အခန်း (၂၃၅)
Vol. 16 Ch. 235
ကျိုးနိုင်ငံ ယပ်တောင်(၆)လက်ကျောင်း၏ လေ့ကျင့်ရေးကွင်းက အလွန်ခိုင်မာသော မြေသားပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ပတ်ပတ်လည်တွင် ပွဲကြည့်စင်(၄)ခုရှိသည်။
ယပ်တောင်(၆)လက်ကျောင်း၊ ဝမ်မိသားစု၊ ဟွမ်ဟွာဓားဂိုဏ်းနှင့် ဟွမ်မိသားစုတို့က မြောက်ဖက်တွင် ရှိနေသော ပွဲကြည့်စင်ကို နေရာယူထားကြပြီး ကျန်ရှိနေသော (၃)ခုတွင်တော့ သိုင်းလောကသားများ နေရာယူထားကြသည်။
လူငယ်မှတ်တမ်းတွင် စာရင်းဝင်နိုင်သော ပညာရှင်များစွာ ရှိနေသော်လည်း အနည်းစုကသာ အမှန်တကယ်စာရင်းဝင်အောင် လုပ်နိုင်ကြသည်။ ထိုအရာက အခွင့်အရေးနည်းပါးခြင်းကြောင့် ဖြစ်သလို သိုသိုသိပ်သိပ် နေထိုင်လိုခြင်းကြောင့်လည်း ဖြစ်၏။
မြောက်ပိုင်းကျိုးအင်ပါယာနှင့် ကျင်းအင်ပါယာတို့ ပေါင်းစည်းလိုက်မည်ဆိုလျှင် ပြည်နယ် တစ်နည်းအားဖြင့် စီရင်စု(၂၃)ခု ရှိသည်။ ထိုနေရာတွင် မြက်ခင်းစိမ်းများနှင့် အနောက်ပိုင်းနယ်မြေ မပါဝင်ပေ။ သို့သော် စာရင်းထဲတွင် ရောက်နေသည်မှာ ပညာရှင်(၅၀)သာ ရှိသည်။
တစ်ချို့ပြည်နယ်များတွင်တော့ စာရင်းထဲတွင် သတ်မှတ်နိုင်သော ပညာရှင် တစ်ယောက်ပင် မရှိခဲ့ပေ။ အနောက်တောင်ပိုင်းနယ်မြေထဲတွင် နံပါတ်(၁) ပြည်နယ်တစ်ခု ဖြစ်သည့် ဟွမ်စီရင်စုက ဟွမ်ဟွာဓားဂိုဏ်းနှင့် ကျိုးနိုင်ငံ ဝမ်မိသားစု၏ နေအိမ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် သူတို့ဆီတွင် စာရင်းဝင် ပညာရှင်(၃)ယောက်ရှိ၏။ ကြာပန်းသခင်ဟု နာမည်ကျော်သော လျှူစုကတော့ ဝမ်ကိုက်ထက်ပို၍ စောစီးစွာ နာမည်ကျော်ကြားလာခဲ့ပြီး မုန့်ချီထက်ပင် သာလွန်နေခဲ့သည်။ ဝမ်ကိုက်က မထင်မရှားဖြစ်နေသေးသည့်အချိန်တွင် လျှူစုက ကမ္ဘာကြီးကို လှည့်ပတ်သွားလာပြီး ထိပ်ဆုံး(၁၀)ယောက်စာရင်းထဲကိုပင် ဝင်နိုင်ခဲ့၏။
သူက ကျန်းကျိဝေကြောင့် အဆင့်ကျသွားခဲ့ရခြင်းဖြစ်သည်။ ဟွမ်စီရင်စုသို့ သူပြန်ရောက်လာသည့်အချိန်တွင် ဝမ်ကိုက်က စာရင်းထဲသို့ ရောက်နေသော်လည်း ခရီးသွားနေခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက်က လုံးဝမတွေ့ခဲ့ရပေ။
နောက်ပိုင်း မုန့်ချီက အဖိုးတန်လက်နက်ရှိနေသော တံခါး(၉)ပေါက်အဆင့် ပညာရှင်(၄)ယောက်ကို ဖိအားပေးနိုင်ခဲ့သည့်အတွက် နာမည်စာရင်း ဝင်လာခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူနှင့်ဝမ်ကိုက်တို့၏ တိုက်ပွဲကို စောင့်ကြည့်ခဲ့ကြ၏။ မထင်မှတ်ထားသည်မှာ သူက လက်တုံ့ပြန်ရန် ကျိလျန်သို့ ထွက်သွားခဲ့သည်။ အဆုံးတွင်တော့ သူလည်း ဝမ်ကိုက်နှင့် လွဲချော်ခဲ့ရ၏။
ထို့ကြောင့် သိုင်းပညာအဖွဲ့အစည်းထဲတွင် အတော်လေး ကြိတ်မနိုင် ခဲမရဖြစ်နေကြ၏။ သူတို့က ချန်အန်းနှင့် ကျိုးယွမ်တွင် ရှိနေသော တိုင်းပြည်များမှ သိုင်းပညာရှင်များ၏ တိုက်ပွဲကို မြင်ချင်နေကြသည်။ ဤကမ္ဘာကြီးထဲတွင် ပညာရှင်အများဆုံးနေရာမှ ပညာရှင်နှစ်ယောက် တိုက်ခိုက်လျှင် မည်သူက အနိုင်ရမည်နည်း။
ပညာရှင်များ၏ တိုက်ပွဲ(၃၀)ထဲတွင် တိုက်ပွဲ(၇)ပွဲက ချန်အန်းနှင့် ကျိုးယွမ်တိုင်းပြည်များတွင် တိုက်ခိုက်ခဲ့ကြသည်။ ဟွမ်စီရင်စုနှင့် အနီးဆုံးနယ်မြေရှိတိုက်ပွဲကတော့ လော်နတ်ဘုရားမနှင့် ကောင်းကင်နတ်သမီး(၇)ဖော်တို့က တောင်(၃)လုံး မြစ်(၄)သွယ်တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲ ဖြစ်သည်။
တစ်ခြားတိုက်ပွဲတစ်ခုကတော့ ယဲ့တူတွင် ရှိနေသော ဝမ်ဟွာစားသောက်ဆိုင်ထဲတွင် ဝမ်ကိုက်၏ရှေ့၌ တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် လော်နတ်ဘုရားမက ဆန်းကြယ်နတ်သမီးဆက်ခံသူကို သတ်ပစ်ခဲ့၏။ တစ်ခြားလူများကတော့ ကြည့်ရှုရန် အခွင့်အရေးမရခဲ့ပေ။
ယခု မိုးကြိုးဓားဒေါသကိုယ်တော်က အမှန်တရားဓားကို တရားဝင်စိန်ခေါ်လိုက်သည်။ ထိုအချိန်မျိုးတွင် သူတို့က တည်ငြိမ်နေနိုင်ကြမည်လော။
တစ်ခြားသော သိုင်းသင်တန်းကျောင်းတစ်ခုမှ တာဝန်ခံတစ်ယောက်က လောင်ကျွမ်းခြင်းနေမင်း သိုင်းသင်တန်းကျောင်းမှ ကျင်းကျင်းရှန်ကို မေးလိုက်သည်။
"မင်းက မိုးကြိုးဓားဒေါသကိုယ်တော်ကို စိန်ခေါ်ခဲ့ဖူးတယ်။ ပြီးတော့ သခင်လေးဝမ်နဲ့လည်း တိုက်ခိုက်ခဲ့ဖူးတယ်။ ဘယ်သူကပိုပြီး အစွမ်းထက်တယ်လို့ထင်လဲ… "
ကျင်းကျင်းရှန်က ခေါင်းကုတ်ပြီး အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
"ငါက အဲဒီလောက်အရည်အချင်းမရှိပါဘူး။ ဒါကြောင့် ပြောဖို့တော်တော်လေး ခက်တယ်။ သူတို့နှစ်ယောက်လုံးက အချင်းချင်း ယှဉ်နိုင်ကြမယ်လို့ ထင်ပါတယ်.."
တပ်ဖွဲ့အောင်နိုင်ခြင်း သိုင်းသင်တန်းကျောင်းမှ သင်တန်းဆရာလော်ယုဖန်းက အထင်သေးစွာ ပြောလိုက်သည်။
"အဲဒီလိုတော့မဟုတ်နိုင်ဘူး။ သခင်လေးဝမ်က အဆင့်မြင့်ဝိညာဉ်နဲ့ ရပ်တန့်လို့ မရနိုင်တဲ့ခုတ်ချက်ကို အောင်မြင်ထားတဲ့အတွက် သေချာပေါက် ပိုပြီးအစွမ်းထက်လာတယ်။ သူက ထိပ်တန်း(၁၀)ယောက်စာရင်းထဲမှာရှိတဲ့ ပညာရှင်တွေကိုတောင် အနိုင်ရနိုင်တယ်။ သူက သာမန်မိုးကြိုးဓား ဒေါသကိုယ်တော်ကိုတော့ ခေါင်းထဲထည့်ထားမှာတောင် မဟုတ်ဘူး…"
မုန့်ချီကက သူ့ကို ဓားကွက်တစ်ကွက်တည်းနဲ့ အနိုင်ရခဲ့သည့် အချိန်ကတည်းကစပြီး သူက မုန့်ချီအပေါ် မကျေမနပ်ဖြစ်နေခဲ့သည်။
တစ်ခြားသော သင်တန်းဆရာတစ်ယောက်က ခေါင်းခါပြလိုက်၏။
"ရပ်တန့်လို့ မရနိုင်တဲ့ခုတ်ချက်က သူ့ရဲ့ချီစွမ်းအင်၊ အတွင်းအားနဲ့အရှိန်ကို ပြိုင်ဖက်လို အစွမ်းထက်အောင် မြှင့်တင်ပေးနိုင်တယ်။ အဲဒါက သူ့ရဲ့အဆင့်နဲ့ စွမ်းရည်တွေအပေါ် သက်ရောက်မှုမရှိဘူး။ တံခါး(၆)ပေါက် တံခါး(၇)ပေါက်ပညာရှင် အဆင့်ဖြစ်တဲ့ စုမုန့်က အဲဒီအပိုင်းမှာ မယှဉ်နိုင်ဘူးဆိုရင်တောင် သူ့ဆီမှာ ဓားမောက်ပညာ အနှစ်သာရတွေ ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ရပ်တန့်လို့မရနိုင်တဲ့ ခုတ်ချက်က အသုံးဝင်မှာ မဟုတ်ဘူး…"
ဝမ်မိသားစု၏ အဆင့်မြင့်ဝိညာဉ်က သိုင်းလောကတစ်ခွင်လုံး နာမည်ကျော်ကြားသည်။ ထို့ကြောင့် ယဲ့တူတွင် ရှိနေသော သိုင်းလောကသားများက ထိုအရာကို အနည်းနှင့်အများ ရင်းနှီးနေကြသည်။ သူတို့က ရပ်တန့်၍မရနိုင်သောခုတ်ချက်ကို နားလည်နေကြပြီး ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အသုံးပြုသူ၏ စွမ်းရည်များကို အခြေခံကြောင်း သိနေကြ၏။
ထိုအရာကလည်း ယခင် ဝမ်မိသားစု၏ ခေါင်းဆောင်ကြောင့်ဖြစ်ကြောင်း သူတို့အားလုံးက သိနေကြသည်။ ဝမ်ဆဲနှင့် ဝမ်ကိုက်တို့၏ အဘိုးက ရပ်တန့်၍မရနိုင်သော ခုတ်ချက်ကိုသုံးပြီး ဝေကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။ ထိုအချိန်တွင် သူ့အဆင့်ကတော့ မတက်သေးချေ။
ထိုအရာက အဆင့်မြင့်ဝိညာဉ်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်နိုင်ပြီး သူ့ကို တရားမျှတသော လူတစ်ယောက် ဖြစ်လာစေခဲ့၏။ ယခင်တုန်းက ဝမ်ကိုက် တိုက်ခိုက်ခဲ့သည့်အချိန်တွင် မုန့်ချီကလည်း ထိုအရာကို သတိထားမိခဲ့သည်။
"မင်းပြောသလိုဆိုရင် သခင်လေးဝမ်ရဲ့အဆင့်က ပိုမြင့်တယ်။ တကယ်လို့ ရပ်တန့်လို့ မရနိုင်တဲ့ခုတ်ချက်က အသုံးမဝင်ဘူးဆိုရင်တောင် ကိစ္စမရှိဘူးလေ။ အဲဒီကိုယ်တော်ရဲ့ ဓားသိုင်းပညာက တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ သခင်လေးဝမ်ကလည်း လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ဓားပညာအနှစ်သာရ တစ်စိတ်တစ်ပိုင်းကို နားလည်ထားတယ်။ ဝေ့ကျင်းအဆင့် သိုင်းကွက်အရ ပြောရမယ်ဆိုရင်လည်း အဲဒီကိုယ်တော်က အနတ္တကျိန်စာဖျက်ဓားပညာကို ရထားတယ်။ ဒါပေမဲ့ သခင်လေးဝမ်ကလည်း သူတော်စင်ဓား(၉)သွယ်ကို ရထားတယ် မဟုတ်လား။ အဲဒီအရာတစ်ခုတည်းနဲ့ ပြောဖို့က ခက်ပါသေးတယ်.."
လော်ယုဖန်က ကျယ်လောင်စွာ ငြင်းဆန်လိုက်သည်။
တစ်ဖက်သင်တန်းဆရာက နှာခေါင်းရှုံ့လိုက်၏။
"သခင်လေးဝမ်ရှုံးမယ်လို့ ငါပြောခဲ့လို့လား။ သူက စုမုန့်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အလွယ်တကူ အနိုင်မရနိုင်ဘူးလို့ပဲ ပြောခဲ့တာ…"
ပွဲကြည့်စင်ပေါ်တွင် ရှိနေသောလူတိုင်းက တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။ အများစုကတော့ ယဲ့တူတွင် သူရဲကောင်းတစ်ယောက်ဖြစ်သော ဝမ်ကိုက်ကို ထောက်ပံ့ပေးနေကြ၏။
"ပြောဖို့တော့ခက်တယ်။ သခင်လေးစုက သူ့ရဲ့အနတ္တကျိန်စာဖျက်ဓားပညာကို လုံးဝမပြဖူးသေးသလို ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကိုလည်း လုံးဝမပြဖူးသေးဘူး။ သူက တိုက်ပွဲထဲမှာ သူ့ရဲ့သိုင်းပညာတွေကို ပြည့်ပြည့်ဝဝ ထုတ်သုံးလိုက်တာ အရင်နွေရာသီတုန်းက နောက်ဆုံးပဲ။ အခု သူက ဘယ်လောက် အစွမ်းထက်နေပြီလဲဆိုတာ ဘယ်သူမှမသိဘူး…"
အစိမ်းရောင်လက်ပတ်ဝတ် ကုံယုက ဟွမ်ဟွာဓားဂိုဏ်းမှ ပြင်ပရေးရာဂိုဏ်းထောက် တုရှောင်ပိုင်ကို အပြုံးနှင့် ပြောလိုက်သည်။
"ဒီတိုက်ပွဲက သရေပဲဖြစ်မယ် ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးဝမ်က ရပ်တန့်လို့ မရနိုင်တဲ့ခုတ်ချက်ကို ကျွမ်းကျင်ထားတယ်။ အခုချိန်မှာ သခင်လေးစုက ပိုပြီးအစွမ်းထက်ပေမယ့် သူက သခင်လေးဝမ်နဲ့ ရင်ဆိုင်နိုင်ရုံပဲရှိမယ်…”
“မင်းပြောတဲ့စကားက လက်ခံနိုင်ပါတယ်…"
တုရှောင်ပိုင်က သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။
သူ့အနားတွင်တော့ အလွန်စိတ်လှုပ်ရှားနေသော ချီကျန်းရန်က တိုက်ပွဲကွင်းပြင်ထဲတွင် လက်နောက်ပစ်ပြီး ရပ်နေသော မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။ သူက မျက်လုံးမှိတ်နေခဲ့၏။
ချီကျန်းရန်က မုန့်ချီနှင့် တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ဖရိုဖရဲကျင့်စဉ်အပေါ် အတော်လေး နားလည်လာခဲ့ရသည်။ သူနှင့် မုန့်ချီတို့၏ ကွာဟမှုကိုလည်း နားလည်နေ၏။ သူကတော့ ထိုတိုက်ပွဲကို ကြည့်ရန် အလွန်စိတ်ဝင်စားနေသည်။ ထိုသို့ဆိုလျှင် သူ၏ကိုယ်ပိုင်အစွမ်းကိုလည်း ခန့်မှန်းကြည့်နိုင်၏။
ဆူဆူညံညံဖြစ်နေသည့် အချိန်တွင် ဝမ်မိသားစုက သူတို့၏ခေါင်းဆောင်နှင့်အတူ ပေါ်လာခဲ့၏။ သူတို့၏ခေါင်းဆောင်ကတော့ အသက်(၄၀)အရွယ်ရှိသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်ပြီး ရှေးဟောင်းသရဖူနှင့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆီတွင် သေးငယ်သော မျက်လုံးနှင့် ချောမောခန့်ညားသော ရုပ်ရည်တစ်ခု ရှိ၏။
ကုံယုက မျက်ခုံးပင့်လိုက်မိပြီး သူ့ကို ထွက်၍ နှုတ်ဆက်လိုက်သည်။
"အဆင်ပြေရဲ့လား မြို့စားမင်းယဲ့ရန်.."
ထိုခေါင်းဆောင်၏နာမည်က ဝမ်နရန်ဖြစ်သည်။ သူက ဟွမ်စီရင်စုထဲတွင် တိုက်ပွဲရေးရာအမတ်တစ်ယောက် ဖြစ်၏။ ပြည်သူ့ရေးရာနှင့် ပတ်သတ်သော တာဝန်များထဲတွင် ဝမ်မိသားစု၏ ကိုယ်စားလှယ်တစ်ယောက်ဖြစ်သည့်အပြင် သူက ထိပ်တန်းသိုင်းပညာရှင် တစ်ယောက်လည်းဖြစ်သည်။
ဝမ်ဆဲနှင့်ဝမ်ကိုက်တို့က သူ့မိသားစုဝင်များဖြစ်ပြီး သူ့ကို ဦးလေး(၅)ဟု ခေါ်ကြ၏။ မြို့စားယဲ့ရန်ဟူသည်မှာ ဝမ်မိသားစုခေါင်းဆောင်များသာ မျိုးရိုးစဉ်ဆက်ရခဲ့သည့် နာမည်တစ်ခု ဖြစ်သည်။
ဝမ်မိသားစုထဲတွင် ဝေ့ကျင်းအဆင့် ပညာရှင်များစွာရှိ၏။ သို့သော် အများစုကတော့ ဟွမ်စီရင်စု၏အပြင်သို့ စေလွှတ်ပြီး အဖိုးတန်မိုင်းတွင်းများ၊ ဆေးတောင်တန်းများနှင့် ပင်မမြို့ကြီးများကို ကာကွယ်ရန် စေလွှတ်ထားကြသည်။ သူတို့က တစ်လှည့်ဆီ ကာကွယ်နေကြရသည့်အတွက် ပညာရှင်(၁၅)ယောက်ကျော်က တစ်နှစ်လုံး အဝေးတွင်သာ နေကြရသည်။
ဝမ်ကိုက်၏အဖေကဲ့သို့ ပညာရှင်များကလည်း လော့ရန်တွင် ရာထူးကြီးများ ပိုင်ဆိုင်ထားကြ၏။ သူက မိသားစုထဲတွင် အငယ်ဆုံးသိုင်းသခင်တစ်ယောက်ဖြစ်ပြီး ကျင်းအင်ပါယာ၏ စီးပွားရေးကို ထိန်းချုပ်ထားသော ဘဏ္ဍာရေးအမတ်တစ်ယောက် ဖြစ်သည်။
ထိုအရာများအားလုံးကြောင့် စီရင်စုထဲတွင် ဝေကျင်းအဆင့်ပညာရှင် တစ်ဒါဇင်ခန့်သာ ရှိသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်လည်း သူတို့က ဟွမ်စီရင်စုနှင့် ကျိုးနိုင်ငံထဲတွင် ထိန်းချုပ်ရန် အစွမ်းထက်ပညာရှင်များ မစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်နရန်နှင့် သူတို့၏အစွမ်းများအရ သူတို့က ထိုနေရာနှစ်ခုကို ထိန်းချုပ်ခွင့်ဆုံးရှုံးမှာကို ကြောက်လန့်နေကြဦးမည်လော။
သူ့ဆီတွင် တိုက်ခိုက်ရေးအမတ် ရာထူးရစေနိုင်သော ငွေကြေးနှင့် အင်အားတစ်ခု ရှိနေသည့်အတွက် ဝမ်နရန်က ဟွမ်စီရင်စုထဲတွင် မိသားစု၏ ကိုယ်စားလှယ် တစ်ယောက် လျင်မြန်စွာ ဖြစ်လာခဲ့သည်။
သူကိုယ်တိုင်ရောက်လာမည်ဟု မည်သူမျှမထင်ထားခဲ့ကြပေ။ သူရောက်လာသည့်အတွက် ကုံယု၊ တုရှောင်ပိုင်နှင့် တစ်ခြားလူများကပင် မှင်တက်နေမိကြသည်။
အကယ်၍ သူတို့ကသာ ဝမ်ကိုက်ကို ကယ်တင်ချင်သည်ဆိုလျှင် သူတို့မျိုးဆက်တွင် အထူးချွန်ဆုံးတပည့်တစ်ယောက်ကို တိုက်ပွဲထဲတွင် မတော်တဆဖြစ်ရပ်များမှ ကာကွယ်ချင်သည်ဆိုလျှင် ဝေကျင်းအဆင့် အကြီးအကဲတစ်ယောက် သို့မဟုတ် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို စေလွှတ်လိုက်၍ ရသည်။ ဝမ်နရန်ကိုယ်တိုင် ရောက်လာရန်မလိုအပ်ပေ။
သို့သော် သူတို့မိသားစုက တရားမဝင်သားတစ်ယောက်ကို အခွင့်အရေးပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူတို့က ချက်ချင်း နားလည်သွားခဲ့သည်။ ဝမ်ကိုက်၏အဖေက ကိုယ်လုပ်တော်၏ သားတစ်ယောက် ဖြစ်သည်။ သို့သော် သူက စာရင်းထဲ၌ ထိပ်ဆုံး(၁၀)ယောက်ထဲ ဝင်သွားခဲ့သည့်အတွက် သူတို့မိသားစုထဲတွင် အငယ်ဆုံး သိုင်းသခင်တစ်ယောက်ဖြစ်လာသည်။
သူ့အဖေကဲ့သို့ ဝမ်ကိုက်ကလည်း ကိုယ်လုပ်တော်တစ်ယောက်၏ သားဖြစ်သော်လည်း တောက်ပသောအနာဂတ် ရှိနေသည်။ တရားဝင်ဆက်ခံသူများက ထူးချွန်ထက်မြက်သော တရားမဝင်သားသမီးများကို သူတို့ဘက်သို့ ဆွဲခေါ်တတ်ကြပြီး သူတို့အပေါ် လေးစားမှုများပေးကြသည်။ သူတို့က ဝမ်ကိုက်၏အဖေကို ဥပမာအနေနှင့် သတ်မှတ်ထားကြ၏။
သူက မိသားစုခေါင်းဆောင်တင်မဟုတ်ဘဲ နန်းတွင်းထဲတွင် ရှိနေသော မိသားစုကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်သည်။ ဝမ်နရန်က ဝမ်ကိုက်အပေါ် သူ၏လေးစားမှုနှင့် သဘောထားကို ပြသလိုသည့်အတွက် ဤနေရာသို့ ကိုယ်တိုင် ရောက်လာခြင်းဖြစ်သည်။
မည်သို့ဖြစ်စေကာမူ ဤနေရာက သိုင်းပညာကိုသာ အလေးထားသော ကမ္ဘာကြီးတစ်ခုဖြစ်၏။ အကယ်၍ စွမ်းရည်ရှိသည်ဆိုလျှင် နေရာတစ်ခုနှင့် လေးစားမှုကို ရနိုင်သည်။
"ငါတို့ မနေ့တုန်းကမှ တွေ့ခဲ့တာလေ။ အခု ငါ့ကိုနောက်တစ်ကြိမ် ထပ်မေးနေပြန်ပြီ.." ဝမ်နရန်က အပြုံးနှင့် ပြောလိုက်သည်။ သူကတော့ အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတစ်ယောက်ဖြစ်သော ကုံယုအပေါ် အထင်သေးနေခြင်း မရှိချေ။
သူ့နောက်တွင်တော့ ဝမ်ဆဲ၊ ဝမ်ကိုက်နှင့် ဝမ်မိသားစုမှ တပည့်ပေါင်းများစွာ ရှိနေကြ၏။ ဝမ်ဆဲ၏ပုံစံက အစောပိုင်းပုံစံများနှင့် ကွဲပြားမှုမရှိပေ။ သို့သော် တိတ်ဆိတ်နေခဲ့၏။ သူ့နောက်တွင် ရှိနေသော အစေခံအိုကြီးကလည်း တိတ်ဆိတ်နေခဲ့သည်။
ဝမ်ကိုက်ကတော့ ဆုံးဖြတ်ချက်ပြတ်သားပုံရပြီး ခါးတွင် အမှန်တရားဓားကို ချိတ်ထားသည်။ သူ့ပုံစံက အလွန်တည်ငြိမ်နေပြီး မောက်မာမှု၊ ကြောက်လန့်မှု၊ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများ မရှိချေ။ သူက အနိုင်အရှုံးကို စိတ်ဝင်စားခြင်းမရှိသလို ထင်မှတ်ရ၏။
တုရှောင်ပိုင်က ပြောလိုက်သည်။
"တိုက်ခိုက်ရေးအမတ်ကြီးက မနေ့ညတုန်းက ရွှေကျောက်စိမ်းစံအိမ်ထဲမှာ အနားယူခဲ့တယ်လေ။ ကျွန်တော်တို့က အမတ်ကြီးအတွက် မစိုးရိမ်ဘဲနေပါ့မလား.."
သူတို့က ခဏကြာ စကားပြောနေကြပြီးနောက် ဝမ်နရန်က ဝမ်ကိုက်ကို အပြုံးနှင့် ပြောလိုက်သည်။
"သွားတော့.. သခင်လေးစုကို မစောင့်ခိုင်းနဲ့…"
ဝမ်ကိုက်က ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲကွင်းပြင်ထဲသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် မုန့်ချီနှင့် (၁၀)မီတာခန့်အကွာတွင် ဆင်းသက်လိုက်၏။
တိုက်ပွဲကွင်းပြင်ထဲသို့ သူဝင်လာသည်ကို မြင်သည့်အခါ ကြည့်နေသူများက စကားဆက်မပြောကြတော့ဘဲ တိုက်ပွဲစတင်မည့်အချိန်ကို စောင့်နေကြသည်။
ဝမ်ကိုက်က ဦးညွှတ်လိုက်၏။
"စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ် ညီလေးစု.."
မုန့်ချီက သူ့ကို အစ်ကိုကြီးဟု ခေါ်နေသည့်အတွက် သူလည်း မုန့်ချီကို ညီလေးဟု ပြန်ခေါ်လိုက်ခြင်းဖြစ်သည်။
မုန့်ချီက မျက်ခုံးပင့်လိုက်၏။
"ကျွန်တော်က ပြိုင်ဖက်ကောင်းတစ်ယောက်ကို စောင့်နေရတဲ့အတွက် ဘယ်လောက်ပဲကြာကြာ နောင်တမရပါဘူး…"
ဝမ်ကိုက်က အပြုံးနှင့် မေးလိုက်သည်။
"မင်းက ဘာလို့ သစ်သားဓားကို သုံးရတာလဲ.."
မုန့်ချီက သူ၏သွေးကြောဓားအစား အရွယ်အစားတူညီသော သစ်သားဓားတစ်ချောင်းကိုသာ သယ်ဆောင်ထားသည်။
"ကျွန်တော်က ကျွန်တော့်ရဲ့ဓားမောက်ကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဓားရှည်ကိုတော့ မဖိနှိပ်နိုင်ဘူး။ တကယ်လို့ ကျွန်တော့်ရဲ့ဓားရှည်ကို သုံးလိုက်မယ်ဆိုရင် အစ်ကိုဝမ်ကို မတော်တဆ ထိခိုက်သွားနိုင်တယ်..."
မုန့်ချီ၏အမူအရာက တည်ငြိမ်နေ၏။ သူပြောနေသည့်အချိန်တွင် လက်က ဓားမောက်၏ လက်ကိုင်ဆီသို့ တဖြည်းဖြည်း ရောက်သွားသည်။
ထိုအရာက ရိုးရှင်းသော တုန့်ပြန်မှုတစ်ခုဖြစ်သော်လည်း ဝမ်နရန်နှင့်ကုံယုတို့၏ မျက်လုံးထဲတွင်တော့ သတိထားနေကြ၏။ သူ၏လှုပ်ရှားမှုက နှေးကွေးသော်လည်း တိကျသည်။ နောက်ပိုင်းလှုပ်ရှားမှုများကလည်း ဆက်တိုက်ဖြစ်လာပြီး လက်နှင့် ဓားသွားအကွာအဝေးက ကွဲပြားမှုမရှိပေ။
သူ့လက်က ဓားပေါ်သို့ ရောက်လာသည့်အချိန်တွင် သူ၏အရှိန်အဝါက မြင့်တက်လာခဲ့သည်။ သူ့ရှေ့တွင် ရပ်နေသည်မှာ အလွန်ထက်မြက်သော ဓားတစ်ချောင်းဟုပင် ဝမ်ကိုက်က ခံစားမိလာခဲ့၏။
မုန့်ချီ၏အရှိန်အဝါကြောင့် သူလည်း ဓားကိုကိုင်လိုက်မိသည်။ ထိုအရာက ရိုးရှင်းသော တုန့်ပြန်မှုတစ်ခုဖြစ်သော်လည်း အမှန်တရားဆန်သော ခံစားမှုတစ်ခုပေးနိုင်၏။ သူက ဓားကို မည်သို့ဆွဲထုတ်မလဲ ဟူသောပုံစံက ကြည့်နေသူများအပေါ် ခံစားချက်တစ်ခု ပေးနိုင်သည်။
"ချွမ်.."
သူတို့က ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြသည်။
မုန့်ချီက သူ၏ဓားမောက်ကို လေထဲတွင် စက်ဝိုင်းခြမ်းသဖွယ် လှုပ်ရှား၍ ဝမ်ကိုက်ဆီကိုရောက်လာခဲ့၏။ ဓား၏ပတ်ပတ်လည်တွင်လည်း ဟာကွက်မရှိဘဲ သိမ်မွေ့ညင်သာသော အသံတစ်ခု ထွက်ပေါ်လာနေသည်။
ဝမ်ကိုက်၏ဓားကလည်း ပြောင်းလဲမှုမရှိဘဲ မုန့်ချီဆီကို ပျံသန်းလာခဲ့၏။
အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ အကူအညီနှင့် ထိုတိုက်ခိုက်မှုက စွမ်းအားများကို အညီအမျှဖြန့်ခွဲထားကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် ချေဖျက်ရန် ခက်ခဲနိုင်၏။ ထို့ပြင် သူ၏လှုပ်ရှားမှုနှင့် အားနည်းချက်များကလည်း အရှိန်အဝါနှင့်အတူ ပြောင်းလဲနေပြီး သူ့ကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မပေးခဲ့ပေ။ ထိုအရာက သူတော်စင်ဓား(၉)သွယ်မှ ဘက်မလိုက်ဓားကွက် ဖြစ်သည်။
"ချွမ်.."
တီးတိုးဓားက အမှန်တရားဓားနှင့် ရင်ဆိုင်လိုက်မိ၏။
စိန်ခေါ်သူ - စုမုန့်
သိုင်းလောကနာမည် - မိုးကြိုးဒေါသကိုယ်တော် ၊ မဆင်မခြင်ကိုယ်တော်၊ အရူးဓားသမား
အရည်အချင်း - လူငယ်မှတ်တမ်းတွင်အဆင့်(၃၃)
ပြိုင်ဖက် - ဝမ်ကိုက်
သိုင်းလောကနာမည် - အမှန်တရားဓား
အရည်အချင်း - လူငယ်မှတ်တမ်းတွင်အဆင့်(၂၃)
ကြိုတင်ခန့်မှန်းမှုရလဒ် - မသိသေး…
Translated by Hein Htet