အခန်း (၂၂၉)
Vol. 16 Ch. 229
အစွမ်းထက်သော လူတစ်ယောက်က အားနည်းသောလူတစ်ယောက်ကို အနိုင်ရရန် လွယ်ကူလွန်းလှသည်။ သို့သော် သူ၏ဂုဏ်သတင်းကို ကာကွယ်ရန် ခက်ခဲ၏။ သူကတော့ သူ၏ သိုင်းပညာအဆင့်အတန်းကို ပြည့်ပြည့်ဝဝ ပြသရန်ပင် ခက်ခဲနိုင်သည်။ ရလဒ်အနေဖြင့် ခွန်အားများ နည်းပါးသွားမှုကြောင့် အရှုံးနှင့် တွေ့သွားခဲ့ရ၏။
ယခင်သိုင်းကွက် (၂၇)ကွက်က လော်ယုဖန်း ရှုံးနိမ့်ခဲ့သော သိုင်းကွက်တစ်ကွက်ထက် ပို၍လေးစားစရာကောင်းသည်။ ထိုသိုင်းကွက်များက အလွန်အမင်းကို တိကျပြီး ပြောင်းလဲနိုင်သော ပညာရှင်တစ်ယောက်၏ သိုင်းကွက်မျိုးဖြစ်၏။ ထိုအရာများက သိုင်းပညာနှင့် စိတ်ဝိညာဉ်ကို ပူးပေါင်းတိုက်ခိုက်လိုက်ရခြင်းဖြစ်သည်။
ယခင်ဓားကွက်(၂၇)ကွက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် တစ်ကွက်တည်း တိုက်ခိုက်ပြီး အနိုင်ရခဲ့သော အရာက အံ့ဩစရာ မကောင်းလှပေ။ ထိုဓားကွက်တွင် ဓားပညာအနှစ်သာရများ ရှိနေပြီး ရန်သူကို ထောင်ချောက်ထဲသို့ ဆင့်ခေါ်နိုင်သည်။
သိုင်းလောကသားများကတော့ မုန့်ချီနှင့် ကျင်းကျင်းရှန်တို့၏ တိုက်ပွဲကို ပြန်၍ ကြည့်နေကြသည်။ သူတို့က စဉ်းစားကြည့်လေလေ ဓားသိုင်းပညာနှင့် ဓားမောက်သိုင်းပညာတို့၏ စွမ်းဆောင်ရည်တို့ကို ပို၍ အံ့ဩလာလေလေ ဖြစ်၏။
ထို့ပြင် သူတို့က ကျင်းကျင်းရှန်ကိုလည်း အထင်မသေးရဲကြပေ။ ကျင်းကျင်းရှန်က မုန့်ချီထက် ပို၍အားနည်းသော်လည်း အလွန်ကောင်းမွန်သော အတွင်းအားနှင့် ချီစွမ်းအင်ကို ပြသနိုင်ခဲ့သည်။ သူက အသက်ကြီးနေသော်လည်း မုန့်ချီကို ရင်ဆိုင်ရန် ဓားကွက် (၂၈)ကွက် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် သူက တရားမျှတစွာ ရှုံးနိမ့်သွားခဲ့၏။
အကယ်၍ မုန့်ချီကသာ သူ့အပေါ် ညှာတာခဲ့ခြင်းမရှိလျှင် ကျင်းကျင်းရှန်က သိုင်းကွက်မည်မျှ ခုခံနိုင်မည်ဖြစ်ကြောင်း မည်သူမျှမပြောနိုင်ကြပေ။ ရလဒ်ကို မသိနိုင်မှတော့ သူတို့ကလည်း သင်တန်းဆရာကျင်းအပေါ် ယခင်တုန်းကကဲ့သို့ လေးစားမှုများ ရှိနေကြသေးသည်။
မည်သို့ဖြစ်စေကာမူ သူက ယဲ့တူတွင် ဒဏ္ဍာရီတစ်ပါးဖြစ်၏။ သို့သော် သူတို့၏ မျက်လုံးထဲတွင်တော့ မိုးကြိုးဓား ဒေါသကိုယ်တော်ဟု နာမည်ကျော်ကြားခဲ့သော စုမုန့်က သူတို့ထင်ထားသည်ထက်ပို၍ အဆပေါင်းများစွာ သာလွန်နေခဲ့သည်။ သူကတော့ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာကိုပင် မသုံးခဲ့ချေ။ သူက လူငယ် မှတ်တမ်းရှိ သူ၏ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ခဲ့၏။
မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ဝမ်ကိုက်ကို ဦးညွတ်လိုက်သည်။ သူ၏ တိုက်ပွဲအကြောင်း ရှင်းပြခဲ့သည့်အတွက် သူက ကျေးဇူးတင်နေခဲ့၏။ ထို့နောက် သူက ဟွမ်မိသားစုက အထူးခန်းမဆီသို့ လှမ်းကြည့်ပြီး သူက အော်လိုက်သည်။
“ပန်းပွင့်ကျဆင်း သခင်လေးကို ကျွန်တော်က တကယ်ပဲ လေးစားပါတယ်။ မနက်ဖြန် ဒီလိုအချိန်မျိုးမှာ သခင်လေးက ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်…”
ပန်းပွင့်ကျဆင်း သခင်လေး ဟွမ်ကျိရှီက လူငယ်မှတ်တမ်းတွင် စာရင်းဝင်နိုင်သော ထိပ်တန်းလူငယ်(၃)ယောက်ထဲမှ ဖြစ်သည်။ သူက တိမ်တိုက်ပျံသန်း ပန်းပွင့်ကျဆင်း သိုင်းပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိထားပြီး အခြေခံအဆင့်ကို နားလည်ထားသည်။ သူက ဝေ့ကျင်းအဆင့် လက်ဝါးသိုင်းပညာ တစ်ခုကိုလည်း တတ်မြောက်ထား၏။
သူတို့၏ တိုက်ပွဲက မျှတသည်ဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် စာရင်းတွင် ရှိနေသော လူတစ်ယောက်နှင့် စာရင်းတွင် ရောက်ခါနီးနေသော လူတစ်ယောက်၏ အစွမ်းကွာဟမှုက မည်မျှရှိနေကြောင်း သူတို့က သိချင်ကြ၏။ သူ့ဆီတွင်တော့ စာရင်းထဲသို့ ဝင်နိုင်သော အရည်အချင်းရှိသော်လည်း အခွင့်အရေး လိုအပ်နေခြင်းသာ ဖြစ်သည်။
ဝမ်ကိုက်၏ ရှင်းပြမှုကို ကြားသည့်အခါ အထူးခန်းမထဲတွင် ရှိနေသော ဟွမ်မျိုးနွယ်အဘိုးအိုကတော့ မျက်နှာပျက်နေခဲ့သည်။ ပြင်ပရေးရာ ဂိုဏ်းထောက် တစ်ယောက်ဖြစ်သည့်အတွက် သူက ဘဝတစ်လျှောက်လုံး တံခါး(၉)ပေါက် ဖွင့်ရန် အတွက်သာ အချိန်ကုန်နေရသည်။
သူက အလွန်ထက်မြက်သော ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာများကို နားမလည်သည်မှာ သာမန်သာဖြစ်သည်။ သို့သော် ဝမ်ကိုက်က လူအများကြား၌ ရှင်းပြခဲ့သည့်အချိန်တွင် မိသားစုထဲရှိ အငယ်များရှေ့တွင် အရှက်ခွဲသလို ခံစားလိုက်ရသည်။
မုန့်ချီက ဟွမ်ကျိရှီကို စိန်ခေါ်ချင်သည့်အချိန်တွင် သူ၏မျက်နှာအမူအရာက ပို၍ထင်ရှားလာခဲ့၏။ ဝမ်ကိုက်၏စကားအရ မုန့်ချီက သူ့တူလေးထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။ ထိုအရာက သူ့ကို စာရင်းထဲ ဝင်ခွင့်ရရန် လုပ်ဆောင်ပေးနိုင်သော အခွင့်အရေးတစ်ခု မဟုတ်ချေ။
ဟွမ်ကျိရှီ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူက ယပ်တောင်ကို ခတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“မင်းနဲ့ ရင်ဆိုင်ခွင့်ရမယ်ဆိုရင် တကယ်ပဲ ကျေနပ်မိမှာပါ။ မနက်ဖြန် ငါ မင်းကို စောင့်နေမယ်…”
ဟွမ်ကျိရှီက မုန့်ချီ၏အစွမ်းကြောင့် ထိတ်လန့်သွားခဲ့သော်လည်း သူ့ကိုယ်သူ အလွန်ယုံကြည်ချက်ရှိသည်။ မုန့်ချီဆီတွင် အနတ္တကျိန်စာဖျက် ဓားပညာရှိနေပြီး သူ့ဆီတွင် ပန်းပွင့်ကျဆင်းခြင်းနှင့် ရေလှိုင်းကျဆင်းခြင်း ဓားသိုင်းပညာ ရှိသည်။ မုန့်ချီက ဓားမောက်သိုင်းပညာကို ကျွမ်းကျင်ပြီး ဟွမ်ကျိရှီက တိမ်တိုက်ပျံသန်း ပန်းပွင့်ကျဆင်း နည်းစနစ်ရှိသည်။ မုန့်ချီကသာ ကောင်းကင်မိုးကြိုးကို မသုံးသရွေ့ သူက အနိုင်ရရန် အခွင့်အရေး အနည်းငယ်ရှိနေခဲ့သည်။
စွမ်းအားတူ ပြိုင်ဖက်ကို ရင်ဆိုင်ရသည့်အချိန်တွင် ပညာရှင်တစ်ယောက်က ယုံကြည်ချက်ကို ပျောက်ကွယ်နိုင်ခြင်း မရှိချေ။
“ဟား.. ဟား..ဟားဟား…
နှစ်ပွဲတိတိ တိုက်ခိုက်ပြီးသွားတော့ နောက်ဆုံးမှာ တစ်ယောက်ယောက်က ငါ့ရဲ့ နာမည်အသစ်ကို ခေါ်လိုက်ပြီပဲ…”
သာမန်လူများကတော့ မုန့်ချီ၏အတွေးကို နားမလည်နိုင်ကြပေ။ အကယ်၍ ဟွမ်ကျိရှီကသာ သူတွေးနေသည့်အရာကို သိသွားမည်ဆိုလျှင် သွေးအန်သွားရနိုင်၏။ ဟွမ်ကျိရှီက အလွန်တက်ကြွနေပြီး သူ၏စိန်ခေါ်မှုကို လက်ခံလိုက်သည်။ သို့သော် သူက အရူးဓားသမားဟူသော နာမည်ကို ဝမ်းသာအားရ ခေါ်ခဲ့၏။
မုန့်ချီက ရင်ထဲတွင် ပြုံးလိုက်မိသည်။ ထို့နောက် သူ့အခန်းရှိရာကို ပျံသန်းသွားခဲ့၏။ သူက အခန်းထဲသို့ ပြန်ဝင်သွားသည့်အချိန်တွင် ထွက်လာသည့်အချိန်နှင့် ပုံစံတူညီနေသော်လည်း သိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် လုံးဝကို ကွဲပြားခဲ့၏။
သူထွက်လာခဲ့သည့်အချိန်တွင် ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရပြီး ပြန်ဝင်သွားသည့်အချိန်တွင်တော့ ဝှက်ဖဲတစ်ခု ရှိနေသလို ခံစားကြရသည်။
ပြတင်းပေါက်နားတွင် ရပ်နေသော ကူရှောင်စန်းကတော့ ပြတင်းပေါက်ဘောင်တွင် လက်ထောက်၍ ကြည့်နေခဲ့သည်။ မုန့်ချီပြန်ဝင်လာသည်ကို မြင်သည့်အခါ သူမက တီးတိုးပြောလိုက်၏။
“သခင်လေး…
ရှင့်ပုံစံက တကယ့်ကို ထိပ်တန်းပညာရှင်တစ်ယောက်နဲ့ တူနေပြီ…”
“ဒေါက်.. ဒေါက်.. ဒေါက်…”
တစ်စုံတစ်ယောက်က အခန်းတံခါးကို လာခေါက်လိုက်သည်။
“ဘယ်သူလဲ…”
မုန့်ချီက ပြန်မေးလိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ တံခါးအပြင်ဘက်တွင် မည်သူရှိနေကြောင်း သူ၏အာရုံနှင့် စစ်ဆေးကြည့်၍ မရနိုင်ချေ။
“ယဲ့တူက အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း ကုံယု၊ ကျိုးနိုင်ငံ ဝမ်မိသားစုက ဝမ်ဆဲ၊ ဝမ်ကိုက်၊ ဟွမ်ဟွာဓားဂိုဏ်းက တုရှောင်ပိုင်နဲ့ ချီကျန်းရန်တို့က သခင်လေးစုဆီကို အလည်လာတာပါ…”
အပြင်ဘက်မှနေ၍ အသံတစ်သံကို ကြားလိုက်ရသည်။
“အသံက ပုံမှန်ပါပဲ…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ကူရှောင်စန်းကို တံခါးဖွင့်ရန် အချက်ပြလိုက်သည်။
မူလတုန်းကတော့ ပြိုင်ပွဲရှိနေသည့်အတွက် သူတို့က မုန့်ချီကို မနှောင့်ယှက်ချင်ကြပေ။ ယခုတော့ ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်သည့်အတွက် သူတို့က သူ့ဆီကို လာလည်ကြ၏။
ကူရှောင်စန်းကတော့ အလွန်လှပသောအပြုံးလေးနှင့် တံခါးဆီကို လျှောက်သွားခဲ့သည်။ သူမ၏ပုံစံကို ကြည့်ရသည်မှာ အရည်အချင်းပြည့်မီသော အစေခံတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူမက တံခါးဖွင့်လိုက်ပြီး သူတို့ကို ခရီးဦးကြို ပြုလိုက်၏။
ကုံယုက သက်လတ်ပိုင်း စာသင်သားတစ်ယောက်နှင့် တူညီ၏။ သူက အနီရင့်ရောင် ယပ်တောင်(၆)လက် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် အပြာနုရောင်ဖဲပြားတစ်ခုကို စည်းထားသည်။ သူ့ပုံစံက အလွန်တည်ငြိမ် အေးချမ်းနေ၏။
သူ့အနားတွင်တော့ မုန့်ချီတွေ့ခဲ့ဖူးသော ဝမ်ဆဲ၊ ဝမ်ကိုက်၊ ချီကျန်းရန်၊ ရှန်ရှို့မင်နှင့် ဝမ်မိသားစုမှ အစေခံအိုကြီး ရှိသည်။ မုန့်ချီကတော့ ဟွမ်ဟွာဓားဂိုဏ်းမှ ပြင်ပရေးရာ ဂိုဏ်းထောက် တုရှောင်ပိုင်ကို လုံးဝမမြင်ဖူးချေ။
သူက အသက်(၃၀)ခန့်ရှိပြီး လျော့တိလျော့ရဲ အဝတ်အစားကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ့ဆီတွင် မုတ်ဆိတ်ရှည်ကြီးများ ရှိနေပြီး ခေါင်းတွင် ဆံထိုး ထိုး၍ ဆံပင်ကို ပတ်ထားခဲ့၏။ သူက အလွန်ချောမောခန့်ငြားသည်။
ကုံယုက ကူရှောင်စန်းကို တလေးတစားခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို ကြည့်၍ ပြောလိုက်၏။
“သခင်လေးစုကို ကြိုဆိုရတာ ယဲ့တူအတွက်တော့ ဂုဏ်ယူစရာပါပဲ…”
ဧည့်သည်များထဲတွင် ယပ်တောင်(၆)လက်ကျောင်းကလွဲလျှင် ကျိုးနိုင်ငံ ဝမ်မိသားစုမှ လူများနှင့် ဟွမ်ဟွာဓားဂိုဏ်းမှာ လူများသာ ဖြစ်သည့်အတွက် အင်အားစုကြီး(၂)ခု ဖြစ်နေသည်။ သူတို့တစ်ခုချင်းဆီက ဟွမ်စီရင်စုထဲတွင် ယပ်တောင်(၆)လက်ကျောင်းထက် ပို၍လွှမ်းမိုးနိုင်စွမ်းရှိကြ၏။
သို့သော် ယပ်တောင်(၆)လက်ကျောင်းကတော့ အလွန်အစွမ်းထက်သော အခွင့်အာဏာတစ်ခုရှိသည်။ သူတို့က နန်းတွင်းအတွက် ရပ်တည်နေပြီး အထက်တန်းလွှာ မိသားစုများအတွက်တော့ ရွှေရောင်စကားလုံးနှင့် ဆိုင်းဘုတ်တစ်ခုကဲ့သို့ ဖြစ်သည်။
အထက်တန်းလွှာမိသားစုများက ဂိုဏ်းကြီးများနှင့် မကြာခဏ ပြဿနာတက်ကြသော်လည်း နန်းတွင်းကိုတော့ ပြဿနာရှာလိုခြင်း မရှိကြချေ။
မုန့်ချီက တစ်ယောက်ချင်းဆီကို နှုတ်ဆက်လိုက်ပြီး သူတို့ကို ထိုင်ရန် ပြောလိုက်သည်။ ကူရှောင်စန်းကလည်း စားပွဲထိုးကောင်လေးများနှင့် အစေခံမိန်းကလေးများကိုခေါ်ပြီး သူတို့အတွက် ရေနွေးကြမ်းများ ဧည့်ခံခိုင်းလိုက်၏။
ရှန်ရှို့မင်က သူမ၏နောက်သို့ တစ်ချိန်လုံး လိုက်သတ်နေသော ကူရှောင်စန်းကို မမှတ်မိသည့်အတွက် မုန့်ချီက အတော်လေး အံ့ဩနေခဲ့သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင်တော့ သူကိုယ်တိုင်ပင် သူမ၏ပြောင်းလဲမှုများကို မသိလျှင် သူမကို ခွဲခြားနိုင်မည် မဟုတ်ချေ။ သူမကတော့ မိတ်ကပ်အပြင်အဆင် ပြောင်းလဲထားရုံသာ ဖြစ်သည်။
ဝမ်မိသားစုမှ တရားဝင်သားတစ်ယောက်ဖြစ်သော ဝမ်ဆဲက ယခုလိုအခြေအနေမျိုးတွင် ဝမ်မိသားစုကို ကိုယ်စားပြုနိုင်သည်။ သူက ရေနွေးခွက်ကို ကိုင်သောက်ရင်း ပြောလိုက်၏။
“သခင်လေးစု …
သခင်လေးစုက ဒီနေရာမှာ သူရဲကောင်းတွေ၊ ဒဏ္ဍာရီပညာရှင်တွေကို စိန်ခေါ်ပြီး ဓားပညာ အဆင့်မြှင့်တင်ရုံ သက်သက်ပဲလား…”
သူကတော့ သခင်လေးစုဟုသာ တလေးတစား ခေါ်လိုက်သည်။
သူမ၏အလုပ်များ ပြီးဆုံးသွားပြီးနောက် ကူရှောင်စန်းက မုန့်ချီ၏နောက်တွင် တိတ်တဆိတ် ရပ်နေခဲ့၏။ သူမက မလှုပ်မယှက် ရပ်နေသည့်အတွက် ဝမ်ကိုက်နှင့် တခြားသူများက သူမကို လျစ်လျှူရှုထားခဲ့ကြသည်။
မုန့်ချီကတော့ အေးစက်သော အမူအရာအစား သူတို့ကို နွေးနွေးထွေးထွေး တုန့်ပြန်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ရှောင်လင်ကျောင်းတော်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်က လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်သွားပြီလေ။ ဒီတော့ ကျွန်တော်က လမ်းညွှန်မှုတွေ၊ သိုင်းကျမ်းတွေ၊ အရင်းအမြစ်တွေရဖို့ မဖြစ်နိုင်တော့ဘူး။ နွေဦးရာသီ နှောင်းပိုင်းနဲ့ နွေရာသီ အစောပိုင်းကျ စီရင်စုတစ်ခုချင်းဆီတိုင်းမှာ နန်းတွင်းပညာရှင်ရွေးချယ်ပွဲ ကျင်းပတယ်လေ…”
“ကျွန်တော်က အောင်မြင်ကျော်ကြားမှုကို ရှာဖွေပြီး ကမ္ဘာသစ်တစ်ခုကို စတင်ချင်တာပါ။ ဟွမ်စီရင်စုထဲမှာ သိုင်းလောက သူရဲကောင်းတွေ အများကြီးရှိတယ်။ အထူးသဖြင့် ယဲ့တူမှာပဲ။ ဒါကြောင့် ကျွန်တော်က နန်းတွင်းပညာရှင်ရွေးချယ်ပွဲကို စောင့်နေရင်း ပညာရှင်အားလုံးနဲ့ စိန်ခေါ်ပြီး လေ့ကျင့်ချင်တာပါ…”
“အော်.. အဲဒီလိုလား”
ကုံယု၏ မျက်နှာပေါ်တွင် သိမ်မွေ့ညင်သာသော အပြုံးတစ်ခုပေါ်လာသည်။ လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်တစ်ယောက်က နန်းတွင်းထဲသို့ ဝင်လာမည်ကို သူကတော့ နွေးထွေးစွာကြိုဆိုနိုင်သည်။ ထိုအရာက သူတို့ဆီတွင် အနာဂတ်တောက်ပမှုများ ရှိလာနိုင်၏။
တခြားသော အထက်တန်းလွှာမိသားစုများဆီတွင် ပဋိပက္ခများရှိပြီး တခါတရံ မြို့တော်တွင် ရှိနေသော ကျိုးကလန်နှင့် တိုက်ခိုက်တတ်ကြသည်။ သို့သော် သူတို့က နန်းတွင်းကို ကာကွယ်ရမည်သာ ဖြစ်သည်။ တော်ဝင်မိသားစုက အကျွင်းမဲ့ အာဏာရှိနေ၏။
မည်သို့ဖြစ်စေကာမူ အထက်တန်းလွှာမိသားစုများအားလုံးက ဂိုဏ်းများကိုရင်ဆိုင်ရန် ပူးပေါင်းတိုက်ခိုက်ရမည်ဖြစ်သည်။ နန်းတွင်းထဲတွင်တော့ အရင်းအမြစ်များ၊ သိုင်းကျမ်းများ များပြားလွန်းလှသည်။ ထိုအရာက လေလွင့်ပညာရှင်များနှင့် ဂိုဏ်းမှ ထုတ်ပယ်ခံထားရသော တပည့်များကို သံလိုက်တစ်ခုကဲ့သို့ ဆွဲဆောင်နိုင်သည်။
ထို့ပြင် နန်းတွင်းက သူတို့ကို လယ်ယာမြေများ၊ ကျောက်မျက်ရတနာ မိုင်းတွင်းများအပြင် ဝေ့ကျင်းအဆင့် ပညာရှင်များ၏ မိသားစုကိုလည်း တရားဝင်ရာထူးများ ပေးကြသည်။
ယပ်တောင်(၆)လက်ကျောင်းက စီရင်စုထဲတွင် အလွန်အင်အားကြီးသည်။ သူတို့က မိသားစုငယ်လေးများ၏ သေရေးရှင်ရေးကိုပင် ထိန်းချုပ်နိုင်ကြ၏။ ပြောရမည်ဆိုလျှင် ယပ်တောင်(၆)လက်ကျောင်းအတွက် အလုပ် လုပ်မပေးချင်သောသူ မည်သူမျှမရှိချေ။
အထက်တန်းလွှာမိသားစုများနှင့် ဂိုဏ်းများကပင် ယပ်တောင်(၆)လက်ကျောင်းကို မဆန့်ကျင်ရဲကြပေ။ သူတို့က ယပ်တောင်(၆)လက်ကျောင်းနှင့် ပူးပေါင်းချင်ကြ၏။ ထိုအရာက သူတို့၏ လွှမ်းမိုးမှုကို မြှင့်တင်ပေးနိုင်သည်။
မုန့်ချီ ပြောသည့်စကားကို ကြားသည့်အခါ ဝမ်ဆဲက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်းက တကယ့်ကို ထူးချွန်ထက်မြက်ပါတယ်။ မင်းက ထိပ်တန်းဓားပညာရှင် တစ်ယောက်ပဲ။ အနှေးနဲ့အမြန် ဝေ့ကျင်းအဆင့်ကိုလည်း ရောက်နိုင်တယ်။ ဘာလို့ နန်းတွင်းပညာရှင်ရွေးချယ်ပွဲကို ဝင်ပြိုင်မှာလဲ။ ငါတို့မိသားစုက အဲဒီလောက် အစွမ်းမထက်ပေမယ့် မင်းအတွက် သိုင်းကျမ်းတွေ၊ အရင်းအမြစ်တွေကို ရက်ရက်ရောရော ပေးနိုင်ပါတယ်…”
သူက ကုံယု၏ရှေ့တွင် မုန့်ချီကို ဖိတ်ခေါ်ရန် ပြောင်ပြောင်တင်းတင်း တောင်းဆိုနေသည်။ ထိုအရာက အထက်တန်းလွှာမိသားစုနှင့် ဂိုဏ်းများ၏ အရှိန်အဝါလည်း ဖြစ်၏။
တုရှောင်ပိုင်ကတော့ စကားဝင်မပြောခဲ့ပေ။ သူကလည်း လူငယ်မှတ်တမ်းထဲရှိ ပညာရှင်တစ်ယောက်ကို ခေါ်ချင်သည်။ သို့သော် မိုးကြိုးဓား ဒေါသကိုယ်တော်က ရှောင်လင်ကျောင်းတော်မှ ထုတ်ပယ်ခံထားရခြင်းဖြစ်၏။ သူတို့ဂိုဏ်းမှ ထုတ်ပယ်ထားသော ပညာရှင်တစ်ယောက်ကို တခြားဂိုဏ်းမှ ပြင်ပပညာရှင်အဖြစ် ခေါ်ပြီး သိုင်းပညာများ ဆက်လက်သင်ကြားပေးမည်ဆိုလျှင် သူတို့က သေချာပေါက် စိတ်ပျက်သွားပါလိမ့်မည်။ သူတို့က ရှောင်လင်နှင့် ဆက်ဆံရေး ကောင်းနေသည့်အတွက် ထိုကဲ့သို့အရာမျိုးကို မလုပ်နိုင်ပေ။
ချီကျန်းရန်ကတော့ ရေနွေးသောက်ရန်သာ အာရုံစိုက်နေခဲ့၏။ သူက မိန်းကလေးကျိနှင့်အတူ သွားလာခဲ့ဖူးသည့်အတွက် ကူရှောင်စန်းကို တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် မုန့်ချီ၏ နောက်တွင်ရပ်နေသော အစေခံမိန်းကလေးက နာမည်ကျော် လော်နတ်ဘုရားမဖြစ်ကြောင်း ခန့်မှန်းမိ၏။ ထို့ပြင် မုန့်ချီက ဆန်းကြယ်နတ်သမီး၏ ဆက်ခံသူအကြောင်းကိုလဲ ပြောခဲ့ဖူးသည်။
မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်၏။
“ဒီက သခင်လေးရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆုံးဖြတ်ချက်ချပြီးပြီ…”
ဤကိစ္စက ရှင်းပြရန်ခက်ခဲ၏။ ထို့ကြောင့် သူက စကားကို ထိန်းထားခဲ့သည်။ ဝမ်ဆဲက ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်စကားမပြောတော့ပေ။ စကားအနည်းငယ် ပြောကြပြီးနောက် သူတို့က ထွက်သွားရန် ရွေးချယ်ခဲ့၏။
အခန်းအပြင်ဘက်တွင် သူက ဝမ်ကိုက်ကို ပြောလိုက်သည်။
“အစ်ကို …
အစ်ကိုလည်း နန်းတွင်းပညာရှင်ရွေးချယ်ပွဲကို ဝင်ပြိုင်မှာ မဟုတ်လား…”
“ဟုတ်တယ်…”
ဝမ်ကိုက်က သေချာစွာ ပြန်ဖြေလိုက်သည်။ အကယ်၍ အထက်တန်းလွှာမိသားစုများမှ တပည့်များကသာ နန်းတွင်းထဲတွင် သူတို့မိသားစု၏ လွှမ်းမိုးမှုကို မြှင့်တင်ချင်သည်ဆိုလျှင် နန်းတွင်းပညာရှင်ရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
“အစ်ကိုက စုမုန့်ကို အနိုင်ရဖို့ ယုံကြည်ချက်ရှိလား…”
ဝမ်ဆဲက လေးလေးနက်နက် မေးလိုက်၏.။
သူက ဝမ်မိသားစုမှ ပညာရှင်တိုင်းကို သိနေသည်။ ဟွမ်စီရင်စု၏ နန်းတွင်းပညာရှင်ရွေးချယ်မှုတွင် နေရာ(၃၀)ရှိ၏။ ဝမ်ကိုက်နှင့် မုန့်ချီတို့က နေရာတစ်ခုရရန် ပြဿနာမရှိချေ။ ဝမ်မိသားစုကတော့ သူတို့၏ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြသည်။
ခဏကြာ စဉ်းစားနေပြီးနောက် ဝမ်ကိုက်က ပြောလိုက်၏။
“ငါတို့ တိုက်ပွဲမပြီးမချင်း အဖြေကို သိမှာမဟုတ်ဘူးလေ….”
“စုမုန့်ကတော့ သေချာပေါက် စိန်ခေါ်မှာပဲ…။ အစ်ကို… အစ်ကိုက တံခါးပိတ်လေ့ကျင့်ပြီး သူစိန်ခေါ်မယ့်အချိန်ကို စောင့်နေတာ မကောင်းဘူးလား..”
ဝမ်ဆဲက အကြံပေးလိုက်သည်။
ဝမ်ကိုက်က ခေါင်းခါပြလိုက်၏ သူက ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။
“ငါက သူအနိုင်ရတာကိုပဲ မြင်ချင်တာ။ သူ အနိုင်ရတဲ့အချိန်တိုင်း ငါ့ရဲ့တိုက်ခိုက်ချင်စိတ်တွေက မြင့်တက်လာတယ်။ လက်ရှိအချိန်မှာ ငါနဲ့ ရင်ဆိုင်နိုင်ဖို့ နောက်ထပ် ပြိုင်ဘက်တစ်ယောက်ရှာဖို့ အရမ်းခက်တယ်…”
ထို့ကြောင့်လည်း သူ၏အရှိန်အဝါက တိုးမြင့်လာရခြင်း ဖြစ်သည်။
ကူရှောင်စန်းက တံခါးပိတ်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
“သူက တော်တော်လေး စိုးရိမ်နေတော့ ဒီလိုအသေးအဖွဲ့ကိစ္စကိုတောင် ဝင်ပါနေပြီပဲ”
သူမက မုန့်ချီကိုမျက်လုံးပြူး၍ စိုက်ကြည့်နေခဲ့သည်။
“သခင်လေး…
သခင်လေးက ဟွမ်ကျိရှီကို အနိုင်ရပြီးသွားရင် ဝမ်မိသားစုက တပည့်တစ်ယောက်ကို စိန်ခေါ်ရမယ်။ ပြီးရင် ဝမ်ကိုက်ကို စိန်ခေါ်ရမယ်။ ဝမ်ဆဲက ဒီကိစ္စမှာ ဘေးထွက်နေလိမ့်မယ်လို့ ကျွန်မတော့ မယုံဘူး…”
Translated by Hein Htet.