← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

"မိုးကြိုးဓား ဒေါသကိုယ်တော်… "

ကျင်းကျင်းရှန်က တစ်ယောက်တည်း ရေရွတ်နေခဲ့၏။ သူကတော့ သိုင်းလောကတွင် လူအများစု ရင်းနှီးနေသော နာမည်ကိုသာ အသုံးပြုနေသေးပြီး မုန့်ချီ နောက်ဆုံးတွင် ရေးခဲ့သော နာမည်ကိုတော့ လျစ်လျူရှုထားခဲ့သည်။

ကုံယု ၊ ဝမ်ဆဲ ၊ ရှန်ရှို့မေနဲ့ သူ့အနားတွင် ရှိနေသူများ အားလုံးက အနိမ့်ဆုံး တံခါး(၆)ပေါက်ပွင့်နေသူများ ဖြစ်ကြသည်။ သူတို့၏ အမြင်အာရုံက သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်ကြပြီး စာထဲတွင် ရှိနေသော စကားလုံးများကို မြင်ကြရသည်။

မိုးကြိုးဓား ဒေါသကိုယ်တော်ဟူသည်မှာ လူငယ်မှတ်တမ်းတွင် ရှိသော ပညာရှင် တစ်ယောက်ဖြစ်ပြီး ယဲ့တူသို့ ရောက်လာ၍ လောင်ကျွမ်းခြင်းနေမင်းဓား ကျင်းကျင်းရှန်ကို စိန်ခေါ်လိုက်ကြောင်း သူတို့က သိနေကြသည်။ သူတို့၏ အတွေးများကတော့ ကွဲပြားသွား၏။

"ပျော်စရာကောင်းသွားပြီ.။ လူငယ်မှတ်တမ်းမှာ ရှိနေတဲ့ ပညာရှင်တစ်ယောက်က ဟွမ်စီရင်စုထဲမှာနေတဲ့ သက်ရှိဒဏ္ဍာရီတစ်ယောက်ကို စိန်ခေါ်ဖို့ဆိုတာ အရမ်းရှားတယ်"

ဝမ်ဆဲက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ရှန်ရှို့မေကို ပြောလိုက်သည်။

သူက ဝမ်းသာနေကြောင်း သိသာနေ၏။ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ သူကိုယ်တိုင်ကလည်း ပါဝင်ဆင်နွှဲရန် မျှော်လင့်နေခဲ့၏။ သိုင်းလောကတွင် ရှိနေသော သခင်လေးများ ၊ လေလွင့်သိုင်းလောကသားများ အတွက်တော့ ထိုအရာက သိုင်းသင်တန်းကျောင်း ပြိုင်ပွဲထက်ပင် ပို၍ကြီးကျယ်နေသည်။ ထိုအရာက အလွန်ကြီးကျယ်သော စကားဝိုင်းတစ်ခုဖြစ်လာပြီး ပို၍များပြားသော ပညာရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့ပြင် ဝမ်ဆဲကလည်း သူ့အစွမ်းကို စမ်းသပ်ချင်နေပြီး ဂုဏ်သတင်းအတွက် တံခါး(၇)ပေါက် ညာရှင်များကို ရင်ဆိုင်ရန် ကြိုးစားကြည့်ချင်ခဲ့သည်။ ယခုတော့ သူက တစ်ယောက် တွေ့လိုက်ရပြီဖြစ်ပြီး အတော်လေးကို စိတ်လှုပ်ရှားနေခဲ့၏။

ရှန်ရှို့မေက အပြုံးနှင့် တုန့်ပြန်လိုက်သည်။

"လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တစ်ယောက်နဲ့ ဒဏ္ဍာရီဆရာကြီးတို့ရဲ့ တိုက်ပွဲကို ကြည့်ရမယ်ဆိုရင် တစ်သက်လုံး နောက်တရမှာ မဟုတ်တော့ဘူး… "

သူမက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဆက်ပြောလိုက်သည်။

"တကယ်လို့ မိုးကြိုးဓား ဒေါသကိုယ်တော် ၊ အရူးဓားသမား စုမုန့်က နာမည်ကြီးချင်ပြီး လူငယ်မှတ်တမ်းမှာ အဆင့်တက်ချင်နေတယ်ဆိုရင် ဘာလို့ သူ့အထက်မှာရှိတဲ့‌ လူတွေကို စိန်မခေါ်ရတာလဲ။ အဲဒီအစား ဘာလို့ သူက သင်တန်းဆရာကျင်းကို ရွေးချယ်လိုက်ရတာလဲ…"

လူကြီးလူကောင်းဓား မုန့်ချီက လူငယ်မှတ်တမ်းထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် ပန်းပွင့်ပျံ့နှံ့ နတ်သမီးက သေဆုံးသွားခဲ့သည်။ တစ်ယောက်ဝင်လာပြီး တစ်ယောက် ထွက်လာသည့်အတွက် မိုးကြိုးဓားဒေါသကိုယ်တော်၏ အဆင့်က ကျဆင်းသွားခဲ့ခြင်း မရှိချေ။

"ဘာလို့လဲဆိုတာ ငါသိတယ်… "

ဝမ်ဆဲက သူသိထားသောအရာများကို မိန်းမလှလေးသိအောင် ပြသချင်ခဲ့သည်။

"ဟွမ်စီရင်စုထဲမှာ လူငယ်မှတ်တမ်းထဲ ရောက်နေတဲ့သူ (၃)ယောက်ပဲ ရှိတယ်။ သူတို့ထဲက တစ်ယောက်ကတော့ လက်တုန့်ပြန်ဖို့ ကျိလျန်ကို ရောက်လာတဲ့ လူကြီးလူကောင်းဓား မုန့်ချီပဲ။ သူ့ရဲ့ တည်နေရာကို မသိရဘူး။ တခြားတစ်ယောက်ကတော့ တိုက်ခိုက်နေတဲ့အချိန် အရက်အလွန်အကျွံ သောက်တတ်တဲ့ ဟွမ်ဟွာဓားဂိုဏ်းက ကြာပန်းဆရာ လျှူစုပဲ။ လက်ရှိ သူကလည်း ခရီးသွားနေတယ်။ အရင်တစ်ပတ်တုန်းက မြစ်အရှေ့ပိုင်းမှာ ပေါ်လာတယ်လို့ ပြောကြတယ်… ။ ဒါကြောင့် သူက ယဲ့တူမှာမရှိဘူး..”

“ဒါကြောင့် မိုးကြိုးဓားဒေါသကိုယ်တော်က ငါ့ရဲ့ အစ်ကိုဝမ်းကွဲ ဝမ်ကိုက်ကို တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်။ သူ့ရဲ့အဆင့်ကလည်း မိုးကြိုးဓား ဒေါသကိုယ်တော်ထက် အဆပေါင်းများစွာ ပိုမြင့်တယ်။ သူ့ရဲ့အဆင့်မြင့်ဝိညာဉ်ကလည်း နာမည်ကျော်တယ်။ မိုးကြိုးဓားဒေါသကိုယ်တော်က သူ့ကို စိန်ခေါ်ချင်တယ်ဆိုရင် သေချာပြင်ဆင်ဖို့ လိုအပ်တယ်…"

"ပြင်ဆင်ဖို့လား… "

ရှန်ရှို့မေက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဝမ်ဆဲက ရှင်းပြလိုက်၏။

"အရှိန်အဝါတစ်ခုလေ။ သူက နာမည်ကျော်ဆရာကြီးတွေနဲ့ ထူးခြားတဲ့ အစွမ်းရှိတဲ့ သခင်လေးတွေကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရမယ်ဆိုရင် သူ့ရဲ့အရှိန်အဝါနဲ့ ယုံကြည်ချက်ကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်တဲ့အတွက် ငါ့ရဲ့ အစ်ကိုဝမ်းကွဲကို အနိုင်ရဖို့အတွက် မျှော်လင့်ချက် ရှိလာနိုင်တယ်လေ…"

"ကျွန်မ နားလည်သွားပြီ အစ်ကိုဝမ်… ။ ရှင်က တော်တော်လေးကို ဗဟုသုတ ရှိတာပဲ…"

ရှန်ရှို့မေက ဝမ်ဆဲကို လေးလေးစားစား စိုက်ကြည့်လိုက်သည်။

"ဒါက အသေးအဖွဲပါပဲ… "

ဝမ်ဆဲက သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေခဲ့၏။ သို့သော် သူမ၏ ရှေ့တွင်တော့ ရိုကျိုးသလို လုပ်ဆောင်နေခဲ့သည်။

သူက ပြန်ဖြေလိုက်၏။

"ဓားတိုက်ပွဲနဲ့ စိတ်ဝိညာဉ်တိုက်ပွဲက ငါတို့မိသားစုမှာ ‌အရေးပါတဲ့ လေ့ကျင့်မှုပဲ။ ‌ဒါကြောင့် ငါလည်း အတိုင်းအတာ တစ်ခုအထိ နားလည်ထားတယ်…"

အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းကုံယုကတော့ ခံစားချက်ကင်းမဲ့နေသည်။ သူကတော့ စိတ်ထဲတွင် စဉ်းစားနေခဲ့၏။

"မိုးကြိုးဓားဒေါသကိုယ်တော်က ယဲ့တူမှာရှိတဲ့ သူရဲကောင်းတွေကို ရင်ဆိုင်ပြီး သူ့ရဲ့အစွမ်းကို မြှင့်တင်ချင်တာလား…။ အဲဒါက သူပြောခဲ့တဲ့ နတ်ဆိုးမနဲ့ ဘာများပတ်သက်နေတာလဲ။ အဲဒါက သူ့သဘောနဲ့သူ တိုက်ခိုက်တာလား… ဒါမှမဟုတ် အကျပ်ကိုင်ခံရတာလား…။ ငါတို့က စုမုန့်ရဲ့ ပတ်ပတ်လည်နဲ့ ဝမ်ဟွာစားသောက်ဆိုင်နားမှာ စုံစမ်းရေးမှူးတွေကို လွှတ်ထားရမယ်…"

ချီကျန်းရန်ကလည်း ဧည့်သည်များထဲမှ တစ်ယောက်ဖြစ်သည်။ စာကို မြင်လိုက်ရသည့် အချိန်တွင် ထိုအရာက လော်နတ်ဘုရားမ ကူရှောင်စန်း၊ ဆန်းကြယ်နတ်သမီး၏ ဆက်ခံသူ ရှန်ရှို့မေတို့နှင့် ပတ်သက်နေကြောင်း သူလည်း ချက်ချင်းနားလည်သွားခဲ့၏။

"ရှန်ရှို့မေက ဆန်းကြယ်နတ်သမီး ဆက်ခံသူဆိုတာကို ညီလေးမုန့်က ဘယ်လိုဖြစ်ပြီး သေချာနေရတာလဲ…"

ချီကျန်းရန်က အံဩနေ‌ခဲ့သည်။

မုန့်ချီက မဆင်မခြင် မလုပ်တတ်ကြောင်း သူက ယုံကြည်နေခဲ့၏။ သူက မူလနာမည်ကိုသုံးပြီး လောင်ကျွမ်းခြင်းနေမင်းဓားကို စိန်ခေါ်ရဲသည်မှာ အကြောင်းပြချက်တချို့ ရှိနိုင်သည်။ သူက ညီလေးမုန့်၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီး နားလည်ထား၏။

သူ့ပုံစံက အပြင်ဘက်တွင် မဆင်မခြင် လုပ်တတ်သယောင် ထင်မှတ်ရပြီး သူ့အစွမ်းကို ပြသချင်သည်။ တစ်ခါတစ်ရံ ရယ်ကာမောကာနှင့် တစ်ဖက်သားကို ထိခိုက်အောင် လုပ်ဆောင်တတ်ပြီး သူ၏စကားလုံးများကလည်း အရူးတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

သို့သော် အလုပ်လုပ်သည့် နေရာတွင်တော့ သူက အမြဲလိုလို သတိထားတတ်ပြီး သူအစွမ်းကုန်တိုက်ခိုက်ရသည့်အချိန်တွင်လည်း မည်သူ့ကိုမျှ မကြောက်တတ်ပေ။ သူက နတ်ဆိုးမ၏ ထိန်းချုပ်မှုကို လုံးဝခံရမည့် လူတစ်ယောက် မဟုတ်ချေ။ သူ၏ အပြုအမူက ကိုယ်ပိုင်ရည်ရွယ်ချက် သို့မဟုတ် နည်းလမ်းတစ်ခု ရှိနိုင်၏။

ချီကျန်းရန်က သေချာစဉ်းစားနေသော်လည်း ရှန်ရှို့မေ၏ တုန့်ပြန်မှုကို မကြည့်ခဲ့ပေ။ သူမကို ထိုကဲ့သို့ ကြည့်နေခြင်းက အလွယ်တကူ သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။

တခြားလူများကတော့ စိတ်လှုပ်ရှားနေကြပြီး တချို့က သံသယဝင်၍ တချို့က စိုးရိမ်နေကြသည်။ ကျင်းကျင်းရှန်က ထိုစိန်ခေါ်မှုကို လက်ခံခြင်း ရှိမရှိ သူတို့အားလုံးက သိချင်နေကြ၏။

ကျင်းကျင်းရှန်ကလည်း လူတိုင်း၏ မျက်လုံးထဲရှိ သံသယများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သို့သော် သူကတော့ မချိပြုံးပြုံးရုံသာ တတ်နိုင်ခဲ့သည်။ အကယ်၍ တံခါး(၇)ပေါက် (၈)ပေါက်ပွင့်နေသော အမည်မသိ လူတစ်ယောက်ကသာ သူ့ကို လာရောက်စိန်ခေါ်မည်ဆိုလျှင် သူက စိန်ခေါ်စာကို လွှင့်ပစ်ပြီး လုံးဝလျစ်လျူရှု၍ ရနိုင်သည်။ သို့မဟုတ် သူ့လက်အောက်တွင် ရှိနေသော တပည့်တစ်ယောက်ကို စေလွှတ်လိုက်၍လည်း ရ၏။

သို့သော် မိုးကြိုးဓား ဒေါသကိုယ်တော်က လူငယ်မှတ်တမ်းမှ ပညာရှင် တစ်ယောက်ဖြစ်သည်။ သူ့ဆီတွင် ဂုဏ်သတင်းနှင့် အစွမ်း နှစ်မျိုးစလုံးရှိနေပြီး ထုံးတမ်းအစဉ်အလာအရ စိန်ခေါ်ခြင်းဖြစ်သည့်အတွက် သူက မည်သို့ ငြင်းဆန်ရမည်နည်း ။ လူငယ်မှတ်တမ်းမှ ပညာရှင်တစ်ယောက်ဟူသည်မှာ အလွန်ထူးခြားလှသည်။

ကျင်းကျင်းရှန်ကတော့ သူ့လက်အောက်တွင် ရှိနေသော လက်ထောက်ကို ညွှန်ကြားလိုက်၏။

"ငါ့ရဲ့ ပြန်စာကို ဝမ်ဟွာစားသောက်ဆိုင်ဆီ သွားပို့လိုက်…။ ငါက သူနဲ့ မနက်ဖြန်ည တိုက်ခိုက်မယ်…"

မိုးကြိုးဓားဒေါသကိုယ်တော်က အစစ်အမှန် ဟုတ်သည်ဖြစ်စေ… မဟုတ်သည်ဖြစ် ကိစ္စမရှိချေ။ အကယ်၍ တစ်စုံတစ်ယောက်က ဟန်ဆောင်နေမည်ဆိုလျှင်လည်း သူက အရှက်ကွဲစရာမရှိချေ။

ဝမ်ဆဲက ရှန်ရှို့မေကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်၏။ ကြည့်ရသည်မှာ သူကတော့ ဝမ်းသာနေပုံရသည်။

……………..

ထိုနေ့က လဆန်း (၁၅)ရက်ဖြစ်သည့်အတွက် ကောင်းကင်ကြီးပေါ်တွင် လမင်းကြီးက တဖြည်းဖြည်း ဝိုင်းစက်နေခဲ့သည်။ ဝမ်ဟွာ စားသောက်ဆိုင်ထဲမှနေ၍ ခေါင်းလေးများ ပြူထွက်နေကြသည်မှာ သာမန်ညများထက်ပင် ပို၍ စည်ကားနေ၏။ အများစုကတော့ သိုင်းလောကသားများ ဖြစ်ကြသည်။

လူငယ်မှတ်တမ်းတွင် အဆင့် (၃၃) ရှိသော မိုးကြိုးဓား ဒေါသကိုယ်တော်က ယဲ့တူ၏ ဒဏ္ဍာရီ လောင်ကျွမ်းခြင်းနေမင်းဓား ကျင်းကျင်းရှန်နှင့် ယနေ့ညတွင် ရင်ဆိုင်မည်ဟူသော သတင်းကို သူတို့အားလုံးက ကြားထားကြရသည်။ ထို့ကြောင့် သူတို့က ရှားရှားပါးပါး တိုက်ပွဲကို လာကြည့်ကြခြင်းဖြစ်၏။

ထိုအခွင့်အရေးကို စောင့်နေသော လောင်းကစားဒိုင်များကလည်း လျှို့ဝှက်ပြီး အလောင်းအစားများ လုပ်နေကြသည်။ လူအုပ်ကြီးထဲတွင် အများစုကတော့ မိုးကြိုးဓားဒေါသကိုယ်တော် စုမုန့်ကို အထင်ကြီးနေကြသည်။

သူက အန်ကုံရှဲ့နှင့် ယုဟွမ်တောင်တို့အပါအဝင် ကျင်းကျင်းရှန်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သော တံခါး (၉)ပေါက်အဆင့် ပညာရှင် (၃)ယောက်ကို အနိုင်ရခဲ့သည်။

ဝမ်ဟွာစားသောက်ဆိုင်၏ နောက်ဘက်တွင်တော့ ကြာပန်းရေကန်လေးနှင့် တောင်ကုန်းတု တစ်ခု ရှိသည်။ ထိုနေရာတွင် လက်ရန်းများလည်း ရှိနေပြီး အလယ်တွင်တော့ လွတ်နေခဲ့သည်။ သူတို့က မုန့်ချီနှင့်ကျင်းကျင်းရှန်တို့အတွက် နေရာဖယ်ပေးထားခြင်းဖြစ်၏။

စားသောက်ဆိုင်ထဲတွင် ရှိနေသော အထူးခန်းမများထဲတွင် မတူညီသော အင်အား ရှိနေသည့် လူပေါင်းများစွာ ပြည့်နှက်နေသည်။ ကျိုးနိုင်ငံ ဝမ်မိသားစု ၊ ယဲ့ချန်မှ ဟွမ်မိသားစု ၊ ဟွမ်ဟွာဓားဂိုဏ်း၊ နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တခြားသော အဖွဲ့အစည်းများ ရှိနေကြ၏။ လူပေါင်းများစွာလည်း ရှိနေကြသည်။

တခြားလူများကတော့ စြင်္ကံ၏ တစ်ဖက်တွင် စောင့်နေကြပြီး သူတို့၏ ကိုယ်ဖော့ပညာကိုသုံး၍ အမိုးပေါ်နှင့် သစ်ကိုင်းများပေါ်တွင် တက်နေကြသည်။ ဤနယ်မြေတစ်ခုလုံးက အတော်လေးကို လှုပ်ရှားနေခဲ့၏။

"အရူးဓားသမားက သင်တန်းဆရာကျင်းကို အနိုင်ရနိုင်ပါ့မလား… "

ကျိုးနိုင်ငံ ဝမ်မိသားစုက အထူးခန်းမတစ်ခုထဲတွင် ထိုင်နေကြပြီး ရှန်ရှို့မေကတော့ ပြတင်းပေါက်အနားတွင် ထိုင်နေသည်။ သူမက တိတ်ဆိတ်နေသော ကြာပန်းကန်လေးကို ငေးကြည့်နေခဲ့၏။

ထိုအခန်းထဲတွင်တော့ ဝမ်ကိုက်အပါအဝင် ဝမ်မိသားစုမှ လူငယ်ပေါင်းများစွာ ပြည့်နှက်နေပြီး အနည်းငယ်ကတော့ သူ့အစွမ်းနှင့် ယှဉ်နိုင်သော မိသားစုဝင်များ ဖြစ်ကြသည်။

ဝမ်ဆဲက သူ၏ ညီအစ်ကိုဝမ်းကွဲများကို ကြည့်ပြီး ပြုံးလိုက်သည်။

"အရူးဓားသမားက သေချာပေါက် သင်တန်းဆရာကျင်းကို အနိုင်ရလိမ့်မယ်။ မေးစရာရှိတာက သိုင်းကွက်ဘယ်လောက်သုံးမလဲ ဆိုတာပဲ… "

ဝမ်ကိုက်က တီးတိုးရေရွတ်လိုက်သည်။

"မိုးကြိုးဓား ဒေါသကိုယ်တော် စုမုန့်နဲ့ အန်ကုံရှဲ့တို့ရဲ့တိုက်ပွဲကို ဘယ်သူမှ မမြင်ခဲ့ဖူးဘူး။ သူက အဆိပ်လျှို့ဝှက်လက်နက်ကိုလည်း သုံးခဲ့တယ်။ သေမင်းလက်ဝါး ယွမ်မုန်ကျိကတော့ သူ့ရဲ့ကောင်းကင်မိုးကြိုးကြောင့် သေသွားခဲ့တာ။ ဒါပေမဲ့ သူက သိုင်းကွက်ကို တစ်ဝက်ပဲ ထုတ်ခွင့်ရခဲ့တယ်။ လေလွင့်ရာမ ယုဟွမ်တောင်ကလည်း ရုတ်တရက် ပြန်ရလာတဲ့ သူ့ရဲ့သိုင်းပညာတွေကြောင့် မှင်တက်သွားပြီး ပျက်သုဉ်းခြင်းဓားနတ်သမီး သတ်တာကို ခံလိုက်ရတာ။ ဒါကြောင့် သူ့ရဲ့အစစ်အမှန် စွမ်းအားကို ခန့်မှန်းကြည့်ဖို့ အရမ်းခက်တယ်။ တကယ်လို့ သူက ကောင်းကင်မိုးကြိုးစွမ်းအားကို မသုံးခဲ့ဘူးဆိုရင် သူ့ဆီမှာ အနတ္တကျိန်စာဖျက် ဓားပညာရှိနေရင်တောင် အနည်းဆုံးတော့ သိုင်းကွက် (၁၀)ကွက်ကျော် သုံးရမှာပဲ…"

အနတ္တကျိန်စာဖျက်ဓားပညာကို သုံးလိုက်ခြင်းက ပြိုင်ပွဲတွင် အသာစီးရနိုင်ပြီး တံခါး (၉)ပေါက်အဆင့် ပညာရှင်များကို လျင်မြန်စွာ ရှုံးနိမ့်သွားစေနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။

"အဲဒါက အဓိပ္ပာယ်ရှိတယ်…"

တခြားသော ဝမ်မိသားစုမှ လူများအားလုံးကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

ယဲ့ချန်မှ ဟွမ်မိသားစု၏ အထူးခန်းမထဲတွင်တော့ အဘိုးအိုတစ်ယောက်ကလည်း ဝမ်ကိုက်ပြောသည့်အတိုင်း ရှင်းပြနေခဲ့သည်။

သူပြောလိုက်ပြီးနောက် သူ့အနားတွင် ရှိနေသူက ပြောလိုက်၏။

"မိုးကြိုးဓားဒေါသကိုယ်တော်က ပြင်ပစွမ်းအားတွေကို တော်တော်လေး အသုံးချခဲ့တယ်။ အမှန်အတိုင်း ပြောရရင်တော့ သူက သက်တူရွယ်တူတွေထက် ပိုပြီး အစွမ်းထက်နေတာ မဟုတ်လောက်ဘူး။ သူက လူငယ်မှတ်တမ်းထဲကို ဝင်ဖို့အတွက် အကောင်းဆုံး ခြေနင်းကျောက်တုံးတစ်ခုပဲ…. "

သူ့အနားတွင် ရှိနေသူကတော့ ဟွမ်မိသားစုထဲတွင် အထူးချွန်ဆုံး လူငယ်တစ်ယောက် ဖြစ်သည့် ဟွမ်ကျိရှီဖြစ်သည်။ သူ့ကိုတော့ ပန်းပွင့်ကျဆင်းသခင်လေးဟု ခေါ်ကြသည်။ သူက တံခါး (၈)ပေါက်လည်း ပွင့်နေ၏။

ဟွမ်ကျိရှီက ပြန်မဖြေခဲ့ပေ။ သူက ကြာပန်းရေကန်လေးကို ငေးကြည့်နေပြီး တစ်စုံတစ်ခုကို စိုက်ကြည့်နေပုံရ၏။

လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်း ရှိနေသည့် အထူးခန်းမထဲတွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်က လူအုပ်ကြီးထဲတွင် ရှိနေ၏။ သူက ခနဲ့သလို ပြောလိုက်သည်။

"မိုးကြိုးဓား ဒေါသကိုယ်တော်က ကံကောင်းပြီး မိုးကြိုးနဲ့ လျှပ်စီးတွေ သုံးနိုင်တာကလွဲရင် သူ့ရဲ့အစွမ်းကို လုံးဝမပြသနိုင်ဘူး။ သူက သူ့နာမည်နဲ့ မလိုက်ဖက်ဘူးလို့တောင် ပြောလို့ရတယ်။ သင်တန်းဆရာကျင်းက သူ့ကို သေချာပေါက် အနိုင်ရနိုင်တယ်…။ တကယ်လို့ ငါသာ သူနဲ့တိုက်ခိုက်ရမယ်ဆိုရင်တောင် အနိုင်ရနိုင်မှာပဲ…"

သူကတော့ တပ်ဖွဲ့အောင်နိုင်ခြင်း သိုင်းသင်တန်းကျောင်း၏ ဆရာ လော်ယုဖန်း ဖြစ်သည်။ သူက တံခါး (၈)ပေါက်အဆင့် စွမ်းအားများ ရှိနေပြီး အသက်လည်း အတော်ကြီးနေသည်။ သူက တံခါး (၉)ပေါက်အဆင့် ကျင်းကျင်းရှန်နှင့် လက်ရည်စမ်းခဲ့သည့်အချိန်တွင် ပို၍အသက်ကြီးသော အရာကို အခွင့်ကောင်းယူပြီး အားနည်းသော ပြိုင်ဘက်များကို ဖိနှိပ်၍ တိုက်ခိုက်တတ်၏။

"သူက သင်တန်းဆရာကျင်းကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရဲတယ်ဆိုမှတော့ သေချာတာ မရှိဘဲ ဖြစ်နိုင်ပါ့မလား… "

တခြားသော သင်တန်းဆရာများက သဘောမတူကြပေ။

ထိုအချိန်တွင် အနားယူနေပုံရသော ကျင်းကျင်းရှန်က မျက်လုံးဖွင့်ပြီး မတ်တပ်ရပ်လိုက်၏။ သူက လောင်ကျွမ်းခြင်း နေမင်းဓားကို ယူပြီး အခန်းထဲမှ ထွက်လိုက်သည်။ ထို့နောက် ခြံဝန်းထဲသို့ ခုန်ဝင်သွားခဲ့၏။

တခြားသော အခန်းတစ်ခုထဲတွင်…

ကူရှောင်စန်းကတော့ ဝမ်မိသားစုဝင်များကို စောင့်ကြည့်နေခဲ့သည်။ သူမက တစ်ယောက်တည်း တီးတိုးပြောလိုက်၏။

"ဝမ်ဆဲရဲ့ အမေက ပင်ကျင်းမှာရှိတဲ့ ကွေကလန်ကနေ ရောက်လာတာ… ။ အဲဒါကြောင့် အရမ်းကို အစွမ်းထက်တဲ့ နောက်ခံအင်အားရှိတယ်။ သူက သူ့သားကို တော်တော်လေး အလိုလိုက်ထားခဲ့တာ ကံဆိုးသွားတယ်။ ဒါကြောင့် သူ့သားအနားမှာ သူ့ရဲ့အစေခံအိုကြီးက အစောင့်တစ်ယောက်အဖြစ် လိုက်ပေးနေရတယ်။ အဲဒီအစေခံအိုကြီးက ဝေ့ကျင်းတစ်ဝက်အဆင့် အစွမ်းမျိုးရှိတယ်။ ဒဏ်ရာရခဲ့ပြီး သူ့ရဲ့ အုတ်မြစ်ထိခိုက်သွားပေမဲ့ အစွမ်းထက်နေတုန်းပဲ။ ကျွန်မက သူ့ကို သတ်ဖို့တော့ မလွယ်ဘူး…။ ဒါပေမဲ့ သူကာကွယ်ပေးနေတာက ဝမ်ဆဲလေ။ ရှန်ရှို့မေ မဟုတ်ဘူး… ။ သူသာ ထွက်သွားမယ်ဆိုရင် ရှန်ရှို့မေကို ခွဲထုတ်ဖို့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ အဲဒါက အသုံးမဝင်ဘူးဆိုရင်လည်း နောက်ထပ်အခွင့်အရေးတစ်ခု ရှိနိုင်ပါသေးတယ်…။ အဲဒီအချိန် လူတိုင်းက သခင်လေးကို သံသယဝင်နေကြမှာပဲ…"

မုန့်ချီက မျက်လုံးမှိတ်နေရင်း အေးစက်စွာ ပြောလိုက်သည်။

"နင် စကားပြောတာ အရမ်းများနေပြီ။ အစေခံတစ်ယောက်က ဒီလိုမလုပ်သင့်ဘူးလေ။ လာဦး… နောက်ကျောကို လာပြီးနှိပ်ပေး… "

"တကယ်လို့ ငါသာ ဒီအခွင့်အရေးကို အရမယူနိုင်ဘူးဆိုရင် ငါ့နာမည်က မုန့်ချီ မဟုတ်တော့ဘူး…"

ကူရှောင်စန်းက ခေါင်းငုံ့ပြီး မကျေမနပ် အမူအရာနှင့် ပြန်ဖြေလိုက်၏။

"ကောင်းပါပြီ… သခင်လေး… "

သူမက မုန့်ချီ၏ နောက်ကျောသို့ လျှောက်လာပြီး သူ့ပုခုံးများကို နှိပ်ပေးလိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။

"သခင်လေး… ခံစားရတာ ကောင်းလား… ဒါကို သဘောကျလား…"

သူမက သူမ၏ တာဝန်ကို ပြည့်စုံစွာ လုပ်ဆောင်ပေးနေခဲ့သည်။

ထိုအချိန်တွင် မုန့်ချီ၏ စိတ်ဝင်စားမှုများက ချက်ချင်း ပျောက်ကွယ်သွားပြီး ပြတင်းပေါက်ကို ဖွင့်၍ အပြင်ဘက်ကို ခုန်ထွက်သွားခဲ့သည်။ သူက လေထဲတွင် သိမ်းငှက်တစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်ရာ ‌လူအုပ်ကြီးထဲမှနေ၍ လက်ခုပ်တီးသံများကို ကြားလိုက်ရသည်။

မုန့်ချီက တောင်ကုန်းတုလေးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူက အနားသို့ ရောက်လာသော ကျင်းကျင်းရှန်ကို ကြည့်ပြီး ညာလက်နှင့် တီးတိုးဓားကို ဆွဲထုတ်လိုက်သည်။

"ဆရာကြီးကျင်း… ကျေးဇူးပြုပြီး အရင်တိုက်ပါ… "

သူက တလေးတစား ဦးညွတ်လိုက်သည်။

ကျင်းကျင်းရှန်က ဓားအိမ်ကို လက်နှင့်ပုတ်ပြီး ပြောလိုက်၏။

"အချိန်ကြာလာတာနဲ့အမျှ လူငယ်လေးတွေက ငါတို့ကို တကယ်ကျော်သွားကြပြီ…"

သူက အနီရောင်ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူက ကြာပန်းရေကန်နှင့် မျက်နှာချင်းဆိုင်မှနေ၍ သူ့ဓားကို ဝှေ့ယမ်းပြီး မုန့်ချီကို တိုက်ခိုက်လိုက်သည်။ သူ၏ ဓားစွမ်းအားများက အလွန်ကြောက်စရာကောင်းပြီး ချီစွမ်းအင်များ လွှမ်းမိုးနေသည့်အတွက် အပူလှိုင်းတစ်ခုက မုန့်ချီ၏ မျက်နှာဆီကို ရောက်လာသည်။

သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ကြာပန်းရေကန်ထဲသို့ ရောက်လာခဲ့၏။ သူခြေထောက်အောက်တွင်တော့ ကြာရွက်ကလေးများ လှုပ်ရှားနေသည်။ မုန့်ချီက ဓားမောက်ကို ကိုင်ထားသော်လည်း တုကူးဓား(၉)ကွက်ကို အသုံးမပြုနိုင်ခြင်း မဟုတ်ပေ။

ဓားရှည်ချေဖျက်ခြင်းကျင့်စဉ် ၊ ဓားမောက်ချေဖျက်ခြင်း ကျင့်စဉ် ၊ ချီစွမ်းအင်ချေဖျက်ခြင်း ကျင့်စဉ်နှင့် တခြားသော ကျင့်စဉ်များက ရန်သူ၏ အားနည်းချက်များကို အလေးထားကြ၏။ သူတို့က မုန့်ချီ၏ လက်ထဲတွင် ကိုင်ထားသော လက်နက်များကို အလေးထားခြင်းမဟုတ်ချေ။

သူက ဓားမောက်တစ်ချောင်းဖြစ်စေ ၊ လှံတစ်ချောင်းဖြစ်စေ၊ ဓားရှည်တစ်ချောင်းကို ကိုင်ထားလျှင်ပင် အသုံးပြုနိုင်သည်။ သို့သော် သူက ထိုစွမ်းရည်များကို အသုံးပြုသည့်အချိန်တွင် လက်နက်၏ သဘာဝကို လိုက်နာရန် လိုအပ်၏။ ထိုကဲ့သို့ စွမ်းရည်ကို များများသုံး၍ မရနိုင်ပေ။ ထို့ကြောင့် ယခင် မုန့်ချီက အသုံးမချခဲ့ခြင်းဖြစ်၏။

သို့သော် တိတ်တဆိတ် လေ့ကျင့်နေခဲ့သည့် အတောအတွင်း သူ၏ ဓားပညာက သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏တုကူးဓား (၉)ကွက်ကလည်း အတော်လေး ပြည့်စုံလာခဲ့ပြီး ဓားရှည်နှင့် ဓားမောက်ကို အတူတကွ ပေါင်းစပ်လာနိုင်ခဲ့သည်။

သူက ဓားနှင့်ခုတ်ချလိုက်သည့်အချိန်တွင် လူအုပ်ကြီးထဲမှနေ၍ တီးတိုးရေရွတ်သံများကို ကြားလိုက်ရ၏။

"ချွမ်… "

သူ့ဓားက ကျင်းကျင်းရှန်၏ ဓားရှည်နှင့် ရင်ဆိုင်မိသွားခဲ့၏။

မုန့်ချီက အလွန်ကြောက်စရာကောင်းသော ဓားစွမ်းအားနှင့် ပြင်းထန်သော ချီစွမ်းအင်များကို သုံးပြီး အရေးကြီးသည့်နေရာကို တိုက်ခိုက်နိုင်ခဲ့သည်။

ကျင်းကျင်းရှန်ကတော့ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။ ထိုလူငယ်က အမှန်တကယ်ကို သူ့နာမည်နှင့် ထိုက်တန်လှသည်။ ထိုတိုက်ခိုက်မှုတစ်ခုတည်းနှင့်ပင် သူ့အစွမ်းကို ပြသနိုင်၏။ ထိုအရာက လျင်မြန်ခြင်း မရှိသလို နှေးကွေးခြင်း မရှိပေ။ လေးလံခြင်း မရှိသလို ပေါ့ပါးခြင်း မရှိချေ။ သူက ဓားရှည်၏ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး နေတင်ဆည်းဆာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်၏။

မုန့်ချီကတော့ သူ့ဓားကို အလွန်ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်ရာ နောက်တစ်ကြိမ် လက်နက်ချင်း ထိခိုက်သံကို ကြားလိုက်ရသည်။ ခြံဝန်းထဲတွင် လက်နက်ချင်း ထိခိုက်သံများကိုသာ ကျယ်လောင်စွာ ကြားနေရ၏။

ကျင်းကျင်းရှန်က (၂၇)ချက်တိတိ ဆက်တိုက် တိုက်ခိုက်လိုက်ပြီး လောင်ကျွမ်းခြင်းနေမင်း ဓားပညာကို ပြည့်ပြည့်ဝဝ ပြ‌သနေခဲ့သည်။ ဓားထဲမှ ထွက်ပေါ်လာသော ချီစွမ်းအင်များကြောင့် ရေကန်ထဲရှိ ရေများကပင် ပတ်ပတ်လည်သို့ ဖြာထွက်သွား‌နေသည်။

အလွန်သိပ်သည်းသော အဖြူရောင်မြူခိုးများလည်း ထွက်ပေါ်လာပြီး တောင်ကုန်းတုလေးက လှုပ်ရှားလာခဲ့၏။

တစ်ဖက်တွင် မုန့်ချီကတော့ ခုခံနေခဲ့သည်။ သူ၏ဓားက ယင်နှင့်ယန်ကဲ့သို့ ကြမ်းတမ်းခက်ထန်ပြီး နူးညံ့ပျော့ပြောင်းနေသည်။ သို့သော် သာမန်သိုင်းကွက်များသာ ဖြစ်၏။ တစ်ချိန်တည်းတွင် သူတို့က ကျင်းကျင်းရှန်၏ ဓားသိုင်းကို တားဆီးရန် လုံလောက်သည်။

လက်ရှိအချိန်တွင် သူက လောင်ကျွမ်းခြင်းနေမင်း ဓားသိုင်းပညာကို အကောင်းဆုံး စွမ်းဆောင်နိုင်သည်ဟု ကျင်းကျင်းရှန်က ခံစားမိနေခဲ့၏။ ပြိုင်ဘက်က သူ့စိတ်ကို ဖတ်နိုင်ပြီး သူ့ကို ဓားပညာ၏အမြင့်ဆုံးအဆင့်ထိ တွန်းပို့ပေးနေသလို ခံစားနေရသည်။

သို့သော် ကြည့်နေသူများကတော့ ထိုသို့ မတွေးကြပေ။ ဝမ်ဆဲက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"မိုးကြိုးဓား ဒေါသကိုယ်တော်က နာမည်အတိုင်းလည်း မဟုတ်ပါလား…"

သူက အသက်ကြီးနေသော တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဆီမှ (၂၇)ချက်တိတိ တိုက်ခိုက်ခံခဲ့ရပြီး ယခုအချိန်ထိ ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူပြောနေသည့်အချိန်တွင် သူ၏ အစေခံအိုကြီးနှင့် ညီအစ်ကို ဝမ်းကွဲများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးက သံသယဝင်နေပြီး သေချာစဉ်းစားနေကြကြောင်း နားလည်သွား၏။ သူတို့ကတော့ မိုးကြိုးဓားဒေါသကိုယ်တော်ကို အထင်သေးနေကြခြင်းမဟုတ်ချေ။

အထူးခန်းမတစ်ခုထဲတွင် ရှိနေသော လော်ယုဖန်းက အားရပါးရ ရယ်လိုက်၏။

"မိုးကြိုးဓားဒေါသကိုယ်တော်ရဲ့ ဂုဏ်သတင်းက သူ့စွမ်းရည်ကို မယှဉ်နိုင်ဘူးလို့ ငါပြောခဲ့သားပဲ…။ သူက ကောင်းကင်မိုးကြိုးဆင့်ခေါ်တာကလွဲရင် ဝေ့ကျင်းအဆင့် ဓားပညာပဲ ရှိတယ်။ တကယ်လို့ သူက အနတ္တကျိန်စာဖျက်ဓားပညာကိုသာ မသုံးခဲ့ဘူးဆိုရင် သေချာပေါက် ရှုံးနိမ့်သွားတော့မယ်။ တကယ်လို့ သူက အဲဒါကို သုံးလိုက်မယ်ဆိုရင်လည်း ရှုံးရဦးမှာပဲ…"

သူက ဝေ့ကျင်းအဆင့် ဓားသိုင်းပညာ တစ်ခုတည်းကို သုံးပြီး တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်မရနိုင်ပေ။ သူတို့ဆီတွင် တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သော အကာအကွယ် ချီစွမ်းအင်များ ရှိ၏။

တခြားသော သိုင်းလောက သူရဲကောင်းများအားလုံးကတော့ ပျင်းရိနေကြသည်။ ထိုအရာက သူတို့မြင်ခဲ့ဖူးသမျှ လူငယ်မှတ်တမ်းရှိ သခင်လေးများထဲတွင် အဆိုးဆုံးတစ်ယောက်ဟု တွေးနေမိကြ၏။

Translated by Hein Htet

All Chapters