ကမူးရှူးထိုးလုပ်သူမဟုတ်ကြောင်း သူကောင်းကောင်းသိသည်။ ထိုကဲ့သို့ပြုမူနေရသည်မှာ အကြောင်းပြချက်တစ်ခုရှိရမည်။ အစ်ကိုကြီးက တစ်ခုခုကို သတိထားမိလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
အမှန်တော့ မိန်းမလှလေးက သူ့ကိုယ်သူ ဖုံးကွယ်ထားသော နည်းလမ်းက မယုံနိုင်လောက်အောင် ထူးဆန်းသည်။ ယခင်က စုမင်မှာ သူမကို သတိမထားမိခဲ့ပေ။အမှန်မှာ မှော်အစီအရင်၏ကဝိညာဉ်ကြီးမှ လှုံ့ဆော်လိုက်သောလှိုင်းလုံးများကြောင့် ကောင်းကင်တွင် အနည်းငယ် မူမမှန်ဖြစ်နေသည်ကို သတိထားမိသွားသည်။ ထို့ပြင် ရင်းနှီးနေသော စွမ်းအားလှိုင်းနှစ်ခု၏ မှုန်ဝါးဝါးတည်ရှိမှုကို ခံစားလိုက်ရလေသည်။
ထိုစွမ်းအားလှိုင်းများက ပြောင်ကြိုးကြာငှက်နှင့်ချမ့်ချန်တို့မှ ထွက်ပေါ်လာပြီး ထိုမှသာ အုပ်စုတစ်ခုလုံးကို သတိပြုမိသွားခဲ့သည်။
စုမင်၏စကားကိုကြားလိုက်သည်နှင့် အမျိုးသမီး၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဒုတိယအစ်ကိုဖြစ်သူ၏ အဆက်မပြတ် အောင်သွယ်မှုကြောင့် သူမ၏ ရှက်ရွံ့သော အမူအရာနှင့် သြဇာလွှမ်းမိုးသော လေထုက ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သူမနှင့်ပတ်သက်သော ကျီစယ်သည့်လေသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ကြီးမားသောတောက်ပသောမျက်လုံးများက ပုတ်ခတ်ပုတ်ခတ်လုပ်တိုင်း ဉာဏ်နီဉာဏ်နက်အပြည့်ရှိသယောင် ထင်ရသည်။
သူမသည် ယခင်ကကဲ့သို့ မယုံနိုင်လောက်အောင် လှပနေသေးသော်လည်း လက်ရှိတွင် သူမသည် မြေခွေးလေးတစ်ကောင်နှင့် ပိုတူနေသည်။
စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏အတွင်း၌ ချွန်ထက်သော အပ်တစ်ချောင်းရှိသကဲ့သို့ ခံစားချက်က ပိုအားကောင်းလာပြီး သူမ၏တည်ရှိမှုသည် မယုံနိုင်လောက်အောင်ပင် ထူးဆန်းနေသည်။ ၎င်းက အင်မော်တယ်ကျင့်ကြံလမ်းစဉ်မဟုတ်သလို မာန်ချီစွမ်းအားလည်း မဟုတ်ပေ။ ယင်းအစား သူမကိုယ်ထဲတွင် မရဏအရှိန်အဝါနှင့် အတော်လေး ဆင်တူသည့်စွမ်းအားရှိနေလေသည်။ သို့သော်လည်း တစ်မျိုးတစ်မည် ကွဲပြားနေလေသည်။
ထိုအရှိန်အဝါက စုမင်၏စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သလို ခံစားရသည် ။
ဤထူးဆန်းသောကိစ္စကြောင့် စုမင်က သူမကို ပို၍ပင်သတိထားခဲ့သည်။ သူက ထိုအမျိုးသမီးအား လေးလေးနက်နက်ကြည့်ပြီး ဘာကြောင့် သူမက သူ့ကို
သိနေလဲဆိုတာကို ဆက်လက်မမေးတော့ပေ။ သူက ချမ့်ချန်နှင့် ထိပ်ပြောင်ကြိုးကြာငှက်ဆီသို့ စိုက်ကြည့်နေသည်။
“ဟိုနှစ်ကောင်.. ပြန်လာခဲ့စမ်း..”
စုမင်က အေးစက်စွာနှာမှုတ်ရင်း ပြောလိုက်လေသည်။
ချမ့်ချန်က ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ သူက တခဏမျှ တုံ့ဆိုင်းသွားပြီး ရှည်လျားသောအလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲကာ စုမင်ထံသို့ ပျံသန်းသွားခဲ့သည်။ သူက မျက်ရည်စက်လက်ဖြစ်နေပြီး စုမင်၏အင်ကျီလက်အကျကို ဆွဲကိုင်ကာ ကုန်းအော်လိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူခံစားခဲ့ရသည့်အရာများသည် မယုံနိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းပြီး မည်ကဲ့သို့ပျံသန်းရမည်ကို မသင်ယူနိုင်ခဲ့ပေ။
ချမ့်ချန်က ဘေးကင်းစွာ ထွက်ခွာသွားသည်ကို ပြောင်ကြိုးကြာငှက်က မြင်သောအခါ သူလည်း အရှိန်မြှင့်ကာ စုမင် ထံသို့ လျှောက်သွားခဲ့သည်။ စုမင်ဘေးနားသို့ ရောက်သောအခါတွင် ငှက်က စိတ်အေးစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် သူ့အမူအရာက ဘဝင်လေဟပ်ပြီး ဗိုလ်ကျလွန်းသော ပုံစံအဖြစ် ပြန်ပြောင်းသွားလေသည်။
“သွားရအောင်၊ ဒုတိယ အစ်ကိုကြီး..”
စုမင်က သူ၏ ဒုတိယအစ်ကိုကြီးကို ကြည့်ပြီး ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်သည်။ စုမင်၏လက်ရှိကျင့်ကြံဆင့်အရ အမျိုးသမီးက သူ့ကို ပေးစွမ်းသော ခံစားချက်က ထူးဆန်းလွန်းပြီး ခွေးကြီးတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခု ရှိနေကြောင်း ခံစားသိရှိနိုင်သည်။
ထိုအချိန်တွင် စုမင်ဧ။်နောက်ဘက်ခြမ်းမှ ရာနှင့်ချီသော အလင်းတန်းရှည်များ ရောက်ရှိလာသည်။ ဤသည်မှာ စောင့်ဆိုင်းရန် ညွှန်ကြားခံထားရသော ကံကြမ္မာမျိူးနွယ်စုဝင် များဖြစ်သည်။ သူတို့က မဟာမြူရွက်အင်မော်တယ်ဂိုဏ်းရှိတောင်ကြီး ပြိုကျနေသည်ကို တွေ့လိုက်သောအခါ စုမင်အတွက် စိုးရိမ်သောကြောင့် ပြေးလာကြသည်။
“ဘာလို့ ရှင့်နောက်ကို လိုက်ရမှာလဲ..အာ..မှန်တာပေါ့... ရှင့်နောက်ကို အချိန်အကြာကြီးလိုက်ခဲ့တာ..မဟုတ်ရင် ရှင် တိထျန်းနဲ့တိုက်တုန်းက သေနေတာ ကြာပြီ..ရှင် မရဏပင်လယ်ကနေ
ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး...”
အမျိုးသမီး၏ နှလုံးသားထဲတွင် အမျိုးအမည်မသိသော အတွေးအချို့ ပေါ်လာသည်။ သူမက စုမင်ကိုကြည့်ရင်း ဒေါသသံဖြင့်ပြောလိုက်သည်။
“ရှင်... ကျေးဇူးကန်းတဲ့ လူယုတ်မာပဲ”
စုမင် ထိုစကားများကို ကြားလိုက်သောအခါ သူ့အကြည့်များက စူးစူးရှရှဖြစ်လာသည်။
“ဟားဟား... ဘယ်လိုလဲကွ.. မင်းက သူ့ကို မသိဘူးလို့ ပြောနေတာလား..မိန်းမလှလေး ယွီရွှမ်...ငါပြောနိုင်တယ်...အစကတည်းက မင်း ငါ့ရဲ့ အငယ်ဆုံးညီလေးကိုချစ်မိသွားတာပဲ...”
စုမင်၏ ဒုတိယအစ်ကိုဖြစ်သူက ခပ်ဖျော့ဖျော့ပြုံးကာ မျက်လုံးကျဉ်းများဖြင့် ထိုအမျိုးသမီးဆီသို့ လှမ်းကြည့်လိုက်သည်။
“ငါ နားထောင်ပါ့မယ်...ဒုတိယ အကိုကြီး “
အမျိုးသမီးက စုမင်ကို တစ်ချက်ကြည့်လိုက်ရာ ရှက်သွေးဖြာသောအကြည့်က သူ့မျက်နှာမှာ ပေါ်လာပြန်သည်။သူမက ခေါင်းငုံ့ကာ တိုးတိုးလေးပြောသော်လည်း နှလုံးသားထဲတွင် ပီတိဖြာနေသည်။
‘ဟမ်.. ငါ စုမင်ကို ရောင်းလိုက်တုန်းက အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်.. ငါသူ့အနားမှာနေရမယ်..သူတို့နှစ်ယောက် ငါ့နားရောက်လာရင် သူတို့ ပိုက်ဆံအိတ်ထဲက အတုံးကြီး တစ်ခုကို ယူလိုက်မယ်.. ငါ့အလုပ်စလုပ်တဲ့အခါ အရှုံးမပေါ်စေရဘူး....”
“ဒုတိယအစ်ကိုကြီး…”
စုမင်က ပြုံးစိစိ လုပ်နေလေသည်။
“အငယ်ဆုံးညီလေး..ဒီမိန်းကလေး မဆိုးဘူး.. လုံးဝမဆိုးဘူး”
ဒုတိယအစ်ကိုဖြစ်သူက ပြုံးလိုက်သည်။ သူက ခွေးကြီးကိုကြည့်ရင်း စုမင်ဆီသို့ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။