အခန်း (၂၃၂)
Vol. 16 Ch. 232
လေစီးကြောင်းများက အလွန်ပြင်းထန်နေပြီး (၂) ခြမ်း ကွဲတော့မလို ထင်မှတ်ရသည်။ ကောင်းကင်မကောင်းဆိုးဝါးတစ်ကောင်က လေထဲတွင် ကခုန်နေပြီး နေရာတိုင်းတွင် ဝဲကတော့များ ရှိနေသလို ထင်မှတ်ရ၏။
အခန်းထဲတွင် ရှိနေသော ပန်းကန်ပြားများ ၊ စားပွဲများနှင့် ထိုင်ခုံများအားလုံးက နံရံဆီသို့ တွန်းကပ်ခံလိုက်ရပြီး တချို့က ကူရှောင်စန်းဆီကို ရောက်လာကြသည်။ တချို့ကတော့ ပျက်စီးနေကြပြီး ပန်းကန်ပြားများကလည်း ဝဲကတော့၏ အလယ်တွင် ပျက်စီးသွားကြသည်။
ဝမ်မိသားစုမှ တပည့်တချို့ကလည်း နောက်သို့ တွန်းပို့ခံလိုက်ရသည့်အလား ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့၏။ သူတို့က ကူရှောင်စန်း၏အဝေးသို့ ရောက်သွားသည့်အချိန်တွင် အတော်လေး စိတ်ဓာတ်ကျနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မွေးရပ်မြေမှ အဝေးကို ရောက်သွားသလို ခံစားနေကြရသည်။
"လော်နတ်ဘုရားမ... "
ကူရှောင်စန်း တိုက်ခိုက်လိုက်သည့်အချိန်တွင် ထိုအရာက မည်သူဖြစ်ကြောင်း ဝမ်ကိုက်က နားလည်သွားခဲ့၏။ သူက အမှန်တရားဓားကို ဆွဲထုတ်လိုက်ပြီး ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။
လူသားကမ္ဘာကြီးထဲတွင် ဒုက္ခများ ကျရောက်နေသည်ဟူသော အသံကို ကြားလိုက်ရသည့်အချိန်တွင် သဏ္ဍာန်မဲ့ စွမ်းအားတစ်မျိုးက အခန်းတစ်ခုလုံးကို ထိုးဖောက်လာခဲ့ပြီး မကောင်းဆိုးဝါး စွမ်းအားများအားလုံးကို ဖိနှိပ်လိုက်သည်။
ဝမ်ကိုက်၏ ပတ်ပတ်လည်တွင်လည်း သဏ္ဍာန်မဲ့ ချီစွမ်းအင်များ လွင့်မျောနေပြီး သူ့ကို လွှမ်းခြုံထားသည့် ပိုက်ကွန်တစ်ခု ဖြစ်နေခဲ့၏။ အမှန်တရားဓားနှင့် ခုတ်လိုက်သည့် အချိန်တွင် ကူရှောင်စန်း၏ လေဟာနယ်ပိုက်ကွန်များက နောက်သို့ လွင့်လာခဲ့သည်။ ထိုအရာက ပင့်ကူမျှင်များကဲ့သို့ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တင်းတင်းကြပ်ကြပ် လွှမ်းခြုံထားခဲ့၏။
သူ့ဆီတွင် ချိုးဖျက်ရန် နည်းလမ်း မရှိချေ။ လော်နတ်ဘုရားမ၏အစွမ်းက သူ့ထက် အဆပေါင်းများစွာ ပို၍မြင့်မားကြောင်း ဝမ်ကိုက်က သိနေသည်။ သူက သက်ပြင်းချလိုက်မိပြီး ရပ်တန့်၍ မရနိုင်သော သိုင်းကွက်ကိုသုံးရန် ပြင်ဆင်လိုက်၏။ ထိုသို့ဆိုလျှင် သူက ကူရှောင်စန်း၏ အဆင့်ထက် ပို၍မြင့်မားသလို ခံစားရပါလိမ့်မည်။
သို့သော် ထိုအချိန်တွင် ရှန်ရှို့မေကတော့ ကူရှောင်စန်း၏အရှေ့ကို အလိုလို လွင့်မျောသွားခဲ့၏။ သူမက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်သည်။ သို့သော် လေစီးကြောင်းထဲတွင် လွဲချော်သွားခဲ့၏။
သူမ လုပ်နိုင်သောအရာ မရှိသည့်အတွက် အဖြူရောင်လက်ညှိုးလေးက နဖူးပေါ်သို့ ကျရောက်လာသည်ကိုသာ ကြည့်နေခဲ့ရသည်။ ကူရှောင်စန်း၏ အမူအရာကို မျက်လုံးထဲ၌ မြင်လိုက်ရသည့်အချိန်တွင် သူမ၏စိတ်ထဲ၌ မှောင်မည်းသွားခဲ့၏။
သူမက နီမဏကာရတစ်ယောက်သာ ဖြစ်သည်။ သူမ၏ အသိအမြင်နှင့် စွမ်းရည်များအားလုံးက ကျိုးတောင်တန်း ဓားဂိုဏ်းမှရလာသော သိုင်းပညာများသာ ဖြစ်သည်။ အကယ်၍ သူမက လက်ရွေးစင်အဆင့် သိုင်းပညာများကို အားကိုးပြီး ကျိုးတောင်တန်းဓားဂိုဏ်း၏ သိုင်းပညာများကို အမြင့်ဆုံး သုံးလိုက်မည်ဆိုလျှင်ပင် သူမနှင့် ဓမ္မကာရအဆင့် အဂတိလက်ညှိုး၏ ကြားထဲတွင် အလွန်ကြီးမားသော ကွာဟမှုကြီးတစ်ခု ရှိနေသေး၏။
ထို့ပြင် သူမ၏နီမဏကာရက တံခါး (၆) ပေါက်အဆင့်သာ ရှိသေး၏။ သူမက တံခါး(၉) ပေါက် ပွင့်နေသော ကူရှောင်စန်းကို မယှဉ်နိုင်ပေ။ ယခင်တစ်ခေါက်တွင် သူမက ကူရှောင်စန်း၏လက်ထဲမှ လွတ်မြောက်အောင် ထွက်ပြေးလာနိုင်ခဲ့သည်မှာ ကောင်းကင်နတ်သမီး (၇) ဖော်က သူမနှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ကူရှောင်စန်း၏ စွမ်းအင်စက်ကွင်းက ဝမ်မိသားစုမှ လူငယ်များကိုတော့ အဝေးတွင် တားဆီးထားသည့်အတွက် သူတို့လည်း ဘာမျှမတတ်နိုင်ကြပေ။ ဝမ်ကိုက်က ကူရှောင်စန်း၏ စွမ်းအားအများစုကို ရင်ဆိုင်နေရ၏။ ထို့ကြောင့် ကူရှောင်စန်းက သူ့ကို ချက်ချင်း မသတ်ခဲ့ပေ။
ရှန်ရှို့မေကတော့ လူသူရှုပ်ထွေးနေသော လမ်းမပေါ်တွင် လျှောက်လှမ်းနေသော လူစိမ်းတစ်ယောက်ကဲ့သို့ ခံစားနေရ၏။ ထိုလမ်းမပေါ်တွင် လူများပြည့်နှက်နေသော်လည်း သူမကတော့ တစ်ယောက်တည်းဖြစ်နေပြီး စိတ်ဓာတ်ကျနေသလို ခံစားနေရသေးသည်။
လမ်းက ရှုပ်ထွေးလာလေလ သူမက ပို၍ အထီးကျန်လာလေလေ ဖြစ်၏။ ရှန်ရှို့မေက အံကြိတ်ပြီး သွေးအဆီအနှစ်များကို လှုံဆော်ရန် ကြိုးစားလိုက်သည်။ သူမက နောက်ဆုံးတစ်ကြိမ် သူ့သေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
သူမ၏ ခန္ဓာကိုယ်ထဲမှနေ၍ သွေးအဆီအနှစ်များ ထွက်ပေါ်လာသည့်အချိန်တွင် ရုတ်တရက် ထိန်းချုပ်၍ မရတော့ပဲ သွေးအဆီအနှစ်များက အသက်ဝင်လာသလို ဖြစ်လာခဲ့၏။ သူမ၏ သွေးအဆီအနှစ်များက သွေးကြောများအတိုင်း စီးဆင်းလာပြီး လေဟာနယ်မြို့တော်ဆီသို့ စီးဆင်းသွားနေပုံရသည်။
သူမ၏ခြေထောက် (၂) ဖက်ကပင် တုန်ယင်လာခဲ့ပြီး နဖူးက လက်ညှိုးလေးနှင့် ထိသွားခဲ့၏။ ရှန်ရှို့မေ၏ သွေးအဆီအနှစ်နှင့် အတွင်းအားများအားလုံး ဖောင်းကြွလာခဲ့သည်။ တစ်ချိန်တည်းတွင် သူမ၏ သွေးကြောများကလည်း ကျယ်လာခဲ့၏။
အတွင်းအားများ အားလုံးက သူမ၏မျက်ခုံးတွင် စုစည်းသွားခဲ့ပြီး ကူရှောင်စန်း၏ လက်ညှိုးထဲသို့ စီးဝင်သွားခဲ့သည်။ သူမ၏ခန္ဓာကိုယ်က လျင်မြန်စွာ ခြောက်သွေ့သွားခဲ့၏။
ဝမ်ကိုက်က ဒေါသထွက်ပြီး အော်ဟစ်လိုက်သည်။ သူက အဆင့်မြင့် ဝိညာဉ်ကိုသုံးပြီး ရပ်တန့်၍ မရနိုင်သော တိုက်ခိုက်မှုကိုသုံးရန် ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ရှန်ရှို့မေက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ သွေးအဆီအနှစ်များ ထွက်လာသည်။ သူမ၏ခန္ဓာကိုယ်က ပျက်စီးသွားသည့် အချိန်တွင် လေထဲသို့ အငွေ့များ လွင့်မျောလာခဲ့၏။ ထိုအငွေ့များက ထာဝရတည်ရှိနေသလို ထင်မှတ်ရပြီး ကောင်းကင် (၉) သွယ်မှ ကျရောက်လာသလို ထင်မှတ်ရသည်။ ရှန်ရှို့မေ၏ ဝိညာဉ်ကတော့ ထိုအငွေ့များထဲတွင် ပုန်းအောင်းနေသလို ထင်မှတ်ရ၏။
သူမ၏ဝိညာဉ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ကြီးပေါ်သို့ ဦးတည်သွားခဲ့သည်။
"ဒီအငွေ့တွေက... ။ ဒါက ဆန်းကြယ်နတ်သမီးလား... "
ဝမ်ကိုက်က တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူ့လက်ကလည်း အနည်းငယ် လှုပ်ရှားသွားပြီး ရပ်တန့်၍ မရနိုင်သော ခုတ်ချက်ကို မသုံးခဲ့ပေ။ သူက အထက်တန်းလွှာ မိသားစုတစ်ခု၏ ဆက်ခံသူတစ်ယောက် ဖြစ်၏။ သူက ဆန်းကြယ်နတ်သမီး၏ ဆက်ခံသူနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို မသိလျှင်ပင် အလွန်ထူးခြားသော အရှိန်အဝါကိုတော့ သိနေခဲ့သည်။
"ဆန်းကြယ်နတ်သမီးဆက်ခံသူ... "
ကုံယု၏အနားတွင် ထိုင်နေသော ငွေတံဆိပ်နှင့်လူက ရေရွတ်လိုက်၏။
ယပ်တောင် (၆) ကျောင်း၏ သတင်းစုံစမ်းသည့်စွမ်းရည်က (၂) ယောက် မရှိနိုင်ပေ။ သူတို့က လျှို့ဝှက်ချက်များစွာကို စုဆောင်းထားခဲ့ပြီး မူလဆန်းကြယ်နတ်သမီး ဆက်ခံသူများနှင့် ပတ်သက်သည့် မှတ်တမ်းများ ၊ အကြောင်းအရာများကိုပင် သိထားကြသည်။
ကုံယုက မျက်မှောင်ကြုတ်ပြီး တွေးနေမိ၏။
"ဒါဆိုရင် လော်အဖွဲ့အစည်းနဲ့ လေဟာနယ်မိန်းမပျိုဂိုဏ်းတို့က အချင်းချင်း တိုက်ခိုက်နေတာလား... ။ မဟုတ်ရင် ဘယ်သူကရော ထိပ်တန်းဆက်ခံသူတွေရဲ့ ကြားထဲမှာ ဝင်ပါရဲမှာလဲ... "
အလင်းတန်းလေး ပျံသန်းသွားသည်ကို မြင်သည့်အခါ သူက တွေဝေမနေရဲတော့ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်၍ ထိုးလိုက်၏။
"ဘုန်း... "
ခြံဝန်းထဲတွင် ရှိနေသော မီးတုတ်များက ရုတ်တရက် လေထဲသို့ မြောက်လာပြီး ကြာပန်းရေကန်ကို မီးထွန်းပေးလိုက်သည်။ အထူးခန်းမထဲတွင် ရှိနေသော ဖယောင်းတိုင်မီးများကလည်း ပို၍ တောက်ပလာပြီး အနီရောင် ပြောင်းလဲလာခဲ့၏။
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ရှိနေသော တိမ်တိုက်များကလည်း အက်ကွဲသွားပြီး လုံးဝိုင်းသော လမင်းကြီး ထွက်ပေါ်လာခဲ့သည်။ လမင်းကြီး၏ အလင်းရောင်က လက်သီးပေါ်တွင် ကျဆင်းနေပြီး အနီရောင်နေလုံးကြီးကဲ့သို့ ဖြစ်နေသည်။
လက်သီးနှင့် တိုက်ခိုက်လိုက်ပြီးနောက် ကုံယုက အထူးခန်းမထဲမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ဝမ်ကိုက်ကို ဆွဲခေါ်လိုက်၏။
ငွေတံဆိပ် လူဆိုးထိန်းကလည်း စတင်လှုပ်ရှားလိုက်ပြီး ကူရှောင်စန်းနှင့် အလင်းတန်း၏နောက်သို့ လိုက်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ကူရှောင်စန်းကို သေချာပေါက် တိုက်ခိုက်မည်ဖြစ်ကြောင်း သူသိနေ၏။
ငွေတံဆိပ်နှင့် ဝတ်ရုံဝတ်ထားသော လူက ညာလက်ကိုမြှောက်လိုက်ပြီး ခြံဝန်းထဲသို့ ဓားသဏ္ဍာန် ကန့်လန့်ဖြတ် လှမ်းခုတ်လိုက်သည်။ ထိုတိုက်ခိုက်မှုက နှေးကွေးပုံရသော်လည်း ကူရှောင်စန်းဆီသို့ ချက်ချင်း ရောက်လာခဲ့၏။
ကြာပန်းရေကန်ထဲတွင် ညှိုးခြောက်နေသော ကြာပန်းများက အသက်ဝင်လာပြီး လှုပ်ရှားကခုန်နေသလို ထင်မှတ်ရ၏။ ကြာရွက်များကလည်း တခဏအတွင်း စတင်ကြီးထွားလာပြီး အပွင့်အဖူးများ ထွက်ပေါ်လာခဲ့သည်။ ကြာပန်းလေးများလည်း ပွင့်လန်းလာသည်မှာ အလွန်လှပလွန်းလှ၏။
ထိုကြာပန်းလေးများက ညစ်ပတ်ပေရေနေသော ရွှံ့များထဲမှနေ၍ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ သို့သော် ထိုအချိန်တွင် သစ်ပင်ကြီးများက ညှိုးခြောက်သွားပြီး သစ်ခေါက်များ ကွာကျလာသည်။ လူအုပ်ကြီးများကတော့ မှင်တက်သွားခဲ့ကြ၏။
"ဒါက ဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုပဲ ။ ဘာတွေဖြစ်နေတာလဲ... "
မုန့်ချီက ဟွမ်ကျိရှီနှင့် စကားပြောနေရင်း ဤကမ္ဘာကြီးထဲရှိ မြင်ကွင်းများကို မြင်လိုက်ရသည်။ သူ့ခေါင်းထဲတွင်လည်း အတွေးတစ်ခု ပေါ်လာခဲ့၏။
"ဒါက ကူရှောင်စန်းရဲ့လုပ်ရပ်ကြောင့်လား... "
သူက ဝမ်မိသားစု ထိုင်နေသော အထူးခန်းမဆီသို့ လှည့်ကြည့်လိုက်သည်။
ခန်းမထဲတွင်ရှိနေသော အရာအားလုံးက သာမန်သာ ထင်မှတ်ရ၏။ အကယ်၍ ကုံယုကသာ အခန်းထဲသို့ ဝင်လာပြီး ဆွဲခေါ်သွားခဲ့ခြင်း မရှိလျှင် အပြင်လူများက သိလိမ့်မည် မဟုတ်ချေ။
"နတ်ဆိုးမက တကယ့်ကိုကောက်ကျစ်စဉ်းလဲတာပဲ ။ တကယ်လို့ ငါသာစောင့်ကြည့်ဖို့ ယပ်တောင် (၆) လက်ကျောင်းကို သတိမပေးခဲ့ဘူးဆိုရင် ရှန်ရှို့မေကို သတ်ပြီးသွားတာနဲ့ ဆန်းကြယ်နတ်သမီးဆက်ခံသူရဲ့နောက်ကို လိုက်သွားပြီး လွတ်မြောက်သွားလိမ့်မယ်..။ဟူး.. ။ သူပြောတဲ့အရာတွေက လိမ်နေတယ်ဆိုတာ ငါသိတယ်...။ မဟုတ်ရင် ငါက ဝမ်မိသားစုကို စိန်ခေါ်တဲ့အချိန်ထိ သူက လှုပ်ရှားမှာ မဟုတ်ဘူး... "
မုန့်ချီက လက်ထဲတွင် ဓားကိုကိုင်၍ အထူးခန်းမဆီသို့ ခုန်ဝင်သွားခဲ့သည်။ သူကတော့ ဆန်းကြယ်နတ်သမီးဆက်ခံသူကို စိတ်မဝင်စားသော်လည်း နတ်ဆိုးမကိုတော့ ထွက်သွားခွင့် မပေးနိုင်ပေ။
ကုံယု၏ လက်သီးချက်က ဆန်းကြယ်နတ်သမီး အလင်းတန်းကို တိုက်ခိုက်လိုက်မိသည်။ ထိုအချိန်တွင် အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ ပျံသန်းသွားသော အလင်းရောင်ကလည်း လှုပ်ရှားသွားပြီး တည့်တည့်ကို ထိုးဖောက်သွားခဲ့သည်။
ဓားသဏ္ဌာန်လက်က ကူရှောင်စန်းကို တိုက်ခိုက်မိတော့မည့်အချိန်တွင် မုန့်ချီက သူ၏တီးတိုးဓားနှင့် တိုက်ခိုက်လိုက်သည်။ ထိုအလင်းတန်းက ခန့်မှန်း၍မရနိုင်ပဲ ရပ်တန့်ရန်လည်း မဖြစ်နိုင်ပေ။
ကူရှောင်စန်း၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ထိတ်လန့်မှုတစ်ခု ပေါ်လာခဲ့၏။ သူမကတော့ အံ့ဩမှင်တက်သွားခဲ့သည်။ သူမက အလွန်ရက်စက်ကြမ်းကြုတ်သော မုန့်ချီကို စိုက်ကြည့်နေမိသည့်အချိန်တွင် သူမ၏မျက်လုံးထဲ၌ နာကျင်မှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။ သူမ၏မျက်လုံးထဲတွင် ခံစားချက်ပေါင်းများစွာ ပြည့်နှက်နေ၏။
သူမက မသက်မသာ သက်ပြင်းချလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာက တဖြည်းဖြည်း ကြီးလာခဲ့သည့်အချိန်တွင် စာကြောင်းများ ပြည့်နေသော အဆောက်အဦးလေး တစ်ခုဖြစ်ကြောင်း နားလည်သွား၏။
အလင်းတန်းက အဆောက်အဦးကို ထိလိုက်မိသည့်အချိန်တွင် စွမ်းအားများက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်။ သို့သော် အဆောက်အဦးလေး ပျက်စီးသွားသည့်အချိန်တွင် စာကြောင်းများက အသက်ဝင်လာပြီး လေထဲတွင် လွင့်မျောနေခဲ့၏။ ထို့နောက် အလွန်အစွမ်းထက်သော လေလှိုင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ထိုလေလှိုင်းများက လေထဲတွင် လွှမ်းခြုံလာပြီး ပတ်ဝန်းကျင်ကပင် တုန်လှုပ်သွားခဲ့၏။ ထိုစာကြောင်းများနှင့် စကားလုံးများအားလုံးက အသက်ဝင် လှုပ်ရှားလာနေသလို ထင်မှတ်ရသည်။ သူတို့က ကူရှောင်စန်း၏ ပတ်ပတ်လည်တွင် လွှမ်းခြုံလာပြီး တစ်ဖက်တွင်တော့ ဆန်းကြယ်နတ်သမီးဆက်ခံသူဆီမှ ထွက်လာသည့် အလင်းတန်းကို လွှမ်းခြုံလိုက်သည်။ ထို့နောက် စာကြောင်းလေးများက ကူရှောင်စန်း၏ အငွေ့အသက်ကို ဆွဲငင်ယူဆောင်သွားခဲ့၏။
ကူရှောင်စန်း၏ လက်ထဲတွင် နောက်ထပ် ပစ္စည်းတစ်ခု ရှိသည်။ တခြားလူများက ထိုအရာကို မသိသော်လည်း မုန့်ချီက ကောင်းကောင်းကြီး သိနေ၏။ ထိုအရာက သံသရာတံဆိပ်တစ်ခု ဖြစ်သည်။
ငွေတံဆိပ် လူဆိုးထိန်းနှင့် ကုံယုတို့က နောက်တစ်ကြိမ် မတိုက်ခိုက်သေးခင် သူမက လက်ထဲတွင် ကိုင်ထားသော တံဆိပ်ကို ဖျက်ဆီးလိုက်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
စာကြောင်းများ လွှမ်းခြုံထားသော အလင်းတန်း (၂) ခုကလည်း မြို့တောင်ပိုင်းတွင် ရှိနေသော ဥယျာဉ်တစ်ခုဆီသို့ ပျံသန်းသွားခဲ့၏။
……….
ခြံဝန်းတစ်ခု၏ အလယ်တွင်…
နတ်သမီးသဖွယ် လှပသော မိန်းမပျိုလေးတစ်ယောက်က သူမ၏ ချီစွမ်းအင်များကို လှည့်ပတ်နေသည့်အချိန်တွင် အလင်းတန်း (၂) ခုက သူမဆီကို ရောက်လာကြောင်း မြင်လိုက်ရသည်။ သူမက အံ့ဩမှင်တက်သွားခဲ့ပြီး လက်ဝါးနှင့် ရိုက်လိုက်သည့် အချိန်တွင် ခရမ်းရောင် အလင်းတန်း (၃) ခု ပေါင်းစပ်လာခဲ့၏။
သူမက ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုကို သုံးလိုက်ခြင်းဖြစ်သည်။ သို့သော် အလင်းတန်းကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိဘဲ သူမကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။
"ဘုန်း... "
အလင်းတန်းက ပေါက်ကွဲသွားခဲ့ပြီး စကားလုံးများက ပျက်စီး၍ ရှေးဟောင်း တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မြို့အနှံ့တွင် အလွန်ကြမ်းတမ်းခက်ထန်သော လေလှိုင်းများလည်း ထွက်ပေါ်လာပြီး ကောင်းကင်ကြီးပေါ်သို့ ဦးတည်သွားခဲ့သည်။ အထူးသဖြင့် လေလှိုင်းများက ဝမ်မိသားစု ဘိုးဘေးနယ်မြေ၏အနားတွင် ပေါ်လာခြင်း ဖြစ်သည်။
တံခါးကြီးက ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် အလင်းစက်များက မြေပေါ်သို့ ကျသွားခဲ့၏။ ကူရှောင်စန်းနှင့် ဆန်းကြယ်နတ်သမီးဆက်ခံသူတို့ကိုတော့ နောက်တစ်ကြိမ် မတွေ့ရတော့ပေ။
………..
တိတ်ဆိတ်ခြင်းပိုးထည်ကျောင်းဆောင်၏ အတွင်းထဲတွင် ပိန်ပိန်ပါးပါး အဘိုးအို တစ်ယောက်က လက်နောက်ပစ်ပြီး ထိုနေရာကို ကြည့်နေခဲ့၏။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။
"ဒီနေရာမှာ အင်မော်တယ်အငွေ့အသက်နဲ့ ကောင်းကင်ခုံရုံးတံခါး ပေါ်လာခဲ့တယ်... ။ နတ်ဘုရားမက ကောင်းကင် (၉) သွယ်ရဲ့သဲလွန်စကို တကယ်တွေ့သွားတာပဲ ။ ဒါကြောင့်လည်း သူက အခုနောက်ပိုင်း တစ်ယောက်တည်း လျှို့ဝှက်ပြီး လှုပ်ရှားနေတာထင်တယ်... "
စားပွဲခုံပေါ်တွင် အပြာနုရောင် မီးအိမ်လေးတစ်ခု ရှိနေသည်။ မီးတောက်များကတော့ တည်ငြိမ်နေပြီး လှုပ်ရှားနေခြင်း မရှိချေ။ မီးတောက်၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက သာမန်သာ ထင်မှတ်ရ၏။ ထိုအချိန်တွင် ယဲ့တူမြို့တစ်ခုလုံး၌ ကြောက်စရာကောင်းသော လေလှိုင်းများ တိုက်ခိုက်နေသော်လည်း ဘာကြောင့် ထိုမီးတောက်က မလှုပ်ရှားရသနည်း။ ထိုအရာကတော့ ဤလောကကြီးထဲမှ မဟုတ်သော အရာတစ်ခုကဲ့သို့ ထင်မှတ်ရသည်။
……………
ခန်းမတစ်ခု၏ အတွင်းထဲတွင်တော့ ဓားရှည်တစ်ချောင်း ရှိနေ၏။ ခရမ်းရောင် မီးတောက်များ ရှိနေသော မီးအိမ်တစ်ခုကလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလွန်ထူးဆန်းသော လေလှိုင်းတစ်ခု ထွက်လာပြီး မီးတောက်က ချက်ချင်းပင် တောက်ပလာခဲ့၏။
ခန်းမထဲတွင် ထိုင်နေသော မိန်းကလေးက အလွန်လှပပြီး သိမ်မွေ့သည်။ သူမ၏ပုံစံက နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ ထိုအချိန်တွင် သူမက မတ်တပ်ရပ်ပြီး ရေရွတ်လိုက်သည်။
"ငါက အင်မော်တယ်အငွေ့အသက်နဲ့ ကောင်းကင်ခုံရုံးရဲ့အစွမ်းကို ခံစားမိတယ်... ။ ကောင်းကင် (၉) သွယ်က ပြန်ပေါ်လာတော့မှာလား... ။ ဒီဖြစ်စဉ်တွေအားလုံးက ရေးထားပြီးသားပဲ ။ အဲဒါက သူ့ရဲ့ကံကြမ္မာပဲ ။ ငါကလည်း ငါ့ရဲ့ကံကြမ္မာအတိုင်း လူသားကမ္ဘာကြီးထဲမှာ ကျင်လည်ရမယ်... "
………..
အဆောင်ခန်းလေးတစ်ခုထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မိန်းကလေးငယ်လေး တစ်ယောက်က ရုတ်တရက် နိုးလာပြီး ဗလုံးပထွေး အော်ဟစ်နေခဲ့သည်။
"သခင်မလေး အဆင်ပြေရဲ့လား... "
အစေခံမလေးက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာ ဘာ ဘာမှမဟုတ်ပါဘူး... ။ ငါ အိပ်မက်ဆိုးမက်နေတာ... "
အစေခံမလေးကို ပြန်ဖြေလိုက်ပြီးနောက် သူမက ဇဝေဇဝါ ဖြစ်နေခဲ့၏။
သူမ၏ခေါင်းထဲတွင် တစ်စုံတစ်ခု ရောက်နေသလို ထင်မှတ်ရသည်။ သို့သော် ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သူမလည်း မသိချေ။ သူမကတော့ အိပ်မက်ဆိုးကြီးတစ်ခုမှ နိုးထလာသလို ခံစားနေရ၏။
"ဆန်းကြယ်နတ်သမီးဆက်ခံသူလား... "
သူမက မျက်မှောင်ကြုတ်နေမိသည်။ သူမကတော့ ကျန်ရှိနေသော အလင်းစက်များကို အဖြေမရှာနိုင်သလို မည်သည့်အရာကိုမျှ နားမလည်နိုင်ပေ။
………
ဝမ်ကိုက် ၊ ကုံယုနှင့် တခြားလူများက တံခါးကြီး ပေါ်လာခဲ့သော နေရာကို ရောက်လာကြသည့်အချိန်တွင် ထိုနေရာ၌ အလင်းစက်များသာ ကျန်နေတော့၏။ ထိုဖြစ်စဉ်က မုန့်ချီ မျှော်လင့်ထားသော အရာမျိုး မဟုတ်ချေ။
သူက စဉ်းစားမနေဘဲ မည်သူမျှ သတိမထားမိခင် ဦးတည်ချက် ပြောင်းသွားခဲ့၏။ သူက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကို သုံးလိုက်ပြီး ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးအတုနှင့် ပြည့်တန်ဆာ မိန်းမပျိုရှိနေသော ဥယျာဉ်ဆီသို့ ပြေးသွားခဲ့သည်။
Translated by Hein Htet.