← Chapters

အခန်း (၂၂၈)

Vol. 16 Ch. 228

အခန်း (၂၂၈)

Vol. 16 Ch. 228

လူအုပ်ကြီးက အထင်သေးနေကြသည့်အချိန်တွင် မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခု ပေါ်လာခဲ့သည်။

(၂၇) ချက်တိတိ အစွမ်းကုန် တိုက်ခိုက်လိုက်ပြီးနောက် ကျင်းကျင်းရှန်၏ ဓားပညာက ပို၍မြင့်မားသော အဆင့်သစ်တစ်ခုကို ရောက်ရှိလာခဲ့သည်ဟု ကျင်းကျင်းရှန်ကိုယ်တိုင် ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် ခံစားမှုတစ်ခု ပေါ်လာသည့်အတွက် သူက လောင်ကျွမ်းခြင်းနေမင်း ဓားသိုင်းပညာ၏ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သည့် ရွှေကျီးကန်းနေရာအနှံ့ တောက်ပခြင်းဟူသော ဓားသိုင်းကွက်ကို သုံးလိုက်သည်။

ဓားရှည်က ခြစ်ခြစ်တောက် ပူလောင်နေသော အနီရောင် နေမင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုနေရာမှနေ၍ ဓားအနှစ်သာရများစွာက အလင်းတန်းများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ သူ့ဆီတွင် အလွန်အံ့ဩစရာ ကောင်းသော စွမ်းရည်မျိုး ရှိနေသည့်အပြင် ရွှေကျီးကန်းနှင့် ဓား၏ကိုယ်ထည်ကို ဖုံးကွယ်နိုင်သော အစွမ်းမျိုးလည်း ရှိသည်။

လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းမှ နာမည်ကျော် သိုင်းဆရာများကတော့ အလွန်အံ့ဩမှင်တက်နေကြ၏။ ရုတ်တရက်ဆိုသလို သူတို့၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

"တကယ်လို့ မိုးကြိုးဓားဒေါသကိုယ်တော်ကသာ သူ့ရဲ့အနတ္တကျိန်စာဖျက်ဓားပညာကို မသုံးသေးဘူးဆိုရင် သူက သေချာပေါက် ရှုံးနိမ့်ရတော့မယ်... "

လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းတွင် နှစ် (၂၀) နီးပါးခန့် နေထိုင်ခဲ့စဉ် အတောအတွင်း ယခုသုံးလိုက်သော ရွှေကျီးကန်းနေရာအနှံ့ တောက်ပခြင်းဟူသည့် သိုင်းကွက်က သူမြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး ဖြစ်နေသည်။ သိုင်းကွက်၏ ပြောင်းလဲမှုများကလည်း အမြင့်ဆုံးဖြစ်နေပြီး ဓားအနှစ်သာရများကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခဲ့၏။

ဓားထဲမှ ထွက်ပေါ်လာသော စွမ်းအားများကလည်း နယ်မြေတစ်ခုလုံးကို လွှမ်းခြုံလုနီးပါး ဖြစ်နေသည်။ ကြည့်လိုက်မည်ဆိုလျှင် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကသာ ထိုအရာကို တားဆီးနိုင်စွမ်းရှိ၏။

"ဟမ်...သူက အဘိုးကြီးတစ်ယောက်ကြောင့် အနတ္တကျိန်စာဖျက်ဓားပညာကို သုံးရတော့မယ်... "

လော်ယုဖန်းက စိတ်ထဲတွင်ကြိတ်၍ လှောင်ပြောင်လိုက်သည်။

သိုင်းလောကသား အများစုတွင် တူညီသောအတွေးများ ရှိကြ၏။ သင်တန်းဆရာကျင်း၏ သိုင်းကွက်က အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။

သူ၏ညီအစ်ကိုဝမ်းကွဲများက မျက်မှောင်ကြုတ်၍ ကြည့်နေကြကြောင်း ဝမ်ဆဲက သတိထားမိခဲ့သည်။ သူကိုယ်တိုင်လည်း ထိုအရာက ထူးဆန်းသည်ဟု ခံစားမိခဲ့၏။ သင်တန်းဆရာကျင်းက သူ၏စွမ်းအား အမြင့်ဆုံးအချိန်တွင်ပင် ရွှေကျီးကန်းနေရာအနှံ့ တောက်ပခြင်းဟူသော သိုင်းကွက်ကို အသုံးမပြုခဲ့ပေ။ ယခုလို အသက်ကြီးနေသည့် အချိန်တွင်တော့ ဆိုဖွယ်ရာပင် မရှိချေ။

ထို့ပြင် သူက သိုင်းကွက် (၂၇) ချက်တိတိ တိုက်ခိုက်ခဲ့၏။ တိုက်ပွဲကြာလာသည်နှင့်အမျှ သူက ဘာကြောင့်ပို၍ အစွမ်းထက်လာနေရသနည်း။

မုန့်ချီက သူ၏တီးတိုးဓားကို ဝှေ့ယမ်းလိုက်သည်။ သူ၏ဓားချီစွမ်းအင်များက နှလုံးသားထဲမှ ထွက်ပေါ်လာနေသလို ထင်မှတ်ရ၏။ ထိုအရာက မုန့်ချီ၏ အတွေးအတိုင်း လှုပ်ရှားနေပြီး ဓားကွက်တစ်ခုမှ တစ်ခုသို့ အလွယ်တကူ ပြောင်းလဲနေသည်။ သူ၏ဓားကွက်များကိုလည်း ခန့်မှန်း၍မရနိုင်ပေ။

"ချွင်... "

ဓားလက်ကိုင် ၊ ဓားထိပ်ဖျားနှင့် ဓားရှည်၏ တခြားသော အစိတ်အပိုင်းများက အသက်ဝင်နေသလို ထင်မှတ်ရ၏။ သူတို့က သူ၏စိတ်ဆန္ဒအတိုင်း ပြောင်းလဲနေပြီး ဓားအဆီအနှစ် အလင်းတန်းများကို ခွဲထုတ်ပစ်နေသည်။

"ချွမ်.. "

ဓားရှည်၏ ပြောင်းလဲမှုများက အမြင့်ဆုံးအဆင့်သို့ ရောက်လာသည့်အချိန်တွင် ဓားကိုယ်ထည်ထဲတွင် လွှမ်းခြုံနေသော ချီစွမ်းအင်များဆီမှ ကြည်လင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားနှင့် ဓားမောက်တို့၏ တိုက်ခိုက်သံကလည်း လေထဲတွင် ဆက်တိုက်ကြားနေရပြီး ဓားများ လှုပ်ရှားမှုကိုလည်း မြင်နေရသည်။

တိုက်ပွဲအလယ်တွင် ကျင်းကျင်းရှန်က ရုတ်တရက် ဒယိမ်းဒယိုင် ဖြစ်သွားခဲ့၏။ ထိုအချိန်တွင် အရှိန်ကို အမီမလိုက်နိုင်တော့သည့်အတွက် သူ၏ဓားရှည်က နှေးကွေးသွားခဲ့၏။ သူက ယခင်တုန်းကထက် အဆပေါင်းများစွာ သာလွန်နေသော အခြေအနေနှင့် တိုက်ခိုက်နေခဲ့ရသည်။ ရလဒ်အရ သူ၏ခွန်အားများက သူ့ကို ထောက်ပံ့မပေးနိုင်တော့ပေ။

တီးတိုးဓားက သူ့နားသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီ၏ဓားမောက်က သူ့ဓားကို တွန်းဖယ်လိုက်ပြီး သူ၏ရင်ဘတ်ဆီသို့ ဦးတည်လာနေကြောင်း တွေ့လိုက်ရသည်။ သူက အကာအကွယ် ချီစွမ်းအင်များကိုသုံးပြီး ထိုအရာကို ကာကွယ်နိုင်သော်လည်း အသက်ကို ဝဝရှုလိုက်ပြီးနောက် ဆက်၍ တိုက်ခိုက်လိုက်၏။

သူက စွမ်းအားအမြင့်ဆုံး အခြေအနေတွင် မရှိတော့ကြောင်း ကျင်းကျင်းရှန်က နားလည်နေသည်။ သူ၏ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကလည်း ထောက်ပံ့မပေးနိုင်တော့ပေ။ ထို့ကြောင့် သူက ဓားရှည်ကို ပြန်ဆွဲယူလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။

"ငါက ရှုံးနိမ့်မှုကိုလက်ခံပါတယ်... "

သူက ရှုံးနိမ့်သွားကြောင်း ပြောလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်နေသည်။ ထိုတိုက်ပွဲက သူတိုက်ခိုက်ခဲ့ဖူးသမျှ တိုက်ပွဲထဲတွင် သဘောအကျဆုံး လွတ်လပ်မှုအရှိဆုံး တိုက်ပွဲတစ်ပွဲ ဖြစ်၏။ သူက ပြိုင်ဘက်ကောင်း တစ်ယောက်ကို ရှာတွေ့ရန် အမှန်တကယ်ကို ရှားပါးခဲ့သည်။ ထို့ကြောင့် ရှုံးနိမ့်သွားသည်ကိုပင် နောင်တမရှိခဲ့ချေ။

မုန့်ချီ၏ဓားရှည်က ကျင်းကျင်းရှန်၏ရင်ဘတ်ကို မထိုးမိသေးခင် ချက်ချင်း ရပ်သွားခဲ့သည်။ သူက စလာကတည်းက ထိုနေရာတွင်ရပ်ရန် ကြိုတင် စဉ်းစားထားသလို ထင်မှတ်ရ၏။

ထို့ကြောင့် ဝမ်ကိုက်ကပင် ကျောရိုးထဲစိမ့်၍ အေးသွားသလို ခံစားလိုက်ရသည်။

"ဆရာကြီးရဲ့လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်... "

မုန့်ချီက သူ့ဓားကို ရုပ်သိမ်းလိုက်၏။ ထို့နောက် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ပြီး ဦးညွှတ်လိုက်သည်။ သူ့ပုံစံက မာနကြီးနေခြင်း မရှိသလို ရိုကျိုးနေခြင်း မရှိချေ။

ဝမ်ဆဲက ပြတင်းပေါက်တွင်ရပ်နေပြီး အသံတိုးတိုးနှင့် ရေရွတ်လိုက်၏။

"သူက အသက်ကြီးတဲ့ သင်တန်းဆရာကျင်းကို အနိုင်ကျင့်နေရုံသက်သက်ပဲ…"

ပြိုင်ပွဲကို သေချာကြည့်နေသည့်လူတိုင်း ကျင်းကျင်းရှန်က ခန္ဓာကိုယ် အားနည်းမှုကြောင့်သာ ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း ပြောပြနိုင်ကြသည်။ သိုင်းကွက် (၂၈)ကွက်တိတိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် သူက အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ တဖြည်းဖြည်းနှင့် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်၏။ ထိုအရာက မိုးကြိုးဓားဒေါသကိုယ်တော်၏ ဓားပညာနှင့် သက်ဆိုင်နေခြင်း မရှိချေ။

သိုင်းလောကသားများစွာကလည်း မကျေမနပ် ဖြစ်နေကြ၏။ မိုးကြိုးဓား ဒေါသကိုယ်တော်က အသက်ကြီးပြီး အားနည်းသော ယဲ့တူ ဒဏ္ဍာရီတစ်ယောက်ကို အနိုင်ကျင့်စော်ကားနေသည့်အတွက် သူတို့က အပြစ်တင်နေကြသည်။ အကယ်၍ သူသာ နောက်ပိုင်း၌ ထိုကဲ့သို့ အသက်အရွယ်မျိုး ရောက်လာလျှင် သူကိုယ်တိုင်လည်း စိန်ခေါ်သူများ၏ ခြေနင်းကျောက်တုံးတစ်တုံးအဖြစ် ဆက်ဆံခံရပါလိမ့်မည်။

သူ့အစေခံအိုကြီး ဝမ်ကိုက်နှင့် ရှန်ရှို့မေတို့ကတော့ အနည်းငယ်လေးပင် အထင်သေးနေသည့် အမူအရာမျိုး မရှိကြကြောင်း ဝမ်ဆဲက သတိမထားမိခဲ့ပေ။ အစေခံအိုကြီးကတော့ လေးလေးနက်နက် စဉ်းစားနေပုံရပြီး တခြား (၂) ယောက်၏ အမူအရာက တည်ငြိမ်နေကြသည်။

ဟွမ်မိသားစု၏ အထူးခန်းမထဲတွင် အဘိုးအိုတစ်ယောက်က မကျေမနပ်နှင့် ခေါင်းခါလိုက်မိ၏။

"သူက ကံကောင်းပြီး လူငယ်မှတ်တမ်းထဲကို ရောက်လာခဲ့တာ..။ ကျိရှီ .. ဒါက မင်းအတွက် အခွင့်အရေးပဲ …"

ဟွမ်ကျိရှီက ယပ်တောင်ကိုဖြန့်လိုက်ပြီး တောင်ကုန်းတုလေးပေါ်တွင် ရှိနေသော မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။ သူက သိမ်မွေ့စွာ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

"သူ့ရဲ့ဓားမောက်ပညာက တကယ့်ကို ထူးခြားပါတယ်... ။ ဒါပေမယ့် ကျွန်တော်ထင်ထားသလိုတော့ မကောင်းဘူး... "

"သူက ငါတို့ယဲ့တူက လူကို အနိုင်ကျင့်နေတာပဲ ။ တော်တော်ကောက်ကျစ်စဉ်းလဲတယ်.။ သူက ငါတို့ရဲ့ဆရာကြီးကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ... "

လူအုပ်ကြီးထဲတွင်ရှိနေသော သိုင်းလောကသားများက အော်ဟစ်ပြောဆိုနေကြသည်။ သူတို့၏ ပတ်ပတ်လည်တွင် လူပေါင်းများစွာ ရှိနေသည့်အတွက် အခြေအနေက အတော်လေးကို ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သူတို့၏ စွပ်စွဲချက်များကြောင့် တရားမျှတသော သိုင်းလောကသားများကပင် မကျေမနပ် ဖြစ်လာကြသည်။ ကျန်ရှိနေသော လူအုပ်ကြီးကလည်း မုန့်ချီကို အထင်သေးစွာ ပြောဆိုနေကြ၏။

လော်ယုဖန်းကတော့ နောက်တစ်ကြိမ် ကောက်ကျစ်စွာ ရယ်လိုက်သည်။ မိုးကြိုးဓား ဒေါသကိုယ်တော်က နာမည်နှင့်လိုက်ဖက်နေခြင်း မရှိချေ။ သူက တောင်ကုန်းတုလေးပေါ်တွင် ရပ်နေသေးသော မုန့်ချီကိုကြည့်ပြီး ခေါင်းထဲတွင် အကြံတစ်ခု ရသွား၏။

သူက ကျင်းကျင်းရှန်နှင့် တိုက်ခိုက်သည့်အချိန်တိုင်း တံခါး (၉) ပေါက်အဆင့် စွမ်းအားများကိုသုံးပြီး အနိုင်ရရုံသာ ရှိသည်။ ကျင်းကျင်းရှန်က အသက်ကြီးနေသည့်အတွက် မိုးကြိုးဓား ဒေါသကိုယ်တော်ကတော့ အနိုင်ကျင့်နိုင်ခြင်း ဖြစ်၏။ သူတို့ (၂) ယောက်တွင် တူညီသော တိုက်ပွဲရလဒ်မျိုး မရှိနိုင်ပေ။

ထို့ပြင် မိုးကြိုးဓားဒေါသကိုယ်တော်က ကျင်းကျင်းရှန်ကို တိုက်ခိုက်ခဲ့သည့်အတွက် စွမ်းအားအမြောက်အမြား ကုန်ဆုံးထားနိုင်သည်။ အကယ်၍ သူသာ ယခုအချိန် ထွက်သွားပြီး စိန်ခေါ်လိုက်မည်ဆိုလျှင် အနတ္တကျိန်စာဖျက် ဓားပညာကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် အနိုင်ရနိုင်ချေ ရှိသည်။

မည်သို့ဖြစ်စေကာမူ လူငယ်မှတ်တမ်းမှ ပညာရှင်တစ်ယောက်ကို အနိုင်ရခြင်းက သူ့အတွက်တော့ ဂုဏ်ယူစရာကောင်းသည်။ အကယ်၍ ရှုံးနိမ့်သွားမည်ဆိုလျှင်လည်း ရှက်စရာမရှိချေ။ သူက ချက်ချင်း နာမည်ကြီးသွားနိုင်ပြီး သိုင်းလောကသားများကပင် ကြောက်လန့်တကြား မော့ကြည့်ကြရပါလိမ့်မည်။

သူငယ်သူရဲကောင်းများစွာကလည်း သူ၏အံ့သြစရာ ဂုဏ်သတင်းများကြောင့် သိုင်းသင်တန်းကျောင်းသို့ ရောက်လာနိုင်ပြီး ယဲ့တူမှ ဟွမ်မိသားစုကလည်း သူတို့၏ထိပ်တန်းသိုင်းပညာများကို လက်ဆင့်ကမ်းပေးနိုင်သည်။ သူ၏စိတ်ဝင်စားမှုက တဖြည်းဖြည်း ပို၍ တိုးမြှင့်လာခဲ့၏။

လူအုပ်ကြီးဆီမှ ဒေါသတကြီး အော်သံများကို ကြားသည့်အချိန်တွင် မုန့်ချီနှင့် စကားပြောရန် စောင့်နေသော ကျင်းကျင်းရှန်က သူ့ကိုတောင်းပန်သလို ပြုံးပြလိုက်၏။ သူက လက်မြှောက်ပြီး ထိုလူများကို တားဆီးရန် ကြိုးစားလိုက်သည်။ မိုးကြိုးဓား ဒေါသကိုယ်တော်က သူ့ကိုအနိုင်ကျင့်ခြင်း မဟုတ်ကြောင်း ပြောပြချင်နေခဲ့သည်။

ထိုအချိန်တွင် ဒုတိယထပ်မှနေ၍ အရိပ်တစ်ခု ခုန်ဆင်းလာ၏။ သူ့ခန္ဓာကိုယ်က အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး အပေါ်မှ လေဟုန်စီးလာခြင်း ဖြစ်သည်။

သူ့ခြေထောက်က မြေပြင်နှင့် ထိလိုက်သည့်အချိန်တွင် အလွန်ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရ၏။

"မင်းက ငါတို့ယဲ့တူက လူကိုများ အနိုင်ကျင့်ရဲတယ်... ။ ငါက တပ်ဖွဲ့အောင်နိုင်ခြင်း သိုင်းသင်တန်းကျောင်းက လော်ယုဖန်းပဲ ။ ငါက မင်းနဲ့လက်ရည်စမ်းချင်တယ်... "

ထိုအချိန်တွင် လူအုပ်ကြီးထဲမှနေ၍ ကျယ်လောင်သော အော်ဟစ် အားပေးသံများ ထွက်ပေါ်လာပြီး တချို့ကတော့ လက်ခေါက်များ မှုတ်နေကြသည်။

"ကောင်းတယ်... ။ သင်တန်းဆရာလော်က တကယ်သတ္တိရှိတာပဲ..”

“ဒီလိုကောက်ကျစ်စဉ်းလဲတဲ့သူကို ယဲ့တူမှာရှိတဲ့ သိုင်းအဖွဲ့အစည်းရဲ့ ကိုယ်စား သင်ခန်းစာပေးလိုက်စမ်းပါ..။ သူက နာမည်နဲ့မထိုက်တန်ဘူး... ။ ဒါကြောင့် မကြောက်နဲ့ ။ သူ့ဆီက အနတ္တကျိန်စာဖျက်ဓားပညာကို ရင်ဆိုင်ရမယ်ဆိုရင်တောင် အနိုင်ရနိုင်တယ်... "

ထိုလူများက ရင်ဘတ်ကိုတီး၍ အော်ဟစ်နေကြပြီး တချို့ ကတော့ လက်ခုပ်လက်ဝါးတီး၍ အားပေးနေကြသည်။ ဘာကြောင့် သူတို့က မိုးကြိုးဓားဒေါသကိုယ်တော်ကို ကိုယ်တိုင် ရင်မဆိုင်ရသနည်း။ သူတို့က မည်သူမှ မဟုတ်ကြပေ။ အကယ်၍ သူတို့ကသာ အနိုင်ရမည်ဆိုလျှင် အောင်မြင်မှုနှင့် ကျော်ကြားမှုကို ရရှိမည်ဖြစ်၏။

ဝမ်ဆဲက လော်ယုဖန်းကို အထင်သေးစွာ စိုက်ကြည့်လိုက်သည်။ ထိုလူက အမှန်တကယ်ကို ကောက်ကျစ်စဉ်းလဲသော လူတစ်ယောက် ဖြစ်၏။ မိုးကြိုးဓား ဒေါသကိုယ်တော်က နာမည်ဂုဏ်သတင်းအရ အစွမ်းထက်ခြင်း မရှိလျှင်ပင် သူကိုယ်တိုင်က စိန်ခေါ်ရန် စောင့်နေသေးသည်။

တစ်ဖက်လူက စွမ်းအားများ ကုန်ဆုံးနေသည်ကို အခွင့်ကောင်းယူခြင်းက သူရဲကောင်းတစ်ယောက်၏ လုပ်ရပ်မဟုတ်ချေ။

"မိုးကြိုးဓား ဒေါသကိုယ်တော် ဟူး... အရူးဓားသမားက နောက်တစ်ကြိမ် ကံကောင်းသွားပြီ ။ သူက သာမန်တံခါး (၈) ပေါက်အဆင့် ပညာရှင် တစ်ယောက်ကိုတော့ အေးအေးဆေးဆေး အနိုင်ရနိုင်ပါသေးတယ်... "

ဝမ်ဆဲက သူ၏ထင်မြင်ချက်ကို ပြောလိုက်သည်။

သူက ရှန်ရှို့မေကိုလှည့်ကြည့်ပြီး မေးလိုက်၏။

"ရှို့မေ….နင်ရော ဘယ်လိုထင်လဲ... "

ရှန်ရှို့မေက အနည်းငယ် ထူးဆန်းသော အမူအရာနှင့် ပြောလိုက်သည်။

"ကျွန်မလည်း အစ်ကိုဝမ်ရဲ့စကားကိုထောက်ခံတယ်..."

"သိုင်းကွက် (၅) ကွက်ပဲ…"

ဝမ်ကိုက်က ရုတ်တရက် ဝင်ပြောလိုက်၏။

ဝမ်ဆဲက ထိတ်လန့်သွားသည်။

"ဘယ်လို...”

“တကယ်လို့ သူက အနတ္တကျိန်စာဖျက်ဓားပညာကို မသုံးခဲ့ဘူးဆိုရင်တောင် လော်ယုဖန်းကို သိုင်းကွက် (၅) ကွက်အတွင်း အနိုင်ရလိမ့်မယ်... "

ဝမ်ကိုက်က အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဲ အဲ အဲဒါက လုံးဝမဖြစ်နိုင်ဘူး မဟုတ်လား... "

ဝမ်ဆဲက အံ့သြသွားခဲ့၏။

လော်ယုဖန်း၏အစွမ်းက ကျင်းကျင်းရှန်နှင့် ယှဉ်နိုင်သည်။ အရူးဓားသမားစုမုန့်က ကျင်းကျင်းရှန်ကို တိုက်ခိုက်ရန် သိုင်းကွက် (၂၈) ကွက် အသုံးပြုခဲ့ရ၏။ သို့သော် သူက ဝေ့ကျင်းအဆင့် သိုင်းကွက်ကို မသုံးဘဲ လော်ယုဖန်းကို သိုင်းကွက် (၅) ကွက်အတွင်း အနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

"သိုင်းကွက် (၃) ပဲ …"

ဝမ်ဆဲ၏ အစေခံအိုကြီးက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ ဝမ်ဆဲက အလွန်အံ့သြသွားခဲ့၏။ သို့သော် သူကတော့ သိုင်းပညာနှင့် ပတ်သက်လျှင် အစေခံအိုကြီး၏စကားကို ယုံကြည်ချက် ရှိသည်။

သူက အံ့ဩမှင်တက်စွာ ပြောလိုက်၏။

"မဖြစ်နိုင်ဘူး... ။ တကယ်လို့ ကျွန်တော်ဆိုရင်တောင် သူ့ကို သိုင်းကွက် (၃)ကွက်အတွင်း တိုက်ခိုက်ဖို့မဖြစ်နိုင်ဘူး... "

သူကတော့ ရှို့မေ၏ရှေ့တွင် သူ၏နားမလည်မှုကို ပြသလိုခြင်း မရှိချေ။

ဟွမ်ကျိရှီက ယပ်တောင်ကို ခတ်လိုက်ပြီး အလွန်တည်ငြိမ်ခန့်ညားစွာ ရှိနေသည်။ လော်ယုဖန်းက အနိုင်ရလိမ့်မည်ဟု သူက မယုံခဲ့ပေ။ သို့သော် သူက မုန့်ချီကို ပြဿနာပေးနိုင်မည်ဟု တွေးထားခဲ့၏။

ဆူညံအော်ဟစ်အားပေးနေသော အသံများကြားတွင် ကျင်းကျင်းရှန်က လော်ယုဖန်းကို ရှင်းပြရန် ပြင်လိုက်၏။ သူက သူ၏ရှုံးနိမ့်မှုအတွက် ကျေနပ်နေပြီး ပင်ပန်းနေသော မုန့်ချီကို စိန်ခေါ်ခွင့်မပြုနိုင်ပေ။

သို့သော် မုန့်ချီက သူ၏တီးတိုးဓားကို ဆွဲထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရပါတယ်... ။ သင်တန်းဆရာလော်က အရင်ဆုံးတိုက်ခိုက်ပါ... "

"ဒါဆိုလည်းကောင်းပြီလေ... ။ သူကိုယ်တိုင်တောင် မငြင်းဆန်မှတော့ ဘယ်သူက ဘာပြောနိုင်ဦးမှာလဲ... "

ကျင်းကျင်းရှန်က နောက်သို့ပြန်ဆုတ်သွားခဲ့သည်။

လော်ယုဖန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး တရဆက် တိုက်ခိုက်လိုက်သည်။ သူ့ဓား၏အရှိန်အဝါက အလွန်ကြောက်စရာကောင်း၏။ ကြီးကျယ်ခမ်းနားပြီး ကောက်ကျစ်စဉ်းလဲသည်။ လျင်မြန်သော ပြောင်းလဲမှုများကို ဖုံးကွယ်ထားပြီး ရက်စက်ကြမ်းကြုတ်မှုများ ရှိနေ၏။ ထိုအရာက လော်ယုဖန်း အလွန်ယုံကြည်ရသော သိုင်းကွက်တစ်ခု ဖြစ်သည်။

ထို့ကြောင့် သူက စတင်တိုက်ခိုက်သည့် အချိန်ကတည်းကစပြီး မုန့်ချီကို အသာစီးယူထားခဲ့ပြီး အနတ္တကျိန်စာဖျက်ဓားပညာကို သုံးခွင့်မပေးခဲ့ပေ။

အလွန်အေးစက်သော လေလှိုင်းတစ်ခုက ခြံဝန်းထဲ၌ ပျံ့နှံ့လာသည့်အချိန်တွင် မုန့်ချီက သူ၏ဓားကို ဆွဲထုတ်လိုက်၏။ သူ၏ဓားချက်များက လေလှိုင်းနှင့်အတူ ပြောင်းလဲသွားခဲ့ပြီး လော်ယုဖန်း၏ ဓားချက်ပေါ်သို့ အေးစက်စွာ ကျရောက်သွားခဲ့သည်။

"ဒါက ငါလိုချင်တဲ့အရာပဲ …"

လော်ယုဖန်းက စိတ်ထဲတွင် ဝမ်းသာသွားခဲ့သည်။

အလွန်ကြောက်စရာကောင်းသော သူ့ဓားက မုန့်ချီ၏ တီးတိုးဓားကို မထင်မှတ်ထားစွာ ရှောင်တိမ်းလိုက်ပြီး သူ၏လည်ပင်းကို လှမ်းပိုင်းလိုက်သည်။

သို့သော် ထိုအချိန်တွင် မုန့်ချီ၏ဓားက ရုတ်တရက် အရှိန်မြန်လာသည်။ မြန်လာသည့်အရှိန်က လော်ယုဖန်း ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေပြီး ညအချိန် လရောင်အောက်တွင် ပေါ်လာသော အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူမြင်လိုက်ရသည့် အချိန်တွင်တော့ အလင်းတန်းက လွမ်းခြုံသွားခဲ့ပါပြီ။

တခဏအတွင်း လော်ယုဖန်း၏ ခေါင်းထဲတွင် အားနည်းချက်များ ပေါ်လာပြီး သူ၏ညာဘက်အခြမ်းက ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့၏။ အခြေအနေကို မြင်တွေ့ရသောသူများက ထိုအရာကို မြင်တွေ့နိုင်သလို ခံစားနိုင်ကြသည်။

"ချွင်.. "

တီးတိုးဓားက လော်ယုဖန်း၏ ညာလက်ခုံကို ရိုက်ချလိုက်ရာ သူ့ဓားက မြေပေါ်သို့ လွတ်ကျသွားခဲ့၏။

လော်ယုဖန်းက လွတ်ကျသွားသောဓားကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးသူပင် မယုံကြည်နိုင်ခဲ့ပေ။

"ဘာလို့ဓားက ပြုတ်ကျသွားခဲ့ရတာလဲ... "

ထိုအရာက သိုင်းလောကသား အများစုတွေးနေသော အရာတစ်ခု ဖြစ်သည်။ လော်ယုဖန်းက သိုင်းကွက်တစ်ကွက်တည်းနှင့် မည်သို့ ရှုံးနိမ့်သွားခဲ့ရသနည်း။

ဟွမ်ကျိရှီက ယပ်တောင်ကို ပိတ်လိုက်ပြီး လော်ယုဖန်း၏ လက်ခုံကို သေချာစိုက်ကြည့်နေခဲ့သည်။ သူလက်ခုံတွင် ဓားပြတ်ရာ မရှိသော်လည်း အနီရောင် အရာတစ်ခု ရှိသည့်အတွက် တိုက်ခိုက်ခံလိုက်ရကြောင်း သေချာသည်။ ပြောရမည်ဆိုလျှင် မုန့်ချီ၏ဓားရှည်က လက်ခုံပေါ်သို့ ကျရောက်လာသည့်အချိန်တွင် အသွားမပါသောဘက်နှင့် တိုက်ခိုက်လိုက်ကြောင်း သိသာနေ၏။

အရေးကြီးဆုံးအရာကတော့ သိုင်းသင်တန်းကျောင်းတစ်ယောက်၏ ခေါင်းဆောင်ဖြစ်ပြီး ယဲ့တူတွင် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် လော်ယုဖန်းက သိုင်းကွက်တစ်ကွက်တည်းနှင့် မည်သို့ ရှုံးနိမ့်သွားခဲ့ရသနည်း။

ထိုအရာက အစောပိုင်းလေးတွင် သင်တန်းဆရာကျင်းနှင့် ခက်ခက်ခဲခဲ တိုက်ခိုက်နေရသော မိုးကြိုးဓားဒေါသကိုယ်တော်နှင့် အတူတူပေလော။ ဘာကြောင့် သူက တခဏအတွင်း မတူညီသော လူ (၂) ယောက်အဖြစ် ပြောင်းလဲသွားခဲ့ရသနည်း။

"ဒါကမှ လူငယ်မှတ်တမ်းမှာ ရှိသင့်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားပဲ.”

လူအုပ်ကြီး၏စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထို့ပြင် မိုးကြိုးဓား ဒေါသကိုယ်တော်က ယခုချိန်ထိ အနတ္တကျိန်စာဖျက် ဓားပညာကို မသုံးရသေးပေ။

ဘေးမှ တစ်ချိန်လုံးကြည့်နေသော ကျင်းကျင်းရှန်ကလည်း အံ့ဩနေခဲ့၏။ ထိုအရာက သူနှင့် တိုက်ခိုက်ခဲ့သော လူငယ်ဟု ယုံကြည်ပေးရန် ခက်ခဲနေသည်။ သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သော မုန့်ချီကိုကြည့်ပြီး တောင်ကုန်းတုလေးပေါ်မှ ခုန်ဆင်းလာခဲ့သည်။

"သူက တကယ်ပဲ သိုင်းကွက်တစ်ကွက်တည်း သုံးခဲ့တယ်... "

ဝမ်မိသားစု အစေခံအိုကြီးက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

ဝမ်ကိုက်က မျက်မှောင်ကြုတ်နေပြီး ရှန်ရှို့မေကလည်း သေချာစဉ်းစားနေခဲ့သည်။ ဝမ်ဆဲက ခြောက်ကပ်စွာ ရယ်လိုက်၏။ သူက တီးတိုးရေရွှတ်လိုက်သည်။

"သူက အများဆုံးသိုင်းကွက် (၃) ကွက်ပဲလို့ပြောတာ မှန်နေတာပဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ... "

ထိုအချိန်တွင် ဝမ်ကိုက်က ပြတင်းပေါက်နားသို့ ကပ်လာပြီး ကျယ်လောင်စွာ ပြောလိုက်၏။

"အရူးဓား သခင်လေးစုရဲ့သိုင်းကွက်က တော်တော်လေးထူးခြားတယ်လို့ ဆိုနိုင်တယ်..။ အဲဒါက သင်တန်းဆရာကျင်းကို သူ့ရဲ့လှုပ်ရှားမှုတွေနဲ့အတူ ပြောင်းလဲပေးပြီး သူ့ရဲ့ထောင်ချောက်ထဲ ဆွဲခေါ်လာခဲ့တာ...။ အဲဒီအထဲမှာ ဓားမောက် တာအိုအနှစ်သာရတွေပါဝင်နေပြီး မိုးကြိုးတစ်ခုလို လျင်မြန်တယ်... "

"ဪ... အဲဒါကြောင့်ကိုး... "

ဝမ်ကိုက်၏ရှင်းပြမှုကို ကြားသည့်အခါ ပတ်ပတ်လည်တွင် ရှိနေသော သိုင်းလောကသားများနှင့် လော်ယုဖန်းက နားလည်သွားခဲ့သည်။ ထိုအရာက မိုးကြိုးဓားဒေါသကိုယ်တော်၏ အစစ်အမှန်စွမ်းအားကို ပြသနိုင်၏။

ဝမ်ကိုက်က ဆက်ပြောလိုက်၏။

"ပြီးတော့ သူက သင်တန်းဆရာကျင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ သူ့ကို ဓားတစ်ချက်မှ မထိခဲ့ဘူး... "

"ဟမ်... "

သိုင်းလောကသား အများစုအပါအဝင် ကျင်းကျင်းရှန် ကိုယ်တိုင်လည်း အံ့သြမှင်တက်သွားခဲ့သည်။

“သင်တန်းဆရာကျင်းရဲ့ လောင်ကျွမ်းခြင်းနေမင်း ဓားသိုင်းပညာ (၂၈) ကွက်က အထွဋ်အထိပ်ထိ တိုက်ခိုက်လိုက်နိုင်ခဲ့တယ်..။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့စွမ်းအားတွေက နည်းနည်းချင်းဆီ ကုန်ဆုံးသွားတဲ့အတွက် သင်တန်းဆရာကျင်းက ရှုံးနိမ့်သွားခဲ့ရတာ... ။ အဲဒါက သူ့ရဲ့သိုင်းကွက်ကြောင့် မဟုတ်ဘူး..။ သူ့ရဲ့ခွန်အားကြောင့်ပဲ ။ ဒါပေမယ့် သူကတော့ လုံးဝကို မကြုံခဲ့ဖူးတဲ့ စိတ်ကျေနပ်မှုမျိုးကို ကြုံတွေ့ခဲ့ရတယ်..။ သိုင်းကွက် (၂၈) ကွက်အတွင်း သူ့ကို ဓားချက်တစ်ချက်လေးမှ မထိအောင် ခုခံနိုင်တဲ့ ပညာရှင်တစ်ယောက်ရဲ့ ဓားမောက်သိုင်းပညာက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်... "

"ပြောရမယ်ဆိုရင်တော့ သခင်လေးစုက ငါတို့ရဲ့ဆရာကြီးအပေါ် လေးစားမှု ပြသလိုက်တာပဲ…"

အကယ်၍ သူကသာ ကျင်းကျင်းရှန်ကို သိုင်းကွက် (၂) ကွက် (၃) ကွက်အတွင်း အနိုင်ရခဲ့မည်ဆိုလျှင် သူတို့အားလုံးက မျက်နှာကောင်းကြဦးမည်လော။ သူကိုယ်တိုင် တည်ဆောက်ထားခဲ့ရသော ဒဏ္ဍာရီဆန်ဆန် ဂုဏ်သတင်းများက တခဏအတွင်း ပျောက်ကွယ်သွားရပါလိမ့်မည်။

ထို့ကြောင့် မုန့်ချီက တိုက်ခိုက်ရမည့်အစား ခုခံပြီး သူ၏ဂုဏ်သတင်း ပျက်စီးမှုကို ရှောင်တိမ်းနိုင်သည့် တိုက်ပွဲမျိုး ဖန်တီးပေးခဲ့ခြင်း ဖြစ်၏။

"သူက တကယ် အဲဒီလိုလုပ်ပေးခဲ့တာပဲ ။ တကယ် အံ့သြဖို့ကောင်းလိုက်တာ... "

ထိုလူများအားလုံးက နားလည်သွားပြီးနောက် အံ့ဩပြီး လေးစားနေကြသည်။ ယခုသူတို့က မုန့်ချီကို အမြင်တစ်မျိုးနှင့် ပြောင်းလဲ၍ ကြည့်လာကြ၏။

သူတို့၏ မျက်လုံးထဲတွင်တော့ လူငယ်မှတ်တမ်းမှ အစစ်အမှန် ပညာရှင်တစ်ယောက်၏ ဓားသိုင်းပညာအပေါ် ကြောက်လန့်မှုများ ၊ လေးစားမှုများ ရှိလာသည်။ ယနေ့သူတို့က အမြင်ကျယ်သွားရပြီ ဖြစ်၏။

မုန့်ချီကတော့ လက်နောက်ပစ်၍ရပ်နေပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့သည်။ သူက တစ်ယောက်တည်း တွေးနေမိ၏။

"ငါတို့ပထမဆုံးတွေ့တဲ့အချိန်မှာ ဝမ်ကိုက်ကသာ မာနကြီးနေမယ်ဆိုရင် ငါက တော်တော်လေး ဖြေရှင်းရမှာ... ။ အခုတော့ သူက တော်တော်လေး လေးစားစရာ ကောင်းသွားပြီ ။ မဟုတ်လို့ ငါ့လုပ်ရပ်ကို ဘယ်သူမှ အသိအမှတ်မပြုဘူးဆိုရင် အချည်းနှီးဖြစ်သွားရမှာ... "

Translated by Hein Htet.

All Chapters