← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

အစိမ်းရောင်လက်ပတ်ဝတ် ကုံယုက ကျိုးနိုင်ငံထဲရှိ ယပ်တောင် (၆)လက် ကျောင်းထဲတွင် သက်လတ်ပိုင်းလူကြီး၏ သတင်းပို့မှုကို နားထောင်နေခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"သူက မိုးကြိုးဓားဒေါသကိုယ်တော်ဆိုတာ သေချာရဲ့လား... "

"အဲဒါတော့ သေချာမသိပါဘူးဆရာကြီး... "

ထိုလူက ယပ်တောင် (၆) လက်ကျောင်း၏ လျှို့ဝှက်ချက်များကို ကြည့်ခွင့်မရှိချေ။ ထို့ပြင် ယခု မုန့်ချီက ပို၍အသက်ကြီးနေပြီး လူငယ်မှတ်တမ်းထဲတွင် ရှိနေသော သူ၏ရုပ်ပုံကလည်း ဝေဝါးနေသည့်အတွက် သူက မိုးကြိုးဓားဒေါသ ကိုယ်တော်ဖြစ်မည်ဟု သေချာအတည်ပြုနိုင်ခြင်း မရှိချေ။

"ဒါပေမဲ့ သူက မနက်ဖြန် သူ့ဓားနဲ့ ယဲ့တူမှာရှိတဲ့ သူရဲကောင်းတွေကို တိုက်ခိုက်မယ်လို့ ပြောတယ်..။ သူက သူရဲ့နာမည်ကို မလိမ်ဘူးလို့ ထင်တာပဲ …"

အကယ်၍ မုန့်ချီကသာ ယဲ့တူတွင် ရှိနေသော သူရဲကောင်းများကို တိုက်ခိုက်ရန် စီစဉ်ထားသည်ဆိုလျှင် သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အနတ္တကျိန်စာဖျက်ဓားပညာတို့ကို ဖုံးကွယ်ထားလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်လာမည်ဆိုလျှင် သူတို့က သူ့အကြောင်းကို အတည်ပြုနိုင်ကြပါလိမ့်မည်။

ကုံယုက ခေါင်းညိတ်ပြီး တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်၏။

"နတ်ဆိုးမ...

ဘယ်နတ်ဆိုးမလဲ..။ သူက ဘယ်လိုဒုက္ခမျိုးရောက်နေလို့ ယဲ့တူမှာရှိတဲ့ သူရဲကောင်းတွေနဲ့ တိုက်ခိုက်ချင်ရတာလဲ... "

မိုးကြိုးဓား ဒေါသကိုယ်တော်က ဟယ်မူကို ညွှန်ကြားပေးခဲ့ကြောင်း ကြားလိုက်ရသည့်အတွက် သူက အံ့သြနေခဲ့ခြင်း မရှိတော့ချေ။ မည်သို့ဖြစ်စေကာမူ သူက လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်တစ်ယောက်ဖြစ်ပြီး ဓားပညာတွင် အလွန်ကျွမ်းကျင်သည်ဟု လူတိုင်းက သတ်မှတ်ထားသည်။

သူက ဘယ်လက်တွင် ဓားရှည်ကိုကိုင်ပြီး ညာလက်တွင် ဓားမောက်ကို ကိုင်သည်။ ယခု (၉) လနီးပါးခန့် ရှိနေပြီ ဖြစ်သည့်အတွက် သူ၏ဓားရှည်သိုင်းပညာကလည်း အတိုင်းအတာတစ်ခုထိ မြင့်တက်နေနိုင်၏။

သက်လတ်ပိုင်းလူကြီးက ကုံယုကိုကြည့်ပြီး အတင့်ရဲစွာ အကြံပေးလိုက်သည်။

"ကျွန်တော်တို့က မိုးကြိုးဓား ဒေါသကိုယ်တော်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားရမလား..။ ဒါမှမဟုတ် သူနဲ့ပဲ တိုက်ရိုက်စကားပြောလိုက်ရမလား... "

"မလုပ်နဲ့ ။ သူ့ကို လာမရှာဖို့နဲ့ စောင့်မကြည့်ဖို့ ငါတို့ကို ပြောထားတယ်လေ.။ မဟုတ်ရင် တခြားလူတွေလည်း သတိထားမိသွားလိမ့်မယ်..။ ငါတို့က အခြေအနေကို စောင့်ကြည့်ကြမယ်... "

ကုံယုက လက်ကာပြလိုက်သည်။

"ဘုန်းတော်ကြီးတစ်ပါးက နတ်ဆိုးမလို့ ခေါ်နိုင်တဲ့လူ များများမရှိဘူး..။ ဒီကိစ္စက တော်တော်လေး လေးနက်နိုင်တယ်... ။ ငါက ငွေလက်ပတ်ဝတ် လူဆိုးထိန်းကို သတင်းပို့ဖို့ လိုနေပြီ…"

ယဲ့တူတွင် နယ်မြေ (၃) ခုရှိနေပြီး နယ်မြေတစ်ခုချင်းဆီတိုင်းတွင် တံခါး (၉)ပေါက်အဆင့် လူဆိုးထိန်းတစ်ယောက်ဆီ ရှိနေသည်။ ကျင်းနယ်မြေထဲတွင် ရှိနေသော ယပ်တောင် (၆)လက်ကျောင်းတွင်တော့ ငွေလက်ပတ်ဝတ်လူဆိုးထိန်းနှင့် အစိမ်းရောင် လက်ပတ်ဝတ် လူဆိုးထိန်း (၂) ယောက် ရှိသည်။

ငွေလက်ပတ်ဝတ် လူဆိုးထိန်းကတော့ ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင် တစ်ယောက်ဖြစ်ပြီး ကျန်ရှိနေသော (၂) ယောက်ကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့က တိုက်ရည်ခိုက်ရည် ပြည့်ဝသော တံခါး (၉)ပေါက်အဆင့် ပညာရှင်များလည်း ဖြစ်နိုင်၏။

ထို့ပြင် မြို့စောင့်လူဆိုးထိန်း (၁၈) ယောက်ကလည်း အနည်းဆုံး တံခါး (၈)ပေါက် ပွင့်နေသော ပညာရှင်များ ဖြစ်ကြသည်။ ကုံယုကတော့ မကြာသေးခင်ကမှ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိခြင်းဖြစ်ပြီး အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းအဖြစ် ယဲ့တူသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် သိုင်းလောကတွင် ရှိနေသော ပညာရှင်များ၏ တိုက်ပွဲတွင် ငွေလက်ပတ်ဝတ် လူဆိုးထိန်းကို ဒုက္ခပေးစရာ မလိုအပ်ချေ။ သို့သော် ကုံယုကတော့ ဤနေရာတွင် လူသစ်ဖြစ်နေပြီး ဤကိစ္စက လူငယ်မှတ်တမ်းတွင် ရှိနေသော လူပေါင်းများစွာနှင့် ပတ်သက်နေသည်။ ထို့ကြောင့် သူက သတင်းပို့ရန် ဆုံးဖြတ်လိုက်၏။

သက်လတ်ပိုင်းလူကြီးက သေချာအကြံပေးလိုက်သည်။

"လူဆိုးထိန်းကုံ ကျွန်တော်တို့က လူဆိုးထိန်းခေါင်းဆောင်ကိုရော သတင်းပို့သင့်လား.."

သူက ကုံယုကို အခေါ်အဝေါ် ပြောင်းလိုက်သည်။ ထိုသို့ဆိုလျှင် သူတို့ (၂) ယောက်က အနည်းငယ် ရင်းနှီးသလို ခံစားရနိုင်၏။

ကုံယုက ခဏကြာ စဉ်းစားလိုက်သည်။

"အခုတော့ သတင်းမပို့နဲ့ဦး..။ လူဆိုးထိန်းရှုကိုပဲ သွားရှာလိုက်... "

လူဆိုးထိန်းရှုဝမ်ချင်က မြို့စောင့်လူဆိုးထိန်း တစ်ယောက်ဖြစ်ပြီး တံခါး (၉) ပေါက် ပွင့်နေသည်။ သူက ကုံယုကို ယဲ့တူသို့ ခေါ်လာပေးသော လူယုံတစ်ယောက်လည်း ဖြစ်၏။

…………

မုန့်ချီက သူ၏ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီးနောက် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားခဲ့သည်။ သူက နောက်တစ်နေ့ မနက် မိုးလင်းသည့်အချိန်မှသာ အိပ်ရာမှ နိုးလာခဲ့၏။ သူက မနက်စာမစားခင် အပြင်ဘက်တွင် သိုင်းပညာ လေ့ကျင့်ခဲ့သည်။ ထို့နောက် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားနှင့် သွေးကြောဓားတို့ကိုယူပြီး တံခါးဆီသို့ လျှောက်လာခဲ့သည်။

တံခါး၏ အပြင်ဘက်တွင်တော့ မည်သည့်အချိန်ကတည်းက လှည်းတစ်စီး စောင့်နေမှန်း မသိရပေ။ သို့သော် အပြင်တွင် ရှိနေခဲ့သည်။ ထိုလှည်းကတော့ အဖြူရောင်သားမွှေးများနှင့် ဖန်တီးထားပြီး မျက်နှာသေနှင့် မြင်းလှည်းသမား မောင်းနေခြင်း ဖြစ်သည်။

မြင်းလှည်းတံခါး ပွင့်လာပြီးနောက် အလွန်လှပသော အစေခံမိန်းကလေး ကူရှောင်စန်းက ထွက်လာခဲ့၏။ သူမက အလွန်ရိုကျိုးနေသော အမူအရာနှင့် သူ့အနားကို ကပ်လာခဲ့သည်။

သူမက အပြုံးနှင့်ပြောလိုက်၏။

"သခင်လေး …

သခင်လေးက ချက်ပြုတ်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ မသိခဲ့ဘူးပဲ ။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဒီတာဝန်ကို မိန်းကလေးကျိကိုပဲ တာဝန်ပေးလိုက်ပါ... "

သူမက မုန့်ချီအတွက် ဝတ်ရုံဝတ်ပေးလိုက်ပြီး သူမ၏လေသံက သူနှင့် အလွန်ရင်းနှီးနေသည်။ သူမက မုန့်ချီ သဘောအကျဆုံး အစေခံတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူကတော့ သူမ၏စားစရာများကို ထိပင်မထိရဲပေ။

ထို့ကြောင့် သူက မြင်းလှည်းထဲသို့ဝင်ပြီး ထိုင်လိုက်၏။ ကူရှောင်စန်းကတော့ သူမနှင့်အတူ အိတ်တစ်အိတ်ကို ယူလာပြီး သူ၏မျက်နှာကို သေချာကြည့်၍ ပြုံးလိုက်သည်။ သူ၏နှာခေါင်းထဲတွင် မွှေးရနံ့များ ရလာပြီး အတော်လေးကို မသက်မသာ ခံစားနေရ၏။

"နင် ဘာလုပ်တာလဲ...။ အစေခံတစ်ယောက်ဆိုမှတော့ ကိုယ့်အခြေအနေ ကိုယ်သိသင့်တယ်လေ... "

သူက အရှင်သခင်တစ်ယောက်ကဲ့သို့ သတိပေးလိုက်သည်။

ကူရှောင်စန်းက နောက်ပြန်ဆုတ်သွားခဲ့၏။ သူက ချက်ချင်း သရုပ်ဆောင်လိမ့်မည်ဟု သူမလည်း တွေးထားခဲ့ပုံမရချေ။

သူမက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"သခင်လေး …

သခင်လေးက ယီမြို့ထဲမှာ တော်တော်လေး နာမည်ကြီးနေပြီ ။ ဒီတော့ ရုပ်ရည်ကို ဂရုစိုက်ဖို့ လိုတယ်လေ..။ ခုက ကျွန်မတို့ ကျောက်စိမ်းတံတားပေါ်မှာ တွေ့ခဲ့ရတဲ့ပုံစံနဲ့ အတူတူပဲ…"

မုန့်ချီက သန့်စင်လက်နက် ထွက်ဝယ်ခဲ့သည့်အချိန်တွင် သူက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး သူ၏ရုပ်ရည်ကို ပြောင်းလဲထားခဲ့သည်။ သံသရာအရှင်သခင်ဆီမှ သူလဲလာခဲ့သော အရာများနှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် သူ၏မျက်နှာက လွန်ခဲ့သော (၆)လနှင့် ယှဉ်လိုက်လျှင် အနည်းငယ် ရင့်ကျက်နေ၏။ ရင်းနှီးသော မိတ်ဆွေများကသာ သူ့ကို လူကြီးလူကောင်းဓားဟု မှတ်မိကြပါလိမ့်မည်။

သူက ခေါင်းညိတ်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပဲ ကူရှောင်စန်းကို သူမ၏အိတ်ထဲမှ မိတ်ကပ်ပစ္စည်းများကို ထုတ်ခွင့်ပေးလိုက်သည်။ သူမက မျက်နှာပေါ်တွင် အနည်းငယ် လှုပ်ရှားလိုက်ပြီး သူ၏မျက်နှာကြွက်သားများကို တိတ်တဆိတ် ပြင်ဆင်ပေးလိုက်သည်။

ခဏကြာပြီးနောက် သူမက လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ပြီးသွားပြီ သေချာကြည့်လိုက်ပါဦး... "

သူမက သူ့ရှေ့တွင် ကြေးနီမှန်တစ်ချပ်ကို ပြလိုက်သည်။ ထိုအချိန်တွင် သူ၏ပုံရိပ်က အလွန်ခိုင်မာပြတ်သားကြောင်း သိသာနေသည်။ သူ၏မေးရိုးများကလည်း ပို၍ထင်ရှားနေပြီး ရင့်ကျက်တည်ငြိမ်သော သူရဲကောင်းတစ်ယောက်ပုံစံ ပေါ်လာခဲ့၏။ ထိုအရာက လူကြီးလူကောင်းဓားဟူသော သိုင်းလောကနာမည်နှင့် လုံးဝကို ကွဲပြားနေသည်။

"ဘယ်လိုလဲ အဆင်ပြေတယ် မဟုတ်လား... "

ကူရှောင်စန်းက ကျေနပ်စွာ ခေါင်းလေး ငဲ့စောင်းပြီး ပြောလိုက်သည်။ အကယ်၍ သူ၏အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် အကျိုးရလဒ်က ထိုမျှကောင်းနိုင်မည်လော။ မုန့်ချီကတော့ နှာခေါင်းရှုံ့လိုက်ပြီး သခင်လေးတစ်ယောက်ကဲ့သို့သာ လုပ်ဆောင်နေခဲ့၏။

သူ၏အသိအမှတ်ပြုမှုကို ကြားသည့်အခါ သူမက ဝမ်းသာအားရ ပြုံးလိုက်သည်။ နောက်ဆုံးတွင်တော့ သူမမျှော်လင့်ထားသော အရာတစ်ခုကို ရလိုက်သလို ခံစားလိုက်ရ၏။

သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဒါပေမဲ့ တစ်ခုခုတော့လိုနေသေးတယ်...။ သခင်လေး…သခင်လေးရဲ့ဝတ်စုံတွေက စာသင်သားတစ်ယောက် ဝတ်သင့်တဲ့အရာမျိုး ဖြစ်နေတယ်..။ ဒါက မိုးကြိုးဓားဒေါသ ကိုယ်တော်ဆိုတဲ့နာမည်နဲ့ မကိုက်ဘူး.။ သခင်လေးက တစ်ခုခုပြောင်းလဲသင့်တယ်.."

"ငါက ငါ့ကိုယ်ငါ မိုးကြိုးဓား ဒေါသကိုယ်တော်ဆိုတဲ့နာမည်ကို လုံးဝလက်မခံခဲ့ဘူး... "

သူက သူမကိုကြည့်ပြီး အလေးအနက် ပြောလိုက်သည်။

သူမကတော့ ဂရုစိုက်ပုံမရချေ။ သူမ၏အိတ်ထဲမှ အနက်ရောင် ဝတ်စုံတစ်ချို့ကို ထုတ်လိုက်ပြီး မုန့်ချီကို မြင်းလှည်းထဲတွင် လဲရန် ကူညီပေးလိုက်သည်။

ထိုအရာက ဝတ်စုံတစ်ခုသာ ဖြစ်သည့်အတွက် သူလည်း ငြင်းမနေတော့ပဲ သူမ၏အလိုကျ လုပ်ဆောင်ပေးလိုက်သည်။

"အခုမှပဲသခင်လေးက သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက်နဲ့ တူသွားတော့တယ်..."

သူမက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဘယ်လက်နှင့် မျက်နှာကို အုပ်လိုက်ပြီး တစ်စုံတစ်ခု စဉ်းစားနေပုံရ၏။

"နောက်တစ်ခု ကျန်သေးတယ်... "

သူမက အနက်ရောင်ဖဲပြားတစ်ခုကို ထုတ်လိုက်ပြီး နဖူးတွင် စည်းပေးလိုက်သည်။ ထို့နောက် နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်၍ ကြည့်လိုက်ရာ သူမ၏လက်ရာအပေါ် အလွန်သဘောကျနေပုံပေါ်၏။

မုန့်ချီကလည်း သူ့ကိုယ်သူ မှန်ထဲ၌ ကြည့်လိုက်ရာ သူ့ပုံစံက အနက်ရောင်ဝတ်စုံ၊ သူရဲကောင်းဖဲပြားနှင့် ထောင်ထောင်မောင်းမောင်းဖြစ်နေကြောင်း သတိထားမိခဲ့သည်။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ မိန်းကလေးများက အဝတ်အစားဆင်ရာတွင် ပို၍အမြင်ရှိသည်ဟု တွေးနေမိသည်။

ပုံမှန်အားဖြင့် သူဝတ်ဆင်သော အဝတ်များက ကောင်းမွန်သော်လည်း တစ်စုံတစ်ခု လွဲနေသလို ခံစားနေရသည်။ မုန့်ချီ၏ ရုပ်ရည်ကို ကျေနပ်သွားပြီးနောက် ကူရှောင်စန်းက ခေါင်းညိတ်ပြလိုက်၏။ သူမက မှော်ပြပွဲတစ်ခုကို ပြသနေသလို ထင်မှတ်ရ၏။

ထို့နောက် သူ့အတွက် အနက်ရောင်ဓားအိမ်တစ်ခုကို ထုတ်ပေးလိုက်သည်။ ထိုဓားအိမ်က ရိုးရှင်းပြီး သိသာထင်ရှားမှု မရှိချေ။

"သခင်လေးက ဒီဓားကိုသုံးတာ ယီမြို့ထဲမှာ ရှိတဲ့လူတွေက တွေ့ပြီးသွားပြီ ။ ဒီတော့ အဲဒီဓားအစား ဒီဓားကိုပဲသုံးပါ... "

သူမက သူ့ဆီသို့ ဓားမောက်တစ်ချောင်း ပေးလိုက်သည်။

"သခင်လေးက သံလက်မကောင်းဆိုးဝါးကို သတ်တဲ့အချိန်မှာ ဒီဓားနဲ့ တစ်ချက်တည်း သတ်နိုင်ခဲ့တယ်... "

မုန့်ချီ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့၏။ ထန်ကျင်းက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကိုသုံးပြီး သံလက်မကောင်းဆိုးဝါးကို မည်သို့သတ်ခဲ့ကြောင်း ထိုမိန်းကလေးက မြင်ခဲ့ရသည်။ သူက ထန်ကျင်းအဖြစ် ဟန်ဆောင်နေသည်ကိုပင် သူမက သိနေခဲ့၏။

သူက ဓားရှည်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်က နားထဲတွင် တီးတိုးပြောလိုက်သလို ခံစားလိုက်ရသည်။ သူက ဓားသွားကို သေချာကြည့်လိုက်ရာ ဓားပေါ်တွင် တီးတိုးဓားဟူသော စကားလုံးများကို ရေးသားထားသည်။

"ဒီဓားကို တီးတိုးဓားလို့ခေါ်တယ်..။ ဒီဓားက ရင်ထဲမှာရှိတဲ့အသံတွေကို ကြားနေရသလိုပဲ ။ ဒါက သခင်လေးရဲ့အနတ္တကျိန်စာဖျက်ဓားပညာနဲ့ တော်တော်လေးကို လိုက်ဖက်တယ်... "

ကူရှောင်စန်းက သူ၏မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို သိမ်းလိုက်ပြီး သူ့ကို ရှင်းပြလိုက်သည်။

"အချိန်အတိုင်းအတာတစ်ခုထိတော့ ဒီဓားကို ကျွန်မပဲ သိမ်းထားပေးမယ်...”

“ဓားတစ်ချောင်းအတွက် ဓားတစ်ချောင်း... "

သူက ယီမြို့ထဲရှိ တိုက်ပွဲထဲတွင် ထူးခြားသော သိုင်းကွက်များကို မသုံးခဲ့ပဲ အနတ္တကျိန်စာဖျက်ဓားပညာ၏ အနှစ်သာရကိုသုံးပြီး ပေါင်းစပ်ထားသော ကိုယ်ပိုင်သိုင်းကွက်များကိုသာ အသုံးချခဲ့သည်။

ယခုတစ်ကြိမ်တော့ သူက မည်သည့်အရာကိုမျှ စိုးရိမ်စရာမလိုဘဲ သူ၏ဓားသိုင်းကွက်များ အားလုံးကို ပြသရန် စီစဉ်ထားခဲ့သည်။ သူကတော့ ဒုတိယသခင်လေးထန်ကဲ့သို့ မှတ်မိသွားမှာကို ကြောက်စရာ မလိုအပ်ပေ။

ထို့ပြင် လွန်ခဲ့သော (၆) လအတွင်း သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်ကိုလည်း ကျွမ်းကျင်ထားပြီး နက်နက်ရှိုင်းရှိုင်းကို နားလည်ထားခဲ့၏။ သူက ထန်ကျင်းကဲ့သို့ မဟုတ်ဘဲ အလွန်ရဲရင့်သော ဓားမောက်သိုင်းပညာကို ယုံကြည်ချက်ရှိရှိ ပြသနိုင်သည်။

အကယ်၍ သူက ရှန်ရှို့မေ၏ရှေ့တွင် ခရမ်းမိုးကြိုးဓား (၇) ချက်ကို ပြသလိုက်မည်ဆိုလျှင်တော့ သူနှင့် ပတ်သက်သောအရာများ ပေါ်သွားနိုင်၏။

သူက ခဏကြာစဉ်းစားပြီး မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ကူရှောင်စန်းဆီသို့ ပေးလိုက်၏။ ထို့နောက် တီးတိုးဓားကိုသာ သူ၏ပေါင်ပေါ်တွင် တင်ထားလိုက်သည်။

ထိုအချိန်တွင် ကူရှောင်စန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

"ဒါလည်းမဟုတ်သေးဘူး... ။ တကယ်လို့ သခင်လေးက စာသင်သား တစ်ယောက်ဆိုရင်တော့ ဓားတစ်လက်နဲ့ ဓားမောက်တစ်လက်ကို လက်က ကိုင်သွားတာ ကိစ္စမရှိဘူး..။ ဒါပေမယ့် သခင်လေးရဲ့လက်ရှိရုပ်ရည်နဲ့ ဒါက တော်တော်လေး ထူးဆန်းနေတယ်...”

သူမက အိတ်ကို မွှေနှောက်ရှာဖွေပြီးနောက် မုန့်ချီအနားသို့ ကပ်လာခဲ့သည်။ ထို့နောက် တီးတိုးဓားနှင့် သွေးကြောဓားတို့ကို နောက်ကျောတွင် ကန့်လန့်ဖြတ်ပုံစံ ချိတ်ပေးလိုက်သည်။

ဓားရှည်ကို ဘယ်ဘက်ပုခုံးပေါ်တွင် တင်ထားပြီး ညာလက်နှင့် အလွယ်တကူ ထုတ်သုံး၍ရသည်။ ဓားမောက်လက်ကိုင်ကတော့ ညာဘက်ပုခုံးပေါ်တွင် ရှိနေပြီး ဘယ်လက်နှင့် အလွယ်တကူ ထုတ်သုံး၍ရ၏။

"ဒါဆို ပြည့်စုံသွားပြီ …"

သူမ၏မျက်လုံးများက နောက်တစ်ကြိမ် ဝင်းလက်တောက်ပသွားခဲ့၏။

သူက ကြေးနီမှန်ကို ကြည့်လိုက်ရာ အလွန်ရဲစွမ်းသတ္တိရှိသော သူရဲကောင်း တစ်ယောက်၏ပုံစံကို တွေ့လိုက်ရသည်။ သူ့ပုံစံက အတော်လေးကို ကျေနပ်စရာကောင်း၏။

ကူရှောင်စန်း၏ မျက်လုံးလေးများကလည်း ဝင်းလက်တောက်ပနေပြီး ကျေနပ်စွာ ပြောလိုက်သည်။

"သခင်လေး …

သခင်လေးရဲ့အရည်အချင်းကို မပြသတော့ဘူးလား..။ ဒီတစ်ကြိမ် ယဲ့တူမှာ သခင်လေးက ထိပ်တန်းပညာရှင်တစ်ယောက်လို စွမ်းအားနဲ့အရှိန်အဝါကို ပြသလို့ရပြီ.."

သူက ပင့်သက်ရှိုက်လိုက်မိ၏။

"အနည်းဆုံးတော့တစ်ယောက်ယောက်က ဒီလိုအခြေအနေမျိုးမှာ ပျော်နေမှာပဲလေ... "

……………

ဝမ်ဟွာစားသောက်ဆိုင်က ကျောက်စိမ်းတံတားလမ်းကြားထဲတွင် ရှိနေသော အကောင်းဆုံးတည်းခိုဆောင်နှင့် စားသောက်ဆိုင်တစ်ခု ဖြစ်သည်။ ထိုစားသောက်ဆိုင်တွင် သိုင်းလောကသားများ ၊ ကုန်သည်များ ၊ နန်းတွင်းအကြီးအကဲများ လာရောက်တတ်ကြပြီး ယဲ့တူတွင် နာမည်အကျော်ကြားဆုံး သိုင်းပြိုင်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။

ဝင်ပေါက်အနားတွင်တော့ ဧည့်သည်စားပွဲတစ်ခုက ဖြည်းညင်းစွာ လျှောက်လာနေသော လူငယ်လေးတစ်ယောက်ကို စိုက်ကြည့်နေသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဖဲပြားတစ်ခုကို စည်းထားသည်။ သူ့နောက်ကျောတွင် ဓားမောက်တစ်လက်နှင့် ဓားရှည်တစ်လက်ကို သယ်ဆောင်ထား၏။

သူ့ပုံစံက အလွန်မာနကြီးပုံရသည်။ သူ့နောက်တွင်တော့ အလွန်လှပသော အစေခံ မိန်းကလေးတစ်ယောက် လိုက်နေပြီး အရာအားလုံးကို စိတ်ဝင်စားပုံ မရချေ။

ထိုလူငယ်ဆီမှ ထွက်ပေါ်လာသည့် အံ့ဩဖွယ် အငွေ့အသက်များကြောင့် ဧည့်သည်များအားလုံး တိတ်ဆိတ်သွားကြ၏။ လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

စားပွဲထိုးကောင်လေးက သူ့ကိုလှည့်ကြည့်ပြီး မေးလိုက်၏။

"ဧည့်သည်တို့ ဒီမှာနေဖို့လားစားဖို့လား... "

ကူရှောင်စန်းက ဝင်ပြောလိုက်သည်။

"ဒီမှာ ခြံဝန်းအလွတ်တစ်ခုရှိလား... ။ ရှိတယ်ဆိုရင်တော့ ကျွန်မတို့က ဒီမှာတစ်လနေမယ်... "

သူမက ရွှေစလေးတစ်စကို ထုတ်ပေးလိုက်သည်။

စားပွဲထိုးကောင်လေးက လျင်မြန်စွာ ပြန်ဖြေလိုက်၏။

"သေချာပေါက် ရှိတာပေါ့... "

မုန့်ချီက သူ့ကိုကြည့်ပြီး ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

"ဒီစာကို လောင်ကျွမ်းခြင်းနေမင်းသိုင်းသင်တန်းကျောင်းက ဆရာကြီးကျင်းဆီ ပို့ပေးလို့ရမလား... "

သူ့စကားများက အလွန်ရိုကျိုးနေပြီး အစေခံတစ်ယောက်ကို ပြောနေသော်လည်း မာနမရှိပေ။ သို့သော် အလွန်အစွမ်းထက်သော အငွေ့အသက်များကတော့ ပျောက်ကွယ်သွားခြင်း မရှိချေ။ ထို့ကြောင့် သူက ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်မည်ဟု လူတိုင်းက တွေးနေကြ၏။

တခြားသော ဧည့်သည်များကလည်း အံ့ဩနေကြသည်။

"ဒီသခင်လေးက ဘယ်ကရောက်လာတာလဲ... ။ ဘာလို့သူက လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းကို ရှာနေရတာလဲ... "

………..

လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းထဲတွင် ပြိုင်ပွဲ ဆက်၍ ကျင်းပနေသေးသည်။ သင်တန်းကျောင်းဆရာ ကျင်းကျင်းရှန်က ဝမ်ဆဲ ၊ ရှန်ရှို့မေ ၊ ကုံယုတို့နှင့်အတူ ပြိုင်ပွဲအကြောင်း ထင်မြင်ချက်များ ဆွေးနွေးနေကြသည်။ သူတို့က သူတို့သဘောကျသော လူငယ်များကြောင်းကို ဆွေးနွေးနေကြ၏။

သူက ယဲ့တူတွင် သက်ရှိဒဏ္ဍာရီတစ်ယောက်ဖြစ်ပြီး အလွန်အတွေ့အကြုံများသော တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ သူက ကျိုးနိုင်ငံထဲရှိ ထိပ်တန်းသခင်လေးများ စာရင်းကိုလည်း လမ်းညွှန်ပေးတတ်၏။

သူနှင့် ဝမ်မိသားစု၏ ပတ်သက်မှုကြောင့် လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းက အဆင့်မြင့်တက်လာပြီး ယဲ့တူတွင် အကောင်းဆုံး သိုင်းသင်တန်းကျောင်း (၈)ခုထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ထိုသိုင်းသင်တန်းကျောင်းက ဝမ်မိသားစု၏လက်ခွဲတစ်ခုကဲ့သို့ပင် ဖြစ်လာခဲ့၏။

လက်ထောက်တစ်ယောက်က သူ့အနားသို့ ကပ်လာပြီး ပြောလိုက်သည်။

"သင်တန်းဆရာ စာတစ်စောင် လာပါတယ်... "

ကျင်းကျင်းရှန်က မျက်မှောင်ကြုတ်လိုက်၏။

"ဘယ်သူ့ဆီကစာလဲ... "

"ကျွန်တော်လည်း မသိဘူး... "

လက်ထောက်က ပြန်ဖြေလိုက်သည်။

ကျင်းကျင်းရှန်က အမိန့်ပေးလိုက်၏။

"ဒါကိုဖွင့်ပြီး ဖတ်ပြစမ်း... "

လက်ထောက်က စာကို စစ်ဆေးကြည့်လိုက်ရာ မည်သည့်အရာမျှ မှားယွင်းနေခြင်း မရှိကြောင်း တွေ့လိုက်ရသည်။ စာကို ဖတ်လိုက်ပြီးနောက် သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသထွက်နေသည့်အတွက် လက် (၂) ဖက်က တုန်ယင်လာခဲ့၏။

သူက ထိုစာကို ကျင်းကျင်းရှန်ဆီသို့ ပေးလိုက်သည်။

"သင်တန်းဆရာ ကြည့်လိုက်ပါဦး... "

ကျင်းကျင်းရှန်က မျက်နှာပျက်သွား၏။ သူ၏အမူအရာကြောင့် ဝမ်ဆဲ ၊ ကုံယုနှင့် တခြားလူများကပင် သတိထားမိလာကြသည်။ သူက အစောင့်ဆီမှ စာကိုယူလိုက်ပြီး သေချာစိုက်ကြည့်နေခဲ့၏။ ထိုစာထဲတွင် စကားလုံး အနည်းငယ်သာ ရှိသည်။

"ဆရာကြီးရဲ့လောင်ကျွမ်းခြင်းနေမင်း ဓားပညာက ယဲ့တူတစ်ဝိုက်မှာ တော်တော်နာမည်ကျော်ကြားတယ်လို့ ကျွန်တော် ကြားခဲ့ဖူးတယ်... ။ ဒါကြောင့် ကျွန်တော်က ဆရာကြီးနဲ့တွေ့ဖို့ မျှော်လင့်နေခဲ့တာပါ..။ မနက်ဖြန်လပြည့်ည ဝမ်ဟွာစားသောက်ဆိုင်မှာ ကျွန်တော်ရဲ့ဓားရှည်၊ ဓားမောက်တို့နဲ့အတူ ဆရာကြီးကို စောင့်နေပါမယ်..”

“ရှောင်လင်ကျောင်းတော်ထဲမှာ ရှိနေတဲ့ အချိန်တုန်းကတော့ ကျွန်တော့်ကို မိုးကြိုးဓား ဒေါသကိုယ်တော်လို့ခေါ်ကြတယ်... ။ အခုတော့ ကျွန်တော်က သာမန်လူတစ်ယောက် ဖြစ်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရူးဓားသမားလို့ပဲ သတ်မှတ်ထားပါတယ်... ။ လေးစားစွာဖြင့် စုမုန့်... "

Translated by Hein Htet

All Chapters