အခန်း (၂၃၃)
Vol. 16 Ch. 233
မုန့်ချီက ရှေ့တံခါးကို လျစ်လျူရှုလိုက်ပြီး နံရံကို ခုန်ကျော်၍ မြေပြင်ပေါ်သို့ တိတ်တဆိတ် ဆင်းသက်လိုက်သည်။
သူက ဘယ်လက်နှင့် သွေးကြောဓားကို ဆွဲထုတ်လိုက်၏။ ဓားပေါ်တွင် အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့သည်။အင်မော်တယ် ဖိနှိပ်ခြင်း ကျင့်စဉ်ကိုလည်း သုံးထားသည့်အတွက် ဘယ်ဘက်အခန်းထဲတွင် လူနှစ်ယောက် ရှိနေကြောင်း မုန့်ချီက တွေ့နေရ၏။သူတို့၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ လျင်မြန်စွာ စီးဆင်းနေသည့်အတွက် သူတို့က အလွန်သတိထားနေကြောင်း ပြသနေသည်။
"အသံနဲ့သူတို့ကို နှောင့်ယှက်လိုက်ရင်ကောင်းမလား ...."
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီးနောက် သူက ညာခြေထောက်နှင့် ကျောက်ခဲလေး တစ်လုံးကို လှမ်းကန်လိုက်သည်။
ကျောက်ခဲက အခန်း၏ ပြတင်းပေါက်ကို ထိသွားခဲ့၏။ ကျောက်ခဲနှင့်အတူ သူက ဓားကို ပြောင်းပြန်လှန်ပြီး ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ သူ့ပုံစံက အမှန်တကယ် မရှိသော အလင်းတစ်ခုကဲ့သို့ ထင်မှတ်ရ၏။
"ဖောက်...."
ကျောက်ခဲက ပြတင်းပေါက်စက္ကူကို ဖြတ်ကျော်ပြီး အထဲတွင် ထိုင်နေသော မိန်းမပျိုနှစ်ယောက်ဆီကို ရောက်သွားခဲ့၏။ သူတို့၏ လက်ထဲတွင် ဓားတို(၂)ချောင်းဆီ ကိုင်ထားပြီး တစ်ယောက်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကျောက်ခဲလေးက အဝေးသို့ လွင့်သွားခဲ့သည်။
သူမက နောက်ပြန်လှည့်ကြည့်ပြီး တိုက်ခိုက်မှုကို ခုခံရန် ပြင်လိုက်စဉ် မျက်စိတမှိတ်အတွင်း သူမ၏ရှေ့၌ အနက်ရောင်လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရိပ်က မကောင်းဆိုးဝါးတစ္ဆေတစ်ကောင် ပေါ်လာသလို ထင်မှတ်ရ၏။
သွေးကြောဓားက ဓားတို (၂)ချောင်းကို အလွယ်တကူ ဖြတ်ကျော်သွားပြီး သူမ၏ လည်ပင်းကို ဖြတ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် တခြားမိန်းမပျိုက မုန့်ချီ၏ နောက်တွင် ပေါ်လာပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။
သို့သော် သူပြန်လှည့်လိုက်သည့်အချိန်တွင် မိန်းမပျို၏အရှိန်အဝါကလည်း လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုမိန်းမပျိုက မျှခြေ ဆုံးရှုံးသွားခဲ့ရသည်။
သွေးကြောဓားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် သူမက လည်ပင်းကို လက်နှင့်အုပ်ပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။ လေဟာနယ်မိန်းမပျိုဂိုဏ်းမှ တပည့်(၂)ယောက်ကတော့ တစ်ကြိမ်တည်းနှင့် အသတ်ခံလိုက်ရသည်။
သို့သော် မုန့်ချီကတော့ အတော်လေးကို သက်တောင့်သက်သာ ခံစားနေရ၏။ ထိုအရာကလည်း အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၊ ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်နှင့် တုကူးဓား (၉)ကွက်တို့ကြောင့် ဖြစ်သည်။
မုန့်ချီက အချိန်ဖြုန်းမနေတော့ပဲ အခန်း၏ ထောင့်နေရာတိုင်းတွင် ပစ္စည်းများကို ရှာဖွေနေသည်။ ရုတ်တရက်ဆိုသလို မျက်လုံးက တစ်နေရာကို စိုက်ကြည့်မိခဲ့၏။ ထိုနေရာတွင် အဆောက်အဦးငယ်လေးတစ်ခု ရှိသော်လည်း ပျက်စီးနေပုံရသည်။ မှေးမှိန်နေသော အဆောက်အဦးလေးထဲတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေခဲ့၏။
"ကူရှောင်စန်းက ဆန်းကြယ်နတ်သမီး ဆက်ခံသူကို တကယ် သတ်နိုင်ခဲ့တာပဲ ... "
ထိုအဆောက်အဦးက ဆန်းကြယ်နတ်သမီး ဆက်ခံသူကို ဆင့်ခေါ်ရန် အသုံးပြုရခြင်းဖြစ်သည်။
အကယ်၍ ဆန်းကြယ်နတ်သမီး ဆက်ခံသူက မသေသေးပဲ သူ မှီခိုထားသော ခန္ဓာကိုယ်က ဖျက်စီးခံလိုက်ရမယ်ဆိုလျှင်ပင် ထိုအရာက အကောင်းတိုင်း ရှိနေနိုင်သေးသည်။ ထိုအရာကို မြင်သည့်အခါ မုန့်ချီက စိတ်အေးသွားခဲ့၏။ ဆန်းကြယ်နတ်သမီးဆက်ခံသူက ချက်ချင်း မသေသွားခြင်းလည်း ဖြစ်နိုင်သေးသည်။
ထို့ကြောင့် ကူရှောင်စန်းက သူမကို အလွယ်တကူ သတ်ပစ်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ကူရှောင်စန်းက ဆန်းကြယ်နတ်သမီးဆက်ခံသူ၏ အငွေ့အသက်များကို ပစ်မှတ်ထားပြီး ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားကို အသက်သွင်းရန် နည်းလမ်းတစ်ခုကို ရှာဖွေချင်ခဲ့သည်။ ထို့နောက် ကောင်းကင်(၉)သွယ်ကို တံခါး ဖွင့်ချင်နေခဲ့၏။
"သူက ကောင်းကင်ခုံရုံးနဲ့ ပတ်သက်တဲ့ သီးခြားတာဝန်တွေကနေတဆင့် ဆန်းကြယ်နတ်သမီး ဆက်ခံသူရဲ့ အချက်အလက်တွေကို ရခဲ့တာ ဖြစ်မယ်..။ မဟုတ်ရင် သာမန်လူတွေတောင်မသိတဲ့ လျှို့ဝှက်ချက်တွေကို ရဖို့တော်တော်လေး ခက်မယ် ...။ ငါက သူ့ကို ဒီတစ်ကြိမ် အရူးလုပ်နိုင်ခဲ့ပြီ ..."
မုန့်ချီက စိုးရိမ်နေသည့်အချိန်တွင် ကူရှောင်စန်းကတော့ အလွန်ထူးခြားသော နည်းလမ်းတစ်ခုနှင့် သူမကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သည်။
မည်သူကမျှဓမ္မကာရအဆင့်နှင့် ဝေ့ကျင်းအဆင့် ပညာရှင်များ လိုက်လံတိုက်ခိုက်မည့် အရေးကို စွန့်စားပြီး ကောင်းကင် (၉)သွယ်အပျက်အစီးကို ရှာဖွေလိုကြခြင်း မရှိပေ။ အကယ်၍ ကောင်းကင် (၉)သွယ်အပျက်အစီးကိုမည်သို့ရှာဖွေနိုင်ကြောင်း မသိလျှင်ပင် သူတို့က ကူရှောင်စန်း၏ နောက်ကို မသေမချင်း လိုက်ကြမည်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူတို့က အောင်မြင် ကျော်ကြားမှုနှင့် ချမ်းသာမှုအတွက် အသက်ပေးရန် အဆင့်သင့်ဖြစ်နေကြသည်။
သူမကတော့ လော်အဖွဲ့အစည်းကိုပင် ပြောပြထားပုံမရချေ။ အကယ်၍ ကောင်းကင်(၉)သွယ် အပျက်အစီးကသာ ပေါ်သွားမည်ဆိုလျှင် သက္ကတဓမ္မရာဂျနှင့် နတ်ဆရာကပင် သူမအပေါ် ပစ်မှတ်ထားနိုင်လာ၏။ မည်သို့ဖြစ်စေကာမူ သူတို့က ထိုကဲ့သို့ ကြီးမားသော ရတနာတစ်ခုကို သူမ တစ်ယောက်တည်း ပိုင်ဆိုင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
ထိုအရာက ရှေ့ဟောင်းလျှို့ဝှက်ချက်များနှင့်လည်း ပတ်သက်နေသေး၏။ သူမက ထိုလျှို့ဝှက်ချက်များကို သူတို့နှင့် မျှဝေပေးနိုင်မည်လော။ အကယ်၍ သူမကသာ လျှို့ဝှက်ချက်ကို မျှဝေပေးရန် ဆုံးဖြတ်လိုက်မည်ဆိုလျှင် သံသရာအရှင်သခင်၏ အချက်အလက်များကို မည်သို့ ဖုံးကွယ်ထားတော့မည်နည်း။
မုန့်ချီက သူမ၏ ပြဿနာများကို စဉ်းစားကြည့်လိုက်ပြီး အတော်လေး ဝမ်းသာသွားခဲ့သည်။ ထို့ပြင် ကောင်းကင် (၉)သွယ် အပျက်အစီးကို ရှာဖွေရန် သူမတစ်ယောက်တည်း၏ စွမ်းအားနှင့် မလုံလောက်သေးပေ။ ပြောရမည်ဆိုလျှင် သူမက အကျိုးအမြတ်များစွာ မရခင် ပြဿနာပေါင်းမြောက်များစွာကို ရင်ဆိုင်ရမည်ဖြစ်၏။ သူမ၏ သီးခြားတာဝန်ကလည်း အောင်မြင်နိုင်ခြင်း မရှိသေးပေ။
မုန့်ချီ၏ ထင်မြင်ချက်များအရ သူမက ရှန်ရှို့မေကို သတ်ရန် စီစဉ်ထားခဲ့သည်။ သူမက လူသတ်သမားဖြစ်ကြောင်း ဝမ်ဆဲနှင့် တခြားသူများက မသိသေးခင် အင်မော်တယ် အငွေ့အသက်တစ်ချို့ကို ရယူပြီး အေးအေးဆေးဆေးထွက်သွားရန် စဉ်းစားထားပုံရ၏။
ထို့နောက် ထိုအင်မော်တယ် အငွေ့အသက်၏ အကူ အညီနှင့် ဆန်းကြယ် နတ်သမီး ဆက်ခံသူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို တွေ့သွားနိုင်သည်။ သူ့ကို သတ်လိုက်မည်ဆိုလျှင် အင်မော်တယ် အငွေ့အသက်အလုံအလောက် ရသွားနိုင်၏။ ထို့နောက် သူမက အေးအေးဆေးဆေး ထွက်သွားနိုင်သည်။
နောက်ဆုံးတွင်တော့ သူမက ချောင်ကျသောနေရာတစ်ခုသို့ သွားပြီးနောက် ပြန်လည်ဝင်စားခြင်းတံဆိပ်၊ ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားနှင့် အင်မော်တယ် အငွေ့အသက်များကို သုံးပြီး တံခါးကို တိတ်တဆိတ် ဖွင့်နိုင်ပါလိမ့်မည်။
မုန့်ချီက ထိုအရာကို ယပ်တောင် (၆) လက်ကျောင်းဆီသို့ သတင်းပို့ခဲ့သည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များက သူမကို စောင့်ကြည့်နေကြ၏။ ထို့ကြောင့် သူမလည်း မတတ်သာတော့ပဲ ကောင်းကင်ခုံရုံး၏ နယ်မြေခံအမှတ်အသားနှင့် ပြန်လည်ဝင်စားခြင်းတံဆိပ်တို့ကို သုံးပြီး ထွက်သွားလိုက်ရသည်။
မုန့်ချီကလည်း သေဆုံးသွားသော ကျန်းဝူအင်ပါယာ၏ လျှို့ဝှက်ချက်များကို ရှာဖွေရမည့် သီးခြားတာဝန်တစ်ခု ပွင့်ထားခဲ့သည်။ ထို့ကြောင့် ကောင်းကင်(၉)သွယ် အပျက်အစီး ပေါ်လာတော့မည့်အချိန်တွင် သူကတော့ အလွန်အမင်း နောင်တရနေခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူက ထိုအရာနှင့် အလွန်အမင်းပတ်သက်နေခြင်း မရှိသလို တစ်စုံတစ်ရာ အကျိုးအမြတ်ရနိုင်မည်လည်း မဟုတ်ချေ။
ကူရှောင်စန်းကတော့ လူကောင်း လူဆိုး ပညာရှင်(၂)မျိုးလုံး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရနိုင်သည့်အတွက် သူမက လော်အဖွဲ့အစည်းကိုသာ အားကိုးနိုင်သည်။ သူမက ထိုအရာများကို သူတို့နှင့် မျှဝေပေးရန်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ခြံဝန်းထဲတွင် လျင်မြန်စွာ ရှာဖွေကြည့်လိုက်ပြီးနောက် သူနှင့် ပတ်သက်၍ ပေါ်သွားစေနိုင်သော သဲလွန်စတစ်ခုမျှ မတွေ့ခဲ့ရချေ။ ထို့ကြောင့် သူလည်း မိန်းမပျို (၂)ယောက်၏အလောင်းကို အိပ်ယာပေါ်သို့ ဆွဲတင်လိုက်၏။
ထို့နောက် အခန်းထဲတွင် ဆီများ ဖြန်းလိုက်သည်။ ထိုအိပ်ယာပေါ်မှနေ၍ ကြိုးတစ်စကို ချလာပြီး ထိုကြိုးစကို မီးတုတ်နှင့် မီးရှို့လိုက်၏။ မီးတောက်များက ကြိုးအတိုင်း ပျံ့နှံ့သွားပြီး အခန်းတစ်ခုလုံး မီးလောင်သွားသည့်အတွက် ခြေရာလက်ရာများ ပျောက်သွားခဲ့သည်။
မုန့်ချီက မီးတုတ်နှင့် ကြိုးများစွာ ပြင်ဆင်ထားပြီး မတော်တဆ မီးငြိမ်းသွားခြင်းမှ ကာကွယ်ရန် ပြင်ဆင်ထားသည်။ အကုန်လုံးကို မီးရှို့လိုက်ပြီးနောက် သူလည်း နံရံပေါ်မှ ခုန်ကျော်ပြီး ထွက်သွားခဲ့သည်။
သူက မြို့ထဲတွင် တစ်ပတ် ပတ်လိုက်ပြီးနောက် ဝမ်ဟွာစားသောက်ဆိုင်သို့ ချက်ချင်း ပြန်လာခဲ့သည်။ စားသောက်ဆိုင်သို့ သူရောက်လာသည့်အချိန်တွင် ကုံယု၊ ဝမ်ဆဲနှင့် တစ်ခြားသူများလည်း ပြန်လာကြောင်း မြင်လိုက်မိ၏။သူတို့ကလည်း မည်သည့်အရာမျှရခဲ့ပုံ မပေါ်ချေ။
ထိုအချိန်တွင် ကျောက်စိမ်းတံတား လမ်းကြားလေး၏ အဆုံးမှနေ၍ အလွန်ကြီးမားသော မီးတောက်ကြီးတစ်ခု ထွက်လာသည်။ ကောင်းကင်ကြီးကပင် နီရဲနေခဲ့၏။ သူတို့အားလုံးက စကားမပြောနိုင်ကြဘဲ ထိုနေရာသို့ ပြေးသွားခဲ့ကြ၏။
မီးတောက်များက အလွန်ကြီးမားလှသည့်အတွက် အခန်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ မီးငြိမ်းသွားသည့်အချိန်တွင် ကုံယုက ခဏကြာရှာဖွေပြီး ကောက်ချက်ချလိုက်၏။
"အခန်းထဲမှာ လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့အဆောက်အဦးရှိနေတယ်ဆိုတော့ ဒါက သူတို့ပုန်းနေတဲ့ နေရာတစ်ခု ဖြစ်မယ်။ လူသေအလောင်း(၂)ခုက လောင်ကျွမ်းသွားပြီ...။ သူတို့ သေရတဲ့ အကြောင်းအရင်းကတော့ လည်ပင်းမှာရှိတဲ့ ဒဏ်ရာကြောင့်ပဲ။ ကြည့်ရတာ သူတို့ကို လော်အဖွဲ့အစည်းက ရှင်းလင်းသွားတာဖြစ်မယ်.…...."
မည်သူကမျှထိုကောက်ချက်ကို ငြင်းဆန်နေကြခြင်း မရှိချေ။ မကြာသေးခင်လေးကမှ လော်နတ်ဘုရားမက ဆန်းကြယ်နတ်သမီးဆက်ခံသူ၏ ခန္ဓာကိုယ်ကို သတ်ပစ်ခဲ့သည်။
လူတိုင်းက တိတ်ဆိတ်သွားသည့်အချိန်တွင် မုန့်ချီက မေးလိုက်၏။
"လူဆိုးထိန်းကုံနှင့် သခင်လေးဝမ်…
ကျွန်တော်က လိုက်တာ လွဲသွားတယ်..။ သခင်လေးတို့က ဘာတွေရခဲ့လဲ..."
မုန့်ချီက စပ်စုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နေရာအနှံ့ပြန့်ကျဲနေသော တံခါးကြီး၏ အလင်းစက်များကြောင့် ဖြစ်သည်။ ကုံယု ၊ဝမ်ဆဲနှင့် တစ်ခြားသူများကတော့ အခွင့်အရေးရမလားဟု တွေးပြီး လိုက်လာကြခြင်းဖြစ်သည်။
ဝမ်ကိုက်က သက်ပြင်းချပြီး ပြောလိုက်၏။
"ဘာမှမတွေ့ပါဘူး။ လော်နတ်ဘုရားမနဲ့ ဆန်းကြယ်နတ်သမီးဆက်ခံသူက (၂)ယောက်လုံး ပျောက်သွားတယ်...”
“ဘာသဲလွန်စမှ မရှိဘူးလား.…"
မုန့်ချီက မေးလိုက်သည်။ အမှန်အတိုင်းပြောရလျှင်တော့ သူတို့က ဆန်းကြယ်ကောင်းကင်ကျောက်တုံးကို တွေ့မတွေ့ သူက သိချင်နေသည်။
ကုံယုက ခေါင်းခါပြီး ပြောလိုက်၏။
"ခြံဝန်းထဲမှာတော့ ထူးခြားတာ ဘာမှမရှိဘူး.။ သာမန်နေ့စဉ်သုံးပစ္စည်းတွေပဲ ရှိတယ်..…"
"ဪ..."
မုန့်ချီက နောင်တရသလို အမူအရာမျိုး ဖြစ်သွားခဲ့၏။
"တော်သေးတာပေါ့။ ဆန်းကြယ်ကောင်းကင်ကျောက်တုံးက ကူရှောင်စန်းနဲ့ ရှိနေတာပဲဖြစ်မယ်..."
သူတို့က ဝမ်ဟွာစားသောက်ဆိုင်သို့ ပြန်သွားပြီး ရှုန်ရှို့မေကို သတ်သည့်အချိန်တွင် ကူရှောင်စန်းဆီမှ ကျန်ခဲ့သော သဲလွန်စများကို ရှာဖွေနေကြသည်။
မုန့်ချီကတော့ အရှုပ်အထွေးများကြားထဲတွင် သူ၏အစေခံ ပျောက်သွားခဲ့သည့် အကြောင်းကို ဇာတ်လမ်းဆင်ရန် စဉ်းစားနေခဲ့၏။ ထိုအချိန်တွင် နားထဲ၌ အသံတိုးတိုးကို ကြားလိုက်ရသည်။
"သခင်လေးအဆင်ပြေရဲ့လား...."
မုန့်ချီက မှင်တက်သွားခဲ့၏။ သူ့ဆီကို ရောက်လာသူအား သေချာကြည့်လိုက်ရာ ထိုအစေခံမလေးက ကူရှောင်စန်း ပုံစံဟန်ဆောင်ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် ကူရှောင်စန်းတော့ မဟုတ်ချေ။
"ဒါက..."
မုန့်ချီက အံ့ဩမှင်တက်သွားပြီး ကုံယုကို ကြည့်လိုက်သည်။
သူက တစ်ခြားသော လူဆိုးထိန်းများကို ခေါင်းညိတ်ပြလိုက်၏။ ယပ်တောင်(၆)လက်ကျောင်းက သက်ရောက်မှုများကို ပြင်ဆင်ရာတွင် အတော်လေး ကောင်းမွန်လှသည်။ သူတို့က ဟာကွက်နည်းနည်းလေးပင် မကျန်ခဲ့ချေ။
မုန့်ချီကတော့ စိတ်ထဲတွင် ကြိတ်၍ ရယ်လိုက်မိပြီး သူမကိုပြောလိုက်၏။
"မိန်းကလေးကျိ …ငါ အဆင်ပြေပါတယ်..…"
မိန်းကလေးကျိက မုန့်ချီ၏နောက်သို့ ရိုရိုကျိုးကျိုး လိုက်လာပြီး တိတ်ဆိတ်နေခဲ့သည်။ ဝမ်ကိုက်နှင့် တစ်ခြားသူများက သူမကို အလေးမထားကြသည့်အတွက် သူ၏အစေခံပြောင်းလဲသွားသည်ကို သတိမထားမိခဲ့ကြပေ။
မုန့်ချီကို သံသယဝင်စရာ မရှိသည့်အတွက် သူတို့က လော်နတ်ဘုရားမကိုသာ လူသတ်သမားအဖြစ် သတ်မှတ်လိုက်ကြသည်။ သူမက မုန့်ချီနှင့် ဟွမ်ကျိရှီတို့ တိုက်ခိုက်နေစဉ် အတောအတွင်း ရှန်ရှို့မေကို လုပ်ကြံသတ်ဖြတ်လိုက်သည်ဟု ယုံကြည်နေကြ၏။
ဝမ်ဆဲက အစေခံအဘိုးကြီးနှင့်အတူ ပြန်လာခဲ့သည်။ ဝမ်ကိုက်ကို မြင်သည့်အခါ သူကမေးလိုက်၏။
"အစ်ကို … ရှို့မေကို မြင်သေးလား...။ ဘာတွေဖြစ်သွားတာလဲ...."
သူ အိမ်သာသွားနေသည့်အချိန်တွင် အရာအားလုံးက ဘာကြောင့် လုံးဝပြောင်းလဲသွားသနည်း။ သူက ဝမ်မိသားစု၏ သခင်လေးတစ်ယောက် ဖြစ်သည့်အတွက် လေဟာနယ် မိန်းမပျိုဂိုဏ်းနှင့် ပတ်သက်သော ဆန်းကြယ်နတ်သမီးဆက်ခံသူ၏ကိစ္စကို လျှို့ဝှက်ထားရမည်ဖြစ်သည်။
ဝမ်ကိုက်က သူ့ကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် တည်ငြိမ်စွာ ရှင်းပြလိုက်၏။ ဝမ်မိသားစု တပည့်အနည်းငယ်ကလွဲလျှင် မိုးကြိုးဓား ဒေါသကိုယ်တော် ၊ လူဆိုးထိန်းကုံနှင့် ငွေတံဆိပ် လူ ဆိုးထိန်းကသာ ထိုမြင်ကွင်းကို မြင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိုသတင်းကိုပြန်မဖြန့်ရန် ဝမ်မိသားစုက သူတို့အပေါ် ကျေးဇူးကြွေးတင်သွားခဲ့၏။
ဝမ်ကိုက်၏စကားကို နားထောင်လိုက်ပြီးနောက် ဝမ်ဆဲ၏ မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက တစ်ခြားသူများကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်ရာ သူတို့က ခေါင်းညိတ်ပြလိုက်ကြသည်။
သူက မှင်တက်သွားခဲ့၏။ ထို့နောက် အဝေးကို ကြည့်လိုက်ရာ အစေခံအိုကြီးကတော့ သူ့ပုခုံးကို ပုတ်လိုက်သည်။
အဖြစ်အပျက်များက ရှင်းလင်းလာသည့်အချိန်တွင် နတ်ဆိုးမက သူဌေးရွှယ်က ထိန်းချုပ်ပြီး သူတို့အားလုံးဆီသို့ ပန်းပွင့် အရက်များ ပို့ခိုင်းလိုက်ကြောင်းလည်း သိလာခဲ့သည်။ သူကတော့ တည်ငြိမ်နေခြင်း မရှိသည့်အတွက် သူမ၏ရုပ်ရည်ကို သေချာမမှတ်မိခဲ့ပေ။
ဝမ်မိသားစုဝင်များ သူတို့၏နေအိမ်သို့ ပြန်သွားကြပြီးနောက် မုန့်ချီက အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းကုံယုနှင့် သူ၏ခြံဝန်းထဲသို့ ထွက်လာခဲ့သည်။
"သခင်လေးစုကို ကျေးဇူးတင်ပါတယ်....။ ယဲ့တူက အခုတော့ အေးချမ်းသွားပါပြီ...။ မဟုတ်ရင် ကျွန်တော်က တာဝန်မကျေဘူးလို့ အပြောခံရမှာ….."
ကုံယုက သူ့ကို လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။
"သခင်လေးစုကိုကော လော်နတ်ဘုရားမက လိုက်ပြီး တိုက်ခိုက်နေတာလား…”
“အမှန်အတိုင်းပြောရရင် ကျွန်တော်က ဆရာကြီးတို့ကို ကျေးဇူးတင်ရမှာပါ....။ သူက အရင်ဆုံး ကျွန်တော့်နောက်ကို လိုက်နေတယ်ဆိုတာ ဆရာကြီးတို့လည်း သိတာပဲ...။ ဒါပေမယ့် ကျွန်တော်က ဆန်းကြယ်နတ်သမီးဆက်ခံသူကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်လေ...။ အသက်ရှင်ခွင့်ရဖို့အတွက် ကျွန်တော်က သူနဲ့ပူးပေါင်းပြီး ဆန်းကြယ်နတ်သမီးဆက်ခံသူကို လုပ်ကြံဖို့ ကြိုးစားခဲ့ရတာ..။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို မောင်းထုတ်နိုင်ခဲ့တာက ဆရာကြီးတို့ပါပဲ...။ ဆရာကြီးတို့က ကျွန်တော့်ကို သူ့လက်ထဲကနေ ကယ်ပေးလိုက်တာပါ....."
မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ သူက သူမ၏ထိန်းချုပ်မှုကို ခံခဲ့ရကြောင်း ဝန်ခံခဲ့၏။ ထိုမှသာ ဆက်ဆံရလွယ်ကူသွားလိမ့်မည်။
ကုံယုက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“သူက တကယ့်ကို သရုပ်ဆောင်ကောင်းတာပဲ။ သခင်လေးစု… ကျေးဇူးပြုပြီး နောက်(၃)ရက်နေရင် ဝမ်ကိုက်ကို စိန်ခေါ်လိုက်ပါ…”
“ကောင်းပါပြီ…”
ထိုအကြံက မုန့်ချီဆီတွင် ရှိပြီးသား ဖြစ်သည်။
ထို့နောက် သူက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်မိ၏။
“ဒါပေမယ့် ရှောင်လင်ရဲ့စည်းကမ်းထိန်းသိမ်းရေးကိုယ်တော်တွေက..”
ကုံယုက သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့မေးခွန်းကို ဖြေရမည့်အစား ကုံယုက အပြုံးနှင့် မေးလိုက်၏။
“သခင်လေးစု…
ယပ်တောင်(၆)လက်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား..."
Translated by Hein Htet.