အခန်း (၂၃၀)
Vol. 16 Ch. 230
"မင်းဆီမှာ ဘယ်အချိန်တုန်းကများ ကိုယ့်သခင် ကိုယ်ပြန်ပြီး ညွှန်ကြားဖို့အခွင့်အရေး ရှိရတာလဲ.."
မုန့်ချီကတော့ အခွင့်အရေးကိုအရယူပြီး ကူရှောင်စန်းကို ဖိနှိပ်နေခဲ့သည်။
ကူရှောင်စန်းကတော့ မျက်လုံးဝိုင်းကြီးများနှင့် ပြုံး၍ပြောလိုက်သည်။
"ကျွန်မက တကယ်ပဲ သခင်လေးရဲ့ပြဿနာတွေကို ဖြေရှင်းပေးချင်တာပါ။ တကယ်လို့ ဆန်းကြယ်နတ်သမီးဆက်ခံသူကသာ သခင်လေးကို သတိထားပြီး လေဟာနယ်မိန်းမပျိုဂိုဏ်းကို သတင်းပို့လိုက်မယ်ဆိုရင် သခင်လေးက ဝေကျင်းအဆင့်ပညာရှင်တွေနဲ့ တွေ့နေရလိမ့်မယ်။ သူတို့ဆီမှာ ပြိုင်ဖက်ကင်းနတ်ဘုရား လက်နက်တွေရှိတယ်။ ဒါပေမဲ့ သူတို့တော့ မသုံးနိုင်ကြဘူး။ သူတို့က မိုးကြိုးနတ်ဘုရားဆက်ခံသူကို အသေအလဲ ရှာနေကြတာလေ။ လေဟာနယ်မိန်းမပျိုဂိုဏ်းမှာရှိတဲ့ ဝေကျင်းအဆင့် ပညာရှင် (၈၀)ရာခိုင်နှုန်းလောက်က ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေလို့ကြားရတယ်။ သခင်လေးက သူတို့ကို တွေ့ချင်လို့လား…"
သူမကတော့ ပေါ့ပေါ့ပါးပါး အမူအရာနှင့် အလေးအနက်မထားသယောင် ပြောလိုက်သည်။
"သခင်လေးက တစ်ယောက်နဲ့ပဲ အရင်တွေ့ရမှာ။ သူကတော့ ခရမ်းမိုးကြိုးဓား(၇)ချက်ကို နားလည်ထားတယ်။ ဒါကြောင့် သူက လောကသခင်ဓား(၆)ကွက်နဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်တို့ကို အရမ်းစိတ်ဝင်စားနေတာ။ ဒါကြောင့် သခင်လေးကို သတ်လိုက်မယ်ဆိုရင် သူ့နေရာက တည်မြဲသွားနိုင်တယ်လေ…"
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက ဘာမှကြောက်စရာမလိုဘူး။ ငါက ဆန်းကြယ်နတ်သမီးဆက်ခံသူကို မသတ်နိုင်ဘူးဆိုရင်တောင် မြို့တော်ထဲမှာ ပုန်းနေပြီး အခန်းပိတ်နေလို့ရတယ်။ ငါက စိန်ခေါ်မှုများစွာကို ကြုံပြီးသွားရင် သေခြင်းရှင်ခြင်းတံခါးကို ဖွင့်နိုင်မှာပဲ။ ပြီးတော့ ဝေ့ကျင်းအဆင့်ကို ရောက်သွားနိုင်တယ်။ အဲဒီအချိန်ကျရင်တော့ သူတို့နဲ့ တိုက်ခိုက်ပြီး စိတ်ကြိုက်သွားလို့ရပြီ…. "
ယဲ့တူက ပြည်နယ်မြို့တစ်မြို့ဖြစ်သည့်အပြင် ရုံးစိုက်ရာမြို့တစ်မြို့လည်း ဖြစ်သည်။ ထို့ကြောင့် အစည်ကားဆုံးမြို့ကြီးတစ်မြို့ ဖြစ်နေ၏။ ထိုအရာက အနောက်တောင်ပိုင်းနယ်မြေ၏ အလယ်တွင်လည်း ဖြစ်သည်။ ထို့ကြောင့် တံခါး(၉)ပေါက်အဆင့် ပညာရှင်များစွာရှိနေပြီး တချို့ကတော့ ယပ်တောင်(၆)လက်ကျောင်းမှ ဖြစ်သည်။
နယ်မြေတစ်ခုချင်းဆီတွင် တံခါး(၉)ပေါက်အဆင့် နယ်ထိန်း(၃)ယောက်ဆီ ရှိနေကြသည်။ မြို့စောင့်လူဆိုးထိန်းနှင့် ပြည်နယ်အဆင့် လူဆိုးထိန်းများကလည်း တံခါး(၉)ပေါက်အဆင့် ပညာရှင်များ ဖြစ်ကြ၏။ ဟွမ်စီရင်စုထဲရှိ ငွေတံဆိပ် လူဆိုးထိန်း၊ ရွှေတံဆိပ်လူဆိုးထိန်းနှင့် ခရမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတို့က ဝေကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။ အထူးသဖြင့် ရွှေတံဆိပ် လူဆိုးထိန်းကတော့ အလွန်အဆင့်မြင့်သော ပညာရှင်တယောက်ဖြစ်၏။
ထိုသို့ဆိုရာတွင် ကျိုးနိုင်ငံကတော့ ယဲ့တူထက်ပို၍ ဝေ့ကျင်းအဆင့် ပညာရှင်များ ပို၍များသည်။ ကျိုးနိုင်ငံထဲတွင် ရှိနေသော ဝမ်မိသားစုထဲတွင်ပင် ဝေကျင်းအဆင့် ပညာရှင် (၃၀) (၄၀)ခန့်ရှိနေပြီး သိုင်းသခင်ပေါင်းများစွာ ရှိနေသည်။ သူတို့က အနောက်တောင်ပိုင်းနယ်မြေထဲတွင် ပြိုင်ဖက်ကင်း အင်အားစုတစ်ခုဖြစ်နေပြီး ဟွမ်ဟွာဓားဂိုဏ်းကသာ သူတို့ကို ရင်ဆိုင်နိုင်ကြသည်။
ထို့ကြောင့် ယပ်တောင်(၆)လက်ကျောင်းက ဤနေရာတွင် စောင့်ကြပ်နေရန် အလွန်အဆင့်မြင့်သော ထိပ်တန်းလူဆိုးထိန်း(၈)ယောက်ကို စေလွှတ်ထားခြင်းဖြစ်၏။ မြို့စားနှင့် နယ်စားများထဲတွင်လည်း မတူညီသော အင်အားစုများ ဖြစ်ကြသည့် ဝမ်မိသားစုနှင့် ဟွမ်မိသားစုမှ ပညာရှင်များလည်း ရှိကြသည်။ ထို့ကြောင့် သူတို့အားလုံးက ကျိုးနိုင်ငံထဲတွင် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြခြင်း ဖြစ်သည်။
အစွမ်းထက် အထက်တန်းလွှာမိသားစုများက မြို့တော်၏ နေရာအနှံ့တွင် ရှိ၏။ ယပ်တောင်(၆)လက်ကျောင်း၏ စုံစမ်းရေးမှူးချုပ်က ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်နေပြီး ထိပ်တန်းလူဆိုးထိန်း(၈)ယောက်ထဲတွင် (၅)ယောက်ကတော့ ကောင်းကင်(၇)သွယ် ဝေ့ကျင်းအဆင့်ထက် ကျော်လွန်နေကြသည်။
တော်ဝင်အစောင့်များနှင့် ဝမ်ဆဲ၏ ဦးလေးကဲ့သို့ အထက်တန်းလွှာမိသားစုများမှ ဝေကျင်းအဆင့် ပညာရှင်များကတော့ ဘဏ္ဍာရေးမူးမတ်များအဖြစ် တာဝန်ပေးခံထားရသည်။
မုန့်ချီအနေနှင့် ပြောရမည်ဆိုလျှင် မြို့တော်ထဲ၌ ဝေ့ကျင်းအဆင့် ပညာရှင် အများဆုံးဖြစ်သည်။ ထို့ပြင် အင်ပါယာဓား၊ နဂါး(၉)ကောင်တံဆိပ်နှင့် မြို့တော်၏ဝင်္ကပါကို ပေါင်းလိုက်မည်ဆိုလျှင် ဓမ္မကာရအဆင့် ပညာရှင်များကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြ၏။ လေဟာနယ်မိန်းမပျိုဂိုဏ်းမှ ဝေကျင်းအဆင့် ပညာရှင်များကိုတော့ ဆိုဖွယ်ရာပင်မရှိတော့ချေ။
အမှန်အတိုင်းပြောရလျှင်တော့ မုန့်ချီက သူ၏အတွေ့အကြုံများအရ မြို့တော်ကို မသွားချင်ပေ။
မုန့်ချီ ထိုစကားကိုပြောလိုက်သည့်အချိန်တွင် ကူရှောင်စန်းက တွေဝေသွားခဲ့၏။ သိပ်မကြာခင် သူမ၏မျက်နှာပေါ်၌ အလွန်ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခ ပေါ်လာခဲ့သည်။ သူမက ပြောလိုက်၏။
"ဘယ်သူကရော ဝေကျင်းအဆင့် ပညာရှင်တွေ လိုက်သတ်လို့ အခန်းလေးတစ်ခန်းထဲမှာ ပိတ်မိနေချင်မှာလဲ။ အခွင့်အရေးရှိနေမယ်ဆိုရင်တော့ ဒီကိစ္စကို ဖြေရှင်းလိုက်တာ ပိုကောင်းတာပေါ့…”
မုန့်ချီ၏ စိန်ခေါ်မှုများက သံသရာကမ္ဘာကြီးထဲတွင် ရှိနေကြောင်း သူမက သိနေသည်။ သူမက ဆက်ပြောလိုက်၏။
"စိန်ခေါ်မှုတွေနဲ့ အစစ်အမှန်ဆိုတာက သခင်လေးရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တယ်။ သူတို့တွေက အချင်းချင်း ဖြည့်စွက်နေတာပဲ။ အစစ်အမှန်မရှိရင် စိန်ခေါ်မှုတွေက ပိုပြီးခက်ခဲလာနိုင်ပြီး သခင်လေးရဲ့စွမ်းအားတွေ တိုးတက်ဖို့ ခက်လာလိမ့်မယ်…"
မုန်ချီ၏အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက ပြောလိုက်၏။
"ငါ့ဆီမှာ တစ်ခြားရွေးချယ်စရာတွေ ရှိသေးတယ်ဆိုတာ ပြောပြရုံပါပဲ။ ဒါကြောင့် ငါ့ကိုလာပြီး မလှည့်စားနဲ့…"
သူက ကူရှောင်စန်းကို ထိုအချက်အလက်များ တမင်တကာပြောပြလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့ဆီ၌ တခြားအစီအစဉ်မရှိဟု သူမက ယုံကြည်နေပါလိမ့်မည်။
ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။
"ကျွန်မက သခင်လေးကို မလှည့်စားရဲပါဘူး။ ကျွန်မ လုပ်နေတဲ့ အရာတွေအားလုံးက သခင်လေးအတွက်ပါပဲ…”
“ကျွန်မတို့ရဲ့အစီအစဉ်အရ သခင်လေးက မနက်ဖြန် ဟွမ်ကျိရှီနဲ့ ရင်ဆိုင်ရမယ်။ နောက်တစ်နေ့ကျရင် ဝမ်မိသားစုက တပည့်တစ်ယောက်ကို စိန်ခေါ်ရမယ်။ အဲဒီနောက်မှာတော့ ဝမ်ကိုက်နှင့် တိုက်ခိုက်ရမယ်။ ဒီအချိန် အတောအတွင်း ကျွန်မကတော့ အခွင့်အရေးရှာပြီး မူလအဆင့်အတန်းနဲ့ ရှန်ရှို့မေကို သတ်ဖို့ကြိုးစားမယ်။ ပြီးတော့ ဆန်းကြယ်နတ်သမီးဆက်ခံသူကို ခြေရာခံမယ်။ ဝမ်မိသားစုက တပည့်တွေကတော့ နောက်ဆုံးပြိုင်ပွဲတစ်ခုမှာ သေချာပေါက် အာရုံစိုက်နေကြမှာပဲ။ ဒါကြောင့် ဝမ်ဆဲကိုယ်တိုင်လည်း သတိလွတ်နေနိုင်တယ်။ သူသတိလွတ်သွားပြီဆိုရင် အကုန်လုံးပြီးသွားပြီ… "
နောက်တစ်နေ့ မနက်တွင် ကောင်းကင်ပေါ်၌ တိမ်ထူနေခဲ့သည်။ သို့သော် ဝမ်ဟွာ စားသောက်ဆိုင်ထဲတွင် မီးတုတ်များ ထွန်းထားသည့်အတွက် နေ့အချိန်အလား လင်းထိန်နေခဲ့၏။
မုန့်ချီနှင့် ကျင်းကျင်းရှန်၊ လော်ယုဖန်းတို့၏တိုက်ပွဲကို မြင်တွေ့လိုက်ရပြီးနောက် လူအများက သူ့အစွမ်းကို ပြည့်ပြည့်ဝဝ နားလည်လာခဲ့သည်။ သူတို့ကလည်း လက်ရည်စမ်းရန် စဉ်းစားနေကြ၏။ ထို့ကြောင့် ဝမ်ဟွာစားသောက်ဆိုင်က လူများပြည့်ကျပ်နေသည်။
"ပန်းပွင့်ကျဆင်း သခင်လေးက ကျိုးနိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေအားလုံးကို အနိုင်ရပြီး ဝေကျင်းအဆင့် သိုင်းကွက်တွေကို ကျွမ်းကျင်သွားပြီဆိုရင် လူငယ်မှတ်တမ်းမှာ သေချာပေါက် စာရင်းဝင်နိုင်တယ်။ ပြီးတော့ သူ့ဆီမှာ နောက်ခံအင်အားလည်း ရှိသေးတယ်…"
သိုင်းလောကသားများက ဟွမ်ကျိရှီကို အထင်ကြီးစွာ ပြောနေကြသည်။
"ငါတော့ အဲဒီလိုမထင်ဘူး။ ဟွမ်ကျိရှီက ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ထူးဆန်းတဲ့နည်းလမ်းတွေကို အသုံးချနိုင်တယ်။ ဒါပေမဲ့ သူက ကိုယ်ဖော့ပညာပဲဖြစ်ဖြစ် ချီစွမ်းအင်နဲ့ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် သခင်လေးစုကို မယှဉ်နိုင်ဘူး။ အဲဒါကမှ တကယ့်အစစ်အမှန် ပညာရှင်တစ်ယောက်လို့ဆိုနိုင်မှာ။ ဟွမ်ကျိရှီက သခင်လေးစုကို အနိုင်ရဖို့ ခက်ခဲလိမ့်မယ်… "
တစ်ချို့က လက်မခံနိုင်ဖြစ်နေပြီး ပြန်လည်ငြင်းခုံနေကြသည်။
လူအများစုကတော့ စုမုန့်ကို ယုံကြည်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ယမန်နေ့တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲကြောင့်ဖြစ်သည်။
ဝမ်မိသားစု၏ အထူးခန်းမထဲတွင် ဝမ်ဆဲကတော့ လက်နောက်ပစ်ပြီး လူမရှိသော ကြာပန်းရေကန်လေးထဲကို စိုက်ကြည့်နေခဲ့၏။ သူက အပြုံးနှင့်ပြောလိုက်သည်။
"ဟွမ်ကျိရှီက စုမုန့်ကို တိုက်ခိုက်ဖို့ သိုင်းကွက် ဘယ်လောက်သုံးရမှာလဲ။ စုမုန့်က ဒီတစ်ကြိမ်မှာရော တည်ငြိမ်နေဦးမှာလား…"
သူက ဝမ်ကိုက်ကို မေးနေသလို ထင်မှတ်ရသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ အစေခံအိုကြီးက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောပြရန် စောင့်နေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ရှန်ရှို့မေ၏ရှေ့၌ ဟန်ရေးပြနိုင်၏။
"သခင်လေးစုက အနတ္တကျိန်စာဖျက်ဓားပညာ၊ ဒါမှမဟုတ် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို သုံးရလိမ့်မယ်.."
ရှန်ရှို့မေက စိတ်ဝင်တစား ပြန်ဖြေလိုက်ရ၏။
ဝမ်ကိုက်က ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"သူတို့ရဲ့အစွမ်းအရ အဲဒီလိုတော့ ဖြစ်နိုင်ချေရှိတယ်။ မနေ့တုန်းက တိုက်ပွဲပြီးသွားတဲ့အချိန်မှာတောင် ဟွမ်ကျိရှီက တက်ကြွပြီး ယုံကြည်ချက် ရှိနေသေးတယ်။ မဟုတ်ရင်တော့ ငါတို့က အနတ္တကျိန်စာဖျက်ဓားပညာကို မြင်လိုက်ရမှာမဟုတ်ဘူး…"
ဝမ်ဆဲက ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုပြောတာက အဓိပ္ပာယ်ရှိတယ်။ မနေ့တုန်းကတော့ သူ့ဆီမှာ တိုက်ခိုက်ချင်စိတ်တွေ ပြည့်နေတာပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူက အရေးနိမ့်သွားနိုင်ပြီး တိုက်ခိုက်ချင်စိတ်တွေလည်း လျော့ကျသွားလိမ့်မယ်။ အဆိုးဆုံးကတော့ သူလိုချင်တဲ့အရာတိုင်းကို ရနေတာပဲ။ သူက သိုင်းပညာစပြီး လေ့ကျင့်ခဲ့တဲ့အချိန်တည်းကစပြီး အခက်အခဲ လုံးဝမတွေ့ခဲ့ရဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ရက်တည်းနဲ့ သူ့ရဲ့စိတ်ဓာတ်ကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး…"
သူက ဟွမ်ကျိရှီအကြောင်း ကောင်းကောင်းကြီးသိထားပုံရသည်။
ရှန်ရှို့မေကတော့ သူတို့၏စကားကို နားထောင်နေ၏။ သူမက မေးရန်ပြင်လိုက်စဉ် လူတစ်ယောက်က တံခါးလာခေါက်ခဲ့သည်။
"ဘယ်သူလဲ .. "
ဝမ်မိသားစုဝင် တစ်ယောက်က မေးလိုက်၏။
"ကျွန်တော်တို့သူဌေးက သခင်လေးတို့အတွက် အရက်ပို့ခိုင်းလိုက်လို့ပါ.. " အပြင်ဖက်မှနေ၍ ရင်းနှီးနေသော စားပွဲထိုးကောင်လေး၏အသံကို ကြားလိုက်ရသည်။
သူက တံခါးဖွင့်လိုက်သည့်အချိန်တွင် ပြုံးလိုက်၏။
"ဒီနေ့ဘာလို့ မင်းတို့ရဲ့သူဌေးက ရက်ရောနေရတာလဲ… "
အရက်အိုးကို ကိုင်ထားသော စားပွဲထိုးကောင်လေးက ပြောလိုက်သည်။
"တကယ်လို့ ဝမ်မိသားစုကသာ ဟွမ်စီရင်စုကို ကာကွယ်မပေးဘူးဆိုရင် ကျွန်တော်တို့ ဝမ်ဟွာစားသောက်ဆိုင်က ဒီလောက်ထိ တိုးတက်လာမှာ မဟုတ်ဘူးလေ။ သခင်လေးတို့ ဒီကိုရောက်နေတယ်ဆိုမှတော့ ကျွန်တော်တို့ ဝမ်ဟွာစားသောက်ဆိုင်ကလည်း ဂုဏ်ပြုရမှာပေါ့။ ဒီအရက်အိုးက ကျွန်တော်တို့ရဲ့ လေးစားမှုကိုပြသတဲ့ လက်ဆောင်တစ်ခုပါ။ ပြီးတော့ ကျွန်တော်တို့သူဌေးက မှာလိုက်ပါသေးတယ်။ မနေ့တုန်းက သခင်လေးတို့ကို ဧည့်မခံနိုင်တဲ့အတွက် ဒီနေ့ဖြည့်ဆည်းပေးလိုက်တာပါတဲ့။ ဒါကြောင့် သခင်လေးတို့က မြည်းစမ်းကြည့်ပါဦး…"
ဖော်ရွေရက်ရောတတ်ခြင်းကို အပြစ်တင်၍မရနိုင်ပေ။ ဝမ်ဆဲက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။
"မင်းတို့ရဲ့သူဌေးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ.."
စားပွဲထိုးကောင်လေးက သူတို့ကို ဦးညွှတ်ပြီး ဝမ်မိသားစုဝင်တစ်ယောက်ကို တီးဆိုးပြောလိုက်သည်။
ထိုအခါ ထိုလူငယ်က ထူးဆန်းသောအမူအရာနှင့် မချိုးမချဉ် ပြုံးလိုက်၏။
"ဒါဆိုရင်တော့ မင်းတို့သူဌေးရဲ့စေတနာကို ငြင်းဖို့ တော်တော်လေးခက်သွားပြီ.."
"သူက ဘာပြောခဲ့လို့လဲ.."
စားပွဲထိုးကောင်လေး ထွက်သွားသည့်အချိန်တွင် ဝမ်ဆဲက ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဒီအရက်ကို ပန်းပွင့်အရက်လို့ခေါ်တယ်။ ပန်းပွင့်အရက်ဆိုတာ တစ်နှစ်မှ အိုး(၁၀၀)ပဲ ဖန်တီးထားတာ…"
သူက ရှန်ရှို့မေကိုကြည့်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
ဝမ်ဆဲက သူ့အမေ၏ အလိုလိုက်ခြင်းကို ခံထားရသော်လည်း စည်းကမ်းတင်းကျပ်ခံရသော သားတစ်ယောက်ဖြစ်သည်။ ထိုနာမည်ကို ကြားသည့်အချိန်တွင် သူ၏မျက်နှာက နီရဲလာခဲ့၏။ သူက ထိုကဲ့သို့ နေရာမျိုးကို ရောက်လာသည်မှာ အလွန်ရှားပါးသည်။ သူက ရှန်ရှို့မေနှင့် တခြားညီအစ်ကိုများကို တိတ်တဆိတ် လှမ်းကြည့်လိုက်၏။
တခြားသောညီအစ်ကိုများကလည်း သူ့ကို စိုက်ကြည့်နေကြသည်။
"အစ်ကိုဝမ် …အဲဒါက ဘာအရက်လဲ…"
ရှန်ရှို့မေက မေးလိုက်၏။
ဝမ်ဆဲက ချောင်းဟန့်လိုက်ပြီး မည်သို့ပြန်ဖြေရမှန်း မသိခဲ့ချေ။ ထို့ကြောင့် ဝမ်ကိုက်ကသာ သူမကို ပြန်ဖြေလိုက်၏။
"အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပန်းပွင့်အရက်က ယန်စွမ်းအားကို ဖြည့်ဆည်းပေးနိုင်တယ်။ ဒီအရက်ကို သောက်ပြီးသွားရင် ခန္ဓာကိုယ်က မူးယစ်ရီဝေသွားစေနိုင်ပေမယ့် ကျန်းမာရေးအတွက် တော်တော်ကောင်းတယ်…"
သူ၏အစ်ကို(၄)က ဘာကြောင့် အရာအားလုံးကို သိနေရသနည်း။ ဝမ်ဆဲကတော့ အလွန်ရှက်ရွံ့စွာ တွေးနေမိသည်။
အစေခံအိုကြီးက အရက်အိုးကိုဖွင့်ပြီး အနံ့ခံကြည့်လိုက်၏။ ထို့နောက် သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။ အရက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ဒီအရက်ထဲမှာ အဆိပ်မပါဘူး…"
"အစ်ကို..
အစ်ကို့ရဲ့ယန်စွမ်းအားကို ဖြည့်ဖို့ သောက်လိုက်လေ..."
တခြားသော မျိုးနွယ်ဝင်များကလည်း သူ့ကို သောက်ရန် တိုက်တွန်းနေကြသည်။
ဝမ်ဆဲကလည်း ပန်းပွင့်အရက်ကို သောက်ချင်နေ၏။ ထို့ကြောင့် သူက ငြင်းဆန်မနေတော့ဘဲ ရှန်ရှို့မေ အထင်သေးမှာကိုလည်း ဂရုမစိုက်တော့ပေ။ ပန်းပွင့်အရက်က အနံ့အရသာနှင့် ပြည့်စုံပြီး အလွန်ကောင်းမွန်သည်။ သူက ထိုအရာကို အလွန်သောက်ချင်နေခဲ့၏။
……………..
ဒုတိယထပ်တွင် ရှိနေသော အခန်းငယ်တစ်ခုထဲတွင် ဝမ်ဟွာစားသောက်ဆိုင်မှ သူဌေးရွှယ်က သူ့ရှေ့တွင် ရှိနေသောလူကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
"ပန်းပွင့်အရက်ကို အခန်းတိုင်းဆီ ပို့ပေးပြီးသွားပါပြီ…"
သူ့ရှေ့တွင် ရှိနေသူကတော့ နတ်သမီးတစ်ယောက်သဖွယ် လှပသော ကူရှောင်စန်း ဖြစ်သည်။ သူမဆီမှ နွေးထွေးပြီး တိတ်ဆိတ်ငြိမ်သက်သော ခံစားမှုတစ်ခု ပေးနိုင်သော်လည်း သူမက ဒဏ္ဍာရီထဲမှ အဂတိဘုရင်မနှင့် တူညီနေသည်။ သူမက အလွန်ဆုံးဖြတ်ချက်ပြတ်သားပြီး နွေးထွေးဖော်ရွေတတ်၏။ သူမ၏မျက်လုံးများက ပင်လယ်ကြီးပမာ နက်ရှိုင်းလွန်းလှပြီး စိတ်ဝိညာဉ်များကို ဝါးမြိုနိုင်သော ဝဲကတော့များ ပြည့်နှက်နေသည်။
"ပန်းပွင့်အရက်က ယန်စွမ်းအားတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ အဆုတ်ရောဂါကိုလည်း ကောင်းမွန်စေပြီး ဆီးရွှင်စေတယ်…”
သူမက အပြုံးနှင့် ပြောလိုက်ပြီး လက်ထဲတွင် ရေနွေးခွက်ကိုကိုင်၍ အခန်းထဲမှ ထွက်သွားခဲ့သည်။ သူမက တံခါးကို တွန်းဖွင့်လိုက်သည့် တခဏလေးအတွင်း အစေခံမိန်းကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။
သူမက မုန့်ချီဆီသို့ပြန်လာပြီး အပြုံးနှင့်ပြောလိုက်သည်။
"သခင်လေး…
ကျွန်မက ရေနွေးသွားယူနေတဲ့အချိန်မှာ သူဌေးရွယ်နဲ့ တွေ့ခဲ့တယ်။ သူက သခင်လေးကို ပန်းပွင့်အရက်သောက်ဖို့ ဖိတ်ခေါ်ချင်ပေမယ့် ကျွန်မက ငြင်းခဲ့လိုက်တယ်…"
"ဘာလို့ လက်မခံလိုက်ရတာလဲ.."
မုန့်ချီက မေးလိုက်၏။
သူမက ပါးစပ်ကို လက်တစ်ဖက်နှင့်အုပ်၍ ပြောလိုက်သည်။
"ပန်းပွင့်အရက်က ယန်စွမ်းအားတွေကို မြှင့်တင်ပေးနိုင်တယ်။ အဲဒါက အာရုံပြန့်သွားအောင် လုပ်နိုင်ပြီး ပြိုင်ပွဲကို နှောင့်ယှက်နိုင်တယ်။ တိုက်ပွဲပြီးသွားရင်လည်း သခင်လေးက တစ်ခြားမိန်းကလေးတွေရဲ့ လက်ထဲ ပါသွားနိုင်တယ်လေ…"
မုန့်ချီကတော့ နှာခေါင်းရှုံ့လိုက်ပြီး သူမကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ သူက မျက်လုံးမှိတ်လိုက်၏။ ထို့နောက် ချီစွမ်းအင်များကို လှည့်ပတ်နေပြီး သူ့ကိုယ်သူ သေချာပြင်ဆင်နေခဲ့သည်။
ခဏကြာပြီးနောက် ဟွမ်ကျိရှီက အထူးခန်းမထဲမှ ခုန်ထွက်လာသည်။ သူ့ပုံစံက ကျဆင်းလာသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ထင်မှတ်ရသည့်အတွက် ပတ်ပတ်လည်တွင် ကြည့်နေသူများက သူ့ကို ချီးကျူးနေကြ၏။
မုန့်ချီကတော့ နောက်ကျောတွင် ဓားနှစ်လက်ကို ချိတ်ထားပြီး ကိုယ်ဖော့ပညာကိုသုံး၍ ပြတင်းပေါက်မှ ပျံသန်းလာခဲ့သည်။ ထို့နောက် ကျောက်တုံးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် လူတိုင်းက သူ့ကိုလက်ခုပ်ဩဘာ တီးပေးနေကြသည်။
"သခင်လေးဝမ် ကျေးဇူးပြုပြီး စလို့ရပြီ …"
မုန့်ချီက တီးတိုးဓားကို ထုတ်လိုက်သည့်အချိန်တွင် ကြာပန်းရေကန်လေးထဲ၌ စွမ်းအားများ ပြည့်နှက်လာခဲ့သည်။
ဟွမ်ကျိရှီကလည်း သူ၏နှစ်တစ်ထောင် ပိုးယပ်တောင်ကို သိမ်မွေ့စွာ ဖြန့်လိုက်သည်။ ထို့နောက် အသံတိုးတိုးနှင့် ပြောလိုက်၏။
"ကောင်းပြီလေ.. စလိုက်ကြစို့ …"
သူက ဖြန့်ထားသော ယပ်တောင်နှင့် မုန့်ချီ၏ ပင်မသွေးကြော(၇)ကွက်ကို ပန်းပွင့်များကဲ့သို့ ဆက်တိုက် တိုက်ခိုက်လိုက်သည်။
Translated by Hein Htet.