အခန်း (၂၃၆)
Vol. 16 Ch. 236
"ချွမ် …"
လက်နက်နှစ်ခုက အချင်းချင်း ရင်ဆိုင်မိသွားပြီး စွမ်းအင်များက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
ဝမ်ကိုက်၏ ဓားချက်က အလွန်တိကျပြီး သေချာစုစည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက သူ၏အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးပြီး အသာစီး မရစေရန် ကာကွယ်ထားနိုင်သည်။
မုန့်ချီအတွက် တစ်ခုတည်းသော အလုပ်ကတော့ တံခါး (၉)ပေါက် ပွင့်လာ၍ သူ၏ ချီစွမ်းအင် အကာအကွယ်တစ်ခု ဖန်တီးရန်သာ ဖြစ်သည်။ တခြားရွေးချယ်မှုတော့ မရှိပေ။
သူက စွမ်းအင်များကို အသက်သွင်းလိုက်သည့်အချိန်တွင် အလွန်သိမ်မွေ့ညင်သာသော ဓားအရှိန်အဝါက ချက်ချင်းပင် ကြောက်စရာ ကောင်းလာခဲ့သည်။ ထက်မြက်သော ဓားအရှိန်အဝါများကလည်း နေရာအနှံ့ ပျံ့သွားပြီး လေ့ကျင့်ရေးကွင်းပေါ်တွင် ဓားရာများ အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
လက်နက်ချင်း ထိခိုက်မှုကြောင့် ထွက်ပေါ်လာသော အသံများကလည်း တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံး ပဲ့တင်ထပ်နေပြီး ကြည့်နေသူများကပင် အံ့ဩမှင်တက်နေကြသည်။
ဝမ်ကိုက်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ရာ မမြင်ရသော ချီစွမ်းအင်များက တိုက်ပွဲကွင်းပြင်ကြီးကို လွှမ်းခြုံသွားခဲ့၏။ အမှန်တရားဆန်ပြီး ကြောက်စရာကောင်းသော စွမ်းအင်နယ်ပယ်တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့သည်။
သို့သော် မုန့်ချီ၏ ချီစွမ်းအင်များက အထွဋ်အထိပ်သာ ရှိနေသေး၏။ ပြိုင်ဘက်၏ စွမ်းအားကို ငှားယူပြီး တန်ပြန်တိုက်ခိုက်နိုင်သည့်အတွက် သူက ဝမ်ကိုက် မတိုက်ခိုက်ခင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်နိုင်သည်။
မုန့်ချီက တီးတိုးဓားကိုသုံးပြီး အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်ကို သုံးထားခဲ့၏။ ထိုအရာက တိတ်ဆိတ်မှုနှင့် ခြောက်လှန့်မှု နှစ်ခုလုံး ပေးနိုင်သည်။ ထို့နောက် သူက ဓားကို ဘေးနှစ်ဖက်သို့ အားနှင့် ဝှေ့ယမ်းလိုက်၏။
ထိုအရာက အလွန်ရိုးရှင်းသော လှုပ်ရှားမှုတစ်ခု ဖြစ်သော်လည်း ဓားမောက်ကျင့်စဉ်များနှင့် လုံးဝကို ဆန့်ကျင်နေသည်။ ထိုအရာက ဓားရှည်သိုင်းပညာ၏ ဗလာကျင့်စဉ်ကို အသုံးပြုပြီး မုန့်ချီ ကိုယ်တိုင်ဖန်တီးထားသည့် ဓားသိုင်းကွက်အသစ်တစ်ခုဖြစ်သည်။ သူက ထိုအရာကို နှစ်ဝက်ကျော် လေ့ကျင့်ခဲ့ရ၏။
ထိုလှုပ်ရှားမှုကို မြင်သည့်အခါ ဝမ်နရန် ၊ ကုံယု ၊ တုရှောင်ပိုင်နှင့် တခြားလူများကတော့ အလွန်အံ့ဩမှင်တက်နေကြသည်။ သူတို့က ထိုကဲ့သို့ လှုပ်ရှားမှုကို မသိခြင်းကြောင့် မဟုတ်ပေ။
စုမုန့်က ဟွမ်ကျိရှီနှင့် တိုက်ခိုက်ရာတွင် သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အနတ္တကျိန်စာဖျက်ဓားပညာတို့ကို ဖုံးကွယ်ထားသည့်အပြင် သူ၏ အစစ်အမှန် ဓားမောက်သိုင်းပညာကိုလည်း ထိန်ချန်ထားခြင်းဖြစ်ကြောင်း နားလည်သွားခြင်းကြောင့် ဖြစ်သည်။
သူတို့၏ အနားတွင် ရှိနေသော ဟွမ်ကျိရှီ၏ မျက်နှာကတော့ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူကတော့ ရှက်ရွံ့သွားခဲ့သလို မကျေမနပ် ဖြစ်သွားခဲ့သည်။ နောက်ပိုင်းကျမှ စိတ်သက်သာရာ ရသွားခဲ့၏။ ထိုအခိုက်အတန့်တွင် သူ၏ မောက်မာမှုများ ၊ မာနများအားလုံး အရည်ပျော်ကျသွားခဲ့၏။
တခြားသော ပွဲကြည့်စင်ပေါ်တွင် ရှိနေသော လူအုပ်ကြီးကတော့ နားမလည်နိုင် ဖြစ်နေကြသည်။ ဘာကြောင့် စုမုန့်က ကလေးဆန်သော သိုင်းကွက်မျိုးကို အသုံးပြုနေရသနည်း။
နောက်ပိုင်းတွင်တော့ သူတို့က မျက်မှောင်ကြုတ်ပြီး သေချာစစ်ဆေးကြည့်လိုက်ရာ ဟာကွက်များ ပြည့်နှက်နေသော သိုင်းကွက်တွင် ဟာကွက်မရှိကြောင်း နားလည်သွားကြ၏။ အားနည်းချက် အနည်းငယ်လေးကပင် ထောင်ချောက်တစ်ခုဆီ ဖြစ်နေသည်။
ဝမ်ကိုက်က ပြိုင်ဘက်၏ ဗလာသိုင်းကွက်ကို စိတ်မဝင်စားသည့်အလား တည်ငြိမ်နေသည်။ သူက ဓားကိုသာ ဆုပ်ကိုင်လိုက်၏။
ဓားနှင့် ခုတ်လိုက်သည့်အချိန်တွင် ဤကမ္ဘာကြီးထဲ၌ ရှိနေသော အဆင့်မြင့်ဝိညာဉ်များက ဓားထဲသို့ ပေါင်းစပ်သွားသလို ထင်မှတ်လိုက်ရသည်။ ထိုသိုင်းကွက်က အလွန်အစွမ်းထက်လွန်းလှသည့်အတွက် တားဆီးရန် လုံးဝမဖြစ်နိုင်ပေ။
ထိုအရာက သူတော်စင်ဓား (၉)သွယ်မှ လက်မလျှော့ ဓားကွက်ဖြစ်သည်။ ဝမ်ကိုက်က မုန့်ချီ၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် ထိုသိုင်းကွက်ကို သုံးရန် ရွေးချယ်လိုက်သည်။
ဝမ်နရန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ ဝမ်ကိုက်က သူ့မိသားစုထဲတွင် အမှန်တကယ်ကို အထူးချွန်ဆုံး လူငယ်တစ်ယောက်ဖြစ်သည်။ သူက တန်ပြန်တိုက်ခိုက်ရန် သိုင်းကွက်ကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့၏။ မုန့်ချီ၏ ဗလာသိုင်းကွက်ကို တားဆီးရန်အတွက် အစွမ်းထက်ပြီး သမာသမတ်ကျသော စွမ်းအားကိုသာ အသုံးပြုရပါလိမ့်မည်။
ထိုလက်နက်နှစ်ခုက တိုက်ခိုက်မိတော့မည့်အချိန်တွင် မုန့်ချီ၏ တီးတိုးဓားက ဝမ်ကိုက်၏ ဘယ်ဘက်နံရိုးဆီသို့ တိုးဝင်သွားခဲ့သည်။ အစောပိုင်းတွင် သူ ပြသလိုက်သော ဗလာသိုင်းကွက်က အာရုံလွှဲသည့် သိုင်းကွက်တစ်ခုသာ ဖြစ်နေသည်။
ဝမ်ကိုက်က စိုးရိမ်ထိတ်လန့်နေခြင်း မရှိဘဲ မမြင်ရသော စွမ်းအင်များကို အသက်သွင်းလိုက်ရာ ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ မုန့်ချီ၏ တီးတိုးဓားက သူ့ရှေ့တွင် ရှိနေသော လူကို ထိခိုက်အောင် မလုပ်နိုင်သည့်အလား အနည်းငယ်သာ လှုပ်ရှားသွားခဲ့၏။
ထိုအချိန်တွင် ဝမ်ကိုက်၏ လက်ထဲ၌ ရှိနေသော ဓားက ချက်ချင်းပင် အားပါလာပြီး မုန့်ချီ၏ လက်ကောက်ဝတ်ကို ခုတ်ချလိုက်သည်။ ထိုအရာက သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကို ဖြတ်ပစ်နိုင်သည့် ရပ်တန့်၍မရနိုင်သည့် အရှိန်အဝါတစ်ခုဖြစ်သည်။ ထိုအရာက အင်ပါယာတစ်ယောက်၏ ဂုဏ်ကျက်သရေလည်း ဖြစ်၏။
"သူတော်စင်ဓား (၉)သွယ်မှ သူတော်စင်ဘုရင်ဓားကွက်… "
သူ့ဓားက လက်ကောက်ဝတ်ပေါ်သို့ ကျရောက်လာတော့မည့် အချိန်တွင် မုန့်ချီ၏လက်နှင့် တီးတိုးဓားတို့က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ မုန့်ချီ၏လက် ပျောက်ကွယ်သွားခြင်းကလည်း တခြားအရာကြောင့် မဟုတ်ချေ။
မုန့်ချီက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို အမြင့်ဆုံးအထိ သုံးထားပြီး ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ခြင်းကြောင့်ဖြစ်၏။ သူ၏တီးတိုးဓားက အလွန်ထူးခြားစွာ လှုပ်ရှားသွားခဲ့ပြီး ဝမ်ကိုက်၏ ဓားပေါ်တွင် ပြန်ပေါ်လာခဲ့သည်။
ထို့နောက် အနတ္တကျိန်စာဖျက်ဓားပညာနှင့် သွေးဓားကျင့်စဉ်တို့ကို ပေါင်းစပ်၍ ပြည့်ပြည့်ဝဝ အသုံးချလိုက်၏။ သူက ဓားမောက်ပညာ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝ အသုံးပြုလိုက်သည့်အတွက် ကြည့်နေသူများကပင် အလွန်အံ့ဩနေကြသည်။
"ချွမ်… "
လက်နက်နှစ်ခု ရင်ဆိုင်လိုက်မိသည့်အသံက အစွမ်းထက်ခြင်းမရှိဘဲ ကြည်လင်သည့် အသံလေးတစ်ခုသာ ထွက်ပေါ်လာခဲ့၏။
မုန့်ချီ၏ဓားကြောင့် ဝမ်ကိုက်၏ ဓားလမ်းကြောင်းကလည်း လွဲချော်သွားခဲ့သည်။ သူ၏ လှည့်ကွက်က အောင်မြင်သွားသော်လည်း မုန့်ချီက ကျေနပ်နေခဲ့ခြင်း မရှိပေ။ သူက ညာခြေထောက်တွင် အားပြုလိုက်ပြီး အမှန်တရားဓားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့ ချက်ချင်း ခုန်ဝင်သွားခဲ့၏။
"စွပ်… "
ဝမ်ကိုက်၏ဓားရှည်က သူ၏ပုခုံးကို တည့်တည့်ထိုးလိုက်မိသည့်အတွက် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အဝတ်အစားများကလည်း ပျက်စီးသွားခဲ့သည်။ သူ၏ပုခုံးပေါ်၌ ပျက်စီးသွားသော အဝတ်အစားများ နေရာတွင် ရွှေရောင်အလင်းတန်းများက လိပ်ပြာလေးများကဲ့သို့ ကျဆင်းလာပြီး ကြွက်သားများ ပေါ်လာခဲ့သည်။
ထိုဓားက မုန့်ချီကို စိတ်ကြိုက် မထိုးနိုင်ခဲ့သည့်အတွက် သူ၏စွမ်းအားနှင့် အရှိန်က ရပ်တန့်သွားခဲ့ရ၏။ ထိုဓားက မုန့်ချီ၏ ပုခုံးကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိချေ။ အသားစထဲသို့ လက်မဝက်ခန့် စိုက်ဝင်ပြီးနောက် ရပ်သွားခဲ့၏။ အကယ်၍ သူသာ အရင်ဆုံးခုန်ဝင်လာခဲ့ခြင်း မရှိလျှင် ထိုဓားက ဆက်လက်ရောက်ရှိလာရန်ပင် အောင်မြင်လိမ့်မည်မဟုတ်ပေ။ ဓားက ပုခုံးကို ထိုးစိုက်သွားသော နေရာတွင် ကျန်ရှိနေသော အဝတ်အစားများကတော့ အကောင်းအတိုင်း ရှိနေသေးသည်။
မုန့်ချီက ဝမ်ကိုက်၏ ဓားဆီသို့ ထိပ်တိုက်ခုန်ဝင်လာသည့်အချိန်တွင် ပွဲကြည့်နေသော ပညာရှင်ပေါင်းများစွာက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။
"အား… "
မုန့်ချီ၏ အမူအရာကို မြင်သည့်အခါ ကြည့်နေသူများစွာက ကျယ်လောင်စွာ အော်ဟစ်လိုက်မိကြ၏။ ထို့နောက် သူတို့က ကျောင်းဆောင်ထဲတွင် ဗုဒ္ဓတစ်ပါး ပေါ်လာသကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။
ထိုအချိန်ကျမှသာ မည်သည့်အရာများဖြစ်နေကြောင်း နားလည်သွားကြ၏။ သူတို့က မိုးကြိုးဓား ဒေါသကိုယ်တော်ဟူသည့် သိုင်းလောက နာမည်ကိုသာ တွေးမိကြသည်။ မဆင်မခြင်ကိုယ်တော်ဟူသော နာမည်ကိုတော့ မေ့လျော့နေခဲ့ကြ၏။ စုမုန့်က အနတ္တကျိန်စာဖျက်ဓားပညာအပြင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကိုလည်း ပိုင်ဆိုင်ထားကြသည်။
ဝမ်နရန်က မျက်နှာပျက်သွား၏။ ဝမ်ကိုက်က ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း သူ နားလည်သွားသည်။ စုမုန့်က အားနည်းချက် မရှိသော ဓားပညာကို စတင်ပြသလိုက်သည့် အချိန်ကတည်းကစပြီး သူက သိုင်းကွက်များကို သုံး၍ ဝမ်ကိုက်ကို ထောင်ခြောက်ဆင်ရန် သေချာပြင်ဆင်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ အခွင့်အရေးက ရောက်လာခဲ့ပြီဖြစ်၏။
အကယ်၍ ဝမ်နရန်သာ မုန့်ချီ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် သေချာပေါက် အစွမ်းကုန် တိုက်ခိုက်နိုင်ပါလိမ့်မည်။ သို့သော် ဝမ်ကိုက်ကတော့ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရှိချေ။
တိုက်ပွဲထဲတွင် တိုက်ခိုက်နေသော ဝမ်ကိုက်ကလည်း ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ၏ ခံစားချက်များ လှုပ်ရှားသွားသည့်အချိန်တွင် သူ၏အမူအရာက နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။ သူက လက်ကောက်ဝတ်တွင် စွမ်းအားများကို စုစည်းလိုက်ပြီး သူ၏ သိုင်းကွက်ကို ပြောင်းလဲရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဓားသွားပေါ်မှ နေ၍ သွေးများ စီးကျလာခဲ့၏။ မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး သူ၏တီးတိုးဓားနှင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဓားအလင်းတန်းတစ်ခု တောက်ပလာသည့်အချိန်တွင် ဝမ်ကိုက်၏ ပတ်ပတ်လည်တွင် တီးတိုးစကားပြောသံများ လှုပ်ရှားနေပြီး အလွန်တည်ငြိမ်အေးချမ်းသော သူ့ရင်ထဲတွင် လောဘများ ပြည့်နှက်လာခဲ့၏။ ထိုအရာက အနတ္တကျိန်စာဖျက်ဓားပညာ၏ သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ဖြစ်သည်။
သူတို့က နာမည်ကျော်ကြားသော ဝေ့ကျင်းအဆင့် သိုင်းကွက်ကို မြင်လိုက်ရပြီဖြစ်ကြောင်း သိုင်းလောက လူအိုကြီးအနည်းစုကသာ နားလည်သွားကြ၏။ ထိုအရာက သူတို့၏စိတ်ဆန္ဒများကို လှုံ့ဆော်ပေးနိုင်သော ဓားပညာတစ်ခုလည်း ဖြစ်သည်။
ကျန်ရှိနေသော လူများကတော့ ထိုအရာကို မသိကြပေ။ ထိုအရာက အနတ္တကျိန်စာဖျက် ဓားပညာ၏ သိုင်းကွက်တစ်ခုဖြစ်ကြောင်း သူတို့အားလုံးက နားမလည်နိုင်ကြပေ။
သူတို့က တိုက်ပွဲကွင်းပြင်နှင့် အတော်လေး ဝေးကွာသော ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြသော်လည်း ဆန္ဒများ၏ လှုံ့ဆော်မှုကို ခံခဲ့ရသည်။ သူတို့၏ မမြင်နိုင်သော အမှောင်ဘက်ခြမ်းများ ပေါ်လာကြ၏။ တချို့လူများ၏ မျက်နှာပေါ်တွင် ကြောက်စရာ အပြုံးများ ပေါ်လာပြီး နောက်ဆုံးတွင်တော့ သူတို့က လောကကြီးထဲတွင် အကျော်အကားဆုံး ပညာရှင်များဖြစ်လာသလို ထင်မှတ်ရသည်။
တချို့ကတော့ သူတို့အိပ်မက်မက်နေသော သိုင်းကျမ်းများ လက်ထဲသို့ ရောက်လာသလို အိပ်မက်မက်နေကြ၏။ သူတို့၏ လက်များက တစ်စုံတစ်ခုကို လေ့ကျင့်နေသည့်အလား လှုပ်ရှားနေခဲ့သည်။
ဝမ်ကိုက်က လောကကြီးထဲတွင် ရှိနေသော ထူးချွန်ထက်မြက်သည့် သိုင်းပညာရှင်ပေါင်းများစွာကို အနိုင်ရခဲ့ပြီး လူငယ်မှတ်တမ်း၏ ထိပ်ဆုံးကို ရောက်လာသည်။ တရားဝင်သားများအားလုံး သေဆုံးသွားပြီးနောက် မိသားစု၏ အမွေအနှစ်ကိုလည်း ဆက်ခံနိုင်ခဲ့၏။ ထို့နောက် ဝမ်မိသားစုကို ဦးဆောင်ပြီး စီးပွားရေးနှင့် နယ်မြေကို ချဲ့ထွင်ခဲ့သည်။
ဝမ်ကိုက်က အလွန်အဆင့်အတန်းမြင့်ပြီး တရားမျှတသော လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့သော်လည်း သူက သာမန်လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။ သူ့ဆီတွင်လည်း မကောင်းသော အတွေးများ ရှိနေပြီး နေ့စဉ်ဘဝ၌ သတိထားနေရသည့် အရာများရှိသည်။
သို့သော် ထိုအရာများကတော့ မထိနိုင်သော ဆန္ဒများအဖြစ်သာ ဆက်၍ ရှိနေခဲ့သည်။ သူက အာရုံပျံ့လွင့်သွားသည့်အချိန်တွင် သူ့ကိုယ်သူ စိတ်ကူးယဉ်ကမ္ဘာထဲမှ ရုန်းထွက်ရန် ခက်ခဲနေသည်။
ထိုအချိန်တွင် ခန္ဓာကိုယ်ထဲ၌ ရှိနေသော အဆင့်မြင့်ဝိညာဉ်က ရုတ်တရက် အသက်ဝင်လာပြီး သူ့ခေါင်းထဲရှိ မကောင်းသည့် အတွေးများအားလုံးကို ဖျက်ဆီးပေးလိုက်၏။ သို့သော် ဓားအလင်းတန်းက သူ့မျက်စိရှေ့ကို ရောက်လာပြီဖြစ်သည်။ အရှိန်အဝါအရဖြစ်စေ စွမ်းအားအရဖြစ်စေ မုန့်ချီက ပို၍ မြင့်မားနေသည်။
"ယားးးး… "
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့အသံထဲတွင်လည်း ရပ်တန့်၍ မရနိုင်သော ခုတ်ချက်၏ စွမ်းအားများ ပြည့်နှက်နေခဲ့သည်။ မမြင်ရသော စွမ်းအားများကလည်း ပို၍ပြည့်ဝလာပြီး လေ့ကျင့်ရေးကွင်းထဲတွင် ပျံ့နှံ့လာခဲ့၏။ ထိုအရာက ဓား၏စွမ်းအားများကိုပင် ခဲသွားစေနိုင်သော အမှန်တရား စွမ်းအင်များဖြစ်သည်။
ဝမ်ကိုက်က ဓားကို လှုပ်ရှားရန် အချိန်မရခဲ့သော်လည်း ဓားလက်ကိုင်ကို မြှောက်လိုက်ပြီး အဆုံးမှနေ၍သာ ခုတ်ချလိုက်၏။ ထိုအရာက အလွန်ထူးခြားသော သိုင်းကွက်တစ်ခု ဖြစ်သော်လည်း အကျိုးသက်ရောက်မှု ရှိသည်။
ထိုအရာကြောင့် မုန့်ချီက လှုပ်ရှား၍ မရနိုင်သော သိုင်းကွက်ကို အမှတ်ရသွားခဲ့၏။ ပတ်ဝန်းကျင်အခြေအနေက မည်မျှခက်ခဲကြမ်းတမ်းစေကာမူ ထိုလှုပ်ရှားမှုကို တားဆီးနိုင်ခြင်း မရှိချေ။ ဝမ်ကိုက်၏ ခန္ဓာကိုယ်က အလွန်ခိုင်မာတည်မြဲသော ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ထင်မှတ်ရ၏။
"ချွင်… "
မနက်ခင်း ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အိပ်မက်ထဲသို့ ရောက်နေသော သိုင်းလောကသားများအားလုံး နိုးထလာကြသည်။
"သူက တားဆီးနိုင်ခဲ့တာပဲ… ။ ဝမ်ကိုက်က မုန့်ချီရဲ့ တိုက်ခိုက်မှုကို တကယ် တားဆီးနိုင်ခဲ့တာပဲ…"
လူအုပ်ကြီးကတော့ အံ့ဩမှင်တက်နေကြသည်။
သူက အနတ္တကျိန်စာဖျက် ဓားပညာထဲတွင် ပိတ်လှောင်မိခဲ့သော်လည်း ရပ်တန့်၍ မရနိုင်သော သိုင်းကွက်နှင့် လှုပ်ရှား၍မရနိုင်သော သိုင်းကွက်တို့ကို သုံးပြီး ဝေ့ကျင်းအဆင့် သိုင်းကွက်ကို ကာကွယ်နိုင်သေးသည်။
ဝမ်နရန်က ခေါင်းညိတ်လိုက်မိ၏။ အကယ်၍ ထိုသို့ မလုပ်နိုင်လျှင် သူက ဝမ်ကိုက် မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် လူတိုင်း၏ ခံစားချက်များက ပြောင်းလဲသွားခဲ့၏။ သူတို့၏ မျက်လုံးထဲတွင်လည်း ဓားအလင်းတန်းတစ်ခု တောက်ပလာသည်။
ထိုအရာက သစ်သားဓား ဖြစ်သော်လည်း တဏှာရမ္မက်များ ၊ သွေးဆာမှုများ မရှိဘဲ အလွန်တောက်ပနေ၏။ ထိုဓားက ဝမ်ကိုက်ဆီကို ဦးတည်လာခဲ့သည်။ ထိုဓားက နောက်ပြန်လှည့်ရန် ဆန္ဒမရှိဘဲ ရှေ့ကိုသာ ဆက်သွားတော့မည့် ပုံစံမျိုးဖြစ်၏။
"တော်တော်ထူးခြားတဲ့ ဓားသိုင်းပညာပဲ… "
ကုံယုက ချီးကျူးလိုက်၏။
အနတ္တကျိန်စာဖျက် ဓားပညာနှင့် သူတော်စင်ဓား(၉)သွယ်က မည်မျှ အစွမ်းထက်ကြောင်း သူတို့အားလုံးက သိနေကြသည်။ သို့သော် ထိုသိုင်းကွက်ကြောင့် သူတို့က အသက်ပင် မရှူနိုင်ခဲ့ကြပေ။ ထို့ကြောင့်လည်း မိုးကြိုးဓား ဒေါသကိုယ်တော်က ဓားရှည်ဓားမောက် နှစ်မျိုးသုံးသည်ဟု နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်၏။
"ချွမ်… "
ဝမ်ကိုက်က မုန့်ချီ၏ သစ်သားဓားကို တားဆီးရန် သူ့ဓားကို အချိန်မီ ရုတ်သိမ်းနိုင်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် သစ်သားဓားနှင့် သံခေါင်းလောင်းကို ရိုက်လိုက်သလို အသံမျိုး ထွက်ပေါ်လာခဲ့သည်။ လှုပ်ရှား၍ မရနိုင်သော သိုင်းကွက်၏ ခုခံမှုကိုတော့ ထိုးဖောက်၍ မရနိုင်ပေ။
တိုက်ခိုက်မှုက အလွန်ထူးခြားပြီး ခုခံမှုက လှပသည်။ လူအုပ်ကြီးက အော်ဟစ် အားပေးနေကြပြီး တိုက်ပွဲ၏ အဆုံးသတ်ကို ရောက်ပြီဟု တွေးနေကြသည့်အချိန်တွင် တီးတိုးဓားက နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့၏။
ပတ်ဝန်းကျင်က မှေးမှိန်သွားပြီး အလင်းတန်းများက ပျောက်လိုက် ပေါ်လိုက် ဖြစ်နေသည်။ လူအုပ်ကြီး၏စိတ်ထဲတွင်လည်း ဆန္ဒများ နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။ ပွဲကြည့်စင်တွင် ရှိနေသည့် လူပေါင်းများစွာ၏ ခံစားချက်များစွာက လှုပ်ရှားသွားပြီး သူတို့၏တည်ငြိမ်မှုများကို ဖျက်ဆီးပစ်လိုက်သည်။
"သူက အနတ္တကျိန်စာဖျက်ဓားပညာရဲ့ နောက်ထပ် သိုင်းကွက်တစ်ခုကိုတောင် ထပ်သုံးနိုင်ခဲ့တာပဲ … "
ဝမ်နရန်က အလွန်ထိတ်လန့် အံ့ဩသွားခဲ့သည်။
မုန့်ချီက အလွန်အံ့ဩစရာကောင်းလွန်းလှ၏။ တံခါး (၆)ပေါက်အဆင့် တံခါး(၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်က ကောင်းကင်နတ်ဆိုးကျင့်စဉ်၏ အကူအညီမပါဘဲ ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်နှစ်ခုကို ဆက်တိုက်အသုံးပြုနိုင်သည်။
နတ်ဆိုးသခင်၏ သလင်းကျောက်တုံးကို စုပ်ယူခဲ့ပြီး အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကို ကျွမ်းကျင်ခဲ့ပြီးနောက် မုန့်ချီ၏ ချီစွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းတို့ကိုဆက်တိုက် သုံးရန်လုံလောက်သည်။
လွန်ခဲ့သော နှစ်ဝက်ခန့်တွင်တော့ အလွန်အားနည်းသော ပင်မဝိညာဉ်ကြောင့်သာ ထိုအရာကို မသုံးနိုင်ခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သော (၆)လအတွင်း လေ့ကျင့်ထားခဲ့သော ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကြောင့် သူ၏ စိတ်ဝိညာဉ်က အတော်လေးကို အစွမ်းထက်လာခဲ့သည်။ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကလည်း သူ၏ ပင်မဝိညာဉ်ကို တိုးတက်အောင် ကူညီပေးနိုင်ခဲ့၏။ သူက ရုန်းကန်နေခဲ့ရသော်လည်း ပွတ်ကာသီကာ အသုံးပြုနိုင်သေးသည်။
သူ့ခေါင်းထဲ တဆစ်ဆစ်ကိုက်နေသော နာကျင်မှုနှင့် စိတ်ဝိညာဉ် လောင်ကျွမ်းနေသော ခံစားမှုကိုလည်း ခံနိုင်ရည်ရှိနေသည်။ သူက သိုင်းကွက်နှစ်ခုကို ဆက်တိုက် သုံးလိုက်ရသည့်အတွက် ဖြစ်ပေါ်လာသော တန်ပြန်သက်ရောက်မှုများကို ခုခံနိုင်၏။
သူ့စိတ်ထဲတွင် ဆန္ဒများစွာနှင့် လောင်ကျွမ်းနေပြီး နားထဲတွင် အသံများ ထွက်ပေါ်လာနေသည်။ သူက စိုးရိမ်ထိတ်လန့်နေသော်လည်း ဓားကို သေချာကိုင်ထားနိုင်သေး၏။
ပွဲကြည့်စင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ အကျိုးသက်ရောက်မှုကို မခံရသော အစွမ်းထက်ပညာရှင်များကတော့ ဝမ်ကိုက်၏ ရှုံးနိမ့်မှုကို သိသွားကြသည်။ ရပ်တန့်၍ မရနိုင်သော ခုတ်ချက်က သတ်မှတ်ချက်ကို ရောက်နေပြီဖြစ်၏။ နောက်ထပ် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို ရင်ဆိုင်ရသည့်အချိန်တွင် သူက သေချာပေါက် ရှုံးနိမ့်သွားရပါတော့မည်။
ဝမ်ကိုက်က ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တားဆီးရန် ခက်ခဲမည်ဟု ကုံယုကလည်း စိတ်ထဲတွင် တွေးနေခဲ့၏။
"ချွမ်… "
ဓားနှစ်လက်က နောက်တစ်ကြိမ် ရင်ဆိုင်လိုက်မိပြန်သည်။
ဝမ်ကိုက်၏ မျက်နှာကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကြောင့် အတော်လေးကို ပျက်ယွင်းနေပုံရသည်။ လက်ထဲတွင် ကိုင်ထားသော ဓားကလည်း ရေပြင်ညီအတိုင်း လှုပ်ရှားနေပြီး တီးတိုးဓားကို တားဆီးရမည့်အစား ထိပ်တိုက်ရင်ဆိုင်နေသည့်အတွက် အလွန်ထူးဆန်းနေခဲ့သည်။
"ပြိုင်ဘက်ကင်း ကရုဏာသိုင်းကွက်… "
ဝမ်နရန်က ဝမ်းသာစွာ ပြုံးလိုက်မိသည်။
ထိုအရာက ဝမ်ကိုက် ကျွမ်းကျင်ထားခဲ့သော ဝေ့ကျင်းအဆင့် ဓားသိုင်းကွက် တစ်ခုဖြစ်ပြီး သူတော်စင်ဓား (၉)သွယ်ထဲမှ သိုင်းကွက်တစ်ခုလည်းဖြစ်သည်။ ထိုအရာက လှုပ်ရှား၍မရနိုင်သော သိုင်းကွက်နှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ယပ်တောင် (၆)လက်ကျောင်း၏ မှတ်တမ်းထဲတွင်ပင် အကောင်းဆုံး ခုခံရေး သိုင်းကွက်နှစ်ခုထဲမှ တစ်ခု ဖြစ်လာသည်။
ထိုအရာက ကျန်းဝူဂိုဏ်း၏ ထိုက်ကျိကျင့်စဉ်ကိုပင် ယှဉ်နိုင်၏။ သို့သော် ဒဏ္ဍာရီထဲမှ ဗုဒ္ဓလက်ဝါးနှင့် ကောင်းကင်ဖြတ်ကျော်ဓားသိုင်းတို့ကတော့ ပို၍အစွမ်းထက်သည်။
လူအုပ်ကြီးက အသက်ပင် မရှူရဲကြပေ။ မုန့်ချီက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်နှစ်ခုကို ဆက်တိုက် သုံးလိုက်ပြီးနောက် စွမ်းအားများ ကုန်ဆုံးသွားတော့မည်ဟု သူတို့က သိနေကြသည်။ ထိုအချိန်တွင် ဝမ်ကိုက်က ရပ်တန့်၍ မရနိုင်သော ဓားကွက်ကို သုံးလိုက်သည့်အတွက် မည်သူက အနိုင်ရနိုင်မည်နည်း။
မုန့်ချီကတော့ ခေါင်းကိုက်နေသည့်အတွက် အနည်းငယ် စိတ်ပျံ့သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်နိုင်ခဲ့သည်။ သူ့ဓားက အလွန်ကြောက်စရာကောင်းသော အရှိန်အဝါနှင့်အတူ ရောက်ရှိလာခဲ့၏။
ပင်မဝိညာဉ် စွမ်းအား မရှိတော့သည့်အတွက် မုန့်ချီက ဓားသိုင်းကွက်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေသည်။ သူက ဓား၏အနှစ်သာရများကိုသာ အားကိုးနေရ၏။ ချီစွမ်းအင်များက အထွဋ်အထိပ်တွင် ရှိနေပြီး အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့၏ အားဖြည့်မှုကြောင့်သာ သူက ဆက်လက်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
"ချွမ်… "
ဝမ်ကိုက်က ခန္ဓာကိုယ် လှုပ်ရှားခြင်းမရှိဘဲ နောက်တစ်ကြိမ် ခုခံလိုက်ပြန်သည်။
"ချွမ်… ချွမ်…ချွမ် "
မုန့်ချီက အံကြိတ်ပြီး အကြိမ်ပေါင်းများစွာ ဆက်၍ တိုက်ခိုက်ကာ ပြိုင်ဘက်ကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။ အဝတ်အစားများကလည်း ပျက်စီးသွားသည့်အတွက် သူ၏ကြေးနီရောင်ကြွက်သားများ ပေါ်လာခဲ့သည်။ သူတို့က အလွန်အစွမ်းထက်ပြီး လှပ၏။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ လွှမ်းမိုးမှုကြောင့် ဝမ်ကိုက်က စိတ်ပျံ့လွင့်ပြီး အားနည်းသလို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်က ငြိမ်သက်နေပြီး ဓားကိုအသုံးပြုနိုင်သော်လည်း ကျရောက်လာသော ဓားချက်များအားလုံးကို တားဆီးရုံသာရှိသည်။
အလွန်အစွမ်းထက်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ခြေထောက်က မြေကြီးထဲသို့ စတင်နစ်မြုပ်လာပြီး ခြေထောက်အနားတွင် အက်ကွဲကြောင်းများ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
"သတ်လိုက်စမ်း… "
မုန့်ချီက အော်ဟစ်လိုက်ပြီး ဧရာမတင်းပုတ်ကြီးနှင့် ထုလိုက်သည့်အလား နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။ တောင်အမြင့်ကြီးတစ်လုံးက လူတစ်ယောက်ကို ဖိနှိပ်နေသလို ခံစားနေကြရ၏။
ဝမ်ကိုက်က အံကြိတ်ပြီး ဓားကို ဝှေ့ယမ်း၍ တိုက်ခိုက်မှုကို ရင်ဆိုင်နေသည်။ သူ့ခြေထောက်ကတော့ မြေကြီးထဲသို့ ပို၍ပင် နစ်မြုပ်သွားသေးသည်။
ပွဲကြည့်စင်ရှိ လူအုပ်ကြီးကတော့ အတော်လေးကို ထိတ်လန့်နေကြ၏။ စုမုန့်၏ ကြောက်စရာကောင်းမှုက သူတို့ထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ သို့သော် သူ၏မရပ်မနား တိုက်ခိုက်မှုများကြောင့် သူတို့က ခွန်အားဟူသည့်အရာကို သေချာ နားလည်သွားကြသည်။
ရွှေရောင်တောက်ပနေသော အရေပြားနှင့် အမြှောင်းမြှောင်းထနေသော ကြွက်သားများက သူတို့၏နှလုံးသားကို လျင်မြန်စွာ လှုပ်ရှားသွားစေနိုင်၏။
"ယောကျ်ားဆိုတာ ဓားကို ဒီလိုမျိုးကိုင်ပြီး အသုံးပြုသင့်တယ်… "
သူက ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည့်အချိန်တိုင်း ပွဲကြည့်စင်ပေါ်တွင် ရှိနေသော လူအုပ်ကြီးကတော့ သူတို့၏ခန္ဓာကိုယ်ထဲသို့ မိုးကြိုးတစ်ခု ရောက်လာသလို တုန်ယင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်ကို ပန်းပဲဖိုထဲတွင် တစ်စုံတစ်ယောက်က ထုဆစ်နေသလို ခံစားနေရသည်။
လူပေါင်းများစွာက စိတ်ထဲတွင် တိတ်တဆိတ် ပြောင်းလဲသွားကြကြောင်း မည်သူက သိနိုင်မည်နည်း။ သူတို့အားလုံးက ဓားမောက်သိုင်းပညာကို သင်ယူလာချင်ကြသည်။ တိတိကျကျ ပြောရမည်ဆိုလျှငိ အလွန်ကြောက်စရာကောင်းသော မုန့်ချီ၏ ဓားမောက်သိုင်းပညာကို သင်ယူချင်ကြ၏။
မုန့်ချီ၏စွမ်းအင်များကို ကုန်ဆုံးသွားသည့်အချိန်တွင် တံခါး (၇)ပေါက်ထဲမှနေ၍ သွေးများစီးထွက်လာခဲ့သည်။ ထိုအချိန်တွင် သူက ဓားကို လွှဲယမ်းပြီး အော်ဟစ်လိုက်သည်။
"ထွက်လာခဲ့စမ်း… "
မိုးကြိုးဟိန်းသံက စိတ်ဝိညာဉ်စွမ်းအား မရှိတော့သည့်အတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုက ပတ်ဝန်းကျင် လေလှိုင်းများကို စုပ်ယူပြီး ဤကမ္ဘာကြီးထဲတွင် ဓားတစ်ခုတည်း ရှိနေသလို ထင်မှတ်ရသည်။
မုန့်ချီ၏အသံက ပွဲကြည့်နေသူများ၏ နားထဲ၌ ပဲ့တင်ထပ်လာသည့်အချိန်တွင် ဓားကတော့ ဝမ်ကိုက်၏ဓားဆီကို ရောက်လာသည်။
"ချွမ်… ချွမ်… "
အသံက အလွန်ကျယ်လောင်လွန်းလှပြီး အချိန်က နှေးကွေးသွားသလို ထင်မှတ်ရ၏။ ဝမ်ကိုက်က အရပ်ပုသွားသည်ဟုပင် လူအုပ်ကြီးက တွေးနေမိကြသည်။
သူ့ခြေထောက်နှစ်ဖက်စလုံးက မြေကြီးထဲသို့ နစ်မြုပ်နေပြီဖြစ်၏။ သူ၏ ညာလက်က တုန်ယင်နေပြီး ဓားက အဝေးကို လွင့်သွားခဲ့သည်။ တီးတိုးဓားကတော့ ရှေ့ကို ဆက်၍ ရောက်လာခဲ့၏။
သို့သော် မုန့်ချီက သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး နောက်တစ်လှမ်း ပြန်ဆုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောများဆီမှ သွေးများစီးကျလာနေသော်လည်း သူကတော့ အားရပါးရ ရယ်လိုက်၏။
"တကယ်အားရဖို့ ကောင်းတယ်… "
ဝမ်ကိုက်ကလည်း တကိုယ်လုံးတုန်ယင်နေပြီး လက်ထဲမှ သွေးများ စီးကျလာနေသည်။ သူ့ဓားလက်ကိုင်တွင် သွေးများ ပေပွနေသော်လည်း သူလည်း မုန့်ချီကဲ့သို့သာ အော်ဟစ်လိုက်၏။
"တော်တော်အားရဖို့ ကောင်းတယ်… "
Translated by Hein Htet.