ယွီရွှမ်...မင်းရဲ့ဆံပင်တစ်ချောင်းလောက်ပေးလို့ရလား...
Vol. 52 Ch. 720
“ဒါ့အပြင် ဆရာကြီးပြောခဲ့တာက ငါတို့ရဲ့ဆရာဘိုးဘိုးက လောကကူးပြောင်းအသူရာနဂါးကိုသတ်ခဲ့တယ်..ပြီးတော့ ရတနာတစ်ခုဖန်တီးဖို့ နဂါးကြေးခွံသုံးခုကို ယူခဲ့တယ်.. ဆရာဘိုးဘိုးက ငါတို့ဆရာကြီးကို အဲဒီသုံးခုထဲက တစ်ခုပေးခဲ့တယ်..ဒါပေမဲ့ ဆရာကြီးက ငါ့ကိုပေးခဲ့တာမလို့ ငါ့ရဲ့စိတ်တစ္ဆေကြီးနဲ့ပေါင်းစပ်ခဲ့တယ်..ဒါမှပဲ ငါ့ပုံစံကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ်...”
“ငါ ဒီ ကြေးခွံကို ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအဖြစ် ပြုပြင်ထားတာ ကြာပြီဆိုတော့ ဒီ ခွေးကြီးနဲ့ ပတ်သတ်ပြီး ကွဲပြားတဲ့ အရာရာတစ်ခုခုကို ခံစားနိုင်ခဲ့တယ်၊ အဲဒါက... ခွေးကြီးမဟုတ်ဘဲ အသူရာနဂါးကြီးတစ်ကောင်ပဲ...သာမန်နဂါးတောင်မဟုတ်ဘူး..ငါ့ဆီမှာရှိတဲ့ ကြေးခွံထက်ကို အားကောင်းတဲ့နဂါးကြီးပဲ...”
ဒုတိယအစ်ကိုက ဖြည်းညှင်းစွာပြောသည်။စုမင် ထိုစကားများကို ကြားသောအခါတွင် ယခင်ပုံစံအတိုင်း ငြိမ်သက်နေပုံရသော်လည်း သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။
“အသူရာနဂါးတွေကို လောကကူးပြောင်းဝိညာဉ်တွေလို့ လူသိများတယ်..နဂါးတွေဟာ မယုံနိုင်လောက်အောင်ကို ရှားပါးပြီး သူတို့ဟာ စစ်မှန်တဲ့လောကကြီးလေးခုကြားက အတားအဆီးတွေကို ဖြတ်ကျော်နိုင်တဲ့ ရှားပါးသားရဲတွေပဲ...ငါတို့ယင်မရဏနယ်မြေကနေ ထွက်ခွာတဲ့အခါကျရင် အများကြီးအထောက်အကူဖြစ်လိမ့်မယ်..ငါတို့က ဒီနဂါးနဲ့ထွက်ခွာရင် လောကတွေကိုဖြတ်ကျော်ဖို့ ဖြစ်နိုင်ခြေ မြင့်မားလိမ့်မယ်..ငါတို့က မာန်ပြည်ထောင်ကထွက်ခွာပြီး ငါတို့ဆရာကြီးကိုလည်း ရှာလို့ရလိမ့်မယ်..”
စုမင်က နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
“ဒါ့အပြင် ဒီကလေးမလေးက လုံးဝ မဆိုးပါဘူး.. သူက မင်းနဲ့ လိုက်ဖက်ပါတယ်...
ဒုတိယအစ်ကိုဖြစ်သူက ပြုံးပြီး မျက်စိတစ်ဖက်မှိတ်ကာ ပြောလိုက်သည်။
စုမင်က ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ စကားဆက်မပြောတော့ပေ။
သူ၏ဒုတိယအစ်ကိုက သူမနှင့်အတူ ယူဆောင်လာသော ခွေး( အသူရာနဂါး)ကို အလွန်အရေးကြီးသည်ဟု မှတ်ယူသည်။၎င်းက ယင်မရဏဒေသမှ ထွက်ခွာသွားနိုင်သည့် စွမ်းရည်တစ်ခုဖြစ်ပြီး၊ မဟာစစ်မှန်သော လောကကြီးလေးခုကိုပင် ဖြတ်ကျော်သွားနိုင်သည်။ ဤစွမ်းရည်က စုမင် ကိုယ်တိုင်နှင့် သူ၏အစ်ကိုများအတွက် အလွန်အရေးကြီးသည်။ ၎င်းက သူတို့၏ဆရာကြီးကိုရှာဖွေရန် သူတို့၏ပထမဆုံးခြေလှမ်းကို လှမ်းခွင့်ပြုမည်ဖြစ်သည်။
သို့သော် ဤနေရာကနေ ထွက်သွားရန် ထို နည်းလမ်းတစ်ခုတည်းသာရှိသည်ဟု မဆိုလိုပေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဒုတိယအစ်ကို၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် စုမင်က သူ့ကို မငြင်းဆန်ခဲ့ပေ။
ထို့အပြင် ဤသည်မှာ နှစ်ဦးနှစ်ဘက် အပြန်အလှန် အမြတ်ထုတ်သည့် ဆက်ဆံရေးတစ်ခုဖြစ်သည်။ အမှန်မှာ တစ်ဖက်လူက ကျန်သူတစ်ဦးထံမှ အကျိုးအမြတ်ထုတ်နေသည် ဟုပင် ဆိုနိုင်သည်၊ ၎င်းမှာ အမှန်ပင် ဖြစ်ပေသည်။ ထိုအမျိုးသမီးက စုမင်၏နောက်သို့လိုက်ရန် ကိုယ်ပိုင်အကြောင်းပြချက်များရှိပြီး မရဏ ပင်လယ်တွင် သူမပြုလုပ်ခဲ့သည့်အတိုင်းပင် သူ့ကိုကူညီမည်ဟု ယုံကြည်ခဲ့သည်။
စုမင်က သူမဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာကို အနည်းငယ် ခန့်မှန်းထားသော်လည်း အတည်မပြုနိုင်ပေ။
“သူမ မင်းနောက်ကိုလိုက်တာက သူ့ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက်ပဲဖြစ်ရမယ်.. ဒီလိုဆိုရင် ငါတို့က သူမကို နည်းနည်းလေး စည်းရုံးထားရမယ်.. ငါတို့ ဟန်ချက်ညီအောင် လုပ်နိုင်မှ မင်း နစ်နာမှာ မဟုတ်ဘူး..စိတ်မပူပါနဲ့... အငယ်ဆုံးညီလေး...ငါ မင်းကို ကူညီပေးမယ် ဒီကောင်မလေး ဘာတွေတွေးနေလဲ ငါ ခန့်မှန်းလို့ရတယ်...”
ဒုတိယအစ်ကိုက စုမင်ကို ညင်သာစွာ ပြုံးပြကာ မျက်လုံးတစ်ဖက်မှိတ်ပြသည်။
“သွားကြစို့.. ငါတို့ရဲ့ အကြီးဆုံးအစ်ကိုကို ပြန်ခေါ်ကြမယ်..နဝမမြောက်တောင်ထွဋ်ကို ပြန်သွားကြမယ်..”
ဒုတိယအစ်ကိုဖြစ်သူက သူ့လက်ကိုဝှေ့ယမ်းလိုက်သော် အနက်ရောင်မြူအလွှာတစ်ခုက သူ့ခန္ဓာကိုယ်မှ ချက်ချင်းပြန့်ကျဲသွားပြီး အကြီးဆုံးအစ်ကို၏ရုပ်တုကို ဝန်းရံသွားသည်။ ထို့နောက် သူက ထိုမြူခိုးများကို သူ့အင်ကျီလက်အကျထဲသို့ ပြန်သိမ်းလိုက်သည်။
အရှေ့မြေရိုင်းနယ်မြေတွင် အင်မော်တယ်များ မရှိတော့ပေ။ မာန်မျိုးနွယ်စုအားလုံးသည် မိမိတို့၏အင်အားကို စုစည်းကြပြီး အခြားတိုက်ကြီးများသို့သွားသော ၎င်းတို့၏ မျိုးနွယ်စုဝင်များ အများအပြားကို ပြန်ရှာဖွေရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်သည်။ မရဏပင်လယ်ကိုဖြတ်ကျော်နိုင်သည့် မရေမတွက်နိုင်သော သင်္ဘောများ ဆောက်ရန်လည်း လိုအပ်သည်။ ထိုလုပ်ငန်းစဉ်အားလုံးအတွက် အချိန်လိုအပ်လေသည်။
စုမင်က ချီလေ့ထျန်း၊ ရွှယ်ရှနှင့်အခြားသူများကို ပေးထားသောကတိများအပေါ်အခြေခံ၍ သူတို့က ပြင်ဆင်မှုများကို တတ်နိုင်သမျှ မြန်မြန်လုပ်ရမှာ ဖြစ်သည်။ ထိုသို့လုပ် ပြီးသည်နှင့် စုမင်ဆီကို ချက်ချင်း အကြောင်းကြားရန် လိုအပ်သည်။
“နဝမမြောက်တောင်ထွဋ်...”
စုမင် က ခေါင်းမော့ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက သူ့အတွေးများကို ဖော်ထုတ်ပေးလေသည်။
“ဒုတိယအစ်ကို.. ကျုပ်... လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျီယွင် ကိုတွေ့ခဲ့တယ်”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
“သူမ နေကောင်းလား”
သူ၏ဒုတိယအစ်ကိုသည် ခဏတာ အံ့အားသင့်သွားသည်။ သူ ထိုမေးခွန်းကိုမေးလိုက်သည့်အခါ သူ့နှုတ်ခမ်းပေါ်မှာ နူးညံ့သောအပြုံး ရှိနေဆဲပင်ဖြစ်သည်။ သို့သော်လည်း သူ့မျက်နှာမှာ အတိတ်ကိုလွမ်းဆွတ်နေသည့် အကြည့်များ ရှိနေလေသည်။
“သူမ အိမ်ထောင်ကျသွားပြီ”
စုမင် ခဏတုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် အဖြစ်မှန်ကို ပြောရန်ရွေးချယ်ခဲ့သေးသည်။
ဒုတိယအစ်ကိုဖြစ်သူက မျက်လုံးမှိတ်ထားသည်။ အချိန်အတော်ကြာပြီးနောက် သူပြန်ဖွင့်လိုက်သောအခါတွင် သူ့မျက်နှာတွင် ထူးခြားသောအငွေ့အသက်များ မတွေ့ခဲ့ရ ပေ။ သို့သော်လည်း ဒုတိယအစ်ကိုဖြစ်သူမှာ အနည်းငယ်လွမ်း ဆွေးနေကြောင်း စုမင် ခံစားလိုက်ရသည်။
“ဒါဆို သူမကို သွားကြည့်ရအောင်..”
ဒုတိယအစ်ကိုက ခေါင်းကိုမော့ပြီး သူ့မျက်နှာတစ်ဖက်ကို နေရောင် ခံနေလေသည်။ ထိုအချိန်တွင် သူ့မျက်လုံးများသည် ငြိမ်သက်နေပုံရသော်လည်း သေးသေးသွယ်သွယ်နှင့် လှပသော အမျိုးသမီးတစ်ဦးက ခါးထောက်ကာ နဝမမြောက်တောင်ထွဋ်တွင် ရပ်နေသည့်ပုံရိပ်က သူ့ခေါင်းထဲတွင် ပေါ်လာသည်။
စုမင်က ငြိမ်သက်စွာ ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ဖြည်းညှင်းစွာထပြီးနောက် ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဒုတိယအစ်ကိုက သူ့နောက်ကို တိတ်တဆိတ် လိုက်လာခဲ့သည်။ မောပန်းနွမ်းနယ်နေမှန်း မသိသလို ကောင်းကင်မှာ မြူးတူးနေကြဆဲဖြစ်တဲ့ ခွေးကြီးနဲ့ ယွီရွှမ်တို့လည်း သူတို့နောက်ကို လိုက်သွားကြသည်...။ အားလုံးက အဝေးကို ပြေးသွားကြသည်။
ယွီရွှမ်က စုမင်ကို လမ်းတစ်လျှောက်လုံး စေ့စေ့စပ်စပ်ကြည့်နေလေသည်။ရံဖန်ရံခါတွင် သူမ၏အကြည့်များသည် သူ၏ဒုတိယအစ်ကိုထံ ရောက်သွားတတ်သည်။သူမက သူတို့အကြောင်းကို တဖြည်းဖြည်း သိချင်လာသည်။ သူမက ခွေးကြီး၏ သားမွေးများကို ဆုပ်ကိုင်လိုက်ပြီး စုမင်ကို အမီလိုက်လေသည်။
ထို့နောက် စုမင်အနားတွင် မတ်တပ်ရပ်ရန် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
“ဟေ့ အရူးလေးစုမင်.. ရှင့်ရဲ့ ဒုတိယ အစ်ကို ဘာဖြစ်နေတာလဲ”
ယွီရွှမ်က အတော်လေး သိချင်ဟန်ဖြင့် မေးလိုက်သည်။
စုမင်က မျက်မှောင်ကြုတ်ပြီး သူမကို စိတ်မ၀င်စားပေ။
“ ဟေ့ ကောင်လေးစုမင်.. “
ယွီရွှမ်က သူ့ကို ထပ်ပြီးအော်လိုက်သည်။
“အရူးလေးစုမင်..အရူးကြီးစုမင်..အရူးအိုစုမင်..နင် ငါနဲ့လက်ထပ်ဖို့လုပ်ထားတာနော်..ကြည့်အုံး အခု နင် ငါ့ကို လက်တောင်မထပ်ရသေးဘူး..လျစ်လျူရှူနေပြီ.. ငါ ဒီစေ့စပ်ပွဲကို ဖြတ်လိုက်မယ်..”
ယွီရွှမ်က သူမ မေးစေ့ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ ပြောလို့ပြီးပြီလား...”
စုမင် မျက်မှောင်ကြုတ်ပြီး ယွီရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
စုမင်က အေးစက်နေပြီး ခက်ထန်နေကြောင်းကို သူမမြင်သောအခါ သူမ အံ့အားသင့်သွားခဲ့သည်။ သူမ ညာလက်ကို မြှောက်လိုက်သည်နှင့် သူမ၏ လက်ဖဝါးပေါ်တွင် ကျောက်စိမ်းပုလင်း ပေါ်လာသည်။ သူမက ထူထဲစွာ မွှေးပျံ့နေသော ဆေးဖက်ဝင်အမြုတေများ ကို ပါးစပ်ထည့်ကာ တဂျွတ်ဂျွတ်ဝါးစားနေလေသည်။
သူ့ဆီက ဆေးမွှေးရနံ့ကြောင့် ခွေးကြီးက လျှာသပ်နေလေသည်။ ချမ့်ချန်ကို ကျောပိုးစီးပြီး နောက်ကလိုက်လာသောကြိုးကြာငှက်တောင်မှ ချက်ချင်းဆိုသလို မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ ယွီရွှမ်နား အနည်းငယ်နီးကပ်လာပြီး ထိုဆေးမွှေးရနံ့ကို ရှုရှိုက်လိုက်ရာ သူ့မျက်လုံးများက ချက်ချင်းပင် တောက်ပလာတော့သည်။
‘ဒါက သာလွန်တဲ့ဆေးအမြုတေပဲ..တကယ့်ကို စွမ်းအားရှိတဲ့ အမြုတေတွေ..”
“အသူရာထိန်းချုပ်အမြုတေတွေ..အဲဒါက ဝိညာဉ်စွမ်းအားရှိတဲ့ခန္ဓာကိုယ်တွေနဲ့ အသူရာမရဏအငွေ့အသက်ကိုသုံးပြီး ကျင့်ကြံတဲ့သူတွေအတွက် အတော်လေးသက်ရောက်မှုရှိတယ်..တကယ်လို့ နင် ထိခိုက်ဒါဏ်ရာရရင် အဲ့အမြုတေနဲ့ကုစားလို့ရတယ်..နင်က သာမန်လူကောင်းဆိုရင် အကျိူးအာနိသင်တွေ အများကြီးရတယ်..ဒါပေမဲ့ အမြုတေတွေ အများကြီးစားပြီး သိသာထင်ရှားတဲ့ အာနိသင်တွေ မရှိတော့ရင်တောင်မှ အလှအပဆိုင်ရာ ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုနိုင်သေးတယ်...”
ယွီရွှမ်က စုမင်ကို တစ်ချက်ကြည့်လိုက်ကာ ထိုအမြု တေများထဲမှတစ်ခုကို ဝါးစားလိုက်သည်။
စုမင်က ထိုဆေးအမြုတေကို တစ်ချက်ကြည့်လိုက်သော်လည်း သူစကားမပြောမီတွင် သူ၏ဒုတိယအစ်ကိုဖြစ်သူကခြေလှမ်းအနည်းငယ်လှမ်းကာ ယွီရွှမ်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“ခယ်မလေး.. ငါ့အငယ်ဆုံးညီလေးက စကားနည်းတယ်.. သူ့ကိုစိတ်မ၀င်စားနဲ့.. ဒီလိုလုပ်ရင်ရော.. ငါ မင်းရဲ့မေးခွန်းတွေကို ဖြေပေးမယ်..မေးခွန်းတစ်ခုကို ဆေးအမြုတေငါးလုံး...”
“ကျွန်မက သူ့ကို ဖြေစေချင်တာ..မေးခွန်းဆယ်ခုဖြေရင် ဆေးအမြုတေတစ်လုံး.”
ယွီရွှမ်က မျက်မှောင်ကြုတ်ပြီး မျက်လုံးများကို လခြမ်းပုံသဏ္ဍာန်ဖြစ်အောင် ဟန်အမူအရာလုပ်လိုက်သည်။ သူမက စစချင်းမှာ မယုံနိုင်လောက်အောင် လှပနေလေသည်။ ထိုအမူအရာက သူမ၏ အလှကို ပန်းတစ်ပွင့်လို ပွင့်လန်းစေသလို ပိုတောင် ဆွဲဆောင်မှုဖြစ်စေသည်။
“ငါ့ရဲ့ အငယ်ဆုံးညီက စကားသိပ်မပြောတတ်ဘူး..ဒါမျိုးပြောခိုင်းဖို့ရာ နည်းနည်းခက်တယ်.. မေးခွန်းနှစ်ခုကို ဆေးအမြုတေ ဆယ့်ကိုးလုံး...”
ဒုတိယအစ်ကိုက ယွီရွှမ်ကို ညှိနှိုင်းသောလေသံဖြင့် စည်းရုံးနေလေသည်။
“ကျွန်မတို့သွားတဲ့လမ်းခရီးတစ်လျှောက်.. သူ ကျွန်မပြောတာကို နားထောင်ရမယ်.. မေးခွန်းသုံးခုကို ဆေးအမြုတေနှစ်လုံး...”
“အဲဒါတော့မဖြစ်ဘူး..ငါ့အငယ်ဆုံးညီက သဘောတူမှာ မဟုတ်ဘူး....”
ဒုတိယအစ်ကိုက ခေါင်းခါပြပြီး မေးခွန်းအရေအတွက်နှင့် ဆေးအမြုတေ အရေအတွက်ကို ဆက်လက်ဆွေးနွေးကြသည်။ .
စုမင်က သူ၏နဖူးကို တစ်ဖန် ပွတ်သပ်ပြီး ကောင်းကင်သို့ မျှော်ကြည့်ကာ ဒုတိယ အစ်ကို နှင့်ယွီရွှမ်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးထုတ်လွှတ်လိုက်သည်။
ခဏအကြာတွင် သူ၏ဒုတိယအစ်ကိုနှင့်ယွီရွှမ် သဘောတူညီမှုရရှိခဲ့သည်။ သူတို့ စေ့စပ်ညှိနှိုင်းခဲ့သည့် ဆေးအမြုတေအရေအတွက်နှင့် ပတ်သက်၍ စုမင် မသိပေ။ ထိုခရီးက ငြိမ်းချမ်းမှုမရှိတော့ကြောင်း သူအတပ်သိလေသည်။
“ကောင်လေး...စု..”
“နင် ငါ့ကို ပြန်မဖြေဘူး ဒါကြောင့် ငါဆေးဖက်ဝင်အမြုတေတစ်ခု လျှော့လိုက်မယ်...”
“အရူးကြီး စု...”
“မဖြေသေးဘူးလား... ကောင်းပြီ၊ ငါ နောက်ထပ် ဆေးအမြုတေ လျှော့လိုက်မယ်...”
“အဘိုးကြီး စု...”
စုမင်က လှည့်၍ ယွီရွှမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း နှာမှုတ်ထုတ်လိုက်သည်။
ယွီရွှမ်က ချက်ချင်း ပြုံးလိုက်ပြီး သူမ၏ဆံပင်ကို သပ်လိုက်သည်။
“အိုး.. ဒါဆို အဘိုးကြီးစုလို့ ခေါ်ခံရတာကို ကြိုက်တာလား”
ဒုတိယအစ်ကိုက ချောင်းဆိုးအတု ဟန့်လိုက်ပြီး ချမ့်ချန်နှင့်ကြိုးကြာငှက်ဘေးတွင်ရပ်ရန် ခြေလှမ်းအနည်းငယ်လှမ်းကာ နောက်သို့အမြန်ပြန်သွားခဲ့သည်။ ယွီရွှမ်က စုမင်ကို အနှောက်အယှက်ပေးနေသည်ကို ကြည့်ပြီး ဒုတိယအစ်ကိုက သက်ပြင်းချကာ ဆေးအမြုတေများထဲမှ တစ်ခုကို မျိုချလိုက်သည်။
“အငယ်ဆုံးညီလေး..မင်းရဲ့အကိုကြီးဟူကျီသာဆိုရင် မင်းနေရာမှာနေပြီး ဒီလိုချစ်စရာကောင်းတဲ့မိန်းကလေး နှောင့်ယှက်ခံရရင် သူတကယ်ပျော်မှာ”
ဒုတိယအစ်ကိုက စကားပြောလိုက်ရင်း ဆေးအမြုတေတစ်လုံးကို ထုတ်ကာ
ပါးစပ်ထဲသို့ထည့်လိုက်သည်။
ထိပ်ပြောင်ကြိုးကြာငှက်သည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ဘေးမှကြည့်ကာ ၎င်း၏နှုတ်ခမ်းများကို ဆက်လက် သပ်နေလေသည်။၎င်း၏ပါး
စပ်မှ သွားရည်တများများကျနေပြီး
ချမ့်ချန်အတွက် လွန်စွာ စိတ်ဒုက္ခရောက်စေခဲ့သည်။ ချမ့်ချန်က စိတ်ပျက်လက်ပျက်နှင့် ပြည့်နှက်နေသော မျက်နှာဖြင့် ဆက်လက် ညည်းတွားလေသည်။
‘မင်းကွာ..ငှက်စုတ်..ငါ ဒီမာန်ပြည်ထောင်ကနေထွက်သွားပြီး ငါ့ရဲ့စွမ်းအားတွေပြန်ရတဲ့အခါကျရင် မင်းကို ကျိန်းသေပေါက်လက်စားချေမယ်...”
ဤခရီးတွင် ချမ့်ချန်က တူညီသောမျက်နှာထားဖြင့် ဆယ့်တစ်ကြိမ်မြောက် အတိအကျကျိန်ဆိုခဲ့သည်။
ဤနည်းဖြင့် လူအုပ်စုက အရှေ့မြေရိုင်းနယ်မြေမှတဖြည်းဖြည်း ထွက်ခွာလာပြီး မရဏပင်လယ်သို့ ရွှေ့လျားသွားကြသည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ ကျွန်းအများအပြားသည် သူတို့နှင့် သိပ်မဝေးလှပေ။
“အရူးလေးစုမင်.. ဒီငါးကြီးတွေက အရမ်းလှတာပဲ..ငါ့အတွက် တစ်ကောင်ဖမ်းပေးပါ့လား..”
“စုမင်လေးရေ.. ဘာလို့ ငါ့ကို မမလို့ မခေါ်တာလဲ...မြန်မြန် လုပ်...အစ်မကြီးလို့ ခေါ်ပါ...ဟမ်..ဒုတိယအစ်ကိုကြီး... ကျွန်မကို မမလို့ တစ်ခါခေါ်ရင် ဆေးအမြုတေသုံးလုံးပေးမယ်.. ဘယ်လိုလဲ..တော်တော်ကောင်းတဲ့အပေးအယူမလား..”
“စုစု...မရဏပင်လယ်ဘီလူးကြီးတွေက ငါ့ကို စိုက်ကြည့်နေတယ်..ရှင် သွားရိုက်ပေး....”
“အရူး..အရူး...အရူး.. စုစု.. အဲဒီနေရောင်က ပြင်းလွန်းတယ်..ငါ့အတွက် ထီးဆောင်းပေး...”
လမ်းခရီးတစ်လျှောက်၌ စုမင်က သူမကို နားကြားမြင်ကတ်ကာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။ ယွီရွှမ်က အဆက်မပြတ် တပူပူတဂျီဂျီလုပ်နေပြီး စုမင်ကို အာရုံစိုက်နေခဲ့သည်။ သူမက ခွေးကြီးကို သိပ်အနိုင်မကျင့်တော့ပေ။ ခွေးကြီးက မယုံနိုင်လောက်အောင် ပျော်ရွှင်သွားခဲ့သည်။ အမျိုးသမီးက သူ့ကို လျစ်လျူရှုထားသောကြောင့် ခရီးတစ်လျှောက်မှာ လျှာကိုတောင်မထုတ်၊ အသံတစ်သံမှမထွက်ဘဲ ငြိမ်ငြိမ်လေးနေခဲ့သည်။ ယွီရွှမ်၏အာရုံက သူ့ဘက်ကိုပြောင်းလာမည်ကို စိုးရိမ်နေခဲ့သည်။
ဒုတိယအစ်ကိုက စုမင်ကိုသနားစဖွယ် တစ်ချက်ကြည့်လိုက်ရင်း ဆေးအမြုတေအနည်းငယ်ကို မျိုချလိုက်သည်။ ဆေးအမြုတေများကို ဆက်လက်အသုံးပြုခြင်းဖြင့် သူ၏ရောဂါများကို ကုသနေလေသည်။ စုမင် နှိပ်စက်ခံနေရတာကို သူကြည့်နေရင်း သက်ပြင်းချလိုက်သည်
“အငယ်ဆုံးညီလေး.. ဒီကောင်မလေးက မင်းနဲ့သိပ်မလိုက်ဖက်ဘူးလို့ထင်တယ်...”
ယွီရွှမ်က ဒုတိယအစ်ကိုကို ဆေးပုလင်းနှစ်ပုလင်းကို ချက်ချင်းပစ်ပေးလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တောက်ပလာသည်။
“မဟုတ်ဘူး.. အငယ်ဆုံးညီလေး.. မင်းတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်ဖက်တယ်..မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံက စီစဉ်ပေးတဲ့ဖူးစာပဲ.. မင်းအလုပ်ကြိုးစားပြီး ကလေး တွေမွေးကွာ...”
ကြိုးကြာငှက်သည် စုမင်ကို လွန်စွာသနားစရာကောင်းသော အကြည့်ဖြင့် ကြည့်နေသည်။ ချမ့်ချန်လည်း အလားတူပင်။ စုမင်၏ခံနိုင်ရည်ရှိပုံနှင့် ယှဉ်လျှင် သူ့ဝေဒနာက ဘာမှ မဟုတ်တော့ပေ။
ကျီယွင် ရှိသော ကျွန်းနှင့် သိပ်မဝေးတော့သည့် အချိန်တွက် စုမင်က နာကျင်မှုကို ခံနိုင်ရည် မရှိတော့ပေ။ သူ အသက်ပြင်းပြင်းရှူရှိုက်ပြီး ယွီရွှမ်ဆီသို့ ရုတ်တရက်ကြည့်လိုက်သည်။ သို့ပေမဲ့ သူ့အမူအရာက လွန်စွာခက်ထန်မနေတော့ပေ။ သူ့နှုတ်ခမ်းတွင် ဒုတိယအစ်ကိုနှင့်တူသော နူးညံ့သောအပြုံးတစ်ခုရှိသည်။ သူက အမြဲတမ်း ထူးကဲသောအသွင်အပြင်ရှိပြီး အသက်လမ်းကျင့်စဥ်အရှိန်အဝါနှင့်ပေါင်းစပ်လိုက်လျှင် အရမ်းဆွဲဆောင်မှုရှိသွားသည်။
စုမင်၏ ခန္ဓာကိုယ်အတွင်းရှိ မရဏအရှိန်အဝါများက ယွီရွှမ်ကိုယ်ထဲရှိအငွေ့အသက်များထက်တောင် ပို၍ ဖြူစင်နေလေသည်။ ထို့ကြောင့် သူက ယွီရွီမ်ကို သဘာဝအတိုင်း ရင်းနှီးသလို ခံစားရသည်။ သူ လှမ်းကြည့်လိုက်သော် ယွီရွှမ်က အထိတ်ထိတ်အပျာပျာ ဖြစ်သွားသည်။
“ယွီရွှမ်.. ငါ့ကို မင်းရဲ့ဆံပင်တစ်ချောင်းကို ပေးနိုင်မလား”
စုမင်က တိုးတိုးလေးမေးပြီး အံ့အားသင့်နေသော ယွီရွှမ်ဆီသို့ လျှောက်သွားသည်။ စုမင်က သူမဘေးနားရောက်တာနှင့် ညာလက်ကို မြှောက်လိုက်ပြီး သူမဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။